Monday, May 16, 2016
ကျွန်မချစ်သော ကဗျာများ
တတ်ထားတဲ့ ပညာကို လမ်းထိပ်က ဓာတ်တိုင်မှာ ချိတ်ပြီး မီးလင်းလိုက်
သူ့ကြောင့် ကိုယ့်ကြောင့် မဟုတ်ဘူး
မီးပိတ်ထားလည်း မြင်နေရတဲ့
ညရဲ့ သယံဇာတတွေ
တွင်းထွက်တွေနဲ့ ပြည့်စုံပြီ
အဆင်းအရောင် အနံ့အရသာရဲ့
ရှေ့မှာရပ်လို့
ကလေးတစ်ယောက်ပမာ
ကြယ်တွေဆီ ပြန်ဖို့ မပြောနဲ့တော့
ဝိဇ္ဇာဖြစ်ဖြစ် သိပ္ဗံဖြစ်ဖြစ်
တစ်ခုခုကို မျိုပြီး ပြန်အန်တဲ့အခါ
မြေသြဇာက တစ်ဖက်
ကမ္ဘာမြေကြီးက တစ်ဖက်
ဒီလို သတ်သတ် ကွဲပြားမနေဘူး
နေရောင်ခြည်ရဲ့ တပည့်တွေနဲ့
ပန်းပွင့်နဲ့လူငယ်လေးရဲ့
ဦးခေါင်းဟာ အတူတူပဲ
ဓာတ်ကြိုးတစ်လျှောက်
မီးပွင့်တွေ အများကြီး
ချိတ်ဆွဲနိုင်တဲ့ ဥပမာ
အလင်းပေးသူ
မီးပြင်သမား
ပြတ်နေတဲ့ ကြိုးကို ရှာဖွေပြီး
ပြတ်နေတဲ့ အစကို ပြန်ဆက်လိုက်
ဟော … အခု မီးလင်းပြီ
မင်းကြောင့် .. ငါ့ကြောင့် မဟုတ်ဘူး ..။ ။
ဝင်းမြင့်
(၂၀၀၃ အောက်တိုဘာ ဟန်သစ် မဂ္ဂဇင်း)
ညီလေး …သို့
မင်းကို ကြည့်ရတာလည်း
အိုက်ခမန်းရဲ့ ငရဲခန်းထဲ ဝင်နေရသူလိုပဲ
မိန်းမတစ်ယောက်ရဲ့ အဆိပ်ငွေ့နဲ့
စိတ်တစ်ကိုယ်လုံး ပျော့ခွေလို့ …
ယောကျာ်းဆိုတာ
လောကကြီးရဲ့ နံရံမှာ အဓိပ္ဗာယ်မဲ့ ချိတ်ဆွဲထားရမယ့်
ဂီတာတစ်လက်မဟုတ်ဘူး။
ငါတို့လည်း ငါတို့ဘဝအလျောက်
သူတို့လည်း သူတို့ဘဝအလျောက်
မင်းဟာ
ကွေ့ကောက် စီးဆင်းလွန်းတဲ့ မြစ်တစ်ခုထဲက
မကောင်းဆိုးဝါးပိုက်ကွန်ကို တိုးဝင်နေတဲ့ ငါးပဲ
ဘာတစ်ခုမှ
နားလည်မပေးနိုင်တဲ့ မိန်းမတစ်ယောက်ကို
မင်းရဲ့ အသုံးမကျတဲ့ မျက်ရည်တွေနဲ့ ဖွင့်ဆိုနေလည်း
ဘာထူးမလဲ ….
သဘာဝတရားကိုက
ရုပ်ဝတ္ထုပစ္စည်းတွေနဲ့မပြည့်စုံတဲ့ ပင်လယ်ကို
ဘယ်မိန်းမမှ
မိုက်လုံးကြီးပြီး စီးမဝင်ဘူး
အရှိကို အရှိအတိုင်းရှိစေတော့
အဖြစ်ကို အဖြစ်အတိုင်း ရှိစေတော့
ညီလေးရာ …
မိန်းမဆိုတာ
မင်းတို့ ငါတို့ရဲ့ ဘဝအထွေထွေကို
တရွှမ်းရွှမ်း ရိုက်နှက်နိုင်တဲ့ မာရ်နတ်ရဲ့
ကြာပွတ်တစ်ချောင်းပဲ
ဒီမယ် ညီလေး
ယောကျာ်းတစ်ယောက်ရဲ့ ခြင်္သေ့လို အသည်းနှလုံးတွေ
မင်း ဘယ်တိရစ္ဆာန်ဥယျာဉ်ကို
တင်ပို့လိုက်ပြီလဲ
လူ့လောကကြီးရဲ့ ရေပွက်ပမာ ဇာတ်လမ်းမှာ
အစွဲအလမ်းတွေနဲ့ သံသရာကြိုးရှည်ချင်သူ
မင်းဟာ လူညံ့
မင်းကို သိပ်ချစ်ရသူ အစ်ကို တစ်ယောက်အနေနဲ့
မင်းဘေးအနားမှာ ထိုင်ပြီး
ငါ ..
ဒီစကားပဲ ပြောနိုင်မယ် ။ ။
ဥတ္တရာအောင်
( ၂၀၀၆ ခုနှစ် ဧပြီ၊ နှလုံးအိမ် မဂ္ဂဇင်း )
ရေထဲမြို့
ဟောဒီ မြို့လေးတစ်မြို့လေ
ကဗျာဆရာ မာလာမေ မြင်မသွားခဲ့ဖူးတဲ့ မြို့
မြို့လေး တစ်မြို့လေ
သူ့လယ်ကွင်း ရင်ဘတ်ထဲက သော်က ဘုရားရယ်
သူ့နှလုံး ရင်ဘတ်ထဲ
ဝင်ဝင်ခွေတတ်တဲ့ မြောက်ပြန်လေရယ်
အဲဒီ မြောက်ပြန်လေက ပွေ့ပွေ့လာတဲ့
စပါးပင်ပျိုမလေးရဲ့ ကိုယ်နံ့လေးရယ်
လမုပင်အုပ်ကလေးနဲ့ ချစ်ကြိုးသွယ်နေသူ
သရွတ်သွပ် ချောင်းကလေးရယ်
အရက်မမူးသူ အရက်ချက်စက်ရုံကလေးရယ်
ဇာတ်ပွဲကသလို ကပြနေသူ ဆန်စက်ကလေးရယ်
ဘဝ ဝမ်းစာဖွေရှာမောသူ လှေမျောလေးတွေရယ်
မွှေးရနံ့ ကန်ထရိုက်တာ သနပ်ခါး စက်ရုံလေးရယ်
ဟော .. ကြာဆန် စက်ရုံကလေးကလည်း ရပ်ရှိလို့
စပါးရယ် ရွှေရယ် ငါးရယ် ကြာဆန်ရယ်
သနပ်ခါးရယ် ရေရယ်
မာကြပစေလင့်လို့ ဆုတောင်းရင်း
အတွတ်နဲ့ မွှေးရေ
ကြည့်ကွယ်
မြို့ည ကောင်းကင်ထဲ
နှစ်သစ်ကြိုတေးတွေ သီဆိုကာ ထွန်းလင်းလို့
ပြည်နှစ်သစ်တေးတွေ ကော်ဖီလာသောက်ကြ
ခရစ်စမတ် အကြိုညလို ဝေဆာလှပလို့
ဘယ်လိုမှ မထင်မှတ်ဘဲ
ဗင်းနစ်မြို့အရသာမျိုး ရခဲ့ရ
ရေနဲ့ ပဋိသန္ဓေပြုသော မြို့ကလေး
ချောင်းပေါက်ကလေးထဲ ဝင်ခါ
မြို့အလှကို မြို့က ချောင်းကြည့်နေသော
ရေထဲ မြို့ကလေး …။ ။
မောင်ချောနွယ်
(၁၉ ၉ ၇ အောက်တိုဘာ၊ ရွှေဝတ်ရည် မဂ္ဂဇင်း )
ကိုင်းခြောက်
လေးနဲ့မြားဟာ
ချောင်းမြောင်း ပစ်ခတ်ဖို့ တီထွင်ခဲ့တာပဲ
လူတွေရဲ့ မျက်လုံးများက လေးလို မြားလို။
ကျွန်တော်ဆိုနေကျ သီချင်းက
အချစ်ရေး အဆင်မပြေခဲ့ဘူး
ထွေးထုတ်ခဲ့သော တံတွေးများ အဆင်ပြေနေ
ဒိုင်ယာရီထဲ ကြေမွခဲ့ အိပ်မက်များနဲ့
နှလုံးသားရဲ့ အကြည်ဓာတ်တစ်ခု
ဟသာင်္မလေး မရှိတော့တဲ့အခါ
တံခါးရွက်က ပတ္တာတွေ ဖြုတ်ပစ်မယ်။
မေမေ ..
ပြောင်းဖူးစေ့ လက်တစ်ဆုပ် ပက်ကျဲချလိုက်တာနဲ့
ခိုတွေ အုပ်ဖွဲ့ ပြိုကျလာတာ
ကျွန်တော် ဝမ်းနည်းတယ်
ဘဝဆိုတာ အဲလိုကြီးလို့
ထင်မှ မထားခဲ့တာ …။ ။
ရိုးသက်
(၂၀၀၃ အောက်တိုဘာ Heart မဂ္ဂဇင်း )
ရေချိုးပျင်းတဲ့ လိပ်ပြာ
ငါ့ခြေထောက်ဟာ
တောင်ပေါ်ကို တက်နေတုန်း
ငါ့အရပ်ဟာ
ဒလိမ့်ခေါက်ကွေး
ချောက်ထဲကို လိမ့်ကျ …။
နှင်းမွေ့ရာပေါ်မှာ
အားလုံးဟာ အိပ်မောကျ
ငါ့မှာ
ဘဝဆိုတဲ့ အုန်းသီးတစ်လုံးနဲ့
ခုထက်ထိ အလုပ်ရှုပ်နေတုန်း။
ရယ်ချင်ပေမယ့် ငိုလိုက်ရတဲ့အခါ
ယူချင်ပေမယ့် ပေးလိုက်ရတဲ့အခါ
နေချင်ပေမယ့် သွားရတဲ့အခါ
လက်းလက်နေတဲ့ တာရာတွေကိုပဲ
ငေးကြည့်နေမိတော့တယ် ။ ။
သရဝဏ်(ပြည်)
(ဟန်သစ် အမှတ်စဉ် ၃၆၊ ၁၉ ၉ ၃ )
ဖြစ်ရပ်မှန် ဇာတ်ကြောင်း
(၁)
ငါပြန်ရောက်တော့
မအိပ်ဘဲ ရတဲ့ အိပ်မက်နဲ့
သဘောတူ လရောင် ပါလာတယ်
အသံကုန်အော်တဲ့မြစ်
တံတားပေါ်က ချစ်သူတွေ။
ငါနဲ့အတူ
တစ်သားမွေး တစ်သွေးလှ
နောင်တများစွာ
ဇိအစ်ရက်စွဲများစွာ …။
အို..တသီတသန်းကြီးပါ
ဘယ်သူ့နောက်မှ မလိုက်တဲ့
ကိုယ်ခံပညာ
ရာသီဥတု
ဘဝနဲ့ ဓာတ်ပြုသောက်ရေသန့်။
လည်ချောင်းအတိုင်း
ပေါက်ကွဲပေါ့
“ ကျုပ်ပါ
အနှစ်(နဘူးအိုင်) ဆိုတဲ့ကောင်လေ
လောကဓံတရားထဲက
ပျားရည်စစ်စစ်ကို တူးဖော်ခဲ့ပြီ ”။
(၂)
ခက်နေတာက
ငါ့ မိုးသားတွေ ရင်းနှီးအုံ့ဆိုင်း လေသမျှ
အိမ်ခေါင်မိုးနဲ့ ရေတံလျှောက်တွေက
ပြက်ရယ်ပြု မယုံကြည်ကြဘူး။ ။
အနှစ် (နဘူးအိုင်)
(ဟန်သစ် အမှတ်စဉ် ၇၇၊ ၁၉ ၉ ၇)
လမ်းဘူတာ
တဖွဲဖွဲ ကျလာတဲ့ အကြည့်တွေကြောင့်
ညညဆို ကြယ်တွေကို မမြင်ရပဲလွမ်း။
ဂရိတွေးခေါ်ရှင် ဒိုင်အိုဂျီးနီစ် ကတော့
ဧည့်ခန်းမှာတင်
သဌေးကြီးတစ်ဦးမျက်နှာကို
(တံတွေးနဲ့ ထွေးပက်ခဲ့သတဲ့)
ဘဝတင်ဆက်မှု ဒုတိယပိုင်းရောက်ပြီ
ဇာတ်ရည် မလည်သေး
အလိုမတူ ကံတရားကြီးစိုးတုန်း
ငါ့စိုက်ခင်း ပိုးကျတုန်း
မေးခွန်းတွေ ထူထပ်တုန်း
( အနှစ် နဘူးအိုင် ဆိုတဲ့ ကောင်ကလည်း )
လူတွင်ကျယ် ရင်ဘတ်တွေပေါ်
သီချင်းလေး နဲ့ ဓားပေါက်ကျင့်ကောင်းတုန်းလေ။ ။
အနှစ် (နဘူးအိုင်)
(၂၀၀၇၊ ဇွန်၊ ချယ်ရီ မဂ္ဂဇင်း)
ခရီးရှည်
ဘုရားသခင် ဘယ်လောက်တားမြစ်ပေမယ့်
ဒုက္ခတရားရဲ့ ပဉ္စလက် တောအုပ်ထဲကို
အာဒမ်နဲ့ ဧဝက စလျှောက်ခဲ့ကြတယ်။
သုခတရားဟာ
သိနားလည်သူတို့ရဲ့ ခရီးအစနဲ့
မသိနားမလည်သူတို့ရဲ့ ခရီးအဆုံးမှာသာ ရှိတတ်မြဲ။
အစနဲ့အဆုံး
အဆုံးနဲ့ အစ သံသရာ
ဘဝဆိုတာ ရှည်လျားလွန်းလှပါတယ်။
ဦးခေါင်းထက်ကို
မိုးကြိုး အကြိမ်ကြိမ် ပစ်ချခံခဲ့ရဖူးရဲ့
ဒါပေမယ့် ပြန်စဉ်းစားမိတဲ့အခါ
အဲဒါဟာ
နှလုံးသားထဲမှာ လှလှပပ စီးဆင်းသွားစေတဲ့
အတွေ့အကြုံ စမ်းချောင်ေးလး ဖြစ်နေပြန်ရော။
စိတ်ကူးမလွဲလိုက်ပါနဲ့မိတ်ဆွေ
မီးလျှံပြင်းပြင်းတွေကသာ
သံရိုင်းတွေကို သံမဏိဖြစ်စေခဲ့တာပါပဲ။
အမှောင်ထဲကို
ရောက်သည်ထက် ရောက်လာတဲ့အခါ
အလင်းရဲ့တန်ဖိုးကို သိလာသလို
အလင်းထဲမှာ
ကြာရှည်ကြာမျော လက်ပစ်ကူးရတဲ့အခါ
အမှောင်ကျွန်းကလေးမှာ နားခိုချင်လာတတ်ပေရဲ့ ။
လူတွေက အတူတူပါပဲလေ။
လူတစ်ယောက်က လူတစ်ယောက်ကို မောင်းနှင်
ဘယ်လိုရှင်သန်ရမယ်ဆိုတာ
လမ်းညွှန်နေမယ့်အစား
စိတ်ကူး စိတ်သန်းတွေကို တန်ဖိုးထားပေါင်းစည်း
ဘဝခရီးရှည်
ယဉ်ကျေးမှု ခရီးရှည်
လောကဓံ ခရီးရှည် ချီတက်ကြရအောင်
ဘူတွေဟာ အတူတူပါပဲလေ ..။ ။
မြမြင့်မိုရ်
( ၁၉ ၉ ၅၊ သရဖူ အမှတ်စဉ် ၁၁ )
ပန်းဆိုးတန်း
ချစ်သူတွေလေ
ပြောလက်စ စကားလေးတွေ
ခဏ ခဏ ပြတ်
ဒါနဲ့ပဲ
အဆက် အထုံးတွေ တသီတတန်းကြီး
စကားအမျှင်တန်းတွေ တလွင့်လွင့် တဝဲဝဲ
နောက်မှာ ကျန်ခဲ့ရော
မြင်နေရတယ်။
မျက်တောင် တစ်ခတ်ကလေး
အဝေး မခံနိုင်တဲ့ အချစ်မျိုးနဲ့
လျှောက်လာကြရင်းသားက
ကွာလိုက် ပူးလိုက်
ဖျတ်ဖျတ်ကို လူးလို့။
လက်စသတ်တော့
သူတို့ ခြေစံကြား
ကွန်ကရိ လေးထောင့်ကွင်းတွေ
ပစ်ပစ် သွင်းနေတာကိုး ။ ။
မောင်အောင်ပွင့်
(သရဖူ အမှတ်စဉ် ၁၁၊ ၁၉ ၉ ၅)
ကျွန်မနှင့် ကိုယ်ဝန်သည်များ
မှုန်ညံ့စွာ သွန်းကျလာသည့် ဝိစိကိစ္ဆာများအတွက်
ကြမ်းခင်း တစ်ခုလုံး လင်းတောက်ရုံမျှဖြင့်
ကိုယ်ဝန်ဆောင်နိုင်သည့်
ကကြီးများ …ခကွေးများ ..ဂငယ်များ ..
စုပ်ယူနိုင်သမျှအတွက် အလိုက်သင့် ရွတ်ဆို
ပြီး အလျားလိုက် ရေတွက်။
ပရောဟိတ် ဆရာတို့၏
အဖန်ဖန်ကမ်းသည့် ယပ်တောင်
နံရံများပေါ် အရိပ်များဖြစ် တဖျတ်ဖျတ် ယိမ်းထိုးလို့။
တစိမ့်စိမ့် အေးခဲ ဖွဲ့တည်
ရှိနိုင်သမျှရဲ့ မဲ့ခြင်းအားလုံး
ကုန်ဆုံးတော့မည့် ပန်းချီကားအတွင်း
ချက်ချင်းခုန်ဝင်
သစ်ပင်တွေနဲ့ တောလမ်းကလေးအဖြစ်
မတ်တတ်ရပ်လိုက်ရဲ့။
မရှုနိုင် မကယ်နိုင် အောင့်သက်ပြင်းပြင်းဖြင့်
မြစ်ကျဉ်းတစ်ခုပေါ်
တောင်ပံတစ်ခု အရေခွံတစ်ခု
ကန့်လန့်ဖြတ်ကျခဲ့။
နောက်ဆုံး .. တွင်
ဆိုက်ဆိုက်မြိုက် မြိုက် ရောက်လာခဲ့သည့်
လည်ချောင်းဝအတွင်းမှ
မြစ်ကျဉ်းများ၊ နံရံများ၊ တောလမ်းကလေးများ ..
စကားလုံးများပေါ် ခပ်ပျစ်ပျစ် နှစ်ချလိုက်ရဲ့။
ဖွဲ့နွဲ့မှု တစ်ခု ထပ်မံမွေးဖွားဖို့ .. ကျွန်မနှင့် သရများ
ပြီး ..
ကျွန်မ၏ ကိုယ်ဝန်သည်
ကကြီးများ …ခကွေးများ .. ဂငယ်များ …ဃကြီးများ …..
ဖြူမွန်
(၁၉ ၉ ၉ ၊ ဖေဖော်ဝါရီ၊ မဟေသီ မဂ္ဂဇင်း)
အသံထွက်ဗျည်း
အိပ်ယာဝင်ချိန်
မျက်လုံးအိမ်ကို အနားပေး
နွေးထွေးစွာ အိပ်ကြဖို့
မျက်စိသူငယ်အိမ်တွေက နှိုးဆော်
“ အိပ်ပျော်ချိန် ၈ နာရီရှိမှ ” တဲ့
ဆရာဝန်ရဲ့ စကား
ဖျားနာနေတဲ့ နှလုံးသားကို မကျီစယ်ပါနဲ့။
ပရိုဇင်း တဲ့
ဗေလီယံ တဲ့
ဒိုင်ယာဇီပန် တဲ့
ပေးတတ်လိုက်တဲ့ နာမည်တွေ
ကြားရုံနဲ့ ရီဝေဝေ လွင့်မျော
နှစ်ခြိုက်စွာ အိပ်မောကျဖို့
သူတို့ကယ်မှ တဲ့လား …
ဆွံ့အနေတဲ့ နှလုံးသားကို မနှိပ်စက်ပါနဲ့။
အပြာရောင်ကောင်းကင်
“ မိုးယံဝဝယ် လကိုမြင်
ကြယ်စင် ဟုတ်ဘူး ”
မြဝတီဦးစကိုမှန်း
လွမ်းဓလေ့ပတ်ပျိုး တစ်ပိုင်းတစ်စ
သန်းခေါင်မှာ ထိုးခွဲ
တိမ်သားထဲမှာ နှစ်များကြာခဲ့ပေါ့
ဆို့နစ်နေတဲ့ နှစ်လုံးသာကို မခြေမွပါနဲ့။
ဗျည်းသုံးဆယ့်သုံးလုံးထဲက
ဆယ်လုံးမြောက်ဗျည်းကလေး
အေးစက်ထုံထိုင်း ခပ်ရိုင်းရိုင်းဆက်ဆံ
သူ့သဏ္ဍန်ဟာ
မှန်မှာတစ်မျိုး
အပြင်မှာတစ်မျိုး။
သည်လိုနဲ့ပဲ
တိတ်ဆိတ်စွာကြေကွဲနေတဲ့
အိပ်စက်မှုတွေ ကာလမှာ
နောက်ဆုံး “ အ ” တစ်လုံး
ဆယ်လုံးဗျည်းရှေ့
နှစ်ဆင့်ထိုး ရှေ့ထွက်
ခပ်သွက်သွက် ရင်ကော့
မအိပ်တော့တဲ့ ငါ့နား
မာရသွန် ခြေဖဝါးနဲ့
လွှားကနဲ ခုန်ချ။
အောက်နှုတ်ခမ်းက စိမ့်ထွက်လာတဲ့
သွေးစတွေကတော့
မေးဖျားနဲ့တွေ့ဆုံ နေကြပေါ့။ ။
ခင်ဝင်းသစ်
( ၁၉ ၉ ၃၊ စက်တင်ဘာ၊ ရွှေသမင် မဂ္ဂဇင်း)
အဝိဇ္ဇာ အရောင်းပြခန်း
အမဲဖျက်ခံလိုက်ရပြန်ပေါ့
ရွှေသားအတိ အိပ်မက်တွေ
အထည်ကြီးပျက် ကဗျာတစ်ပုဒ်
အဲဒီရုပ်ထု ရေညှိတက်နေပြီ
တစ်ယောက်က သေချင်ယောင်ဆောင်နေသူ
တစ်ယောက်က ရှင်ချင်ယောင်ဆောင်နေသူ
ကျွန်တော်က ပျော်ချင်ယောင်ဆောင်နေသူ
ဒီတောင်ကို ကျော်နိုင်ပါ့မလား
ဘယ်အချိန်ကစပြီး မှားခဲ့တာလဲ
မီးကိုတွေ့ရှိပြီး နောက်ပိုင်းလား
ဘီးကို တီထွင်ပြီး နောက်ပိုင်းလား
သင့် အမျိုးအစားကို သိပါရစေ
ယာဉ်ကြောပိတ်ဆို့မှုကို ကြည့်ရင်း
စိတ်ပျက်နေတဲ့ မိတ်ဆွေ
ခင်ဗျားစိတ်ထဲမှာ ဘာတွေ ပိတ်ဆို့နေပါသလဲ
စာအိတ်ပေါ်က တံဆိပ်ခေါင်းကို ကြည့်ရုံနဲ့
အဲဒီဒေသ အခြေအနေကို ရိပ်မိပါတယ်
အဆင်သင့် ဖြစ်ပြီလား
အချိန်မှန် နောက်ကျခြင်းတွေနဲ့
ဖုတ်သွင်း ရထားဝင်လာပြီ
ကပ်ဆိုက်ခြင်း ဘူတာရုံဆီသို့
မေ့ကျန်နေခဲ့တာက
သံလိုက်အိမ်မြှောင်တစ်ခု
လမ်းညွှန် မြေပုံတစ်ချပ်
စားနပ်ရိက္ခာတော့ လုံလောက်မယ်ထင်ရဲ့
အာရုံ ငါးပါးရဲ့ ရှုမျှော်ခင်းကို
ပုလင်းထဲက သွန်ချလိုက်တယ်
ယခုအချိန်မှစ၍
ကျွန်တော့်ကို မြည်းကြည့်နိုင်ပါပြီ။ ။
ကြည်မောင်သန်း
( ၂၀၀၇ ဇန်နဝါရီ၊ ချယ်ရီ မဂ္ဂဇင်း၊)
သားကို ရေးပြမိတဲ့ စာစီစာကုံး
(အစ)
ဟောဒီမှာ ကြည့်ကြစမ်းကွဲ့
အလိုဆန္ဒကလွဲရင် ကျန်တာအားလုံးနဲ့ ဝက်ဝက်ကွဲပြည့်နှက်နေတဲ့
ဟင်းလင်းပွင့် ရင်ဘတ်ကြီးကို…
(အလယ်)
သူတို့အဆိုက အသစ်တွေကိုသာ လိုချင်လှပါသတဲ့
ဒါပေမယ့် ….။
အဖန်တစ်ရာ ကြေနေတဲ့ နွမ်းဖတ်ဖတ် သီချင်းတွေလည်း
အဲဒီအထဲကပဲ
မဆန့်မပြဲနဲ့ ပေါက်ကွဲ ယိုစီးကျ။
မှိုနံ့တသင်းသင်း အမှိုက်ခြင်းထဲက ဝေါဟာရတွေ
အဲဒီ အထဲမှာ စည်ကားနေလိုက်ကြတာလေ၊ အံ့ပွဲ တစ်ခုလို။
“ တရား ” တဲ့ ၊ “ မျှခြေ ” အားလုံးတော့ ပါပါရဲ့
မှားနေတာ တစ်ဝက် အံဝှက် တစ်ဝက်၊ ဖြစ်နေတာကလွဲလို့
ငွေစက္ကူတွေကို ရေတွက်ရင်း အိတ်ကပ် ဖောင်းဖောင်းထဲမှာ
သိုဝှက်ရခြင်း မှာသာ
ကျေနပ်နေတတ်တဲ့ စိတ်က အပေးအကမ်း ဂုဏ်သတင်းတွေနဲ့
ကျော်ကြားချင်ပြန်သေး
ခွေးအ တစ်ကောင်ရဲ့ ကောက်ကျစ်ခြင်းနဲ့ သူရဲဘောကြောင်မှုမျိုးကို
ဖုံးဝှက်ဖို့
လူရမ်းကားယောင်၊ ဆောင်ထားတဲ့ စကားလုံး ပလုပ်ပလောင်းနဲ့
ပါးစပ်က
အော်ဂလီ ဆန်စရာ အပုပ်နံ့ တထောင်းထောင်းထ
တကယ်ပါပဲ … ဟောဒီ ရင်ဘတ်ကြီးထဲမှာ ပြည့်နှက်နေတဲ့အရာ
ဘာတန်ကြေးမှ မရှိပေမယ့် ရာစုတစ်ခုစာမက၊ လေးလံ။
(အဆုံး)
သားရေ …
မင်းငယ်ငယ်က အဖေ့ကို ပြုံးပြတဲ့ ပီဘိ ကလေးတစ်ယောက်
အပြုံးမျိုးနဲ့
အဖေ လူတွေ အားလုံးကို ပြုံးပြချင်လိုက်တာလေ ။ ။
ငြိမ်းအေးအိမ်
Gabriel Okaral, Nigera ၏ Once Upon A time ကို အမှတ်ရခြင်းဖြင့် ရေးဖွဲ့သည်
(သရဖူ အမှတ်စဉ် ၂၈ )
ဒုက္ခလူသားရဲ့ ဖက်ရှင်
ကျွန်တော့်ရဲ့ လက်ပတ်နာရီက
ကက်စီယို အမျိုးအစား
ခုခံနိုင်စွမ်းက
ရေပြင်အောက် မီတာတစ်ရာ
ကျွန်တော်က ရေမကူးတတ်ဘူး
လောကရဲ့ ပင်လယ်ပြင်မှာ
ကျွန်တော့်ရဲ့ ဂျင်းဘောင်းဘီက
ဖိုက် အို ဝမ်း အမှတ်တံဆိပ်နဲ့လီဗိုင်း(စ်)
ခံနိုင်ရည်အားက
မြင်းကောင်ရေ
တူးဟော့(စ်) ပါဝါ
ကျွန်တော်က ခြေမခိုင်ဘူး
လောကရဲ့ ကြိုးဝိုင်းထဲမှာ
အချိန်တွေ တိုက်စားလာတာနဲ့အမျှ
လက်ပတ်နာရီလေးလည်း
ဓာတ်ခဲကုန်ခါနီးပြီ
ဘောင်းဘီလည်း ဒူးပြဲတော့မယ်
ကျွန်တော်က သွေးမတိတ်သေးဘူး
ဖြေဆေးမရှိတဲ့ ကမ္ဘာကြီးထဲမှာ ။
မင်းနိုင်သား
( ဟန်သစ် အမှတ်စဉ် ၁၁၃၊ ဇွန် ၊ ၂၀၀၄)
မီးလေး တစ်တို့လောက်
ရှုပ်ယှက်ခတ်အောင် ပြောပြရင်လည်း နားလည်မယ်ဆိုရင်
ရှုပ်ယှက်ခတ်အောင်ပဲ ပြောပြတော့မယ်
နေမကောင်းဘူး ၊ ထူထူထောင်ထောင်ပဲ
ထူထူထောင်ထောင် မရှိဘူး၊ ကျန်းမာရေး ကောင်းတယ်
ဟောဟို .. ကြံခုတ်နေတဲ့
ကြံခုတ်သမလေးရဲ့ ခုတ်ချက်တွေထဲမှာ
ကျွန်တော့်မျက်နှာ ပါသွားပြီ၊ မျက်နှာတွေ အများကြီး၊ ရှုပ်ယှက်ခတ်
အငယ်ကောင်တွေက ကျွန်တော့်ကိုချစ်တယ်၊ အကြီးကောင်က ကျွန်တော့်ကို မုန်းတယ်
ကျွန်တော့် ဦးနှော်ကထဲ ဝင်ခိုးသွားတဲ့ သူခိုးက
ဓားကြိမ်း ကြိမ်းသွားသေးတယ်
ရက်ကန်းခတ်သံ၊ ကွန်ပျူတာ၊ အကြော်သည်၊ အင်တာနက်
ကခဂ၊ အာကာသလွန်းပျံယာဉ်
ဒေါသ အတ္တ၊ ဂလိုဘယ်လိုက်ဇေးရှင်း
စိတ်တွေကို ခြေထောက်တွေနဲ့ဆက်ပေးလိုက်၊ ခြေထောက်တွေကို လက်တွေနဲ့ ဆက်ပေးလိုက်
ခင်ဗျားလာခဲ့၊ ခင်ဗျားတော့ မလာနဲ့
ခင်ဗျားသွား၊ ခင်ဗျားတော့ မသွားနဲ့
H2O ပုံစံမျိုး
မျှော်လင့်ခြင်းက နှစ်ဆ အထီးကျန်ခြင်းက တစ်ဆ ပေါင်းစပ်ကြည့်တော့
တစ်စက်စက်ကျ အမှိုက်တွေ ဖုန်မှုန့်တွေ ရှုပ်ယှက်ခတ်
ကိုပြည့်မင်း တော်ပြီလို့ မပြောပါနဲ့ဦး
ကိုအောင်အေး အိမ်မပြောင်းပါနဲ့ဦး
ကျီးသားတယ်၊ လသာတယ်
အကျီ င်္က အရင် အကျီ င်္ပဲဝတ်တယ်၊ ဆံပင်က အရင်အတိုင်းပဲ ဖြီးတယ်
သံကို အပိုင်းပိုင်းဖြတ်တောက်လိုက်ရင်လည်း
သံတုံး သံခဲ့လေးတွေပဲ ရတာမဟုတ်လား
ကျွန်တော့်စကားတွေလည်း
အတုံးအခဲလေးတွေပြန့်ကျဲ၊ တိုးဝှေ့ ရုန်းကန် နေကြဆဲ
နည်းနည်းတော့ ရှုပ်ယှက်ခတ် ။ ။
ကွန်စစ်ကောင်း
( ၂၀၀၇၊ ဇွန်၊ ချယ်ရီ မဂ္ဂဇင်း ..)
တက်တူး
ဘာလုပ်လုပ်
ဇွဲမရှိတဲ့ ကျွန်တော်က
ပွဲဈေးတန်းတစ်ခုမှာ
ဇွဲ ဆိုတဲ့ စာလုံးကို
လက်ဖျံမှာ ရေးထိုးလိုက်တယ်။
အသားနည်းနည်း နာပေမယ့်
ကျွန်တော့်မှာ ဇွဲ ရှိနေဖို့ လိုအပ်တယ် မဟုတ်လား။
ပြီးတော့
တခြားလူငယ်တွေလိုပဲ
ပင်လယ်ကို ရင်ဆိုင်ဖို့ သဘောင်္ပေါ် ကျွန်တော် တက်သွားတယ်
နှစ်အနည်းငယ်ကြာတော့
တခြား သဘောင်္သားတွေလိုပဲ
လှတပတ ရေသူမ ပုံတွေ၊ ရောင်စုံ နဂါးရုပ်တွေ၊ လက်ဝါးကပ်တိုင်တွေ၊ အရိုးခေါင်းတွေ၊ ကျောက်ဆူးတွေ
အမိနိုင်ငံတော်ရဲ့ အမည်စာလုံးတွေ
ကိုယ်ခန္ဓာ အနှံ့ စုံလင်အောင် ရေးထိုး ဝတ်ဆင်ရင်း
မုန်တိုင်းဆန်တဲ့ နေ့ရက်များရဲ့ အတိုက်အခိုက်ကို ကာကွယ် ငြင်းဆန်ခဲ့ရတယ်။
ချစ်သူရေ
နောက်ဆုံးမှာတော့
မင်းရဲ့ ခါးသည်းရက်စက်လှတဲ့ အချစ်များမှာ
သဘောင်္မပျက်ပဲ ရေမျောကမ်းတင် ဖြစ်ခဲ့ရ။
ရင့်ကျက်ခြင်းကို အလိုရှိဖို့ အနေအထိုင်ကို ဆင်ခြင်ရမယ်။
ရေကြောင်း လေကြောင်းနဲ့ ကံကြမ္မာရဲ့ စေစားရာ တစ်နေရာရာကို လွင့်သွားလိုက်တော့မယ်။
ညနက်နက် မြေအောက် ဘူတာရုံတွေက နံရံများပမာ
ခံစားချက် ၊ အနုပညာနဲ့ အတွေးအခေါ်များကို
ငါ့စိတ်မျက်နှာစာပေါ် ကျဲပက်
ဆေးရောင်စုံတွေ ပြည့်နှက် တောက်ပနေဆဲ
လျှို့ဝှက်သော အနက်အဓိပ္ဗာယ်များဟာ ဘဝရဲ့ နောက်ဆုံး တက်တူများပါပဲ။ ။
နိုင်မွန်အောင်သွင်
(၂၀၀၇ သြဂုတ်၊ ချယ်ရီ မဂ္ဂဇင်း)
လိပ်ပြာကကြိုး
သူဟာ ရုတ်တရက် လန့်နိုးလားတယ်
အနှစ်နှစ် အလလ ထပ်ခိုးတစ်ခုထဲက အိပ်မောကျနေရာက
နိုးနိုးချင်း ကြောင်တောင်တောင် ကယောင်ချောက်ချား
နေရောင်ကို ဖျတ်ကနဲ အကြည့် မီးလျှံတွေလိုလို မြားတွေလိုလို
သဘာဝရဲ့ အာရုံမှာ မျက်လုံးဟာ လက်ဆလွဲနေ
ရှိသမျှ အကြောမျှင်တွေ ဆန့်ထုတ်
လက်ကျန် ကြွက်သားကို စုပြီး လေကို အားရပါးရ စုတ်ယူလိုက်တယ်
သူဟာ သူ့ရဲ့ အလေးချိန်ကို ခပ်ထုတ်ပြီး လေထဲ လွှင့်တင်ဖို့
ရေဟာ လှောင်ကန်ထဲကနေ စိမ့်ထွက်ဖို့ အသင့်ဖြစ်နေတတ်သလို
ဒီအထုံးကို ပြန်ဖြေဖို့ ကြိုးပိုင်ရှင် ဘယ်သူလဲ
ခေါက်ရိုးသေနေတဲ့ လျှာနဲ့ဟိုတို့ ဒီတို့ အနံ့ခံ
ဘာအရသာမှ မရှိပါဘူးကွာ ဆိုပြီး ညည်းညူလိုက်သေး
သူဟာ ဒီနေရာက စွန့်ခွာဖို့ ယတိပြတ် ဆုံးဖြတ်လိုက်ပုံရ
အနံ့စိမ်းရလို့ထိုးထိုးဟောင်နေတဲ့ ခွေးရဲ့ အစွယ်မှာ ခိုပြီး
ခွေးနဲ့အတူ ဟောင်ကြည့်တယ် နားရွက်ထောင်ပြီး အူလိုက်တယ်
တအီအီ ဘာသာဗေဒ ခြားနေတော့ အလကားပဲ
စိတ်ပျက် လက်ပျက် စိတ်လွတ် ကိုယ်လွတ် ထိုင်ချက်လိုက်ချိန်မှာ
ဂျုံးဂျုံးဂျက်ဂျက် ရထားတစ်စီး သူရောက်နေတာ ဘူတာရုံပဲ
ဘာမှ စဉ်းစားမနေတော့ပဲ ခုန်အတက် သူဟာ လေလျော့နေတဲ့ ဘောလုံးလို
ဟိုလိမ့် ဒီလိမ့် မလိမ့်ချင်သလိုလို လိမ့်ချင်သလိုလို
အဲဒီအချိန်မှာ သူ ထပ်ခိုးကို ပြန်သတိရ
သူ ဘယ်အချိန် ဘယ်ကာလတည်းက အိပ်မောကျနေခဲ့သလဲ ဆိုတာ
ဘယ်သူက အဲဒီ အိပ်ရာမှာ အိပ်စက်စေခဲ့သလဲ ဆိုတာ
သူ့အတွေးတွေ ဟိုလိမ့် ဒီလိမ့်
ဘူတာတစ်ခု ကျော်သွားတိုင်း အတွေးဟာ ခရီးတိုလာ
ရထားဟာ ဘယ်ကို ရွေ့လျားနေလဲ ဆိုတာ
ခရီးဆုံးရင် ထပ်ခိုးဆီ ပြန်ရောက်သွားနိုင်သလား
သူ စစီးခဲ့တဲ့ ဘူတာကိုလည်း မမှတ်မိ အားလုံးဟာ ရေးတေးတေး
သူ့ပါးဟက်ကို တစ်စုံတစ်ယောက်က ဖြဲကြည့်နေတုန်း
အသက်ရှူနေတယ် … သူနောက်ဆုံးကြားလိုက်ရ
သူ အိပ်ပျော်သွားပြီ ထင်တာပဲ။ ။
နေစိမ့်
(သယံဇာတ …မှ)
ပျော်ရွှင်မှုကို တစ်ဝက်တိတိ လွှင့်ထူထားရသော
မျှော်လင့်လို့ မရတာကို မျှော်လင့်ဖူးခဲ့တယ်လို့ပဲ စိတ်ထဲ ရေးထွင်းခဲ့မိတယ်
နေ့တစ်ဝက် ညတစ်ဝက် ညီမျှခြင်း ချလို့မရတဲ့ အဖြစ်အပျက်များ
အလွမ်းအဆွေးဆိုတာ ငါတို့ လူငယ်ဘဝ သီဆိုခဲ့သော တေးသွား
အမှန်တကယ်ပိုင်ဆိုင်ခဲ့ရသော ချစ်သူ့ကိုယ်သင်းရနံ့ဟောင်းများ
ရင်ဘတ်မှာ စာတမ်း အမျိုးမျိုး ရေးထိုးထားတဲ့ တီရှပ်များ
နှလုံးသားရေးရာကို အလွန်အကျွံ စိတ်ဝင်စားမိသော ကျောင်းသားဘဝရဲ့ နေ့ စွဲများ
ရုပ်ရှင်ကြည့်မိသလို တဖျတ်ဖျတ် ပြန်ပေါ်လာသော ဇာတ်ဝင်ခန်းများ
နံရံကို ငေးမောနေလည်း မနေ့က တွေးတဲ့ စိတ်ကူးအတိုင်း ပုံရိပ်ထင်တယ်
နာကျင် ဆွတ်ပျံ့ဖွယ်ရာ ဇာတ်လမ်း တစ်ပိုင်းတစ်စက ငါ့ငယ်ဘဝကို ရည်ညွှန်းတယ်
ငါတို့ ဝတ်ခဲ့သော ဂျင်းဘောင်းဘီများ ရင်ခုန်နှုန်းကို သတိနဲ့ထိန်းရတယ်
စက်ဘီးလေးနာမည် ROADMAN ဆိုတာ ငါ့ကို အထူးပြုတဲ့ နာမဝိသေသန
ငါ အခုကြိုက်တဲ့ အရောင်က အနက်ရောင်
ငါ အခု နှစ်သက်တဲ့ ဂီတက ရော့ခ် ဂီတ
ငါ အခုသောက်တဲ့ အယ်လ်ကိုဟောက ချစ်ခြင်းမေတ္တာ ဝီစကီ
ငါ အခု စွဲလန်းတဲ့ ကောင်မလေးနာမည်က စုမြတ်မြတ်ထွေး
ဒီစာသားတွေ အားလုံး ငါ့ဘာသာရေးခဲ့ကြောင်း ဝန်ခံပါရစေတော့။ ။
အောင်ပိုင်စိုး
၂၀၀၆ မေ၊ heart magazine
ဝမ်းနည်းဖွယ်ရာ စီးကရက်တွေ မသောက်ချင်ဘူး
တစ်ယောက်ဟာ တစ်ယောက်အတွက်
အချိန်ပိုင်း ကစားစရာ
ကစားစရာ နှစ်ယောက် ကစားတမ်း ဆော့ကြတယ်
အလေးအနက် ကိစ္စတွေကို
ဖင်ခုထိုင်ပြီး ကစားကြတယ်
ကစားတမ်းက
ကစားစရာနှစ်ယောက်ကို
ပြန်ကစားတယ်
ပျော်စရာကြီးပါပဲ လို့တော့
ဘာကမှ ယောင်လို့တောင် မဟကြဘူး
ကြည့် သူ ကစားနေတယ်
ကြည့် သူမ ကစားနေတယ်
ကြည့် ကစားတမ်းကြီး ကစားနေတယ် ……. … ။ ။
ဇေယျာလင်း
(ပထမဆုံးလိပ်စာ …မှ)
ကိုယ့်နှလုံးသား ဘယ်အခြေအနေ
အရင်နေ့တွေလိုပဲ
လက်လှုပ်ခဲ့၊ ပါးစပ်လှုပ်ခဲ့
နှလုံးလှုပ်နေတာ လူမသေဖို့ သက်သက်ပဲလား။
တနင်္ဂနွေပြီး တနလာၤ၊ တနလာၤၿပီး အဂၤ ါ
အချိန်မရှိဘူး မအားဘူးပြောတာ ပြန်စဉ်းစား
ကိုယ့်အကြောင်း ကမ္ဘာအကြောင်း ပြန်စဉ်းစား
လူတွေ အုပ်စုဖွဲ့၊
တိုင်းပြည်တွေ နိုင်ငံတွေ ထူထောင်
ခေတ်တွေ အဆက်ဆက် ရွေ့လျားလာခဲ့ပုံ
ထို့နောက် .. ယခု သင်ပါဝင်လာခဲ့ပုံ ။
တိမ်တွေ တရွေ့ရွေ့ပါဝင်
ကြယ်တွေ ပြိုးပြိုးပြက်ပြက်
လမ်းတွေ ရှည်ထွက်လာ
လူတွေ ပျားပန်းခတ်မျှ ပါဝင်လှုပ်ရှား
စက်တွေ ကွန်ပျူတာတွေ ကြားက ဖြတ်လာရတာ
ကိုယ့်နှလုံးသား ဘယ်မှာ ကျကျန်ခဲ့ပါလိမ့်။
ငယ်ငယ်တုန်းက ပုံပြင်တွေ နားထောင်ပြီး
စွဲလမ်းခဲ့သလို
ကမ္ဘာကို ကိုယ်ပြန်စွဲလမ်းဖို့
လိုအပ်နေခဲ့တယ်။
တနင်္ဂနွေမှ စနေထိတိုင် ။ ။
ထွန်းဝေမြင့်
၂၀၀၅၊ ဇွန် Heart Magazine
ဘောလုံးသမား
ဒါဟာ ကမ္ဘာဦး မီးထက်စောတဲ့ အနုပညာပေါ့
ဘုရားပေးတဲ့ အသိဥာဏ်ရှိ ခြေထောက်တွေထဲမှာ
ပန်းနဲ့အတူ ရောပွင့်နေသော ခွန်အားများ
ဆပ်ကပ်ထဲက ဓားသမားရဲ့ ဓားသွားလို
လက်ခနဲပစ်မှတ်ကို ဆွဲယူလိုက်တဲ့ တိကျမှုနဲ့
ငါတို့ရင်ထဲ အရောက် အမြှောက်ကန်တင်ပေးလိုက်သော
တောက်လောင်မှု
ကွင်းလယ် ကစားကွက်မှာ မီးဖွင့်ထားသော ခြေထောက်များ
အဝင်အထွက်ရဲတဲ့ မုန်တိုင်းနဲ့ မြင်းရိုင်း
သူ့နယ်ပယ်မှာ သူဟာ ပရော်ဖက်ရှင်နယ်ပေါ့
မီးခတ်ကျောက်တုံးလိုပဲ
ဘောလုံးဟာ
ငါတို့နဲ့ ကမ္ဘာကြီးကို ကျွမ်းလောင်စေခဲ့တယ်။ ။
မောင်ဖီလာ
၂၀၀၃ သြဂုတ်လ၊ နှလုံးအိမ် မဂ္ဂဇင်း
0 Comments:
Post a Comment