Saturday, April 20, 2013
မဟာမှိုင်းပွဲမှာ ကဗျာရွတ်တော့ ပန်ဒိုရာက ကိုဝင်းမြင့် ကဗျာတစ်ပုဒ်ရွတ်တယ်။ ငြိမ်းချမ်းရေး မိသားစုတဲ့။ အဲဒါ အရင်က မိသားစု ဆိုတဲ့ နာမည်နဲ့ ဖတ်ဖူးတယ်။ ကျွန်မရေးခဲ့တဲ့ ကောင်းကင်သူ ကောင်းကင်သား တို့ရဲ့ ပွဲတော် ဆိုတဲ့ လုံးချင်းထဲလည်း ထည့်ရေးဖူးတယ်။ အဲဒီ ဝတ္ထုထဲမှာ မိသားစု ကဗျာတွေ တော်တော်များများပါတယ်။ ခု အဲဒီစာအုပ်က ကိုယ့်လက်ထဲ တစ်အုပ်မှ မကျန်တော့ ပြန်ရှာလို့ မရတော့ဘူး။ လိုက်စုတုန်းက စုထားတဲ့ စာအရွက်လေးတွေပဲ ပြန်ထွက်လာတာနဲ့ ကဗျာတချို့ တင်လိုက်ပါတယ်။ မိသားစု ဆိုတာလည်း တကယ်တမ်း ကျတော့ မျှော်လင့်ထားသလို ဖြစ်မလာတတ်တဲ့ ထဲ ပါတာပဲမဟုတ်လား ..
မိသားစု
မိုးစက်တွေကို
ကျွန်တော်လက်နဲ့ ခံပြီးကြည့်တယ်
ဘယ်တော့မှ ကျိုးကြေမသွားဘူး
ကျွန်တော်လွှတ်ချလိုက်တော့
အောက်မှာ သွယ်တန်း စီးဆင်းသွားပြန်ရဲ့
မြစ်တွေ ချောင်းတွေ တိမ်တိုက်တွေ …။
ဟိုးအပေါ်က
မိုးစက်တွေလို
ကျွန်တော်ခုန်ကျကြည့်လိုက်တယ်
မိဘရင်ခွင်ထဲရောက်ရဲ့
ဘယ်တော့မှ ကျိုးကြေမသွားဘူး
ကျွန်တော်တို့မောင်နှမတွေ။ ။
ဝင်းမြင့်
မိသားစု
သစ်ခုတ်သမား လက်ထဲက သစ်တောလို
တဆတ်ဆတ်
ဓားအိမ်ထဲ
အမေနဲ့ကျွန်တော်
မိုးအလင်း မီးဖိုလေးဖိုကာထိုင်လို့ ၊
နင်းမိတာ မြေသားစစ်ရဲ့လား
အသားဖတ်ခြောက်တစ်ခုရော မဖြစ်နိုင်ဘူးလား
စတွေးသူ ကျွန်တော့်အဖျား
အမေ့ပါးကို ကူးစက်တယ်၊
ဒီအတွေးနဲ့ ဒီသင်ခန်းစာ
ရေနွေးကရားထဲမှာ ပွက်ပွက်ဆူလို့၊
ဒီညလည်း
သုညကို သိုသိုသိပ်သိပ်
အရည်ပြားပေါ် ဆေးမင်ရည် စုတ်ထိုးလို့သာ
သိပ်လိုက်တော့၊
အပြင်မှာမိုးစဲမစဲ
မမေးခဲ့မိတဲ့ညတွေ
လောကထဲ
အမေ နှစ် ၇၀
ကျွန်တော်က နှစ် ၃၀
အဖေ့ မြေပုံသာ နှစ် ၁၀၀ နှင်းဆီ ပွင့်စေတော့
ဒီဆုတောင်း
ဆောင်းထဲမှာ စုတ်ဖွာနေတော့မှာ သေချာ။ ။
ခရမ်းပြာထက်လူ
မိသားစု
ယိုင်ယိုင်ရွဲရွဲ့ခိုင်မာ
ပေါက်ပေါက်ပြဲပြဲလုံခြုံ
စုတ်စုတ်ပြတ်ပြတ်ခမ်းနား။
အဖေက ခေါင်တိုင်
အမေက လက်ခံတိုင်
မောင်နှမတွေက ထုတ်တန်း
မိုးကြိုးကို ထန်းလက်နဲ့ ကာနိုင်ခဲ့ကြ။
ခုလို
ဖူးငုံရာက သီးပွင့်လာတဲ့နေ့တွေမှာ
ကွယ်လွန်သွားတဲ့ အိမ်ကလေး။
ထုတ်တန်းပေါ် ပြေးနေမယ့်ကြွက်ကလေးတွေ
ထရံပေါက်က ဖောက်ထွက်နေမယ့် မီးရောင်တွေ
ဘူးသီးငါးပေါင်းကြော်လို
ဆောင်းကို ရယ်ပွဲဖွဲ့ ခွန်အားတွေနဲ့
ဟောင်းမြေ့ပြီး ချစ်စရာကောင်းတဲ့ အိမ်ကလေးကို
ခုအခါ
ကျွန်တော်တို့ ဆာလောင်တတ်လာတယ်။ ။
ဝိုင်ချို
ကျေးသားများ
ဖေဖေရက်ဖွဲ့ခဲ့တဲ့ မိသားစုလေးထဲ
မေမေက ခိုလှုံတယ်
မေမေရက်ဖွဲ့ခဲ့တဲ့ မိသားစုလေးထဲ
ဖေဖေက ခိုလှုံတယ်
ငါတို့ရဲ့နုနယ်မှုတွေ လုံခြုံစွာကြီးပြင်း
မိသားစုသီချင်းမှာ
ဆည်းလည်းသံများ
ကြည်နူးသံပြိုင် လှုပ်ခတ်ခဲ့ကြဖူးတယ်
တစ်နေ့
ဘယ်လိုမုန်တိုင်းမျိုးမှန်း
ဘယ်သူမှ မသိနိုင်ခဲ့ကြ
ငါတို့စိတ်တွေ
တစ်နေရာစီ လွင့်ကျခဲ့ကြတယ်
ကျလေရာ ရောမတွေမှာ
ရောမလို ကျင့်ကြံပီသခဲ့ကြတယ် ..။
ငါတို့ရဲ့ စိတ်တွေချင်း
လှမ်းမျှော်ကြည့်ရင် မမြင်နိုင်ကြဘူး
စကားပြောကြရင် ဘာသာစကား မတူကြဘူး
မွတ်သိပ်ကြရင် ချင်ခြင်း မတူကြဘူး
အရင်းအနှီးများတဲ့ ခရီးတွေသွားခဲ့ပြီးတော့မှ
အရင်းအနှီးများတဲ့ ခရီးမို့
အိမ်ကို မပြန်နိုင်ခဲ့ကြဘူး။
ငါတို့ ရုပ်ချင်းဆင်တူကြပေမယ့်
အသက်ရှူခြင်း ကွဲခဲ့ကြတယ်။
ဒါပေမယ့်
ငါတို့တွေ
စိတ်ဝမ်းမကွဲခဲ့ကြ။ ။
လွင်ထက်လှိုင်
အနွေးထည်
ကမ္ဘာမှာအလှဆုံး
မြစ်တစ်စင်း
ပကတိ စီးဆင်းနေတာ။
ဘယ်တော့မှ ညှိုးနွမ်းခြင်းမရှိ
ပွင့်နေတဲ့ပန်း
ရင်မှာလန်းတယ်။
အနှောက်အယှက်အဆီးအတားကို
တန်ခိုးစွမ်းအားနဲ့
ကျော်လွှားနိုင်တယ်။
နေမင်းကြီးဟာ
သူ့ရင်ခွင်အောက်က
သားငယ်ကို
အနွေးဓာတ်နဲ့ ပိုက်ထွေးယုယသလို
လိုအပ်နေတဲ့အနွေးထည်
မိဘနှစ်ပါးရဲ့ ရင်မှာရှိတယ်။
စမ်းသီတာ
0 Comments:
Post a Comment