ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

မြို့ တွေ ရွာတွေ ကဗျာတွေ

Saturday, April 20, 2013


မနေ့က နေကောင်းတာနဲ့  စာအုပ်အဝယ်ထွက်ရင်း မနှစ်တည်းက ထုတ်ထားတဲ့ စိတ်ကူးချိုချိုက ကဗျာစာအုပ်လေး တစ်အုပ်ရလာတယ်။ ထုတ်တဲ့ရက်စွဲကို သူက ၂၀၁၁ လို့တပ်ထားလို့ပါ။ ဒီလောက် စာအုပ်ပတ်ဝယ်နေတဲ့ ကျွန်မ မနှစ်က ဘာလို့ မတွေ့တာလဲလို့  စဉ်းစားနေတယ် (ဖြစ်နို်င်တာက စိတ်ကူးချိုချိုက လက်ဆောင်မပေးလို့ပေါ့ :P) အဲဒီထဲက ကဗျာတွေက မြန်မာပြည်ထဲက မြို့ကလေး တွေကို ဖွဲ့ထားတဲ့ ကဗျာတွေ  .. သူ့ နေရာနဲ့ သူ  ၊ သူ့ဒေသနဲ့သူ အားလုံးက ချစ်စရာတွေချည်းပဲ .. နောက် နေရာအလိုက် ရှိနေခဲ့တဲ့ ပုံရိပ်တွေ .. ခံစားချက်တွေ ..  အားလုံးကို ကျွန်မကြိုက်တယ် ..။ ဒါကြောင့် ကဗျာတွေကို နည်းနည်းချင်းစီ ပြန်မျှဝေသွားပေးမယ် လို့စိတ်ကူး ရပါတယ်။ 


ဟင်္သာ တ’ ခြင်း
မမြန်ချင်နေပါစေ
မမြုပ်ရင် တာဝန်ကျေပြီဆိုတဲ့
ဧရာဝတီကြီးရယ် ငါရယ်
၂၀၀၁ ထဲ စီးဆင်းဆဲ …
မြစ်က မြို့ကို ထမ်းလိုက်
မြို့က မြစ်ကိုထမ်းလိုက်နဲ့
ဟင်္သာ တ’သူရေ
ဟင်္သာတွေ ဘယ်လောက်လွမ်းလွမ်း
သင့်မေတ္တာပန်းလောက် မပင်ပန်းခဲ့ဘူး။
ရေက မြစ်ကိုလွှမ်းလိုက်
မြစ်က ရေကိုလွှမ်းလိုက်နဲ့၄၄
သူတို့ ဘဝတွေ
အချိန်က ဖုံးအုပ်သွား ..
ဗျိုး ..
“ ကိုလင်းခက် ”
ခု ကျွန်တော် ရောက်နေတဲ့
ကမ်းတစ်ဖက်မှာ
ဟင်္သာငှက်တွေ မမြင်ရပေမယ့်
အတောင်ခတ်သံတွေ ကြားနေရတယ်။      ။
မောင်သိန်းဇော်

တောင်ခြေရွာ
တောင်ကုန်းမြင့် တစ်ခုပေါ်ကနေ မြင်လိုက်ရ
ဟိုးအဝေးက တောင်ခြေရွာ။

အိမ်တချို့ရဲ့ခေါင်မိုးတွေ ဆီကနေ
မီးခိုးငွေ့တချို့လွင့်တက်လာ
အဲဒီမှာ လောင်ကျွမ်းနေကြတာ
သူတို့ရဲ့ နှလုံးသားတွေ မဟုတ်ဘူးထင်ပါရဲ့ ။

တောင်ခြေအိမ်ရဲ့  အနောက်ဘက်မှာ
စမ်းချောင်းတစ်ခု တွေ့လိုက်ရ
အဲဒီမှာ စီးဆင်းနေကြတာ
သူတို့ရဲ့  မျက်ရည်စတွေ မဟုတ်ဘူးထင်ပါရဲ့ ။

စမ်းချောင်းလေးရဲ့ အထဲကို
လူတချို့ ပစ်ချလိုက်ကြ
ဖာထေးရာ တချို့နဲ့ သူတို့ရဲ့ ပိုက်ကွန်တွေ
အဲဒီမှာ သူတို့ ဆယ်ယူနေကြတာ
တစ်ခါတုန်းက နစ်မြုပ်သွားခဲ့တဲ့
သူတို့ရဲ့  အိပ်မက်တွေ မဟုတ်ဘူးထင်ပါရဲ့ ။            ။
မြင့်မိုးအောင်

ပခုက္ကူ
ပြာထဲ ပိတ်မိနေသော
မီးကျီခဲ။

ခြေထောက်မပါသော
မြစ်။

သီချင်းမဆိုသော
ကျောက်တူးသမား။

ပြုံးနေသော ရုပ်တု။

သော့ခတ်မထားသော
လူတိုင်းမွှေးပျံ့  တမာရနံ့   ။      ။
ကေမျိုးငြိမ်း

ုသိမ်
အရေးထဲများ
န သတ်နဲ့  မ သတ် အငြင်းပွားခဲ့ကြသေး
အတွေး တော်တော်ခေါင်တဲ့ မြို့
(အကြောင်းရှိတော့)
ခပ်ယို့ယို့လေး .။

ငဝန်မြစ်က
အချစ်လွန်ပြီး ပွေ့ဖက်
ဇွတ်အတင်းမလွှတ်
အီစွတ်ပုံပြင်ထဲက မျောက်မကြီး
အချစ်သည်းပုံမျိုး။

ဒီမြို့သားစစ်စစ်ပါ
ဒါပေမယ့်
မြို့ဟာ ကျွန်တော့်ထက် အရင်မွေးခဲ့
သူ့အကြောင်း ရေးတေးတေးပဲသိတယ်။

လောလောဆယ် ဒီမြို့လေ
အိပ်မက်တွေကို ဆွဲဆန့်နေတုန်း
သက်တံရှည်ရှည် တစ်ချောင်းဟာ
မြို့ကို သူ့နှာမောင်းနဲ့ ခွေလိမ်ပတ် ။        ။
တိုးဝေ

ပုသိမ်
နှစ်လုံးတည်းသော အမည်က
တစ်လုံးမှ စိတ်ချမ်းသာစရာ မကောင်း
နှစ်လုံးပေါင်းပြီး ရင်ကော့ထားတာတောင်
ခါးက ကျိုးကျိုးကျတဲ့မြို့ ။

မိတ်ကပ်လူး ပေါင်းတင်
အပြင်အဆင် အခြယ်အသတွေ ဗန်းပြပြီး
လူအဝင်အထွက်များသလောက်
ထမင်းနပ်မမှန်တဲ့မြို့ ။

သူ့ခါးပတ်နဲ့ တူတဲ့လမ်းမကြီးတွေ
စီးစီးပိုင်ပိုင်ပတ်
ညစ်ထပ်ထပ် သူ့ခေါင်းပေါ်မှာ
ဓာတ်ကြိုးနဲ့ ဖုန်းကြိုးတွေ စုချည်
တီဗီ အင်တာနာတွေ ပန်းလိုပန်
ဂျင်းဘောင်းဘီဝတ်ပြီး ခုံဖိနပ်စီးတဲ့မြို့ ။

မျိုးရိုးစဉ်ဆက်
အရှက်ရစရာ အမာရွတ်တွေ
ဖုံးဖိထားရတဲ့ကြား
နှစ်ကိုယ်ကြား စကားတီးတိုးပြောရင်
သူ့အကြောင်းကိုယ်ဖော်
ကိုယ့်အကြောင်းသူဖော်ပြီး
ဘူးပေါ်သလို ပေါ်တဲ့မြို့ ။

သူ့ဝမ်းဗိုက်ထဲက
စပါးကျီကြီး ပုပ်ပုပ်ပြပြီး
အချေးအငှားသိပ်ထူ
ဒါကိုပဲ ဂုဏ်ယူလို့မဆုံး
သူ့ကိုယ်လုံးပေါ်မှာ
ပြွတ်သိပ်လှိုက်စားတာကို
မှန်ကြည့်ရင်း လက်သိပ်ထိုးကျေနပ်
နှာခေါင်းချွန်ချွန်ကို ပွတ်သပ်
စမတ်ကျနေပုံများ
သူ့အစာအိမ်ကို အလုပ်အကျွေးပြုတဲ့
လက်တွေ့မှာတော့
တစ်သောင်းတစ်မတ်နဲ့
ဖျပ်ဖျပ်လူးဆာလောင်နေတဲ့မြို့ ။

ငဝန်မြစ်က
ထွက်ဆိုချက်ကောင်းလို့ အမှုပေါင်းများစွာနဲ့
ခုံရုံးမှာ ဖုံးဖိဖို့  တစ်ကိုယ်လုံး သနပ်ခါးနဲ့
ပေါင်မှာ သေးစီးကြောင်းနဲ့ မြို့ ။

မြို့ အဝင်မြင်ရတဲ့ ထီးကြီးရှိလျက်နဲ့
မိုးရေထဲ လျှောက်အစိုခံ
အပြင်းဖျားအော့အန်တော့မှ
အန်ဖတ်ထဲမှာ ဟန်ဆောင်မှု ဂျုံဖတ်တွေ
ချဉ်စပြုနေတဲ့ စာရိတ္တအသားလုံးကြော်တွေ
လိမ်လည်မှု ဘီယာတွေ
လောင်းကစားမြာပွေ အချိုရည်နံ့တွေ
ညှီစို့စို့ အရက်တွေ စီးကရက်တွေနဲ့
အန်ဖတ်ဆို့ သေသွားရင်
အကောင်းသားလို့ အပြောခံရတဲ့မြို့။

တောင်းစုတ်ပလုံးစုတ်သာ
ပစ်ရိုးထုံးစံရှိတယ်ဆိုတဲ့
သူ့သားသမီးတွေကို
လက်ဖက်ရည်ဆိုင်တွေထဲ စုပြုံထိုင်စောင့်ခိုင်းပြီး
မိန်းမကန်တဲ့ ဘောလုံးပွဲ
သွားအားပေးနေတဲ့မြို့။

စပါးလုံးများ ဆန်ကြမ်းစား
အကြေသားစ အကျီ င်္တွေမှာ
ရွှံ့ နွံပေစင် ချဉ်စော်နံ မဖွပ်လျှော်ပဲ
လက်ကြားစီးကရက်ညှပ်လို့
နှစ်ထပ်သဘောင်္တွေကပ်တဲ့
ကိုယ့်မင်းကိုယ့်ချင်း တံတားမှာ
ကုန်ထမ်းစားနေရတဲ့မြို့ ။

ကုန်တိုက်ကြီးထဲ ရင်ကော့ဝင်
အဟောင်းတန်းကို မထီလေးစားဖြတ်
နှစ်ထပ်ဈေးကြီးထဲ
မဝယ်ပဲ ဈေးမေးတဲ့မြို့ ။

အကယ်ဒမီသုံးထပ်ကွမ်း
ကောလိပ်ကိုနမ်းတဲ့
ပြာနှမ်းနှမ်းကန်ရေပြင်ပေါ်ကို
အချိန်မတော် ခုန်ချတဲ့မြို့ ။

သူ့ရင်ကို သူပြန်ခွဲကြည့်ဖို့
ရင်ခွဲရုံလေးထဲမှာ ပက်လက်
မီးသဂြိုဟ်စက်ထဲသွားဖို့
သရောင်းချောင်းကို ဖြတ်လမ်းမေးတဲ့မြို့ ။

မြို့ကြီးလေ
ပေါင်မုန့် အနားသား အနမ်းတွေနဲ့
မြစ်ဝကျွန်းပေါ်ကို နမ်းနေလိုက်တာများ
သားသည်အမေ ကလေးချီထားတာနဲ့ တူရဲ့ ။

ဒီမြို့ပေါ့
ကြိုးလျော့နေတဲ့ မယ်ဒလင်နဲ့
ညဆို အော်ဟစ်နေတာ ။     ။
ဝင်းမြင့်

အောင်ပင်လယ်
ကိုယ့်နှုတ်ခမ်းကို ကိုက်ထားတဲ့
ရှုခင်းအရ
သူတို့ ဘာမှ မလုပ်နိုင်ကြသေးဘူး
မြို့ကြီးပြကြီးက ပြန်လာတဲ့ လခြမ်းလေးဟာ
ကန်သင်းရိုးပေါ် ရင်ကွဲနာကျလို့
နာကြည်းမှုကို ရင်မှာဝှက်ပြီး
ရေကြည်ရာ စိတ်စောနေကြ
ကြိုးပြေသွားတဲ့ ထင်းစည်းလေးလို
တစ်ချောင်းချင်း အချိုးခံကြရ
သြော် ..
ဘာပဲဖြစ်ဖြစ်
သူ့သီချင်းလေးနဲ့သူ
အဓွန့်ရှည်နေဦးမှာ ..။         
သိုးနွယ်

ရခိုင်ရိုးမကို ကျောပိုးထားတဲ့မြို့
မြို့ဟာ
လူစိမ်းနံ့ရတာနဲ့ သူ့အတောင်ပံတွေကို ဆွဲဖြန့်လိုက်တာပဲ
မျက်လုံးတွေက တစ်နေရာတည်းကို စူးစိုက်ထားဖို့
ဘယ်လောက်တိုးညှင်းတဲ့ လေတိုးသံလဲ
နားက စကားလုံးတွေ ပြန်ဖွဲ့ပြဖို့ အသင့်
ဧည့်ကောင်း စောင်ကောင်းဆိုလည်း ဝတ္တရားမပျက်
ဓားဆိုလည်း ဓား  မြားဆိုလည်း မြား  မရွံ့တဲ့ စိတ်နဲ့
မြို့ရဲ့  အနှံ့မှာ မှန်ချပ်တွေ ထောင်လို့
တစ်စုံတစ်ခုဆိုရင်
ကုန်းနှီးမပါလည်း မြင်းကို ဒုန်းစိုင်းဖို့
ရေပြင်ပေါ် ခဲလုံးကျသလို
သူ့အပေါ် ထနေတဲ့ ဂယက်ကို ထိန်းချုပ်လို့ မရဘူး
နွံဟာ နွံပဲ
ပတ္တမြားဟာ ပတ္တမြား
မြို့ဟာဘယ်တော့မှ မနစ်တဲ့ သတိတရား ။      ။
လင်းသဏ်ညီ


လှိုင်သာယာ
ဘာထူးလဲ
လမ်းပေါ်ထွက်လိုက်တာနဲ့
ငါလည်း လက်လုပ်လက်စားပဲ ..
(အညှီနံ့က  နောက်ကားပါလာတာကို သိတယ်)
“ကျော်မတက်စေနဲ့ ” တဲ့
စပယ်ယာအသံမှာ ဆူးတွေ အပြည့်နဲ့
ခေတ်တစ်ခေတ်
လူရှစ်ဆယ်ကို
သစ်သား ဘတ်စ်ကားကြီးထဲ
ထည့်ပြီး ခလောက်တော့
၁၉ ၄၀လောက်ဆီ ပြန်ရောက်သွားကြတယ်။ 
နေတတ်ရင် ဘဝဟာ ပျော်ရွှင်ဖွယ်ရာပါ
ပန်းခင်းကြီးမဖြစ်လည်း ချုံပုတ်ကလေးပေါ့
ဒါပေမယ့် သတ္တိရှိတဲ့ ချုံပုတ်ကလေး ..။           ။
မောင်ဖီလာ

0 Comments: