Sunday, February 28, 2010
ပွဲတော်
မီးပုံကြီး ပိုမိုမြင့်မားလာအောင်
ရေအဆုံးကုန်းတစ်ဝက် နေ့ရက်များကို ပစ်ထည့်
သုံးခွက်တစ်ခွက်တင် ပေါင်းသင်းဆက်ဆံရေးများကိုလည်း တရုန်းရုန်းပစ်ထည့်
သုံးရာသီ အာသီသများကို အတောမသတ်ပစ်ထည့်
လူရာဝင်ချင်တဲ့ အရောအနှောများကို တောက်တောက်ပပ ပစ်ထည့်
မော့ကြည့်စရာ ငုံ့ကြည့်စရာ မလိုအပ်သော အရိပ်သုံးပါးကို ပစ်ထည့်
မတင်းကျပ်သော မလျော့ပါးသော
မပိုသော မလိုသော ဓာတ်ကြီးလေးပါးကို ပစ်ထည့်
ငါတို့ အရည်ပျော်ကျလုနီးပါး စိတ်ပါလက်ပါ ကြေကွဲနေကြတယ်
အချိန်ယူ ဝိုင်းစက်ပြည့်တင်းလာတဲ့ လပြည့်ည တစ်ညက
မီးပုံပွဲတစ်ပွဲမှာ
ငါတို့ အဖိတ်ဖိတ်အစင်စင် လွင့်ပျံနေခဲ့ကြပေါ့
မဖုံးနိုင် မဖိနိုင် မာန်ဖီမှုများကို လိပ်ပြာလှအောင်
ငါတို့ မထိန်းသိမ်းနိုင်ခဲ့ကြ။
ဟိုးအဝေး တောင်တန်းရိပ်ပေါ်က
အက်ကြောင်းတွေ ထနေတဲ့ လှလှပပအိပ်မက်တစ်စင်းရဲ့
အသံတိတ်ခေါ်သံကို အစိမ်းသက်သက်ရင်နဲ့ကြားနာခဲ့ကြရ။
ရင်နဲ့ ခံစားချက်နဲ့ သဟဇာတ မဖြစ်ပဲ
အပေါ်ယံတင်းနေတဲ့ အိပ်မက်တွေထဲ
အပြေးအလွှား ကျွံကျနေချင်ခဲ့ကြ
အဲသလို ဝံပုလွေတွေပါပဲ
အူသံရှည်တောအုပ်ကြီးထဲ တောက်လောင်ကြ
အရုဏ်တက်လာချိန်ထိ အမှားအယွင်းတွေရဲ့
သင်္ကေတ တစ်ခုလို ကျွမ်းလောင်နေခဲ့ကြ
ကမ္ဘာ မီးလောင်နေချိန်မှာ နာတာရှည် အလွမ်းတွေကို
တသောသော ချနင်းပစ်ခဲ့ကြ
တစ်ခုပဲ
ပွဲတော်မှာ
ငါတို့
မျက်လုံးပေါ်အောင် မပြုံးရဲခဲ့ကြဘူး။ ။
နိုင်မွန်အောင်သွင်
၂၀၀၂၊ မေ သောင်းပြောင်းထွေလာ