ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

ပွဲတော်

Sunday, February 28, 2010

ခုတလော ပွဲတော်တွေ ပွဲတော်ပျော်တွေ မျက်လုံးပေါ်အောင် မပြုံးရဲသူတွေ လူရာဝင်ချင်တဲ့ အရောအနှောတွေ သုံးခွက်တစ်ခွက်တင် ပေါင်းသင်းဆက်ဆံရေးတွေ မော့ကြည့် ငုံ့ကြည့်စရာမလိုတဲ့ အရိပ်သုံးပါးတွေ စိတ်ပါ လက်ပါကြေကွဲမှုတွေကို တွေ့နေရတော့ ဒီကဗျာလေးကို သတိရမိတယ်။ သောင်းပြောင်းထဲက ပြန်ကူးတာ မဟုတ်ပါဘူး။ အသန့်စင်ဆုံး ရယ်သံ ဆိုတဲ့ စာအုပ်ကလေးထဲကပါ။ အားလုံးလည်း ခံစားနိုင်လိမ့်မယ် ထင်ပါတယ်။


ပွဲတော်

မီးပုံကြီး ပိုမိုမြင့်မားလာအောင်
ရေအဆုံးကုန်းတစ်ဝက် နေ့ရက်များကို ပစ်ထည့်
သုံးခွက်တစ်ခွက်တင် ပေါင်းသင်းဆက်ဆံရေးများကိုလည်း တရုန်းရုန်းပစ်ထည့်
သုံးရာသီ အာသီသများကို အတောမသတ်ပစ်ထည့်
လူရာဝင်ချင်တဲ့ အရောအနှောများကို တောက်တောက်ပပ ပစ်ထည့်
မော့ကြည့်စရာ ငုံ့ကြည့်စရာ မလိုအပ်သော အရိပ်သုံးပါးကို ပစ်ထည့်
မတင်းကျပ်သော မလျော့ပါးသော
မပိုသော မလိုသော ဓာတ်ကြီးလေးပါးကို ပစ်ထည့်
ငါတို့ အရည်ပျော်ကျလုနီးပါး စိတ်ပါလက်ပါ ကြေကွဲနေကြတယ်
အချိန်ယူ ဝိုင်းစက်ပြည့်တင်းလာတဲ့ လပြည့်ည တစ်ညက
မီးပုံပွဲတစ်ပွဲမှာ
ငါတို့ အဖိတ်ဖိတ်အစင်စင် လွင့်ပျံနေခဲ့ကြပေါ့
မဖုံးနိုင် မဖိနိုင် မာန်ဖီမှုများကို လိပ်ပြာလှအောင်
ငါတို့ မထိန်းသိမ်းနိုင်ခဲ့ကြ။
ဟိုးအဝေး တောင်တန်းရိပ်ပေါ်က
အက်ကြောင်းတွေ ထနေတဲ့ လှလှပပအိပ်မက်တစ်စင်းရဲ့
အသံတိတ်ခေါ်သံကို အစိမ်းသက်သက်ရင်နဲ့ကြားနာခဲ့ကြရ။
ရင်နဲ့ ခံစားချက်နဲ့ သဟဇာတ မဖြစ်ပဲ
အပေါ်ယံတင်းနေတဲ့ အိပ်မက်တွေထဲ
အပြေးအလွှား ကျွံကျနေချင်ခဲ့ကြ
အဲသလို ဝံပုလွေတွေပါပဲ
အူသံရှည်တောအုပ်ကြီးထဲ တောက်လောင်ကြ
အရုဏ်တက်လာချိန်ထိ အမှားအယွင်းတွေရဲ့
သင်္ကေတ တစ်ခုလို ကျွမ်းလောင်နေခဲ့ကြ
ကမ္ဘာ မီးလောင်နေချိန်မှာ နာတာရှည် အလွမ်းတွေကို
တသောသော ချနင်းပစ်ခဲ့ကြ
တစ်ခုပဲ
ပွဲတော်မှာ
ငါတို့
မျက်လုံးပေါ်အောင် မပြုံးရဲခဲ့ကြဘူး။ ။

နိုင်မွန်အောင်သွင်
၂၀၀၂၊ မေ သောင်းပြောင်းထွေလာ

စာရေးဆရာ နှင့် ထင်းရှူးမှို

Tuesday, May 12, 2009

စာရေးဆရာ
မိုးတွေညို့နေပြန်ပေါ့
အနှစ်ခြောက်ဆယ်ကျော်စာ
အဝေးပြေးကားဂိတ်မှာ
ကျွန်တော်တို့
ပျောက်ကွယ်ဆုံးရှုံးလိုက်ရတဲ့စာရေးဆရာကို ရှာကြတယ်။

စာရေးဆရာဟာ
စာရွက်ပေါ်မှာတစ်ကြောင်းခြစ်..နှစ်ကြောင်းခြစ်
မတ်လသစ်ရွက်ဝါဝါတွေမှာ
တစ်ကြောင်းခြစ်..နှစ်ကြောင်းခြစ်
လောကဓံနေ့ရက်များမှာ တစ်ကြောင်းခြစ်..နှစ်ကြောင်းခြစ်။
ဒီလိုနဲ့
တက္ကသိုလ်ကျောင်းဆောင်မှာ
တော်လှန်ရေးမှာ
တစ်ကြောင်းခြစ်
နှစ်ကြောင်းခြစ်နဲ့
မျိုးချစ်စိတ်ကပဲ
စာရေးဆရာရဲ့ရင်ထဲ
တစ်ဘဝလုံးကို ရေးခြစ်လာခဲ့တယ်။
ဘာလုပ်ချင်လဲ
ဘာဖြစ်ချင်လဲ
လူငယ်နဲ့လူလတ်ကြား
စပ်ကူးမတ်ကူးစာရေးဆရာ
မမြင်တာတွေကိုယုံရမလား။
ရွှေစင်နန်းတော်ရာနဲ့သုခဘုံနန်း
တို့မြန်မာတွေ မြည်းစမ်းပေရော့
လူသူစိမ်းက ကမ်းလှမ်းလာတဲ့
တခမ်းတနား
မစားရဝခမန်းတွေ..။
မြင်နေရတာတွေကိုပဲ မယုံပဲနေလိုက်ရမလား
တန်းမတူ ရည်မတူ
အဖြူအမည်းမသဲကွဲတဲ့
ခေတ်စံနစ်ဟောင်းရဲ့ တောဥပဒေသများ ..လို
အင်အားကြီးသူသာ
အသက်ရှင်စတမ်းတဲ့လား
နေမဝင်အင်ပါယာတေးသွားများထဲမှာလေ။

စာရေးဆရာ
သူ့မှာလည်းမိသားစုနဲ့ပါ
မေတ္တာကို အခါခါ ငတ်မွတ်ခဲ့ပေါ့
ကလောင်ကိုပဲရွေးရမလား
လက်သီးကိုပဲသွေးရမလား
ရင်ထဲမြုံစာသားများက
ဦးနှောက်ဆီအလေ့မကျနိုင်တော့
တိုင်းပြည်မျက်နှာကိုဖတ်ရတယ်
လွတ်လပ်ရေးကိုချရေးရတယ်။

ကျောက်ခေတ်သားများ
ဂူနံရံပေါ်
ကျွဲရိုင်းတွေ လှံတွေ
ကြယ်တွေ လတွေ
အရုပ်များနဲ့ ဘဝကိုရေးသားကြ
နောက်နှောင်းရာစုများဆီထိ
ကျွန်တော် တင်သွင်းလိုက်ချင်ရဲ့
ခေတ်အဆက်ဆက်တုန်ခါမြည်ဟည်းနေတဲ့
သူရဲကောင်းစိတ်ဓါတ်တွေ
အနစ်နာခံခဲ့တဲ့ နှလုံးသားတွေ
သမိုင်းဝင်ခဲ့တဲ့ တည်ကြည်မှုတွေ
စကြဝဠာတံတိုင်းနံရံမှာ
ထွင်းထုရေးထိုးရေးခြယ်ပေးကြပါ
ပုံဖော်နိုင်စွမ်းက နတ်ဒေဝတာများပင်မသေချာ။

မိုးတွေညို့ပြန်ပေါ့
အနှစ်ခြောက်ဆယ်ကျော်စာ
အဝေးပြေးကားဂိတ်မှာ…။

အခု
စာရေးဆရာ
အသက်မရှင်တော့ဘူး
ဒါပေမယ့်
အသက်မသေ
အခု
စာရေးဆရာ
မပျံသန်းနိုင်တော့ဘူး
ဒါပေမယ့်
ကောင်းကင်ထဲမှာ။

တကယ်တော့
ကျွန်တော်တို့က ရေပေါ်ဆီပျံသန်းမှုတွေနဲ့သာ
စာရေးဆရာကိုမမြင်ခဲ့ဖူးဘူး
မကြုံဆုံခဲ့ဖူးဘူး
(ကောင်းကင်အစွန်းထိ မထိ မသေချာ)
သူ့ကျေးဇူးတွေနဲ့
အဖိုးတို့ အဖေတို့ ကျွန်တော်တို့ သားတို့
လွတ်လပ်သူများအဖြစ်
မြင့်မားခွင့်တွေရလာခဲ့။
ဒီလိုတုန်ခါမှုတွေနဲ့
ဟင်းလင်းပွင့်ကြားနာခြင်းတွေမှာ
မြင့်မိုရ်တောင်တက်ရမလား
နဂါးသိုက်ထဲ သက်ဆင်းရမလား
ကျွန်တော်တို့
သံခင်းတမန်ခင်း
ကောက်ကျစ်စဉ်းလဲခြင်းမဖြစ်လို..။
အရိုင်းဆန်ဆန်ရိုးရှင်း
တစ်ဘဝချင်း
တစ်ဘဝချင်း
လင်းလက်ကြည်လင်ခွင့်ပဲ မျှော်လင့်မိတယ်။

ကျွန်တော်တို့က
သာမညတွေပါ
အခါခါသေလည်းမထူး
သက်တမ်းစေ့သေဖူးတယ်ဆိုရုံသက်သက်မျှနဲ့
ဘဝဟာမက်မောစရာမရှိခဲ့ပါ
အဲဒီစာရေးဆရာမှာတော့
သက်တမ်းမစေ့ခဲ့လည်း
ဂုဏ်သရေအပေါင်းဟာ ပြည့်စုံကြွယ်ဝခဲ့
အို..မိတ်ဆွေတို့
သံမဏိလျှပ်ပန်းလျှပ်နွယ်များပမာ
မွန်းအတည့်ဆုံးမှာထွက်ပေါ်လာပြီး
လျို့ဝှက်ချက်များထဲပျောက်ကွယ်သွားခဲ့။
အို..ကျွန်တော်တို့
သူလိုကိုယ်လို မိတ်ဆွေများတို့
မိမိတို့ ကိုယ်ရေးကိုယ်တာ
ကောက်ရိုးများကိုသိမ်းဆည်းလိုက်ပါ
အခု
ကျွန်တော်တို့ အဝေးပြေးကားဂိတ်က မိုးတညို့မှာ
နေလှန်းထားတဲ့ကောက်ရိုးများကို သိမ်းဆည်းလိုက်ပါ။

အဲဒီ
စာရေးဆရာ
တစ်ခါတစ်ခါ
ငွေသော်တာရောင်ခြည်ချင်သတဲ့။
စာရေးဆရာဟာ
တစ်ခါတစ်ခါ
ပဲပြုတ်နဲ့နံပြားရရင်စားချင်သတဲ့။
စာရေးဆရာဟာ
တစ်ခါတစ်ခါ
တစ်ဝက်တစ်ပျက်အပြုံးနဲ့
လက်ဆောင်ရထားတဲ့ ကုတ်အကျီ င်္ထဲနေချင်ပြန်သတဲ့။
စာရေးဆရာဟာ
တစ်ခါတစ်ခါ
အယ်ဒီတာစားပွဲနောက် ရောက်လိုရောက်
စာရေးဆရာလည်းဖြစ်လိုဖြစ်ပေါ့
စာရေးဆရာဟာ
နယ်ချဲ့တော်လှန်ရေး
သမိုင်းပေးလွတ်လပ်ရေး
ငြိမ်းချမ်းစိမ်းလန်းရေးတို့မှာ
တ်စခါတစ်ခါ မကတွေနဲ့
ခြင်္သေ့နိုး နိုးနေခဲ့ပေါ့။

တကယ်ပါ။
သူဟာ
ကာဖ်ကာ မဟုတ်ဘူး
အဲလ်ဘတ်ကမူး မဟုတ်ဘူး
ဂျက်လန်ဒန် မဟုတ်ဘူး
သိပ္ပံမောင်ဝ မဟုတ်ဘူး
ရှိတ်စပီးယား မဟုတ်ဘူး
တော်ဖလာ မဟုတ်ဘူး
ဖူကူရာမ မဟုတ်ဘူး
တောမတ်အယ်လ်ဖရီးမင်း မဟုတ်ဘူး
ထင်သာမြင်သာရှိမှုနဲ့
စကားလုံးများထဲနစ်ဝင် တက်ကြွမှုတို့မှာ
သူဟာ
စာရေးဆရာစစ်စစ်တွေအားလုံးလည်း ဖြစ်နေပြန်ရဲ့။

စာရေးဆရာဟာ
အချိန်ကာလကို မြားတစ်စင်းလို ဖြတ်သန်းနေဆဲ
သူ့နောက်မှာ
သေခြင်းက တန်းလန်းပါသွားခဲ့
မိုးရေနွေးတဲ့တစ်နေ့မှာ…….။

မိုးတွေညို့ပြန်ပေါ့
နှလုံးသာထဲ သမိုင်းရဲ့လမ်းမများထဲ
ရွှေရောင်မြဲတဲ့ထွင်းစာလုံးများ
ရွှေရောင်မြဲတဲ့ ထွင်းစာလုံးများနဲ့
စာရေးဆရာ
ခရီးထွက်ခွာသွားနှင့်ခဲ့ပါပြီ။
အနှစ် ၆၀ ကျော်စာ
အဝေးပြေးကားဂိတ်မှာ
ကျွန်တော်တို့
ပျောက်ကွယ်ဆုံးရှုံးလိုက်ရတဲ့စာရေးဆရာကို ရှာနေကြဆဲ။ ။
နိုင်မွန်အောင်သွင်
ပိတောက်ပွင့်သစ် မေ ၂၀၀၉

ထင်းရှုးမှို
ဒေသသားစစ်စစ်ပါ။
ဘယ်လိုအလေအလွင့် သစ်ကိုင်းနဲ့မှ ကိုင်းမကူးခဲ့သူ။
ဘယ်လိုပင်လယ်နဲ့မှ သွေးမနှောခဲ့သူ။
ချိုးလိုက်တဲ့နေရာမှာ မိခင်ဆန်ဆန် နို့ရည်လေး စို့ထွက် နေသူ။
သစ္စာတရားအဖြစ်
အချိန်ကာလရဲ့ မှတ်ကျောက်အဖြစ်
ပွင့်သစ်ခဲ့တယ်။
လေကောင်းလေသန့်
ကိုယ်ပိုင်အတွေးအခေါ် သန့်သန့်နဲ့
ရှင်သန်ခဲ့တယ်။
ထင်းရှူးမှိုဟာ
ထင်းရှူးရိပ်အောက်မှာ
ထင်းရှူးရွက်ခြောက်တွေကြားမှာ
ဘ၀သစ်ပြန်စ။
နှစ်စဉ်နှစ်တိုင်း ဘ၀သစ်ပြန်ပြန်စ။
ရိုးရာနဲ့ မိသားဖသား ပီပီသသနေခဲ့တယ်။
ထင်းရှူးပွင့်တွေ အခါခါဝေ
ထင်းရှူးသီးတွေ အခါခါကြွေ၊
ကြာခဲ့ပါပြီ။
တောင်တန်းတွေရဲ့ ရာဇ၀င်မှာ
သေချာတဲ့ အက္ခရာတစ်ခုအဖြစ်
တိုးထွက်ကြီးရင့်လာခဲ့ပြီ။
အမည်နာမတစ်ခုကို ယုံကြည်တတ်မယ် ဆိုရင်
ပညတ်ထဲက သိပ်သည်းဆရဲ့အရသာမှာ လေးနက်ခဲ့ရင်
နုတ်ယူသယ်ဆောင်သွားလှည့်ပါ။
ကျွန်တော်ဟာ
ဇာတိစိတ်တွေ ရုန်းကြွမဆုံး ဖြစ်နေတဲ့
ဒေသသားစစ်စစ်ပါ။ ။
နိုင်မွန်အောင်သွင်
ရုပ်ရှင်တေးကဗျာ မေ ၂၀၀၉

မေးခွန်း

Saturday, January 17, 2009

မေးခွန်း

ဘာဝယ်ရမှာလဲ
မေးခွန်းတစ်ခုက ဦးထုတ်ဆိုင်ထဲဝင်သွားတယ်။
ဦးထုတ်ဆောင်းထားတဲ့မေးခွန်းဟာ ကျောပိုးအိတ်ဆိုင်ထဲဝင်သွားတယ်
ှုဦးထုတ်ဆောင်းပြီးကျောပိုးအိတ်လွယ်ထားတဲ့မေးခွန်းဟာ
စီးကရက်ဆိုင်ထဲဝင်သွားတယ်
ဦထုတ်ဆောင်းကျောပိုးအိတ်လွယ်စီးကရက်ခဲထားတဲ့မေးခွန်းဟာ
နေကာမျက်မှန်ဆိုင်ထဲဝင်သွားတယ်။
ဦးထုတ်ဆောင်းကျောပိုးအိတ်လွယ်စီးကရက်ခဲနေကာမျက်မှတ်တပ်ထားတဲ့မေးခွန်းဟာ
အရက်ဆိုင်ထဲဝင်သွားတယ်
အရက်မူးနေတဲမေးခွန်းဟာရေချိန်ကိုက်နေတဲ့ကာရာအိုကေထဲဝင်သွားပြန်တယ်
အရက်မူးမူးနဲ့သီချင်းဆိုနေတဲ့မေးခွန်းဟာ
မာတီစစ်စတန်အိပ်မက်ကွန်ယက်ထဲဝင်သွားတယ်
အိပ်မက်ထဲကမေးခွန်းဟာမန်းနီးချိန်ချာထဲဝင်သွားတယ်
နိုင်ငံတကာငွေစကြေးစတွေနဲ့မေးခွန်းဟာ
အားဖြည့်အချိုရည်ဆိုင်ထဲဝင်သွားတယ်
အားပြည့်လာတဲ့မေခွန်းဟာ ဆေးသုတ်ဘူးတွေစီထားတဲ့ဆိုင်ထဲဝင်သွားတယ်
လမ်းမတွေပေါ်လျှောက်သွားနေတဲ့အသစ်စက်စကလိုမေးခွန်းဟာ
မေးခွန်းတွေရောငးတဲ့ဆိုင်ထဲဝင်သွားတယ်။ ။
နိုင်မွန်အောင်သွင်


အဲဒါက ကိုနိုင်မွန်အောင်သွင်ရေးတဲ့ကဗျာပါ....နိုင်မွန်(နှင်းဆီတစ်ရာ)နာမည်နဲ့ရေးခဲ့တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့၁၁နှစ်ကျော်က သရဖူမဂ္ဂဇင်းမှာပါသွားတာဖြစ်ပါတယ်။
ဒီလိုရေးနည်းရေးဟန်နဲ့ကဗျာတွေတွေ့ဖူးကြမှာပါ။ ကျွန်မကတော့ ဒီကဗျာကိုတော့သဘောကျတယ်။
ဆုံးသွားတဲ့ထိလူကိုစိတ်ဝင်တစားရင်ခုန်စေလို့ပါ။