ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

ကျွန်မချစ်သော ကဗျာများ

Sunday, March 20, 2011

ကျွန်မချစ်သော ကဗျာများ

တစ်စုံတစ်ခုသော စိတ်အနှောက်အယှက်ဖြစ်စရာကြောင့် ဒီနေ့ ကျွန်မ ကဗျာတွေပြန်ဖတ်ဖြစ်တယ်။ သိမ်းထားတဲ့ မှတ်သားထားတဲ့ ကဗျာတွေကို ပြန်ဖတ်ရတာ ပျော်စရာပါပဲ။ မိတ်ဟောင်းဆွေဟောင်းတွေ ပြန်တွေ့ရသလိုပဲ။ မနက်ဖြန်ကလည်း ကမ္ဘာ့ ကဗျာနေ့ ဖြစ်နေတဲ့အတွက် ကဗျာတွေကို ခပ်သွက်သွက်ပဲ ကောက်ရိုက်လိုက်မိတယ်။ တချို့ကဗျာတွေက မကြာခဏ သတိရနေမိတတ်တဲ့ ကဗျာတွေ၊ တချို့ကဗျာတွေက ပြန်ဖတ်မိတိုင်း မရိုးနိုင်တဲ့ ကဗျာတွေ၊ တချို့ကဗျာတွေက စိတ်နဲ့တိုက်ဆိုင်နေတဲ့ ကဗျာတွေ … ခင်ဗျားတို့ သင်တို့ အားလုံးရဲ့ စိတ်တွေနဲ့လည်း တိုက်ဆိုင်နိုင်ပါစေ။

မနော်ဟရီ


ကျွန်တော့် အကြောင်းအရာများ


ကျွန်တော့် အရပ်ထက်မြင့်သော မိုးဥတု

ကျွန်တော့် ပတ်ဝန်းကျင်တစ်ခုလုံး

လေချွန်သံတွေ စိမ်းစိမ်းစို

ကျွန်တော် တွယ်ကပ်နေသော သစ်ပင်မှာ

လုံခြုံရေးမရှိ ..

ကျွန်တော့်အပေါ် ၉၀ ဒီဂရီ

ကျဲကျဲတောက် ဆက်ဆံရေးများ

ကျွန်တော့်ခေါင်းကို ရိုက်ခွဲဖို့

လူစုနေတဲ့ လောကဓံ

ကျွန်တော့် မွေးမြူရေးခြံထဲ၌

ပုတ်သင်ညိုများ မပါရှိခဲ့

ကျွန်တော် ဖောဖောသီသီ စုဆောင်းထားနိုင်သော

ဒုက္ခနှင့် ဒဏ်ရာများ

ကျွန်တော့်အတွက် မြင်မကောင်းအောင်

ဈေးကွက်ကျဆင်းနေဆဲ

ကျွန်တော်နဲ့ သုခမြို့တော်

ကျွန်တော်နဲ့ ချောက်ကမ်းပါးကြီးထဲက လူသားများ

ကျွန်တော်ရဲ့ ဟာမိုးနစ်များ ရစ်သမ်များ

ဂျင်းဘောင်းဘီများ

ကျွန်တော့်မျက်လုံးကြောင်ရက်များက

-၂၈၊ -၃၀၊ -၃၁

ကျွန်တော် အိပ်ပျော်မယ် ကတိထားတိုင်း

ငှက်ဆိုးအော်သံကို တက်နင်းမိ

ကျွန်တော် ရေတံခွန်ဝယ်ပြီး ဖွင့်နားထောင်တိုင်း

ခိုတစ်ကောင်ကိုကြားရ

ကျွန်တော်ဟာ

လူပြောသူပြောများလှတဲ့ နှံကောင်

ကျွန်တော့် ဆောင်းရာသီအတွက်

ကျွန်တော့်ရိက္ခာမှာ ပန်းချီကား

တေးဂီတနှင့် စာအုပ်များ။

ကျွန်တော်ဟာ ကန်းထရီးစတိုင်များကို သဘောကျသူ

ကျွန်တော်ဟာ ညံ့သောကောင်းဘွိုင်

ကျွန်တော့်ကို မြိနေအောင်

ဝိုင်းသွေးကြသူများမှာ ဝဝပြဲပြဲမြို့ကြီးများ

ကျွန်တော့်ဆီ အချိန်မတော်လာနေကျ

အန္တရာယ်ကိုယ်ငွေ့မှာ ၄၊ ၃၊

ကျွန်တော့်ကိုယ် ကျွန်တော်

ဒိုင်နိုဆော တစ်ကောင်လိုဖွဲ့စည်းထားခဲ့ပြီး

ကျွန်တော် ဆော့ခရတ္တိနဲ့ ရှယ်ရွန်စတုန်းကို တွဲပြီး

ရုပ်ရှင်တစ်ကားရိုက်မယ်

ကျွန်တော့် အိပ်မက်တွေ

လူမြင်တိုင်း လိုက်ဖွင့်ပြပေးနေဆဲ

ကျွန်တော့်လက်ကောက်ဝတ်ပေါ်မှာ

သွေးစုပ်ဖုတ်ကောင် စောင့်ကြပ်လို့နေဆဲ

ကျွန်တော် ပန်းတစ်ပွင့်ပေါ်ဆင်းမယ်

ရာဇဝင်ထဲက ယောကျာ်းတွေဟာ

နတ်သမီးလိုလှခဲ့ကြောင်း

ပြန်ပြောင်းတွေးနေမိရင်း လက်စနဲ့

ကျွန်တော် ပန်းတစ်ပွင့်ပေါ် ဆင်းတော့မယ်

ကျွန်တော့်ကိုယ်ထဲ ကျွန်တော်

ပြန်မဝင်မိခဲ့ခင် အဖြစ်အပျက်များ


ခရမ်းပြာထက်လူ

ရနံ့သစ် မဂ္ဂဇင်း


အိမ်ရနံ့သီချင်း

ကျွန်တော် ကြယ်တွေကို လှမ်းပြီး အိမ်ပြန်လမ်း မေးမိတယ်

သူတို့ရယ်တယ် ကျွန်တော်လည်း ရယ်တာပေါ့ …

ကျွန်တော် ဘယ်နာရီမှများ အဖျားပျောက်မလဲ မေးမိတယ်

သူတို့ငိုတယ် ကျွန်တော်လည်း ငိုတာပေါ့ ..

နာရီစင်ကြီးရှေ့ ပလက်ဖောင်းစင်းစင်းလေး တစ်လျှောက်

ကားမီးလုံးတွေ ရွတ်ဆိုမိရင်း

ဘယ်မိုင်တိုင်များ ဆိုက်ကပ်နေပြီလဲ မီးလုံးစိမ်းစိမ်းလေးရယ်

အလွတ်ရဟွန်းသံကျယ်ကျယ်မှာ မီးမညှိနိုင်သေးခင်

ကျွန်တော် ထမင်းဆာလို့ မရဘူး။

သြော်

နာကျင်ဖွယ် မိုင်ငါးဆယ်ခရီးမှာ

ဘယ်နူးညံ့မှုနဲ့မှ သာယာသံမမြည်နိုင်ခဲ့ဘူး

သားလေးရယ် သားလေးမေမေရယ်

ဖရိုဖရဲဆွဲခြင်းလေးနဲ့ ပွင့်လာမှ

အိမ်ရနံ့သီချင်းများ ဆင်းလာကြလိမ့်မယ်။


ခိုင်မြဲကျော်စွာ

၂၀၀၁၊ ဧပြီ၊ စတိုင်လ်သစ်


ဂျွန်လင်နွန် ထက်လူသိပိုများတဲ့ နွေရာသီ


ကျွန်တော်ဟာ နေပူထဲ ဖိတ်ကျနေတဲ့ မေမေ့ရဲ့ အရိပ်ကလေးပေါ့

ကျောက်ဆောင်ကို ရိုက်ခွဲနေတဲ့ လှိုင်းလုံးတွေလို

ငါ့ကို ရိုက်ခွဲနေတဲ့ နေရောင်ခြည်

ငါ့သွေးထဲ ပြေးဝင်လာတဲ့ တောမီး

လျှပ်စီးလက်သလို

ငါ့ဆီမှာ ထစ်ခြုန်းပစ်လိုက်ချင်တဲ့ လမ်းမ

ခိုတွေကောက်နေတဲ့ ပဲစေ့မှာတောင်

တံလျှပ်ရဲ့ ကိုယ်ငွေ့တထောင်းထောင်းကို ကြားရတယ်

နေကြာပန်းခင်းကြီး တစ်ခုလုံး ခေါင်းငုံ့သွားအောင်

လူသိများတဲ့ နွေရာသီပါ

မာဆိုးနဲ့ တည့်တည့်

နေ့လည်ခင်းထဲ လင့်နေတဲ့ သေနတ်တစ်လက်

ပြီးတော့ ပွင့်ထွက်သွားတဲ့ ကမ်းခြေ

စိန်ခေါ်နေတဲ့ အသံထွက်နဲ့

ကမ္ဘာမြေပေါ် ခုန်ချနေတဲ့ သစ်ရွက်ကြွေ

ဘယ်စိတ်လေ စိတ်လွင့်ကိုမှ အရိပ်အာဝါသက ခူးမစားချင်ဘူး

ဆည်းလည်းသံကလေး ထိမှန်လိုက်မှ

ငြိမ်းအေးသွားမယ့် သတ္တဝါအတိုင်း

ဖုန်ထူသော လမ်းကလေး သွေးဆောင်ရာ

စမ်းချောင်းကလေးလို တသွင်သွင်လှမ်းခဲ့

ထုံးဖြူဖြူနဲ့ စေတီကလေးဆီ ..။


မောင်ဖီလာ


ကြောင်ရဲ့ ပီယာနို


(၁)

အမှောင်ထဲကို

ကြောင်တစ်ကောင် ထွက်ပြေးသွားတယ်။

(၂)

မိုးကောင်းကင်ဟာ

မာယာတွေနဲ့

မှောင်လို့။

(၃)

ရာသီဥတုရဲ့ ရွဲ့စောင်းမှုကို

ပီယာနိုနဲ့ ခပ်လျော့လျော့သူတီးတယ်။

(၄)

အဲဒီ

ကြောင်ဟာ

မြို့ပြရင်ဘတ်ကြီးပေါ်မှာ

အသံတိတ်ဆူညံပေးခဲ့တယ်။

(၅)

အရည်ပျော်နေတဲ့ တိမ်တိုက်တွေဟာ

စိမ်းလန်းနေတဲ့ ဒဏ္ဍာရီ

ကောင်းကင်စားပွဲတစ်ခုနဲ့ပေါ့။

(၆)

အမှောင်ထဲကို

ကြောင်တစ်ကောင် ထွက်ပြေးသွားခဲ့တယ်။

(၇)

အမှောင်ထဲကကြောင်

သဟာ အမှောင်ထဲကို ထွက်ပြေးသွားပေါ့။


မြေချစ်သူ

၁၉၉၅၊ သြဂုတ်၊ တေးကဗျာ


ကိုယ်ရေးကိုယ်တာ လွမ်းဆွတ်မှု


သရေနဲ့ကျက်ထားတဲ့

မျက်နှာနဲ့ကောင်ပါ …။

အမှောင်တွေ

ညနေခင်းထဲ ခုန်ဝင်လာသလို

ဒူးရင်းဆူးလို လောကဓံတရားတွေ

ငါ့ဘဝထဲ ခုန်ခုန်ဝင်လာခဲ့ …။

နှလုံးခုန်သံမှာ

သွေးစိမ်းရှင်ရှင်

ကယ်တင်ရှင်ရဲ့ အဝေးက အော်သံ

ကိုယ့်အသားကို

ငါးဖယ်လိုခြစ်ပြီး ချိုခဲ့ရ ..။

ဒီလို

ဒုလ္လဘလေးမှာ

ချစ်သူမျက်နှာပေါ်

ဘယ်သူများ လရဲရဲသာရဲသလဲ …။

နီးရက်နဲ့ ဝေးဝေးနေရတဲ့

အို… အမှန်တရား

ငါ့ရင်ထဲ ခုန်မောင်းဝင်လာပါတော့ …..။


အောင်ဘညို

၂၀၀၀၊ စတိုင်လ်သစ်


ကြယ်လွဲမိုး


အဝေးကိုစီးဖို့

မြစ်ရဲ့ ခြေအစုံကို တောင်းပန်

ကောင်းကင်တစ်ခုပြီး တစ်ခုဖတ်ခဲ့။

ဘယ်တော့များ

ကြယ်ကိုစိုအောင် ရွာမှာလဲ

စကြဝဠာ ကျစ်ဆံမြီးထဲ

ပွင့်ချင်တိုင်းပွင့်

လှချင်တိုင်းလှ ကြယ်မလေးရေ …

ငါ့ကောင်းကင် လက်တစ်ဆုံးတောင်

မင်းပုန်းနေတုန်းပဲလားကွယ့်

အာသီသတွေသာရှိပြီ

သင်ယူလို့မရတဲ့ မိုးဟာ ငါပဲပေါ့ ..။


တိုးနှောင်မိုး

၂၀၀၁၊ စက်တင်ဘာ၊ဗျူတီ


ပြာသိုလပြည့်များ


မေမေ့မေတ္တာ လေးအညှို့မှာ

(ကျွန်တော်) သမုဒယမြားလေး ကံခေပုံ

ပစ်မှတ်ကတခြား ထိဆုံမှတ်က တခြား

လမ်းကြောင်းလွဲမှားခဲ့တဲ့ မြားလား ။

သစ်ပင်တိုင်း မမြင့်မားနိုင်တော့လည်း

အရပ်က စိတ်တလျား ရှည်တာတောင်

အသံက ပြာခဲ့တုန်းပါပဲ မေမေ။

မေမေ့မိုးတွေ ဝါးလုံးထိုးရွာမှ

ကျွန်တော်ပက်ကြားအက်ကလေး စေးကပ်စိုမြတတ်ရုံ

ဆွေပြတ်မျိုးပြတ်နဲ့

မေမေ့မေတ္တာ မငတ်ရင် တော်ပြီဆိုတဲ့ကောင်

ကြက်မကြီးက ရင်အုပ်ထဲ ဆွဲသွင်းလိုက်တိုင်း

ထီမထင် ရိုင်းပြတတ်တဲ့ ကြက်ကလေး

မေမေ့သားမြတ်အစုံကို ခြေထောက်နဲ့ စုံကန်ခဲ့ဖူးပြီ

အဲသလိုပဲ သူရဲကောင်း ကဗျာဆရာက ငိုတယ်မေမေ။

စိတ်ကလေးက ခပ်တိုတို ကိုယ့်ထွက်ပေါက်နဲ့ကိုယ်

လွတ်မြောက်စွာ နေလိုတဲ့ကောင်

မေမေ့ချိုမြမှုတွေကို အဝိဇ္ဇာတွေနဲ့ ခွေးလို ထိုးဟောင်ခဲ့သူ

ကရုဏာ အသံကို ဒေါသအဟုန်နဲ့ မာန်ဖီနေခဲ့သူ

အမေ့ဖြူစင်မှုတွေကို ကျွန်တော့်အတ္တနဲ့ စွန်းထင်းစေခဲ့သူ

လူဖြစ်လျက်နဲ့ လူလားမမြောက်နိုင်ခဲ့သူ

ဒါနဲ့ပဲ မေမေ့မျက်ရည်တွေ ပူပေးခဲ့ရတယ်

သူရဲကောင်းဆိုတဲ့ ကောင်ကလည်း ငိုတယ်

ကဗျာဆရာဆိုတဲ့ကောင်ကလည်း ငိုတယ်

ကျွန်တော်ကလည်း ငိုတယ်

ဟောဒီမှာ ပုလဲပွင့်တွေ ပြာသိုလပြည့်နဲ့ ရောပြီး

သရဖူလေးတစ်ခု ထုဆစ်ထားတယ်။

မေမေ့ဆံနွယ်ဖွေးဖွေးမှာ ဆင်မြန်းပေးဖို့ မဝံ့ရဲနိုင်ခဲ့ပြီ။


တီကျူး

၂၀၀၂၊ စက်တင်ဘာ၊faces magazine


စုန်ရေ ၂၁


(၁)

ရာဇဝင်တီးလုံးတွေဟာ

အဇာတသတ်ကို နင်းကြိတ်ခဲ့ ….

တရားခံရှေ့နေမပါတဲ့ ခုံရုံးမှာ

ခင်ဗျားတို့ မျက်လုံးတွေက တရားစွဲ

သားသမီးတွေရဲ့ အသည်းကို

သံသယအိတ်ထဲစွပ်

အတက်ချွန်တွေနဲ့ခွပ်ခဲ့ပေါ့ …။

(၂)

ငြင်းလိုက်မယ်ဗျာ

သံခြေကျဉ်းသံဝဲနေတဲ့

ယပ်လှဲတရားတွေအတွက်

ဆံပင်ဖြူပေါက်နေတဲ့

လက်ညှိုးငေါက်တောက်တွေအတွက်

ပြီးတော့

တုပ်ကွေးမိ အားပြတ်နေတဲ့

အနာဂါတ် သန္ဓေသားအတွက် …

(၃)

ပြောပါ

အဇာတသတ်နောက်မှာ

ဘယ်သူပါသေးလဲ

လေးမနှုတ်လောက် ခြောက်လာ

ရွတ်နေစရာမလို

လက်နဲ့ခြေပေါင်း

အချောင်းနှစ်ဆယ်အပြင် မပိုဘူး။

(၄)

ချိန်ခွင်ပေါ်ထားပြီး

ချိန်ရဲသလား ပြောပါ။

ပစ္စက္ခဟာ ပေတံတစ်ချောင်းပေါ့

သင်ကောင်းကောင်း တိုင်းတာနိုင်တယ်

မိုင်တိုင် ၂၁

တိုးတက်ခေတ်တစ်ခုရဲ့

ဆေးဝါးတွေကြား

မရေမတွက်နိုင်တဲ့ သား များစွာ

မိဘတို့ရဲ့ သတ်ခြင်း ခံနေရရှာရဲ့ ..။


မင်းခိုက်စိုးစန်

ရာစုသစ်မြင်းရိုင်းများ

ဆေး(၂) ၁၉၉၁


အနာဂတ်သို့ ဆုတ်ခွာခြင်း


သွေးရူးသွေးတမ်းတွေ

ငါ့ဆီက မမျှော်လင့်ပါနဲ့တော့ ။

မင်းနှလုံးသားဆီ အရောက်လာဖို့အတွက်

အခက်ခဲဆုံးလမ်းကို ရွေးချယ်ခဲ့သမို့

ငါဟာ

စစ်သူကြီး ဟန်နီဘောလည်း ဟုတ်ရဲ့။

မစိုက်ပျိုးရသေးတဲ့

မျိုးစေ့တွေကို စောင့်ရှောက်သလိုမျိုး

ဘဝရဲ့ တန်ဖိုးတွေကို သယ်ဆောင်ပြီး

ငါရောက်လာခဲ့ပေါ့။

အမှန်တရားရဲ့နောက်

ဒုတိယမြောက်ကျဆုံးသူဟာ ငါပါ။

ဒိုင်နိုဆောတွေ

ဘာကြောင့်မျိုးတုံးခဲ့ရတယ်ဆိုတာကို

လူတွေ အငြင်းပွားနေရသလိုမျိုးပေါ့လေ ။

ကမ္ဘာမြေပေါ်က

မသိမှုအားလုံးကို တင်စားဖို့

ငါ့ကို မွေးဖွားခဲ့သတဲ့ ။

တကယ့်ကို ပါးပါးလွှာလွှာလေး လွဲချော်ခဲ့တာပါ

ဒါနဲ့ပဲ တို့ တစ်ဘဝလုံး ဝေးခဲ့ကြရ။

အနာဂတ်ဟာ

ဘယ်တော့်မှ ငါ့ဆီကိုရောက်မလာနိုင်တော့ဘူး

ငါ့အချစ်ဟာ

လူ့သမိုင်းရဲ့ ဘယ်လိုခေတ်မျိုးမှာမှ

အစားထိုးလို့မရတဲ့ ကောင်းကင်ဆန်မှု မျိုးပါ။

စက်ဝိုင်းလို ပျံသန်းနေတဲ့

အချိန်တွေရဲ့ လောင်ကျွမ်းခြင်းထဲမှာ

မရေရာတဲ့ တန်ဖိုးတွေအတွက်

မရေရာတဲ့ ဘဝတွေကို ပေးဆပ်ရင်း

မင်းနဲ့ငါ ဝေးကြရပြီလား ။

မခိုင်မာတဲ့ထိပ်ဖျားပေါ်မှာ

ပြောင်းပြန်လှန်ပြီး စိုက်ထားတဲ့

ပိရမစ်ကြီးတစ်ခုလို

တစ်ဘိုင်းဘိုင်းလဲကျ

သုညကို စက်ဝိုင်းနဲ့ လွဲမှားခဲ့သူပါ။

ဇာတ်သိမ်းခန်းမှာတော့

ပင်လယ်ကမ်းခြေအတုတစ်ခုမှာ

ရမ်ပုလင်း အစစ်တစ်လုံးကို

မော့သောက်ပစ်လိုက်ရဲ့ ။


ပိုင်စိုးဝေ

(ပန်းနုရောင် ဆံပင်များ၏ ချည်တိုင် …မှ..)


ကြေးဝါသော့


ကြေးဝါသော့

ခုပြောနေတာက

တွေ့ကရာ

အနက်အဓိပ္ပာယ်မှန်သမျှ

ဖမ်းယူမျိုချ

အငမ်းမရနဲ့

ဆွဲအားပြင်းထန်လှတဲ့

ဦးနှောက်ကြီးတစ်လုံး အကြောင်းပါ။

ကတ္တရာလမ်းပေါ်မှာ

တဖျစ်ဖျစ်မြည်လို့

အေဒီသက္ကရာဇ်ထဲမှာ

လူတချို့ သူ့ကို တွေ့ရှိခဲ့ကြတယ်။

ပညာရှင်အကြိုက် အမှိုက်တွေ

ခပ်များများ

ဒီလို နားလည်ထားနှင့်ပါစို့။

ဘုရားသခင်အတွက် တစ်နေရာ

အကြိမ်ကြိမ်လှဲကျင်းထားတဲ့

ပထမအကန့်ထဲမှာ

ကြေးဝါသော့ တစ်ချောင်း

ဦးခေါင်းခွံထဲမှာ

နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့ရဟန်တူတဲ့

အနက်အဓိပ္ပာယ်များ

၁။ ရွှေဒင်္ဂါး

၂။ ကျွန်တော်အရမ်းဖျားနေတယ်

၃။ အဖဘုရားသခင်

၎။ သွေးပျက်ချင်ဖွယ်မိန်းမ

၅။ အမြုပ်တစီစီထနေတဲ့ ဝိုင်ပုလင်း

၆။ သူငယ်ချင်းများ

၇။ ဘရိတ်ဓားတွေ

၈။ မြွေဟောက်တစ်ကောင်

၉။ အောင်မြင်မှု

၁၀။ အတုလုပ်ထားတဲ့ နံနက်စာ

၁၁။ မိမိကိုယ်ကို မုန်းတီးရေးဝါဒ အစရှိတာတွေ

အနက်အဓိပ္ပာယ်တွေဟာ

အနက်အဓိပ္ပာယ်ချင်းလဲလှယ်ကြ

ထပ်ပြီး အနက်အဓိပ္ပာယ်ချင်းလဲလှယ်ကြ

ပညာရှင်တွေက မှတ်ချက်ချတယ်

င်္ အို အဖ ဘုရားသခင်

(နှစ်ပေါင်းများစွာ)

ကြေးဝါသော့ဟာ

အဲသလို တချွင်ချွင် မြည်ခဲ့ဟန်

တူပါတယ်။


နေမျိုး

(ပန်းနုရောင် ဆံပင်များ၏ ချည်တိုင် …မှ ..)


အနမ်း


မျက်လုံးမှိတ်ထားတဲ့ အခါမှာပေမယ့်

တို့ မြင်တွေ့ကြတယ်

မူးယစ်စေတတ်တဲ့ အချိုရည်တစ်ခုကို

စုပ်ယူသလိုမျိုး

ဘာတစ်ခုမှ မယူလို။

ကျောချင်းထိကပ်ထားတဲ့ အခါမှာပေမယ့်

တို့ မြင်တွေ့ကြတယ်

အရိုင်းဆန်တဲ့ သန်မာခြင်းတွေ

တုပ်နှောင်ထားသလိုမျိုး

ဘာတစ်ခုမှ မရလို ။

ဒါ ဘယ်သူ့လက်တွေဲ

ဒါ ဘယ်သူ့ မျက်လုံးတွေဲ

တို့ ခွဲခြားဖို့မလို။

ခန္ဓာကိုယ်တွေဟာ မာကြောမှာပဲ

မင်းဝင်ရောက်လာတယ်

ငါက ငြိမ်သက်

ငါ ဝင်ရောက်လာတဲ့အခါ

မင်းက တိတ်ဆိတ်လို့ … ။

လင်းတည်ဦး

ရည်းစားစာ

ကျွန်တော့်ရဲ့

မခင်သစ်ပင်။

အချစ်ဆိုတာ ပွဲလမ်းသဘင် ဖြစ်ရင်

ကျွန်တော်နဲ့ မခင်သစ်ပင်ဇာတ်မှာ

ဘယ်သူကန့်လန့်ကာလဲ

တောတောင် လျှိုမြောင်ပိတ်ကားရှေ့

ကျွန်တော် အော်ခေါ်နေတာ

အနှစ်သုံးဆယ်။

မခင်သစ်ပင်

ဇာတ်လမ်းအရ ငိုချင်လဲငိုရမယ်

ပျော်ချင်လည်း ပျော်ရမယ်

ကျွန်တော် တယောမထိုးတတ်ဘူး

ရောမမြို့ကြီး မီးလောင်ရင်လည်း

ကြည့်မနေနိုင်ဘူး

ကျွန်တော်ဟာ သာမန်လူဖြစ်ပြီး

ကျွန်တော်ဟာ ချစ်တတ်လို့။

မခင်သစ်ပင်

ကျွန်တော်တို့ နှစ်ယောက်ကြား

ဘာကြောင့် ဘာသာပြန်ခေါ်ထားသလဲ

ကျွန်တော်က ချစ်ခြင်းမေတ္တာကို အမှီအခိုကင်းချင်တယ်

ခင်ဗျားက ရင်ခုန်သံကို ဈေးကြီးကြီးရချင်တယ်

မုဆိုးတစ်ပိုင်း မိန်းမရိင်းတွေဘာတွေလဲ

ခေတ်မရှိတော့

အင်ကြင်းပင်ကလည်း ရှာရခက်တယ်။

ကျွန်တော့်ရဲ့ မခင်သစ်ပင်

မခင်သစ်ပင် ပွင့်ပြမှာလား

ကျွန်တော် ခုတ်ပစ်ရမှာလား

ဒါမှမဟုတ် ဘုရားမှာ လှူမလား

ကျွန်တော်နဲ့ ခင်ဗျားကြားမှာ ပန်းတစ်ပွင့် ခြားနေတယ်။

ဝင်းမြင့်

ဒဏ်ရာ

လမ်းလျှောက်ဖို့သင်ပေးရင်း

ဘာလို့

ခေါင်းညိမ့်တတ်ခြင်းနဲ့

သားရဲ့လမ်းကို

ကျဉ်းပေးခဲ့တာလဲ။

ယုံကြည်ချက်စာအုပ်ဟောင်းနဲ့

ဘဝကျောင်းတက်

ကန့်ကွက်မျက်ဝန်းတွေက

သားဖိနပ် ဟောင်းလွန်းသတဲ့လေ။

ကျယ်ပြန့်ခြင်းတဲ့

ဟင့်အင်း

ရှုပ်ထွေးနေတာ ..

ဒါပေမယ့်

သားလှည့်ပြန်ခဲ့ရပါတယ် အမေ ။

အောင်

အမေနဲ့သား

ကမ္ဘာကြီးကိုသာ

သံယောဇဉ်တစ်ပင်လောက်

ချည်နှောင်လိုက်

ကျောက်ချရပ်တံ့သွားမှာ။

အမေရယ်

ဟိုး အဝေးဆုံးနယ်မြေအထိ

တွယ်ငင်နေတဲ့ ကြိုးတစ်စ

ခပ်တင်းတင်း ရစ်ပတ်စမ်းပ

နောက်ဘဝတွေမှာ ဆုံရအောင် ။


အောင်


အရေးကြီးတဲ့စကား


ညကျရင်

အိပ်မက်တွေက မွှေးပျံ့နေပြီး

နေ့ဆိုရင် လူတစ်ကိုယ်လုံး ချွေးစော်နံနေတာပဲ

မြို့လယ်ခေါင်မှာ

တိုက်တွေ ထိုးထိုးထောင်ထောင်နဲ့

လမ်းလယ်ခေါင်မှာ ကားဟွန်းသံတွေ ကျယ်လောင် ကျယ်လောင်နဲ့

ပလက်ဖောင်းပေါ်မှာလဲ

အရောင်လွင့်မျက်လုံးတွေ အသံတိတ် စီးမျောလို့

ကျွန်တော်နဲ့

အိပ်ဆေးရောင်းတဲ့ဆိုင်လည်း ရန်ဖြစ်ရ

သူက ကျွန်တော့်ကို

အိပ်မက်ထဲက ပန်းခြံမျိုး

အပြင်မှာ စိုက်ပျိုးချင်ရကောင်းလား တဲ့ဗျာ။

ခင်ဗျားလဲ

တစ်ဆင့်စကား ပါးလိုက်ပါ

ကျွန်တော့် အရေအတွက်ကို ဖြည့်ပေးဖို့။


ဝေးခေါင်

၁၇၁၀၉၆


ပကတိ


သောင်စပ်မှာ

မောင့်နာမည် နှစ်လုံးကို

ရေးမှတ်ထားတယ်။

ခဏအကြာ

ပင်လယ်ဝကလာတဲ့ ရေတွေ

မသိဟန်ဆောင်ပြီး

ခိုးယူနေကြ

ဝမ်းနည်းမှုတွေမျိုချ

တစ်ခုသတိရမိ

အမှန်တရားမှာ

ခြေထောက်ပါစရာမလိုဘူး…တဲ့

အဲဒီလှိုင်းလူးတွေနဲ့

ဘယ်တော့မှ ရန်မဖြစ်တော့ဘူးမောင် ..။

မိကောက်

ဖယောင်းတိုင်မီးများ

လေဟာ

လှောင်ရယ်ခြင်းနဲ့ ဘဝကို စတယ်။

အခန်းထဲမှာ

မမြင်ရသော မီးခိုးငွေ့တွေက

ကင်းခြေများတစ်ကောင်ရဲ့ ခြေရာတွေလို

ယောက်ယက်ခတ်နေတယ်။

ချောကလက်အရသာ မခံစားတတ်တဲ့

လပြည့်ညကိုပဲ စိတ်လေတယ်။

မေတ္တာထားသိုတာ ညံ့ရင်

လူ့ဘဝ အဓိပ္ပာယ်မဲ့တယ်

ပြတ်သားမှု မရှိဘူး

ကိုယ်ဟာ မေတ္တာငတ်နေတဲ့ မီးတောက်။

ဖန်ခွက်ချင်းထိခတ်လိုက်ရုံနဲ့

ရုပ်ရှင်လက်မှတ်နှစ်စောင်က

စိတ်ချင်းဆက်သွားရောလား

လပြည့်ညကိုပဲ စိတ်လေတယ်။


မျိုးနေနွယ်


ရှင်ကွဲ


ငါတို့ရှေ့မှာ

ရထားဟာ ခါတိုင်းထက် ပိုမိုရှည်လျား

ဥသြဆွဲသံများကလည်း

ဖွာရရာ ထစ် ချုန်း ပြတ် တောက် ကျနေခဲ့။

နှုတ်မဆက်မိရင်လည်း အကောင်းသား

နှုတ်ဆက်လိုက်ကြတော့

ဘူတာဟာ

အဝါဖျော့ဖျော့နဲ့ ဂူသချိုင်္င်း ဆန်လာ။

ကံကြမ္မာက

မျဉ်းတစ်ကြောင်းတည်းပေါ်မှာ

ခွာလေးဘက် မရပ်နိုင်ခဲ့ဘူး။

ဘယ်သူ့ကိုမှ မပြောနဲ့

ဘယ်သူ့စကားကိုမှ နားမထောင်ဘူး

မြေလို ပင်လယ်လို အက္ခရာတစ်လုံးနဲ့

ငါတို့ ဆက် ချစ် နေကြဦးမယ်။

မမေ့ဘူးကွယ်

ဘယ်တော့မှ မမေ့ပါဘူး

ရက်စက်သွယ်ပျောင်းတဲ့

မီးခိုးလက်ချောင်းတွေက

ငါတို့ကို အပွင့်ခူးချိန်။

ရထားဟာ

လောက လူရိုင်းရဲ့ မှုတ်ပြောင်းဝကနေ

အဆိပ်တွေနဲ့

တုန်ယင်စွာ လူးလွန့်ထွက်ခွာခဲ့ရပေါ့။


တာရာမင်းဝေ

၁၉၉၅၊ ပန်းဝေသီ၊ သြဂုတ်


မိုးတိမ်များ


သူတို့ သိပ်ပြီး ပေါ့ပါးကြတယ်

သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ

ဘာအနှောင်အဖွဲ့မှ မရှိ

သူတို့ သိပ်ပြီး အေးချမ်းကြတယ်

သူတို့ရဲ့ လမ်းခရီးမှာ

မြေမြှုပ်ဗုံးတွေနဲ့ ထောင်ချောက်တွေ မရှိ

သူတို့ သိပ်ပြီး လွတ်လပ်ကြတယ်

သူတို့ရဲ့ ကောင်းကင်မှာ

စစ်ပွဲတွေနဲ့ ရေးဆွဲထားတဲ့ နယ်ခြားမျဉ်းတွေမရှိ

ကမ္ဘာမြေရဲ့ ရှုမျှော်ခင်းတွေကို ကြည့်ရင်း

ကောင်းကင်ယံမှာ သူတို့ လမ်းလျှောက်ကြ

လှပနေကြရဲ့

တချို့သော နေ့ရက်များ

တစ်ခါတစ်ရံတော့

သူတို့ရဲ့ ခန္ဓာကိုယ်တွေ မည်းညစ်သွားကြ

ကမ္ဘာမြေပေါ် လွင့်တက်လာတဲ့

ဒုက္ခရဲ့ မီးခိုးငွေ့များနဲ့

ပြီးတော့ မိုးစက်တွေကို ရွာချရင်း

သူတို့ ငိုကြရတယ်

ကမ္ဘာမြေပေါ်က

သွေးပျက်စရာ ရှုမျှော်ခင်းများအတွက် ..။


မြင့်မိုးအောင်

၁၉၉၅ သရဖူ


ဆိပ်ကမ်း


ပင်လယ်တစ်ခုလုံး

လှိုင်းတွေမရှိ

စပယ်ပန်းတွေ အပြည့်။

သက်တံလှေက

ကမ္ဘာ့ရေမြေ တောတောင်မကျန်

ချစ်ခြင်းမေတ္တာကို တင်ဆောင်။

ဆိပ်ကမ်းမှာတော့

အမုန်းမရှိ

စစ်ပွဲမရှိ

တရားရပြီးမှ

ထပ်မံငြင်းခုန်စရာ

တရားမရှိ။


သုခမိန်လှိုင်

၁၉၉၅၊စက်တင်ဘာ ပန်းဝေသီ


နွားကျောင်းသား


တမျှော်တခေါ်

ကွင်းပြင်ကြီးထဲ

ရွှင်မြူးဖွယ် နေ့တစ်နေ့ကို

အော်ခေါ်ကြည့်မိတာ

ခလောက်သံ ပြန်မကြားရဘူး

သီချင်း မသီဖြစ်ပါ

အရွက်မဲ့ သစ်ပင်အောက်မှာ

အိပ်မက်တွေ လွှတ်ကျောင်းထားပေမယ့်

မိုး မကျသေးတာမို့ …။


အိုအောင်

၁၉၉၅၊ ဇန်နဝါရီ၊ တေးကဗျာ


ခန္ဓာကိုယ် တစ်ခုလုံးကို ထိုင်ခုံပေါ် ခဏတဖြုတ်တင်ထားတဲ့နေ့


ပန်းပုဆရာရဲ့ ဆောက်သွားမတိုးနိုင်တဲ့ အသားဟာ

စိတ်ပါ။

မြေပြင်ကို မော့ကြည့်ပြီး

ကောင်းကင်ပေါ်

လမ်းလျှောက်နင်းသွားနိုင်တဲ့ ပုဂ္ဂိုလ်ဟာ

စိတ်ပါ။

အချစ်ဦး ဘယ်ရောက်နေသလဲ မသိဘူး

သူ့ရင်ထဲက အသံတွေကိုတော့

ကျွန်တော်ကြားနေရပါတယ်။

ရွက်ပုန်းသီးတွေ အခန်းထဲက ထွက်မလာကြဘူး

သူတို့ရဲ့ အချိုဓာတ်တွေကိုတော့

ကျွန်တော်မြင်နေရပါတယ်။

စွန်တစ်ကောင်လည်း

သစ်ကိုင်းပေါ်မှာ

အတောင်ပံ လုံးဝမလှုပ်ဘူး

သူ ဘယ်အရပ်ဆီ ပျံသန်းမယ် ဆိုတာကိုလည်း

ကျွန်တော် တပ်အပ်သေချာသိနေပါတယ်။

တုတ်တစ်ချောင်း ကိုင်ထားတဲ့ လောကဓံက

မေးတယ်

ခင်ဗျား ပျော်တယ် မဟုတ်လား …တဲ့

နှုတ်က … ဟုတ်ကဲ့ …လို့ အလိုက်သင့်ထွက်သွားပေမယ့်

စိတ်ထဲက ဟင့်အင်း …လို့ ခါးခါးသီးသီး ငြင်းဆိုလိုက်တာ

သူမသိနိုင်ပါ။

မြင့်ရာက နိမ့်ရာကို စီးဆင်တဲ့ မြစ်ကိုကြည့်ရင်း

စိတ်တွေဟာ

နိမ့်ရာက မြင့်ရာကို ဆန်တက်သွားတယ်

မြစ်ထက်လည်း စီးနှုန်းအား ပိုပြီး ပြင်းထန်တယ်။

ကွန်စစ်ကောင်း

လောကဓံချုပ်ရိုးများ

Wednesday, January 12, 2011

လောကဓံချုပ်ရိုးများ


လူတိုင်း အနည်းနဲ့အများ ဘ၀မှာ လဲကျခဲ့ဖူးမှာပါ။
နောက်ဆုံးပြန်ထလာစရာ မျှော်လင့်ချက်မရှိတော့တဲ့အထိ လဲကျဖူးသူတွေလည်းရှိမယ်။
ကျွန်တော့်မှာလည်း ဒဏ်ရာတစ်ချို့ရှိပါတယ်။ စီးပွားပျက်သွားတဲ့ ၁၉၉၉ (ဆယ်တန်းဖြေခါနီး၊အချိန်မီမွဲသွားတာ)၊ သိပ်ချစ်စရာကောင်တဲ့ ချောကလက်ဆိုတဲ့ ခွေးမလေး ကျွန်တော့်လက်ပေါ်မှာဆုံးသွားတဲ့ ၂၀၀၅၊ ရည်းစားဦးနဲ့ပြတ်သွားတဲ့၂၀၀၇ (၂၀၀၇ထင်တယ်၊ ၀ိုးတိုးဝါးတားဖြစ်နေတယ်။) မွေးမိခင်ကြီးဆုံးပါးသွားတဲ့ ၂၀၀၈ အောက်တိုဘာ ၁၂ နဲ့ ဟိုတစ်ပတ်က .. ဘာအကြောင်းပြချက်မှမရှိဘဲ ရုတ်တရတ် စိတ်သေသလိုသေသွားတဲ့ အချိန်တွေ .............................။

ကဗျာတစ်ပုဒ်ဟာ သူ့အချိန်နဲ့သူဖတ်ရင် ကောင်းပါတယ်။ အရသာလည်းပိုရှိပါတယ်။ အခု ကျွန်တော် ဒဏ်ရာပြပွဲလေးတစ်ခုလုပ်တာပါ။ ခေါင်းစဉ်က လောကဓံချုပ်ရိုးများဖြစ်ပါတယ်။ ကမ္ဘာတ၀ှမ်းက သေလုမျောပါးစိတ်တွေအတွက် ရည်ရွယ်ပါတယ်။ ဘယ်လိုမှသဘောမထားပါနဲ့ ... သင်အခုရောက်နေတာ ဖယောင်းတိုင်လေး တစ်တိုင်ပဲထွန်းထားတဲ့ အမှောင်အသာစီးရထားတဲ့ အခန်းလေးတစ်ခုလို့ စိတ်ထဲမှာ သတ်မှတ်ထားလိုက်ပါ။

ကြည်မောင်သန်းကိုပဲစပြီးရွတ်ခိုင်းလိုက်တယ်။ သူရဲ့ ကြယ်ကလေး အကြောင်း။

ကျွန်တော်ရဲ့ကြယ်ပွင့်လေး

ကျွန်တော်မသိတဲ့ ပင်လယ်က
ကျွန်တော်မသိတဲ့ ရေတွေနဲ့ တွင်ကျယ်ခမ်းနားလို့
ကျွန်တော်မသိတဲ့ မြေပြင်ပေါ်မှာ
ကျွန်တော်မသိတဲ့ သစ်ပင်တွေ ရှင်သန်ကြီးထွားလို့
ကျွန်တော်မသိတဲ့ လေထုထဲမှာ
ကျွန်တော်မသိတဲ့ ငှက်တွေပျံဝဲလို့
ကျွန်တော်မသိတဲ့ မီးတောင်ထိပ်ကနေ
ကျွန်တော်မသိတဲ့ ချော်ရည်ပူတွေ စီးဆင်းလာ။
ကျွန်တော်သိတဲ့ ကောင်းကင်ပေါ်မှာတော့
ကျွန်တော်သိတဲ့ ကြယ်ပွင့်လေးတစ်ပွင့်ဟာ
ပန်းတစ်ပွင့်လို ပွင့်နေရဲ့။ ။

ကြည်မောင်သန်း(လှသန်း)-မေ ၂၀၀၁ Fashion Image

ကြယ်ကလေးရှိနေတဲ့စိတ် ... ရှိနေတာသေချာတဲ့စိတ် ..... ကျေနပ်နေတဲ့စိတ်၊ ဘာမှမလိုအပ်တော့ဘူးလို့စိတ်ချထားတဲ့စိတ်၊ အဲဒီကဗျာထဲမှာ အများကြီးကြားရမယ်။ ကျွန်တော်တို့ဆီမှာလည်း ကြယ်ကလေးတွေရှိပါတယ်။ မရေတွက်မိပေမယ့် တန်ဖိုးထားနေမိတဲ့ကြယ်ကလေးတွေ၊ တစ်ချို့လည်းပုလင်းထဲမှာ၊ တစ်ချို့လည်း ဓားဖျားမှာ၊ တစ်ချို့လည်း ဥပေက္ခာစည်းရဲ့ တစ်ခြားတစ်ဖက်မှာ ....ကြယ်ကလေးတွေ ... သူ့သဘာဝအတိုင်း လက်လက်မွတ်မွတ်ကြယ်ကလေးတွေ၊ ကျွန်တော်တို့ကောင်းကင်မှာလား။ ကျွန်တော်တို့ကောင်းကင်လို့ ထင်မှတ်မိတဲ့ကောင်းကင်မှာလား .......ကြယ်ကလေးရှိခဲ့တယ်။

ဘ၀ဆိုတာကလဲ ဘောလုံးပွဲတစ်ပွဲ အချိန်ပိုကစားပြီး ဆက်ပြီး သရေကျနေလို့ မိနစ်အပိုတွေထပ်ကစားပြီး ... ပယ်နယ်တီကန်ချိန်မှာ လွဲသွားတဲ့ ဘောလုံးသမားလို ............မော ရတာမျိုးပါ။ .......... အဲဒီအမောကို ကျွန်တော်တို့ ကဗျာတစ်ပုဒ်နဲ့ ပြောဆိုကြည့်ရင် ........မြုံနေတဲ့ အနာ ....ဆိုတဲ့ကဗျာကိုပဲရွတ်ရလိမ့်မယ်။

မုံနေတဲ့ အနာ

ငှက်တွေတောင် အိမ်ပြန်ကုန်ကြပြီ
ငါ့မှာသာ အိမ်မပြန်နိုင်သေး
နေ့ဟာ ကြွေကာနီး သစ်သီးတစ်လုံးလို
ပြီးပြည့်စုံစွာ ၀င်းမှည့်နေလေရဲ့
ရှင်းမပြတတ်အောင်ဘဲ ဖြစ်ရတယ် ညနေရယ်
မောလိုက်တာ ...
ကိုယ့်ရဲ့ တစ်နေ့တာ ပင်ပန်းမှုတွေကို
ဘယ်သူ့ကို ပြောပြရပါ့
တကယ်ဆို ပြောပြဖို့ရော လိုအပ်လို့လား
ဆည်းဆာရဲ့ ကျောပေါ်ကို
ကိုယ့်ရဲ့ အမောတွေ မတင်မိဖို့
မနည်း သတိထားနေရတယ်။

ကြည်မောင်သန်း(လှသန်း)-ဇွန် ၂၀၀၀ ရွက်နုဝေ


မောလာတော့ ကဗျာတစ်ပုဒ်ကို သတိရသွားတယ်။ ရေဗူးလေးဆိုတဲ့ကဗျာ။

ရေဗူးလေး

တစ်နေရာထဲငြိမ်ပြီးရပ်တယ်။
ရေသောက်ထားသမျှကို သောက်ထားတဲ့အတိုင်း၊
အဖုံးကိုလုံအောင်ပိတ်ပြီး၊
ဘ၀ကိုရေငွေ့မပျံဖို့ကြိုးစားတယ်

ရင်ဘတ်မှာအစင်းရာအထပ်ထပ်၊
အသည်းကွဲမှုဒီဂရီတွေ၊
မီလီမီတာအားဖြင့်၊
ချစ်ခြင်း၊စိတ်နာခြင်း၊အမျက်ဒေါသအားဖြင့်၊
တိုင်းတာတယ်။

ပိုးလောက်လန်းမလာရ။
ရည်းစားဟောင်းမလာရ။
ခြင်စစ်စစ်နဲ့ ရည်းစားအစစ်ပဲဝဲပျံခွင့်ြ့ပုတယ်
ငြိမ်ငြိမ်လေးရပ်နေတယ်။
စိတ်ကို အဖုံးပိတ်ပြီး .....။
ရေဆာနေတဲ့ခရီးသွားတွေနဲ့ဝေးရာ ..........။

ဆိပ်ကမ်းပြန်မလာတော့တဲ့ သင်္ဘောတစ်စီး မုန်တိုင်းဆီထွက်ခွာသွားသလို ။ ။

Zephyr,2010,Nov

ကစားပွဲကနေ မထွက်နိုင်တာဘာကြောင့်လဲ။ ........... စိတ်ထဲမှာမေးနေသံကြားရတယ်။ ရှင်သန်လိုခြင်းနဲ့အစေးမကပ်တော့တဲ့ စိတ်။ ဒီဘ၀မဟုတ်ရင်ပြီးရော ဖြစ်လာတယ်။ .............. နာရီတွေရပ်တန့်နေပြီလား။ စိတ်တွေရပ်တန့်နေပြီလား။ ကိုယ့်စိတ်ဟာ ကိုယ့်အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်လာတယ်။ ကဗျာထဲမှာတော့ တစ်ခုခုကို တွေ့ရတယ်။ ဆိပ်ကမ်းပြန်မလာတော့တဲ့ သင်္ဘောတစ်စီး မုန်တိုင်းဆီထွက်ခွာသွားသလို ...........။

မောင်ဖီလာကလည်း ကြယ်ကြည့်ကြမလား လို့အဖော်စပ်လာတယ်။ အဲဒါနဲ့ သူနဲ့အတူလိုက်ကြည့်ဖြစ်တယ်။ ရှင်သန်နေရတာကို ပျော်ဖို့ကလွဲရင် ဘာမဆို စိတ်အားထက်သန်နေတယ်လေ။

ကြယ်ကြည့်ကြမလား

ကျွန်တော်စဉ်းစားနေတဲ့ အကြောင်းအရာက
တိတ်ဆိတ်လွန်းတော့
သစ္စာပန်းကလေးတွေရဲ့
အက်ကွဲနေတဲ့ ရနံ့ကိုတောင် မြင်ယောင်မိတယ်။

ဓာတ်ကြိုးပေါ်မှာ မိုးရေစက်လေး ဥနေတာ
မိုးရေစက်ကလေး ပလက်ဖောင်းပေါ် ကျကွဲသွားတာ
ကျွန်တော့်စိတ်ကို သစ်ရွက်သစ်ခက်တွေနဲ့
တန်ဆာဆင်ထားတာ
ကျွန်တော့်စိတ်ကြိုစိတ်ကြားထဲ ရွှေရောင်ငါးကလေးတွေ
ကူးခတ်နေတာ
အားလုံးဟာ ကိုယ်ရေးကိုယ်တာ ကိစ္စပဲ။

ကျွန်တော်တို့ထံမရောက်ဘဲ ပျက်ကျခဲ့သော ကြယ်များ
နွေဦးသစ်ရွက်တွေလို ခြောက်သွေ့ကော့ပျံ
နင်းမိရင် တချွမ်းချွမ်းထမြည်နေသော ကြယ်များ
ရည်းစားနဲ့ကွဲတဲ့ ကောင်မလေးရဲ့ ပါးပြင်ပေါ်
တလက်လက် ကူးခတ်သွားသော ကြယ်များ
မွှေးရနံ့နဲ့စိုရွှဲ စကြ၀ဠာထဲ
သန်မာတဲ့မေးရိုးများနဲ့
အလင်းကို ကိုက်ချီထားသော ကြယ်များ
သူ့အရောင်ပြာပြာကလေးကို ဆူးခြစ်မိလို့
ဒဏ်ရာအနာတရကလေးကို သိုဝှက်
တိမ်တွေထဲခေါင်းထိုးထည့်ထားသော ကြယ်များ
ယုတ်စွအဆုံး အရက်ဆိုင်ထဲ ပုလင်းနဲ့ထရိုက်လိုက်လို့
သရဖူလို (၁၀ စက္ကန့်စာ) ချာချာလည်သွားသောကြယ်များ
ကြယ်များ ... ကြယ်များ ... ကြယ်များ
လက်ထဲမှာ ဘာဖလားမှမရှိတဲ့ကြယ်က
ပိုပြီး လွတ်လပ်ပေါ့ပါးမယ်ထင်လို့
ကျွန်တော့်ကြယ်ကို
ကျွန်တော့်ကောင်းကင်ပေါ်က
ကျွန်တော်ပြန်ပြီး ဆွဲချခဲ့ပါတယ်။ ။

မောင်ဖီလာ (သောင်းပြောင်းထွေလာ magazine, 2005)

ကောင်းကင်က ကြယ်ကို သူပြန်ဆွဲချလိုက်ပြီဆိုတော့... သူကတော့ ကိစ္စငြိမ်းသွားပြီ။ မငြိမ်းနိုင်တာက ကွန်စစ်ကောင်း။ လူမမာဖြစ်နေတယ်တဲ့။ သူ့လူမမာကို လိုက်ကြည့်ဖြစ်တယ်။

လူမမာ

ငါနေမကောင်းဘူး
ငါ့ဒိုင်ယာရီထဲ သူစိမ်းတွေ ၀င်ဝင်ပြီး ကြက်ခြေခတ်ခတ်သွားကြတယ်
ပြုတ်ကျခဲ့တဲ့ ငါ့တောင့်တခြင်းတွေ
ငါကိုယ်တိုင် နံရံပေါ်မှာ ပြန်ချိတ်ချင်ပေမယ့်
ငါမထနိုင်သေးဘူး။
ငါနေမကောင်းဘူး
ငါ့ဒုက္ခပေါ် အမှိုက်တွေ ပစ်ပစ်တင်သွားကြပြန်တယ်
ငါကိုယ်တိုင် သန့်ရှင်းပစ်ချင်ပေမယ့်
ငါမထနိုင်သေးဘူး။
ငါ့ယုံကြည်မှုထဲ ရောဂါပိုးဝင်နေတာများလား
(ဒါမှမဟုတ်) ငါကိုယ်တိုင်ကပဲ ရောဂါပိုးတစ်ကောင်များ ဖြစ်နေတာလား။
ရိုးရိုးသားသားတိုက်ခိုက်နေတဲ့ လေဟုန်ပြင်းပြင်းပေါ်
ငါ့စိတ်တွေတင်ထားလိုက်တယ်
ငါ အသက်၀၀ရှူချင်တယ်။
တည်တည်ငြိမ်ငြိမ် နေထိုင်နေတဲ့ ကြယ်တွေကြားထဲ
ငါခ့န္ဓာကိုယ်ကို နေထိုင်ခိုင်းလိုက်တယ်
ငါအိပ်ရေး၀၀အိပ်ချင်တယ်။
ငါ့ရေကြည်ကြည်ရေ ...
အနည်ထ မခံလိုက်နဲ့ဦး
ငါ့ရေကြည်ကြည်ရေ ...
ငါ့နလန်ထ နှလုံးသွေးကို စောင့်လိုက်ဦး
ပြတင်းပေါက်တွေကိုသာ
အားလုံးဖွင့်ထားလိုက်
မင်းကြားရလိမ့်မယ်၊ ငါ့အလွမ်းတွေ ငါ့သံယောဇဉ်တွေ
မင်းမြင်ရလိမ့်မယ်၊ ငါ့ရည်ရွယ်ချက်တွေ ငါ့ သံအဓိဌာန်တွေ။ ။


ကွန်စစ်ကောင်း , Beauty Max Magazine
March 2006

ခိုင်မြဲကျော်စွာကလည်း သူ့ရဲ့ အောက်မေ့တတ်သူ တစ်ယောက်ကို ကျွန်တော့်ကိုထုတ်ပြတယ်။ မင်းဖြစ်နေပုံက ဒီလိုကြီးလားဆိုတဲ့ အထာနဲ့ ။ ကျွန်တော်လည်းခေါင်းတချက်ဆတ်ပြပြီး .. ရွတ်ဗျာ လို့ပြောလိုက်တယ်။

အောက်မေ့တတ်သူ

ညည
အိမ်အပြင်ဘက် လမ်းလျှောက်ထွက်တယ်
ဘယ်ဘ၀ရဲ့ အဆက်အသွယ်လဲ မသိဘူး။
မိုးအလင်း လက်ဖက်ရည်ဆိုင်မှာ
ကော်ဖီတစ်ခွက်မှာ
စီးကရက်လေးဖွာပြီး
ပြန်မလာသေးသူအကြောင်းမေးတယ်။
ရေနွေးတစ်ခွက်နှစ်ခွက်ငှဲ့
ပြန်မရောက်နိုင်သူအကြောင်းပြောတယ်။
ပြီးမှ
အမှောင်ကို တွန့်တိုသလိုကြည့်
တစ္ဆသရဲတွေ့မိသလို အိမ်ကို ထပြန်တယ်။
အိမ်မက်ထဲ လမ်းထလျှောက်သူ တစ်ယောက်
မနက်ရောက်တော့
ညက ဘာမှမသိကြောင်းပြောပြန်ရော။ ။

ခိုင်မြဲကျော်စွာ , စိမ်းရောင်လွင် magazine, 2004

ဝိုင်ချိုဝင်လာတယ်။ ရင်ခွင်မဲ့ ကဗျာကို သီချင်းအေးအေးလေးလို ဆိုညည်းရင်း....။ စိတ်က ကဗျာပင့်ကူအိမ်ထဲမှာမိနေတဲ့ပိုးကောင်းလေးတစ်ကောင်လို။

ရင်ခွင်မဲ့

ဘယ် ဥသြငှက်ကလေးမှ မိဘနဲ့ မတွေ့ရတော့ဘူးလား
သံစဉ်နုနုလေးတွေထွက်ဖို့ ဂီတာသမားရဲ့လက်တွေ ကြမ်းခဲ့သလို
တေးသံချိုချိုတွေ တွန်ကျူးဖို့ ကျွန်တော်တို့ဘ၀တွေ ခါးခဲ့တယ်။
တောင်လှေကားဖြူဖြူတွေ ဆုံးတော့လည်း
ရင်ငွေ့တွေ ဝေးနေဆဲမို့လား
လမင်းထိန်ထိန်သာတိုင်းလည်း
မျက်ရည်ရည်နဲ့ေ၀၀ါးဆဲမို့လား။
ကောင်းကင်ပြာတာ၊ လေငြိမ်တာကအစ
အထီးကျန်မှုကို နက်ရှိုင်းစေခဲ့
ပန်းခင်းလမ်းဆိုတဲ့အတိုင်း
ပန်းတွေကို လမ်းခင်းရက်တဲ့ ခရေပင်ခြေမှာ
တစိမ့်စိမ့်ရွာတဲ့ အလွမ်းငှက်
နေ၀င်ဆည်းလည်းလေးတွေလည်း တရားမချနိုင်
တွန်သံတွေ အငိုမှာရွှဲခဲ့ပေါ့။ ။

ဝိုင်ချို

............................................... ကျွန်တော် သတိထားမိတော့ ခင်ဗျားရဲ့အခန်းထဲမှာ ဖယောင်းတိုင်ငြိမ်းသွားပြီ။ အမှောင်ဟာ အလင်းလို မဖော်ရွေဘူး။ ...... သီးခြားဆန်တယ်။ အမှောင်ထဲမှာ ရပ်နေတဲ့ အခိုက်အတန့်မှာ ကျွန်တော်တို့ဘာမှမလိုအပ်ဘူး။ အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုဟာ ခြောက်ပေပဲကွာတယ်။ မြေကြီးပေါ်မှာရပ်နေတဲ့အခိုက်အတန့်ဟာ မြေကြီးအောက်မှာ တန်ဖိုးမရှိတော့ဘူး။ ဒဏ်ရာတွေကို ဈေးကောင်းပေးပါ့မယ်ဆိုရင်လည်းပြန်မရောင်းရက်ပါဘူး။ ........တစ်သီးပုဂ္ဂလခံစားချက်တွေဟာ ကိုယ့်အတွက်တော့ သိပ်ကိုတန်ဖိုးရှိနေတာပါပဲ။

လောကကြီးမှာ ငြင်းဆန်ခံလိုက်ရတဲ့အခါတိုင်း ... လဲကျသွားတဲ့အခါတိုင်း ..... ထူမယ့်သူမရှိလည်း ကျွန်တော်တို့မှာ အမှောင်အတိကျနေတဲ့ အခန်းလေးတစ်ခန်းတော့ကျန်နေသေးတယ်။ တစ်နေ့နေ့မှာတော့ အဲဒီအမှောင်အခန်းကျဉ်းလေးကနေ အလင်းလို ပျံသန်းထွက်နိုင်မှာပါ။ .................. တစ်နေ့နေ့ပေါ့။ ။ I am alone but I am not lonely....................

Zephyr

ကဗျာ၊ နိယာမ၊ ရှင်သန်ခြင်းဝိညာဉ် အစအနများ …………

Monday, October 25, 2010

ကဗျာ၊ နိယာမ၊ ရှင်သန်ခြင်းဝိညာဉ် အစအနများ …………

ဒီကဗျာသုံးသပ်ချက်ကို ကျွန်တော် အောက်တိုဘာ ၂၄ ရက်နေ့မှာရေးပါတယ်။ စိတ်ထဲကို မီးရထားတစ်စီးလို အတွဲလိုက်ခုတ်မောင်းဖြတ်သန်းဝင်ရောက်လာတဲ့ ကဗျာတွေ … အတွဲအဆက်တွေ၊ မျဉ်းတွေ ထဲက ကျွန်တော်မြင်လိုက်တဲ့ / ရိပ်ခနဲတွေ့လိုက်တဲ့ … ပြောင်းလဲခြင်းနိယာမ၊ ကဗျာတစ်ပုဒ်ရဲ့ ချိန်သားကိုက်တိကျမှုနဲ့ အတိအကျ စွန့်လွှတ်နိုင်မှုတွေကို ကျွန်တော် ဇာတ်ကြောင်းပြန်ကြည့်တာပါ။ ခင်ဗျားတို့ ရင်ဘတ်ထဲမှာ နေရာလွတ်တွေရှိနေရင် ဖြည့်လို့ရနိုင်မယ့် အလင်းကို ကဗျာတစ်ချို့က သယ်ဆောင်လာတတ်တဲ့အကြောင်း …. အလေးအနက်မဟုတ်တဲ့ မိတ်ဖြစ်ဆွေဖြစ် အကြောင်းကြားမှုလေးတစ်ခုလောက်ပါပဲ။

ခါလီဂျီဗရန်တို့လက်ထက်ကတည်းက PROSE POETRY ရှိနေတာကို ၂၁ ရာစုကြမှ ကျွန်တော်တို့ အလန့်တကြားထကြည့်ဖြစ်တာကိုလည်း သူ့သဘောသူဆောင်တဲ့အတိုင်းထားလိုက်ကြရအောင်။ ကဗျာက ဘယ်ကလာလဲ ဘယ်ကိုသွားသလဲ … ကျွန်တော်တို့နဲ့ဆိုင်သလား ဆိုတဲ့မေးခွန်းသုံးခုနဲ့ပဲချဉ်းကပ်ပါတယ်။ ဘယ်ကမှမလာဘူး။ ဘယ်ကိုမှလည်းမသွားဘူး။ ကျွန်တော်တို့နဲ့လည်းမဆိုင်ဘူးဆိုရင် လောလောဆယ်တော့ ဒီကဗျာကို ခဏလောက်သိမ်းထားလိုက်ချင်တယ်။ ကြုံပြီး လိုလာတဲ့အချိန်ကြရင်တော့ဖတ်မယ်။ အခုကျွန်တော်ဖတ်လိုက်တဲ့ ကဗျာတွေကို ကလီရှေး* ဖြစ်သွားပြီလို့ သတ်မှတ်တဲ့သူတွေလည်းရှိမယ်။ အင်္ဂလိပ်စာမှာ ကလီရှေး* ကို အရေးကြီးတဲ့နေရာတွေမှ ဆက်လက်သုံးစွဲနေတာကိုတွေ့ရတာလေးနဲ့ နှိုင်းယှဉ်မိတယ်။ ကလီရှေး* ဖြစ်တယ်ဆိုတဲ့ နေရာနဲ့ ကလီရှေး* ဆက်လက်သုံးစွဲကြတဲ့နေရာနှစ်ခု၊နယ်ပယ်နှစ်ခု ၊ အယူအဆနှစ်ခုကို မျဉ်းတစ်ကြောင်းနဲ့ဆက်ဆွဲလိုက်တဲ့အယူအဆကို ကျွန်တော်ခိုင်ခိုင်ကြီးလက်ခံနေမိပါတယ်။

ကျွန်တော့်ကို နည်းနည်းယိမ်းယိုင်သွားစေခဲ့တဲ့ ၀င်းမောင်ရဲ့ ချုပ်ရိုးပေါ်ကနွေ နဲ့စလိုက်ကြရအောင်။ ဟန်သစ်၊ ဇူလိုင် ၁၉၉၄ က ကဗျာလေးတစ်ပုဒ်ဟာ နှစ်ပေါင်း ၁၆ နှစ်အကြာမှာ ကဗျာဖတ်နေတဲ့သူတစ်ယောက်ရဲ့ စိတ်ကို လာပြီးလှုပ်နှိုးနိုင်တယ်ဆိုတာလေးကို ကျွန်တော်တွေးကြည့်ပါတယ်။ ကဗျာဟာ ရှင်သန်နေတယ်။ ကဗျာဟာ အသက်ရှိတယ်။ ကဗျာဟာ သူ့အလုပ်သူလုပ်တယ်။ အဲဒါတွေကို ကျွန်တော်တွေးပါတယ်။

ချုပ်ရိုးပေါ်ကနွေ

သေတာနဲ့
ရှင်တာကို
အမြီးကစပြီး မျိုခဲ့တယ်
အပ်နှစ်စင်းထိခွင့်ရတဲ့နေ့က။

ထိုမှအစ
မှားမှန်းမသိခင် မှားခဲ့
မှားမှန်းသိတော့လည်း ပိုမှားခဲ့
ဒါ ငါ့ရဲ့ အားကစား ထူးချွန်ဆု တစ်ခုပါ။

အခုမှ
အလဟဿဖြုန်းတီးမိတဲ့
နောင်တနဲ့ နေ့စဉ်
ကိုယ့်အတ္တကို အလှပြင်လို့
ငယ်သံပါအောင် အော်ခေါ်ခဲ့
ကောင်းကောင်းနေချင်တဲ့စိတ်တွေ
ကောင်းကောင်းစားချင်တဲ့စိတ်တွေ
ကောင်းကောင်းဝတ်ချင်တဲ့စိတ်တွေ
အဲဒီ မိုက်တွင်းနက်နက်ထဲမှာလေ။

လူဘ၀ဟာသတစ်ခုမှာ
ဘယ်လိုမှ ရယ်စရာမကောင်းလို့
ရယ်ရ
နောက်ထပ်ပြကွက်တစ်ခု
ငါနဲ့တည့်အောင်မနေတတ်ခဲ့တာလည်းပါ
ဒါ တစ်သက်လုံး တောင့်တင်းနေခဲ့တဲ့ဝေဒနာပဲ။

ဒီမှာ
ငါမှတ်သားမိသလောက်တော့
ငယ်ငယ်တုန်းကနွေဟာ
အခုလောက်မပူတာသိပ်သေချာတယ်။ ။


ကျွန်တော် ထပ်ပြန်တလဲလဲအမှားတွေကို ထပ်မလုပ်ချင်တော့လို့ ဒီကဗျာကို ဖွင့်ဆိုဖို့ မကြိုးစားတော့ဘူး။ အဲဒီအချိန်က အလေ့ကျဖြစ်ထွန်းခဲ့တဲ့၊ ဒါမှမဟုတ် စနစ်တကျ သင်ယူခဲ့ကြတဲ့ အသံစီးဆင်းမှု အရ၊ ကဗျာက ပြေပြစ်စွာစီးဆင်းနေတယ်။ အခုအချိန်မှာ အများဆုံးပြောစရာဖြစ်မှာက နိဂုံးကိစ္စပဲ။ ကဗျာက နိဂုံးပါရမယ်ဆိုတာကို အခုအချိန်မှာ အတော်လေးပြောရခက်သွားပြီ။ ဒီမှာ ငါမှတ်သားမိသလောက်တော့ ဆိုပြီး လှမ်းအော်ပြောလိုက်တာ ကျွန်တော့်ကိုလား၊ ဒါမှမဟုတ် ကိုယ့်စိတ်ကို ကဗျာဆရာက လှမ်းပြောတာလား၊ သတင်းပို့တာလား။ ရှေးဆုံးမစာတွေကလို နိတိတစ်ခုခုကိုပေးတာလား။ အဲဒါတွေကိုတွေးကြည့်လို့လည်းရတယ်။ ခင်များတို့ဟာ လွန်ခဲ့တဲ့ နှစ်ပါင်း ၂၀၀၀ ကျော်မှာနေခဲ့တဲ့သူတွေဆိုရင် ကမ္ဘာကြီးဟာ အပြားကြီးလို့ပဲ သိခဲ့ကြမှာမဟုတ်လား။ အခုအချိန်မှာသိတဲ့အသိတွေဟာ အရင်တချိန်က သိတဲ့အသိတွေမဟုတ်တော့ဘူး။ ပိုပြီးသေချာတာက ကမ္ဘာကြီးဟာ အလုံးကြီးဆိုတာကို ကိုယ်တိုင်သိလိုက်ရတာမဟုတ်ဘူး။ တခြားတစ်ယောက်ပြောလိုက်လို့သိလိုက်ရတာ။ အလုံးတောင်မှ လိမ္မော်သီးလို လုံးသလား၊ ရှောက်ချိုသီးလိုလုံးသလား၊ သစ်တော်သီးလိုလုံးသလား သေသေချာချာသိရဲ့လားဆိုရင် ဘယ်လိုများဖြေမလဲ ………….။ …………………………………………………………………………………..။ ကဗျာတစ်ပုဒ်စိတ်ထဲကို ချဉ်းနင်းဝင်ရောက်လာတဲ့ကိစ္စမှာ …………….ခြံတံခါးဖွင့်ပေးခြင်း၊ ဆီးကြို ခရီးဦးကြိုပြုခြင်း၊ ၀မ်းသာအဲလဲ ပွေ့ဖက်ခြင်း၊ကြည်သာရွှင်ပြ နေရာပေးခြင်းတွေ ….ပါရဲ့လား။ ကျွန်တော်ကတော့ မပါဘူးလို့ယုံတယ်။ ကဗျာက သူ့အလုပ်သူလုပ်မယ်။ ကျွန်တော်တို့စိတ်က သိမှတ်ပြီးသားကိစ္စတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး၊ ဒါမှမဟုတ် ထောက်ကန် အညမညပြုပြီး၊ ခံစားလိုက်မယ်။ သို့တည်းမဟုတ် ရယ်သွမ်းသွေးမယ်။ ဒီလောက်ပါပဲ။


ကျွန်တော်ဆီကို ဆက်လက်တိုးဝင်လာတဲ့ကဗျာတွေကတော့ စန်းဦးရဲ့ အခြားသော သရုပ်ဆောင်များနှင့် … ခင်ဗျား ဆိုတဲ့ကဗျာစာအုပ်ထဲက ကဗျာသုံးပုဒ်ပါ။ ဘုရားတွေဟာ ဘုရားဖြစ်မဖြစ် ဇိနတ္ထပက္ကာသနီနဲ့ တိုင်ဆိုင်ကြည့်လို့ရပါတယ်။ ကဗျာတွေကိုရော ဘာတွေနဲ့တိုက်ဆိုင်ကြသလဲ။ လူတစ်ယောက်ရဲ့စက္ကန့်မလပ်ပြောင်းနေတဲ့စိတ်နဲ့ ကဗျာဟုတ်/မဟုတ်/သလိုလို ကိစ္စတွေကို စံသတ်မှတ်ဖို့ပြဿနာရှိနိုင်ပါတယ်။ Rock ဂီတသမားတွေဟာ Hip Hop ကို ဂီတတစ်ခုလို့ လက်ခံဖို့ခက်သလိုပေါ့။ ထံတျာတေရှင်တွေကတော့ Rock ရော Hip Hop ကိုပါ ဂီတလို့သတ်မှတ်လို့မရသလို၊ Hip Hop သမားတွေနဲ့ Rocker တွေဟာ ထံတျာတေရှင်တွေကို ဂီတတစ်ရပ်အနေနဲ့လေ့လာဖို့ အာသဝေါကုန်သွားပါတယ်။ ကြုံလို့ပြောရရင် မှန်တွေအကြောင်းနည်းနည်းပြောချင်တယ်။ သူ့အမြင်ကိုယ့်အမြင်လို့ ပြောလေ့ရှိကြတယ်။ ဆံပင်ညှပ်ဆိုင်မှာ ထောင်ထားတဲ့ မျက်နှာချင်းဆိုင်မှန်နှစ်ချက်လို .. သူ့ထဲမှာ ကိုယ့်ကိုမြင်ပြီး … ကိုယ်မြင်နေရတဲ့ကိုယ့်ပုံရိပ်ထဲမှာ သူ့ကိုပြန်မြင်နေရသလိုပါပဲ ……….ကဗျာတွေဟာ …………….. မှန်နှစ်ချက်ကြားက knowledge transfer လုပ်နေတဲ့ ဖြစ်ရပ်လေးတစ်ခုလို ……………………….။

ငါးမျှားခြင်း

ကမ်းစပ်မှာ
ငါးများ၊ ပီတိများနဲ့
ကိုယ် နေထိုင်ရာ
ထိုသူ ရောက်လာခဲ့။

“ဒါ … ငါးအစစ်တွေလား”

“ဟာဗျာ
ဒါ … ကိုယ်တိုင် သီတံတပ်
ကိုယ်တိုင် အချိန်ပေးပြီး
ဒီမြစ်ထဲက ရခဲ့တဲ့ ငါးတွေပါ”

“အေးလေ
အဲဒီ မြစ်ထဲမှာ
ငါးအစစ်တွေ မရှိခဲ့ဘူးဆိုရင်ပေါ့”
ပြောပြီး … သူထွက်သွား။

အို…
ကိုယ်ပြန် ရေရွတ်နေ
အခါခါ ရေရွတ်နေ …။

ဟုတ်တယ်
မြစ်ထဲမှာ ငါးအစစ်တွေ မရှိတော့ဘူးဆိုရင်
ဘယ်လို လုပ်ကြမလဲလို့ တွေးမိ။ ။

ကဗျာဆရာက သူ့ဘာသာသူငါမျှားရမှာပျင်းလို့ ကျွန်တော်တို့ရဲ့ အာရုံကို လာမျှားနေတယ်။ …. ပျော်စရာကိစ္စတစ်ရပ်လို့ခံစားရတယ်။ နောက်ထပ် ကြောင်တစ်ကြောင်ထပ်ပို့ပေးလိုက်မယ်။ ကျွန်တော့်လက်ကိုရော စိတ်ကိုရော အတော်ကလေး ကုတ်သွားတဲ့ကြောင်မလေးတစ်ကောင်၊ ခင်ဗျားလည်း သတိထားပြီးမွေးမြူဖတ်ရှူပါဦး။

ကြောင်တစ်ကောင်နဲ့ လူ၏ထောင့်များ

ကြောင်တစ်ကောင် ကောက်ရတယ်
သူ့လည်စီးလှလှမှာ စာတစ်စောင်
ပိုင်ရှင်ရဲ့ထောင့်တစ်ခုကို
အကြိမ်ကြိမ် ကုတ်ခြစ်ခံရလို့
စွန့်ပစ်လိုက်သတဲ့။

လူသွားလမ်းပေါ်မှာ
ငါ ကြောင်ကို ပိုက်ပြီးငေးမော
ဟောဒီ ထိုင်းထိုင်းမှိုင်းမှိုင်း လေပြည်အောက်မှာ
ဟောဒီ ချို့တဲ့မှု မီးရောင်အောက်မှာ
ငါ ကြောင်ကိုပိုက်ပြီး ငေးမော

ငါက ကြောင်ကို မပွတ်သပ်ရဘဲ
ကြောင်က ငါ့ကို ပွတ်သပ်တယ်
ဘယ်အရာမှန်းမသိ
ငါ့နှလုံးအိမ်ထဲ တိုးလျှိုးသွား
ငါမမှတ်မိတဲ့ ငါ့အရေပြားတွေကို ပွတ်သပ်လို့
ငါသတိမပြုမိတဲ့ ထောင့်များဆီကို
ပြန်သွားနေမိ
ငါ့ကိုယ်ငါ လိပ်ယူပြီး ငါပစ်ထည့်ထားတဲ့ထောင့်များ။

ထောင့်ဆိုတာ
အရပ်လေးမျက်နှာထဲကမှ
နှစ်မျက်နှာကို စွန့်ပစ်ဖုံးကွယ်ထားရတဲ့ကိစ္စ
လူတွေမှာထောင့်တစ်ခုမက ရှိနိုင်တယ်
ဒါကို ပေါက်ပြဲအောင် အကြိမ်ကြိမ်နှိုးဆွ
ဘယ်သူ အကုတ်ခြစ်ခံနိုင်ပါ့မလဲ။

လွှတ်ချလိုက်မိရဲ့
ပါလာတဲ့စာကိုတောင် မဖြုတ်လိုက်တော့
လူသွားလမ်းပေါ်မှာ
ပိုင်ရှင်ရဲ့ထောင့်တစ်ခုကို အကြိမ်ကြိမ်ကုတ်ခြစ်လို့
စွန့်ပစ်ခံရတဲ့ ကြောင်တစ်ကောင်။ ။



အခြားသော သရုပ်ဆောင်များ နှင့်ခင်ဗျား

ရပ်ကွက်ကြီး ဆူညံနေပုံ
ဘောလုံးကန်ပုံ
လက်ချင်း ဆုပ်ကိုင်ထားပုံ
စာအုပ်ပုံကြား ဖြတ်ပြေးပုံ
ရေသွန်ချပုံ
ကားတံခါးပိတ်ပုံ
စကားကိုဟန်နဲ့ ပြောပုံ
ရေဒီယိုနဲ့ နားရွက်နဲ့ ကပ်ထားပုံ
ထော့နင်းထော့နင်း လမ်းလျှောက်ပုံ
ခွေးကို ငေါက်ငမ်းပုံ
ဓာတ်တိုင်ဘေး ငေးကြည့်ပုံ
အင်္ကျီရေစိုအောက် အတွင်းခံပေါ်ပုံ
ဆွဲငင်သံနဲ့ လက်ဝါးဖြန့်ပုံ
အိမ်အ၀င် ခြေထောက်ဆေးပုံ
ကြွတ်ကြွတ်အိတ် ဆွဲလာပုံ
နွားနို့ခြင်း ရွက်ပုံ
မုန့်ထုပ် ကိုက်ဖောက်ပုံ
လက်ဖက်ရည် မော့ချပုံ
ငွေစက္ကူ ရေတွက်ပုံ
ဝမ်းနည်းပြီး ငိုပုံ
အော်ခေါ်ပုံ
ရေစည်လှည်း တွန်းပုံ
မှတ်တိုင်မှာ ကားမျှော်ပုံ
မြောင်းဖောက်ချပုံ
လမ်းကိုကြည့်ပြီး ထိုင်ပုံ
သပိတ် ပိုက်ထားပုံ
ဗီဒိယိုအခွေ ချိုင်းကြားညှပ်ထားပုံ
ငုံ့နေပုံ
ကွမ်းသွေး ထွေးလိုက်ပုံ
မိုးကြိုးပစ်ချတဲ့ အသံကို လန့်ပုံ
အသီး ခူးနေပုံ
ထီးထမ်း လမ်းလျှောက်ပုံ
သတင်းစာ ကြည့်ပုံ
ထီကား ရပ်ပုံ
ပုလင်း လှမ်းကိုင်ပုံ
ပခုံး ဖက်သွားပုံ
ဆိုက်ကားကို ကွေ့ချလိုက်ပုံ
ဖျတ်ခနဲ နာရီကြည့်ပုံ
မိုးကာ အင်္ကျီ ဆွဲစေ့နေပုံ
တစ်ခေါက် ပြန်ဖတ်ပုံ
အချော ရေးပုံ
အယ်ဒီတာ့ထံ ပို့ပုံ
ကွန်ပျူတာ စာစီပုံ
သရုပ်ဖော် ရေးဆွဲပုံ
ပုံနှိပ်ပုံ
စာအုပ်ချုပ်ပုံ
ဟုတ်ပြီ
အခု … ခင်များတို့ ကဗျာဖတ်နေတဲ့ပုံ ။ ။

ဒီကဗျာလေးကတော့ သပ်သပ်ရပ်ရပ် ဖြစ်စဉ်လေးတစ်ခုကို တစ်ကွက်ခြင်းပြနေသလိုလေးပေါ့။ ကဗျာရဲ့ process ကို အစအဆုံးရေးသွားသလိုမျိုးလေး ဆန်းသစ်ထားတယ်။ ကဗျာရေးတာကို ကဗျာထဲပြန်ထည့်ရေးရမယ်ဆိုတဲ့ သီအိုရီ ခပ်ဖွံ့ဖွံ့ကြီးတွေနဲ့ အကိုက်ကြီးကိုက်သွားမယ်လို့မျှော်လင့်ရပါတယ်။ ကဗျာမှာထူးခြားတာတစ်ခုက မြန်မာတွေမှ နားလည်မယ့်ကဗျာလို့ ခံစားရပါတယ်။ အဲဒီမြင်ကွင်းတွေအားလုံးရှိတာ အရှေ့တောင်အာရှမှာရော၊ ကမ္ဘာမှာပါ မြန်မာအပြင် မြန်မာပဲရှိတဲ့အတွက် မြန်မာပြည်သားတွေအတွက် ကဗျာလို့ခံစားရပါတယ်။

ကဗျာတစ်ပုဒ်ကို တစ်ခေါက်တည်းနဲ့ ရင်ဘတ်ထဲမရောက်ရင် ထားလိုက်ပါဦး။ သူ့အချိန်မတန်သေးလို့ပဲမရောက်သေးတာလည်းဖြစ်နိုင်ပါတယ်။ ကဗျာဖတ်ရတာလည်း စိတ်ရှည်လက်ရှည်ဖတ်ရပါတယ်။ တစ်ချို့ကဗျာတွေဟာ စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်းငြိသွားတတ်ပါတယ်။ အဲဒီကဗျာမျိုးကို ကျွန်တော်တို့မေ့လို့မရတော့ဘူး။ ဒါဟာ အသက်ရှူတဲ့ကိစ္စလိုပဲ ကျွန်တော်တို့ရဲ့ဘ၀ထဲ ကပ်ပါလာတော့တာပါပဲ။

တစ်ခါတစ်လေ မြန်မာကဗျာတွေထဲမှာ ပြင်သစ်မြို့၊ အိုင်ဖယ်လ်တာဝါ၊ နျူယော့ခ် နဲ့ ၀ါရှင်တန် … ၊ လစ်ဘာတီရုပ်တုနဲ့ လွတ်လပ်ရေးကြေငြာစာတမ်းတွေနေရာယူကြတယ်။ တစ်ခါမှ နိုင်ငံခြားမရောက်ဘူးတဲ့ ကဗျာဆရာတွေရဲ့ ရင်ဘတ်ထဲကို နိုင်ငံတကာကမြို့တွေ နဲ့ အထိမ်းအမှတ် အမှတ်အသားတွေ စီးဆင်းဝင်ရောက်လာတာ စာပေရဲ့သက်ရောက်မှုလို့ပဲထင်တယ်။ စာပေအားဖြင့် ယဉ်ကျေးမှုတွေဟာ ရင်းနှီးလာကြတယ်။ နှလုံးသားချင်း နီးလာကြတယ်။ ခံစားမှုချင်း အပူဒဏ်ချင်းနီးလာကြတယ်။ ဂျပန်တွေရေးတဲ့ နျူကလီးယားဗုံး အကြောင်းဟာ လူသားတိုင်းရဲ့ရင်ဘတ်ထဲမှာ ပူလောင်သွားသလို .. နာဂါဆာကီ၊ ဟီရိုရှီးမား … ကျွန်တော်တို့ စိတ်ထဲမှာစွဲသွားတယ်။ ကျွန်တော်တို့တွေဟာ နေထိုင်ရာ ၀န်းကျင်က အဖြစ်အပျက်တွေကို ခံစားလိုက်ရတဲ့အခါ …. ပိုပြီးထိထိခိုက်ခိုက်ဖြစ်ကြရတယ်။ တစ်ဆင့်သိမြို့ကြီးတွေကနေ ရန်ကုန်မြို့တော်ဆီကို ပြန်ခေါ်ထုတ်သွားတဲ့ကဗျာလေးတစ်ပုဒ်ကို မိုးဃ်ဇော်က ရေးခဲ့ပါတယ်။

ရန်ကုန်ည

ဆုပ်ကိုင်နိုင်သမျှ ဆုပ်ကိုင်
ရပ်တည်နိုင်သမျှရပ်ထား
ဘာမှ အလကား မရဘူးဆိုလို့
စတိုးဆိုင်ရှေ့က လမ်းဖြတ်ကူးခဲ့တယ်။

ဒီမှာလေ
ကျပ်မပြည့်တဲ့ညဉ့်ငှက်တွေ
တစ်ဖန် ပြန်လည်ရှင်သန်ထမြောက်လာကြတဲ့
ရန်ကုန်ဆိုတဲ့ ရန်ကုန်ညမှာ
ပန်းဆိုးတန်းတစ်ဝိုက်
လမ်းသလားကြည့်လိုက်တော့
ရန်ကုန်ညဟာ
ကားမီးရောင်နဲ့တုန်နေရဲ့။

ဒီခေတ်မှာ
နာတာရှည်ရောဂါကို
ဆေးမြီးတိုနဲ့ ကုသချင်လို့ မဖြစ်ဘူး။
ညပလက်ဖောင်းပေါ်က
အမျိုးကောင်းသမီးလေးရယ်
ဘ၀ဆိုတာ
ဂွဒ်မောနင်းပေါင်မုန့်စိမ်ထားတဲ့ နို့တစ်ခွက်ပေါ့
သေခြင်းတရားဆိုတာတော့
သတ္တ၀ါတိုင်း ရရှိမယ့် အချိန်ပို လုပ်အားခပဲ။

လန့်နိုးခဲ့တဲ့ အိမ်မက်အတွက်
ဒေါသထွက်နေလို့လည်း အပို
ရှယ်လီကိုရွတ်ဆို
ဘိုနိုကို ဂုဏ်ပြု
မသမာမှုမှန်သမျှ
လက်တကမ်းက ရင်ဆိုင်ထားလိုက်မယ်။

ဒီကနေ့ ည မိုးကောင်းကင်မှာ
မိုးသားတိမ်လိပ်တွေ ကင်းစင်ပါရဲ့လား
ခင်ဗျားတို့ရဲ့ သွေးထဲမှာရော
ပိုးမွှားတွေ သန့်စင်ပါရဲ့လား
သံသရာ ချားရဟတ်ထဲမှာ
ငွေကြယ်ကလေးတွေပွင့်ခဲ့လို့
ကိုယ့်ဘ၀ကိုယ် မက်မောမိပြန်တယ်
တကယ်ဆိုရင်
တို့သွေးသားဟာ
အမှန်တရားနဲ့သာ တည်ဆောက်သင့်ပေရဲ့။

သြော် …
အနော်ရထာလမ်းမကြီးက
ခြေသံတွေကို ထမ်းထားဆဲ
ချွေးတစိုစို လူတန်းကြီးတွေနဲ့
ခုံးကျော်တံတားတွေအောက်
ဘ၀တွေ စီးဆင်းနေလေရဲ့။

ဘယ်ဆီဘယ်ဝယ်မသိ
ဘ၀တွေ စီးဆင်းနေလေရဲ့။

စစ်ကြီး အတွင်းတုန်းက
ရန်ကုန်ညမှာ
ဗုံးခိုကျင်းတွေ တူးခဲ့တယ်။

စစ်ကြီးအတွင်းတုန်းက
ရန်ကုန်ညကို
ဗြိတိသျှစစ်သားတွေ ဆုတ်ခွာခဲ့ကြတယ်။

စစ်ကြီးအတွင်းတုန်းက
“ကင်ပေတိုင်” ရုံးခန်းဟာ
“ရွှေဂုံတိုင်” မီးပွိုင့်နားမှာ ရှိခဲ့တယ်။

စစ်ကြီးပြီးပြန်တော့
ရန်ကုန်ညမှာ
အင်းစိန်တိုက်ပွဲဖြစ်ခဲ့တယ်။

ဒီလိုနဲ့
ရန်ကုန်ညမှာ
“မိုရှေဒါယန်း” အိပ်စက်ခဲ့
“ချူအင်လိုင်း” အိပ်စက်ခဲ့
“ချာဗလစ်ယောင်ချိုင်ယု” လည်း အိပ်စက်ခဲ့။
အခုတော့ ရန်ကုန်ညဟာ
ပြီးခဲ့တဲ့စစ်ကြီးကို မေ့လို့
ကြုံခဲ့တဲ့ ဒုက္ခတွေကို မေ့လို့
“အဖော်” ကို ဟိုတယ်ပေါ်မှာ ဝေငှလို့
လူငယ်တွေ ကြယ်လို ကခုန်လို့
မရေရာတဲ့ ဆော့(ဖ)၀ဲတွေနဲ့
ရန်ကုန်ညဟာ သက်ဝင်လှုပ်ရှားလို့။

ဟဲလို … ရန်ကုန်ညရေ
သင်နဲ့ နှစ်ဥိးသဘောတူ ပွေ့ဖက်ပြီး
သင်နဲ့ နှစ်ဦးသဘောတူ အိပ်စက်ခဲ့ရတာ
အကုန်အကျ များလွန်းလှပေမယ့်
အခုအထိ မငြီးငွေ့နိုင်တာ ဘ၀ပေါ့
ဂိတ်ထိုးလိုက်တဲ့ အောက်ဆိုက်ကားလေးပေါ်
အနာဂတ်ကို မျှော်ပြီး တက်လိုက်တယ်။

ခုံးကျော်တံတားကြီးတွေအောက်
ဘ၀တွေ စီးဆင်းသွားရှာပြီ။

(ရုပ်ရှင်တေးကဗျာ ဒီဇင်ဘာ ၂၀၀၆။ ရွှေအမြုတေ စာပေဆု ၂၀၀၇)
ဒီကဗျာကတော့ ကျွန်တော်တို့ရဲ့ကျဆုံးမှုတွေကို တသီကြီးတွေ့ရပါတယ်။ အဲဒီမှာ ဘာတွေဖြစ်ပျက်နေလဲ … မဖြစ်ဘဲ ပျက်နေလဲ ဆိုတာတွေကို ….သိပြီးသားတရားကို နောက်တစ်ခါ နာဘူးထပ်မံလိုက်ရသလို …စိတ်ရော … စေတသိက်ပါ အောင့်သက်သက်နင့်နင့်နဲနဲ နာကျင်ရပါတယ်။ ကဗျာဆိုတာထက် အရှိအတိုင်း အကျဉ်းချုပ်ရေးထားတဲ့ ရန်ကုန်ညလေးတစ်ညလို့ပဲ ပိုခံစားရပါတယ်။ အခုတော့ သမိုင်းကို ထုံးသုတ်လိုက်သလို အညစ်အကြေးကို အဖြူရောင်ညစ်ထေးမှုနဲ့ ထပ်အုပ်လိုက်သလို ပုံဖျက်ထားလိုက်တဲ့မြိုကလေးတစ်မြို့ …..။ သမိုင်းဝင်ကြေကွဲမှုတွေနဲ့ … အစစအရာရာ ပျက်သုဉ်းသွားခဲ့တဲ့ ညကလေးတစ်ည …….. ကြေကွဲဖွယ်ဇာတ်ကားကြီးကို ၀င်ရောက်စွက်ဖက်ခွင့်မရှိ၊ ရုံထဲက ထွက်ခွင့်မရ အစအဆုံးကြည့်လိုက်ရသလို …. မွန်းကြပ်တဲ့ ရသတစ်ချို့ ရလိုက်ပါတယ်။ …………..။

ကဗျာအားဖြင့်။ ကဗျာနှင့်အတူ ……..၊ ကဗျာနှင့်အမျှ ………………..ကျွန်တော် နိဂုံးချုပ်လိုက်ပါတယ်။

Zephyr

ဒုတိယပင်လယ်

Tuesday, September 28, 2010

ကမ္ဘာ

ကောင်းကင်၊ ပင်လယ်ပြင်
တောတောင်၊ ချောင်းမြောင်းနဲ့
အခြားသော စွန့်စားမှုတွေ။

လူတွေရဲ့
သက်တမ်းတွေ၊ ရာစုနှစ်တွေ
ပေးဆက်ခဲ့မယ်
ဝယ်ကြ ရောင်းကြ
အမြဲမြင်နေရတယ်။ ။

ဇော်ထွန်းတင်

အပိုင်းအစများ

အကွာအဝေးနှင့် ဟင်းလင်းပြင်သလို့
လေလွင့်ကြေကွဲ
ခြေရာမဲ့ ခရိးစဉ် ရေးဆွဲလို့
သံစဉ်ရိုင်းတွေ
ပဇာ့ကြောင့် ပျံ့လွင့်နေပါသလဲ။

အကာလညအခါ
ပန်းပွင့်များ အိပ်စက်ကြ
နိုးထဖို့ အားယူကြ
ရွေ့လျားခဲ့ ညများစွာ
အဓိပ္ပာယ်မဲ့ နာရီများ
ကြယ်များ နီးဝေး မှိန်ပြ
ဘောင်ဒြပ် ကျပ်တည်းမှု
လင်းလက် ပွန်းပဲ့ကြရပေါ့။

အက်ကွဲစ မိုးကောင်းကင်
စူးရှ မိုးရေစက်တို့
အေးမြစေပါမည်လား
ရှတစေမည်လား
ငါသည်ကား
အမိုးအကာမဲ့ လမ်းလျှောက်သူ။

မမေ့လျော့ကြပါနှင့်
မြစ်တစ်စင်း
ထက်မြက်စ အပိုင်းအခြားမှာ
စီးဆင်းချင်လျက် ရပ်တန့်ရ
အလင်းနည်း အရောင်မှိန်လျော့
သစ္စာတရားဟာ
နာကျည်း ခါးသီးစွာ
ခံစားချက် ဝဋ်ဒုက္ခ
မုသာဝါဒဟာ လူပီသ စေခဲ့ပြီ။

ကြားနေရ မြင်ခွင့်မကြုံ
မိုးရာသီ စိမ်းလန်းမှု
လောင်းရိပ်မှ လွတ်မြောက်
မညီညာမှု ရစ်သမ်
ရှုခင်းကို လှပစေရဲ့။

သည်းထန်စွာ ခံစားမှု
ငါ၏ ရူးသွပ်မှုလို့ ဆိုပါ
ဟိုမှာ
ပန်းတွေ ဝေနေတယ်
လွတ်လပ်စွာ လန်းဆန်းလို့ပေါ့
အဆိပ်မဖြစ်ခဲ့ရင်
စိုက်ခဲ့တဲ့ သစ်ပင်
လေးမြတ်သင့်ပါတယ်။

အရောင်တွေ ကူးစက်
သစ်တစ်ပင် လူတစ်ယောက် ခွေးတစ်ကောင်
ရေစုန်မှာ မျော၍ပါ
ပြောင်းလဲ ပြင်ဆင် ရီဝေထိုင်းမှိုင်း
ဒါမှမဟုတ်
အမည်မဲ့ ဖြစ်စဉ်မှာ
သမုတိသစ္စာ ဖြစ်ပါသလား။

ငြင်းခုံကြ
အတ္တကြီးစွာ ငြင်းခုံကြ
သံသယနှင့် ကြည့်မြင်ကြ
သဒ္ဒါနဲ့ ကိုင်ပေါက်ကြ
မနာလို ရှုပ်ထွေးကြ
ဟုတ်ရဲ့
ဂုဏ်ယူလိုက်ပါစေ
ခမျာ သနားစရာ။

လောကသစ္စာတဲ့
မီးခြစ်ကျောက်ကုန်နေတယ်
စက္ကူပေါ်က ဝါဒ
ရွှေရောင်ဖောင်းကြွ ဂုဏ်ပြုမှု
ငါ့ကို တံဆိပ်မနှိပ်ကြနဲ့
မထိုက်မတန် ချီးမွမ်းလိုက်တဲ့
ရိုသေလေးစား
အပိုင်းအစတွေသာ ဖြစ်ပါတယ်။ ။

ငြိမ်းပိုင်



ဟင်းလင်းပြင်သို့

လေထဲမှာလား
ရေထဲမှာလား
ကိုယ်တိုင်လည်း မကွဲပြားဘူး။

အစပြုနေခြင်းလား
အဆုံးသတ်နေခြင်းလား
ဆင်းနိမ့်နေခြင်းလား
သိမ့်ခနဲ ငြိမ့်ခနဲ
ခံစားလိုက်ရတာကိုပဲ သိတယ်။

မှောင်မိုက်တိတ်ဆိတ်တဲ့
ညတစ်ညပါပဲ။
ပြိုးပြက်နေတဲ့
ကြယ်ကလေးတစ်လုံးတော့ တွေ့တယ်
လင်းလက်လွန်းအားကြီးလို့
နီနေတာလား ဝါနေတာလား
မကွဲပြားဘူး။

ရွေ့လျားနေဥိးမှာလား
ရပ်တန့်သွားမှာလား
အသံတစ်သံကြားလာသလိုလို။

အားပေးနေတာလား
တားမြစ်နေတာလား
ညံ့သက်တဲ့ လေညင်းလား
ရက်စက်တဲ့ မုန်တိုင်းလား
ဘာဆိုဘာမှ မကွဲပြားခင်မှာ
လွင့်မျောသွားတယ်။ ။

ကေ

လက်ပြတ်သွားတဲ့ည

မိုးတွေလေတွေ
လျှပ်စီးတွေအော်တဲ့ည
လကလေးလည်း
ထွက်ပြေးခဲ့ရပေါ့။

တိမ်တစ်ဆင်စာ ထောင်ခြောက်မှာ
ကောင်းကင်ဟာ
မာယာနဲ့ ကိုယ်ယောင်ဖျောက်
အနောက်တောင်ဆီက ရွာမည်ဟန်ပြင်
အလို ဂီတနက်သန် သီချင်းတစ်ပုဒ်ပါလား။

ဘယ်မှာလဲ
ထွက်ပြေးသွားတဲ့လ
စကြဝဠာထဲမှာ
တစ်နေရာရာမှာ
ဒဏ်ရာတွေနဲ့များလား
ပြတင်ေးပါက်ဘေးက ကျွန်တော်
အစိုးရိမ်တွေ လွန်နေလို့။

ကြယ်တွေလည်း
ကောင်းကင်ကြီးကို ကျိမ်ဆဲ
လကိုချစ်ခြင်းနဲ့
ပန်းရနံ့ မသင်းတဲ့ ညကို အမျက်သိုနေကြ။

ဖြစ်ချင်တော့
ပြတင်းပေါက်ကို ဆွဲအပိတ်
ကျွန်တော် ဒိတ်ကနဲ ဖြစ်သွား
အော်
အပြင်မှာ လက်တစ်ဖက်ပြတ်ကျန်ရစ်ခဲ့ပါလား။


နိုက်စ်

ပထမပင်လယ်

Monday, September 27, 2010

မစ္စတာ ဒဗလျူကလက်ရဲ့ မှတ်တမ်း

ဘဝဟာ
ဆေးဆိုးပန်းရိုက် ပိတ်သားစ တစ်စတဲ့
မစ္စတာ ဒဗလျူကလက်ရဲ့ မှတ်တမ်းအရ ..။
လူတွေရဲ့ အထင်သေးမှုကို ခံယူပါ
(ဒါဟာ လူဖြစ်ကြောင်း သိအောင် ကြိုးစားခဲ့တာလို့
ပြောပြလို့ရသေး)
အဲလို .. ကိုယ့်အပေါ် အထင်သေးမှုတွေကို
ပေးချေ
ပြီးရင်
ကိုယ်ရသင့်တာ ကိုယ်ပြန်ယူခဲ့နိုင်ကြဖို့ပဲ။
မစ္စတာ ဒဗလျူကလက်ရဲ့ မှတ်တမ်းအရ ..
အချို့လူတွေ လူမုန်းခံရတာကိုက သူ့အတွက်
ကိုယ်ရသင့်တာ
ငွေတွေ သောက်သောက်လဲ ရစေခဲ့သတဲ့။
မစ္စတာ ဒဗလျူကလက်ရဲ့ မှတ်တမ်းအရ။
မိတ်ဆွေ တစ်ယောက်ရဲ့ အောင်မြင်မှုဟာ
အရက်တစ်လုံးတောင်မှ
မဖြစ်ခဲ့ ဖူးဘူးတဲ့
မစ္စတာ ဒဗလျူကလက်ရဲ့ မှတ်တမ်းအရ။
ကမ္ဘာကြီးမှာ “ ထီး” နဲ့ “ သော့” ဟာ
အလိုနဲ့ အလုပ်ကို လုပ်ကြတယ်
သေချာတယ်
မစ္စတာ ဒဗလျူကလက်ရဲ့ မှတ်တမ်းအရ။
ကိုယ့်အိမ်က တန်ဖိုးအရှိဆုံး ပစ္စည်း
ဒီပစ္စည်းမှ အမိအရ ခိုးသွားနိုင်သူ
ဒီ သူခိုး
ဒင်းကို
အတိအကျ ကျေးဇူး ဥပကာရ တင်ရှိရမယ်။
သိကြ
ကိုယ့်ဂုဏ်သိက္ခာမြင့်မားအောင်
မြှင့်ပေးတယ် လို့ပေါ့။
မစ္စတာ ဒဗလျူကလက်ရဲ့ မှတ်တမ်းအရ။
နှင်းဆီဟာ
သောက်လို့ကောင်းတယ်
လမင်းဟာ
ဆေးစပ်ကောင်းတယ်
နွားဟာ
ဆေးစပ်ပြင်းပြင်းနဲ့ သောက်လို့ကောင်းတယ်။
လမ်းမတွေဟာ
သင်ခန်းစာတွေဖြစ်တယ်
သင်ခန်းစာတွေဟာ
လမ်းမတွေဖြစ်တယ်
မစ္စတာ ဒဗလျူကလက်ဟာ
ချည်မျှင်နဲ့ အထည်ကို မှတ်တမ်းတင်ခဲ့တယ်ပေါ့။
ဘဝနဲ့ မျှော်လင့်ချက်ဟာ
မျှော်လင့်ချက်နဲ့ အသက်ရှင်မှုဟာ
လူတွေက လူ့မျက်နှာကို မကြည့်ခဲ့တာဟာ
ချည်မျှင်နဲ့ အထည်ကိစ္စဆိုတာကို မသိခဲ့။
ဒါကြောင့်ပဲ
မစ္စတာ ဒဗလျူကလက်နဲ့
မစ္စတာ ဒဗလျူကလက်ရဲ့ မှတ်တမ်းကို
မှတ်တမ်းတင်လိုက်မိပါရဲ့။ ။

မောင်ချောနွယ်



လိုနေတဲ့ညနေ

ပုလင်းကိငှဲ့ချလိုက်တော့လည်း
တကျွိကျွိ ဘရိတ်နင်းသံတွေသာ ထွက်ကျလာခဲ့
အရက် မရှိတော့ဘူး တဲ့။

ခလုတ်ပိတ်လိုက်တဲ့ လက်ညှိုးတစ်ချောင်းကြောင့်
စည်းလိုက်နေတဲ့ တခြားလက်ညှိုးတစ်ချောင်း
အရှက်ရသွားရှာပေါ့။

ဒီဓာတ်ငွေ့ မီးခြစ်စုတ်ကြောင့်
စိတ်အနှောက်အယှက်ဖြစ်ရ
အရက် မရှိတော့ဘူး တဲ့။

အရက်မရှိတော့လို့
တကယ့် မိတ်ဆွေစစ်ကလည်း ပျော့စိစိ
မာန စစ်ကြီး မျက်နှာငယ်လို့
ဈေးဆစ်လို့ မရတဲ့ နှစ်ဆယ့် လေးနာရီကသာ
အီလည်လည်နဲ့ တင်းခံနေရဲ့ ။

ဒီကိစ္စ
အားလုံးပေါ် ပုံချခဲ့
ရာသီဥတု ရပ်ကွက် သောကြာနေ့
ကမ္ဘာကြီး လည်ပတ်နှုန်း နေရာလွတ်
ကြက်ခြေထော်ကရိုး ၊ ဆိုက်ကား ၊ မိန်းမ
ရေ၊ ယောကျာ်းဆောင်းထီး၊ စီးကရက်
သောက်သုံးသူများ၊ ဆုံးမ စကား၊

ကဲ - အခုတော့
အရက် မရှိတော့ဘူးတဲ့။

လွယ်လွယ်ကလေးကိုတောင်မှ
အငြင်းခံလိုက်ရသူပါ
သူ သီချင်းဆိုပြီး ပြန်လာခဲ့တယ်။ ။

မောင်ပြည့်မင်း


စကား၏အလျား

စာလုံးပေါင်းများကို မယုံကြည်
ဦးခေါင်းကို တစ်ခြမ်းစောင်း၍ ပိုင်ဆိုင်ချင်
ကျစ်လျစ်ဆုပ်ကိုင်
တိုင်တစ်တိုင်၏ ထိပ်ဖျားပေါ်မှာ
အခန်းအနားကျင်းပ
ဟုတ်ပါပေ့ကွယ်။

မှန်ကန်သော ရေပြင်၌ ခြေဆေး
နွေးထွေးခြင်းကို မသန့်စင်
မျက်နှာပြင်ပေါ်က ကြွက်သားများကို
ယောင်မှားဖွယ်ရာ တုတ်နှောင်
မင်္ဂလာ ရှိစွာသော ခန်းဆောင်တဲ့
ပုပ်အဲ့အဲ့အနံ့ ရရှိတယ်။

နှုတ်ခမ်းဖျားလေးများကိုပင်
ဖြူစင်စေပါရဲ့လား
အခမ်းအနားမစခင်
နာကျင်လုအောင် လက်ကိုဆွဲ
နှုတ်ဆက်ခြင်းမည်တယ်။

အကောင်းဆုံး ပထမဆုတံဆိပ် ပေးလိုက်ပါပေရဲ့
နောက်ဘက်မှာ ဘာမှမရှိ
ပျောက်ဆုံးသွားသည့် အိပ်မက်သည် သံသရာ
ဘာဝနာကို ရိုက်ချိုး
အော် ရိုးသားခြင်း..လား
အရှက်မဲ့စွာဟစ်ကြွေး
မာန၏ ဆေးကောင်းတစ်ခွက်
မှောက်လျက်လဲပြန်ပေါ့။

အစသည် အဆုံးမဟုတ်သမို့
သည်လို မဟုတ်ခဲ့လေပါ
ချီးကျူးမိပြန်တယ်
ငါးတို့ ပျော်ရာ ရေကန်သာမှာ
ရေညှိမှော်ဒိုက်များဟာ အစာအာဟာရ
ဘဝဖြစ်တည်သည်။

သောက်သုံးပါဦး
ကျွန်ုပ်အသံမဲ့စွာ စောင့်ကြည့်နေပြီး
အဓိပ္ပာယ် သိပြီးသော ခက်ခဲသည့်
ဒြပ်မဲ့ ပန်းချီကို ခံစားလျက်ပင်။

နေကြာပွင့်
ပြောင်းပင်များ
မြေပဲနှင့် နှမ်းခင်းများ
ဖြတ်သန်းသွားတိုင်း လမ်းကလေးမှာ အများကြီး
ကျေးဇူးတင်ပါတယ်။

သာမန်ကာလျှံကာ ညှိထိုး
လမ်းဆိုးများ ထူးပြီးမကောင်းအောင်
ဝတ်ကျေတမ်းကျေ
မိမိရင်ထဲမှ လဟာပြင်သည် ကျယ်ပြန့်လာချေ၏။

လက်ထဲမှာ တန်ဖိုးအကြီးဆုံးအရာ
ဘာပါလိမ့်
အစိုင်အခဲ သို့မဟုတ် လက်ဝါးပြင်
ထို့နောက်
လေ၏ ……….။ ။

မောရူးဆိုး


ဆင်ခြေဖုံးအစ ၁၇-၁၁-၉၀

တစ်နေ့ထက် တစ်နေ့ ထူလာတဲ့ နှင်းတွေ
တမာ မန်ကျည်းနဲ့ မဲဇာလီတွေပေါ်မှာ
ဖွဲဖွဲလွင့်လွင့်
ရပ်နေသင့်သလား
ဆက်လျှောက်သင့်သေးသလား
အသံဟာ အဖျားခတ် တုန်ခါသွားတယ်။
တစ်ကိုယ်တော် စွန့်စားခန်းဆန်ဆန်
အဝေးပြေးလမ်းမပေါ်က ခန္ဓာဝန်တစ်ခု လေးလံနေပုံဟာ
အားရပါးရ ရယ်ချလိုက်ဖို့ ခက်လှလေရဲ့။

ဘဝတွေ တပြုံတမကြီး
အနားက ဝှီးကနဲ ဖြတ်ကျော်သွားတော့မှ
အသက်ဝဝရှူဖို့ သတိရကာ
ခေါင်းကိုမော့
ရင်ဘတ်ကြီးကိုလည်း ကော့ပစ်လိုက်တယ်။
အဲဒီနေ့က
နေလုံးကြီး မြောက်တက်မလာခင်
ကမန်းကတန်း အိမ်ထဲပြန်ဝင်ခဲ့မိ။ ။

ခင်အောင်အေး



ပင်လယ်မိန်းမ

ရောင့်ရဲတင်းတိမ်မှု မရှိတဲ့ ပင်လယ်
ကြယ်တွေကို မျိုချဖို့
အဲသည်မှာကြည့် ပက်လက်ကြီး
ပင်လယ်နဲ့ ကောင်းကင်
ညှို့ငင်ခြင်း ကိစ္စ
ညက စောင့်ကြည့်တဲ့အခါ
နောက်ဆုံး
ကြယ်တွေ ဝေါကနဲ ဝေါကနဲ
ရေတံခွန်တစ်ခုလိုထိုးကျ
ပင်လယ်ရဲ့ နှုတ်ခမ်းဝနဲ့
ရင်သား လှိုင်းအိတွေကြား
ပြီး…. နက်ရှိုင်း ခြေဖဝါးအောက်မှာ
ဟော .. ကြည့်စမ်း
မျက်တောင်ပုတ်ခတ်
တလက်လက်နဲ့
သွေးအေးလှတဲ့ ပင်လယ်
လမင်းကို ထပ်မျိုဖို့
တွေ့လား …
ဟိုမှာ အကြီးအကျယ် ပြင်ဆင်
အားထုတ်နေတာ ..။။ ။

ခရမ်းပြာထက်လူ





တတိယပင်လယ်

Sunday, September 26, 2010

ပုစွန်တွေဖတ်ဖို့ ကဗျာ


ပုစွန်ကြော်ကိုဝါးနေရင်း
ရေမှာပျော်တဲ့ သူ့အချိန်လေးတွေ မြင်ယောင်
သွားနဲ့လျှာတစ်လျှောက် အရသာအပေါ်
တုန်လှုပ်မှုတွေရောက်၊


သြော် .. လောကအနက်ထဲ ထောက်မမီ
ငါ့အတွေးတွေလဲ
တော်တော်တိမ်ထင်ရဲ့ ..။


ဒါဆို
ပုစွန်တွေ ပျော်ရွှင်
ကူးခတ်ခဲ့ခြင်းလှော်တက်များ
စနစ်တကျ ကိုက်ဖြတ်ရန်
သွားတွေရှိရာကိုပေါ့။ ။

သုခမိန်လှိုင်
၂၃၊၁၁၊၈၉


တစ်ကိုယ်ရေပျော်ရာပျော်ကြောင်းရှာခြင်း

လက်ညှိုးညွှန်ရာ
သက်တံအသစ်နဲ့
အံသွား အသစ်ရှိတယ်။
အဲဒါကို သိရတော့
အမှတ်တစ်ခုရဲ့ စံ
လွမ်းဖို့ကောင်းအောင် ဖွဲ့နွဲ့ရမလား။

ပုခက်လိုပဲပျော့ခွေ
နေတွေ
လတွေ
ပုံပြင်တွေ တကယ့်အဖြစ်အပျက်တွေ
သွေးထွက်အောင် မှန်တဲ့ စကားတွေ
ဟီရိသြတ္တပ္ပတရားတွေ
ရပါတယ်
မျက်မှန်တစ်လက်
သွားကြားထိုးတံ တစ်ချောင်းနဲ့
ကုပ်ချောင်းချောင်း မြင့်မြတ်ချိန်မှာလေ။

သူက
ကွယ်ပသွားတဲ့ ရသပညာ လည်ချောင်းထဲ
မာန်မာနကြွက်တွင်းရဲ့ မဟာအဝီစိအထိ
တည့်တည့်ကြီး စူးဝါးအပြုံး
အသံအကျယ်ဆုံးပဲ။

ခုနကမှ
ခပ်လွယ်လွယ် ငန်းဆေးတစ်ခွက်သောက်တယ်
မိန်းမကို မင်သေသေနဲ့ ဟောက်တယ်
မနက်ဖန် ဆိုတာ ခဏခဏ ပွင့်ပြီး
ပွင့်မှန်းမသိလိုက်ခင် ကြွေသွားတဲ့
ပန်းပဲ ..
ဒါပါပဲကွာ .။

တလှုပ်လှုပ်ရွ လုံ့လ
ပြီးခဲ့တဲ့ စနေနေ့မှ ယခု ရာစုတိုင်
မှတ်တိုင်ထူ ဘယ်သူယုံအောင်
ငါသိမ်မွေ့မိတာ တောင်းပန်ပါတယ်။
အနုပညာသည်ရဲ့ ခွေးတစ်ကောင်ဘဝ
ကမူးရှူးတိုး ဒုန်းစိုင်းပြန်ပကော
ကျောနဲ့ ကောင်းကင်ဟာ မျက်နှာချင်း ဆိုင်မိပါလေရော..။ ။

အောင်ချိမ့်


အပျော်ဖတ်ဝတ္ထု

အဲဒီမှာ
လက်ဖက်ရည်တစ်ခွက်အောက် စုန်းစုန်းမြုပ်
အားရှိလာအောင် စုပ်ယူ
လူ့ဘဝထဲ လောကြီးကြီးရောက်ခဲ့သူ
သူ နေထိုင်လိမ့်မယ်။

လူမှန်ရင်
နေ့စဉ်မှတ်တမ်းထဲ သေသေချာချာ မှားဖူး
ပွဲတော်ရက်ထဲ မျက်စိ ကျလောက်အောင် ပေါ့ပါးဖူး
ချစ်သူနဲ့ ဒုက္ခလှလှ တွေ့ဖူး
ငယ်ရွယ်စိတ်နဲ့ သွေးနားထင်ရောက်ဖူးပေါ့။

လူတွေက
ဟာသ ဇာတ်မြူးယောင်ဆောင်လို့
ခွက်ထိုးခွက်လန်ရယ်လို့
ဗန်းစကားတွေနဲ့ လမ်းသလားလို့
ကြည့်စမ်း
(လူ့တစ်ကိုယ်လုံးမှာ
မျက်လုံးဟာ အဖောက်ပြန်ဆုံးလို့ ဆိုရလောက်အောင်)
တစ်ယောက်က တစ်ယောက်
စူးစူးရဲရဲ စိုက်ဝင်လို့
ယဉ်ကျေးသိမ်မွေ့ဖွယ် အကျီ င်္နဲ့
မစ္ဆရိယစိတ်ကို တင်းတင်းပိတ်ကွယ်လို့ ..။

ငါတို့
ခေါင်းတိုင်ထိပ်က ပြတ်တောင်းမှုတ်ထုတ်တဲ့ မီးခိုးလို
အသက်ရှူလုံးတွေ
အဆုပ်လိုက် အခဲလိုက် မြင့်တက်သွား။

အခုတော့
(ငါပေါ့ပေါ့ဆဆ တွေးခဲ့တဲ့အတိုင်း)
အာသာရမ္မကဟာ တစ်ခါမှ မသေဘူးသလို
အိပ်ရာကလဲ နိုးရော
သူ့ကို ငါ အထုတ်ဖြေပြမိရော ..။ ။

ဝင်းလွင်


လူနာ

မိတ်ဆွေ င်္*လင်း င်္ က
ခင်ဗျားရဲ့ သွေးကြောထဲမှာ
ကိုလက်စထော နည်းနည်းများနေတယ် .။

အဆီအသား နည်းနည်းလျှော့လိုက်ရင်
ပြဿနာမရှိ။

သူ့ဆေးဝိဇ္ဇာနဲ့
ဒါ ဒိဌပဲ တဲ့။

သူ့လူနာက
ကဗျာဆရာဖြစ်တယ်
ငွေကြေး များများ ဆင်းရဲတယ်
အဝီစိထဲ ဖင်ထိုင်လဲလု မတတ်ဖြစ်တယ်
ကမ္ဘာကြီးရဲ့ ထောင့် တစ်ထောင့်ကြောင့်
နှလုံး အရမ်းခုန်နေတယ်။

ဆေးဝိဇ္ဇာနဲ့
သူ့လူနာကို ကမ္ဘာကြီးထဲ အတင်းပြန်ပို့
မိုးကောင်းကင် ခပ်သိုးသိုးကြီးရဲ့ အောက်မှာထား
ဘာများ လန်းဆန်းစေဦးမှာလဲ
သူလည်း တစ်နေ့ ကြေကွဲသွားမှာပါ ။ ။

ငသိုင်းချောင်း ဝံသာ
*လင်း = လင်း (ဆေး-၁)


အလင်း

သဘာဝတရားက
နူးညံ့ကြည်လင်မှုနဲ့
စီးမျောဆဲ။

တိမ်တွေ တိမ်တွေ
အရုပ်ဆိုးလိုက်တာ
တစ်လောကလုံး မှောင်တော့မယ်။

ဒါ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စပဲ
ပန်းချီဆရာညည်းညူ
သူ့ပစ္စည်းတွေ ခပ်မြန်မြန်ထုပ်ပိုး
ဆောင့်ဆောင့်အောင့်အောင့်နဲ့
အရက်ဆိုင်ကို ပြေးပြီ။

တို့တွေ
တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိ
သဘာဝတရားမပီသတဲ့
အချစ်တွေနဲ့။ ။

ဇော်ထွန်းတင်


အလဲအလှယ်

ငါ
အခု
လရောင်ကို မော့မကြည့်ရဲဘူး။

ဖူးကြ ပွင့်ကြ ကြွေကြ
သူလည်း သူ့နှလုံးသားနဲ့သူ
ငါလည်း ငါ့အနုပညာနဲ့ငါ။

မတော်တဆတွေကပဲ ကမ္ဘာကို ပြောင်းလဲခဲ့
ငါ့ကိုလည်း ပြောင်းလဲခဲ့
ပြောင်းလဲသမျှ ဦးညွတ်ဖို့ကျတော့
ငါ အခု
လရောင်ကို မော့မကြည့်ရဲတာ ဆန်းသလား။

သူ့ကိုချစ်သလို
ငါ့ကိုလည်း ချစ်ကြပါ။
မထင်ပါနဲ့
တပ်မက်မှုတွေက
အဆုပ်လိုက် အခိုင်လိုက်
ညွတ်လို့။

ညွတ်ကျလာတဲ့ လရောင်မှာ
ငါ့ကိုချစ်သလို သူ့ကိုလည်း ချစ်ကြပါ။

ထူထူပျစ်ပျစ် နံနက်ခင်း ရောက်လာ
ငါလည်း
အမှားအကျိုးဆောင်သူပါ။ ။

ပြေမြင့်


မြေပုံတစ်ချပ်နဲ့ မီးယပ်ခေါင်းကိုက်

သည်နေရာကို ရောက်ခဲ့ပုံက
ဇာတ်ရုံနောက်ပေါက်မှ
ဝင်ခဲ့သလိုမျိုး
စိုက်ပျိုးထားတဲ့ အနာတစ်ခု
တယုတယ ဆွတ်ကြင်
ဆေးမထည့်ချင်တော့။

ပြေးရင်းလွှားရင်း
မေ့ဆေးအငွေ့ အခိုးရှိုက်မိ
တိမ်တိုက်တစ်အုပ် သတိလစ်
ညစ်ထေးသော ပယောဂ
အမြင်တဆုံး အုံ့မှိုင်းညို
ထိုခဏ ကြေကွဲ
ဟင် .. ဦးနှောက်ဆဲလ် တစ်ခု
ဖုထစ်နေပါရော့လား။

ယောင်မှားမှုတွေ မေ့ဖျောက်
သူကတော့
တွန့်ခေါက်တောင်တန်းကြီးတွေလို
တင်းမာနေရဲ့

အဲဒါကလဲ တစ်ချိန်တုန်းက
နှုန်းအားမြင့် ပေါက်ကွဲမှု ကြောင့်တဲ့။ ။

မောင်သင်းမိုး