Monday, October 25, 2010
ကဗျာ၊ နိယာမ၊ ရှင်သန်ခြင်းဝိညာဉ် အစအနများ …………
ဒီကဗျာသုံးသပ်ချက်ကို ကျွန်တော် အောက်တိုဘာ ၂၄ ရက်နေ့မှာရေးပါတယ်။ စိတ်ထဲကို မီးရထားတစ်စီးလို အတွဲလိုက်ခုတ်မောင်းဖြတ်သန်းဝင်ရောက်လာတဲ့ ကဗျာတွေ … အတွဲအဆက်တွေ၊ မျဉ်းတွေ ထဲက ကျွန်တော်မြင်လိုက်တဲ့ / ရိပ်ခနဲတွေ့လိုက်တဲ့ … ပြောင်းလဲခြင်းနိယာမ၊ ကဗျာတစ်ပုဒ်ရဲ့ ချိန်သားကိုက်တိကျမှုနဲ့ အတိအကျ စွန့်လွှတ်နိုင်မှုတွေကို ကျွန်တော် ဇာတ်ကြောင်းပြန်ကြည့်တာပါ။ ခင်ဗျားတို့ ရင်ဘတ်ထဲမှာ နေရာလွတ်တွေရှိနေရင် ဖြည့်လို့ရနိုင်မယ့် အလင်းကို ကဗျာတစ်ချို့က သယ်ဆောင်လာတတ်တဲ့အကြောင်း …. အလေးအနက်မဟုတ်တဲ့ မိတ်ဖြစ်ဆွေဖြစ် အကြောင်းကြားမှုလေးတစ်ခုလောက်ပါပဲ။
ခါလီဂျီဗရန်တို့လက်ထက်ကတည်းက PROSE POETRY ရှိနေတာကို ၂၁ ရာစုကြမှ ကျွန်တော်တို့ အလန့်တကြားထကြည့်ဖြစ်တာကိုလည်း သူ့သဘောသူဆောင်တဲ့အတိုင်းထားလိုက်ကြရအောင်။ ကဗျာက ဘယ်ကလာလဲ ဘယ်ကိုသွားသလဲ … ကျွန်တော်တို့နဲ့ဆိုင်သလား ဆိုတဲ့မေးခွန်းသုံးခုနဲ့ပဲချဉ်းကပ်ပါတယ်။ ဘယ်ကမှမလာဘူး။ ဘယ်ကိုမှလည်းမသွားဘူး။ ကျွန်တော်တို့နဲ့လည်းမဆိုင်ဘူးဆိုရင် လောလောဆယ်တော့ ဒီကဗျာကို ခဏလောက်သိမ်းထားလိုက်ချင်တယ်။ ကြုံပြီး လိုလာတဲ့အချိန်ကြရင်တော့ဖတ်မယ်။ အခုကျွန်တော်ဖတ်လိုက်တဲ့ ကဗျာတွေကို ကလီရှေး* ဖြစ်သွားပြီလို့ သတ်မှတ်တဲ့သူတွေလည်းရှိမယ်။ အင်္ဂလိပ်စာမှာ ကလီရှေး* ကို အရေးကြီးတဲ့နေရာတွေမှ ဆက်လက်သုံးစွဲနေတာကိုတွေ့ရတာလေးနဲ့ နှိုင်းယှဉ်မိတယ်။ ကလီရှေး* ဖြစ်တယ်ဆိုတဲ့ နေရာနဲ့ ကလီရှေး* ဆက်လက်သုံးစွဲကြတဲ့နေရာနှစ်ခု၊နယ်ပယ်နှစ်ခု ၊ အယူအဆနှစ်ခုကို မျဉ်းတစ်ကြောင်းနဲ့ဆက်ဆွဲလိုက်တဲ့အယူအဆကို ကျွန်တော်ခိုင်ခိုင်ကြီးလက်ခံနေမိပါတယ်။
ကျွန်တော့်ကို နည်းနည်းယိမ်းယိုင်သွားစေခဲ့တဲ့ ၀င်းမောင်ရဲ့ ချုပ်ရိုးပေါ်ကနွေ နဲ့စလိုက်ကြရအောင်။ ဟန်သစ်၊ ဇူလိုင် ၁၉၉၄ က ကဗျာလေးတစ်ပုဒ်ဟာ နှစ်ပေါင်း ၁၆ နှစ်အကြာမှာ ကဗျာဖတ်နေတဲ့သူတစ်ယောက်ရဲ့ စိတ်ကို လာပြီးလှုပ်နှိုးနိုင်တယ်ဆိုတာလေးကို ကျွန်တော်တွေးကြည့်ပါတယ်။ ကဗျာဟာ ရှင်သန်နေတယ်။ ကဗျာဟာ အသက်ရှိတယ်။ ကဗျာဟာ သူ့အလုပ်သူလုပ်တယ်။ အဲဒါတွေကို ကျွန်တော်တွေးပါတယ်။
ချုပ်ရိုးပေါ်ကနွေ
သေတာနဲ့
ရှင်တာကို
အမြီးကစပြီး မျိုခဲ့တယ်
အပ်နှစ်စင်းထိခွင့်ရတဲ့နေ့က။
ထိုမှအစ
မှားမှန်းမသိခင် မှားခဲ့
မှားမှန်းသိတော့လည်း ပိုမှားခဲ့
ဒါ ငါ့ရဲ့ အားကစား ထူးချွန်ဆု တစ်ခုပါ။
အခုမှ
အလဟဿဖြုန်းတီးမိတဲ့
နောင်တနဲ့ နေ့စဉ်
ကိုယ့်အတ္တကို အလှပြင်လို့
ငယ်သံပါအောင် အော်ခေါ်ခဲ့
ကောင်းကောင်းနေချင်တဲ့စိတ်တွေ
ကောင်းကောင်းစားချင်တဲ့စိတ်တွေ
ကောင်းကောင်းဝတ်ချင်တဲ့စိတ်တွေ
အဲဒီ မိုက်တွင်းနက်နက်ထဲမှာလေ။
လူဘ၀ဟာသတစ်ခုမှာ
ဘယ်လိုမှ ရယ်စရာမကောင်းလို့
ရယ်ရ
နောက်ထပ်ပြကွက်တစ်ခု
ငါနဲ့တည့်အောင်မနေတတ်ခဲ့တာလည်းပါ
ဒါ တစ်သက်လုံး တောင့်တင်းနေခဲ့တဲ့ဝေဒနာပဲ။
ဒီမှာ
ငါမှတ်သားမိသလောက်တော့
ငယ်ငယ်တုန်းကနွေဟာ
အခုလောက်မပူတာသိပ်သေချာတယ်။ ။
ကျွန်တော် ထပ်ပြန်တလဲလဲအမှားတွေကို ထပ်မလုပ်ချင်တော့လို့ ဒီကဗျာကို ဖွင့်ဆိုဖို့ မကြိုးစားတော့ဘူး။ အဲဒီအချိန်က အလေ့ကျဖြစ်ထွန်းခဲ့တဲ့၊ ဒါမှမဟုတ် စနစ်တကျ သင်ယူခဲ့ကြတဲ့ အသံစီးဆင်းမှု အရ၊ ကဗျာက ပြေပြစ်စွာစီးဆင်းနေတယ်။ အခုအချိန်မှာ အများဆုံးပြောစရာဖြစ်မှာက နိဂုံးကိစ္စပဲ။ ကဗျာက နိဂုံးပါရမယ်ဆိုတာကို အခုအချိန်မှာ အတော်လေးပြောရခက်သွားပြီ။ ဒီမှာ ငါမှတ်သားမိသလောက်တော့ ဆိုပြီး လှမ်းအော်ပြောလိုက်တာ ကျွန်တော့်ကိုလား၊ ဒါမှမဟုတ် ကိုယ့်စိတ်ကို ကဗျာဆရာက လှမ်းပြောတာလား၊ သတင်းပို့တာလား။ ရှေးဆုံးမစာတွေကလို နိတိတစ်ခုခုကိုပေးတာလား။ အဲဒါတွေကိုတွေးကြည့်လို့လည်းရတယ်။ ခင်များတို့ဟာ လွန်ခဲ့တဲ့ နှစ်ပါင်း ၂၀၀၀ ကျော်မှာနေခဲ့တဲ့သူတွေဆိုရင် ကမ္ဘာကြီးဟာ အပြားကြီးလို့ပဲ သိခဲ့ကြမှာမဟုတ်လား။ အခုအချိန်မှာသိတဲ့အသိတွေဟာ အရင်တချိန်က သိတဲ့အသိတွေမဟုတ်တော့ဘူး။ ပိုပြီးသေချာတာက ကမ္ဘာကြီးဟာ အလုံးကြီးဆိုတာကို ကိုယ်တိုင်သိလိုက်ရတာမဟုတ်ဘူး။ တခြားတစ်ယောက်ပြောလိုက်လို့သိလိုက်ရတာ။ အလုံးတောင်မှ လိမ္မော်သီးလို လုံးသလား၊ ရှောက်ချိုသီးလိုလုံးသလား၊ သစ်တော်သီးလိုလုံးသလား သေသေချာချာသိရဲ့လားဆိုရင် ဘယ်လိုများဖြေမလဲ ………….။ …………………………………………………………………………………..။ ကဗျာတစ်ပုဒ်စိတ်ထဲကို ချဉ်းနင်းဝင်ရောက်လာတဲ့ကိစ္စမှာ …………….ခြံတံခါးဖွင့်ပေးခြင်း၊ ဆီးကြို ခရီးဦးကြိုပြုခြင်း၊ ၀မ်းသာအဲလဲ ပွေ့ဖက်ခြင်း၊ကြည်သာရွှင်ပြ နေရာပေးခြင်းတွေ ….ပါရဲ့လား။ ကျွန်တော်ကတော့ မပါဘူးလို့ယုံတယ်။ ကဗျာက သူ့အလုပ်သူလုပ်မယ်။ ကျွန်တော်တို့စိတ်က သိမှတ်ပြီးသားကိစ္စတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး၊ ဒါမှမဟုတ် ထောက်ကန် အညမညပြုပြီး၊ ခံစားလိုက်မယ်။ သို့တည်းမဟုတ် ရယ်သွမ်းသွေးမယ်။ ဒီလောက်ပါပဲ။
ကျွန်တော်ဆီကို ဆက်လက်တိုးဝင်လာတဲ့ကဗျာတွေကတော့ စန်းဦးရဲ့ အခြားသော သရုပ်ဆောင်များနှင့် … ခင်ဗျား ဆိုတဲ့ကဗျာစာအုပ်ထဲက ကဗျာသုံးပုဒ်ပါ။ ဘုရားတွေဟာ ဘုရားဖြစ်မဖြစ် ဇိနတ္ထပက္ကာသနီနဲ့ တိုင်ဆိုင်ကြည့်လို့ရပါတယ်။ ကဗျာတွေကိုရော ဘာတွေနဲ့တိုက်ဆိုင်ကြသလဲ။ လူတစ်ယောက်ရဲ့စက္ကန့်မလပ်ပြောင်းနေတဲ့စိတ်နဲ့ ကဗျာဟုတ်/မဟုတ်/သလိုလို ကိစ္စတွေကို စံသတ်မှတ်ဖို့ပြဿနာရှိနိုင်ပါတယ်။ Rock ဂီတသမားတွေဟာ Hip Hop ကို ဂီတတစ်ခုလို့ လက်ခံဖို့ခက်သလိုပေါ့။ ထံတျာတေရှင်တွေကတော့ Rock ရော Hip Hop ကိုပါ ဂီတလို့သတ်မှတ်လို့မရသလို၊ Hip Hop သမားတွေနဲ့ Rocker တွေဟာ ထံတျာတေရှင်တွေကို ဂီတတစ်ရပ်အနေနဲ့လေ့လာဖို့ အာသဝေါကုန်သွားပါတယ်။ ကြုံလို့ပြောရရင် မှန်တွေအကြောင်းနည်းနည်းပြောချင်တယ်။ သူ့အမြင်ကိုယ့်အမြင်လို့ ပြောလေ့ရှိကြတယ်။ ဆံပင်ညှပ်ဆိုင်မှာ ထောင်ထားတဲ့ မျက်နှာချင်းဆိုင်မှန်နှစ်ချက်လို .. သူ့ထဲမှာ ကိုယ့်ကိုမြင်ပြီး … ကိုယ်မြင်နေရတဲ့ကိုယ့်ပုံရိပ်ထဲမှာ သူ့ကိုပြန်မြင်နေရသလိုပါပဲ ……….ကဗျာတွေဟာ …………….. မှန်နှစ်ချက်ကြားက knowledge transfer လုပ်နေတဲ့ ဖြစ်ရပ်လေးတစ်ခုလို ……………………….။
ငါးမျှားခြင်း
ကမ်းစပ်မှာ
ငါးများ၊ ပီတိများနဲ့
ကိုယ် နေထိုင်ရာ
ထိုသူ ရောက်လာခဲ့။
“ဒါ … ငါးအစစ်တွေလား”
“ဟာဗျာ
ဒါ … ကိုယ်တိုင် သီတံတပ်
ကိုယ်တိုင် အချိန်ပေးပြီး
ဒီမြစ်ထဲက ရခဲ့တဲ့ ငါးတွေပါ”
“အေးလေ
အဲဒီ မြစ်ထဲမှာ
ငါးအစစ်တွေ မရှိခဲ့ဘူးဆိုရင်ပေါ့”
ပြောပြီး … သူထွက်သွား။
အို…
ကိုယ်ပြန် ရေရွတ်နေ
အခါခါ ရေရွတ်နေ …။
ဟုတ်တယ်
မြစ်ထဲမှာ ငါးအစစ်တွေ မရှိတော့ဘူးဆိုရင်
ဘယ်လို လုပ်ကြမလဲလို့ တွေးမိ။ ။
ကဗျာဆရာက သူ့ဘာသာသူငါမျှားရမှာပျင်းလို့ ကျွန်တော်တို့ရဲ့ အာရုံကို လာမျှားနေတယ်။ …. ပျော်စရာကိစ္စတစ်ရပ်လို့ခံစားရတယ်။ နောက်ထပ် ကြောင်တစ်ကြောင်ထပ်ပို့ပေးလိုက်မယ်။ ကျွန်တော့်လက်ကိုရော စိတ်ကိုရော အတော်ကလေး ကုတ်သွားတဲ့ကြောင်မလေးတစ်ကောင်၊ ခင်ဗျားလည်း သတိထားပြီးမွေးမြူဖတ်ရှူပါဦး။
ကြောင်တစ်ကောင်နဲ့ လူ၏ထောင့်များ
ကြောင်တစ်ကောင် ကောက်ရတယ်
သူ့လည်စီးလှလှမှာ စာတစ်စောင်
ပိုင်ရှင်ရဲ့ထောင့်တစ်ခုကို
အကြိမ်ကြိမ် ကုတ်ခြစ်ခံရလို့
စွန့်ပစ်လိုက်သတဲ့။
လူသွားလမ်းပေါ်မှာ
ငါ ကြောင်ကို ပိုက်ပြီးငေးမော
ဟောဒီ ထိုင်းထိုင်းမှိုင်းမှိုင်း လေပြည်အောက်မှာ
ဟောဒီ ချို့တဲ့မှု မီးရောင်အောက်မှာ
ငါ ကြောင်ကိုပိုက်ပြီး ငေးမော
ငါက ကြောင်ကို မပွတ်သပ်ရဘဲ
ကြောင်က ငါ့ကို ပွတ်သပ်တယ်
ဘယ်အရာမှန်းမသိ
ငါ့နှလုံးအိမ်ထဲ တိုးလျှိုးသွား
ငါမမှတ်မိတဲ့ ငါ့အရေပြားတွေကို ပွတ်သပ်လို့
ငါသတိမပြုမိတဲ့ ထောင့်များဆီကို
ပြန်သွားနေမိ
ငါ့ကိုယ်ငါ လိပ်ယူပြီး ငါပစ်ထည့်ထားတဲ့ထောင့်များ။
ထောင့်ဆိုတာ
အရပ်လေးမျက်နှာထဲကမှ
နှစ်မျက်နှာကို စွန့်ပစ်ဖုံးကွယ်ထားရတဲ့ကိစ္စ
လူတွေမှာထောင့်တစ်ခုမက ရှိနိုင်တယ်
ဒါကို ပေါက်ပြဲအောင် အကြိမ်ကြိမ်နှိုးဆွ
ဘယ်သူ အကုတ်ခြစ်ခံနိုင်ပါ့မလဲ။
လွှတ်ချလိုက်မိရဲ့
ပါလာတဲ့စာကိုတောင် မဖြုတ်လိုက်တော့
လူသွားလမ်းပေါ်မှာ
ပိုင်ရှင်ရဲ့ထောင့်တစ်ခုကို အကြိမ်ကြိမ်ကုတ်ခြစ်လို့
စွန့်ပစ်ခံရတဲ့ ကြောင်တစ်ကောင်။ ။
အခြားသော သရုပ်ဆောင်များ နှင့်ခင်ဗျား
ရပ်ကွက်ကြီး ဆူညံနေပုံ
ဘောလုံးကန်ပုံ
လက်ချင်း ဆုပ်ကိုင်ထားပုံ
စာအုပ်ပုံကြား ဖြတ်ပြေးပုံ
ရေသွန်ချပုံ
ကားတံခါးပိတ်ပုံ
စကားကိုဟန်နဲ့ ပြောပုံ
ရေဒီယိုနဲ့ နားရွက်နဲ့ ကပ်ထားပုံ
ထော့နင်းထော့နင်း လမ်းလျှောက်ပုံ
ခွေးကို ငေါက်ငမ်းပုံ
ဓာတ်တိုင်ဘေး ငေးကြည့်ပုံ
အင်္ကျီရေစိုအောက် အတွင်းခံပေါ်ပုံ
ဆွဲငင်သံနဲ့ လက်ဝါးဖြန့်ပုံ
အိမ်အ၀င် ခြေထောက်ဆေးပုံ
ကြွတ်ကြွတ်အိတ် ဆွဲလာပုံ
နွားနို့ခြင်း ရွက်ပုံ
မုန့်ထုပ် ကိုက်ဖောက်ပုံ
လက်ဖက်ရည် မော့ချပုံ
ငွေစက္ကူ ရေတွက်ပုံ
ဝမ်းနည်းပြီး ငိုပုံ
အော်ခေါ်ပုံ
ရေစည်လှည်း တွန်းပုံ
မှတ်တိုင်မှာ ကားမျှော်ပုံ
မြောင်းဖောက်ချပုံ
လမ်းကိုကြည့်ပြီး ထိုင်ပုံ
သပိတ် ပိုက်ထားပုံ
ဗီဒိယိုအခွေ ချိုင်းကြားညှပ်ထားပုံ
ငုံ့နေပုံ
ကွမ်းသွေး ထွေးလိုက်ပုံ
မိုးကြိုးပစ်ချတဲ့ အသံကို လန့်ပုံ
အသီး ခူးနေပုံ
ထီးထမ်း လမ်းလျှောက်ပုံ
သတင်းစာ ကြည့်ပုံ
ထီကား ရပ်ပုံ
ပုလင်း လှမ်းကိုင်ပုံ
ပခုံး ဖက်သွားပုံ
ဆိုက်ကားကို ကွေ့ချလိုက်ပုံ
ဖျတ်ခနဲ နာရီကြည့်ပုံ
မိုးကာ အင်္ကျီ ဆွဲစေ့နေပုံ
တစ်ခေါက် ပြန်ဖတ်ပုံ
အချော ရေးပုံ
အယ်ဒီတာ့ထံ ပို့ပုံ
ကွန်ပျူတာ စာစီပုံ
သရုပ်ဖော် ရေးဆွဲပုံ
ပုံနှိပ်ပုံ
စာအုပ်ချုပ်ပုံ
ဟုတ်ပြီ
အခု … ခင်များတို့ ကဗျာဖတ်နေတဲ့ပုံ ။ ။
ဒီကဗျာလေးကတော့ သပ်သပ်ရပ်ရပ် ဖြစ်စဉ်လေးတစ်ခုကို တစ်ကွက်ခြင်းပြနေသလိုလေးပေါ့။ ကဗျာရဲ့ process ကို အစအဆုံးရေးသွားသလိုမျိုးလေး ဆန်းသစ်ထားတယ်။ ကဗျာရေးတာကို ကဗျာထဲပြန်ထည့်ရေးရမယ်ဆိုတဲ့ သီအိုရီ ခပ်ဖွံ့ဖွံ့ကြီးတွေနဲ့ အကိုက်ကြီးကိုက်သွားမယ်လို့မျှော်လင့်ရပါတယ်။ ကဗျာမှာထူးခြားတာတစ်ခုက မြန်မာတွေမှ နားလည်မယ့်ကဗျာလို့ ခံစားရပါတယ်။ အဲဒီမြင်ကွင်းတွေအားလုံးရှိတာ အရှေ့တောင်အာရှမှာရော၊ ကမ္ဘာမှာပါ မြန်မာအပြင် မြန်မာပဲရှိတဲ့အတွက် မြန်မာပြည်သားတွေအတွက် ကဗျာလို့ခံစားရပါတယ်။
ကဗျာတစ်ပုဒ်ကို တစ်ခေါက်တည်းနဲ့ ရင်ဘတ်ထဲမရောက်ရင် ထားလိုက်ပါဦး။ သူ့အချိန်မတန်သေးလို့ပဲမရောက်သေးတာလည်းဖြစ်နိုင်ပါတယ်။ ကဗျာဖတ်ရတာလည်း စိတ်ရှည်လက်ရှည်ဖတ်ရပါတယ်။ တစ်ချို့ကဗျာတွေဟာ စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်းငြိသွားတတ်ပါတယ်။ အဲဒီကဗျာမျိုးကို ကျွန်တော်တို့မေ့လို့မရတော့ဘူး။ ဒါဟာ အသက်ရှူတဲ့ကိစ္စလိုပဲ ကျွန်တော်တို့ရဲ့ဘ၀ထဲ ကပ်ပါလာတော့တာပါပဲ။
တစ်ခါတစ်လေ မြန်မာကဗျာတွေထဲမှာ ပြင်သစ်မြို့၊ အိုင်ဖယ်လ်တာဝါ၊ နျူယော့ခ် နဲ့ ၀ါရှင်တန် … ၊ လစ်ဘာတီရုပ်တုနဲ့ လွတ်လပ်ရေးကြေငြာစာတမ်းတွေနေရာယူကြတယ်။ တစ်ခါမှ နိုင်ငံခြားမရောက်ဘူးတဲ့ ကဗျာဆရာတွေရဲ့ ရင်ဘတ်ထဲကို နိုင်ငံတကာကမြို့တွေ နဲ့ အထိမ်းအမှတ် အမှတ်အသားတွေ စီးဆင်းဝင်ရောက်လာတာ စာပေရဲ့သက်ရောက်မှုလို့ပဲထင်တယ်။ စာပေအားဖြင့် ယဉ်ကျေးမှုတွေဟာ ရင်းနှီးလာကြတယ်။ နှလုံးသားချင်း နီးလာကြတယ်။ ခံစားမှုချင်း အပူဒဏ်ချင်းနီးလာကြတယ်။ ဂျပန်တွေရေးတဲ့ နျူကလီးယားဗုံး အကြောင်းဟာ လူသားတိုင်းရဲ့ရင်ဘတ်ထဲမှာ ပူလောင်သွားသလို .. နာဂါဆာကီ၊ ဟီရိုရှီးမား … ကျွန်တော်တို့ စိတ်ထဲမှာစွဲသွားတယ်။ ကျွန်တော်တို့တွေဟာ နေထိုင်ရာ ၀န်းကျင်က အဖြစ်အပျက်တွေကို ခံစားလိုက်ရတဲ့အခါ …. ပိုပြီးထိထိခိုက်ခိုက်ဖြစ်ကြရတယ်။ တစ်ဆင့်သိမြို့ကြီးတွေကနေ ရန်ကုန်မြို့တော်ဆီကို ပြန်ခေါ်ထုတ်သွားတဲ့ကဗျာလေးတစ်ပုဒ်ကို မိုးဃ်ဇော်က ရေးခဲ့ပါတယ်။
ရန်ကုန်ည
ဆုပ်ကိုင်နိုင်သမျှ ဆုပ်ကိုင်
ရပ်တည်နိုင်သမျှရပ်ထား
ဘာမှ အလကား မရဘူးဆိုလို့
စတိုးဆိုင်ရှေ့က လမ်းဖြတ်ကူးခဲ့တယ်။
ဒီမှာလေ
ကျပ်မပြည့်တဲ့ညဉ့်ငှက်တွေ
တစ်ဖန် ပြန်လည်ရှင်သန်ထမြောက်လာကြတဲ့
ရန်ကုန်ဆိုတဲ့ ရန်ကုန်ညမှာ
ပန်းဆိုးတန်းတစ်ဝိုက်
လမ်းသလားကြည့်လိုက်တော့
ရန်ကုန်ညဟာ
ကားမီးရောင်နဲ့တုန်နေရဲ့။
ဒီခေတ်မှာ
နာတာရှည်ရောဂါကို
ဆေးမြီးတိုနဲ့ ကုသချင်လို့ မဖြစ်ဘူး။
ညပလက်ဖောင်းပေါ်က
အမျိုးကောင်းသမီးလေးရယ်
ဘ၀ဆိုတာ
ဂွဒ်မောနင်းပေါင်မုန့်စိမ်ထားတဲ့ နို့တစ်ခွက်ပေါ့
သေခြင်းတရားဆိုတာတော့
သတ္တ၀ါတိုင်း ရရှိမယ့် အချိန်ပို လုပ်အားခပဲ။
လန့်နိုးခဲ့တဲ့ အိမ်မက်အတွက်
ဒေါသထွက်နေလို့လည်း အပို
ရှယ်လီကိုရွတ်ဆို
ဘိုနိုကို ဂုဏ်ပြု
မသမာမှုမှန်သမျှ
လက်တကမ်းက ရင်ဆိုင်ထားလိုက်မယ်။
ဒီကနေ့ ည မိုးကောင်းကင်မှာ
မိုးသားတိမ်လိပ်တွေ ကင်းစင်ပါရဲ့လား
ခင်ဗျားတို့ရဲ့ သွေးထဲမှာရော
ပိုးမွှားတွေ သန့်စင်ပါရဲ့လား
သံသရာ ချားရဟတ်ထဲမှာ
ငွေကြယ်ကလေးတွေပွင့်ခဲ့လို့
ကိုယ့်ဘ၀ကိုယ် မက်မောမိပြန်တယ်
တကယ်ဆိုရင်
တို့သွေးသားဟာ
အမှန်တရားနဲ့သာ တည်ဆောက်သင့်ပေရဲ့။
သြော် …
အနော်ရထာလမ်းမကြီးက
ခြေသံတွေကို ထမ်းထားဆဲ
ချွေးတစိုစို လူတန်းကြီးတွေနဲ့
ခုံးကျော်တံတားတွေအောက်
ဘ၀တွေ စီးဆင်းနေလေရဲ့။
ဘယ်ဆီဘယ်ဝယ်မသိ
ဘ၀တွေ စီးဆင်းနေလေရဲ့။
စစ်ကြီး အတွင်းတုန်းက
ရန်ကုန်ညမှာ
ဗုံးခိုကျင်းတွေ တူးခဲ့တယ်။
စစ်ကြီးအတွင်းတုန်းက
ရန်ကုန်ညကို
ဗြိတိသျှစစ်သားတွေ ဆုတ်ခွာခဲ့ကြတယ်။
စစ်ကြီးအတွင်းတုန်းက
“ကင်ပေတိုင်” ရုံးခန်းဟာ
“ရွှေဂုံတိုင်” မီးပွိုင့်နားမှာ ရှိခဲ့တယ်။
စစ်ကြီးပြီးပြန်တော့
ရန်ကုန်ညမှာ
အင်းစိန်တိုက်ပွဲဖြစ်ခဲ့တယ်။
ဒီလိုနဲ့
ရန်ကုန်ညမှာ
“မိုရှေဒါယန်း” အိပ်စက်ခဲ့
“ချူအင်လိုင်း” အိပ်စက်ခဲ့
“ချာဗလစ်ယောင်ချိုင်ယု” လည်း အိပ်စက်ခဲ့။
အခုတော့ ရန်ကုန်ညဟာ
ပြီးခဲ့တဲ့စစ်ကြီးကို မေ့လို့
ကြုံခဲ့တဲ့ ဒုက္ခတွေကို မေ့လို့
“အဖော်” ကို ဟိုတယ်ပေါ်မှာ ဝေငှလို့
လူငယ်တွေ ကြယ်လို ကခုန်လို့
မရေရာတဲ့ ဆော့(ဖ)၀ဲတွေနဲ့
ရန်ကုန်ညဟာ သက်ဝင်လှုပ်ရှားလို့။
ဟဲလို … ရန်ကုန်ညရေ
သင်နဲ့ နှစ်ဥိးသဘောတူ ပွေ့ဖက်ပြီး
သင်နဲ့ နှစ်ဦးသဘောတူ အိပ်စက်ခဲ့ရတာ
အကုန်အကျ များလွန်းလှပေမယ့်
အခုအထိ မငြီးငွေ့နိုင်တာ ဘ၀ပေါ့
ဂိတ်ထိုးလိုက်တဲ့ အောက်ဆိုက်ကားလေးပေါ်
အနာဂတ်ကို မျှော်ပြီး တက်လိုက်တယ်။
ခုံးကျော်တံတားကြီးတွေအောက်
ဘ၀တွေ စီးဆင်းသွားရှာပြီ။
(ရုပ်ရှင်တေးကဗျာ ဒီဇင်ဘာ ၂၀၀၆။ ရွှေအမြုတေ စာပေဆု ၂၀၀၇)
ဒီကဗျာကတော့ ကျွန်တော်တို့ရဲ့ကျဆုံးမှုတွေကို တသီကြီးတွေ့ရပါတယ်။ အဲဒီမှာ ဘာတွေဖြစ်ပျက်နေလဲ … မဖြစ်ဘဲ ပျက်နေလဲ ဆိုတာတွေကို ….သိပြီးသားတရားကို နောက်တစ်ခါ နာဘူးထပ်မံလိုက်ရသလို …စိတ်ရော … စေတသိက်ပါ အောင့်သက်သက်နင့်နင့်နဲနဲ နာကျင်ရပါတယ်။ ကဗျာဆိုတာထက် အရှိအတိုင်း အကျဉ်းချုပ်ရေးထားတဲ့ ရန်ကုန်ညလေးတစ်ညလို့ပဲ ပိုခံစားရပါတယ်။ အခုတော့ သမိုင်းကို ထုံးသုတ်လိုက်သလို အညစ်အကြေးကို အဖြူရောင်ညစ်ထေးမှုနဲ့ ထပ်အုပ်လိုက်သလို ပုံဖျက်ထားလိုက်တဲ့မြိုကလေးတစ်မြို့ …..။ သမိုင်းဝင်ကြေကွဲမှုတွေနဲ့ … အစစအရာရာ ပျက်သုဉ်းသွားခဲ့တဲ့ ညကလေးတစ်ည …….. ကြေကွဲဖွယ်ဇာတ်ကားကြီးကို ၀င်ရောက်စွက်ဖက်ခွင့်မရှိ၊ ရုံထဲက ထွက်ခွင့်မရ အစအဆုံးကြည့်လိုက်ရသလို …. မွန်းကြပ်တဲ့ ရသတစ်ချို့ ရလိုက်ပါတယ်။ …………..။
ကဗျာအားဖြင့်။ ကဗျာနှင့်အတူ ……..၊ ကဗျာနှင့်အမျှ ………………..ကျွန်တော် နိဂုံးချုပ်လိုက်ပါတယ်။
Zephyr
2 Comments:
ကြောင်ဆိုတဲ့ ကဗျာက အထိဆုံးပဲ (ခု လာဖတ်တဲ့ အချိန် စိတ်အခံနဲ့)။
ငါးမျှားခြင်းကဗျာကိုနှစ်သက်တယ်
Post a Comment