Wednesday, January 12, 2011
လောကဓံချုပ်ရိုးများ
လူတိုင်း အနည်းနဲ့အများ ဘ၀မှာ လဲကျခဲ့ဖူးမှာပါ။
နောက်ဆုံးပြန်ထလာစရာ မျှော်လင့်ချက်မရှိတော့တဲ့အထိ လဲကျဖူးသူတွေလည်းရှိမယ်။
ကျွန်တော့်မှာလည်း ဒဏ်ရာတစ်ချို့ရှိပါတယ်။ စီးပွားပျက်သွားတဲ့ ၁၉၉၉ (ဆယ်တန်းဖြေခါနီး၊အချိန်မီမွဲသွားတာ)၊ သိပ်ချစ်စရာကောင်တဲ့ ချောကလက်ဆိုတဲ့ ခွေးမလေး ကျွန်တော့်လက်ပေါ်မှာဆုံးသွားတဲ့ ၂၀၀၅၊ ရည်းစားဦးနဲ့ပြတ်သွားတဲ့၂၀၀၇ (၂၀၀၇ထင်တယ်၊ ၀ိုးတိုးဝါးတားဖြစ်နေတယ်။) မွေးမိခင်ကြီးဆုံးပါးသွားတဲ့ ၂၀၀၈ အောက်တိုဘာ ၁၂ နဲ့ ဟိုတစ်ပတ်က .. ဘာအကြောင်းပြချက်မှမရှိဘဲ ရုတ်တရတ် စိတ်သေသလိုသေသွားတဲ့ အချိန်တွေ .............................။
ကဗျာတစ်ပုဒ်ဟာ သူ့အချိန်နဲ့သူဖတ်ရင် ကောင်းပါတယ်။ အရသာလည်းပိုရှိပါတယ်။ အခု ကျွန်တော် ဒဏ်ရာပြပွဲလေးတစ်ခုလုပ်တာပါ။ ခေါင်းစဉ်က လောကဓံချုပ်ရိုးများဖြစ်ပါတယ်။ ကမ္ဘာတ၀ှမ်းက သေလုမျောပါးစိတ်တွေအတွက် ရည်ရွယ်ပါတယ်။ ဘယ်လိုမှသဘောမထားပါနဲ့ ... သင်အခုရောက်နေတာ ဖယောင်းတိုင်လေး တစ်တိုင်ပဲထွန်းထားတဲ့ အမှောင်အသာစီးရထားတဲ့ အခန်းလေးတစ်ခုလို့ စိတ်ထဲမှာ သတ်မှတ်ထားလိုက်ပါ။
ကြည်မောင်သန်းကိုပဲစပြီးရွတ်ခိုင်းလိုက်တယ်။ သူရဲ့ ကြယ်ကလေး အကြောင်း။
ကျွန်တော်ရဲ့ကြယ်ပွင့်လေး
ကျွန်တော်မသိတဲ့ ပင်လယ်က
ကျွန်တော်မသိတဲ့ ရေတွေနဲ့ တွင်ကျယ်ခမ်းနားလို့
ကျွန်တော်မသိတဲ့ မြေပြင်ပေါ်မှာ
ကျွန်တော်မသိတဲ့ သစ်ပင်တွေ ရှင်သန်ကြီးထွားလို့
ကျွန်တော်မသိတဲ့ လေထုထဲမှာ
ကျွန်တော်မသိတဲ့ ငှက်တွေပျံဝဲလို့
ကျွန်တော်မသိတဲ့ မီးတောင်ထိပ်ကနေ
ကျွန်တော်မသိတဲ့ ချော်ရည်ပူတွေ စီးဆင်းလာ။
ကျွန်တော်သိတဲ့ ကောင်းကင်ပေါ်မှာတော့
ကျွန်တော်သိတဲ့ ကြယ်ပွင့်လေးတစ်ပွင့်ဟာ
ပန်းတစ်ပွင့်လို ပွင့်နေရဲ့။ ။
ကြည်မောင်သန်း(လှသန်း)-မေ ၂၀၀၁ Fashion Image
ကြယ်ကလေးရှိနေတဲ့စိတ် ... ရှိနေတာသေချာတဲ့စိတ် ..... ကျေနပ်နေတဲ့စိတ်၊ ဘာမှမလိုအပ်တော့ဘူးလို့စိတ်ချထားတဲ့စိတ်၊ အဲဒီကဗျာထဲမှာ အများကြီးကြားရမယ်။ ကျွန်တော်တို့ဆီမှာလည်း ကြယ်ကလေးတွေရှိပါတယ်။ မရေတွက်မိပေမယ့် တန်ဖိုးထားနေမိတဲ့ကြယ်ကလေးတွေ၊ တစ်ချို့လည်းပုလင်းထဲမှာ၊ တစ်ချို့လည်း ဓားဖျားမှာ၊ တစ်ချို့လည်း ဥပေက္ခာစည်းရဲ့ တစ်ခြားတစ်ဖက်မှာ ....ကြယ်ကလေးတွေ ... သူ့သဘာဝအတိုင်း လက်လက်မွတ်မွတ်ကြယ်ကလေးတွေ၊ ကျွန်တော်တို့ကောင်းကင်မှာလား။ ကျွန်တော်တို့ကောင်းကင်လို့ ထင်မှတ်မိတဲ့ကောင်းကင်မှာလား .......ကြယ်ကလေးရှိခဲ့တယ်။
ဘ၀ဆိုတာကလဲ ဘောလုံးပွဲတစ်ပွဲ အချိန်ပိုကစားပြီး ဆက်ပြီး သရေကျနေလို့ မိနစ်အပိုတွေထပ်ကစားပြီး ... ပယ်နယ်တီကန်ချိန်မှာ လွဲသွားတဲ့ ဘောလုံးသမားလို ............မော ရတာမျိုးပါ။ .......... အဲဒီအမောကို ကျွန်တော်တို့ ကဗျာတစ်ပုဒ်နဲ့ ပြောဆိုကြည့်ရင် ........မြုံနေတဲ့ အနာ ....ဆိုတဲ့ကဗျာကိုပဲရွတ်ရလိမ့်မယ်။
မြုံနေတဲ့ အနာ
ငှက်တွေတောင် အိမ်ပြန်ကုန်ကြပြီ
ငါ့မှာသာ အိမ်မပြန်နိုင်သေး
နေ့ဟာ ကြွေကာနီး သစ်သီးတစ်လုံးလို
ပြီးပြည့်စုံစွာ ၀င်းမှည့်နေလေရဲ့
ရှင်းမပြတတ်အောင်ဘဲ ဖြစ်ရတယ် ညနေရယ်
မောလိုက်တာ ...
ကိုယ့်ရဲ့ တစ်နေ့တာ ပင်ပန်းမှုတွေကို
ဘယ်သူ့ကို ပြောပြရပါ့
တကယ်ဆို ပြောပြဖို့ရော လိုအပ်လို့လား
ဆည်းဆာရဲ့ ကျောပေါ်ကို
ကိုယ့်ရဲ့ အမောတွေ မတင်မိဖို့
မနည်း သတိထားနေရတယ်။
ကြည်မောင်သန်း(လှသန်း)-ဇွန် ၂၀၀၀ ရွက်နုဝေ
မောလာတော့ ကဗျာတစ်ပုဒ်ကို သတိရသွားတယ်။ ရေဗူးလေးဆိုတဲ့ကဗျာ။
ရေဗူးလေး
တစ်နေရာထဲငြိမ်ပြီးရပ်တယ်။
ရေသောက်ထားသမျှကို သောက်ထားတဲ့အတိုင်း၊
အဖုံးကိုလုံအောင်ပိတ်ပြီး၊
ဘ၀ကိုရေငွေ့မပျံဖို့ကြိုးစားတယ်။
ရင်ဘတ်မှာအစင်းရာအထပ်ထပ်၊
အသည်းကွဲမှုဒီဂရီတွေ၊
မီလီမီတာအားဖြင့်၊
ချစ်ခြင်း၊စိတ်နာခြင်း၊အမျက်ဒေါသအားဖြင့်၊
တိုင်းတာတယ်။
ပိုးလောက်လန်းမလာရ။
ရည်းစားဟောင်းမလာရ။
ခြင်စစ်စစ်နဲ့ ရည်းစားအစစ်ပဲဝဲပျံခွင့်ြ့ပုတယ်။
ငြိမ်ငြိမ်လေးရပ်နေတယ်။
စိတ်ကို အဖုံးပိတ်ပြီး .....။
ရေဆာနေတဲ့ခရီးသွားတွေနဲ့ဝေးရာ ..........။
ဆိပ်ကမ်းပြန်မလာတော့တဲ့ သင်္ဘောတစ်စီး မုန်တိုင်းဆီထွက်ခွာသွားသလို ။ ။
တစ်နေရာထဲငြိမ်ပြီးရပ်တယ်။
ရေသောက်ထားသမျှကို သောက်ထားတဲ့
အဖုံးကိုလုံအောင်ပိတ်ပြီး၊
ဘ၀ကိုရေငွေ့မပျံဖို့ကြိုးစားတယ်
ရင်ဘတ်မှာအစင်းရာအထပ်ထပ်၊
အသည်းကွဲမှုဒီဂရီတွေ၊
မီလီမီတာအားဖြင့်၊
ချစ်ခြင်း၊စိတ်နာခြင်း၊အမျက်ဒေါ
တိုင်းတာတယ်။
ပိုးလောက်လန်းမလာရ။
ရည်းစားဟောင်းမလာရ။
ခြင်စစ်စစ်နဲ့ ရည်းစားအစစ်ပဲဝဲပျံခွင့်ြ့ပုတယ်
ငြိမ်ငြိမ်လေးရပ်နေတယ်။
စိတ်ကို အဖုံးပိတ်ပြီး .....။
ရေဆာနေတဲ့ခရီးသွားတွေနဲ့ဝေးရာ ..........။
ဆိပ်ကမ်းပြန်မလာတော့တဲ့ သင်္ဘောတစ်စီး မုန်တိုင်းဆီထွက်ခွာသွားသလို ။ ။
Zephyr,2010,Nov
ကစားပွဲကနေ မထွက်နိုင်တာဘာကြောင့်လဲ။ ........... စိတ်ထဲမှာမေးနေသံကြားရတယ်။ ရှင်သန်လိုခြင်းနဲ့အစေးမကပ်တော့တဲ့ စိတ်။ ဒီဘ၀မဟုတ်ရင်ပြီးရော ဖြစ်လာတယ်။ .............. နာရီတွေရပ်တန့်နေပြီလား။ စိတ်တွေရပ်တန့်နေပြီလား။ ကိုယ့်စိတ်ဟာ ကိုယ့်အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်လာတယ်။ ကဗျာထဲမှာတော့ တစ်ခုခုကို တွေ့ရတယ်။ ဆိပ်ကမ်းပြန်မလာတော့တဲ့ သင်္ဘောတစ်စီး မုန်တိုင်းဆီထွက်ခွာသွားသလို ...........။
မောင်ဖီလာကလည်း ကြယ်ကြည့်ကြမလား လို့အဖော်စပ်လာတယ်။ အဲဒါနဲ့ သူနဲ့အတူလိုက်ကြည့်ဖြစ်တယ်။ ရှင်သန်နေရတာကို ပျော်ဖို့ကလွဲရင် ဘာမဆို စိတ်အားထက်သန်နေတယ်လေ။
ကြယ်ကြည့်ကြမလား
ကျွန်တော်စဉ်းစားနေတဲ့ အကြောင်းအရာက
တိတ်ဆိတ်လွန်းတော့
သစ္စာပန်းကလေးတွေရဲ့
အက်ကွဲနေတဲ့ ရနံ့ကိုတောင် မြင်ယောင်မိတယ်။
ဓာတ်ကြိုးပေါ်မှာ မိုးရေစက်လေး ဥနေတာ
မိုးရေစက်ကလေး ပလက်ဖောင်းပေါ် ကျကွဲသွားတာ
ကျွန်တော့်စိတ်ကို သစ်ရွက်သစ်ခက်တွေနဲ့
တန်ဆာဆင်ထားတာ
ကျွန်တော့်စိတ်ကြိုစိတ်ကြားထဲ ရွှေရောင်ငါးကလေးတွေ
ကူးခတ်နေတာ
အားလုံးဟာ ကိုယ်ရေးကိုယ်တာ ကိစ္စပဲ။
ကျွန်တော်တို့ထံမရောက်ဘဲ ပျက်ကျခဲ့သော ကြယ်များ
နွေဦးသစ်ရွက်တွေလို ခြောက်သွေ့ကော့ပျံ
နင်းမိရင် တချွမ်းချွမ်းထမြည်နေသော ကြယ်များ
ရည်းစားနဲ့ကွဲတဲ့ ကောင်မလေးရဲ့ ပါးပြင်ပေါ်
တလက်လက် ကူးခတ်သွားသော ကြယ်များ
မွှေးရနံ့နဲ့စိုရွှဲ စကြ၀ဠာထဲ
သန်မာတဲ့မေးရိုးများနဲ့
အလင်းကို ကိုက်ချီထားသော ကြယ်များ
သူ့အရောင်ပြာပြာကလေးကို ဆူးခြစ်မိလို့
ဒဏ်ရာအနာတရကလေးကို သိုဝှက်
တိမ်တွေထဲခေါင်းထိုးထည့်ထားသော ကြယ်များ
ယုတ်စွအဆုံး အရက်ဆိုင်ထဲ ပုလင်းနဲ့ထရိုက်လိုက်လို့
သရဖူလို (၁၀ စက္ကန့်စာ) ချာချာလည်သွားသောကြယ်များ
ကြယ်များ ... ကြယ်များ ... ကြယ်များ
လက်ထဲမှာ ဘာဖလားမှမရှိတဲ့ကြယ်က
ပိုပြီး လွတ်လပ်ပေါ့ပါးမယ်ထင်လို့
ကျွန်တော့်ကြယ်ကို
ကျွန်တော့်ကောင်းကင်ပေါ်က
ကျွန်တော်ပြန်ပြီး ဆွဲချခဲ့ပါတယ်။ ။
မောင်ဖီလာ (သောင်းပြောင်းထွေလာ magazine, 2005)
ကောင်းကင်က ကြယ်ကို သူပြန်ဆွဲချလိုက်ပြီဆိုတော့... သူကတော့ ကိစ္စငြိမ်းသွားပြီ။ မငြိမ်းနိုင်တာက ကွန်စစ်ကောင်း။ လူမမာဖြစ်နေတယ်တဲ့။ သူ့လူမမာကို လိုက်ကြည့်ဖြစ်တယ်။
လူမမာ
ငါနေမကောင်းဘူး
ငါ့ဒိုင်ယာရီထဲ သူစိမ်းတွေ ၀င်ဝင်ပြီး ကြက်ခြေခတ်ခတ်သွားကြတယ်
ပြုတ်ကျခဲ့တဲ့ ငါ့တောင့်တခြင်းတွေ
ငါကိုယ်တိုင် နံရံပေါ်မှာ ပြန်ချိတ်ချင်ပေမယ့်
ငါမထနိုင်သေးဘူး။
ငါနေမကောင်းဘူး
ငါ့ဒုက္ခပေါ် အမှိုက်တွေ ပစ်ပစ်တင်သွားကြပြန်တယ်
ငါကိုယ်တိုင် သန့်ရှင်းပစ်ချင်ပေမယ့်
ငါမထနိုင်သေးဘူး။
ငါ့ယုံကြည်မှုထဲ ရောဂါပိုးဝင်နေတာများလား
(ဒါမှမဟုတ်) ငါကိုယ်တိုင်ကပဲ ရောဂါပိုးတစ်ကောင်များ ဖြစ်နေတာလား။
ရိုးရိုးသားသားတိုက်ခိုက်နေတဲ့ လေဟုန်ပြင်းပြင်းပေါ်
ငါ့စိတ်တွေတင်ထားလိုက်တယ်
ငါ အသက်၀၀ရှူချင်တယ်။
တည်တည်ငြိမ်ငြိမ် နေထိုင်နေတဲ့ ကြယ်တွေကြားထဲ
ငါခ့န္ဓာကိုယ်ကို နေထိုင်ခိုင်းလိုက်တယ်
ငါအိပ်ရေး၀၀အိပ်ချင်တယ်။
ငါ့ရေကြည်ကြည်ရေ ...
အနည်ထ မခံလိုက်နဲ့ဦး
ငါ့ရေကြည်ကြည်ရေ ...
ငါ့နလန်ထ နှလုံးသွေးကို စောင့်လိုက်ဦး
ပြတင်းပေါက်တွေကိုသာ
အားလုံးဖွင့်ထားလိုက်
မင်းကြားရလိမ့်မယ်၊ ငါ့အလွမ်းတွေ ငါ့သံယောဇဉ်တွေ
မင်းမြင်ရလိမ့်မယ်၊ ငါ့ရည်ရွယ်ချက်တွေ ငါ့ သံအဓိဌာန်တွေ။ ။
ကွန်စစ်ကောင်း , Beauty Max Magazine
March 2006
ခိုင်မြဲကျော်စွာကလည်း သူ့ရဲ့ အောက်မေ့တတ်သူ တစ်ယောက်ကို ကျွန်တော့်ကိုထုတ်ပြတယ်။ မင်းဖြစ်နေပုံက ဒီလိုကြီးလားဆိုတဲ့ အထာနဲ့ ။ ကျွန်တော်လည်းခေါင်းတချက်ဆတ်ပြပြီး .. ရွတ်ဗျာ လို့ပြောလိုက်တယ်။
အောက်မေ့တတ်သူ
ညည
အိမ်အပြင်ဘက် လမ်းလျှောက်ထွက်တယ်
ဘယ်ဘ၀ရဲ့ အဆက်အသွယ်လဲ မသိဘူး။
မိုးအလင်း လက်ဖက်ရည်ဆိုင်မှာ
ကော်ဖီတစ်ခွက်မှာ
စီးကရက်လေးဖွာပြီး
ပြန်မလာသေးသူအကြောင်းမေးတယ်။
ရေနွေးတစ်ခွက်နှစ်ခွက်ငှဲ့
ပြန်မရောက်နိုင်သူအကြောင်းပြောတယ်။
ပြီးမှ
အမှောင်ကို တွန့်တိုသလိုကြည့်
တစ္ဆသရဲတွေ့မိသလို အိမ်ကို ထပြန်တယ်။
အိမ်မက်ထဲ လမ်းထလျှောက်သူ တစ်ယောက်
မနက်ရောက်တော့
ညက ဘာမှမသိကြောင်းပြောပြန်ရော။ ။
ခိုင်မြဲကျော်စွာ , စိမ်းရောင်လွင် magazine, 2004
ဝိုင်ချိုဝင်လာတယ်။ ရင်ခွင်မဲ့ ကဗျာကို သီချင်းအေးအေးလေးလို ဆိုညည်းရင်း....။ စိတ်က ကဗျာပင့်ကူအိမ်ထဲမှာမိနေတဲ့ပိုးကောင်းလေးတစ်ကောင်လို။
ရင်ခွင်မဲ့
ဘယ် ဥသြငှက်ကလေးမှ မိဘနဲ့ မတွေ့ရတော့ဘူးလား
သံစဉ်နုနုလေးတွေထွက်ဖို့ ဂီတာသမားရဲ့လက်တွေ ကြမ်းခဲ့သလို
တေးသံချိုချိုတွေ တွန်ကျူးဖို့ ကျွန်တော်တို့ဘ၀တွေ ခါးခဲ့တယ်။
တောင်လှေကားဖြူဖြူတွေ ဆုံးတော့လည်း
ရင်ငွေ့တွေ ဝေးနေဆဲမို့လား
လမင်းထိန်ထိန်သာတိုင်းလည်း
မျက်ရည်ရည်နဲ့ေ၀၀ါးဆဲမို့လား။
ကောင်းကင်ပြာတာ၊ လေငြိမ်တာကအစ
အထီးကျန်မှုကို နက်ရှိုင်းစေခဲ့
ပန်းခင်းလမ်းဆိုတဲ့အတိုင်း
ပန်းတွေကို လမ်းခင်းရက်တဲ့ ခရေပင်ခြေမှာ
တစိမ့်စိမ့်ရွာတဲ့ အလွမ်းငှက်
နေ၀င်ဆည်းလည်းလေးတွေလည်း တရားမချနိုင်
တွန်သံတွေ အငိုမှာရွှဲခဲ့ပေါ့။ ။
ဝိုင်ချို
............................................... ကျွန်တော် သတိထားမိတော့ ခင်ဗျားရဲ့အခန်းထဲမှာ ဖယောင်းတိုင်ငြိမ်းသွားပြီ။ အမှောင်ဟာ အလင်းလို မဖော်ရွေဘူး။ ...... သီးခြားဆန်တယ်။ အမှောင်ထဲမှာ ရပ်နေတဲ့ အခိုက်အတန့်မှာ ကျွန်တော်တို့ဘာမှမလိုအပ်ဘူး။ အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုဟာ ခြောက်ပေပဲကွာတယ်။ မြေကြီးပေါ်မှာရပ်နေတဲ့အခိုက်အတန့်ဟာ မြေကြီးအောက်မှာ တန်ဖိုးမရှိတော့ဘူး။ ဒဏ်ရာတွေကို ဈေးကောင်းပေးပါ့မယ်ဆိုရင်လည်းပြန်မရောင်းရက်ပါဘူး။ ........တစ်သီးပုဂ္ဂလခံစားချက်တွေဟာ ကိုယ့်အတွက်တော့ သိပ်ကိုတန်ဖိုးရှိနေတာပါပဲ။
လောကကြီးမှာ ငြင်းဆန်ခံလိုက်ရတဲ့အခါတိုင်း ... လဲကျသွားတဲ့အခါတိုင်း ..... ထူမယ့်သူမရှိလည်း ကျွန်တော်တို့မှာ အမှောင်အတိကျနေတဲ့ အခန်းလေးတစ်ခန်းတော့ကျန်နေသေးတယ်။ တစ်နေ့နေ့မှာတော့ အဲဒီအမှောင်အခန်းကျဉ်းလေးကနေ အလင်းလို ပျံသန်းထွက်နိုင်မှာပါ။ .................. တစ်နေ့နေ့ပေါ့။ ။ I am alone but I am not lonely....................
Zephyr
2 Comments:
ကဗျာတွေဖတ်ပြီးတော့ အခန်းထဲမှာ အမှောင်နဲ့
အမည်မသိတဲ့ ဒဏ်ရာ အသစ်တွေထပ်ရတယ်
ဖယောင်းတိုင်မီးကို ထပ်ညှိပြီး ချုပ်ရိုးတွေပေါ် ကြောင်တစ်ကောင်လို
ပွတ်သပ်နေမိတယ် ကဗျာတွေ အတွက်ကျေးဇူးပါ
အမှောင်းခန်းလေးထဲက လွန်မြောက်ပါစေ ...
You r not alone Son, that's why you r not lonely !!
Post a Comment