ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

တတိယပင်လယ်

Sunday, September 26, 2010

ပုစွန်တွေဖတ်ဖို့ ကဗျာ


ပုစွန်ကြော်ကိုဝါးနေရင်း
ရေမှာပျော်တဲ့ သူ့အချိန်လေးတွေ မြင်ယောင်
သွားနဲ့လျှာတစ်လျှောက် အရသာအပေါ်
တုန်လှုပ်မှုတွေရောက်၊


သြော် .. လောကအနက်ထဲ ထောက်မမီ
ငါ့အတွေးတွေလဲ
တော်တော်တိမ်ထင်ရဲ့ ..။


ဒါဆို
ပုစွန်တွေ ပျော်ရွှင်
ကူးခတ်ခဲ့ခြင်းလှော်တက်များ
စနစ်တကျ ကိုက်ဖြတ်ရန်
သွားတွေရှိရာကိုပေါ့။ ။

သုခမိန်လှိုင်
၂၃၊၁၁၊၈၉


တစ်ကိုယ်ရေပျော်ရာပျော်ကြောင်းရှာခြင်း

လက်ညှိုးညွှန်ရာ
သက်တံအသစ်နဲ့
အံသွား အသစ်ရှိတယ်။
အဲဒါကို သိရတော့
အမှတ်တစ်ခုရဲ့ စံ
လွမ်းဖို့ကောင်းအောင် ဖွဲ့နွဲ့ရမလား။

ပုခက်လိုပဲပျော့ခွေ
နေတွေ
လတွေ
ပုံပြင်တွေ တကယ့်အဖြစ်အပျက်တွေ
သွေးထွက်အောင် မှန်တဲ့ စကားတွေ
ဟီရိသြတ္တပ္ပတရားတွေ
ရပါတယ်
မျက်မှန်တစ်လက်
သွားကြားထိုးတံ တစ်ချောင်းနဲ့
ကုပ်ချောင်းချောင်း မြင့်မြတ်ချိန်မှာလေ။

သူက
ကွယ်ပသွားတဲ့ ရသပညာ လည်ချောင်းထဲ
မာန်မာနကြွက်တွင်းရဲ့ မဟာအဝီစိအထိ
တည့်တည့်ကြီး စူးဝါးအပြုံး
အသံအကျယ်ဆုံးပဲ။

ခုနကမှ
ခပ်လွယ်လွယ် ငန်းဆေးတစ်ခွက်သောက်တယ်
မိန်းမကို မင်သေသေနဲ့ ဟောက်တယ်
မနက်ဖန် ဆိုတာ ခဏခဏ ပွင့်ပြီး
ပွင့်မှန်းမသိလိုက်ခင် ကြွေသွားတဲ့
ပန်းပဲ ..
ဒါပါပဲကွာ .။

တလှုပ်လှုပ်ရွ လုံ့လ
ပြီးခဲ့တဲ့ စနေနေ့မှ ယခု ရာစုတိုင်
မှတ်တိုင်ထူ ဘယ်သူယုံအောင်
ငါသိမ်မွေ့မိတာ တောင်းပန်ပါတယ်။
အနုပညာသည်ရဲ့ ခွေးတစ်ကောင်ဘဝ
ကမူးရှူးတိုး ဒုန်းစိုင်းပြန်ပကော
ကျောနဲ့ ကောင်းကင်ဟာ မျက်နှာချင်း ဆိုင်မိပါလေရော..။ ။

အောင်ချိမ့်


အပျော်ဖတ်ဝတ္ထု

အဲဒီမှာ
လက်ဖက်ရည်တစ်ခွက်အောက် စုန်းစုန်းမြုပ်
အားရှိလာအောင် စုပ်ယူ
လူ့ဘဝထဲ လောကြီးကြီးရောက်ခဲ့သူ
သူ နေထိုင်လိမ့်မယ်။

လူမှန်ရင်
နေ့စဉ်မှတ်တမ်းထဲ သေသေချာချာ မှားဖူး
ပွဲတော်ရက်ထဲ မျက်စိ ကျလောက်အောင် ပေါ့ပါးဖူး
ချစ်သူနဲ့ ဒုက္ခလှလှ တွေ့ဖူး
ငယ်ရွယ်စိတ်နဲ့ သွေးနားထင်ရောက်ဖူးပေါ့။

လူတွေက
ဟာသ ဇာတ်မြူးယောင်ဆောင်လို့
ခွက်ထိုးခွက်လန်ရယ်လို့
ဗန်းစကားတွေနဲ့ လမ်းသလားလို့
ကြည့်စမ်း
(လူ့တစ်ကိုယ်လုံးမှာ
မျက်လုံးဟာ အဖောက်ပြန်ဆုံးလို့ ဆိုရလောက်အောင်)
တစ်ယောက်က တစ်ယောက်
စူးစူးရဲရဲ စိုက်ဝင်လို့
ယဉ်ကျေးသိမ်မွေ့ဖွယ် အကျီ င်္နဲ့
မစ္ဆရိယစိတ်ကို တင်းတင်းပိတ်ကွယ်လို့ ..။

ငါတို့
ခေါင်းတိုင်ထိပ်က ပြတ်တောင်းမှုတ်ထုတ်တဲ့ မီးခိုးလို
အသက်ရှူလုံးတွေ
အဆုပ်လိုက် အခဲလိုက် မြင့်တက်သွား။

အခုတော့
(ငါပေါ့ပေါ့ဆဆ တွေးခဲ့တဲ့အတိုင်း)
အာသာရမ္မကဟာ တစ်ခါမှ မသေဘူးသလို
အိပ်ရာကလဲ နိုးရော
သူ့ကို ငါ အထုတ်ဖြေပြမိရော ..။ ။

ဝင်းလွင်


လူနာ

မိတ်ဆွေ င်္*လင်း င်္ က
ခင်ဗျားရဲ့ သွေးကြောထဲမှာ
ကိုလက်စထော နည်းနည်းများနေတယ် .။

အဆီအသား နည်းနည်းလျှော့လိုက်ရင်
ပြဿနာမရှိ။

သူ့ဆေးဝိဇ္ဇာနဲ့
ဒါ ဒိဌပဲ တဲ့။

သူ့လူနာက
ကဗျာဆရာဖြစ်တယ်
ငွေကြေး များများ ဆင်းရဲတယ်
အဝီစိထဲ ဖင်ထိုင်လဲလု မတတ်ဖြစ်တယ်
ကမ္ဘာကြီးရဲ့ ထောင့် တစ်ထောင့်ကြောင့်
နှလုံး အရမ်းခုန်နေတယ်။

ဆေးဝိဇ္ဇာနဲ့
သူ့လူနာကို ကမ္ဘာကြီးထဲ အတင်းပြန်ပို့
မိုးကောင်းကင် ခပ်သိုးသိုးကြီးရဲ့ အောက်မှာထား
ဘာများ လန်းဆန်းစေဦးမှာလဲ
သူလည်း တစ်နေ့ ကြေကွဲသွားမှာပါ ။ ။

ငသိုင်းချောင်း ဝံသာ
*လင်း = လင်း (ဆေး-၁)


အလင်း

သဘာဝတရားက
နူးညံ့ကြည်လင်မှုနဲ့
စီးမျောဆဲ။

တိမ်တွေ တိမ်တွေ
အရုပ်ဆိုးလိုက်တာ
တစ်လောကလုံး မှောင်တော့မယ်။

ဒါ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စပဲ
ပန်းချီဆရာညည်းညူ
သူ့ပစ္စည်းတွေ ခပ်မြန်မြန်ထုပ်ပိုး
ဆောင့်ဆောင့်အောင့်အောင့်နဲ့
အရက်ဆိုင်ကို ပြေးပြီ။

တို့တွေ
တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိ
သဘာဝတရားမပီသတဲ့
အချစ်တွေနဲ့။ ။

ဇော်ထွန်းတင်


အလဲအလှယ်

ငါ
အခု
လရောင်ကို မော့မကြည့်ရဲဘူး။

ဖူးကြ ပွင့်ကြ ကြွေကြ
သူလည်း သူ့နှလုံးသားနဲ့သူ
ငါလည်း ငါ့အနုပညာနဲ့ငါ။

မတော်တဆတွေကပဲ ကမ္ဘာကို ပြောင်းလဲခဲ့
ငါ့ကိုလည်း ပြောင်းလဲခဲ့
ပြောင်းလဲသမျှ ဦးညွတ်ဖို့ကျတော့
ငါ အခု
လရောင်ကို မော့မကြည့်ရဲတာ ဆန်းသလား။

သူ့ကိုချစ်သလို
ငါ့ကိုလည်း ချစ်ကြပါ။
မထင်ပါနဲ့
တပ်မက်မှုတွေက
အဆုပ်လိုက် အခိုင်လိုက်
ညွတ်လို့။

ညွတ်ကျလာတဲ့ လရောင်မှာ
ငါ့ကိုချစ်သလို သူ့ကိုလည်း ချစ်ကြပါ။

ထူထူပျစ်ပျစ် နံနက်ခင်း ရောက်လာ
ငါလည်း
အမှားအကျိုးဆောင်သူပါ။ ။

ပြေမြင့်


မြေပုံတစ်ချပ်နဲ့ မီးယပ်ခေါင်းကိုက်

သည်နေရာကို ရောက်ခဲ့ပုံက
ဇာတ်ရုံနောက်ပေါက်မှ
ဝင်ခဲ့သလိုမျိုး
စိုက်ပျိုးထားတဲ့ အနာတစ်ခု
တယုတယ ဆွတ်ကြင်
ဆေးမထည့်ချင်တော့။

ပြေးရင်းလွှားရင်း
မေ့ဆေးအငွေ့ အခိုးရှိုက်မိ
တိမ်တိုက်တစ်အုပ် သတိလစ်
ညစ်ထေးသော ပယောဂ
အမြင်တဆုံး အုံ့မှိုင်းညို
ထိုခဏ ကြေကွဲ
ဟင် .. ဦးနှောက်ဆဲလ် တစ်ခု
ဖုထစ်နေပါရော့လား။

ယောင်မှားမှုတွေ မေ့ဖျောက်
သူကတော့
တွန့်ခေါက်တောင်တန်းကြီးတွေလို
တင်းမာနေရဲ့

အဲဒါကလဲ တစ်ချိန်တုန်းက
နှုန်းအားမြင့် ပေါက်ကွဲမှု ကြောင့်တဲ့။ ။

မောင်သင်းမိုး

3 Comments:

Unknown said...

ဒီနေရာလေးကလည်း အေးချမ်းပါတယ်..
အဲဒါကြောင့်လည်း မကြာမကြာ ရောက်ဖြစ်ပါတယ်..
^^
phyo phyo

tin min htet said...

ကျေးဇူးတင်တယ် အမလေး။ ရှေးဆန်တယ် ပြောပြော အဲဒီ ကဗျာတွေ ကြိုက်နေသေးတယ်။ အထူးသဖြင့် "ပုဇွန်တွေဖတ်ဖို့ကဗျာ"။ ငါလည်း ပုဇွန်ပဲမို့ ထင်ပါရဲ့ :P

Unknown said...

ပထမဆုံးကောမန့်ကိုတော့ အပြည့်အ၀ထောက်ခံတယ်ဗျ.. ဒီနေရာရောက်လာပြီး ကဗျာလေးတွေ ဖတ်နေရတာ သိပ်အေးချမ်းတာပဲ။ ဒီပို့စ်ထဲကတော့ “အလင်း”ကို ကြိုက်တယ်..