ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

ကဗျာကော့တေးလ် (၁)

Sunday, May 23, 2010

ကဗျာကော့တေးလ် (၁)

ကျွန်တော်ကြိုက်တဲ့ကဗျာလေးတစ်ချို့နဲ့ ကော့တေးလ်တစ်ခွက် တိုက်မလို့ပါ .....။
ကျွန်တော်ဟာ ကဗျာကို ချစ်တဲ့ ၊ ကဗျာတွေကို စွဲလန်းတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ အထူးသဖြင့် ဟိုက္ကု ကဗျာတွေကို သိပ်ကြိုက်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။

ကဗျာနေ့မှာ ဒီ ဘလော့ခ်မှာ ကဗျာ installation တစ်ခုလုပ်ဖို့ စိတ်ကူးပါတယ်။ နောက်တော့ အပျင်းထူနေတာနဲ့ ရွေးထားပြီးသားကဗျာတွေကို မရေးဖြစ်လိုက်ပါဘူး။ နည်းနည်းနောက်ကျသွားပေမယ့် ကဗျာနေ့အတွက် ရည်ရွယ်ပါတယ်။ နောက်ပြီး ကဗျာတွေကို သိပ်ချစ်တဲ့သူတိုင်းအတွက်ပါ။ ကဗျာတွေကို ဘာအကြောင်းနဲ့ပဲရေးရေး ကဗျာရေးနေတဲ့သူတိုင်းရဲ့ရင်ထဲမှာ ကဗျာကို ချစ်တဲ့စိတ်ရှိနေပါတယ်။ အသက်ကို ဘာလို့ရှူနေရသလဲလို့မေးရင် မောလာလို့ လို့ဖြေရသလို ကဗျာကို ဘာလို့ရေးသလဲဆိုရင် မောလာလို့လို့ဖြေရမယ်ထင်ပါတယ်။ .... စိတ်ထဲမှာ သိမ်းထားရတာတွေ ...ဖျတ်ခနဲတွေ့တာတွေမှတ်ထားရတာများလို့မောလာတာတွေ .... ဘ၀ကိုမောလာတာတွေ၊ ... အာရုံတွေကိုမောလာတာတွေ ... တစ်ခုခုကို မောလာတာတွေကို ကဗျာရေးကြတယ်လို့ထင်ပါတယ်။
ကျွန်တော့်စိတ်ထဲဝင်နေတဲ့ကဗျာတွေကို ကော့တေးလ်တစ်ခွက် အဖြစ် ဖျော်ပစ်လိုက်တဲ့အခါ ......။

ရှေးဆရာတွေရဲ့ လမ်းကို
ငါမလိုက်ချင်ဘူး။
သူတို့ရှာဖွေတဲ့အရာကို
ငါရှာချင်တာ တစ်ခုတည်း။ ။
ဗသျှိုး
(ဇေယျာလင်း ဘာသာပြန်- ဂျပန်မော်ဒန်ကဗျာများ)

ဒီကဗျာလေးကို သဘောကျပြီး အဲဒိကဗျာစာအုပ်ကိုဝယ်လိုက်တယ်။ စာအုပ်ကိုဖတ်ရင် အားလုံးဖတ်တယ်။ ရှေ့ဆုံးက ဘယ်သူ ထုတ်လဲ၊ ဘယ်စာအုပ်တိုက်ကထုတ်လဲ၊ နောက်ဆုံးစာအုပ်ကို ဘယ်သူချုပ်လဲဆိုတာကိုလည်းဖတ်တယ်။ အခုစာအုပ်ကို ကိုမြင့်ချုပ်တယ်။ ကိုမြင့်ချုပ်တဲ့စာအုပ်တွေကွာလတီကောင်းတာကို ကျွန်တော် သိနေတယ်။ အဲဒါကို သူသိချင်မှသိမယ်။ ဒါပေမယ့် ကိုမြင့်ဟာ သူ့စာအုပ်တွေကို အကောင်းဆုံးချုပ်နေတယ်။ နောက်ထူးခြားချက်က နှစ်ကာလများရဲ့ ပထမဆုံးစာအုပ်ဖြစ်တယ်။ အဲဒါလေးတွေကို စိတ်ဝင်စားတယ်။ မြန်မာငွေ သုံးရာတိတိပေးရတယ်။

ကဗျာလေးကိုဖတ်ရင် ဗသျှိုးဆိုတဲ့ လူငယ်လေးကို မြင်ရမယ်။ ဗသျှိုးဟာ ဇင်ဆရာတွေရဲ့ ဆရာကြီးပါ။ ဒါပေမယ့် သူ့ရဲ့ လူငယ်စိတ်လေးကို ကဗျာထဲမှာရေးထားတယ်။ သူက အတုလိုက်ခိုးနေတာမဟုတ်ဘူး။ သူက လိုက်ကြည့်နေတာ၊ လိုက်သင်ယူနေတာ ... သိချင်ရုံလေးသက်သက်အတွက် ...။ အဲဒီအယူအဆလေးကို သိပ်ကြိုက်လို့ ဒီကဗျာကို ဒိုင်ယာရီရဲ့ရှေ့ဆုံးမှာရေးထားလိုက်တယ် ....။

တစ်ချိန်က နေ့တိုင်းရေးဖြစ်တဲ့စာအုပ်လေးရဲ့ရှေ့မှာလည်း ဒီကဗျာလေးကို ရေးထားခဲ့တယ်။ သမားရိုးကျတွေကို ခွဲထွက်ဖို့ သမားရိုးကျတွေကို ဆန့်ကျင်ဖို့ အားပေးတဲ့ကဗျာတွေကို ကြိုက်တယ်။ ကျွန်တော်တို့ဟာ သိုးတွေလို ရှေ့က ဆရာတွေနောက်ကို တကောက်ကောက်လိုက်နေဖို့မလိုဘူး ....။ သူတို့မှန်လား မှားလား သိချင်တယ်။ သူတို့ဘာလို့သွားတာလည်းသိချင်တယ်။ သူတို့ကိုနားလည်ချင်တယ်။ ပညာသင်တာဟာ ပုံတူကူးတာမဟုတ်ဘူး ... လမ်းကို သိဖို့ကြိုးစားနေတာပဲလို့ ဒီကဗျာလေးက အများကြီးပြောပြခဲ့တယ်။

သင့်ကိုရော ဒီကဗျာလေးက ဘာတွေပြောနေတယ်လို့ သင်ခံစားရလဲ ....။
ကဗျာလေးကို စိတ်ထဲမှာသိမ်းထားလိုက်ပါ .....။
တစ်နေ့မှာ သူပြောတဲ့စကားတွေကို သင်ကြားရလိမ့်မယ်။


မိုးဝေးရဲ့ သူပဲအကြမ်း သူပဲအချောဆိုတဲ့ကဗျာစာအုပ်ထဲက ပန်းချီဆိုတဲ့ ကဗျာလေးကိုလည်း ကြိုက်ပါတယ်။
ပိတောက်ပန်းတွေ ကြွေနေတာ တွေ့ရင် ငယ်တုန်းက သူငယ်ချင်းတွေ လမ်းခွဲကြရတဲ့ နေ့လေးကို သတိရတယ်။ သူတို့တွေက မိသားစုလိုက် နိုင်ငံခြားကိုပြောင်းခါနီးအချိန် .... သူတို့ခြံထဲက ပိတောက်ပင်လေးအောက်မှာ အားလုံးစုပြီးထိုင်နေကြတယ်။ April လရဲ့နေ့လည်ခင်းတစ်ခုမှာ ပိတောက်တွေဆိုးဆိုးရွားရွားကြွေနေတယ်။ အဲဒီမြင်ကွင်းကို ကျွန်တော်ဘယ်လိုမှ မမေ့တော့ဘူး ....။ သိပ်ခင်တဲ့သူတွေနဲ့ခွဲရဦးမယ်လို့ ပိတောက်ပန်းတွေကြွေတိုင်း တွေးမိသွားတတ်တယ်။ ... ပိတောက်ပင်ကို Gumkino လို့ခေါ်တယ်လို့ သူငယ်ချင်းကပြောတယ်။ .... တစ်နေ့နေ့ ပိတောက်ပွင့်တွေမကြွေတော့တဲ့နေ့မှာ ငါတို့ပြန်တွေ့ကြမယ်လို့ကတိတွေပေးခဲ့ကြတယ် .....။ အခုဆိုကျွန်တော်တို့ပြန်မတွေ့တာ အနှစ်နှစ်ဆယ်ပြည့်သွားပြီ ....။ ပိတောက်တွေကတော့ကြွေတုန်းပဲ ....။ ... အခုကဗျာလေးကလည်း တစ်ခြားအဓိပ္ပာယ်တွေလည်းပါပါတယ်။ ကျွန်တော်ကတော့ ကြွေနေတဲ့ပိတောက်ပန်းအထိပဲစိတ်နဲ့ဖတ်ပြီး စိတ်နဲ့ခရီးထွက်သွားခဲ့တယ်။

ပန်းချီ

နူးညံ့လို့လား
တအားနာကျင်လွန်းလို့လား
ပိတောက်ပွင့်လေးတွေ
တဖွဲဖွဲကြွေနေတဲ့ မြင်ကွင်းထဲ
ထီးဆောင်းပြီး ဖြတ်သန်းနေတာ။

အာရုံကို စုစည်းလိုက်ဖို့
ငါကိုးကွယ်တဲ့ ကြိုးစကိုမမြင်နိုင်
သူ့အလင်းက မျက်စိမှုန်တယ်။ ။

မိုးဝေး


နောက်ထပ်ကဗျာလေးကိုတော့ တဂိုးရဲ့ကဗျာလေးကို ရွေးလိုက်ပါတယ်။ ဆယ်တန်းတုန်းက အိမ်မှာ စီးပွားရေးအခက်အခဲဖြစ်ပါတယ်။ ကုန်းကောက်စရာမရှိအောင်မွဲသွားတယ်ဆိုတဲ့ စကားလုံးကို စာတွေ့လက်တွေ့ သင်ယူရတဲ့အချိန်လို့ပြောရပါမယ်။ အဲဒီအချိန်မှာ စာကျက်ဖို့ အာရုံစိုက်ရတာ သိပ်ခက်တယ်။ ကျူရှင်လခမှန်မှန်ပေးနိုင်တဲ့သူတောင်ဖြစ်ဖို့ အတော်လေးကြိုးစားခဲ့ရတယ်။ အဖေက စီးပွားရှာဖို့ နိုင်ငံရဲ့အပြင်ဘက်ကိုထွက်သွားတယ်။ ဘ၀ဟာ မထင်မှတ်တာတွေဖြစ်လာတတ်တယ်။ အရင်ကရှိခဲ့ဖူးတဲ့ အကုသိုလ်ကို ရှောင်လို့မရဘူး .... ဒါကို သည်းခံပြီးဖြတ်ကျော်ရမယ်လို့ အဲဒီအချိန်မှာ နားလည်ခဲ့တယ်။ နောက်တော့ အစ်ကို ၀မ်းကွဲတစ်ယောက်က ကျူရှင်စရိတ်တွေထောက်ပါတယ်။ နောက်ပြီး စာအုပ်ဝယ်ဖို့ ပိုက်ဆံထပ်ပေးပါတယ်။ တစ်လကို အပြင်စာအုပ်ဝယ်ဖို့ နှစ်ထောင်၊သုံးထောင်လောက်ရပါတယ်။ အဲဒီအချိန် မှာ ၀ယ်ဖြစ်တဲ့စာအုပ်တွေမှာ တဂိုးရဲ့စာအုပ်တွေများပါတယ်။ မြသန်းတင့်ဘာသာပြန်ပြီး တစ်အုပ်ကို တစ်ရာပဲပေးရလို့ဝယ်တာပါ။ ဂုဏ်ထူးစာပေမှာ သွားဝယ်ပါတယ်။ စာရွက်တွေ လွတ်နေတာ စာမျက်နှာကျော်နေတာဆိုပြန်ပြန်သွားလဲလို့ ဆိုင်ကလူတွေနဲ့ပါ မျက်မှန်းတန်းမိလာပါတယ်။ သစ်သီးခူးဆိုတဲ့ စာအုပ်လေးကို သိပ်ကြိုက်ပါတယ်။ အခုကဗျာက အဲဒီကဗျာစာအုပ်ထဲကပါ .... ခံစားကြည့်ပါဦး ....။ ဒီကဗျာလေးဖတ်ပြီး ကျွန်တော့်ဘ၀မှာ အများကြီးစိတ်ချမ်းသာခဲ့ရပါတယ်။



၁၂
ဟိုအောက်မှာ
စိမ်းလဲ့ကြည်နေတဲ့ ယမုန်နာမြစ်က
တသွင်သွင်စီးလို့၊
အထက်မှာတော့
အစွန်းထွက်နေတဲ့ ကမ်းပါးကြီးတွေက
မျက်မှောင်ကုတ်လို့
တောအုပ်တွေနဲ့ညိုမှိုင်းပြီး
မြစ်ချောင်းအင်းအိုင်တွေ အမာရွတ်ထင်နေတဲ့
တောင်တန်းကြီးတွေက ပတ်လည်ဝိုင်းလို့။

ရဟန်း ဂေါဝိန္ဒဟာ
ကျောက်ဆောင်တစ်ခုပေါ်မှာထိုင်ပြီး
တရားစာရွတ်နေတယ်။
သည်တုန်းမှာ ဥစ္စာမာန်စောင်ကြီးလှတဲ့
သူ့တကာ ရာဂုန္ဒ ရောက်လာပြီး ဦးချရင်း
"တပည့်တော် လှူဖွယ်ဝတ္ထု သည်
ဆင်းရဲနုံချာလှပါသည်၊
ကိုယ်တော်လက်ခံခြင်းငှာပင် မထိုက်ပါ" လို့
လျှောက်တင်တယ်။
သည်လိုလျှောက်ပြီး
အလွန်အဖိုးထိုက်တဲ့
ကျောက်မျက်ရတနာတွေ စီခြယ်ထားတဲ့
ရွှေလက်ကောက်တစ်ရံကို ဆက်ကပ်သတဲ့။

ရဟန်း ဂေါဝိန္ဒဟာ
လက်ကောက်တစ်ဖက်ကို လှမ်းယူ
လက်ချောင်းတစ်ချောင်းမှာ ချိတ်ပြီး
ဝှေ့ယမ်းကစားနေတယ်။
လက်ကောက်မှာ စီခြယ်ထားတဲ့ စိန်ပွင့်တွေဟာ အလင်းမြားတန်းတွေ
တစ်စင်းပြီးတစ်စင်း ပစ်လွှတ်နေသလို
တလက်လက်နဲ့။

သည်လိုနဲ့ လှည့်နေရင်း
လက်ကောက်ဟာ
လက်က လွတ်ကျသွားပြီး
ကမ်းပါးအတိုင်း
ရေထဲလိမ့်ကျသွားပါလေရော။
ရာဂုန္ဒဟာ "အလိုလေး အကျိုးနည်းပါပြီ" လို့အော်ရင်း
မြစ်ထဲကို ခုန်ဆင်းလိုက်တယ်။
ရဟန်းဂေါဝိန္ဒကတော့
တရားစာကိုပဲ ဆက်ရွတ်နေသတဲ့။
မြစ်ရေတွေက
လက်ကောက်ကို သယ်ဆောင်ပြီး
ဆက်လက်စီးဆင်းသွားကြတယ်။
ညနေကြတော့
ရာဂုန္ဒပြန်ရောက်လာတယ်။
သူ့တစ်ကိုယ်လုံးလဲ ရေတွေ ရွှဲလို့။
မောလဲမောလှပြီလေ။

ရာဂုန္ဒက မောကြီးပန်းကြီးနဲ့
"လက်ကောက် ဘယ်မှာ ကျသွားတယ်ဆိုတာ
အရှင်ပြရင် တပည့်တော် ပြန်ရအောင်
ယူပါ့မယ် ဘုရား" လို့လျှောက်သတဲ့။

ရဟန်းဂေါဝိန္ဒက
"ဒီနေရာမှာ ကျသတဲ့" လို့ပြောပြီး
ကျန်တဲ့ လက်ကောက်တစ်ဖတ်နဲ့ ပစ်ချပြလိုက်သတဲ့။


...........။
ကဗျာလေးက သိပ်ချစ်စရာကောင်းတယ်။ ဒီကဗျာလေးတွေနဲ့ပဲ ညနေတိုင်း စာကျက်ဖို့ အာရုံကို စူးစိုက်ခဲ့ရတယ်။ ... အဲဒီကဗျာလေးကို အခါခါဖတ်ဖြစ်တယ်။ တစ်ယောက်တည်းလည်းဖတ်သလို အမေ့ကိုလည်းဖတ်ပြတယ်။ အကို့ကိုလည်းဖတ်ပြတယ်။ အိမ်ကျဉ်းကျဉ်းလေးမှာ ပျော်အောင်နေနိုင်ဖို့ ၊ စိတ်ဓာတ်မကျဘဲ စာကြိုးစားနိုင်ဖို့ ဒီကဗျာလေးတွေကမထင်မှတ်လောက်အောင် ခွန်အားတွေပေးခဲ့တယ်။

နောက်ထပ်ကဗျာလေးကိုတော့ ကွန်စစ်ကောင်းရဲ့ ငါ့ကြာသတေး ကိုရွေးပါတယ်။
ကြာသပတေးနေ့တွေကို ဘာမှန်းမသိဘဲချစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ကြာသပတေးနေ့တွေမှာ ငယ်တုန်းက မကြာခဏ လက်ဆောင်တွေရပါတယ်။ ကြာသပတေးနေ့ဆိုရင် အပြင်ထွက်လည်ရတာများပါတယ်။ ကြာသပတေးနေ့ဆိုရင် အလိုလိုပျော်နေတတ်တယ်။ ဘ၀မှာ ကြာသပတေးနေ့တွေနဲ့ပတ်သက်ရင် အမှတ်တရတွေများလွန်းလို့ ကြားသပတေးနေ့ နက်နက်ရှိုင်းရှိုင်းတွယ်ဆက်ထားတဲ့ကံကြမ္မာနဲ့လူတစ်ယောက်လို့ မကြာခဏ ခံစားရပါတယ်။ ကြာသပတေးနေ့လေးတစ်ခုအကြောင်းကို ဖတ်ကြည့်ရအောင်ဗျာ .....။

ငါ့ကြာသပတေး

ဒီနေ့ စွန့်ပစ်ထားခဲ့ချင်တဲ့ မနေ့က ပေမမီ ထောက်မမီ နံနက်ခင်းတွေ
ပုဆိုးစ အတင်းဆွဲပြီး တရွတ်တိုက် လိုက်ပါလာတဲ့နေ့။
ဒီနေ့မစွန့်ပစ်နိုင်တဲ့ ကိုယ်ပိုင် ၂၄ နာရီ စိတ်ကူးတွေကို တော့
ကျကွဲမသွားအောင်
စိုးရိမ်တကြီးနဲ့ပင်ပင်ပန်းပန်း ထမ်းပိုးထားရတဲ့နေ့။

အရင်လိုပါပဲလေ
နေ့ပိုင်ရှင်ရဲ့ အဆင်မပြေမှုအတွက်
စိတ်မကောင်းခြင်းကြီးစွာ ဖြစ်နေရှာတဲ့နေ့။
ချစ်သူတွေကို ကခုန်ပျော်မြူးစေချင်ပေမယ့်လဲ
ကိုယ်ကိုယ်တိုင် ပွဲလမ်းသဘင်ဆိုတာ ဘာမှန်းမသိသေးတဲ့နေ့။
မိုးရိပ်မိုးသားတွေရဲ့ အနေအထိုင်လွဲချော်မှုတွေကြောင့်
နေပူကျဲကျဲကြီးထဲ
အမိုးမရှိ အကာမရှိ ထိုင်နေရတဲ့နေ့။
အခြားနေ့တွေရဲ့ သရော်တော်တော် မျက်နှာပေးတွေကို
စက်ဆုပ်မိပေမယ့်လဲ
ကိုယ့်တံထွေးကိုယ် ပြန်ပြန်မျိုချထားနေရတဲ့နေ့။
မှတ်တမ်းတင် ဂုဏ်ပြုပြီး မွေးနေ့ပွဲလေး ကျင်းပပေးလာမယ့် တစ်ချိန်ချိန်ကို
တောင့်တောင့်တတကြီးစောင့်စားနေရတဲ့နေ့။
ဘယ်နေ့နဲ့မှလဲမတူအောင်
ကိုယ့်ဝတ်စုံ ကိုယ်ဝတ်ပြီး သန့်သန့်ပြန့်ပြန့်လေး နေချင်နေတဲ့နေ့။
ဘယ်တံတွေးစက်တွေမှလဲ မစင်အောင်
ကိုယ့်သိက္ခာ ကိုယ်ခြုံပြီး လုံလုံခြုံခြုံလေး နေချင်နေတဲ့နေ့။

ဒါပေမယ့်
အရင်လိုပါပဲလေ
မာန်မာနတွေကို တစ်နေကုန် တဝေါဝေါ ရွာချပစ်ချင်လို့ မရသေးတဲ့နေ့။
ဆင်ခြင်တုံတရားနဲ့ ကံတရားဆိုတဲ့ ခပ်ညံ့ညံ့ တံခါးရွက်နှစ်ရွက်ကြားမှာ
ခြေထောက်တစ်ဖက် ညပ်နေတဲ့နေ့။
ရှိစုမဲ့စု လိုအင်ဆန္ဒလေးတွေ အကုန်လုံး
တဆတ်ဆတ် တုန်ခါ နာကျင်နေတဲ့ အဲဒီ ငါ့ရဲ့ကြာသပတေးနေ့။ ။

ကွန်စစ်ကောင်း

သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်း
အောက်တိုဘာ ၂၀၀၁

သောင်းပြောင်းထွေလာက ကဗျာတွေက ဟာသကဗျာတွေမဟုတ်ပါဘူး။ အင်မတန် အဆင်မြင့်တဲ့ ကဗျာကောင်းတွေပါလေ့ရှိပါတယ်။ အဲဒါကိုလည်း သတိထားမိပါတယ်။ အဲဒါကိုက ရယ်စရာတစ်ခုလိုဖြစ်နေပါတယ်။ ကဗျာကြီးတွေက အတည်ပေါက်ကြီးရှေ့မှာ ခမ်းနားနေတာလို့ခံစားရပါတယ်။

နောက်ထပ်တစ်ပုဒ်ကိုတော့ ကျွန်တော်နှင့် သနပ်ခါးပွင့်ကလေးကို ရွေးပါတယ်။ အဲဒီလို ရိုးသားပြီး ချစ်စရာကောင်းတဲ့ကဗျာမျိုးကို ရေးတဲ့သူတွေကို သဘောကျပါတယ်။ ကျွန်တော့်အတွက်တော့ ကဗျာဟာာ ပညာပြတဲ့နေရာမဟုတ်ပါဘူး။ ပညာပြချင်ရင်စိတ်က မရိုးသားတဲ့အတွက် ကဗျာရဲ့ အကြည်ဓာတ်၊ စင်ကြယ်ရိုးသားမှုပျောက်သွားပါတယ်။

ကျွန်တော်နှင့် သနပ်ခါးပွင့်ကလေး

စစ်မက်ပြိုင်မိုး
ကြယ်ကလေးတွေ စီးချင်းမထိုးကြပါနဲ့။

မိုးချုပ်အိမ်ပြန်
လမင်းကို ပန်တဲ့မိန်းကလေး
ငြိမ်းချမ်းရေးနဲ့ အိပ်စက်နေလို့ပါကွယ်။


တာရာမင်းဝေ
မိုးခေါင်လို့တီးတဲ့ဗုံသံမှ

ကဗျာတိုလေးထဲမှာ ကောင်လေးတစ်ယောက်ဟာ သူချစ်တဲ့ကောင်မလေး ငြိမ်းငြိမ်းချမ်းချမ်းလေး အိပ်စက်နေတာကို ကြယ်ကလေးတွေလက်တာကြောင့် အနှောင့်အယှက်မဖြစ်စေချင်ဘူးလို့ပြောလည်းရတယ်။ ငြိမ်းချမ်းရေးကို တန်ဖိုးထားတဲ့သူတစ်ယောက် စစ်ပွဲတွေကိုမုန်းတီးနေတာကိုလည်း ခံစားနိုင်တယ်။ .... ကဗျာလေးထဲကနေတစ်ဆင့် စိတ်တွေဆီကို ဆက်လက်စီးဆင်းသွားတဲ့အခါ .... မေတ္တာတရားကိုလည်းခံစားရမယ်။ ငြိမ်းချမ်းခွင့်ကို တန်ဖိုးထားတဲ့စိတ်ကိုလည်းခံစားရတယ်။ ...ဘယ်သူ့ကိုမှ မထိခိုက်စေချင်တဲ့ တရားမျှတမှုကိုလည်းခံစားရတယ် .....။ ကဗျာလေးကတော့ ခံစားသူမရှိရင် ကဗျာအဖြစ်နဲ့မရှိပါဘူး။ စာအစုအဝေးတစ်ခုအနေနဲ့ပဲရှိပါတယ်။ မတီးခတ်ဘဲထားတဲ့ ဂစ်တာတစ်လက်မှာ အသံမရှိသလို၊ မခံစားတတ်တဲ့စိတ်ကို ကဗျာဖြတ်သွားရင် ဘာသံမှမမြည်ပါဘူး။ ကဗျာတွေဟာ အသိဥာဏ်နဲ့နှလုံးသားကို အတောင်းဆိုဆုံး အနုပညာပစ္စည်းဖြစ်ပါတယ်။ သင်နှလုံးသားကိုဖြေလျော့ထားလိုက်ပါ ... ကဗျာကို ဖြတ်သန်းခွင့် ...တီးခတ်ခွင့်ပြုလိုက်ပါ ...။ အဲဒီဂီတကို သင်ကြားရလိမ့်မယ်။

နောက်ထပ်ရွေးလိုက်တဲ့ကဗျာကတော့ မင်းထက်မောင်ရဲ့ ပြောင်းပြန်ဟုခေါ်သည်ဖြစ်ပါတယ်။
အဲဒီကဗျာလေးကို သိပ်ကြိုက်ပါတယ်။ မင်းထက်မောင်ရဲ့ ကဗျာတွေကို သဘောကျတာက သူယုံကြည်တာ သူလုပ်နေလို့ပါ။ ကဗျာဆရာတစ်ချို့နားမလည်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလို issue မျိုးကို ကဗျာထဲ ထည့်ပစ်ပါတယ်။ ကျွန်တော်ကတော့ကြိုက်ပါတယ်။ ကမ္ဘာကြီးကို လှစေချင်တာဟာ ကဗျာဆန်ပါတယ်။ ကမ္ဘာကြီးဟာ ခရမ်းလွန်ရောင်ခြည်တွေ၊ စိတ်သဘောထားမမှန်တဲ့သူတွေ ညစ်ညမ်းမှုတွေ၊ မလိုတဲ့နေရာမှာ မွေးဖွားနှုန်းမြင့်ပြီး မလိုအပ်တဲ့နေရာမှာ ထိပ်တန်းရောက်နေတာတွေ .... အဲဒါတွေကို ရေးတာဟာ သူယုံကြည်တာသူလုပ်တာပါပဲ။ ကဗျာရေးတယ်ဆိုတာ ကိုယ်ယုံကြည်တန်ဖိုးထားတဲ့ကိစ္စကို ထုတ်ပြောနေတာမျိုးလည်းဖြစ်နိုင်တယ်လို့ သူ့ကဗျာတွေကနေတစ်ဆင့်ခံစားရပါတယ်။ ကဗျာလေးကို ခံစားကြည့်ရအောင်ဗျာ ....။

ပြောင်းပြန်ဟုခေါ်သည်။

၁။
ပြောင်းပြန်ဟာ ပြောင်းပြန်တွေးတယ်။ ပြောင်းပြန်ပြောတယ်။ ပြောင်းပြန်လုပ်တယ်။
ပြောင်းပြန်ဟာ ကျွန်တော်နဲ့ ငယ်သူငယ်ချင်း စိတ်ရင်းကောင်းသလောက် အငြင်းသန်တယ်
ပြောင်းပြန်ဟာ သူ့အဖေ အိမ်က နှင်ချတာကို မကြာခဏ ခံရတဲ့ ပြုတ်မနူးကောင်။

၂။
ပြောင်းပြန်ဟာ ဆယ်တန်းမအောင်ဘူး အလုပ်မလုပ်ဘူး ပိုက်ဆံမရှာဘူး
ပြောင်းပြန်ကို သူ့အမေက သင်္ဘောသားလုပ်ဖို့ အကြီးအကျယ်တိုက်တွန်းဖူးတယ်
ပြောင်းပြန်ဟာ တောမှာသွားပြီး သုံးနှစ်သုံးမိုး ဘုန်းကြီးဝတ်ဖူးတယ်။

၃။
ပြောင်းပြန်ဟာ တစ်နေ့ မျက်စိလည်လမ်းမှားပြီး ကျွန်တော့်ဆီ ရောက်လာတယ်
ပြောင်းပြန်ဟာ တီရှပ်ကို ပြောင်းပြန်ဝတ်ပြီး ဦးထုပ်ကို နောက်ပြန်ဆာင်းလို့
ပြောင်းပြန်က သူ စီးပွားရေးလုပ်တော့မယ့်အကြောင်း ကျွန်တော့်ကိုပြောတယ်။

၎။
ပြောင်းပြန်ရဲ့ အကြောင်းကို ကျွန်တော်က ကောင်းကောင်းသိနှင့်ပြီးသား
ပြောင်းပြန်ဟာ ဇောက်ထိုးနဲ့ပေါင်းပြီး ဂစ်တာတီးလိုက် ဆေးချလိုက် လုပ်နေတယ်
ပြောင်းပြန် အရက်ဆိုင်မှာ မူးပြီးရန်ဖြစ်လို့ဆိုပြီး ရဲက အချုပ်ထဲထည့်လိုက်တယ်။

၅။
ပြောင်းပြန်ဟာ သူ့ဆံပင်ရှည်တွေကို မိန်းမတစ်ယောက်လို ဖားလျားချထားတယ်
ပြောင်းပြန်ဟာ ဂျင်းန်ဘောင်းဘီဝတ်ပြီး အင်္ဂလိပ်စကားပြောသင်တန်း တက်နေတယ်
ပြောင်းပြန်က ဗြိတိသျှနယ်ချဲ့တွေကို မုန်းလို့ အင်္ဂလိပ်စကားသင်နေတာလို့ပြောတယ်။

၆။
ပြောင်းပြန် ဘာပဲလုပ်လုပ် ဘယ်သူမှ သူ့ကို အထင်မကြီးပါဘူး
ပြောင်းပြန်ကလည်း လူတွေ အထင်ကြီးတဲ့အရာမှန်သမျှ သူက အထင်မကြီးပါဘူး
ပြောင်းပြန်ဟာ သူ့ပြောင်းပြန်အထာနဲ့သူ ပြောင်းပြန်အယူကို ကိုင်စွဲတယ်။

၇။
ပြောင်းပြန်ကို သူ့အိမ်က သတင်းစာထဲကနေ အမွေပြတ် စွန့်လွှတ်လိုက်တယ်
ပြောင်းပြန်ဟာ သင်္ဘောသားမယားတစ်ယောက်နဲ့ ယူလိုက်တယ် ကြားတယ်
ပြောင်းပြန်ဟာ အဲဒီသင်္ဘောသားမယားနဲ့ ကွာလိုက်ပြီလို့လည်း ထပ်ကြားတယ်။

၈။
ပြောင်းပြန်နဲ့ကျွန်တော် မြို့ထဲက လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ဆုံတယ်
ပြောင်းပြန်က "ငါအောင်မြင်သူတစ်ယောက် မဖြစ်ချင်ပါဘူးကွာ" တဲ့
ပြောင်းပြန်ဟာ မြို့သစ်ကလေးမှာနေပြီး ကွမ်းယာရောင်းနေရတယ်။

၉။
ပြောင်းပြန်နဲ့ကျွန်တော် နောက်တစ်ခါထပ်ဆုံတော့ ဘီယာဆိုင်ကြီးတစ်ခုမှာပါ
ပြောင်းပြန်ဟာ အဲဒီ ဘီယာဆိုင်က တီးဝိုင်းမှာ တီးဝိုင်းခေါင်းဆောင်တွေဘာတွေဖြစ်လို့
ပြောင်းပြန်ရဲ့ အဖေနဲ့အမေဆုံးတော့ သူ အမွေတော်တော်များများ ရလိုက်တယ်။

၁၀။
ပြောင်းပြန်ဟာ ပရာဒိုကားကြီးကို ကိုယ်တိုင်မောင်းလာပြီး ကျွန်တော့်ဆီလာတယ်။
ပြောင်းပြန်ရဲ့ပုံစံက အခုတော့ ဆံပင်တိုတို ဘောင်းဘီတိုတိုနဲ့ ဟမ်းဖုန်းကို ကိုင်လို့
ပြောင်းပြန်ဟာ ကျွန်တော့်ဆီက အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်တွေ ငှားသွားတယ်။

၁၁။
ပြောင်းပြန်ဟာ "မောင်းပြန်" အမည်နဲ့ မဂ္ဂဇင်းတွေမှာ ဝေဖန်စာတွေ ရေးတယ်
ပြောင်းပြန်ဟာ ဒြပ်မဲ့ပန်းချီကားတွေဆွဲပြီး ပန်းချီပြပွဲတစ်ပွဲကိုလည်း လုပ်လိုက်သေးတယ်
ပြောင်းပြန်ကို သံရုံးဧည့်ခံပွဲတွေမှာ မကြာခဏ တွေ့ရတတ်တယ်။

၁၂။
ပြောင်းပြန် ဘာတွေလုပ်နေသလဲ ဘယ်သူမှ သေချာမသိကြပါဘူး
ပြောင်းပြန်ဟာ ဟိုတယ်ကြီးတစ်ခုမှာ စတည်းချပြီး နေတယ်လို့တော့ ပြောကြတာပဲ
ပြောင်းပြန်နဲ့ အခုတလော တွဲနေတဲ့ကောင်မလေးဟာ ဆံပင်ရွှေရောင်နဲ့မော်ဒယ်လ်ဂဲ။

၁၃။
ပြောင်းပြန်ဟာ ကျွန်တော့်ဆီကို နောက်တစ်ခေါက် ရောက်မလာတော့ပါဘူး
ပြောင်းပြန်ရေးတဲ့ခေတ်ပေါ်ဝတ္ထုတွေဟာ ပြည်တွင်းဈေးကွက်ထဲမှာ ရောင်းမလောက်ဘူး
ပြောင်းပြန်ရဲ့ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို တေးအယ်လ်ဘမ်တစ်ချပ် ထွက်လာသေးတယ်။

၁၄။
ပြောင်းပြန်ဟာ သူကိုယ်တိုင် ဒါရိုက်တာ/ထုတ်လုပ်သူ အဖြစ် ရုပ်ရှင်ဇာတ်ကားတစ်ကားရိုက်တယ်
ပြောင်းပြန်ရဲ့ ရုပ်ရှင်ထဲမှာ သရုပ်ဆောင်က ပြောင်းပြန်တစ်ယောက်တည်း
ပြောင်းပြန်ရဲ့ ရုပ်ရှင်ထဲမှာ ဒိုင်ယာလော့ဂ်တွေ တစ်ခုမှမပါဘူး။

၁၅။
ပြောင်းပြန်ဟာ အခုတော့ လူသိများ ထင်ရှားပြီး လေးစားလောက်တဲ့လူတစ်ယောက်
ပြောင်းပြန်ဟာ နာမည်ကြီးကာမှ ကျွန်တော့်မြင်ကွင်းကနေ ပျောက်သွားတယ်
ပြောင်းပြန်ဟာ ပြင်သစ်မှာ ဖက်ရှင် ကုမ္ပဏီကြီးတစ်ခုကို ထောင်ထားသလိုလို ဘာလိုလို။

၁၆။
ပြောင်းပြန်ဟာ အင်္ဂလိပ်ဘာသာနဲ့ စာအုပ်တစ်အုပ်ရေးပြီး နိုင်ငံခြားမှာ ထုတ်ဝေတယ်
ပြောင်းပြန်ဟာ သူ့စာအုပ်ကို "ပြောင်းပြန်တွေးခေါ်နေထိုင်နည်း" လို့ အမည်ပေးတယ်
ပြောင်းပြန်ရဲ့စာအုပ်ဟာ နောက်ဆုံးထုတ် ဟယ်ရီပေါ်တားနဲ့အပြိုင် ရောင်းစွံတယ်ကြားတယ်။

၁၇။
ပြောင်းပြန်ဟာ ကျွန်တော့်ဆီကို အီးမေးလ်နဲ့ စာတွေရေးတယ်
ပြောင်းပြန်ရဲ့ စာတစ်စောင်ထဲမှာ "ကမ္ဘာကြီးဟာ ပြောင်းပြန်လည်နေတာ" လို့ပါတယ်။
ပြောင်းပြန်က ကျွန်တော့်ကို "မင်းအခုအထိ အမှန်ကို အမှန်လို့ မြင်နေတုန်းလား"လို့မေးတယ်။

၁၈။
ပြောင်းပြန်ဟာ ပြောင်းပြန် ဖောင်ဒေးရှင်းကို ကမ္ဘာ အနှံ့မှာ ထောင်ထားတယ်
ပြောင်းပြန်ရဲ့ ပြောင်းပြန်အင်စတီကျူကနေ ဘွဲ့မရတဲ့ ပညာရှင်တွေ မွေးထုတ်ပေးတယ်
ပြောင်းပြန်ချစ်သူများအသင်းကပေးတဲ့ နိုင်ငံတကာပြောင်းပြန်ဆုဟာ နိုဗယ်ဆုပမာ။

၁၉။
ပြောင်းပြန်ကို စီအင်န်အင်န် သတင်းထောက်ကြီး လယ်ရီကင်းက အထူးတွေ့ဆုံမေးမြန်းခဲ့
ပြောင်းပြန်ကို လယ်ရီက "အခု ခင်ဗျား အလုပ်ချင်ဆုံး အရာက ဘာလဲ" လို့မေးတော့
ပြောင်းပြန်က "ကျူပ် အခုဘာမှမလုပ်ချင်တော့ဘူး သေချင်ပြီ" လို့ပြန်ဖြေခဲ့တယ်။

၂၀။
ပြောင်းပြန်ဟာ ပြောင်းပြန်တွေးတယ် ပြောင်းပြန်ပြောတယ် ပြောင်းပြန်လုပ်တယ်
ပြောင်းပြန်ဟာ ကျွန်တော်နဲ့ ငယ်သူငယ်ချင်း စိတ်ရင်းကောင်းသလောက် အငြင်းသန်တယ်
ပြောင်းပြန်ဟာ သူ့အဖေ အိမ်ကနှင်ချတာကို မကြာခဏ ခံခဲ့ရတဲ့ ပြုတ်မနူးကောင်။

မင်းထက်မောင်

ကဗျာပြောင်းပြန်/၂၀၀၆ မှ

ကဗျာလေးကိုဖတ်ပြီး အမှန်ကို အမှန်လို့မြင်နေတုန်းပဲလားဆိုတဲ့ပြောင်းပြန်ကြီးကို လွမ်းသလိုတောင်ဖြစ်လာတယ်။ .... သူ့ကို ကျွန်တော်တို့သိနေသလိုလိုဖြစ်လာတယ်။ ပြောင်းပြန်ကြီး ကသေချင်ပြီလို့ပြောတော့ သူ့ကိုနားလည်မိတယ်။ ပြောင်းပြန်ကြီးကို ခင်သလိုတောင်ဖြစ်လာတယ် ....။ ပြောင်းပြန်ကြီးအခုဘာလုပ်နေပြီလဲ ... ဘုန်းကြီးဝတ်သွားပြီလား။ တဟီတီကို ၀ယ်ပြီး ပြောင်းပြန်မွမ်းမံသင်တန်းတွေဖွင့်နေပြီလား ...... တွေးနေမိတယ်။ .... ဒီကဗျာလေးကိုသေချာဖတ်ကြည့်ပါ ....။ သိပ်ကို ရိုးရှင်းတဲ့ ပြောင်းပြန်ကြီးကို လိုက်ရှာကြည့်ပါ .....။ သူ့စိတ်ထဲမှာရော ဘ၀ကြီးက ဘယ်လိုမျိုးလဲ .... ပြောင်းပြန်ကြီးသာ ကဗျာရေးမယ်ဆိုရင် မြန်မာပြည်ရဲ့ထိပ်တန်းဖြစ်လာမလား။ သိပ်ကိုစိတ်ဝင်စားနေမိတယ် ......။

အင်း .. ဒီလိုနဲ့ ကျွန်တော့်ကဗျာ ကော့တေးလ်ကို တော်တော်လေး သောက်ရတာ မူးလာပြီလို့ထင်ပါတယ် ...။နောက်ဆုံးမှာ ကဗျာလေးနှစ်ပုဒ်ကိုပြောပြချင်ပါတယ်။ ကျွန်တော် ၂၀၀၉ တုန်းကဖတ်ခဲ့တဲ့ကဗျာလေးတစ်ပုဒ်ပါ ... ကိုယ့်ဟာကိုယ်ပြန်ရိုက်ရမှာပျင်းလို့ တစ်နေရာကပြန်ခိုးလာပါတယ် ....။ :P ဘာသာပြန်ထားတာပါ .....လှပစွာဘာသာပြန်တဲ့သူကတော့ ကျွန်တော်များ လေးစားရတဲ့ ဆရာမ မနော်ဟရီ ဖြစ်ပါတယ်။ :P ....
(10 မှတ်)

ကောင်းသောညပါ

" ကောင်းသောညပါ … "
ငါတို့ရဲ့ ဇာတ်လမ်းဟာ
မနက်ဖြန်ခါမှာ အဆုံးသတ်ရတော့မယ် … ။

ခုတော့ …
အပြာရောင် အလင်းတောင်ပံနဲ့ နတ်သမီးလေးတွေဟာ
မင်းရဲ့ နှလုံးသားက
မျက်ရည်နဲ့ ဝမ်းနည်းမှုပုံရိပ်တွေကို
ဖယ်ရှားပစ်လိမ့်မယ် …
ပြီးတော့ …
မင်းကို " ငြိမ်းချမ်းခြင်း " ပေးလိမ့်မယ် …
" ကောင်းသောညပါ … "

" ကောင်းသောညပါ … "
မင်းရဲ့ နားထဲမှာ …
ချစ်စရာကောင်းတဲ့ တီးတိုးသံတို့ရဲ့
နူးညံ့တဲ့ ပဲ့တင်ရိုက်ချက်တွေ …
တုန်ခါရိုက်ခတ်နေပါစေ …
ပြီးတော့ …
အိပ်စက်ခြင်းရဲ့ သဏ္ဍာန်မဲ့စိတ်ကူးရိပ်တွေကနေ
မင်းရဲ့ အိပ်မက်တွေကို ဖြတ်သန်းလို့
ငါ့ရဲ့ အပြုံးရိပ်တွေ ဖြစ်တည်လာလိမ့်မယ်

" ကောင်းသောညပါ "
မင်းရဲ့ နှုတ်ခမ်းပါးတွေကို
ငါစောင့်စားနေတဲ့အခါ
မင်းရဲ့ မျက်ဝန်းတွေကို ဖွင့်ထားပေးပါ …
မင်းရဲ့ အခြွေအရံတွေကိုလည်း
မခေါ်လိုက်ပါနဲ့ဦး …
မင်းရဲ့ ရင်ခွင်ကို နမ်းရှိုက်မလို့
နောက်တစ်ကြိမ်တည်းရယ်ပါ … ။

" ကောင်းသောညပါ … "
ဒါဟာ သိပ်ကိုနောက်ကျနေခဲ့ပြီလား …
…
" ကောင်းသောညပါ … "
တံခါးကိုပိတ်လို့ မင်းလှည့်ထွက်သွားတယ်
…
" ကောင်းသောညပါ"
… ဟုတ်တယ် …
မင်း …
ငါ့ရဲ့ " ကောင်းသောည " နှုတ်ဆက်သံကို
မစောင့်ဘဲ
ဘယ်တော့မှ
အိပ်ရာဝင်မှာ မဟုတ်ပါဘူး။


Adam Mickiewicz's Goodnight

Translated by မနော်ဟရီ


ဒီကဗျာလေးကို သိပ်ကြိုက်ပါတယ်။ ငယ်ကတည်းက အိပ်ရာဝင်ခါနီးတိုင်း အမေက Good Night son လို့နှုတ်ဆက်တတ်ပါတယ်။ အိပ်ခါနီးတိုင်းနှုတ်ဆက်တဲ့အကျင့်ဟာ အခုအထိလည်း ရှိနေပါတယ် ... မြန်မာပြည်မှာ ရှိတဲ့ ဒုတိယ မိခင်ကြီးကို ကောင်းသောညလို့မနှုတ်ဆက်ဘဲ အိပ်လေ့မရှိပါဘူး။ မြန်မာနိုင်ငံရဲ့ ဆိုးရွားတဲ့ အင်တာနက်ကြီး ပြုတ်ကျနေရင်တောင် ဖုန်းဆက်ပြီး တစ်ခွန်းတော့နှုတ်ဆက်ပါတယ်။ ဘယ်လောက်ပဲကပ်စေးနှဲတယ်ပြောပြော သားသမီးတိုင်းကတော့ အမေ့ကို ကရုစိုက်ကြပါတယ်။ (5 မှတ်) ....။

နောက်ဆုံးကဗျာကတော့ ကျွန်တော့်ရဲ့ ပထမ မိခင်ကြီးရေးသွားတာပါ ...။

လွမ်းနည်းကြေကွဲတတ်တဲ့ ၁၈ နှစ်အောက်တွေ ... နှလုံးမကောင်းသူတွေ ....မျက်လုံးနှစ်ဖက်ကို လက်နဲ့အုပ်ထားစေချင်ပါတယ် ....။ ၀မ်းနည်းကြေကွဲတတ်သူများမဖတ်သင့်တဲ့ ကဗျာပါ .....။ ဒီကဗျာကို သူဆုံးခါနီး ၅ ရက် အလိုမှာရေးပါတယ် ...။ ပါးစပ်နဲ့ရွတ်ပြတယ်လို့လည်းပြောနိုင်ပါတယ် .....။

သား ....

Nu အားတင်းထားမယ် တဲ့ ....။

Nu ဆိုတာကတော့ ကချင်လို အမေလို့ပြောတာပါ။ ဒီကဗျာလေးကို အချစ်ဆုံးပဲ ....။ အဲဒီအချိန်မှာ အမေဟာ ရောဂါမျိုးစုံကို တပြိုင်နက်ပေးဆပ်ရတော့မယ့် နောက်ဆုံးနေ့တွေပေါ့ ....။ ကျွန်တော်စိတ်ပူမှာစိုးလို့ ... ဘာမှမဖြစ်သလို ရယ်နေကြအတိုင်းရယ်ပြီး ပြောသွားတဲ့စကားလုံးလေးတွေ ... ။

ကျွန်တော့်စိတ်ထဲကို အဲဒီစကားလုံးတွေဟာ အနက်ရှိုင်းဆုံးထိုးဖောက်ဝင်ရောက်သွားတယ် ....။ အဲဒီစကားလုံးတွေကို ရွတ်လိုက်တိုင်း အမေ့ရဲ့ မေတ္တာကို နွေးခနဲပြန်ပြန်ခံစားရတယ် .....။ မိခင်မေတ္တာတွေနဲ့ ကျွန်တော့်ဘ၀ဟာ အေးချမ်းခဲ့တယ် ....။ ငယ်တုန်းက ဖတ်ဖူးတဲ့ အမေရှိရင် ဘယ်တော့မှ မငတ်ဘူးဆိုတဲ့ စကားပုံလေးကို အမေရှိတုန်း အမေ့ကို ပြောပြဖြစ်ခဲ့လို့ တော်တော်လေး စိတ်သက်သာရာရပါတယ် ....။ အမေလှူချင်တာတွေ အမေရှိတုန်းက လှူဖြစ်လိုက်လို့လည်း နည်းနည်းဖြေသာပါတယ် ....။ အမေလုပ်စေချင်တာတွေကို ဆက်လုပ်ဖို့ ရှင်သန်နေရတာပဲ လို့မကြာမကြာတွေးမိပါတယ် .....။ တစ်ချိန်က သားအမိနှစ်ယောက် လက်တွဲပြီး ညပိုင်းရောင်းတဲ့ ပလာတာဆိုင်လေးကို သွားတာကို အမြဲသတိရမိပါတယ်။ အမေက လမ်းမြန်မြန်မလျှောက်နိုင်တဲ့အတွက် ဖြည်းဖြည်းချင်းလျှောက်ရပါတယ် ....။ .... အမြဲတမ်း သားတွေအပေါ်မှာ နားလည်ပေးခဲ့တဲ့ အမေ့ကို ဆန္ဒရှိသလောက် ဘာမှမလုပ်ပေးလိုက်နိုင်တာကတော့ တော်တော်လေး နောင်တရရတဲ့ ကိစ္စဖြစ်ပါတယ် .....။ .... ကဗျာတွေကို စိတ်နဲ့ဖတ်ကြည့်တဲ့အခါ .... စိတ်ရဲ့အနက်အရှိုင်းဆုံးအထိ .... ကဗျာဟာ တိုးဝင်သွားတယ် ......။


ကဗျာတွေထဲမှာ ကျွန်တော်တို့ရဲ့ဘ၀တွေရှိတယ် ....။

ကျွန်တော်တို့ရဲ့မျက်ရည်တွေနဲ့ နာကျင်မှုတွေလည်းရှိတယ် ......။

ကျွန်တော်တို့ ရဲ့ နောင်တတွေနဲ့ စွတ်စိုထိုင်းမှိုင်းနေတဲ့ တိမ်တိုက်တွေလည်းရှိတယ် ......။


ကျွန်တော့် ကော့တေးလ်ဟာ သိပ်ပျော့နေတယ်ဆိုရင်လည်း သည်းခံပြီးဖတ်သွားတဲ့အတွက် ကျေးဇူးတင်ပါတယ် ....။ ဒီ ကဗျာဘလော့ခ်မှာ ကောမန့်ရေးတဲ့သူ အထူးရှားပါးပါပဲ ။ အများဆုံးကော်မန့်က ၁၄ ခုထင်ပါတယ် .....။ လူဖတ်နည်းနဲ့နေရာမှာ ရေးတာဟာ ... လူနည်းစုပဲသိစေချင်လို့ပါပဲ ....။

Peace Be With You All ...

Thanks moms for your love and guidance ...


With Peace,

Zephyr

ကျွန်မချစ်သောကဗျာများ

Saturday, March 20, 2010

ရင်ဖွင့်ဂါထာ

သံလွင်ခက်တွေ စိုရွှမ်းသော ဒေသကို ရွေးပြီး ကျွန်မကို မြို့တည်ကြပြီပေါ့
ကျွန်မရဲ့ ဦးခေါင်းက ဆံပင်တွေတောင် သွေးခြေဥ
အမှန်တကယ်တော့ ကျွန်မဟာ ကြီးကျယ်ခန်းနားစွာ သလင်းပန်းတွေပိုက်နေတဲ့ ရုပ်တုတစ်ခု ဖြစ်သင့်တယ်
ချစ်ခြင်းမေတ္တာကို အကြောင်းပြုပြီး အဆိုအမိန့်တွေ လှပလွန်းတော့လည်း
ကျွန်မ မကွယ်လွန်မီ ဘဝဖြစ်စဉ်ဟာ ရိုးရိုးလေးနဲ့ ---
စကြဝဠာတစ်ဝှမ်းလုံးကို လွှမ်းမိုးထားချင်တယ်။

ထနောင်းပင် အကိုင်းအခက်တွေ တစ်ချက်လှုပ်လိုက်ရုံနဲ့
နေလုံးထဲက ဗွမ်းကနဲ လွင့်စင်ထွက်ကျလာမယ့် ကျွန်မဟာ
အလွန်နူးညံ့ယဉ်ကျေးသိမ်မွေ့သော ဘီလူးတစ်ကောင်ရဲ့ ပုခုံးပေါ်
တစ်လှမ်းချင်း အရိပ်ဖြစ်လိုက် နို့နှစ်ရောင် ရနံ့ဖြစ်လိုက်
ကျွန်မ ခေတ်ကို ခလုတ်တိုက်မိ မတတ်ပါပဲ။

လေတိုက်လေ ဖြူလေ တိမ်စေ့များ ငြိမ်သက်
သားရဲ တောရိုင်းတိရစ္ဆာန်တွေက ကျွန်မကို လုံလုံခြုံခြုံ ဖွက်ထားကြပြန်ပြီ
စိတ်အေးလက်အေး ကျောက်စရစ်ခဲလေးတွေကို ပုလဲကြိုးနဲ့သီကုံးရင်း
ပြတင်းပေါက်မရှိတဲ့ ကောင်းကင်ကို ကျွန်မ ငေးကြည့်နေမိတယ်။
(ဗုဒ္ဓဂေါတမကို ကျွန်မ တွေ့ချင်လိုက်တာရှင် )
ကျွန်မ ရင်ခွင်နဲ့ သစ်ပင်အားလုံး တဖျတ်ဖျတ် လင်းချင်းသွားတယ်
ဂါထာတစ်ပုဒ်ကို ဝတ်ထားတဲ့ ကျွန်မ တစ်ကိုယ်လည်း လဲပြိုလုလုယိုင်တိယိုင်တိုင်
ကျွန်မ … ကျွန်မ ပဒုမ္မာ ကြာရွက်ကလေးကို ကိုင်ထားပါရစေရှင် ။

အို ကျွန်မကို နှင်းတွေ ပက်နေတာလား
မဖြစ်နိုင်ဘူး ဒါ ကျွန်မကိုယ်ပေါ် မိုးဖွားတွေ ကျနေတာပါ
သာယာတိုးညင်းသော ချမ်းစိမ့်စိမ့် မိုးစက်ကြွေသံတွေ
ကျွန်မရဲ့ ခြေသံနဲ့ တူလိုက်တာ ကျွန်မရဲ့ ခြေသံနဲ့ တစ်ထေရာတည်းပါပဲ။

မျက်စိတစ်ဆုံး မြင်နေရတဲ့ လရောင်ကို ဆွဲချီသွားသော တောင်တန်းများ
ကျွန်မ ပြေးဝင်နိုင်ဖို့ အဆင်သင့် ဖွင့်ထားကြပါရဲ့
အချိန်မတန်သေးပါဘူးလေ ဟောဟို အရှေ့ယွန်းယွန်း ကမူဘေးနားမှာ
ကျွန်မရဲ့ မြစိမ်းရောင် ပဝါ နောက်ပြီး ကျွန်မရဲ့ လိပ်ပြာ

ဒေဝီ…
ပြတင်းပေါက်တစ်ပေါက်ကို ကျွန်မ ပိုင်ဆိုင်ရပြီလို့ မရေရာခင်
အဆုတ်တစ်ခြမ်းနဲ့ သစ်ပင်ထိပ် ကျွန်မ ခြေစုံရပ်ပြီး
သစ်သီးဝလံတွေကို မိုးပေါ် ပစ်တင်ဖို့
ဘယ်တော့များမှ တမလွန်ဘဝနဲ့ ဆုံတွေ့ရပါ့မလဲ။

မတမ်းတချင်ဘူး တမ်းတရင်
မိတကွဲ ဖတကွဲ ရှေးဟောင်း အုတ်ခွက်ထဲက ကိန္နရီတွေ ဒလိန်းထိုးနေပုံကဖြင့်
ကျောက်တုံးပေါ် ဘုရားကျောင်း ပွင့်စေတယ်နော်
မခို့တရို့ ရယ်မောပစ်ဖို့ ပျော်ရွှင်စွာ ကျွန်မ ဟစ်ငိုလိုက်ချိန်
သောင်ခုံတွေက ဆပ်သွားဖူး ဖြစ်လိုဖြစ်
ခရုခွံတွေက လည်တုံ ဖြစ်လိုဖြစ်
ကျွန်မ သတိလစ်မတတ် ကြည့်ငေးနေမိတယ်။
ကျွန်မ ရင်အုံထဲက ငှက်တွေ လန့်ဖြန့် ပျံထွက်သွားကြပါ
သဘာဝအတိုင်း လွတ်လွတ်လပ်လပ် လရောင် ရွာပါစေ
တွန့်လိမ် ခွေခေါက်နေတဲ့ တိမ်အော်သံကို ထုဆစ်မယ့်
မီးတောက်မီးလျှံတွေလည်း အရည်ပျော်ကျ
ဘယ်လိုမှ ချုပ်တည်းမရတော့လောက်အောင် ကျွန်မရဲ့ မနောဓာတ်လည်း ကခုန် ပျော့ပြောင်းသွားတော့မယ်။ ။

လုံမငြိမ်းချမ်း
သရဖူ အမှတ်စဉ် ၃၃ ၁၉၉၇

ဒီကဗျာကိုတော့ မဝေနော်က လုံမငြိမ်းချမ်း နာမည်နဲ့ပဲ ရေးခဲ့ပါတယ်။ သရဖူ ခေတ်ကလ ဆီတုန်းကပါ။ ခုနောက်ပိုင်းသတိထားမိသလောက်က ဝေနော် ဆိုတဲ့ နာမည်နဲ့ ကဗျာမရေးတော့ သလိုပါပဲ။ ဘာပဲဖြစ်ဖြစ် သူ့ကဗျာလေးတွေကတော့ ညွတ်ပြောင်းစွာ သန်မာနေဆဲ။



ပြည်

လဝန်းထဲ
ပွဲကြည့်လှေကလေး လှော်ခတ်ဝင်သွား
လမ်းရွေးမှားသူမြစ်
နှစ်ထပ်သဘောင်္မြိုကကလေးပေါ် နားခဲ့ပေါ့။ ။

မောင်ချောနွယ်

ဒီကဗျာဖတ်ပြီး ပြည်ကိုသွားတော့ သတိထားကြည့်မိတယ်။ ဟုတ်တယ်။ နှစ်ထပ်သဘောင်္နဲ့ တူတဲ့ မြို့ကလေးပဲ။ ပြည်မြို့ အဝင်ကို သတိထားကြည့်လိုက်ပါ။ ဒီကဗျာလေးကို သတိရမိပါလိမ့်မယ်။


သင်္ဂဟ ရှာသူများ
မြေ
မြက်
မိတ်ဖက်။
ငှက်
လေညင်း
မိတ်ရင်း။
လေညင်းကိုရှူရင်း
မြေခင်းပေါ်လမ်းလျှောက်
ပြီးတော့
မိတ်ဆွေပျောက်နေကြ၏။ ။

အိုဖုန်းသစ်
မြားနတ်မောင် ဇွန်၊၁၉၉၃

ကျွန်မတို့လည်း လေညင်းကိုရှုရင်း မြေခင်းပေါ်လမ်းလျှောက် မိတ်ဆွေတွေကျကျပျောက်နေခဲ့တာ ကြာပေါ့။

စင်အောက်ကလူ

……………
…………………..
ဘာမှလည်းမဟုတ်
တငုတ်တုတ်တုတ်နဲ့
ကျုပ်တို့မတော့ ညောင်းလှပြီ။ ။

ကိုကိုကြီး (ရုပ်မြင်)

တစ်ခါတစ်ခါတော့လည်း စင်ပေါ်က လူနဲ့ စင်အောက်ကလူ ပေးချင်တာနဲ့ ရလိုက်တာ မတူလိုက်ကြဘူး။


ဣႆာမစ ၦရိယ ည

ညသန်းခေါင်
ခွေးဟောင်လို့ ခေါင်းထောင်ကြည့်
လပြည့်ဝန်းငွေရောင်အိ
အခြား ဘာမှမရှိ ။ ။

မောင်သာပို

ခွေးဟောင်သံတွေနဲ့ ထိန်ထိန်သာနေတဲ့လပြည့်ညတွေအကြောင်း။


မောရမိုး
ငါက
အသက်လေးဆယ်မှာ
အိပ်မက်နဲ့ လက်ထပ်ချင်သူ။

အံကြိတ်ကာမာန်ဖီလိုက်
အကြိမ်ကြိမ် ရှူံးနိမ့်လိုက်နဲ့
သေချာအောင် လုပ်ခဲ့ပြီးမှ
အသေအချာလွဲသွားတဲ့ သေချာခြင်းတွေရယ်
ခုတော့လည်း
အသက်နဲ့ ပြောင်းပြန် အချိုးကျခဲ့။

ကိုယ်ကိုယ်ကို ဝန်ခံဖို့လည်း ရှက်မိရဲ့
ကြာလာတော့
ဒုက္ခတွေ
အညှိုးအတေးဖွဲ့ပစ်ချခံရ
ဆာတ့် ရဲ့ စွန့်ပစ်ခံကလေးကိုပဲ
သံယောဇဉ်ပိုလာတော့တယ်။


ဒါဟာ
အိပ်မက်ဆီခရီး
မျှော်ရင်းမောပေါ့
ဟောဒီ ရင်ဘတ်သေးသေးကလေးနဲ့
ညဆိုးတွေ လွှင့်ပစ်ခဲ့။
ရင်ခုန်သံ အကျိုးအပဲ့ကိုလည်း ဖြုတ်ပစ်ခဲ့။
နောက်ဆုံးတော့
ကိုယ့်ကိုယ်ကို လှပ စွာညာရင်း မြင့်မြတ်ခဲ့။

ဒီလိုနဲ့
ငါ့ကိုယ်ပိုင်တွင်းကလေးထဲ ခုန်ဆင်းခဲ့
တစ်စုံတစ်ရာ
မက်လောက်စရာများ တွေ့လေမလားလို့။ ။
မောရမိုး



ခမ်းခြောက်စိုးရိမ်
အဲဒီ
ဘောင်ဘင်ခတ်စိတ်ကူးတွေနဲ့ တယောထိုးခဲ့
ညအိပ်ရာဝင်တိုင်း မေးမိတယ်
မင်း ဂီတက ဘာလဲ လို့
နောက်ဆုံး
အမှောင်ရို့ရို့မှာ ပုံလဲ အိပ်လိုက်ရ
မနက်လင်းတော့
နှပ်ထားတဲ့ ကော်ဖီခွက်ထဲက နှင်းဆီပွင့်တွေ
သီချင်း လုပ်ဖို့ ပွတ်သပ်မိပြန်သေး
တကယ့်တကယ်
ကိုယ့်အရှိုက်ကို စိတ်နဲ့ ပြင်းပြင်းထိုးလိုက်မှ
ချုပ်ရိုးကြောင်းတွေကွဲအက်
သုည ဆိုတဲ့ မရှိကိန်း ဇာတ်လိုက်က ခုန်ထွက်လာတယ်။ ။
စိုးရိမ်

ကိုယ့်နာမည်ကိုယ် ကဗျာခေါင်းစဉ်ထဲ ထည့်ထားတဲ့ ကဗျာနှစ်ပုဒ် ။ နှစ်ပုဒ်လုံး သရဖူ မဂ္ဂဇင်းထဲကပါ။

နေဝင်တယော
ငါဟာ တယောတစ်လက် ဖြစ်ခဲ့တယ်
ဘိုးတံကို ခပ်ဝေးဝေးမှာ သွားချိတ်ထားလိုက်ပါ
ရှောင်မရတဲ့ညနေတွေက ငါ့ကို ရူးပြီး ရမ်းကားနေတဲ့ကြားထဲ
ပိုပြီး ပေါက်ကွဲစေမယ့် သံစဉ်တွေ ညှစ်မထုတ်နိုင်အောင်
ဘိုးတံကို
ဝေးဝေးမှာ သွားချိတ်ထားလိုက်ပါ။

ငါဟာ တယောတစ်လက် ဖြစ်ခဲ့တယ်
ဘိုးတံကို ဝေးဝေးမှာ သွားချိတ်ထားလိုက်ပါ
ခံစားချက်တွေက တကျွီကျွီ သံရှည်ဆွဲတတ်လွန်းလို့
ကိုယ့်ရင်ခုန်သံကိုတောင် ကိုယ်ပြန်စိတ်မရှည်နိုင်တဲ့ကြားထဲ
ပွတ်သီးပွတ်သပ်နဲ့ လာလာပြီးကလိတတ်တဲ့
ဘိုးတံကို
ဝေးဝေးသွားချိတ်ထားလိုက်ပါ။

ငါဟာ တယောတစ်လက်ဖြစ်ခဲ့တယ်
ဘိုးတံကို ဝေးဝေးမှာ သွားချိတ်ထားလိုက်ပါ
ကံဆိုးမဲပေါက်သလို ရခဲ့တဲ့ဘဝတစ်ခုရဲ့
အိပ်မက်တွေနဲ့ လုပ်ထားတဲ့ လရောင်စစ်စစ်ကို
လူမြင်မခံဝံ့ အသေအချာ သိမ်းထုတ်လို့ထားဆဲ
ငါ့ရင်ကို ဟက်ကနဲ ခွဲပြီး အထုတ်ဖြည်ပြမယ့်
ဘိုးတံကို
ဝေးဝေး ချိတ်ထားလိုက်စမ်းပါ။

ငါဟာ
တယော တစ်လက်ပါ
ပိုပြီးသေချာအောင် ပြောရရင်
လရောင်နဲ့ စိမ်ထားတဲ့ တယောတစ်လက်ပါ
တစ်ကိုယ်စာ ကျဉ်းကျပ်ခံရတဲ့ မဖူလုံနိုင်တဲ့ သံစဉ်တွေနဲ့ တယောတစ်လက်ပါ
အဝေးမျှော် ခံစားချက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဘာမှန်းမသိချင်တော့တဲ့ တယောတစ်လက်ပါ
စကားလုံးတွေနဲ့ အနှစ်သာရတွေ ပြောင်းပြန်အချိုးကျ လူလည်လုပ်ခြင်းကို သိသိကြီးခံနေရတဲ့
တယောတစ်လက်ပါ
ဝင်ဖို့ ပြင်ခဲ့တာ ကြာပြီဖြစ်တဲ့ နေလုံးကြီးကို ဖြတ်ကျော် ကွယ်ပျောက်သွားတဲ့
အိပ်တန်းပြန်ငှက်တစ်ကောင်လို တယောတစ်လက်ပါ

ဘိုးတံရေ
ငါဟာ
ရိုက်ချိုးဖို့သာကောင်းတော့တဲ့ တယောတစ်လက်ပါ။ ။
ကျော်ထူး

ဒီကဗျာကို တော်တော် စွဲလမ်းခဲ့ဖူးတယ်။ ခုထိပါပဲ။ ကိုယ်ကတော့ လရောင်နဲ့ အစိမ်မခံချင်တဲ့ တယောတစ်လက်ပဲ။ ဘိုးတံကိုတော့ ဝေးဝေးမှာပဲ ရှိနေစေချင်တယ်။


ငတ်မွတ်ခြင်း
ကျွန်တော် လူရွှင်တော် တစ်ယောက်ဖြစ်ချင်တယ်
ဟာသပဲ
ပြီးတော့လည်း
ဟုတ်တာလည်း မဟုတ်ဘူး။

ဘယ်မှာလဲ
ပင်လယ် ပန်းပွင့်နဲ့ မြေဆွေးတွေ
မျက်ရည်ပေါက် ကြီးငယ်တွေ
ဒေါသမာန်နဲ့ ချွေးစက်တွေ
တစ်ခါ ပျော်ရွှင်စွာ အချောသပ်မိသလိုလို
သုံးဆယ့်တစ်ခါ ပြိုကျ ကြေကွဲရမလိုလို
ဘဝဟာ တစ်ခါရရုံနဲ့ လူတိုင်းနဲ့ မတန်ပါဘူးတဲ့
မူးယစ် ထုံထိုင်းလို့
အနုပညာကို သိမ်ဖျင်းဖျင်း ဆွဲဆန့် ပြဖို့ သက်သက်
ခေါင်းနဲ့ကိုယ် ပြန်လည်ဆက်စပ်
လက်ပူးလက်ကြပ်မြင်လိုက်လား
အခုတော့
အကြီးအကျယ် စိတ်ခြောက်ခြားနေတဲ့ လက်ဘက်ရည်ဆိုင်တွေ
စိမ်းရွှေရွှေကုန်တိုက်ကြီးတွေ
မသေရုံတမယ် မော်တော်ကားတွေ
ဆိုပါတော့
သူခိုးလက်က သူဝှက်လုလာတဲ့ နေ့တစ်နေ့ရယ်လို့
ခိုအောင်းခဲ့ရင်
ချန်လှပ်ခဲ့ရင်
(ဒါမှမဟုတ်) တည့်တည့်တိုးခဲ့ရင်
ငါ့ကို သင် သတိရနိုင်စေသော်ဝ်။ ။
ဝင်းလွင်
သရဖူ အမှတ်စဉ် ၃၀ ၁၉၉၇


ကျွန်မ ဝင်းလွင်ရဲ့ ကဗျာတွေ တော်တော်များများကိုလည်း နှစ်သက်ခဲ့ဖူးပါတယ်။

ကဗျာ

မိုးတိမ်ရောင်စုံတွေကို
နားလည်သူမရှိပဲ
အရသာရှိခဲ့ရာက
စတဲ့ ကဗျာတွေပေါ့ ..။

ဒုက္ခတွေလို့
မမြင်ရအောင်
အလှတရားရဲ့
ညင်သာနေပုံမှာလေ

ဒီနေ့တော့
ချစ်သူများ
သူငယ်ချင်းများ
ရထားအသီးသီး လွဲသွားကြ။ ။
သုခမိန်လှိုင်

ကဗျာဆိုတာ ဒုက္ခတွေလို့ မမြင်ရအောင် အလှတရားရဲ့ ညင်သာနေပုံ တစ်ခုပါ ..တဲ့။ ဘယ်လောက် မှန်လိုက်သလဲ။ ဒီအလှတရားတွေကိုပဲ မက်မက်စက်စက်ဖြစ်ခဲ့လို့ ပက်ပက်စက်စက် ကြေကွဲနေခဲ့ကြရတယ်။

ဆောင်းများ
ပြတင်းပေါက်တွေထဲ
နှင်းတွေဝင်သွားကြ
ဘယ်တော့မှ ပြန်ထွက်မလာတော့။

ကျွန်တော်ဟာ
အရွက်နဲ့ အကိုင်းတို့ရဲ့
မမြဲခြင်းတရားမှာ
ကောင်းကင်ကို ကိုယ်စားပြုခုန်ချလာတဲ့
မိုးဖွဲဖွဲနေ့လေးတစ်နေ့မျှ

ရာသီအတိုင်း
နှင်းတွေနဲ့မှောင်နေတော့
ကောင်းကင်လည်း မမြင်ရ
ကျွန်တော့်ပြတင်းပေါက်မှာလည်း
ကျွန်တော့်ကို မမြင်ရ
ကျွန်တော် အမှားမပြောတတ်စ
အရွယ်လေးတည်းကပေါ့ ..။ ။
ဝင်းမြင့်

ကိုဝင်းမြင့်ရဲ့ ဆောင်းများ ကလည်း ကျွန်မ နှစ်သက်တဲ့ ကဗျာတစ်ပုဒ်ပါပဲ။

အသည်းကွဲပြီးနောက် သတင်းစကား
ခင်ဗျားတို့ဟာ
သကြားလုံးတစ်လုံးရဲ့
အချိုဆုံးစက္ကန့်ကို ဆွဲဆန့်ချင်သူတွေပဲ။

ဟိုတစ်နေ့က
သူမနဲ့တွေ့ပြန်တော့
အရောင်းစာရေးဆန်ဆန် မေးပါတယ်
ဘာကို အလိုရှိလဲ တဲ့
လေကောင်းလေသန့်လို့ ဆိုရင်
အံ့သြနေကြလိမ့်မယ်။

အလို..
ဘယ်လို ဂီတပါလိမ့်
မင်ရည်ကျဲသွားတဲ့ ဒိုင်ယာရီ ဆိုပါလား
သူတိုဟာ ကျွန်တော့ ကော်ဖီထဲက မလိုင်ပါ
ဂုဏ်ယူလိုက်စမ်းပါ ကိုယ့်လူရေ။

သြော် ..ဒါနဲ့
သင့်အိမ်နံရံပေါ်မှာ
ပြက္ခဒိန်တစ်ခု အသံဝင်နေတာ
ဘယ်လောက်ကြာပြီလဲ။ ။
လှသန်း
ဇန္နဝါရီ ရနံ့သစ် ၁၉၉၀


ပထမဆုံးကူးထားဖူးတဲ့ လှသန်းရဲ့ ကဗျာပါ။

ဘူတာရုံ

သံလမ်းပေါ်မှာ
ရထားအော်နေပြီ။

အမှတ်တရကိတ်မုန့်
ပေါပေါလောလောလိပ်စာ
မျက်နှာပေါ်ပေနေတဲ့ တံတွေးများ
ထုပ်ပိုးထားလိုက်တော့။

အားကောင်းမောင်းသန် တံတားကြီးတွေက
ကျွန်တော့်ကို သက်ပြင်းချလို့
ခင်ဗျားလည်း နောက်ကျောမှာ
ဥသြသံတန်းလန်းနဲ့
တောင်တန်းတွေပေါ် တွားတက်ခဲ့။ ။

မိုဃ်းဇော်


ကန္တာရသက်သက် ကောင်းကင်ဘုံ

နွမ်းချိယိုင်လှုပ်
ကုလားအုတ်တစ်ကောင်နဲ့ပ
ငါ.. လာခဲ့တယ်
အဲဒီ ကုလားအုတ်ဟာ ငါပါပဲ။

လူအငွေ့အသက်တွေနဲ့ စေးကပ်နေတဲ့
လူတွေရဲ့ ကန္တာရထဲ
ဝဲစားခွေး တစ်ကောင်လို
သွားရည်တမြားမြားယို၊ ခေါင်းငိုက်စိုက် ..သွား
ငါ ..လမ်းတွေမှားခဲ့ ..

ကနုတ်မွန်းချွန် အမြင့်အမားနဲ့
ရွှေရောင် နန်းတော်တွေကြား
ကျောက်ဖြူသား လေးထောင့်ကွက်စီရင်ပြင်
နီရဲစွတ်စို နှင်းဆီပျိုဥယျာဉ်
အမတ ရေစင် ကန်မင်္ဂလာ
ကြေးသွန်း မျက်နှာ ခန့်ညားနဲ့
တံခါးမ ဒိုင်းလွှား အဆောင်အယောင်တွေကြားမှာ
ခရာရှည် တံပိုး
မုရိုးမြောက် စည်သံတွေကြားမှာ
ငါ
ရေငတ် ခြောက်မွတ်
တတွတ်တွတ် တရကြမ်း ရှာဖွေရင်းသွားခဲ့
အပဏ္ဏက ဇာတ်ထဲက လှည်းသားငါးရာ
ဘီလူးစားခံရတာ
ဘာဆန်းသလဲကွယ် …

ဒီမှာတော့
ပိဋကတ်တိုက်သုံး စာအုပ်ကတ်တလောက်လို
ဆံခြည်မျှင်လေးတစ်စ
လျှိုဖြဲဟ မရအောင်
(လူတွေ) အခဲတမျှ စုပုံ ကန္တာရ
အပေါ် .. နေတစ်စင်း
အောက် .. နေတစ်စင်း
အပြင်းစား ယာဉ်စွန်းတန်းသစ် တစ်ခုပေါ်က ကန္တာရ
အဲဒီ
မဟာ ရန်ကုန် ကန္တာရထဲမှာ
ညတွေ
ကြိုးဆွဲချ သေပစ်လိုက်ကြရှာတာပေါ့။ ။

မင်းခိုက်စိုးစန်
(၁၉၉၃)
တိတ်ဆိတ်ခြင်း၏နာမတော်မှ


ပင်ဂွင်း

(၁)
ဥတ္တရဝင်ရိုးစွန်းနဲ့ လက်ထပ်ထားတဲ့
ရေခဲနတ်သမီးမွေးနေ့ပ
အေးရှမာစို
အက်စကီမိုတွေရဲ့ အလောင်းပေါ်တက်
(၇၅)ကြိမ်မြောက် ငှက်တွေတောင်မှ
ဂုဏ်ပြုသီချင်းဆိုကြပေါ့။
(၂)
ပြီးဆုံးသွားတဲ့အခါ
အိမ်ပြန်ဖို့ရာ ငှက်တွေလမ်းလျှောက်
ကိုယ့်တုတ်ကောက် ကိုယ်ယူလာရမယ့် ညီလာခံ
(ဟုတ်တယ်လေ)
အတောင်ပံတွေရပေမယ့်
သူတို့ ပျံမှ မပျံသန်းနိုင်ကြတာပဲ။ ။
၁၉၉၅

မင်းခိုက်စိုးစန်
ရာစုသစ်မြစ်ကျဉ်း (၃)

ကမ္ဘာ့ကဗျာနေ့အတွက် ကဗျာတွေတတ်နိုင်သလောက် ရိုက်တင်ပေးလိုက်ပါတယ်။ အတတ်နိုင်ဆုံး ရှားပါးမယ်ထင်တဲ့ ကဗျာတွေကို ရွေးပေးလိုက်ပါတယ်။ မြင်နေကျ မဟုတ် ၊ဟိုမှာဒီမှာ ပြန်မပါ၊ စာအုပ်စု မထုတ်ရသေးတဲ့ ကဗျာတွေကို ဆိုလိုတာပါ။ ငြိမ်းချမ်းပျော်ရွှင်ပါစေ။

ပွဲတော်

Sunday, February 28, 2010

ခုတလော ပွဲတော်တွေ ပွဲတော်ပျော်တွေ မျက်လုံးပေါ်အောင် မပြုံးရဲသူတွေ လူရာဝင်ချင်တဲ့ အရောအနှောတွေ သုံးခွက်တစ်ခွက်တင် ပေါင်းသင်းဆက်ဆံရေးတွေ မော့ကြည့် ငုံ့ကြည့်စရာမလိုတဲ့ အရိပ်သုံးပါးတွေ စိတ်ပါ လက်ပါကြေကွဲမှုတွေကို တွေ့နေရတော့ ဒီကဗျာလေးကို သတိရမိတယ်။ သောင်းပြောင်းထဲက ပြန်ကူးတာ မဟုတ်ပါဘူး။ အသန့်စင်ဆုံး ရယ်သံ ဆိုတဲ့ စာအုပ်ကလေးထဲကပါ။ အားလုံးလည်း ခံစားနိုင်လိမ့်မယ် ထင်ပါတယ်။


ပွဲတော်

မီးပုံကြီး ပိုမိုမြင့်မားလာအောင်
ရေအဆုံးကုန်းတစ်ဝက် နေ့ရက်များကို ပစ်ထည့်
သုံးခွက်တစ်ခွက်တင် ပေါင်းသင်းဆက်ဆံရေးများကိုလည်း တရုန်းရုန်းပစ်ထည့်
သုံးရာသီ အာသီသများကို အတောမသတ်ပစ်ထည့်
လူရာဝင်ချင်တဲ့ အရောအနှောများကို တောက်တောက်ပပ ပစ်ထည့်
မော့ကြည့်စရာ ငုံ့ကြည့်စရာ မလိုအပ်သော အရိပ်သုံးပါးကို ပစ်ထည့်
မတင်းကျပ်သော မလျော့ပါးသော
မပိုသော မလိုသော ဓာတ်ကြီးလေးပါးကို ပစ်ထည့်
ငါတို့ အရည်ပျော်ကျလုနီးပါး စိတ်ပါလက်ပါ ကြေကွဲနေကြတယ်
အချိန်ယူ ဝိုင်းစက်ပြည့်တင်းလာတဲ့ လပြည့်ည တစ်ညက
မီးပုံပွဲတစ်ပွဲမှာ
ငါတို့ အဖိတ်ဖိတ်အစင်စင် လွင့်ပျံနေခဲ့ကြပေါ့
မဖုံးနိုင် မဖိနိုင် မာန်ဖီမှုများကို လိပ်ပြာလှအောင်
ငါတို့ မထိန်းသိမ်းနိုင်ခဲ့ကြ။
ဟိုးအဝေး တောင်တန်းရိပ်ပေါ်က
အက်ကြောင်းတွေ ထနေတဲ့ လှလှပပအိပ်မက်တစ်စင်းရဲ့
အသံတိတ်ခေါ်သံကို အစိမ်းသက်သက်ရင်နဲ့ကြားနာခဲ့ကြရ။
ရင်နဲ့ ခံစားချက်နဲ့ သဟဇာတ မဖြစ်ပဲ
အပေါ်ယံတင်းနေတဲ့ အိပ်မက်တွေထဲ
အပြေးအလွှား ကျွံကျနေချင်ခဲ့ကြ
အဲသလို ဝံပုလွေတွေပါပဲ
အူသံရှည်တောအုပ်ကြီးထဲ တောက်လောင်ကြ
အရုဏ်တက်လာချိန်ထိ အမှားအယွင်းတွေရဲ့
သင်္ကေတ တစ်ခုလို ကျွမ်းလောင်နေခဲ့ကြ
ကမ္ဘာ မီးလောင်နေချိန်မှာ နာတာရှည် အလွမ်းတွေကို
တသောသော ချနင်းပစ်ခဲ့ကြ
တစ်ခုပဲ
ပွဲတော်မှာ
ငါတို့
မျက်လုံးပေါ်အောင် မပြုံးရဲခဲ့ကြဘူး။ ။

နိုင်မွန်အောင်သွင်
၂၀၀၂၊ မေ သောင်းပြောင်းထွေလာ

ငါ့ဘေးနားက သူငယ်ချင်းသို့ နှုတ်ဆက်စကား

Tuesday, February 2, 2010

နှုတ်ဆက်စကား

တံတားကလေး ကျိုးရင်လည်း ကျိုးတဲ့အတိုင်း ရှိစေတော့
ကမ်းပါးကလေးပြိုရင်လည်း ပြိုတဲ့အတိုင်းရှိစေတော့
ရိုးသားခြင်းလောက် ဘယ်အရသာမှ မချိုမြိန်နိုင်ဘူး
အမှန်တရားကို
ဘယ်ဘုရားမှ မမြင်ခဲ့ဘူးဆိုရင်လည်း ရှိစေတော့
မျှော်လင့်ထားတာတွေ ပျက်စီးလွယ်တဲ့ဘဝမှာ
သံဆူးခံထားရတဲ့ သစ်သားလေး တစ်ချပ်ပါ
မပျော်ရွှင်မှုကို
ဘယ်ဖုန်းနံပါတ်ဆက်ပြီးတိုင်ရမှာတဲ့လဲ
ဟာသတွေနဲ့ အကျွမ်းတဝင်မရှိတော့
ဖြစ်ခြင်း ပျက်ခြင်းတွေမှာလည်း ရယ်သွမ်းသွေးမနေနိုင်ပါဘူး
မဖြစ်နိုင်တာတွေ သိပ်များလွန်းတော့လည်း
အပွန်းအပဲ့တွေ အနာအဆာတွေနဲ့ ကြီးကျယ်ခန်းနားလို့
ဒီလို
ကမ္ဘာကွယ်မယ်မှန်းသိသိနဲ့
ဘဝကို အရောင်လက်သွားအောင်
ရွှေချချင်ခဲ့သူ
ကိုယ်ဟာ
ဒုက္ခလို့ မမြင်နိုင်အောင်ပဲ အမှောင်မှာ လင်းကျင်းခဲ့ပါတယ်
အားလုံး ပျော်ရွှင်ပါစေတော့။
ဥတ္တရာအောင်
၂၀၀၆ ဧပြီ idea

ငါ့ဘေးနားက သူငယ်ချင်း

အဓိပ္ပာယ်မရှိတာကိုက အဓိပ္ပာယ်ရှိနေတာ
အဓိပ္ပာယ် .. ဟုတ်တယ် အဓိပ္ပာယ်
ခုတလော အဓိပ္ပာယ်က ကော်ဖီရောင်ထနေတဲ့ စားပွဲတစ်လုံးပါပဲ
ဂနာမငြိမ်... ဖျတ်ဖျတ်လူး... မီးလျှံလို ယိုင်ထိုးစိတ်ကူးကို ဖိုထိုးပြီးထိုင်နေပေါ့
တစ်ခုခုနဲ့ ငြိနေသလားဆိုတော့...
စိတ်ကလေး အသံတချွင်ချွင် မြည်ဟည်းထပုံ .. ရင်ဘတ်ထဲ တောမီးလောင်ရပုံများ.. သြော် အဆန်းတကြယ်
ဝက်သားဆီချက်ကော်ဖီ၊လီမွန်တီးအအေး၊ဆေးလိပ်တစ်ပွဲ၊ရေနွေးကိုတော့ ဟိုချာတိတ်နဲ့ပို့ခိုင်းလိုက်မယ်
အဲဒီလို... အဲဒီလို ... အဲဒီလိုမျိုး ...
ခုမိုးပြိုတယ် .. တော်ကြာ နေသာတယ် .. ခဏနေ ရေကြီးသွားပြန်ရော ..တကယ့် အဓိပ္ပာယ်ပဲ
အဓိပ္ပာယ် ..ဟုတ်တယ် .. တကယ့် အဓိပ္ပာယ်ပဲ
ထင်တာတွေချည်း မုန့်လုံးစက္ကူကပ် ပြောပြောနေ .. အရသာကိုလေနဲ့လျက်ပြီးချိုမနေနဲ့
ကြည့် .. ဆိုင်းဘုတ်.. မောင်းမယ်ဆို ဒီယဉ်ကျေးမှုမျိုးက တစ်လမ်းမောင်းပဲ
သတိလမ်းလွှဲမှ သွားပါ..ရှေ့ကိုက်တစ်ရာတွင် ရထားလမ်းကူးရှိသည်.. ကျောင်းရှိသည်ဖြည်းဖြည်းမောင်း ..စသဖြင့်..
ညာဖက်များကွေ့ချလိုက်ရင် သက်သာရာရမယ်လို့များထင်နေသလား...ထင်များ ထင်နေသလား
အချစ်က ဟွန်းမတီးပဲကွေ့လာတတ်တဲ့ကားအကွာအဝေး မိုင်တိုင် ၁၅၀၀မှာယာဉ်တိုက်မှုများဖြစ်ပွားခဲ့တယ်ဆိုရင်
အခြေအနေဟာ ဘာအခြေအနေလဲ အခြေအနေဆိုတာ လူပဲ လူဆိုတာ အခြေအနေပဲလေ
မမြင်ဘူးလား..စည်းဘောင်နဲ့ ..အကန့်အသတ်နဲ့..အကာအရံနဲ့..ပိုက်နက်ကို မျက်စပစ်တာလည်း ..
ပြစ်မှုတစ်ခုကို မသမာမှုနဲ့ ကျူးလွန်နေတာပဲ
ဟူး............. အဓိပ္ပာယ်ပဲ၊ အဓိပ္ပာယ်.. ဟုတ်တယ် တကယ့် အဓိပ္ပာယ်ပဲ
ဒီမှာမင်းထိုင်ခုံ..ဟိုမှာ သူ့စားပွဲ.. သူ့ချစ်သူကတော့ ခုံအဖျားမှာတင်ထားတဲ့ခွက်ပေါ့..အချိန်မရွေး..
ခွမ်း...ကနဲကျကွဲသွားနိုင်ပါတယ်
ပျော်ပျော်နေ...ပျော်ပျော်နေ..ဟုတ်တယ် ပျော်ပျော်နေ.. အမြဲပျော်ပျော်သာနေ
ဟုတ်တယ်မဟုတ်လား အဓိပ္ပာယ် မရှိတာကိုက အဓိပ္ပာယ်ရှိနေတာပဲလေ............။ ။
ဥတ္တရာအောင်
၂၀၀၉ ၊ဒီဇင်ဘာ idea

ပန်းနုရောင်အိပ်မက်

Saturday, December 5, 2009

ကျွန်ုပ်တို့၏ မညာသောနှလုံးသားဖြင့် တွေ့ရှိချက်

(၁)
ခုလိုကာလ
ခဏတော့နေပါစေ
နေအလာအလင်းဖြန်းရင်
နန်းဇာတိရုပ်ပေါ်လိမ့်မယ်။
ကျင်လုံ လို
အလိုတော်ရိဇာတ်ကောင်ကမှ
ကြည့်ရကောင်းပါသေးတယ် ။
(၂)
အခုတလော
ခေတ်အစားဆုံး
ဧရာမလှုပ်ရှားမှုဟာ
အစည်းအဝေးပါပဲ ။
ဒါလဲ
ရောဂါပဲ လို့
ငါ့ရဲဘော်ကပြောဖူးတယ်။
(၃)
ဒီကောင်က
ကြောင်တယ်
ဖောက်ပြန်တယ်...တဲ့။
ကျွန်တော်ဟာ
တော်လှန်တယ်
မှန်ကန်တယ်တဲ့
သတင်းပေး..နဲ့
မိတ်ဖွဲ့ခဲ့သူက
သူရသတ္တိကြီးမားစွာ
အခန်းမှာမရှိသူအား
စွဲချက်များ တင်ရဲ့။
စာစဖတ်ခါစ
အစည်းအဝေးတက်လေ့ကျင့်သူ
စကားပြောလေ့ကျင့်သူ
လူမမယ်တစ်စုဟာလည်း
ဟုတ်ပါတယ်... တဲ့။
ထောက်ခံပါတယ်တဲ့ ..
ဟန်နဲ့ပန်နဲ့ ထအော်တယ်။
(၄)
သြော်
ဇလုပ်ပြသံ
အပုတ်ချသံ
ပုတ်ခတ်သံ ခုတ်ဖြတ်သံများ
ရန်ကုန်မှာ
သံစုံမြည်ဟည်း
တော်လှန်ရေးကြီးတစ်ခုပေါလေ။
(၅)



(၆)
ပါလီမန်ခေတ်
အသံချဲ့ဓါတ်ခွက်နဲ့
ဆက်သွယ်တဲ့အလုပ်
လုပ်နေသူတွေလဲ
လုပ်နေတာပါပဲ။
သူရဲကောင်းများ
စကားနှုတ်ဆိတ်
အလုပ်ကြိတ်လုပ်သွားခဲ့တယ်။
ငါဦးခိုက်ရှိခိုးမယ်။
(၇)
အို ..သူရဲကောင်းတို့
ခြေအစုံမှ
မြေတစ်မှုန်ကျန်ရစ်
အောင်ချိမ့် ဖြစ်တယ်။
တစ်လောကလုံး
အကျည်းတန်ဆုံးအရာဟာ
သစ္စာဖောက်မျက်ခွက်ဖြစ်တယ်။ ။
အောင်ချိမ့်
(ပန်းနုရောင်အိပ်မက် ကဗျာစုမှ)


ငိုကြွေးနေတဲ့ကဗျာတစ်ပုဒ်

ဆွတ်ပျံ့ချိုအေးတဲ့
တေးသံတွေကို
ငါချစ်တယ်။

သမီးလေးရဲ့
ငိုကြွေးသံဟာ
ကဗျာခံစားမှုအလား
နှလုံးသားထက်
နက်ရှိုင်းစွာစူးဝင်
ရင်ခုန်ရပြီ။

ိငိုခြင်းနဲ့ရယ်ခြင်းမှာ
အပ်တစ်ဖျားစာပဲ
အပြောင်းအလဲမြန်
နက်ဖြန်ရဲ့အသစ်
ကနေ့အဖြစ်ကို
မြိုဝါးသွားပါလိမ့်မယ်။

ဇန်နဝါရီ
မပီမသမြင်ကွင်း
နှင်းကာလရဲ့
ညအခါမှာ
ကဗျာတစ်ပုဒ်ဖွားမြင်တယ်။

အို့အို့အေးအေး
တိတ်ပါ့ကလေးရယ်
မိခင်ငယ်ရဲ့တေး
ရင်အေးစရာ။

မကြာမီ
ရာသီများစွာ
ထွက်ခွာစုန်ဆန်
နက်ဖြန်ရဲ့လက်တစ်ချောင်း
စုဆောင်းမိမယ်။

ခုနေခါတော့
ငိုကြွေးတဲ့တေးဟာလည်း
သဲလှိုက်စူးနစ်
ချစ်စရာကွယ်။ ။

ဖော်ဝေး
(ပန်းနုရောင်အိပ်မက် ကဗျာစုမှ..)




အဲဒီ လက်ရေးဖယောင်းစာအုပ်ကလေးကို ဆရာဆောင်းဝင်းလတ် ဆီက ရထားခဲ့တာပါ။ ၁၉၉၁ခုနှစ်ကျော်ကျော်လောက်ကထင်ပါတယ်။ဒီနေရာကနေ ဆရာဆောင်းကို မှတ်မှတ်ရရကျေးဇူးတင်ပါတယ်။

နိုဝင်ဘာ

Thursday, November 19, 2009

image source


နိုဝင်ဘာ


ငါ့ရဲ့ ရွှေအိပ်မက်ကို
ခြေကျင်းတွေလို ခွဲစိပ်ဝတ်ဆင်ထားတဲ့မိန်းမ
မြူခိုးနီညိုတွေကြားမှာ
စပယ်ကပိုကရိုနဲ့ ... လှလို့။

ငါ .. တစ်ပွင့်ပြီးတစ်ပွင့်ပြိုလဲ
နှင်း အဆက်ဆက်တိုင်အောင် ကြေကွဲခဲ့ရပေါ့ ။ ။

တာရာမင်းဝေ
၁၉၉၅၊စက်တင်ဘာ၊ဟန်သစ်

တင်းလွန်းကြိုး

Thursday, November 12, 2009

တင်းလွန်းကြိုး

တရားအရိပ်၊ပုတီးစိပ်၍
သိုသိပ်အေးစွာ၊နေလိုပါလည်း...

လေပြန်ခြွေဖျက်၊မြေပေါ်သက်
ရွက်ဝါလေးများ၊လှုပ်ကစားတိုင်း
လှုပ်ရှားရင်မှာ၊ငြိမ့်ငြိမ့်ခါမိ ....

မြူရိပ်စိုးတုံ၊အခိုးထုံ
မိုးမှုန်လေးများ၊လှုပ်ကစားတိုင်း
လှုပ်ရှားရင်မှာ၊ငြိမ့်ငြိမ့်ခါမိ...

ပိတောက်ချိုပျံ့၊အစိုဖန့်
ပန်းနံ့မွှေးများ၊လှုပ်ကစားတိုင်း
လှုပ်ရှားရင်မှာ၊ငြိမ့်ငြိမ့်ခါမိ...

သိမ့်ခါခြင်းသည်၊မတည်ငြိမ်မှု
အနုသယ၊သမုဒယဟု
ဆုံးမပါလျက်၊ထိန်းချုပ်ခက်သည်
ရမ္မက်လွန်ကြိုး၊တင်းလွန်းစွ ... ။ ။

ဗန်းမော်ညိုနွဲ့
၁၉၉၀၊ဧပြီ၊ရှုမဝ


ဒီနေ့ ဖိုးခွား ဆီက သတင်းတစ်ခုရပါတယ်။ ဆရာဗန်းမော်ညိုနွဲ့ ဆုံးပြီတဲ့။ အဲဒါနဲ့ မှတ်စုထဲပါလာတဲ့
သူ့ကဗျာလေးတစ်ပုဒ်ကို သတိတရတင်ပေးလိုက်ပါတယ်။ ဆရာ ကောင်းရာသုဂတိလားပါစေ .. လို့ ။