ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

ကဗျာကော့တေးလ် (၁)

Sunday, May 23, 2010

ကဗျာကော့တေးလ် (၁)

ကျွန်တော်ကြိုက်တဲ့ကဗျာလေးတစ်ချို့နဲ့ ကော့တေးလ်တစ်ခွက် တိုက်မလို့ပါ .....။
ကျွန်တော်ဟာ ကဗျာကို ချစ်တဲ့ ၊ ကဗျာတွေကို စွဲလန်းတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ အထူးသဖြင့် ဟိုက္ကု ကဗျာတွေကို သိပ်ကြိုက်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။

ကဗျာနေ့မှာ ဒီ ဘလော့ခ်မှာ ကဗျာ installation တစ်ခုလုပ်ဖို့ စိတ်ကူးပါတယ်။ နောက်တော့ အပျင်းထူနေတာနဲ့ ရွေးထားပြီးသားကဗျာတွေကို မရေးဖြစ်လိုက်ပါဘူး။ နည်းနည်းနောက်ကျသွားပေမယ့် ကဗျာနေ့အတွက် ရည်ရွယ်ပါတယ်။ နောက်ပြီး ကဗျာတွေကို သိပ်ချစ်တဲ့သူတိုင်းအတွက်ပါ။ ကဗျာတွေကို ဘာအကြောင်းနဲ့ပဲရေးရေး ကဗျာရေးနေတဲ့သူတိုင်းရဲ့ရင်ထဲမှာ ကဗျာကို ချစ်တဲ့စိတ်ရှိနေပါတယ်။ အသက်ကို ဘာလို့ရှူနေရသလဲလို့မေးရင် မောလာလို့ လို့ဖြေရသလို ကဗျာကို ဘာလို့ရေးသလဲဆိုရင် မောလာလို့လို့ဖြေရမယ်ထင်ပါတယ်။ .... စိတ်ထဲမှာ သိမ်းထားရတာတွေ ...ဖျတ်ခနဲတွေ့တာတွေမှတ်ထားရတာများလို့မောလာတာတွေ .... ဘ၀ကိုမောလာတာတွေ၊ ... အာရုံတွေကိုမောလာတာတွေ ... တစ်ခုခုကို မောလာတာတွေကို ကဗျာရေးကြတယ်လို့ထင်ပါတယ်။
ကျွန်တော့်စိတ်ထဲဝင်နေတဲ့ကဗျာတွေကို ကော့တေးလ်တစ်ခွက် အဖြစ် ဖျော်ပစ်လိုက်တဲ့အခါ ......။

ရှေးဆရာတွေရဲ့ လမ်းကို
ငါမလိုက်ချင်ဘူး။
သူတို့ရှာဖွေတဲ့အရာကို
ငါရှာချင်တာ တစ်ခုတည်း။ ။
ဗသျှိုး
(ဇေယျာလင်း ဘာသာပြန်- ဂျပန်မော်ဒန်ကဗျာများ)

ဒီကဗျာလေးကို သဘောကျပြီး အဲဒိကဗျာစာအုပ်ကိုဝယ်လိုက်တယ်။ စာအုပ်ကိုဖတ်ရင် အားလုံးဖတ်တယ်။ ရှေ့ဆုံးက ဘယ်သူ ထုတ်လဲ၊ ဘယ်စာအုပ်တိုက်ကထုတ်လဲ၊ နောက်ဆုံးစာအုပ်ကို ဘယ်သူချုပ်လဲဆိုတာကိုလည်းဖတ်တယ်။ အခုစာအုပ်ကို ကိုမြင့်ချုပ်တယ်။ ကိုမြင့်ချုပ်တဲ့စာအုပ်တွေကွာလတီကောင်းတာကို ကျွန်တော် သိနေတယ်။ အဲဒါကို သူသိချင်မှသိမယ်။ ဒါပေမယ့် ကိုမြင့်ဟာ သူ့စာအုပ်တွေကို အကောင်းဆုံးချုပ်နေတယ်။ နောက်ထူးခြားချက်က နှစ်ကာလများရဲ့ ပထမဆုံးစာအုပ်ဖြစ်တယ်။ အဲဒါလေးတွေကို စိတ်ဝင်စားတယ်။ မြန်မာငွေ သုံးရာတိတိပေးရတယ်။

ကဗျာလေးကိုဖတ်ရင် ဗသျှိုးဆိုတဲ့ လူငယ်လေးကို မြင်ရမယ်။ ဗသျှိုးဟာ ဇင်ဆရာတွေရဲ့ ဆရာကြီးပါ။ ဒါပေမယ့် သူ့ရဲ့ လူငယ်စိတ်လေးကို ကဗျာထဲမှာရေးထားတယ်။ သူက အတုလိုက်ခိုးနေတာမဟုတ်ဘူး။ သူက လိုက်ကြည့်နေတာ၊ လိုက်သင်ယူနေတာ ... သိချင်ရုံလေးသက်သက်အတွက် ...။ အဲဒီအယူအဆလေးကို သိပ်ကြိုက်လို့ ဒီကဗျာကို ဒိုင်ယာရီရဲ့ရှေ့ဆုံးမှာရေးထားလိုက်တယ် ....။

တစ်ချိန်က နေ့တိုင်းရေးဖြစ်တဲ့စာအုပ်လေးရဲ့ရှေ့မှာလည်း ဒီကဗျာလေးကို ရေးထားခဲ့တယ်။ သမားရိုးကျတွေကို ခွဲထွက်ဖို့ သမားရိုးကျတွေကို ဆန့်ကျင်ဖို့ အားပေးတဲ့ကဗျာတွေကို ကြိုက်တယ်။ ကျွန်တော်တို့ဟာ သိုးတွေလို ရှေ့က ဆရာတွေနောက်ကို တကောက်ကောက်လိုက်နေဖို့မလိုဘူး ....။ သူတို့မှန်လား မှားလား သိချင်တယ်။ သူတို့ဘာလို့သွားတာလည်းသိချင်တယ်။ သူတို့ကိုနားလည်ချင်တယ်။ ပညာသင်တာဟာ ပုံတူကူးတာမဟုတ်ဘူး ... လမ်းကို သိဖို့ကြိုးစားနေတာပဲလို့ ဒီကဗျာလေးက အများကြီးပြောပြခဲ့တယ်။

သင့်ကိုရော ဒီကဗျာလေးက ဘာတွေပြောနေတယ်လို့ သင်ခံစားရလဲ ....။
ကဗျာလေးကို စိတ်ထဲမှာသိမ်းထားလိုက်ပါ .....။
တစ်နေ့မှာ သူပြောတဲ့စကားတွေကို သင်ကြားရလိမ့်မယ်။


မိုးဝေးရဲ့ သူပဲအကြမ်း သူပဲအချောဆိုတဲ့ကဗျာစာအုပ်ထဲက ပန်းချီဆိုတဲ့ ကဗျာလေးကိုလည်း ကြိုက်ပါတယ်။
ပိတောက်ပန်းတွေ ကြွေနေတာ တွေ့ရင် ငယ်တုန်းက သူငယ်ချင်းတွေ လမ်းခွဲကြရတဲ့ နေ့လေးကို သတိရတယ်။ သူတို့တွေက မိသားစုလိုက် နိုင်ငံခြားကိုပြောင်းခါနီးအချိန် .... သူတို့ခြံထဲက ပိတောက်ပင်လေးအောက်မှာ အားလုံးစုပြီးထိုင်နေကြတယ်။ April လရဲ့နေ့လည်ခင်းတစ်ခုမှာ ပိတောက်တွေဆိုးဆိုးရွားရွားကြွေနေတယ်။ အဲဒီမြင်ကွင်းကို ကျွန်တော်ဘယ်လိုမှ မမေ့တော့ဘူး ....။ သိပ်ခင်တဲ့သူတွေနဲ့ခွဲရဦးမယ်လို့ ပိတောက်ပန်းတွေကြွေတိုင်း တွေးမိသွားတတ်တယ်။ ... ပိတောက်ပင်ကို Gumkino လို့ခေါ်တယ်လို့ သူငယ်ချင်းကပြောတယ်။ .... တစ်နေ့နေ့ ပိတောက်ပွင့်တွေမကြွေတော့တဲ့နေ့မှာ ငါတို့ပြန်တွေ့ကြမယ်လို့ကတိတွေပေးခဲ့ကြတယ် .....။ အခုဆိုကျွန်တော်တို့ပြန်မတွေ့တာ အနှစ်နှစ်ဆယ်ပြည့်သွားပြီ ....။ ပိတောက်တွေကတော့ကြွေတုန်းပဲ ....။ ... အခုကဗျာလေးကလည်း တစ်ခြားအဓိပ္ပာယ်တွေလည်းပါပါတယ်။ ကျွန်တော်ကတော့ ကြွေနေတဲ့ပိတောက်ပန်းအထိပဲစိတ်နဲ့ဖတ်ပြီး စိတ်နဲ့ခရီးထွက်သွားခဲ့တယ်။

ပန်းချီ

နူးညံ့လို့လား
တအားနာကျင်လွန်းလို့လား
ပိတောက်ပွင့်လေးတွေ
တဖွဲဖွဲကြွေနေတဲ့ မြင်ကွင်းထဲ
ထီးဆောင်းပြီး ဖြတ်သန်းနေတာ။

အာရုံကို စုစည်းလိုက်ဖို့
ငါကိုးကွယ်တဲ့ ကြိုးစကိုမမြင်နိုင်
သူ့အလင်းက မျက်စိမှုန်တယ်။ ။

မိုးဝေး


နောက်ထပ်ကဗျာလေးကိုတော့ တဂိုးရဲ့ကဗျာလေးကို ရွေးလိုက်ပါတယ်။ ဆယ်တန်းတုန်းက အိမ်မှာ စီးပွားရေးအခက်အခဲဖြစ်ပါတယ်။ ကုန်းကောက်စရာမရှိအောင်မွဲသွားတယ်ဆိုတဲ့ စကားလုံးကို စာတွေ့လက်တွေ့ သင်ယူရတဲ့အချိန်လို့ပြောရပါမယ်။ အဲဒီအချိန်မှာ စာကျက်ဖို့ အာရုံစိုက်ရတာ သိပ်ခက်တယ်။ ကျူရှင်လခမှန်မှန်ပေးနိုင်တဲ့သူတောင်ဖြစ်ဖို့ အတော်လေးကြိုးစားခဲ့ရတယ်။ အဖေက စီးပွားရှာဖို့ နိုင်ငံရဲ့အပြင်ဘက်ကိုထွက်သွားတယ်။ ဘ၀ဟာ မထင်မှတ်တာတွေဖြစ်လာတတ်တယ်။ အရင်ကရှိခဲ့ဖူးတဲ့ အကုသိုလ်ကို ရှောင်လို့မရဘူး .... ဒါကို သည်းခံပြီးဖြတ်ကျော်ရမယ်လို့ အဲဒီအချိန်မှာ နားလည်ခဲ့တယ်။ နောက်တော့ အစ်ကို ၀မ်းကွဲတစ်ယောက်က ကျူရှင်စရိတ်တွေထောက်ပါတယ်။ နောက်ပြီး စာအုပ်ဝယ်ဖို့ ပိုက်ဆံထပ်ပေးပါတယ်။ တစ်လကို အပြင်စာအုပ်ဝယ်ဖို့ နှစ်ထောင်၊သုံးထောင်လောက်ရပါတယ်။ အဲဒီအချိန် မှာ ၀ယ်ဖြစ်တဲ့စာအုပ်တွေမှာ တဂိုးရဲ့စာအုပ်တွေများပါတယ်။ မြသန်းတင့်ဘာသာပြန်ပြီး တစ်အုပ်ကို တစ်ရာပဲပေးရလို့ဝယ်တာပါ။ ဂုဏ်ထူးစာပေမှာ သွားဝယ်ပါတယ်။ စာရွက်တွေ လွတ်နေတာ စာမျက်နှာကျော်နေတာဆိုပြန်ပြန်သွားလဲလို့ ဆိုင်ကလူတွေနဲ့ပါ မျက်မှန်းတန်းမိလာပါတယ်။ သစ်သီးခူးဆိုတဲ့ စာအုပ်လေးကို သိပ်ကြိုက်ပါတယ်။ အခုကဗျာက အဲဒီကဗျာစာအုပ်ထဲကပါ .... ခံစားကြည့်ပါဦး ....။ ဒီကဗျာလေးဖတ်ပြီး ကျွန်တော့်ဘ၀မှာ အများကြီးစိတ်ချမ်းသာခဲ့ရပါတယ်။



၁၂
ဟိုအောက်မှာ
စိမ်းလဲ့ကြည်နေတဲ့ ယမုန်နာမြစ်က
တသွင်သွင်စီးလို့၊
အထက်မှာတော့
အစွန်းထွက်နေတဲ့ ကမ်းပါးကြီးတွေက
မျက်မှောင်ကုတ်လို့
တောအုပ်တွေနဲ့ညိုမှိုင်းပြီး
မြစ်ချောင်းအင်းအိုင်တွေ အမာရွတ်ထင်နေတဲ့
တောင်တန်းကြီးတွေက ပတ်လည်ဝိုင်းလို့။

ရဟန်း ဂေါဝိန္ဒဟာ
ကျောက်ဆောင်တစ်ခုပေါ်မှာထိုင်ပြီး
တရားစာရွတ်နေတယ်။
သည်တုန်းမှာ ဥစ္စာမာန်စောင်ကြီးလှတဲ့
သူ့တကာ ရာဂုန္ဒ ရောက်လာပြီး ဦးချရင်း
"တပည့်တော် လှူဖွယ်ဝတ္ထု သည်
ဆင်းရဲနုံချာလှပါသည်၊
ကိုယ်တော်လက်ခံခြင်းငှာပင် မထိုက်ပါ" လို့
လျှောက်တင်တယ်။
သည်လိုလျှောက်ပြီး
အလွန်အဖိုးထိုက်တဲ့
ကျောက်မျက်ရတနာတွေ စီခြယ်ထားတဲ့
ရွှေလက်ကောက်တစ်ရံကို ဆက်ကပ်သတဲ့။

ရဟန်း ဂေါဝိန္ဒဟာ
လက်ကောက်တစ်ဖက်ကို လှမ်းယူ
လက်ချောင်းတစ်ချောင်းမှာ ချိတ်ပြီး
ဝှေ့ယမ်းကစားနေတယ်။
လက်ကောက်မှာ စီခြယ်ထားတဲ့ စိန်ပွင့်တွေဟာ အလင်းမြားတန်းတွေ
တစ်စင်းပြီးတစ်စင်း ပစ်လွှတ်နေသလို
တလက်လက်နဲ့။

သည်လိုနဲ့ လှည့်နေရင်း
လက်ကောက်ဟာ
လက်က လွတ်ကျသွားပြီး
ကမ်းပါးအတိုင်း
ရေထဲလိမ့်ကျသွားပါလေရော။
ရာဂုန္ဒဟာ "အလိုလေး အကျိုးနည်းပါပြီ" လို့အော်ရင်း
မြစ်ထဲကို ခုန်ဆင်းလိုက်တယ်။
ရဟန်းဂေါဝိန္ဒကတော့
တရားစာကိုပဲ ဆက်ရွတ်နေသတဲ့။
မြစ်ရေတွေက
လက်ကောက်ကို သယ်ဆောင်ပြီး
ဆက်လက်စီးဆင်းသွားကြတယ်။
ညနေကြတော့
ရာဂုန္ဒပြန်ရောက်လာတယ်။
သူ့တစ်ကိုယ်လုံးလဲ ရေတွေ ရွှဲလို့။
မောလဲမောလှပြီလေ။

ရာဂုန္ဒက မောကြီးပန်းကြီးနဲ့
"လက်ကောက် ဘယ်မှာ ကျသွားတယ်ဆိုတာ
အရှင်ပြရင် တပည့်တော် ပြန်ရအောင်
ယူပါ့မယ် ဘုရား" လို့လျှောက်သတဲ့။

ရဟန်းဂေါဝိန္ဒက
"ဒီနေရာမှာ ကျသတဲ့" လို့ပြောပြီး
ကျန်တဲ့ လက်ကောက်တစ်ဖတ်နဲ့ ပစ်ချပြလိုက်သတဲ့။


...........။
ကဗျာလေးက သိပ်ချစ်စရာကောင်းတယ်။ ဒီကဗျာလေးတွေနဲ့ပဲ ညနေတိုင်း စာကျက်ဖို့ အာရုံကို စူးစိုက်ခဲ့ရတယ်။ ... အဲဒီကဗျာလေးကို အခါခါဖတ်ဖြစ်တယ်။ တစ်ယောက်တည်းလည်းဖတ်သလို အမေ့ကိုလည်းဖတ်ပြတယ်။ အကို့ကိုလည်းဖတ်ပြတယ်။ အိမ်ကျဉ်းကျဉ်းလေးမှာ ပျော်အောင်နေနိုင်ဖို့ ၊ စိတ်ဓာတ်မကျဘဲ စာကြိုးစားနိုင်ဖို့ ဒီကဗျာလေးတွေကမထင်မှတ်လောက်အောင် ခွန်အားတွေပေးခဲ့တယ်။

နောက်ထပ်ကဗျာလေးကိုတော့ ကွန်စစ်ကောင်းရဲ့ ငါ့ကြာသတေး ကိုရွေးပါတယ်။
ကြာသပတေးနေ့တွေကို ဘာမှန်းမသိဘဲချစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ကြာသပတေးနေ့တွေမှာ ငယ်တုန်းက မကြာခဏ လက်ဆောင်တွေရပါတယ်။ ကြာသပတေးနေ့ဆိုရင် အပြင်ထွက်လည်ရတာများပါတယ်။ ကြာသပတေးနေ့ဆိုရင် အလိုလိုပျော်နေတတ်တယ်။ ဘ၀မှာ ကြာသပတေးနေ့တွေနဲ့ပတ်သက်ရင် အမှတ်တရတွေများလွန်းလို့ ကြားသပတေးနေ့ နက်နက်ရှိုင်းရှိုင်းတွယ်ဆက်ထားတဲ့ကံကြမ္မာနဲ့လူတစ်ယောက်လို့ မကြာခဏ ခံစားရပါတယ်။ ကြာသပတေးနေ့လေးတစ်ခုအကြောင်းကို ဖတ်ကြည့်ရအောင်ဗျာ .....။

ငါ့ကြာသပတေး

ဒီနေ့ စွန့်ပစ်ထားခဲ့ချင်တဲ့ မနေ့က ပေမမီ ထောက်မမီ နံနက်ခင်းတွေ
ပုဆိုးစ အတင်းဆွဲပြီး တရွတ်တိုက် လိုက်ပါလာတဲ့နေ့။
ဒီနေ့မစွန့်ပစ်နိုင်တဲ့ ကိုယ်ပိုင် ၂၄ နာရီ စိတ်ကူးတွေကို တော့
ကျကွဲမသွားအောင်
စိုးရိမ်တကြီးနဲ့ပင်ပင်ပန်းပန်း ထမ်းပိုးထားရတဲ့နေ့။

အရင်လိုပါပဲလေ
နေ့ပိုင်ရှင်ရဲ့ အဆင်မပြေမှုအတွက်
စိတ်မကောင်းခြင်းကြီးစွာ ဖြစ်နေရှာတဲ့နေ့။
ချစ်သူတွေကို ကခုန်ပျော်မြူးစေချင်ပေမယ့်လဲ
ကိုယ်ကိုယ်တိုင် ပွဲလမ်းသဘင်ဆိုတာ ဘာမှန်းမသိသေးတဲ့နေ့။
မိုးရိပ်မိုးသားတွေရဲ့ အနေအထိုင်လွဲချော်မှုတွေကြောင့်
နေပူကျဲကျဲကြီးထဲ
အမိုးမရှိ အကာမရှိ ထိုင်နေရတဲ့နေ့။
အခြားနေ့တွေရဲ့ သရော်တော်တော် မျက်နှာပေးတွေကို
စက်ဆုပ်မိပေမယ့်လဲ
ကိုယ့်တံထွေးကိုယ် ပြန်ပြန်မျိုချထားနေရတဲ့နေ့။
မှတ်တမ်းတင် ဂုဏ်ပြုပြီး မွေးနေ့ပွဲလေး ကျင်းပပေးလာမယ့် တစ်ချိန်ချိန်ကို
တောင့်တောင့်တတကြီးစောင့်စားနေရတဲ့နေ့။
ဘယ်နေ့နဲ့မှလဲမတူအောင်
ကိုယ့်ဝတ်စုံ ကိုယ်ဝတ်ပြီး သန့်သန့်ပြန့်ပြန့်လေး နေချင်နေတဲ့နေ့။
ဘယ်တံတွေးစက်တွေမှလဲ မစင်အောင်
ကိုယ့်သိက္ခာ ကိုယ်ခြုံပြီး လုံလုံခြုံခြုံလေး နေချင်နေတဲ့နေ့။

ဒါပေမယ့်
အရင်လိုပါပဲလေ
မာန်မာနတွေကို တစ်နေကုန် တဝေါဝေါ ရွာချပစ်ချင်လို့ မရသေးတဲ့နေ့။
ဆင်ခြင်တုံတရားနဲ့ ကံတရားဆိုတဲ့ ခပ်ညံ့ညံ့ တံခါးရွက်နှစ်ရွက်ကြားမှာ
ခြေထောက်တစ်ဖက် ညပ်နေတဲ့နေ့။
ရှိစုမဲ့စု လိုအင်ဆန္ဒလေးတွေ အကုန်လုံး
တဆတ်ဆတ် တုန်ခါ နာကျင်နေတဲ့ အဲဒီ ငါ့ရဲ့ကြာသပတေးနေ့။ ။

ကွန်စစ်ကောင်း

သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်း
အောက်တိုဘာ ၂၀၀၁

သောင်းပြောင်းထွေလာက ကဗျာတွေက ဟာသကဗျာတွေမဟုတ်ပါဘူး။ အင်မတန် အဆင်မြင့်တဲ့ ကဗျာကောင်းတွေပါလေ့ရှိပါတယ်။ အဲဒါကိုလည်း သတိထားမိပါတယ်။ အဲဒါကိုက ရယ်စရာတစ်ခုလိုဖြစ်နေပါတယ်။ ကဗျာကြီးတွေက အတည်ပေါက်ကြီးရှေ့မှာ ခမ်းနားနေတာလို့ခံစားရပါတယ်။

နောက်ထပ်တစ်ပုဒ်ကိုတော့ ကျွန်တော်နှင့် သနပ်ခါးပွင့်ကလေးကို ရွေးပါတယ်။ အဲဒီလို ရိုးသားပြီး ချစ်စရာကောင်းတဲ့ကဗျာမျိုးကို ရေးတဲ့သူတွေကို သဘောကျပါတယ်။ ကျွန်တော့်အတွက်တော့ ကဗျာဟာာ ပညာပြတဲ့နေရာမဟုတ်ပါဘူး။ ပညာပြချင်ရင်စိတ်က မရိုးသားတဲ့အတွက် ကဗျာရဲ့ အကြည်ဓာတ်၊ စင်ကြယ်ရိုးသားမှုပျောက်သွားပါတယ်။

ကျွန်တော်နှင့် သနပ်ခါးပွင့်ကလေး

စစ်မက်ပြိုင်မိုး
ကြယ်ကလေးတွေ စီးချင်းမထိုးကြပါနဲ့။

မိုးချုပ်အိမ်ပြန်
လမင်းကို ပန်တဲ့မိန်းကလေး
ငြိမ်းချမ်းရေးနဲ့ အိပ်စက်နေလို့ပါကွယ်။


တာရာမင်းဝေ
မိုးခေါင်လို့တီးတဲ့ဗုံသံမှ

ကဗျာတိုလေးထဲမှာ ကောင်လေးတစ်ယောက်ဟာ သူချစ်တဲ့ကောင်မလေး ငြိမ်းငြိမ်းချမ်းချမ်းလေး အိပ်စက်နေတာကို ကြယ်ကလေးတွေလက်တာကြောင့် အနှောင့်အယှက်မဖြစ်စေချင်ဘူးလို့ပြောလည်းရတယ်။ ငြိမ်းချမ်းရေးကို တန်ဖိုးထားတဲ့သူတစ်ယောက် စစ်ပွဲတွေကိုမုန်းတီးနေတာကိုလည်း ခံစားနိုင်တယ်။ .... ကဗျာလေးထဲကနေတစ်ဆင့် စိတ်တွေဆီကို ဆက်လက်စီးဆင်းသွားတဲ့အခါ .... မေတ္တာတရားကိုလည်းခံစားရမယ်။ ငြိမ်းချမ်းခွင့်ကို တန်ဖိုးထားတဲ့စိတ်ကိုလည်းခံစားရတယ်။ ...ဘယ်သူ့ကိုမှ မထိခိုက်စေချင်တဲ့ တရားမျှတမှုကိုလည်းခံစားရတယ် .....။ ကဗျာလေးကတော့ ခံစားသူမရှိရင် ကဗျာအဖြစ်နဲ့မရှိပါဘူး။ စာအစုအဝေးတစ်ခုအနေနဲ့ပဲရှိပါတယ်။ မတီးခတ်ဘဲထားတဲ့ ဂစ်တာတစ်လက်မှာ အသံမရှိသလို၊ မခံစားတတ်တဲ့စိတ်ကို ကဗျာဖြတ်သွားရင် ဘာသံမှမမြည်ပါဘူး။ ကဗျာတွေဟာ အသိဥာဏ်နဲ့နှလုံးသားကို အတောင်းဆိုဆုံး အနုပညာပစ္စည်းဖြစ်ပါတယ်။ သင်နှလုံးသားကိုဖြေလျော့ထားလိုက်ပါ ... ကဗျာကို ဖြတ်သန်းခွင့် ...တီးခတ်ခွင့်ပြုလိုက်ပါ ...။ အဲဒီဂီတကို သင်ကြားရလိမ့်မယ်။

နောက်ထပ်ရွေးလိုက်တဲ့ကဗျာကတော့ မင်းထက်မောင်ရဲ့ ပြောင်းပြန်ဟုခေါ်သည်ဖြစ်ပါတယ်။
အဲဒီကဗျာလေးကို သိပ်ကြိုက်ပါတယ်။ မင်းထက်မောင်ရဲ့ ကဗျာတွေကို သဘောကျတာက သူယုံကြည်တာ သူလုပ်နေလို့ပါ။ ကဗျာဆရာတစ်ချို့နားမလည်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလို issue မျိုးကို ကဗျာထဲ ထည့်ပစ်ပါတယ်။ ကျွန်တော်ကတော့ကြိုက်ပါတယ်။ ကမ္ဘာကြီးကို လှစေချင်တာဟာ ကဗျာဆန်ပါတယ်။ ကမ္ဘာကြီးဟာ ခရမ်းလွန်ရောင်ခြည်တွေ၊ စိတ်သဘောထားမမှန်တဲ့သူတွေ ညစ်ညမ်းမှုတွေ၊ မလိုတဲ့နေရာမှာ မွေးဖွားနှုန်းမြင့်ပြီး မလိုအပ်တဲ့နေရာမှာ ထိပ်တန်းရောက်နေတာတွေ .... အဲဒါတွေကို ရေးတာဟာ သူယုံကြည်တာသူလုပ်တာပါပဲ။ ကဗျာရေးတယ်ဆိုတာ ကိုယ်ယုံကြည်တန်ဖိုးထားတဲ့ကိစ္စကို ထုတ်ပြောနေတာမျိုးလည်းဖြစ်နိုင်တယ်လို့ သူ့ကဗျာတွေကနေတစ်ဆင့်ခံစားရပါတယ်။ ကဗျာလေးကို ခံစားကြည့်ရအောင်ဗျာ ....။

ပြောင်းပြန်ဟုခေါ်သည်။

၁။
ပြောင်းပြန်ဟာ ပြောင်းပြန်တွေးတယ်။ ပြောင်းပြန်ပြောတယ်။ ပြောင်းပြန်လုပ်တယ်။
ပြောင်းပြန်ဟာ ကျွန်တော်နဲ့ ငယ်သူငယ်ချင်း စိတ်ရင်းကောင်းသလောက် အငြင်းသန်တယ်
ပြောင်းပြန်ဟာ သူ့အဖေ အိမ်က နှင်ချတာကို မကြာခဏ ခံရတဲ့ ပြုတ်မနူးကောင်။

၂။
ပြောင်းပြန်ဟာ ဆယ်တန်းမအောင်ဘူး အလုပ်မလုပ်ဘူး ပိုက်ဆံမရှာဘူး
ပြောင်းပြန်ကို သူ့အမေက သင်္ဘောသားလုပ်ဖို့ အကြီးအကျယ်တိုက်တွန်းဖူးတယ်
ပြောင်းပြန်ဟာ တောမှာသွားပြီး သုံးနှစ်သုံးမိုး ဘုန်းကြီးဝတ်ဖူးတယ်။

၃။
ပြောင်းပြန်ဟာ တစ်နေ့ မျက်စိလည်လမ်းမှားပြီး ကျွန်တော့်ဆီ ရောက်လာတယ်
ပြောင်းပြန်ဟာ တီရှပ်ကို ပြောင်းပြန်ဝတ်ပြီး ဦးထုပ်ကို နောက်ပြန်ဆာင်းလို့
ပြောင်းပြန်က သူ စီးပွားရေးလုပ်တော့မယ့်အကြောင်း ကျွန်တော့်ကိုပြောတယ်။

၎။
ပြောင်းပြန်ရဲ့ အကြောင်းကို ကျွန်တော်က ကောင်းကောင်းသိနှင့်ပြီးသား
ပြောင်းပြန်ဟာ ဇောက်ထိုးနဲ့ပေါင်းပြီး ဂစ်တာတီးလိုက် ဆေးချလိုက် လုပ်နေတယ်
ပြောင်းပြန် အရက်ဆိုင်မှာ မူးပြီးရန်ဖြစ်လို့ဆိုပြီး ရဲက အချုပ်ထဲထည့်လိုက်တယ်။

၅။
ပြောင်းပြန်ဟာ သူ့ဆံပင်ရှည်တွေကို မိန်းမတစ်ယောက်လို ဖားလျားချထားတယ်
ပြောင်းပြန်ဟာ ဂျင်းန်ဘောင်းဘီဝတ်ပြီး အင်္ဂလိပ်စကားပြောသင်တန်း တက်နေတယ်
ပြောင်းပြန်က ဗြိတိသျှနယ်ချဲ့တွေကို မုန်းလို့ အင်္ဂလိပ်စကားသင်နေတာလို့ပြောတယ်။

၆။
ပြောင်းပြန် ဘာပဲလုပ်လုပ် ဘယ်သူမှ သူ့ကို အထင်မကြီးပါဘူး
ပြောင်းပြန်ကလည်း လူတွေ အထင်ကြီးတဲ့အရာမှန်သမျှ သူက အထင်မကြီးပါဘူး
ပြောင်းပြန်ဟာ သူ့ပြောင်းပြန်အထာနဲ့သူ ပြောင်းပြန်အယူကို ကိုင်စွဲတယ်။

၇။
ပြောင်းပြန်ကို သူ့အိမ်က သတင်းစာထဲကနေ အမွေပြတ် စွန့်လွှတ်လိုက်တယ်
ပြောင်းပြန်ဟာ သင်္ဘောသားမယားတစ်ယောက်နဲ့ ယူလိုက်တယ် ကြားတယ်
ပြောင်းပြန်ဟာ အဲဒီသင်္ဘောသားမယားနဲ့ ကွာလိုက်ပြီလို့လည်း ထပ်ကြားတယ်။

၈။
ပြောင်းပြန်နဲ့ကျွန်တော် မြို့ထဲက လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ဆုံတယ်
ပြောင်းပြန်က "ငါအောင်မြင်သူတစ်ယောက် မဖြစ်ချင်ပါဘူးကွာ" တဲ့
ပြောင်းပြန်ဟာ မြို့သစ်ကလေးမှာနေပြီး ကွမ်းယာရောင်းနေရတယ်။

၉။
ပြောင်းပြန်နဲ့ကျွန်တော် နောက်တစ်ခါထပ်ဆုံတော့ ဘီယာဆိုင်ကြီးတစ်ခုမှာပါ
ပြောင်းပြန်ဟာ အဲဒီ ဘီယာဆိုင်က တီးဝိုင်းမှာ တီးဝိုင်းခေါင်းဆောင်တွေဘာတွေဖြစ်လို့
ပြောင်းပြန်ရဲ့ အဖေနဲ့အမေဆုံးတော့ သူ အမွေတော်တော်များများ ရလိုက်တယ်။

၁၀။
ပြောင်းပြန်ဟာ ပရာဒိုကားကြီးကို ကိုယ်တိုင်မောင်းလာပြီး ကျွန်တော့်ဆီလာတယ်။
ပြောင်းပြန်ရဲ့ပုံစံက အခုတော့ ဆံပင်တိုတို ဘောင်းဘီတိုတိုနဲ့ ဟမ်းဖုန်းကို ကိုင်လို့
ပြောင်းပြန်ဟာ ကျွန်တော့်ဆီက အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်တွေ ငှားသွားတယ်။

၁၁။
ပြောင်းပြန်ဟာ "မောင်းပြန်" အမည်နဲ့ မဂ္ဂဇင်းတွေမှာ ဝေဖန်စာတွေ ရေးတယ်
ပြောင်းပြန်ဟာ ဒြပ်မဲ့ပန်းချီကားတွေဆွဲပြီး ပန်းချီပြပွဲတစ်ပွဲကိုလည်း လုပ်လိုက်သေးတယ်
ပြောင်းပြန်ကို သံရုံးဧည့်ခံပွဲတွေမှာ မကြာခဏ တွေ့ရတတ်တယ်။

၁၂။
ပြောင်းပြန် ဘာတွေလုပ်နေသလဲ ဘယ်သူမှ သေချာမသိကြပါဘူး
ပြောင်းပြန်ဟာ ဟိုတယ်ကြီးတစ်ခုမှာ စတည်းချပြီး နေတယ်လို့တော့ ပြောကြတာပဲ
ပြောင်းပြန်နဲ့ အခုတလော တွဲနေတဲ့ကောင်မလေးဟာ ဆံပင်ရွှေရောင်နဲ့မော်ဒယ်လ်ဂဲ။

၁၃။
ပြောင်းပြန်ဟာ ကျွန်တော့်ဆီကို နောက်တစ်ခေါက် ရောက်မလာတော့ပါဘူး
ပြောင်းပြန်ရေးတဲ့ခေတ်ပေါ်ဝတ္ထုတွေဟာ ပြည်တွင်းဈေးကွက်ထဲမှာ ရောင်းမလောက်ဘူး
ပြောင်းပြန်ရဲ့ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို တေးအယ်လ်ဘမ်တစ်ချပ် ထွက်လာသေးတယ်။

၁၄။
ပြောင်းပြန်ဟာ သူကိုယ်တိုင် ဒါရိုက်တာ/ထုတ်လုပ်သူ အဖြစ် ရုပ်ရှင်ဇာတ်ကားတစ်ကားရိုက်တယ်
ပြောင်းပြန်ရဲ့ ရုပ်ရှင်ထဲမှာ သရုပ်ဆောင်က ပြောင်းပြန်တစ်ယောက်တည်း
ပြောင်းပြန်ရဲ့ ရုပ်ရှင်ထဲမှာ ဒိုင်ယာလော့ဂ်တွေ တစ်ခုမှမပါဘူး။

၁၅။
ပြောင်းပြန်ဟာ အခုတော့ လူသိများ ထင်ရှားပြီး လေးစားလောက်တဲ့လူတစ်ယောက်
ပြောင်းပြန်ဟာ နာမည်ကြီးကာမှ ကျွန်တော့်မြင်ကွင်းကနေ ပျောက်သွားတယ်
ပြောင်းပြန်ဟာ ပြင်သစ်မှာ ဖက်ရှင် ကုမ္ပဏီကြီးတစ်ခုကို ထောင်ထားသလိုလို ဘာလိုလို။

၁၆။
ပြောင်းပြန်ဟာ အင်္ဂလိပ်ဘာသာနဲ့ စာအုပ်တစ်အုပ်ရေးပြီး နိုင်ငံခြားမှာ ထုတ်ဝေတယ်
ပြောင်းပြန်ဟာ သူ့စာအုပ်ကို "ပြောင်းပြန်တွေးခေါ်နေထိုင်နည်း" လို့ အမည်ပေးတယ်
ပြောင်းပြန်ရဲ့စာအုပ်ဟာ နောက်ဆုံးထုတ် ဟယ်ရီပေါ်တားနဲ့အပြိုင် ရောင်းစွံတယ်ကြားတယ်။

၁၇။
ပြောင်းပြန်ဟာ ကျွန်တော့်ဆီကို အီးမေးလ်နဲ့ စာတွေရေးတယ်
ပြောင်းပြန်ရဲ့ စာတစ်စောင်ထဲမှာ "ကမ္ဘာကြီးဟာ ပြောင်းပြန်လည်နေတာ" လို့ပါတယ်။
ပြောင်းပြန်က ကျွန်တော့်ကို "မင်းအခုအထိ အမှန်ကို အမှန်လို့ မြင်နေတုန်းလား"လို့မေးတယ်။

၁၈။
ပြောင်းပြန်ဟာ ပြောင်းပြန် ဖောင်ဒေးရှင်းကို ကမ္ဘာ အနှံ့မှာ ထောင်ထားတယ်
ပြောင်းပြန်ရဲ့ ပြောင်းပြန်အင်စတီကျူကနေ ဘွဲ့မရတဲ့ ပညာရှင်တွေ မွေးထုတ်ပေးတယ်
ပြောင်းပြန်ချစ်သူများအသင်းကပေးတဲ့ နိုင်ငံတကာပြောင်းပြန်ဆုဟာ နိုဗယ်ဆုပမာ။

၁၉။
ပြောင်းပြန်ကို စီအင်န်အင်န် သတင်းထောက်ကြီး လယ်ရီကင်းက အထူးတွေ့ဆုံမေးမြန်းခဲ့
ပြောင်းပြန်ကို လယ်ရီက "အခု ခင်ဗျား အလုပ်ချင်ဆုံး အရာက ဘာလဲ" လို့မေးတော့
ပြောင်းပြန်က "ကျူပ် အခုဘာမှမလုပ်ချင်တော့ဘူး သေချင်ပြီ" လို့ပြန်ဖြေခဲ့တယ်။

၂၀။
ပြောင်းပြန်ဟာ ပြောင်းပြန်တွေးတယ် ပြောင်းပြန်ပြောတယ် ပြောင်းပြန်လုပ်တယ်
ပြောင်းပြန်ဟာ ကျွန်တော်နဲ့ ငယ်သူငယ်ချင်း စိတ်ရင်းကောင်းသလောက် အငြင်းသန်တယ်
ပြောင်းပြန်ဟာ သူ့အဖေ အိမ်ကနှင်ချတာကို မကြာခဏ ခံခဲ့ရတဲ့ ပြုတ်မနူးကောင်။

မင်းထက်မောင်

ကဗျာပြောင်းပြန်/၂၀၀၆ မှ

ကဗျာလေးကိုဖတ်ပြီး အမှန်ကို အမှန်လို့မြင်နေတုန်းပဲလားဆိုတဲ့ပြောင်းပြန်ကြီးကို လွမ်းသလိုတောင်ဖြစ်လာတယ်။ .... သူ့ကို ကျွန်တော်တို့သိနေသလိုလိုဖြစ်လာတယ်။ ပြောင်းပြန်ကြီး ကသေချင်ပြီလို့ပြောတော့ သူ့ကိုနားလည်မိတယ်။ ပြောင်းပြန်ကြီးကို ခင်သလိုတောင်ဖြစ်လာတယ် ....။ ပြောင်းပြန်ကြီးအခုဘာလုပ်နေပြီလဲ ... ဘုန်းကြီးဝတ်သွားပြီလား။ တဟီတီကို ၀ယ်ပြီး ပြောင်းပြန်မွမ်းမံသင်တန်းတွေဖွင့်နေပြီလား ...... တွေးနေမိတယ်။ .... ဒီကဗျာလေးကိုသေချာဖတ်ကြည့်ပါ ....။ သိပ်ကို ရိုးရှင်းတဲ့ ပြောင်းပြန်ကြီးကို လိုက်ရှာကြည့်ပါ .....။ သူ့စိတ်ထဲမှာရော ဘ၀ကြီးက ဘယ်လိုမျိုးလဲ .... ပြောင်းပြန်ကြီးသာ ကဗျာရေးမယ်ဆိုရင် မြန်မာပြည်ရဲ့ထိပ်တန်းဖြစ်လာမလား။ သိပ်ကိုစိတ်ဝင်စားနေမိတယ် ......။

အင်း .. ဒီလိုနဲ့ ကျွန်တော့်ကဗျာ ကော့တေးလ်ကို တော်တော်လေး သောက်ရတာ မူးလာပြီလို့ထင်ပါတယ် ...။နောက်ဆုံးမှာ ကဗျာလေးနှစ်ပုဒ်ကိုပြောပြချင်ပါတယ်။ ကျွန်တော် ၂၀၀၉ တုန်းကဖတ်ခဲ့တဲ့ကဗျာလေးတစ်ပုဒ်ပါ ... ကိုယ့်ဟာကိုယ်ပြန်ရိုက်ရမှာပျင်းလို့ တစ်နေရာကပြန်ခိုးလာပါတယ် ....။ :P ဘာသာပြန်ထားတာပါ .....လှပစွာဘာသာပြန်တဲ့သူကတော့ ကျွန်တော်များ လေးစားရတဲ့ ဆရာမ မနော်ဟရီ ဖြစ်ပါတယ်။ :P ....
(10 မှတ်)

ကောင်းသောညပါ

" ကောင်းသောညပါ … "
ငါတို့ရဲ့ ဇာတ်လမ်းဟာ
မနက်ဖြန်ခါမှာ အဆုံးသတ်ရတော့မယ် … ။

ခုတော့ …
အပြာရောင် အလင်းတောင်ပံနဲ့ နတ်သမီးလေးတွေဟာ
မင်းရဲ့ နှလုံးသားက
မျက်ရည်နဲ့ ဝမ်းနည်းမှုပုံရိပ်တွေကို
ဖယ်ရှားပစ်လိမ့်မယ် …
ပြီးတော့ …
မင်းကို " ငြိမ်းချမ်းခြင်း " ပေးလိမ့်မယ် …
" ကောင်းသောညပါ … "

" ကောင်းသောညပါ … "
မင်းရဲ့ နားထဲမှာ …
ချစ်စရာကောင်းတဲ့ တီးတိုးသံတို့ရဲ့
နူးညံ့တဲ့ ပဲ့တင်ရိုက်ချက်တွေ …
တုန်ခါရိုက်ခတ်နေပါစေ …
ပြီးတော့ …
အိပ်စက်ခြင်းရဲ့ သဏ္ဍာန်မဲ့စိတ်ကူးရိပ်တွေကနေ
မင်းရဲ့ အိပ်မက်တွေကို ဖြတ်သန်းလို့
ငါ့ရဲ့ အပြုံးရိပ်တွေ ဖြစ်တည်လာလိမ့်မယ်

" ကောင်းသောညပါ "
မင်းရဲ့ နှုတ်ခမ်းပါးတွေကို
ငါစောင့်စားနေတဲ့အခါ
မင်းရဲ့ မျက်ဝန်းတွေကို ဖွင့်ထားပေးပါ …
မင်းရဲ့ အခြွေအရံတွေကိုလည်း
မခေါ်လိုက်ပါနဲ့ဦး …
မင်းရဲ့ ရင်ခွင်ကို နမ်းရှိုက်မလို့
နောက်တစ်ကြိမ်တည်းရယ်ပါ … ။

" ကောင်းသောညပါ … "
ဒါဟာ သိပ်ကိုနောက်ကျနေခဲ့ပြီလား …
" ကောင်းသောညပါ … "
တံခါးကိုပိတ်လို့ မင်းလှည့်ထွက်သွားတယ်
" ကောင်းသောညပါ"
… ဟုတ်တယ် …
မင်း …
ငါ့ရဲ့ " ကောင်းသောည " နှုတ်ဆက်သံကို
မစောင့်ဘဲ
ဘယ်တော့မှ
အိပ်ရာဝင်မှာ မဟုတ်ပါဘူး။


Adam Mickiewicz's Goodnight

Translated by မနော်ဟရီ


ဒီကဗျာလေးကို သိပ်ကြိုက်ပါတယ်။ ငယ်ကတည်းက အိပ်ရာဝင်ခါနီးတိုင်း အမေက Good Night son လို့နှုတ်ဆက်တတ်ပါတယ်။ အိပ်ခါနီးတိုင်းနှုတ်ဆက်တဲ့အကျင့်ဟာ အခုအထိလည်း ရှိနေပါတယ် ... မြန်မာပြည်မှာ ရှိတဲ့ ဒုတိယ မိခင်ကြီးကို ကောင်းသောညလို့မနှုတ်ဆက်ဘဲ အိပ်လေ့မရှိပါဘူး။ မြန်မာနိုင်ငံရဲ့ ဆိုးရွားတဲ့ အင်တာနက်ကြီး ပြုတ်ကျနေရင်တောင် ဖုန်းဆက်ပြီး တစ်ခွန်းတော့နှုတ်ဆက်ပါတယ်။ ဘယ်လောက်ပဲကပ်စေးနှဲတယ်ပြောပြော သားသမီးတိုင်းကတော့ အမေ့ကို ကရုစိုက်ကြပါတယ်။ (5 မှတ်) ....။

နောက်ဆုံးကဗျာကတော့ ကျွန်တော့်ရဲ့ ပထမ မိခင်ကြီးရေးသွားတာပါ ...။

လွမ်းနည်းကြေကွဲတတ်တဲ့ ၁၈ နှစ်အောက်တွေ ... နှလုံးမကောင်းသူတွေ ....မျက်လုံးနှစ်ဖက်ကို လက်နဲ့အုပ်ထားစေချင်ပါတယ် ....။ ၀မ်းနည်းကြေကွဲတတ်သူများမဖတ်သင့်တဲ့ ကဗျာပါ .....။ ဒီကဗျာကို သူဆုံးခါနီး ၅ ရက် အလိုမှာရေးပါတယ် ...။ ပါးစပ်နဲ့ရွတ်ပြတယ်လို့လည်းပြောနိုင်ပါတယ် .....။

သား ....

Nu အားတင်းထားမယ် တဲ့ ....။

Nu ဆိုတာကတော့ ကချင်လို အမေလို့ပြောတာပါ။ ဒီကဗျာလေးကို အချစ်ဆုံးပဲ ....။ အဲဒီအချိန်မှာ အမေဟာ ရောဂါမျိုးစုံကို တပြိုင်နက်ပေးဆပ်ရတော့မယ့် နောက်ဆုံးနေ့တွေပေါ့ ....။ ကျွန်တော်စိတ်ပူမှာစိုးလို့ ... ဘာမှမဖြစ်သလို ရယ်နေကြအတိုင်းရယ်ပြီး ပြောသွားတဲ့စကားလုံးလေးတွေ ... ။

ကျွန်တော့်စိတ်ထဲကို အဲဒီစကားလုံးတွေဟာ အနက်ရှိုင်းဆုံးထိုးဖောက်ဝင်ရောက်သွားတယ် ....။ အဲဒီစကားလုံးတွေကို ရွတ်လိုက်တိုင်း အမေ့ရဲ့ မေတ္တာကို နွေးခနဲပြန်ပြန်ခံစားရတယ် .....။ မိခင်မေတ္တာတွေနဲ့ ကျွန်တော့်ဘ၀ဟာ အေးချမ်းခဲ့တယ် ....။ ငယ်တုန်းက ဖတ်ဖူးတဲ့ အမေရှိရင် ဘယ်တော့မှ မငတ်ဘူးဆိုတဲ့ စကားပုံလေးကို အမေရှိတုန်း အမေ့ကို ပြောပြဖြစ်ခဲ့လို့ တော်တော်လေး စိတ်သက်သာရာရပါတယ် ....။ အမေလှူချင်တာတွေ အမေရှိတုန်းက လှူဖြစ်လိုက်လို့လည်း နည်းနည်းဖြေသာပါတယ် ....။ အမေလုပ်စေချင်တာတွေကို ဆက်လုပ်ဖို့ ရှင်သန်နေရတာပဲ လို့မကြာမကြာတွေးမိပါတယ် .....။ တစ်ချိန်က သားအမိနှစ်ယောက် လက်တွဲပြီး ညပိုင်းရောင်းတဲ့ ပလာတာဆိုင်လေးကို သွားတာကို အမြဲသတိရမိပါတယ်။ အမေက လမ်းမြန်မြန်မလျှောက်နိုင်တဲ့အတွက် ဖြည်းဖြည်းချင်းလျှောက်ရပါတယ် ....။ .... အမြဲတမ်း သားတွေအပေါ်မှာ နားလည်ပေးခဲ့တဲ့ အမေ့ကို ဆန္ဒရှိသလောက် ဘာမှမလုပ်ပေးလိုက်နိုင်တာကတော့ တော်တော်လေး နောင်တရရတဲ့ ကိစ္စဖြစ်ပါတယ် .....။ .... ကဗျာတွေကို စိတ်နဲ့ဖတ်ကြည့်တဲ့အခါ .... စိတ်ရဲ့အနက်အရှိုင်းဆုံးအထိ .... ကဗျာဟာ တိုးဝင်သွားတယ် ......။


ကဗျာတွေထဲမှာ ကျွန်တော်တို့ရဲ့ဘ၀တွေရှိတယ် ....။

ကျွန်တော်တို့ရဲ့မျက်ရည်တွေနဲ့ နာကျင်မှုတွေလည်းရှိတယ် ......။

ကျွန်တော်တို့ ရဲ့ နောင်တတွေနဲ့ စွတ်စိုထိုင်းမှိုင်းနေတဲ့ တိမ်တိုက်တွေလည်းရှိတယ် ......။


ကျွန်တော့် ကော့တေးလ်ဟာ သိပ်ပျော့နေတယ်ဆိုရင်လည်း သည်းခံပြီးဖတ်သွားတဲ့အတွက် ကျေးဇူးတင်ပါတယ် ....။ ဒီ ကဗျာဘလော့ခ်မှာ ကောမန့်ရေးတဲ့သူ အထူးရှားပါးပါပဲ ။ အများဆုံးကော်မန့်က ၁၄ ခုထင်ပါတယ် .....။ လူဖတ်နည်းနဲ့နေရာမှာ ရေးတာဟာ ... လူနည်းစုပဲသိစေချင်လို့ပါပဲ ....။

Peace Be With You All ...

Thanks moms for your love and guidance ...


With Peace,

Zephyr

6 Comments:

MANORHARY said...

Son, your cocktail is nice ! I love all the poem u mention !
ဒါပေမယ့် သေချာတာက ကဗျာကော့တေးလ် ကြောင့် မဟုတ်ပဲ သောကြာနေ့ကြောင့် မူးသွားတယ်

မယ့်ကိုး said...

ဒီစာမျက်နှာဟာ လူဖတ်မနည်းပါဘူး။

ကွန်မန့်မပေးကြတာက ရှင့်ဘုရင်ပုဆိုး ပိုးချည်းဆိုသလို ကောင်းတာပဲဆိုတော့ မပြောတတ်လို့ပါ။

johnmoeeain said...

ဟုတ်တာပေါ့...။ ကဗျာချစ်တဲ့ နှလုံးသားကနေ ချစ်တဲ့ကဗျာလေးတွေကို တခုတ်တရ စုစည်းထားတော့ ပေါ့ပေါ့ပါးပါး မမန့်ရဲ့ဖူးလေ...။ နောက် ကဗျာလေးတွေကနေ တဆင့် အတွေးတွေတိုင်းမှာ ပြန်ပေးချင်တဲ့ ကွန်မန့်တွေက နေရာတိုင်းဆိုတော့ ထူးပါဝူးဆိုပြီး မမန့်ဖြစ်ကြတာနေမယ် :)

ကောင်းသောညမှာ. ကဗျာကော့တေးလေး သောက်သွားရတာ... မမူးပေမယ့် အတွေးတွေ ရီဝေေ၀.... :P

Unknown said...

internet သုံးတိုင်းရောက်ဖြစ်တဲ့ blog တွေကို ပြောပါဆိုရင် ဒီဘလော့ဂ်ရယ်.. အစ်မမနော်ဟရီဘလော့ဂ်ရယ်..
အစ်ကို့ ဥယျာဉ်မှူးဘလော့ဂ်ရယ်ကို ပြောရမယ်။ update ဖြစ်မဖြစ် အမြဲကြည့်တယ်။ ဒါပေမယ့် တစ်ခါမှမမန့်မိဘူး..။ ကိုယ်က စာချစ်သူ ကဗျာချစ်သူထက်ပိုပြီး ဘာမှမဟုတ် ဘာမှလည်း နားလည်တာမဟုတ်လို့...
ကော့တေးလ်ထဲကတော့ ဗသျှိုး ရဲ့ကဗျာလေးကို ကြိုက်တယ်။ ပန်းချီကို ကြိုက်တယ်။ နောက် ကောင်းသောညကို ကြိုက်တယ်။ ကြိုက်လွန်းလို့ အင်္ဂလိပ်လိုရော ရုရှားလိုပါ ရှာဖတ်ကြည့်တယ်။ ဘာသာပြန်တာကို လက်ဖျားခါတယ်။ ရုရှားလို ပြန်ထားတာတောင် အဲလောက်မကောင်းဘူး.. ကိုယ့်ဘာသာစကားနဲ့မို့ ပိုပြီး ခံစားလို့ရတာလည်း ဖြစ်ချင်ဖြစ်မယ်..။ ဒါပေမယ့် သိပ်လှတယ်ဆိုတာတော့ အသေအချာပဲ..
တည်ခင်းထားတဲ့ ကော့တေးလ်တစ်ခွက်အတွက် ကျေးဇူးတင်ပါတယ်.....

လင်းဒီပ said...

ကဗျာပြောင်းပြန်ကို ခိုက်တယ် ..

ပန်းနှင်းဆီ(ကြယ်ကလေး) said...

တချို့တချို့သော ခံစားချက်တွေကတော့ စကားလုံးအဖြစ် ချပြစရာမရှိအောင်ကို ပျောက်ဆုံးနေတတ်ပါတယ်ရှင်....