Saturday, March 20, 2010
ရင်ဖွင့်ဂါထာ
သံလွင်ခက်တွေ စိုရွှမ်းသော ဒေသကို ရွေးပြီး ကျွန်မကို မြို့တည်ကြပြီပေါ့
ကျွန်မရဲ့ ဦးခေါင်းက ဆံပင်တွေတောင် သွေးခြေဥ
အမှန်တကယ်တော့ ကျွန်မဟာ ကြီးကျယ်ခန်းနားစွာ သလင်းပန်းတွေပိုက်နေတဲ့ ရုပ်တုတစ်ခု ဖြစ်သင့်တယ်
ချစ်ခြင်းမေတ္တာကို အကြောင်းပြုပြီး အဆိုအမိန့်တွေ လှပလွန်းတော့လည်း
ကျွန်မ မကွယ်လွန်မီ ဘဝဖြစ်စဉ်ဟာ ရိုးရိုးလေးနဲ့ ---
စကြဝဠာတစ်ဝှမ်းလုံးကို လွှမ်းမိုးထားချင်တယ်။
ထနောင်းပင် အကိုင်းအခက်တွေ တစ်ချက်လှုပ်လိုက်ရုံနဲ့
နေလုံးထဲက ဗွမ်းကနဲ လွင့်စင်ထွက်ကျလာမယ့် ကျွန်မဟာ
အလွန်နူးညံ့ယဉ်ကျေးသိမ်မွေ့သော ဘီလူးတစ်ကောင်ရဲ့ ပုခုံးပေါ်
တစ်လှမ်းချင်း အရိပ်ဖြစ်လိုက် နို့နှစ်ရောင် ရနံ့ဖြစ်လိုက်
ကျွန်မ ခေတ်ကို ခလုတ်တိုက်မိ မတတ်ပါပဲ။
လေတိုက်လေ ဖြူလေ တိမ်စေ့များ ငြိမ်သက်
သားရဲ တောရိုင်းတိရစ္ဆာန်တွေက ကျွန်မကို လုံလုံခြုံခြုံ ဖွက်ထားကြပြန်ပြီ
စိတ်အေးလက်အေး ကျောက်စရစ်ခဲလေးတွေကို ပုလဲကြိုးနဲ့သီကုံးရင်း
ပြတင်းပေါက်မရှိတဲ့ ကောင်းကင်ကို ကျွန်မ ငေးကြည့်နေမိတယ်။
(ဗုဒ္ဓဂေါတမကို ကျွန်မ တွေ့ချင်လိုက်တာရှင် )
ကျွန်မ ရင်ခွင်နဲ့ သစ်ပင်အားလုံး တဖျတ်ဖျတ် လင်းချင်းသွားတယ်
ဂါထာတစ်ပုဒ်ကို ဝတ်ထားတဲ့ ကျွန်မ တစ်ကိုယ်လည်း လဲပြိုလုလုယိုင်တိယိုင်တိုင်
ကျွန်မ … ကျွန်မ ပဒုမ္မာ ကြာရွက်ကလေးကို ကိုင်ထားပါရစေရှင် ။
အို ကျွန်မကို နှင်းတွေ ပက်နေတာလား
မဖြစ်နိုင်ဘူး ဒါ ကျွန်မကိုယ်ပေါ် မိုးဖွားတွေ ကျနေတာပါ
သာယာတိုးညင်းသော ချမ်းစိမ့်စိမ့် မိုးစက်ကြွေသံတွေ
ကျွန်မရဲ့ ခြေသံနဲ့ တူလိုက်တာ ကျွန်မရဲ့ ခြေသံနဲ့ တစ်ထေရာတည်းပါပဲ။
မျက်စိတစ်ဆုံး မြင်နေရတဲ့ လရောင်ကို ဆွဲချီသွားသော တောင်တန်းများ
ကျွန်မ ပြေးဝင်နိုင်ဖို့ အဆင်သင့် ဖွင့်ထားကြပါရဲ့
အချိန်မတန်သေးပါဘူးလေ ဟောဟို အရှေ့ယွန်းယွန်း ကမူဘေးနားမှာ
ကျွန်မရဲ့ မြစိမ်းရောင် ပဝါ နောက်ပြီး ကျွန်မရဲ့ လိပ်ပြာ
ဒေဝီ…
ပြတင်းပေါက်တစ်ပေါက်ကို ကျွန်မ ပိုင်ဆိုင်ရပြီလို့ မရေရာခင်
အဆုတ်တစ်ခြမ်းနဲ့ သစ်ပင်ထိပ် ကျွန်မ ခြေစုံရပ်ပြီး
သစ်သီးဝလံတွေကို မိုးပေါ် ပစ်တင်ဖို့
ဘယ်တော့များမှ တမလွန်ဘဝနဲ့ ဆုံတွေ့ရပါ့မလဲ။
မတမ်းတချင်ဘူး တမ်းတရင်
မိတကွဲ ဖတကွဲ ရှေးဟောင်း အုတ်ခွက်ထဲက ကိန္နရီတွေ ဒလိန်းထိုးနေပုံကဖြင့်
ကျောက်တုံးပေါ် ဘုရားကျောင်း ပွင့်စေတယ်နော်
မခို့တရို့ ရယ်မောပစ်ဖို့ ပျော်ရွှင်စွာ ကျွန်မ ဟစ်ငိုလိုက်ချိန်
သောင်ခုံတွေက ဆပ်သွားဖူး ဖြစ်လိုဖြစ်
ခရုခွံတွေက လည်တုံ ဖြစ်လိုဖြစ်
ကျွန်မ သတိလစ်မတတ် ကြည့်ငေးနေမိတယ်။
ကျွန်မ ရင်အုံထဲက ငှက်တွေ လန့်ဖြန့် ပျံထွက်သွားကြပါ
သဘာဝအတိုင်း လွတ်လွတ်လပ်လပ် လရောင် ရွာပါစေ
တွန့်လိမ် ခွေခေါက်နေတဲ့ တိမ်အော်သံကို ထုဆစ်မယ့်
မီးတောက်မီးလျှံတွေလည်း အရည်ပျော်ကျ
ဘယ်လိုမှ ချုပ်တည်းမရတော့လောက်အောင် ကျွန်မရဲ့ မနောဓာတ်လည်း ကခုန် ပျော့ပြောင်းသွားတော့မယ်။ ။
လုံမငြိမ်းချမ်း
သရဖူ အမှတ်စဉ် ၃၃ ၁၉၉၇
ဒီကဗျာကိုတော့ မဝေနော်က လုံမငြိမ်းချမ်း နာမည်နဲ့ပဲ ရေးခဲ့ပါတယ်။ သရဖူ ခေတ်ကလ ဆီတုန်းကပါ။ ခုနောက်ပိုင်းသတိထားမိသလောက်က ဝေနော် ဆိုတဲ့ နာမည်နဲ့ ကဗျာမရေးတော့ သလိုပါပဲ။ ဘာပဲဖြစ်ဖြစ် သူ့ကဗျာလေးတွေကတော့ ညွတ်ပြောင်းစွာ သန်မာနေဆဲ။
ပြည်
လဝန်းထဲ
ပွဲကြည့်လှေကလေး လှော်ခတ်ဝင်သွား
လမ်းရွေးမှားသူမြစ်
နှစ်ထပ်သဘောင်္မြိုကကလေးပေါ် နားခဲ့ပေါ့။ ။
မောင်ချောနွယ်
ဒီကဗျာဖတ်ပြီး ပြည်ကိုသွားတော့ သတိထားကြည့်မိတယ်။ ဟုတ်တယ်။ နှစ်ထပ်သဘောင်္နဲ့ တူတဲ့ မြို့ကလေးပဲ။ ပြည်မြို့ အဝင်ကို သတိထားကြည့်လိုက်ပါ။ ဒီကဗျာလေးကို သတိရမိပါလိမ့်မယ်။
သင်္ဂဟ ရှာသူများ
မြေ
မြက်
မိတ်ဖက်။
ငှက်
လေညင်း
မိတ်ရင်း။
လေညင်းကိုရှူရင်း
မြေခင်းပေါ်လမ်းလျှောက်
ပြီးတော့
မိတ်ဆွေပျောက်နေကြ၏။ ။
အိုဖုန်းသစ်
မြားနတ်မောင် ဇွန်၊၁၉၉၃
ကျွန်မတို့လည်း လေညင်းကိုရှုရင်း မြေခင်းပေါ်လမ်းလျှောက် မိတ်ဆွေတွေကျကျပျောက်နေခဲ့တာ ကြာပေါ့။
စင်အောက်ကလူ
……………
…………………..
ဘာမှလည်းမဟုတ်
တငုတ်တုတ်တုတ်နဲ့
ကျုပ်တို့မတော့ ညောင်းလှပြီ။ ။
ကိုကိုကြီး (ရုပ်မြင်)
တစ်ခါတစ်ခါတော့လည်း စင်ပေါ်က လူနဲ့ စင်အောက်ကလူ ပေးချင်တာနဲ့ ရလိုက်တာ မတူလိုက်ကြဘူး။
ဣႆာမစ ၦရိယ ည
ညသန်းခေါင်
ခွေးဟောင်လို့ ခေါင်းထောင်ကြည့်
လပြည့်ဝန်းငွေရောင်အိ
အခြား ဘာမှမရှိ ။ ။
မောင်သာပို
ခွေးဟောင်သံတွေနဲ့ ထိန်ထိန်သာနေတဲ့လပြည့်ညတွေအကြောင်း။
မောရမိုး

ငါက
အသက်လေးဆယ်မှာ
အိပ်မက်နဲ့ လက်ထပ်ချင်သူ။
အံကြိတ်ကာမာန်ဖီလိုက်
အကြိမ်ကြိမ် ရှူံးနိမ့်လိုက်နဲ့
သေချာအောင် လုပ်ခဲ့ပြီးမှ
အသေအချာလွဲသွားတဲ့ သေချာခြင်းတွေရယ်
ခုတော့လည်း
အသက်နဲ့ ပြောင်းပြန် အချိုးကျခဲ့။
ကိုယ်ကိုယ်ကို ဝန်ခံဖို့လည်း ရှက်မိရဲ့
ကြာလာတော့
ဒုက္ခတွေ
အညှိုးအတေးဖွဲ့ပစ်ချခံရ
ဆာတ့် ရဲ့ စွန့်ပစ်ခံကလေးကိုပဲ
သံယောဇဉ်ပိုလာတော့တယ်။
ဒါဟာ
အိပ်မက်ဆီခရီး
မျှော်ရင်းမောပေါ့
ဟောဒီ ရင်ဘတ်သေးသေးကလေးနဲ့
ညဆိုးတွေ လွှင့်ပစ်ခဲ့။
ရင်ခုန်သံ အကျိုးအပဲ့ကိုလည်း ဖြုတ်ပစ်ခဲ့။
နောက်ဆုံးတော့
ကိုယ့်ကိုယ်ကို လှပ စွာညာရင်း မြင့်မြတ်ခဲ့။
ဒီလိုနဲ့
ငါ့ကိုယ်ပိုင်တွင်းကလေးထဲ ခုန်ဆင်းခဲ့
တစ်စုံတစ်ရာ
မက်လောက်စရာများ တွေ့လေမလားလို့။ ။
မောရမိုး
ခမ်းခြောက်စိုးရိမ်

အဲဒီ
ဘောင်ဘင်ခတ်စိတ်ကူးတွေနဲ့ တယောထိုးခဲ့
ညအိပ်ရာဝင်တိုင်း မေးမိတယ်
မင်း ဂီတက ဘာလဲ လို့
နောက်ဆုံး
အမှောင်ရို့ရို့မှာ ပုံလဲ အိပ်လိုက်ရ
မနက်လင်းတော့
နှပ်ထားတဲ့ ကော်ဖီခွက်ထဲက နှင်းဆီပွင့်တွေ
သီချင်း လုပ်ဖို့ ပွတ်သပ်မိပြန်သေး
တကယ့်တကယ်
ကိုယ့်အရှိုက်ကို စိတ်နဲ့ ပြင်းပြင်းထိုးလိုက်မှ
ချုပ်ရိုးကြောင်းတွေကွဲအက်
သုည ဆိုတဲ့ မရှိကိန်း ဇာတ်လိုက်က ခုန်ထွက်လာတယ်။ ။
စိုးရိမ်
ကိုယ့်နာမည်ကိုယ် ကဗျာခေါင်းစဉ်ထဲ ထည့်ထားတဲ့ ကဗျာနှစ်ပုဒ် ။ နှစ်ပုဒ်လုံး သရဖူ မဂ္ဂဇင်းထဲကပါ။
နေဝင်တယော
ငါဟာ တယောတစ်လက် ဖြစ်ခဲ့တယ်
ဘိုးတံကို ခပ်ဝေးဝေးမှာ သွားချိတ်ထားလိုက်ပါ
ရှောင်မရတဲ့ညနေတွေက ငါ့ကို ရူးပြီး ရမ်းကားနေတဲ့ကြားထဲ
ပိုပြီး ပေါက်ကွဲစေမယ့် သံစဉ်တွေ ညှစ်မထုတ်နိုင်အောင်
ဘိုးတံကို
ဝေးဝေးမှာ သွားချိတ်ထားလိုက်ပါ။
ငါဟာ တယောတစ်လက် ဖြစ်ခဲ့တယ်
ဘိုးတံကို ဝေးဝေးမှာ သွားချိတ်ထားလိုက်ပါ
ခံစားချက်တွေက တကျွီကျွီ သံရှည်ဆွဲတတ်လွန်းလို့
ကိုယ့်ရင်ခုန်သံကိုတောင် ကိုယ်ပြန်စိတ်မရှည်နိုင်တဲ့ကြားထဲ
ပွတ်သီးပွတ်သပ်နဲ့ လာလာပြီးကလိတတ်တဲ့
ဘိုးတံကို
ဝေးဝေးသွားချိတ်ထားလိုက်ပါ။
ငါဟာ တယောတစ်လက်ဖြစ်ခဲ့တယ်
ဘိုးတံကို ဝေးဝေးမှာ သွားချိတ်ထားလိုက်ပါ
ကံဆိုးမဲပေါက်သလို ရခဲ့တဲ့ဘဝတစ်ခုရဲ့
အိပ်မက်တွေနဲ့ လုပ်ထားတဲ့ လရောင်စစ်စစ်ကို
လူမြင်မခံဝံ့ အသေအချာ သိမ်းထုတ်လို့ထားဆဲ
ငါ့ရင်ကို ဟက်ကနဲ ခွဲပြီး အထုတ်ဖြည်ပြမယ့်
ဘိုးတံကို
ဝေးဝေး ချိတ်ထားလိုက်စမ်းပါ။
ငါဟာ
တယော တစ်လက်ပါ
ပိုပြီးသေချာအောင် ပြောရရင်
လရောင်နဲ့ စိမ်ထားတဲ့ တယောတစ်လက်ပါ
တစ်ကိုယ်စာ ကျဉ်းကျပ်ခံရတဲ့ မဖူလုံနိုင်တဲ့ သံစဉ်တွေနဲ့ တယောတစ်လက်ပါ
အဝေးမျှော် ခံစားချက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဘာမှန်းမသိချင်တော့တဲ့ တယောတစ်လက်ပါ
စကားလုံးတွေနဲ့ အနှစ်သာရတွေ ပြောင်းပြန်အချိုးကျ လူလည်လုပ်ခြင်းကို သိသိကြီးခံနေရတဲ့
တယောတစ်လက်ပါ
ဝင်ဖို့ ပြင်ခဲ့တာ ကြာပြီဖြစ်တဲ့ နေလုံးကြီးကို ဖြတ်ကျော် ကွယ်ပျောက်သွားတဲ့
အိပ်တန်းပြန်ငှက်တစ်ကောင်လို တယောတစ်လက်ပါ
ဘိုးတံရေ
ငါဟာ
ရိုက်ချိုးဖို့သာကောင်းတော့တဲ့ တယောတစ်လက်ပါ။ ။
ကျော်ထူး
ဒီကဗျာကို တော်တော် စွဲလမ်းခဲ့ဖူးတယ်။ ခုထိပါပဲ။ ကိုယ်ကတော့ လရောင်နဲ့ အစိမ်မခံချင်တဲ့ တယောတစ်လက်ပဲ။ ဘိုးတံကိုတော့ ဝေးဝေးမှာပဲ ရှိနေစေချင်တယ်။
ငတ်မွတ်ခြင်း

ကျွန်တော် လူရွှင်တော် တစ်ယောက်ဖြစ်ချင်တယ်
ဟာသပဲ
ပြီးတော့လည်း
ဟုတ်တာလည်း မဟုတ်ဘူး။
ဘယ်မှာလဲ
ပင်လယ် ပန်းပွင့်နဲ့ မြေဆွေးတွေ
မျက်ရည်ပေါက် ကြီးငယ်တွေ
ဒေါသမာန်နဲ့ ချွေးစက်တွေ
တစ်ခါ ပျော်ရွှင်စွာ အချောသပ်မိသလိုလို
သုံးဆယ့်တစ်ခါ ပြိုကျ ကြေကွဲရမလိုလို
ဘဝဟာ တစ်ခါရရုံနဲ့ လူတိုင်းနဲ့ မတန်ပါဘူးတဲ့
မူးယစ် ထုံထိုင်းလို့
အနုပညာကို သိမ်ဖျင်းဖျင်း ဆွဲဆန့် ပြဖို့ သက်သက်
ခေါင်းနဲ့ကိုယ် ပြန်လည်ဆက်စပ်
လက်ပူးလက်ကြပ်မြင်လိုက်လား
အခုတော့
အကြီးအကျယ် စိတ်ခြောက်ခြားနေတဲ့ လက်ဘက်ရည်ဆိုင်တွေ
စိမ်းရွှေရွှေကုန်တိုက်ကြီးတွေ
မသေရုံတမယ် မော်တော်ကားတွေ
ဆိုပါတော့
သူခိုးလက်က သူဝှက်လုလာတဲ့ နေ့တစ်နေ့ရယ်လို့
ခိုအောင်းခဲ့ရင်
ချန်လှပ်ခဲ့ရင်
(ဒါမှမဟုတ်) တည့်တည့်တိုးခဲ့ရင်
ငါ့ကို သင် သတိရနိုင်စေသော်ဝ်။ ။
ဝင်းလွင်
သရဖူ အမှတ်စဉ် ၃၀ ၁၉၉၇
ကျွန်မ ဝင်းလွင်ရဲ့ ကဗျာတွေ တော်တော်များများကိုလည်း နှစ်သက်ခဲ့ဖူးပါတယ်။
ကဗျာ
မိုးတိမ်ရောင်စုံတွေကို
နားလည်သူမရှိပဲ
အရသာရှိခဲ့ရာက
စတဲ့ ကဗျာတွေပေါ့ ..။
ဒုက္ခတွေလို့
မမြင်ရအောင်
အလှတရားရဲ့
ညင်သာနေပုံမှာလေ
ဒီနေ့တော့
ချစ်သူများ
သူငယ်ချင်းများ
ရထားအသီးသီး လွဲသွားကြ။ ။

သုခမိန်လှိုင်
ကဗျာဆိုတာ ဒုက္ခတွေလို့ မမြင်ရအောင် အလှတရားရဲ့ ညင်သာနေပုံ တစ်ခုပါ ..တဲ့။ ဘယ်လောက် မှန်လိုက်သလဲ။ ဒီအလှတရားတွေကိုပဲ မက်မက်စက်စက်ဖြစ်ခဲ့လို့ ပက်ပက်စက်စက် ကြေကွဲနေခဲ့ကြရတယ်။
ဆောင်းများ
ကဗျာဆိုတာ ဒုက္ခတွေလို့ မမြင်ရအောင် အလှတရားရဲ့ ညင်သာနေပုံ တစ်ခုပါ ..တဲ့။ ဘယ်လောက် မှန်လိုက်သလဲ။ ဒီအလှတရားတွေကိုပဲ မက်မက်စက်စက်ဖြစ်ခဲ့လို့ ပက်ပက်စက်စက် ကြေကွဲနေခဲ့ကြရတယ်။
ဆောင်းများ
ပြတင်းပေါက်တွေထဲ
နှင်းတွေဝင်သွားကြ
ဘယ်တော့မှ ပြန်ထွက်မလာတော့။
ကျွန်တော်ဟာ
အရွက်နဲ့ အကိုင်းတို့ရဲ့
မမြဲခြင်းတရားမှာ
ကောင်းကင်ကို ကိုယ်စားပြုခုန်ချလာတဲ့
မိုးဖွဲဖွဲနေ့လေးတစ်နေ့မျှ
ရာသီအတိုင်း
နှင်းတွေနဲ့မှောင်နေတော့
ကောင်းကင်လည်း မမြင်ရ
ကျွန်တော့်ပြတင်းပေါက်မှာလည်း
ကျွန်တော့်ကို မမြင်ရ
ကျွန်တော် အမှားမပြောတတ်စ
အရွယ်လေးတည်းကပေါ့ ..။ ။
ဝင်းမြင့်
ကိုဝင်းမြင့်ရဲ့ ဆောင်းများ ကလည်း ကျွန်မ နှစ်သက်တဲ့ ကဗျာတစ်ပုဒ်ပါပဲ။
အသည်းကွဲပြီးနောက် သတင်းစကား

ခင်ဗျားတို့ဟာ
သကြားလုံးတစ်လုံးရဲ့
အချိုဆုံးစက္ကန့်ကို ဆွဲဆန့်ချင်သူတွေပဲ။
ဟိုတစ်နေ့က
သူမနဲ့တွေ့ပြန်တော့
အရောင်းစာရေးဆန်ဆန် မေးပါတယ်
ဘာကို အလိုရှိလဲ တဲ့
လေကောင်းလေသန့်လို့ ဆိုရင်
အံ့သြနေကြလိမ့်မယ်။
အလို..
ဘယ်လို ဂီတပါလိမ့်
မင်ရည်ကျဲသွားတဲ့ ဒိုင်ယာရီ ဆိုပါလား
သူတိုဟာ ကျွန်တော့ ကော်ဖီထဲက မလိုင်ပါ
ဂုဏ်ယူလိုက်စမ်းပါ ကိုယ့်လူရေ။
သြော် ..ဒါနဲ့
သင့်အိမ်နံရံပေါ်မှာ
ပြက္ခဒိန်တစ်ခု အသံဝင်နေတာ
ဘယ်လောက်ကြာပြီလဲ။ ။
လှသန်း
ဇန္နဝါရီ ရနံ့သစ် ၁၉၉၀
ပထမဆုံးကူးထားဖူးတဲ့ လှသန်းရဲ့ ကဗျာပါ။
ဘူတာရုံ
သံလမ်းပေါ်မှာ
ရထားအော်နေပြီ။
အမှတ်တရကိတ်မုန့်
ပေါပေါလောလောလိပ်စာ
မျက်နှာပေါ်ပေနေတဲ့ တံတွေးများ
ထုပ်ပိုးထားလိုက်တော့။
အားကောင်းမောင်းသန် တံတားကြီးတွေက
ကျွန်တော့်ကို သက်ပြင်းချလို့
ခင်ဗျားလည်း နောက်ကျောမှာ
ဥသြသံတန်းလန်းနဲ့
တောင်တန်းတွေပေါ် တွားတက်ခဲ့။ ။
မိုဃ်းဇော်
ကန္တာရသက်သက် ကောင်းကင်ဘုံ
နွမ်းချိယိုင်လှုပ်
ကုလားအုတ်တစ်ကောင်နဲ့ပ
ငါ.. လာခဲ့တယ်
အဲဒီ ကုလားအုတ်ဟာ ငါပါပဲ။
လူအငွေ့အသက်တွေနဲ့ စေးကပ်နေတဲ့
လူတွေရဲ့ ကန္တာရထဲ
ဝဲစားခွေး တစ်ကောင်လို
သွားရည်တမြားမြားယို၊ ခေါင်းငိုက်စိုက် ..သွား
ငါ ..လမ်းတွေမှားခဲ့ ..
ကနုတ်မွန်းချွန် အမြင့်အမားနဲ့
ရွှေရောင် နန်းတော်တွေကြား
ကျောက်ဖြူသား လေးထောင့်ကွက်စီရင်ပြင်
နီရဲစွတ်စို နှင်းဆီပျိုဥယျာဉ်
အမတ ရေစင် ကန်မင်္ဂလာ
ကြေးသွန်း မျက်နှာ ခန့်ညားနဲ့
တံခါးမ ဒိုင်းလွှား အဆောင်အယောင်တွေကြားမှာ
ခရာရှည် တံပိုး
မုရိုးမြောက် စည်သံတွေကြားမှာ
ငါ
ရေငတ် ခြောက်မွတ်
တတွတ်တွတ် တရကြမ်း ရှာဖွေရင်းသွားခဲ့
အပဏ္ဏက ဇာတ်ထဲက လှည်းသားငါးရာ
ဘီလူးစားခံရတာ
ဘာဆန်းသလဲကွယ် …
ဒီမှာတော့
ပိဋကတ်တိုက်သုံး စာအုပ်ကတ်တလောက်လို
ဆံခြည်မျှင်လေးတစ်စ
လျှိုဖြဲဟ မရအောင်
(လူတွေ) အခဲတမျှ စုပုံ ကန္တာရ
အပေါ် .. နေတစ်စင်း
အောက် .. နေတစ်စင်း
အပြင်းစား ယာဉ်စွန်းတန်းသစ် တစ်ခုပေါ်က ကန္တာရ
အဲဒီ
မဟာ ရန်ကုန် ကန္တာရထဲမှာ
ညတွေ
ကြိုးဆွဲချ သေပစ်လိုက်ကြရှာတာပေါ့။ ။
မင်းခိုက်စိုးစန်
(၁၉၉၃)
တိတ်ဆိတ်ခြင်း၏နာမတော်မှ
ပင်ဂွင်း
(၁)
ဥတ္တရဝင်ရိုးစွန်းနဲ့ လက်ထပ်ထားတဲ့
ရေခဲနတ်သမီးမွေးနေ့ပ
အေးရှမာစို
အက်စကီမိုတွေရဲ့ အလောင်းပေါ်တက်
(၇၅)ကြိမ်မြောက် ငှက်တွေတောင်မှ
ဂုဏ်ပြုသီချင်းဆိုကြပေါ့။
(၂)
ပြီးဆုံးသွားတဲ့အခါ
အိမ်ပြန်ဖို့ရာ ငှက်တွေလမ်းလျှောက်
ကိုယ့်တုတ်ကောက် ကိုယ်ယူလာရမယ့် ညီလာခံ
(ဟုတ်တယ်လေ)
အတောင်ပံတွေရပေမယ့်
သူတို့ ပျံမှ မပျံသန်းနိုင်ကြတာပဲ။ ။
၁၉၉၅
မင်းခိုက်စိုးစန်
ရာစုသစ်မြစ်ကျဉ်း (၃)
ကမ္ဘာ့ကဗျာနေ့အတွက် ကဗျာတွေတတ်နိုင်သလောက် ရိုက်တင်ပေးလိုက်ပါတယ်။ အတတ်နိုင်ဆုံး ရှားပါးမယ်ထင်တဲ့ ကဗျာတွေကို ရွေးပေးလိုက်ပါတယ်။ မြင်နေကျ မဟုတ် ၊ဟိုမှာဒီမှာ ပြန်မပါ၊ စာအုပ်စု မထုတ်ရသေးတဲ့ ကဗျာတွေကို ဆိုလိုတာပါ။ ငြိမ်းချမ်းပျော်ရွှင်ပါစေ။

5 Comments:
လေညင်းကိုရှူရင်း မြေခင်းပေါ်လမ်းလျှောက်
ပြီးတော့ မိတ်ဆွေပျောက်နေကြ၏။ ။ တဲ့လား....
ဘ၀မှာ.... ကကြီးရေက ဆိုပြီး အားလုံးအတူတူစ ခဲ့ကြတာပါ.... အချိန်တန်တော့လည်း ရပ်မယ့်ဘူတာတွေဆီလျှောက်ရင်း.... အချင်းချင်း ဘေးကနေ ပျောက်ပျောက်သွားကြတယ်...။
စိတ်တူ ကိုယ်တူ အတွေးတူကြရင်တောင် လမ်းတွေက မတူကြတော့ တစ်ခါ တစ်ခါ တရားကို သိပေမယ့် တရားမရှိစွာ ၀မ်းနည်းပါတယ်...။
Nice Performance ...!!!
I like it.
Chose with the help of heart ...
:)
I feel like it's an installation art, though the material are poems ... Anyway, I love it ..
Btw, I am now learning English ..
So, some of my comments are in English ...
Sorry about that ..
:)
With Peace,
Zephyr
ကျေးဇူးမဟားဒယား
ကဗျာတွေ အကုန်ကူးချသွားပါတယ်
ချစ်တဲ့
ကဗျာနေ့အမှတ်တရ ရှားပါးကဗျာလေးတွေ အေးအေးဆေးဆေး လာဖတ်သွားပါတယ် ။
ကဗျာလေးတွေ လာခံစားသွားပါတယ်။မ မနော်ဟရီ ရေးတဲ့ ကဗျာ သေသပ်ကျနစွာ နေကြတ်သွားတဲ့နေ့တစ်နေ့ကို တော်တော်ကြိုက်တယ်။တတိယပုံပြင် စာအုပ်မှာ ဖတ်ဖူးတာ :) ။
Post a Comment