ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

ကျွန်မချစ်သောကဗျာများ

Saturday, March 20, 2010

ရင်ဖွင့်ဂါထာ

သံလွင်ခက်တွေ စိုရွှမ်းသော ဒေသကို ရွေးပြီး ကျွန်မကို မြို့တည်ကြပြီပေါ့
ကျွန်မရဲ့ ဦးခေါင်းက ဆံပင်တွေတောင် သွေးခြေဥ
အမှန်တကယ်တော့ ကျွန်မဟာ ကြီးကျယ်ခန်းနားစွာ သလင်းပန်းတွေပိုက်နေတဲ့ ရုပ်တုတစ်ခု ဖြစ်သင့်တယ်
ချစ်ခြင်းမေတ္တာကို အကြောင်းပြုပြီး အဆိုအမိန့်တွေ လှပလွန်းတော့လည်း
ကျွန်မ မကွယ်လွန်မီ ဘဝဖြစ်စဉ်ဟာ ရိုးရိုးလေးနဲ့ ---
စကြဝဠာတစ်ဝှမ်းလုံးကို လွှမ်းမိုးထားချင်တယ်။

ထနောင်းပင် အကိုင်းအခက်တွေ တစ်ချက်လှုပ်လိုက်ရုံနဲ့
နေလုံးထဲက ဗွမ်းကနဲ လွင့်စင်ထွက်ကျလာမယ့် ကျွန်မဟာ
အလွန်နူးညံ့ယဉ်ကျေးသိမ်မွေ့သော ဘီလူးတစ်ကောင်ရဲ့ ပုခုံးပေါ်
တစ်လှမ်းချင်း အရိပ်ဖြစ်လိုက် နို့နှစ်ရောင် ရနံ့ဖြစ်လိုက်
ကျွန်မ ခေတ်ကို ခလုတ်တိုက်မိ မတတ်ပါပဲ။

လေတိုက်လေ ဖြူလေ တိမ်စေ့များ ငြိမ်သက်
သားရဲ တောရိုင်းတိရစ္ဆာန်တွေက ကျွန်မကို လုံလုံခြုံခြုံ ဖွက်ထားကြပြန်ပြီ
စိတ်အေးလက်အေး ကျောက်စရစ်ခဲလေးတွေကို ပုလဲကြိုးနဲ့သီကုံးရင်း
ပြတင်းပေါက်မရှိတဲ့ ကောင်းကင်ကို ကျွန်မ ငေးကြည့်နေမိတယ်။
(ဗုဒ္ဓဂေါတမကို ကျွန်မ တွေ့ချင်လိုက်တာရှင် )
ကျွန်မ ရင်ခွင်နဲ့ သစ်ပင်အားလုံး တဖျတ်ဖျတ် လင်းချင်းသွားတယ်
ဂါထာတစ်ပုဒ်ကို ဝတ်ထားတဲ့ ကျွန်မ တစ်ကိုယ်လည်း လဲပြိုလုလုယိုင်တိယိုင်တိုင်
ကျွန်မ … ကျွန်မ ပဒုမ္မာ ကြာရွက်ကလေးကို ကိုင်ထားပါရစေရှင် ။

အို ကျွန်မကို နှင်းတွေ ပက်နေတာလား
မဖြစ်နိုင်ဘူး ဒါ ကျွန်မကိုယ်ပေါ် မိုးဖွားတွေ ကျနေတာပါ
သာယာတိုးညင်းသော ချမ်းစိမ့်စိမ့် မိုးစက်ကြွေသံတွေ
ကျွန်မရဲ့ ခြေသံနဲ့ တူလိုက်တာ ကျွန်မရဲ့ ခြေသံနဲ့ တစ်ထေရာတည်းပါပဲ။

မျက်စိတစ်ဆုံး မြင်နေရတဲ့ လရောင်ကို ဆွဲချီသွားသော တောင်တန်းများ
ကျွန်မ ပြေးဝင်နိုင်ဖို့ အဆင်သင့် ဖွင့်ထားကြပါရဲ့
အချိန်မတန်သေးပါဘူးလေ ဟောဟို အရှေ့ယွန်းယွန်း ကမူဘေးနားမှာ
ကျွန်မရဲ့ မြစိမ်းရောင် ပဝါ နောက်ပြီး ကျွန်မရဲ့ လိပ်ပြာ

ဒေဝီ…
ပြတင်းပေါက်တစ်ပေါက်ကို ကျွန်မ ပိုင်ဆိုင်ရပြီလို့ မရေရာခင်
အဆုတ်တစ်ခြမ်းနဲ့ သစ်ပင်ထိပ် ကျွန်မ ခြေစုံရပ်ပြီး
သစ်သီးဝလံတွေကို မိုးပေါ် ပစ်တင်ဖို့
ဘယ်တော့များမှ တမလွန်ဘဝနဲ့ ဆုံတွေ့ရပါ့မလဲ။

မတမ်းတချင်ဘူး တမ်းတရင်
မိတကွဲ ဖတကွဲ ရှေးဟောင်း အုတ်ခွက်ထဲက ကိန္နရီတွေ ဒလိန်းထိုးနေပုံကဖြင့်
ကျောက်တုံးပေါ် ဘုရားကျောင်း ပွင့်စေတယ်နော်
မခို့တရို့ ရယ်မောပစ်ဖို့ ပျော်ရွှင်စွာ ကျွန်မ ဟစ်ငိုလိုက်ချိန်
သောင်ခုံတွေက ဆပ်သွားဖူး ဖြစ်လိုဖြစ်
ခရုခွံတွေက လည်တုံ ဖြစ်လိုဖြစ်
ကျွန်မ သတိလစ်မတတ် ကြည့်ငေးနေမိတယ်။
ကျွန်မ ရင်အုံထဲက ငှက်တွေ လန့်ဖြန့် ပျံထွက်သွားကြပါ
သဘာဝအတိုင်း လွတ်လွတ်လပ်လပ် လရောင် ရွာပါစေ
တွန့်လိမ် ခွေခေါက်နေတဲ့ တိမ်အော်သံကို ထုဆစ်မယ့်
မီးတောက်မီးလျှံတွေလည်း အရည်ပျော်ကျ
ဘယ်လိုမှ ချုပ်တည်းမရတော့လောက်အောင် ကျွန်မရဲ့ မနောဓာတ်လည်း ကခုန် ပျော့ပြောင်းသွားတော့မယ်။ ။

လုံမငြိမ်းချမ်း
သရဖူ အမှတ်စဉ် ၃၃ ၁၉၉၇

ဒီကဗျာကိုတော့ မဝေနော်က လုံမငြိမ်းချမ်း နာမည်နဲ့ပဲ ရေးခဲ့ပါတယ်။ သရဖူ ခေတ်ကလ ဆီတုန်းကပါ။ ခုနောက်ပိုင်းသတိထားမိသလောက်က ဝေနော် ဆိုတဲ့ နာမည်နဲ့ ကဗျာမရေးတော့ သလိုပါပဲ။ ဘာပဲဖြစ်ဖြစ် သူ့ကဗျာလေးတွေကတော့ ညွတ်ပြောင်းစွာ သန်မာနေဆဲ။



ပြည်

လဝန်းထဲ
ပွဲကြည့်လှေကလေး လှော်ခတ်ဝင်သွား
လမ်းရွေးမှားသူမြစ်
နှစ်ထပ်သဘောင်္မြိုကကလေးပေါ် နားခဲ့ပေါ့။ ။

မောင်ချောနွယ်

ဒီကဗျာဖတ်ပြီး ပြည်ကိုသွားတော့ သတိထားကြည့်မိတယ်။ ဟုတ်တယ်။ နှစ်ထပ်သဘောင်္နဲ့ တူတဲ့ မြို့ကလေးပဲ။ ပြည်မြို့ အဝင်ကို သတိထားကြည့်လိုက်ပါ။ ဒီကဗျာလေးကို သတိရမိပါလိမ့်မယ်။


သင်္ဂဟ ရှာသူများ
မြေ
မြက်
မိတ်ဖက်။
ငှက်
လေညင်း
မိတ်ရင်း။
လေညင်းကိုရှူရင်း
မြေခင်းပေါ်လမ်းလျှောက်
ပြီးတော့
မိတ်ဆွေပျောက်နေကြ၏။ ။

အိုဖုန်းသစ်
မြားနတ်မောင် ဇွန်၊၁၉၉၃

ကျွန်မတို့လည်း လေညင်းကိုရှုရင်း မြေခင်းပေါ်လမ်းလျှောက် မိတ်ဆွေတွေကျကျပျောက်နေခဲ့တာ ကြာပေါ့။

စင်အောက်ကလူ

……………
…………………..
ဘာမှလည်းမဟုတ်
တငုတ်တုတ်တုတ်နဲ့
ကျုပ်တို့မတော့ ညောင်းလှပြီ။ ။

ကိုကိုကြီး (ရုပ်မြင်)

တစ်ခါတစ်ခါတော့လည်း စင်ပေါ်က လူနဲ့ စင်အောက်ကလူ ပေးချင်တာနဲ့ ရလိုက်တာ မတူလိုက်ကြဘူး။


ဣႆာမစ ၦရိယ ည

ညသန်းခေါင်
ခွေးဟောင်လို့ ခေါင်းထောင်ကြည့်
လပြည့်ဝန်းငွေရောင်အိ
အခြား ဘာမှမရှိ ။ ။

မောင်သာပို

ခွေးဟောင်သံတွေနဲ့ ထိန်ထိန်သာနေတဲ့လပြည့်ညတွေအကြောင်း။


မောရမိုး
ငါက
အသက်လေးဆယ်မှာ
အိပ်မက်နဲ့ လက်ထပ်ချင်သူ။

အံကြိတ်ကာမာန်ဖီလိုက်
အကြိမ်ကြိမ် ရှူံးနိမ့်လိုက်နဲ့
သေချာအောင် လုပ်ခဲ့ပြီးမှ
အသေအချာလွဲသွားတဲ့ သေချာခြင်းတွေရယ်
ခုတော့လည်း
အသက်နဲ့ ပြောင်းပြန် အချိုးကျခဲ့။

ကိုယ်ကိုယ်ကို ဝန်ခံဖို့လည်း ရှက်မိရဲ့
ကြာလာတော့
ဒုက္ခတွေ
အညှိုးအတေးဖွဲ့ပစ်ချခံရ
ဆာတ့် ရဲ့ စွန့်ပစ်ခံကလေးကိုပဲ
သံယောဇဉ်ပိုလာတော့တယ်။


ဒါဟာ
အိပ်မက်ဆီခရီး
မျှော်ရင်းမောပေါ့
ဟောဒီ ရင်ဘတ်သေးသေးကလေးနဲ့
ညဆိုးတွေ လွှင့်ပစ်ခဲ့။
ရင်ခုန်သံ အကျိုးအပဲ့ကိုလည်း ဖြုတ်ပစ်ခဲ့။
နောက်ဆုံးတော့
ကိုယ့်ကိုယ်ကို လှပ စွာညာရင်း မြင့်မြတ်ခဲ့။

ဒီလိုနဲ့
ငါ့ကိုယ်ပိုင်တွင်းကလေးထဲ ခုန်ဆင်းခဲ့
တစ်စုံတစ်ရာ
မက်လောက်စရာများ တွေ့လေမလားလို့။ ။
မောရမိုး



ခမ်းခြောက်စိုးရိမ်
အဲဒီ
ဘောင်ဘင်ခတ်စိတ်ကူးတွေနဲ့ တယောထိုးခဲ့
ညအိပ်ရာဝင်တိုင်း မေးမိတယ်
မင်း ဂီတက ဘာလဲ လို့
နောက်ဆုံး
အမှောင်ရို့ရို့မှာ ပုံလဲ အိပ်လိုက်ရ
မနက်လင်းတော့
နှပ်ထားတဲ့ ကော်ဖီခွက်ထဲက နှင်းဆီပွင့်တွေ
သီချင်း လုပ်ဖို့ ပွတ်သပ်မိပြန်သေး
တကယ့်တကယ်
ကိုယ့်အရှိုက်ကို စိတ်နဲ့ ပြင်းပြင်းထိုးလိုက်မှ
ချုပ်ရိုးကြောင်းတွေကွဲအက်
သုည ဆိုတဲ့ မရှိကိန်း ဇာတ်လိုက်က ခုန်ထွက်လာတယ်။ ။
စိုးရိမ်

ကိုယ့်နာမည်ကိုယ် ကဗျာခေါင်းစဉ်ထဲ ထည့်ထားတဲ့ ကဗျာနှစ်ပုဒ် ။ နှစ်ပုဒ်လုံး သရဖူ မဂ္ဂဇင်းထဲကပါ။

နေဝင်တယော
ငါဟာ တယောတစ်လက် ဖြစ်ခဲ့တယ်
ဘိုးတံကို ခပ်ဝေးဝေးမှာ သွားချိတ်ထားလိုက်ပါ
ရှောင်မရတဲ့ညနေတွေက ငါ့ကို ရူးပြီး ရမ်းကားနေတဲ့ကြားထဲ
ပိုပြီး ပေါက်ကွဲစေမယ့် သံစဉ်တွေ ညှစ်မထုတ်နိုင်အောင်
ဘိုးတံကို
ဝေးဝေးမှာ သွားချိတ်ထားလိုက်ပါ။

ငါဟာ တယောတစ်လက် ဖြစ်ခဲ့တယ်
ဘိုးတံကို ဝေးဝေးမှာ သွားချိတ်ထားလိုက်ပါ
ခံစားချက်တွေက တကျွီကျွီ သံရှည်ဆွဲတတ်လွန်းလို့
ကိုယ့်ရင်ခုန်သံကိုတောင် ကိုယ်ပြန်စိတ်မရှည်နိုင်တဲ့ကြားထဲ
ပွတ်သီးပွတ်သပ်နဲ့ လာလာပြီးကလိတတ်တဲ့
ဘိုးတံကို
ဝေးဝေးသွားချိတ်ထားလိုက်ပါ။

ငါဟာ တယောတစ်လက်ဖြစ်ခဲ့တယ်
ဘိုးတံကို ဝေးဝေးမှာ သွားချိတ်ထားလိုက်ပါ
ကံဆိုးမဲပေါက်သလို ရခဲ့တဲ့ဘဝတစ်ခုရဲ့
အိပ်မက်တွေနဲ့ လုပ်ထားတဲ့ လရောင်စစ်စစ်ကို
လူမြင်မခံဝံ့ အသေအချာ သိမ်းထုတ်လို့ထားဆဲ
ငါ့ရင်ကို ဟက်ကနဲ ခွဲပြီး အထုတ်ဖြည်ပြမယ့်
ဘိုးတံကို
ဝေးဝေး ချိတ်ထားလိုက်စမ်းပါ။

ငါဟာ
တယော တစ်လက်ပါ
ပိုပြီးသေချာအောင် ပြောရရင်
လရောင်နဲ့ စိမ်ထားတဲ့ တယောတစ်လက်ပါ
တစ်ကိုယ်စာ ကျဉ်းကျပ်ခံရတဲ့ မဖူလုံနိုင်တဲ့ သံစဉ်တွေနဲ့ တယောတစ်လက်ပါ
အဝေးမျှော် ခံစားချက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဘာမှန်းမသိချင်တော့တဲ့ တယောတစ်လက်ပါ
စကားလုံးတွေနဲ့ အနှစ်သာရတွေ ပြောင်းပြန်အချိုးကျ လူလည်လုပ်ခြင်းကို သိသိကြီးခံနေရတဲ့
တယောတစ်လက်ပါ
ဝင်ဖို့ ပြင်ခဲ့တာ ကြာပြီဖြစ်တဲ့ နေလုံးကြီးကို ဖြတ်ကျော် ကွယ်ပျောက်သွားတဲ့
အိပ်တန်းပြန်ငှက်တစ်ကောင်လို တယောတစ်လက်ပါ

ဘိုးတံရေ
ငါဟာ
ရိုက်ချိုးဖို့သာကောင်းတော့တဲ့ တယောတစ်လက်ပါ။ ။
ကျော်ထူး

ဒီကဗျာကို တော်တော် စွဲလမ်းခဲ့ဖူးတယ်။ ခုထိပါပဲ။ ကိုယ်ကတော့ လရောင်နဲ့ အစိမ်မခံချင်တဲ့ တယောတစ်လက်ပဲ။ ဘိုးတံကိုတော့ ဝေးဝေးမှာပဲ ရှိနေစေချင်တယ်။


ငတ်မွတ်ခြင်း
ကျွန်တော် လူရွှင်တော် တစ်ယောက်ဖြစ်ချင်တယ်
ဟာသပဲ
ပြီးတော့လည်း
ဟုတ်တာလည်း မဟုတ်ဘူး။

ဘယ်မှာလဲ
ပင်လယ် ပန်းပွင့်နဲ့ မြေဆွေးတွေ
မျက်ရည်ပေါက် ကြီးငယ်တွေ
ဒေါသမာန်နဲ့ ချွေးစက်တွေ
တစ်ခါ ပျော်ရွှင်စွာ အချောသပ်မိသလိုလို
သုံးဆယ့်တစ်ခါ ပြိုကျ ကြေကွဲရမလိုလို
ဘဝဟာ တစ်ခါရရုံနဲ့ လူတိုင်းနဲ့ မတန်ပါဘူးတဲ့
မူးယစ် ထုံထိုင်းလို့
အနုပညာကို သိမ်ဖျင်းဖျင်း ဆွဲဆန့် ပြဖို့ သက်သက်
ခေါင်းနဲ့ကိုယ် ပြန်လည်ဆက်စပ်
လက်ပူးလက်ကြပ်မြင်လိုက်လား
အခုတော့
အကြီးအကျယ် စိတ်ခြောက်ခြားနေတဲ့ လက်ဘက်ရည်ဆိုင်တွေ
စိမ်းရွှေရွှေကုန်တိုက်ကြီးတွေ
မသေရုံတမယ် မော်တော်ကားတွေ
ဆိုပါတော့
သူခိုးလက်က သူဝှက်လုလာတဲ့ နေ့တစ်နေ့ရယ်လို့
ခိုအောင်းခဲ့ရင်
ချန်လှပ်ခဲ့ရင်
(ဒါမှမဟုတ်) တည့်တည့်တိုးခဲ့ရင်
ငါ့ကို သင် သတိရနိုင်စေသော်ဝ်။ ။
ဝင်းလွင်
သရဖူ အမှတ်စဉ် ၃၀ ၁၉၉၇


ကျွန်မ ဝင်းလွင်ရဲ့ ကဗျာတွေ တော်တော်များများကိုလည်း နှစ်သက်ခဲ့ဖူးပါတယ်။

ကဗျာ

မိုးတိမ်ရောင်စုံတွေကို
နားလည်သူမရှိပဲ
အရသာရှိခဲ့ရာက
စတဲ့ ကဗျာတွေပေါ့ ..။

ဒုက္ခတွေလို့
မမြင်ရအောင်
အလှတရားရဲ့
ညင်သာနေပုံမှာလေ

ဒီနေ့တော့
ချစ်သူများ
သူငယ်ချင်းများ
ရထားအသီးသီး လွဲသွားကြ။ ။
သုခမိန်လှိုင်

ကဗျာဆိုတာ ဒုက္ခတွေလို့ မမြင်ရအောင် အလှတရားရဲ့ ညင်သာနေပုံ တစ်ခုပါ ..တဲ့။ ဘယ်လောက် မှန်လိုက်သလဲ။ ဒီအလှတရားတွေကိုပဲ မက်မက်စက်စက်ဖြစ်ခဲ့လို့ ပက်ပက်စက်စက် ကြေကွဲနေခဲ့ကြရတယ်။

ဆောင်းများ
ပြတင်းပေါက်တွေထဲ
နှင်းတွေဝင်သွားကြ
ဘယ်တော့မှ ပြန်ထွက်မလာတော့။

ကျွန်တော်ဟာ
အရွက်နဲ့ အကိုင်းတို့ရဲ့
မမြဲခြင်းတရားမှာ
ကောင်းကင်ကို ကိုယ်စားပြုခုန်ချလာတဲ့
မိုးဖွဲဖွဲနေ့လေးတစ်နေ့မျှ

ရာသီအတိုင်း
နှင်းတွေနဲ့မှောင်နေတော့
ကောင်းကင်လည်း မမြင်ရ
ကျွန်တော့်ပြတင်းပေါက်မှာလည်း
ကျွန်တော့်ကို မမြင်ရ
ကျွန်တော် အမှားမပြောတတ်စ
အရွယ်လေးတည်းကပေါ့ ..။ ။
ဝင်းမြင့်

ကိုဝင်းမြင့်ရဲ့ ဆောင်းများ ကလည်း ကျွန်မ နှစ်သက်တဲ့ ကဗျာတစ်ပုဒ်ပါပဲ။

အသည်းကွဲပြီးနောက် သတင်းစကား
ခင်ဗျားတို့ဟာ
သကြားလုံးတစ်လုံးရဲ့
အချိုဆုံးစက္ကန့်ကို ဆွဲဆန့်ချင်သူတွေပဲ။

ဟိုတစ်နေ့က
သူမနဲ့တွေ့ပြန်တော့
အရောင်းစာရေးဆန်ဆန် မေးပါတယ်
ဘာကို အလိုရှိလဲ တဲ့
လေကောင်းလေသန့်လို့ ဆိုရင်
အံ့သြနေကြလိမ့်မယ်။

အလို..
ဘယ်လို ဂီတပါလိမ့်
မင်ရည်ကျဲသွားတဲ့ ဒိုင်ယာရီ ဆိုပါလား
သူတိုဟာ ကျွန်တော့ ကော်ဖီထဲက မလိုင်ပါ
ဂုဏ်ယူလိုက်စမ်းပါ ကိုယ့်လူရေ။

သြော် ..ဒါနဲ့
သင့်အိမ်နံရံပေါ်မှာ
ပြက္ခဒိန်တစ်ခု အသံဝင်နေတာ
ဘယ်လောက်ကြာပြီလဲ။ ။
လှသန်း
ဇန္နဝါရီ ရနံ့သစ် ၁၉၉၀


ပထမဆုံးကူးထားဖူးတဲ့ လှသန်းရဲ့ ကဗျာပါ။

ဘူတာရုံ

သံလမ်းပေါ်မှာ
ရထားအော်နေပြီ။

အမှတ်တရကိတ်မုန့်
ပေါပေါလောလောလိပ်စာ
မျက်နှာပေါ်ပေနေတဲ့ တံတွေးများ
ထုပ်ပိုးထားလိုက်တော့။

အားကောင်းမောင်းသန် တံတားကြီးတွေက
ကျွန်တော့်ကို သက်ပြင်းချလို့
ခင်ဗျားလည်း နောက်ကျောမှာ
ဥသြသံတန်းလန်းနဲ့
တောင်တန်းတွေပေါ် တွားတက်ခဲ့။ ။

မိုဃ်းဇော်


ကန္တာရသက်သက် ကောင်းကင်ဘုံ

နွမ်းချိယိုင်လှုပ်
ကုလားအုတ်တစ်ကောင်နဲ့ပ
ငါ.. လာခဲ့တယ်
အဲဒီ ကုလားအုတ်ဟာ ငါပါပဲ။

လူအငွေ့အသက်တွေနဲ့ စေးကပ်နေတဲ့
လူတွေရဲ့ ကန္တာရထဲ
ဝဲစားခွေး တစ်ကောင်လို
သွားရည်တမြားမြားယို၊ ခေါင်းငိုက်စိုက် ..သွား
ငါ ..လမ်းတွေမှားခဲ့ ..

ကနုတ်မွန်းချွန် အမြင့်အမားနဲ့
ရွှေရောင် နန်းတော်တွေကြား
ကျောက်ဖြူသား လေးထောင့်ကွက်စီရင်ပြင်
နီရဲစွတ်စို နှင်းဆီပျိုဥယျာဉ်
အမတ ရေစင် ကန်မင်္ဂလာ
ကြေးသွန်း မျက်နှာ ခန့်ညားနဲ့
တံခါးမ ဒိုင်းလွှား အဆောင်အယောင်တွေကြားမှာ
ခရာရှည် တံပိုး
မုရိုးမြောက် စည်သံတွေကြားမှာ
ငါ
ရေငတ် ခြောက်မွတ်
တတွတ်တွတ် တရကြမ်း ရှာဖွေရင်းသွားခဲ့
အပဏ္ဏက ဇာတ်ထဲက လှည်းသားငါးရာ
ဘီလူးစားခံရတာ
ဘာဆန်းသလဲကွယ် …

ဒီမှာတော့
ပိဋကတ်တိုက်သုံး စာအုပ်ကတ်တလောက်လို
ဆံခြည်မျှင်လေးတစ်စ
လျှိုဖြဲဟ မရအောင်
(လူတွေ) အခဲတမျှ စုပုံ ကန္တာရ
အပေါ် .. နေတစ်စင်း
အောက် .. နေတစ်စင်း
အပြင်းစား ယာဉ်စွန်းတန်းသစ် တစ်ခုပေါ်က ကန္တာရ
အဲဒီ
မဟာ ရန်ကုန် ကန္တာရထဲမှာ
ညတွေ
ကြိုးဆွဲချ သေပစ်လိုက်ကြရှာတာပေါ့။ ။

မင်းခိုက်စိုးစန်
(၁၉၉၃)
တိတ်ဆိတ်ခြင်း၏နာမတော်မှ


ပင်ဂွင်း

(၁)
ဥတ္တရဝင်ရိုးစွန်းနဲ့ လက်ထပ်ထားတဲ့
ရေခဲနတ်သမီးမွေးနေ့ပ
အေးရှမာစို
အက်စကီမိုတွေရဲ့ အလောင်းပေါ်တက်
(၇၅)ကြိမ်မြောက် ငှက်တွေတောင်မှ
ဂုဏ်ပြုသီချင်းဆိုကြပေါ့။
(၂)
ပြီးဆုံးသွားတဲ့အခါ
အိမ်ပြန်ဖို့ရာ ငှက်တွေလမ်းလျှောက်
ကိုယ့်တုတ်ကောက် ကိုယ်ယူလာရမယ့် ညီလာခံ
(ဟုတ်တယ်လေ)
အတောင်ပံတွေရပေမယ့်
သူတို့ ပျံမှ မပျံသန်းနိုင်ကြတာပဲ။ ။
၁၉၉၅

မင်းခိုက်စိုးစန်
ရာစုသစ်မြစ်ကျဉ်း (၃)

ကမ္ဘာ့ကဗျာနေ့အတွက် ကဗျာတွေတတ်နိုင်သလောက် ရိုက်တင်ပေးလိုက်ပါတယ်။ အတတ်နိုင်ဆုံး ရှားပါးမယ်ထင်တဲ့ ကဗျာတွေကို ရွေးပေးလိုက်ပါတယ်။ မြင်နေကျ မဟုတ် ၊ဟိုမှာဒီမှာ ပြန်မပါ၊ စာအုပ်စု မထုတ်ရသေးတဲ့ ကဗျာတွေကို ဆိုလိုတာပါ။ ငြိမ်းချမ်းပျော်ရွှင်ပါစေ။

ကျွန်မချစ်သောကဗျာများ

Thursday, March 19, 2009

မတ်လ ၂၁ ရက်နေ့ဟာ ကမ္ဘာ့ကဗျာနေ့တဲ့...ခါတိုင်းဆိုရင်တော့အမှုမဲ့အမှတ်
မဲ့ကျော်ဖြတ်သွားမိတာပဲ။ဒီနှစ်ကတော့ ကိုယ့်အသက်ကယ်ဆေးတွေလိုဖြစ်နေ
တဲ့ကဗျာတွေကို သူတစ်ပါးကိုလည်းဝေမျှချင်လာတယ်။အဲဒါနဲ့အချိန်ကုန်လူပမ်း
ခံပြီးကဗျာတွေကိုဖတ်လိုက်၊ရိုက်လိုက်လုပ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်၂၀ကျော်ကတည်းက ကျွန်မစုဆောင်းထားခဲ့တဲ့ကဗျာတွေလည်း
ဖြစ်ပါတယ်။ဝိုင်အနေနဲ့တွက်ကြည့်ရင်တော့နှစ်ချို့ဝိုင်တွေပေါ့..။ဒါပေမယ့်ခုထိ
သစ်လွင် နေဆဲပါ။ကျွန်မတို့ ဘာတွေများပြောင်းလဲခဲ့ကြလို့လဲ...။အဲဒါကိုက...
တရားသဘောတစ်ခုလေလား..


မေ…ကျွန်မ မသေဆုံးသေးပါဘူးနော်..

တစ်လောကလုံးမွှေးမတဲ့လား
အရောင်ခါးခါး နံနက်ခင်းရယ်
မျက်ခွံပေါ်ကကြယ်ကလေးတွေကိုပြောလိုက်ပါ။
အသေအချာနမ်းကြည့်ရင်တောင်
ရနံ့မရှိတဲ့ ကျောက်ဆောင်တွေ
ကဉ္စန နတ်သမီးခြေဆုံးခေါင်းဖျားလိမ်းဖို့
နံ့သာဖြူပင်ကိုခုတ်လှဲ သတဲ့
ကရမက်ပင်ကိုခုတ်လှဲသတဲ့..။
တစ်လောကလုံးမွှေးမတဲ့လား
ပျားရည်ဆမ်းကိုယ်ထင်ပြ
ကဉ္စန နတ်သမီးတို့ရယ်
ကျွန်မရဲ့ရင်ဝတည့်တည့်
အစုလိုက် အပြုံလိုက်စိုက်ဝင်နေတာ
မြားတွေမဟုတ်ပါဘူး
ဖြူဖြူစင်စင်ပန်းဖူးတွေပါကွယ့်
ဒါကြောင့်ပြောတာ
ရေသတ္တဝါတွေမှာလက်မရှိဘူး
တောင်ခိုးကူးခတ်မြစ်ဖျားရဲ့
ဒါကြောင့်ပြောတာ
အနက်ပွင့်ပန်းကိုင်းတွေမှာလက်မရှိဘူး
လေထဲနစ်ဝင်ဆူးတောင့်များတို့ရဲ့
ဒါကြောင့်ပြောတာ
ကန္တာရနဂါးပွက်တွေမှာလက်မရှိဘူး
ဆိပ်ဖလူးဝတ်မှုန်မြစိမ်းတံတို့ရဲ့
ဒါကြောင့်ကျွန်မပြောတာ
နှင်းပန်းကိုလေညင်းခတ်သလိုမျိုး
ပြိုးပြိုးပြောက်ပြောက်ကျွန်မရဲ့အသံ
ခေါင်းလောင်းသံတမျှမြည်နေဥိးမယ်
စံပယ်တွေတဖွေးဖွေးတောက်ပ
ကျွန်မအသံကိုကျွန်မကြားနိုင်ဖို့
ပန်းပွင့်တွေကိုမျက်လုံးတပ်ပေးရဦးမယ်
ကျွန်မရုပ်ရည်ကိုကျွန်မမြင်နိုင်ဖို့
ကျွန်မလက်မောင်းသွေးကိုဖောက်ပစ်ရဥိးမယ်
ကြယ်တစ်သင်းသင်းအုံလင်း
ကျွန်မက အာကာသမြစ်တစ်စင်းမဟုတ်ဘူး
`မေ.​’
(ကျွန်မ..မသေဆုံးသေးပါဘူးနော်)
ကျွန်မလေ
ကိုယ့်ကိုယ်ကိုမေ့နေသလို
ကျွန်မကိုယ်ကျွန်မမိတ်ဖွဲ့
အကြောင်းမဲ့မရှိုက်တတ်တဲ့ကျွန်မမျက်ရည်ဟာ
ပါးပြင်ပေါ်မကျပဲ
တစ်စက်ချင်းတစ်စက်ချင်း
ကျွန်မရဲ့နှလုံးသားထဲစီးကျသွားလေရဲ့……….။ ။
ဝေနော်

ဝေနော်ဆိုတာ လုံမငြိမ်းချမ်းဆိုတဲ့နာမည်နဲ့ဝတ္ထုတိုတွေအရေးကောင်းသူပါ။
သူက ကဗျာရေးရင် ဝေနော် နဲ့ရေးပြီး..ဝတ္ထုတိုရေးရင် လုံမငြိမ်းချမ်းဆိုတဲ့
နာမည်နဲ့ရေးပါတယ်။သူ့ကဗျာတွေကျွန်မမှာ သုံးလေးပုဒ်လောက်ရှိတယ်။
အကုန်လုံး ကဗျာရှည်တွေပါ။အားကောင်းလှပပြီးနူးညံ့စွာဆွဲဆောင်နိုင်တဲ့
ကဗျာတွေချည်းပဲပါ။ သမီးရေတံခွန်အောက်မှာထိုင်ချင်တယ် ဆိုတဲ့ရင်ခုန်
ပွင့်က သူ့ကဗျာလေးကိုကူးခဲ့တုန်းကဆို ၁၉၉၀ လောက်ပဲရှိပါသေးတယ်။
သိပ်လှသိပ်စွဲလန်းစရာကောင်းတဲ့ကဗျာပါ။ကျွန်မ တို့ဆုံတော့ မိုးမိုး(အင်း
လျား)ဝတ္ထုတိုဆုပေးပွဲမှာ ဆုံကြပါတယ်။တကယ့်ကိုပါးပါးလျလျလေးနဲ့
အနုပညာဆန်တဲ့အမလေးတစ်ယောက်ပါ။ခုတော့ သူ့စာတွေတွေ့ရတာ
နည်းသွားပြန်တယ်။၁၉၉၅..၉၆..၉၇..ဝန်းကျင်လိုသူ့စာတွေသိပ်မတွေ့ရ
တော့ကျွန်မလွမ်းနေမိပြန်ပါတယ်။အမျိုးသမီးကဗျာရေးသူတွေကရှားရတဲ့
ထဲ..သူတို့တွေကဗျာမရေးတော့ရင်ကျွန်မသတိတရနဲ့လွမ်းနေမိတတ်ပါတယ်။
နောက်သတိရနေမိတတ်တာက..မြတ်..ပါ။
သူ့ကိုတော့ကျွန်မ အပြင်မှာမဆုံဖူးပါဘူး။ကျွန်မကူးထားတဲ့ထဲက မြတ် ရဲ့
ကဗျာတစ်ပုဒ်ကိုကြည့်ပါဥိး..

အဝေးမှာမိုးတွေရွာပြီ

အဝေးမှာမိုးတွေရွာပြီ
ငါ့ရင်ထဲမယ်
ဝမ်းနည်းလွယ်တဲ့မိုးတိမ်တွေ
အုံ့ဆိုင်းလို့..။

မျက်စိနဲ့မြင်နိုင်သရွေ့
ဖျောက်ဖျက်ပစ်ဖို့ရာလွယ်လှပေမယ့်
စိတ်နဲ့ချောင်းကြည့်နိုင်သရွေ့တော့
အတိတ်ကိုတွေ့နိုင်ပေလိမ့်မယ်။

ငါ့ကိုယ်ငါမယုံကြည်ရတဲ့နောက်မှတော့
သူတို့ကိုရောဘယ်လိုယုံကြည်ရပ
သူတို့ဆိုတာ
အချစ်ရယ်
မိတ်ဆွေများရယ်
လောကဓံတရားရယ်လေ..။

အချစ်ဆိုတာ
တစ်ခါတစ်ခါတပ်မက်ဖွယ်ညွတ်ကွင်း
တစ်ခါတစ်ခါကျတော့
နှောက်ယှက်တဲ့ခြေကျဉ်းလို
ခေါင်းမာစွာငြင်းဆန်နေမိပေါ့..။

အိပ်မောကျလုနီးမှ
ဒါဏ်ရာတွေကိုနှိုးနှိုးပြီးမေးတယ်
ဘာအတွက်ပေးဆပ်ခဲ့ရတယ်ဆိုတာ…။

ရှာပြီးရင်းရှာခဲ့တယ်
ငါ့ကိုယ်ငါနှစ်မြုတ်နိုင်မယ့်ကျင်းသစ်တစ်ခုဆီ
တူးဖော်ပြီးရင်းတူးဖော်ခဲ့
မြို့ဟောင်းတစ်မြို့ကိုမဟုတ်
ရုပ်ကြွင်းတစ်ခုကိုမဟုတ်
မြေကြီးအနွမ်းတွေကိုငါမစားလို
လက်ယက်တွင်းရေချိုကိုသာ
ငါသောက်လိုရဲ့။

အဝေးမှာမိုးတွေရွာပြီ
ငါ့ရင်ထဲမယ်
ဝမ်းနည်းလွယ်တဲ့မိုးတိမ်တွေ
အုံ့ဆိုင်းလို့..။

ခေါင်းငိုက်စိုက်ချရင်း
အပြင်းအထန်တူးဆွနေခဲ့ပေါ့..
ဒီမယ်တော့
လက်ယက်တွင်းတစ်တွင်းစာ
မျက်ရည်တွေမိုးလိုရွာပြီ…။ ။
မြတ်



ရင်နာတတ်တဲ့သူ

မရေမရာအလွမ်းတွေနဲ့
လတ်တလောတွေကုန်ဆုံး.။
နှင်းကွဲမီးလုံးတွေကိုဖြတ်သန်းရင်း
အိပ်တန်းဝင်ရတဲ့ညတွေပဲတိုးလာ
ဘယ်မှာလဲ
အိပ်မက်လှလှလေး
ကိုယ့်ကိုယ်ကိုမက်လုံးပေးထားခဲ့တာလေ..။
တခြားမိန်းမများစွာအတိုင်း
ဟိုးအဝေးကြီးကနေ
အမေကမေတ္တာတွေပို့သ
ကျွန်မက အမေ့ရင်ငွေ့ကိုတမ်းတ
လမ်းစရှာ
ခြေရာတွေသာထပ်….။
ရင်ခုန်ခြင်းအလင်္ကာတွေတည်တံ့စေဖို့အတွက်
သောကနည်းနည်းစွက်
ရမ္မက်နည်းနည်းကြီး
ပြီးမှ..အားတင်းရင့်ကျက်ပစ်……..။
မှတ်တိုင်သုံးဆယ်နားနီးလာလေ
ကယောင်ခြောက်ချားနိုင်လာလေ…။ ။
ခက်မာ

အဲဒါကတော့ ကျွန်မဆီမှာရှိတဲ့ မခက်ကဗျာတစ်ပုဒ်ပါ။ဝတ္ထုတိုသမားလို့နာမည်ကြီးတဲ့
မခက်မာ..ရဲ့ကဗျာတစ်ပုဒ်ပါ။ နောက်ထပ်အမျိုးသမီးကဗျာရေးသူတစ်ယောက်ရှိပါသေး
တယ်။သူကတော့ ကဗျာတင်မက ဝတ္ထုတိုလည်းရေးသလို ပန်းချီလည်းဆွဲတဲ့သူတစ်
ယောက်ဖြစ်ပါတယ်။ မဖြူမွန်ပါ။ မဖြူမွန်ကိုစသိတော့ မန္တလေးမှာပါ။ ချစ်စရာကောင်းတဲ့
အနုပညာမိသားစုလေးပါ ။မဖြူမွန်အမျိုးသားက ပန်းချီဆရာ ကိုချမ်းအေး ဖြစ်ပါတယ်။

ည

(ပြတင်းများရဲ့အဝင်ဝထိ
လက်တံတစ်ခုဆန့်ထွက်သွားတဲ့အခါ)
(ကြားလိုက်စ..)
အဝိဇ္ဇာဓားတုံးတုံးနဲ့
နောက်ဖက်က
ထိုးစိုက်ချလိုက်သံ
ပြီး..
မနည်းညှစ်ထုတ်လိုက်တဲ့အချက်ပေးမြည်သံ..များ..။
ပန်းပွင့်အရောင်စကေးလောက်
တိုင်းတတ်ရုံသောချောင်းများ
စုဝေး
မျက်နှာချင်းဆိုင်ကြတဲ့အခါ
သူတို့ရဲ့ပါးစပ်ဖျားမှ
(ညှီစို့စို့)ပေါက်ပြဲအိပ်မက်များ
တီကောင်လို
မြစ်များ၊တောင်တန်းများ
အထွေးလိုက်ကျလာနေ..
ဒီလိုနဲ့..(သည်းခံမှုတိုင်းဟာနံရံများရဲ့
အက်ကြောင်းရာအတိုင်း
တိုးတိုးတိတ်တိတ်နှိုင်းဆရွေ့ခဲ့ပေါ့..)
ဒုက္ခမဲ့ဦးခွံတွင်းက
(ထိုင်လျက်)စပျစ်သီးချိုနေကြသောမြေခွေးများအတွက်
ခပ်ကြီးကြီးစာတန်းကပ်၊ တံတွေးမမြိုရ
လေထဲမကူးရ
လက်လွတ်စပယ်ကောင်းကင်ရဲ့
ရက်စက်ခြင်းအတွက်
(ဗလာလောက်ခွန်အားမကောင်းသေးပဲ)
ကိုယ်ရည်ကိုယ်သွေးနည်းတဲ့
ကြယ်တစ်ပွင့်နှစ်ပွင့်လောက်နဲ့
မဖောက်ခွဲနိုင်ပါဘူးကွယ်..။ ။
ဖြူမွန်


ကဗျာရေးတဲ့အမျိုးသမီးတွေနည်းတဲ့ထဲတချို့ကဗျာတွေကကျွန်မနဲ့ပါမလာခဲ့ဘူး။
နောက်များမှပဲ အမျိုးသမီးကဗျာဆရာမတွေကိုပြန်ရှာပြီးတင်ပါဦးမယ်။

ဒါကတော့ ကျွန်မခုတလောရွတ်ဖြစ်နေတဲ့ကဗျာလေးပါ။တေလေ တဲ့။မနေ့ကပို့စ်
တစ်ခုမှာလည်းထည့်လိုက်ပါသေးတယ်။


တေလေ

မိုးဖွဲဖွဲလေးရွာနေတယ်
ငါမငိုချင်တော့ဘူး
မျက်ရည်စက်လက်နဲ့စိတ်က
ကမ်းစပ်နံဘေးမှာနေ့ရွှေ့လိုက်ညရွှေ့လိုက်
လူက
ရေပြင်ပေါ်ပလုံလို့မြည်ပြီးနစ်သွားတဲ့ခဲတစ်လုံး
နှမြောတယ်
သင်းကွဲငှက်အော်သံများကြားလိုက်ရ
ဘာမှမသာယာဘူး
ကိုယ့်ကိုယ်ကိုလက်ဖျောက်တစ်ချက်တီးပြီးခေါ်ကြည့်လိုက်
ပလက်ဖောင်းပေါ်မှာဆုပ်လည်းစူးစားလည်းရူး
မျက်လုံးစိမ်းတွေကမိုးရွာတိုင်းပွင့်တတ်တဲ့ပန်းတွေလို
ငါ့ရှေ့ကရှုခင်းများ
ငါ့နောက်ကရှုခင်းများ
ငါ့ဘဝရဲ့အနာတရတွေကိုဖျော်သောက်နေတဲ့နေရောင်ခြည်များ
အရာအားလုံးကိုစိတ်ဆိုးလည်းခဏမဖြစ်ချင်တော့ဘူး
အမေ့ကိုသတိရတယ်
မျက်ရည်ကျလာတယ်
သေချာပေါက်
ဒီတစ်ခါမိုးမိရင်ဖျားပြီ..။ ။
မျိုးနေနွယ်



ငါ့ရုပ်ဝတ္ထုများ
ကားလမ်းကိုကန့်လန့်ဖြတ်ပြီး
လဲနေတဲ့သစ်ပင်ကြီးတစ်ပင်လို
မင်းဘဝရှေ့ငါ့ဘဝလဲခဲ့တယ်
ဘလက်ဘုတ်ကိုဒတ်စတာနဲ့ဖျက်သလို
ငါကနှင်းဆီပန်းကိုလက်သီးနဲ့ထိုးတယ်
မင်းကငါ့နားရွက်ကိုဆုတ်ဖြဲပစ်လိုက်တယ်
မီးပွားအပြည့်နဲ့ကောင်းကင်
ထပေါက်ကွဲတဲ့ကြယ်တစ်စင်းထက်
နေ့အပူချိန်ကပြင်း
ညအဝင်သေရည်ကပိုပြင်း
ငါ့ရင်ထဲကမီးဟာဆောင်းကိုသေအောင်သတ်ပစ်ပေါ့
အခမ်းအနားအပြီးမှာ
လက်ခုပ်အတီးဆုံးဟာငါဖြစ်မယ်
ရေထဲမိုးထဲဆိုတဲ့ဝေါဟာရ
မအေးမြမှန်းသိရှိရတဲ့နောက်
ငါ့နာမည်ခေါ်တဲ့ဓားတစ်ချောင်း
ရင်ဘတ်ထဲထိုးထည့်ပစ်တာကြာနေပြီ
မင်းတို့ရဲ့အရေးကြီးတဲ့ခေတ်
တစ်ခါတစ်ခါကျတော့
လူဟာ
ကစားစရာအရုပ်ဖြစ်နေပြန်ရဲ့…။ ။
ဝိုင်ချို


ဒါကတော့ သူများတွေပြောတာဆိုတာကိုခံပြီးခုထိဆိုးနေသေးတဲ့ ဝိုင်ချို ရဲ့
ကဗျာတစ်ပုဒ်ပါ..။ဘာပဲပြောပြောသေချာတာက ဝိုင်ချို ဆိုတာကဗျာရေး
ကောင်းတဲ့သူ...။
နောက်ထပ်ကဗျာ ၂ပုဒ်ကတော့ သရော်စာအရေးကောင်းတဲ့ဥိးမင်းသစ်ရဲ့
ကဗျာ ၂ပုဒ်ပါ။ ထုံးစံအတိုင်း သူလေသံက သရော်သံစွက်နေလေရဲ့....း)..


Pseudomodern ပြပွဲ


(၁)
အဟောင်းဈေးမှာ ဈေးပြိုင်ဝယ်ခဲ့တဲ့
နိုင်ငံခြားဖြစ်ကြယ်သီးပြုတ်အကျီ င်္တစ်ထည်
နှစ်ကိုးဆယ်က သီဝရီတစ်ခု
အိုးမဲသုတ်ပြီးဝင်လာတဲ့
မေထုန်မဲ့ကြက်တစ်ကောင်
တွန်လိုက်တဲ့အသံ
နားမခံသာဘူး
Cock – a – doodle – doo..
(၂)
ခိုးရာပါပစ္စည်းတစ်ထောင်
ရိုင်းပေါင်မုန့်မှိုတက်
အရောင်ပျက်ဝိုင်ပုလင်း
ခပ်တင်းတင်းဆုပ်ထားသူရေ
ဘုရားရှေ့မှာဆောင့်ကြောင့်ထိုင်
တံခွန်တိုင်လှမ်းဟောင်တဲ့
(ခွေးခြင်္သေ့ရေ..)
အေ(A)နဲ့လှည်းထောက်ခွမကွဲပြားကြသေးတဲ့လူတချို့က
မပီကလာပီကလာနဲ့
Once more once more…တဲ့..
သဖန်းပိုးတွေလက်ခုပ်တီးနေကြရဲ့……။ ။
မင်းသစ်


၄၅နှစ်သားလေး၏မွေးနေ့ရမ္မက်များ


Red Woodအပင်ကြီးတစ်ပင်
ဖြစ်ချင်တယ်
နှစ်ပေါင်းထောင်နဲ့ချီပြီး
လူတွေကို
စောင့်ကြည့်သွားချင်လို့။

Theo..လိုညီတစ်ယောက်
ရချင်တယ်
အိမ်ကထွက်ပြေးပြီး
The Haigမှာ
ပန်းချီသွားဆွဲချင်လို့..။

Aphrodite ဖြစ်ဖြစ်
Artemis ဖြစ်ဖြစ်
ရရာနတ်မ
ချစ်လို့ရရင်ပြီးရော
ယူချင်တယ်။

Olympusတောင်ထိပ်မှာ
တိမ်ညွှန့်တိမ်လိပ်တွေစားရင်း
Zeus နဲ့ရန်ဖြစ်ရင်
ဝတ္တုတိုလေးတွေ
ရေးချင်လို့..။

နေနဲ့လကိုတွန်းထုတ်
ပြက္ခဒိန်လုပ်တဲ့လက်
လိုချင်တယ်။

တစ်နေ့နေ့မှာတော့
အောက်ခြေမှတ်စုမပါတဲ့
ကဗျာတွေ
လူတချို့အတွက်
ရေးသွားချင်သေးလို့။ ။
မင်းသစ်


ဂျွန်ကပြောတယ် အားလုံးမြစ်ဆီသို့

စိတ်ကလေး
မလွမ်းအောင်နေလို့မရဘူး
လွမ်းလွမ်းနေ..သူ့ခမျာ
မပျော်အောင်လည်းနေလို့မရဘူး
ပျော်ပျော်နေ..။
ဟေး..ဂျွန်
အချစ်ကိုမနိုင်မနင်း
သယ်ဆောင်လာတဲ့
တမျှော်တခေါ်အနမ်းရဲ့
ဟိုးအတွင်းဖက်မှာ
အိမ်ဆီပြန်ခေါ်မယ့်လမ်းပါသကွဲ့
အဲဒီမြေ ငါနမ်းလိုက်ပါရစေတော့
လေယာဉ်ပျံကြီးနဲ့မှမဟုတ်ပါဘူး
ပျံလွှားငှက်လေးနဲ့လည်းလိုက်မယ်။
ဒီလောကီမှာ
ဒီပါးပြင်လေးကို
ဒီနှလုံးသားအရူးအမူးလေးက
ဘယ့်နှယ့်လုပ်သူစိမ်းပြင်ပြင်
သဘောမထားနိုင်ရှာတဲ့အတွက်
ဂျွန်ရေ..
စိတ်ကိုဖမ်းကြပေတော့..။
အနမ်းဆိုတာခိုးယူလို့မရနိုင်ဘူးလား
သူကသိပ်လှတယ်
မျက်လုံးတွေ
အကြည့်တွေမသိအောင်တစ်မျိုး
သိအောင်တစ်မျိုး..လှသူပေါ့..။
အနယ်အမှုန်ထနေတဲ့ညအပြာက
ကြယ်သားနုနုထွတ်ထွတ်တွေကိုမှစွဲမက်သတဲ့။
သက်တံတွေ ကြယ်တွေ
ပန်းပွင့်တွေ သဘာဝလောကကြီးရဲ့
ကိုယ်နေခါးကျတွေ ဘယ်လိုပဲလှလှနေပေမယ့်
သူကလေးမှအိနြေ္ဒရတာပါ..သူ့မှာ
စကားလုံးတွေလည်းလှပတယ်..ပြီးတော့
တသွင်သွင်စီးလို့..။
ဂျွန်ကိုပြောလိုက်ပါ
ငါတို့မြစ်ဆီသွားဖို့မလိုတော့ဘူး……..။ ။
မောင်သိန်းဇော်
သြဂုတ်-၉၅ တေးကဗျာ

ကိုသိန်းဇော်ရဲ့ကဗျာတွေက ချိုပြေမှုအပြင် ခံစားမှုအားရော နိမိတ်ပုံတွေရောသိပ်အား
ကောင်းပါတယ်။သူကဗျာရေးနည်းသွားတာကိုတော့ စိတ်မကောင်းဖြစ်နေမိတယ်။


ချစ်သူ

တို့အိမ်ခေါင်မိုးတွေပေါ်
ဆေးရောင်စုံတောင်တန်းများ
လှည့်စားနေတဲ့ညနေ…။

ရေလို့ငါမှားခဲ့တဲမီး
သင်္ကေတတွေနဲ့ကမ္ဘာ
အရာရာစိတ်လျှော့ဖိြု့ပုပြင်ရ..။

သိခဲ့ပါပြီလေ
ရက်စက်ခြင်းမှာခေါင်းထိုးယူတဲ့
ငါ့ဘောလုံးဟာစွန့်စားခြင်းမကြီးမား
ငါ့မနေနိုင်မှုတစ်ခုသာ…။ ။
သုခမိန်လှိုင်


ရုပ်ရှင်


စိတ်မနိုင်သူတစ်ဦးရဲ့
ကြည့်ရတဲ့ရုပ်ရှင်ဟာ
ချောက်ချားဖွယ်အတိ။

ဒါဏ်ရာတွေဟာ
တောက်ပဝတ်စုံ
ထည်လဲဆင်လို့
အားလုံးဇာတ်လိုက်
စိတ်အိုက်တဲ့အခါ
ရုံအပြင်ပြန်ထွက်လို့လည်းမရတော့..။ ။
သုခမိန်လှိုင်

ဦးလှိုင်ရဲ့ကဗျာ ၂ပုဒ်ပါ...ရုံထဲကပြန်ထွက်လို့မရသူတွေအတွက် ဆေးတစ်ခွက်
ဖြစ်ကောင်းပါရဲ..။နောက်တစ်ပုဒ်ကတော့ ကိုနေမျိုး ရဲ့သဘောင်္ပါ..လက်ဘက်
ရည်ဆိုင်ထိုင်တိုင်းစိတ်ထဲကနေတိုးတိုးတိတ်တိတ်သတိရနေမိတတ်တဲ့ကဗျာ
လေးပေါ့..။

သေဘာၤ

လက္ဘက္ရည္ဆိုင္ထဲမွာ
ပင္လယ္ကူးသေဘာၤၾကီးမ်ား
ကျောက်ချရပ်နားပြီ..။
ပေါလော
မလိုင်အတုတွေဖန်ခွက်ထဲမျောလို့
တအိအိ
မုန်တိုင်းမိလာသလိုမျိုး..။
ဝေးလံသောအရပ်မှ
ညများစွာခုတ်မောင်း
နက္ခတ်မှန်ပြောင်းတွေသာမရှိခဲ့ရင်ဖြင့်
အိပ်မက်ဟောင်းကြီးထဲမှာ
ရာစုနှစ်တစ်ခုလုံးပိတ်မိနေခဲ့ကြမှာပဲ..
ရိက္ခာကနည်းနည်းရယ်..။
ဟန်ဆောင်မှုကောင်းကောင်းနဲ့
သူ့ကိုယ်သူဖောင်းကား
စားပွဲတင်ပေါင်မုန့်က
မရှုမလှလှဲလျောင်းလို့
တဝီဝီ
ယင်ကောင်တွေကလည်း
အပ်ကြောင်းထပ်အသံတွေမြည်လို့
စားပွဲပေါ်မှာတော့
ဖောက်လက်စ စကားလုံးစည်သွပ်ဗူးတွေသာ
ပြန့်ကျဲလို့..။
နပိုလီယံတဲ့ ကိုလံဘတ်စတဲ့
မဒမ်ဗိုဗာရီ တဲ့ စပီးလ်ဘတ်တဲ့
ဆာ့တ်တဲ့…မော်ဒန်တဲ့
(၂၀ရာစုနောက်ပိုင်းမှာ)
အားလုံးမှိုစော်နံ့နေပေါ့..။
ဝေါ့ကနဲပျို့တက်လာခဲ့
ပြီးတော့ခပ်မြန်မြန်မျိုချလိုက်ရ
ဒီနည်းနဲ့ပဲ အသက်ရှင်နေထိုင်ခဲ့ရ
(နှစ်ဘဝစာ)နောက်တစ်ခါဆို
ဝေလငါးကြီးတစ်ကောင်ရဖို့
ငါးမျှားချိတ်မှာ
မက်ဒေါနားကိုအစာတပ်ထားမယ်..။
ရေဘဝဲတစ်ကောင်
ဟိုထောင့်မှောင်ရိပ်ထဲက
(ပြုံးပြီး..)လက်နှစ်ချောင်းထောင်ပြရဲ့
ဒီလိုဖြစ်ခဲ့ဖူး
ဟောဒီ ကုလားထိုင်ပေါ်မှာ
မျှော်လင့်ချက်မုန်တိုင်းမိစဉ်
မိုးကောင်းကင်ပေါ်
ကိုယ့်အမည်ကို
အကြိမ်ကြိမ်ဟစ်ပြီးအော်ခေါ်ရဲ့…..။
ဒီလိုနဲ့
လှိုင်းလေငြိမ်သက်တဲ့နေ့တစ်နေ့
ကမ်းခြေမြို့ကလေးရဲ့
လက်ဘက်ရည်ဆိုင်မှာ
သံချေးတွေခွာရင်း
(ရေချိုတွေဖြည့်တင်းရင်း)
ကမၻာပတ္မယ့္သေဘာၤ
ခု….
ဒီကောင်မောနေပေါ့…။ ။
နေမျိုး

ဒီကဗျာကိုကျွန်မကူးခဲ့တဲ့နေ့က ၃၁ရက် သြဂုတ် ၁၉၉၀ ပါ။၁၉၉၀ စက်တင်ဘာ
တေးကဗျာထဲကဖြစ်ပါတယ်။ခုဆိုရင် ၁၉နှစ်လောက်ရှိတော့မယ်။ ခုထိ မဟောင်း
သေးဘူး။



ငါ့အားရစ်ပတ်လာသော ရေဘဝဲတစ်ကောင်၏
လက်တံများကိုဖြတ်တောက်ရန်ကြိုးပမ်းခြင်း

အာဒမ့် နံရိုးတစ်ပိုင်းတစ်စရဲ့
ကိုယ်ပွားတစ္တေများ
ငါ့အားခြောက်လှန့်နေ..

လှပသော တင့်တယ်သော
ဝင်းဝါသော ပြိုးပျက်သော
ကိုယ်ဖြင့်
ကိုယ်ထင်ပြလျက်
ဗီးနပ်စ နတ်သမီးများ
ခြောက်လှန့်ရယ်မောနေ
ဟိုမှာ..ဒီမှာ..
နေရာအနှံ့..။

ကွေးညွတ်နေသောသက်တံ
ခရမ်း၊မဲ၊ပြာ၊စိမ်း၊ဝါ၊လိမ်၊နီ
အရောင်ခုနှစ်မျိုးဖြင့်လှပ၏
လှပသော ဗီးနပ်စတစ်ပါး
သက်တံပေါ်က
လာလေ …လို့လက်ကမ်း
ငါခေါင်းရမ်းခဲ့
သွားစမ်းပါဗျာ…လို့
ခပ်ရမ်းရမ်းလည်းငါအော်ခဲ့..
ငါ့ဘဝပေတံမှာ
အချစ်အတွက်နေရာ
လက်မအစိပ်အပိုင်းမျှသာ……။

တေးဆိုသောပန်းများ
လန်းဆန်း၏
လှပ၏
မွှေးပျံ့၏
သို့သော်..မနမ်းအားသေး..
ချောင်းကမ်းစပ်၌
ငါ..ဒေါင်းဖမ်းရဦးမည်…။ ။
ကျော်စွာထက်

ဒါက ဆရာကျော်စွာထက်ရဲ့ရှားပါးကဗျာပါ။ မန္တလေးဆေးတက္ကသိုလ်ငွေရတုမဂ္ဂဇင်း
ထဲမှာပါတယ်လို့မှတ်မိနေတယ်။နောက်တစ်ခုက သူတို့ဆေးကျောင်းကစုထုတ်တဲ့
ကဗျာစာအုပ်လေးတစ်အုပ်..အဲထဲမှာလည်းတွေ့တယ်။အဲဒီတုန်းက ကျွန်မအမက
သူတို့နဲ့တစ်ကျောင်းတည်း..။မော်ဒန်ဝတ္ထုတိုတွေနဲ့နာမည်ကြီးခဲ့တဲ့ ကျော်စွာထက်က
ကာလတစ်ခုလောက်ပျောက်သွားပြီး ပြန်ပေါ်လာတော့ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုတွေကို
ရေးခဲ့ပါတယ်။ခုတော့လည်း စာတွေကိုမတွေ့ရတော့ပြန်ဘူး။အိုင်ဒီယာအတွက်စာမူ
တောင်းတာလည်းကျွန်မသာခရီးထွက်လာရောမရခဲ့ဘူး။ကျော်စွာထက်..ဝတ္ထုတိုများ
၁..၂...၃..ဟာတကယ့်ကိုကောင်းတဲ့ စာအုပ်စင်မှာရှိသင့်တဲ့စာအုပ်တွေဖြစ်ပါတယ်.။



မြတ်နိုးစိမ်း
အဝေးကြီးမှာဝေးတဲ့မျက်နှာ
ပိုမြင်လာတယ် ပိုကြင်နာတယ်
တစ်နေရာမှာ
စာနာမှုက တစ်စစီလွင့်
လေနှင့်အတူ သယ်ယူဆောင်ကျဉ်း
မေ့ခြင်းအနား မသွားလည်းရောက်
လျှောက်ခဲ့ဖူးတယ်။
ဇော်ဇင်

(ဒါ မြတ်နိုးစိမ်း ထဲကတစ်ပိုဒ်ပါ..တစ်ပုဒ်လုံးမှာမှ အဲဒီအပိုဒ်ပဲကြိုက်လို့တစ်ပိုဒ်ပဲကူး
ထားခဲ့မိတာ..ခွင့်လွှတ်ပါ ဦးဇော်ဇင်.။ကျွန်မတို့ငယ်ငယ်တည်းကသူ့ရဲ့အသည်းကွဲ
ရေဒီယိုတွေကိုစောင့်ဖတ်ခဲ့ဖူးတယ်…။သူနဲ့ဆုံတော့ ကျွန်မ ကစာရေးဆရာမဖြစ်နေ
ပြီ..။သူကစာမူလာတောင်းတဲ့သူ.။ကျွန်မကိုအသိအမှတ်ပြုပြီးစာမူလာတောင်းတာကို
ဂုဏ်ယူစရာကောင်းလိုက်တာလို့တွေးနေတုန်းသူငယ်ချင်းစာရေးသူတစ်ယောက်က
(သူလည်းနာမည်ကြီးပါပဲ)လှမ်းပြောတယ်..။
ဇော်ဇင် ဆိုတဲ့ကောင်လေးတစ်ယောက်ဖုန်းဆက်ပြီးစာမူတောင်းတယ်..အသစ်
လားမသိပါဘူး..တဲ့..။)


နိုဝင်ဘာ
ငါ့ရဲ့ရွှေအိပ်မက်တွေကို
ခြေကျင်းတွေလိုခွဲစိပ်ဝတ်ဆင်ထားတဲ့မိန်းမ..။
မြူခိုးနီညိုတွေကြားမှာ
စပယ် ကပိုကရိုနဲ့လှလို့…။

ငါ…တစ်ပွင့်ပြီးတစ်ပွင့်ပြိုလဲ
နှင်းအဆက်ဆက်တိုင်ကြေကွဲခဲ့ရပေါ့…..။
တာရာမင်းဝေ

၁၉၉၅ စက်တင်ဘာ ဟန်သစ်

၁၉၉၅ ဆိုတာ ကိုတာရာမင်းဝေ စာပေနယ်ထဲရောက်တဲ့နှစ်ပါ။အဲဒီနှစ်မှသူကပြန်ရောက်
တာကိုး..ဒါ ဟန်သစ်ထဲက ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။




သံစုံကြူးတဲ့ည

ညက
တိတ်ဆိတ်လို့.
ခုန်နေတဲ့ကြယ်သံတချွင်ချွင်လည်းမရှိ
အတွေးကို
စကားအကျယ်ကြီးပြောမယ့်
လမင်းလည်းမရှိ
လေပြည်လည်းလက်ပြတ်ကျ
သစ်ရွက်တွေညပ်ခဲနေတဲ့ညပေါ့..
အဲဒီညမှာ
ကတိစကားနဲ့အမှား
ဦးသူစားတမ်းဖြစ်ခဲ့တယ်။
ပန်းပွင့်တွေက
ကိုယ်ပွင့်တဲ့ပန်းကိုကိုယ်ပြန်ပန်ထားတဲ့ည
ကိုယ်ချင်းစာတရားနဲ့ရင်ခုန်သံ
အပြန်အလှန်မျိုနေကြတဲ့ည
သန်းခေါင်ယံလရောင်ရဲ့ရည်ရွယ်ချက်က
တဖြည်းဖြည်းမင်းဘက်ကိုပါသွားတဲ့ည
အဲဒီညမှာ
စကားလုံးတွေ
ရင်ပတ်ပေါ်ဝုန်းကနဲဝုန်းကနဲ
ခုန်တက်လာကြပြီးမှ
ဘာမှမပြောပဲ
သစ္စာရှိရှိအသေခံသွားခဲ့တယ်။
မျက်ရည်တွေဖောက်ချပြီးစမျက်လုံးထဲ
နောင်တငါးတစ်ကောင်တစ်ဖျပ်ဖျပ်ခုန်နေတဲ့ည
အမှောင်နုထံစွန့်ခဲ့တဲ့အနမ်းဦးတို့
ပျော်ပါးမြူးတူးတဲ့ည
ခံစားမှုမှာ ဥိးနှောက်တစ်ခြမ်းတိတိ
ညွတ်ကွင်းမိတဲ့ည
အဲဒီညမှာ
ငယ်ဖော်..ငယ်ပေါင်း…ကျောင်းနေဖက်..
သူငယ်ချင်း…အခင်ဆုံး..အချစ်ဦး..အချစ်ဆုံး..
အဲဒီစကားလုံးတွေ
တစ်ကောင်နဲ့တစ်ကောင်
အသေကိုက်ကြပြီး..
မောသွားတော့
အမှောင်ထဲ အိပ်မောကျနေခဲ့တယ်။ ။
နီကိုရဲ

(ကဗျာအဆုံးမှာ ကလောင်မှားတပ်ထားတယ်လို့မထင်ပါနဲ့..ဒါ နီကိုရဲ ရဲ့လက်ရာ
ကဗျာကောင်းတစ်ပုဒ်ပါ..ဒါကိုပြန်ဖတ်ရင်းဘာကိုတွေးမိလဲဆိုတော့..လူတစ်
ယောက်ဟာအကြောင်းမဲ့တော့ မအောင်မြင်ပါဘူး..သူနင်းတက်လာခဲ့တဲ့လှေခါး
ထစ်တွေက သိပ်ပြီးခိုင်မာတယ် ဆိုတာလေးပါပဲ..၁၉၉၅နိုဝင်ဘာ တေးကဗျာထဲကပါ..)



ပြက္ခဒိန်
ရာဇဝင်တောအုပ်ထဲမှာ
အမှန်တရားနဲ့စီးချင်းထိုးဖို့
ချိန်းဆိုထားသတဲ့..။
အမှန်တရားဆိုတာ
ချိန်းထားတဲ့အချိန်ထက်
အမြဲနောက်ကျလေ့ရှိတဲ့
သူရဲကောင်းဖြစ်တယ်။
စစ်ပွဲ၊ငြိမ်းချမ်းရေး
ဘောဂဗေဒနဲ့ယဉ်ကျေးမှု
အဲဒီရောင်စုံဖိုင်တွဲတွေကြားနစ်မြုပ်နေရာက
လူဟာ
အလန့်တကြား ထထ ရပ်
အချိန်မကြာခဏကြည့်တတ်လာတယ်။ ။
မြမြင့်မိုရ်

ဆရာမြရဲ့နာမည်ကျော်ကဗျာပေါ့..။



ဒီဇင်ဘာ၂၅ရက်၊ညနေ ၅ နာရီ

အုံ့ဆိုင်းတဲ့တနင်္ဂနွေညနေခင်း
တစ်ခုမှာပေါ့
ကိုယ့်ဘဝထဲသူဖြတ်သန်းသွားပုံကြီး
ကြေကွဲရ..။
သစ္စာတရားကိုဖက်တွယ်လိုတဲ့
ငနဲတစ်ယောက်ရဲ့ကျဆုံးခန်းပေါ့.
လိမ်ညာဖို့စကားလုံးတွေ
အများကြီးရွတ်ဆိုတတ်ပေမယ့်
အကောင်းဆုံးကိုမရွေးချယ်တတ်တဲ့
ကိုယ့်အပြစ်ပါ..။
ဆက်ထိုင်နေရကောင်းမလား
စဉ်းစားရင်းထရပ်မိ
ထွက်သွားရကောင်းမလား
စဉ်းစားရင်းပြန်ထိုင်..။
အော်..မစိမ်းမြ၊မစိမ်းမြ
အချောမသပ်ရသေးတဲ့
ဒုက္ခကြမ်းရှရှကြီးကိုမှ
ကိုယ့်ရင်ခွင်ထဲပစ်ထားရက်လေခြင်းနော်..
ခံစားပြနေတာမဟုတ်ဘူးကွဲ့
ထင်ရာကိုမစိုင်းရဲလို့
ဒိအတိုင်းပဲဆက်ထိုင်နေရတယ်။ ။
ပိုင်စိုးဝေ



ဆပ်ကပ်
အဖေကဆပ်ကပ်သမား
အမေကဂျွမ်းဘားမယ်
ကြိုးတန်းတွေဟာအဖေနဲ့အမေတို့ဘဝမှာ
ကတ္တရာလမ်းမတွေဖြစ်ခဲ့ပေါ့..။
ကျွန်တော်လည်းဘာထူးလို့လဲ..ဒီပုတ်ထဲကဒိပဲ
မျက်လုံးစုံမှိတ် အဝတ်နက်ပိတ်လို့
ပေါက်ဓားတစ်လက်နဲ့ဘဝကိုဖျော်စပ်ခဲ့ရသူပါ
ကျွန်တော်တို့ရဲ့ အရိုး အကြော အသိတရားတွေ
မြွေသေကိုကွေးညွတ်ပြနိုင်တိုင်း
သုညတွေလိုဖြစ်အောင်ဝိုင်းဝိုင်းလေးရေးပြတိုင်း
ပရိသတ်ကြီးကရင်သပ်ရှုမော
တသောသောလက်ခုပ်သံတွေ မိုးနံရံဟူးဟူးထန်ပေါ့
အဖေနဲ့အမေလည်းဘဝတစ်လျှောက်လုံး
ဟောဒိသုညတွေနဲ့ပဲလုပ်စားခဲ့ကြတာ
အခုလည်းသုညဆိုတာနဲ့မကင်းနိုင်သေးသပ
အဲသလို သုညရဲ့ညနေတွေက ကျွန်တော့်ဆီအမွေခံဖို့
အကြောလျှော့ရင်းမလွဲမသွေ
တစ်နေ့နေ့ရောက်လာခဲ့မှာပါ..။
အင်း..သုညဆိုတာလူ့ဘဝရဲ့အစဖြစ်ပြီး
ကျွန်တော်တို့ရဲ့ဘဝအဆုံးလည်းဖြစ်မယ်ဆိုတာ..
ကြိုမသိပေမယ့်ကြိုသိနေခဲ့တယ်။ ။
နရီ


ဒီနရီက နရီ(မြိတ်)ပဲလားမသိဘူး။ကျွန်မတို့လည်းသုညနဲ့စတဲ့ဆပ်ကပ်သမားတွေ
ဆိုတော့ ဒီကဗျာကိုကြိုက်တာမဆန်းပါဘူး။အချင်းချင်းတွေလေ့ကျင့်တဲ့ပေါက်ဓါး
တွေကျောလာစိုက်မှာလည်းကြောက်နေကြရသူတွေပါ။


တံငါ
လောကရဲ့အကြွယ်ဝဆုံးခေါင်းစဉ်ဟာ
အချစ် လို့သိပါရဲ့
အကြောင်းတရားကြောင့်ငိုကြွေးရတဲ့အကျိုးတရားမှာတော့
ကိုယ်ပိုင်ခန်းနားဖူးတယ်။
တိမ်တွေရေ
ခင်ဗျားတို့ကိုမချစ်တတ်ပါဘူး
တစ်ကမ္ဘာလုံးခုန်အုပ်ခံရသလိုလွမ်းရတဲ့သုခနဲ့
မျက်ရည်လှလှလေးပေါ်ထိုင်ဖူးပါစ…
ရနံ့ပင်လယ်ဆိုတာ အနမ်းကိုခေါ်တာမဟုတ်လား
နောက်တစ်နေ့တိုင်နှုတ်ခမ်းများပြုံးဆဲ
နှစ်တစ်ရာခံမယ့်ဆေးလေ
ချိုမြရဲ့..။
ကျွန်တော်တော့
ဘဝဆူဖြိုးစအရွယ်ကဖမ်းခဲ့ဖူးတဲ့
ငါးကလေးကို
မမေ့ဘူး။ ။
ခိုင်မြဲကျော်စွာ




ဒီနှစ်ကဗျာ
တစ်ဆောင်းတွင်းလုံး
ပိတ်ထားတဲ့ပြူတင်းတံခါးကို
ဒီနေ့ဖွင့်လိုက်တယ်
ဒီစိတ်ကလေးပေါ် ငှက်ကလေးနားလိုနားပါစေ
ဒီစိတ်ကလေးပေါ် တိမ်တွေဖြတ်ပျံလိုပျံပါစေ
ဒိကောင်းမှုမှာ
မေမေ..ကျန်းမာပါစေ။ ။
မင်းဒီ



အဝါရောင် ၉၄
ဖုန်းခေါ်တယ်
၀၉-၅၀၀….စိတ်ပိတ်ထားတယ်
နစ်နေတဲ့နှစ်တွေမှာ
ငါ..အတုတွေ..အစစ်တွေနဲ့ဇာတာစစ်တယ်
အကုသိုလ်ကိုဆွတ်တယ်
ငါမှန်တယ်
လက်ထဲမှာကမ္ဘာအကြောင်းငါမရေးတော့ဘူး..။
လွယ်ချင်ရင်ဝယ်ကြလိမ့်မယယ်
နားလည်နိုင်ပါလိမ့်မယ်
အခု..ငါ့မှာ..သတိရခြင်းကိုကွယ်ပြီး..အရောင်တွေကိုသင်တယ်
လူဆိုတာ
ခေါင်းချရမယ့်နေရာမှာပဲသေတယ်
တစ်နေ့မှာ
ပြန်ဆပ်ရင်းတက်လာနေတဲ့စိတ်မချခြင်းက
ခေါင်းတညိတ်ညိတ်ကိုယ်တလှုပ်လှုပ်အလုပ်တွေနဲ့
ထစ် အနေတဲ့မျိုးစေ့တွေကိုရွှေချချင်ချမယ်
လူသားနဲ့လူ့စိတ်အကြောင်းမှာ
လူရာမဝင်ချင်တော့ဘူး။ ။
ဟိန်းမြတ်ဇော်



ကဗျာရေးသူများ
ဘုရားဖြစ်မယ့်သူဟာ
ဘုရားဖြစ်မှာပဲ
ဒီကမ္ဘာမှသည်နောက်ကမ္ဘာတစ်သိန်းအထိ
ကျွန်တော်တို့ဘဝရည်ရွယ်ချက်တွေက
ကြက်ပျံမကျ..
တစ်လမ်းဝင်တစ်ခန်းထွက်
ခွက်အလွတ်တစ်ခုလိုလေဟာနယ်နေ့တွေ
ရုပ်ရှင်ရုံထက်အပြောင်းအလဲများပြား
တစ်ဇာတ်တည်းသမား
ငါတို့ကဗျာရေးရတာ
အလင်းရောင်ကိုပထမဆုံးတွေ့ရှိပြီး
မီး..လို့နောက်ဆုံးသိလိုက်တဲ့ပိုးဖလံလား….
နေရောင်ခြည်ကိုရလိုက်မရလိုက်
ပျော်ရွှင်မှုက
စကားလေးတစ်ခွန်းစွန်းထင်းရုံနဲ့
ပြန်မဝတ်ဖြစ်တဲ့အဝတ်အစား
ကျွန်တော်တို့အဖြစ်က
ဝက်အူရစ်လို
ဒုက္ခတွင်းထဲတစ်ရစ်ချင်းဇာတ်မြုပ်ပစ်တော့မယ့်အသေ
အမှိုက်ထဲကျင်ယူရရှိတဲ့ရွှေ..
သဲထဲသွန်တဲ့ရေ….။ ။
ဝင်းမြင့်

(ဖတ်ပြီးတိုင်း..မောလိုက်တာကိုဝင်းမြင့်ရေလို့အော်ချင်စိတ်ပေါက်တယ်။တကယ်ပါပဲ
သဲထဲသွန်တဲ့ရေ တွေများများလာရင်တော့ ကျွန်မတို့ မီးကိုတိုးခဲ့ရကျိုးနပ်တော့မှာမ
ဟုတ်ပါဘူး…၊)



ကျွန်တော်နှင့်မတည့်သောအာဟာရများ
ရုပ်သက်သက်ပြခန်းထဲ
စိတ်တွေလွှတ်ချခဲ့တယ်။
နေရတာကျဉ်းတယ်
အကြည့်တွေပြန်မလာဘူး
စကားတွေပြန်မလာဘူး
နေ့တိုင်းဒီလိုပဲ
မတည့်တာတွေသာရခဲ့
ငါ့ကိုတစ်ခုပြန်ပေးပါ
ရေကန်ထဲငုံ့ကြည့်တော့
ငါးစာတွေပဲရှိတယ်
ငါးမရှိဘူး။ ။
ထက်သစ်


မတည့်တဲ့ဓါတ်တွေပြန်ရတိုင်း..သတိရနေမိတတ်တဲ့ကဗျာတစ်ပုဒ်ပါ။။။
နောက်ဆုံးတစ်ပုဒ်ကတော့ ကျွန်မနှစ်သက်တဲ့ကဗျာဆရာတွေထဲကတစ်ယောက်
ဖြစ်တဲ့ကိုနိုင်မွန်အောင်သွင်ရဲ့ကဗျာပါပဲ။သူ့ကဗျာတွေက နက်ပေါ်မှာရှိနေတတ်
တော့မရှိလောက်မှာကိုရွေးပြီးတင်လိုက်ပါတယ်။ရှိနေရင်တော့...နှစ်ခါဖတ်ပေါ့နော်။


ဂစ်တာကိုနောက်ပြန်တီး
အသက်ရှူသံကိုစည်းချက်ထပ်မြှင့်လိုက်တယ်
အိမ်ရှိပေမယ့်အိမ်ပြန်ချိန်ကမရှိသေးဘူး။
ရုံပြည့်ရုံလျှံသောကတွေနဲ့
ဂစ်တာကိုအကွက်စိပ်စိပ်နောက်ပြန်တီးခတ်
ဘီယာဘူးကိုဖောက်ပစ်လိုက်ဖို့
ဘဝကသိပ်လွယ်ကူလွန်းတယ်။
အိမ်တံခါးဝဆိုတာဘယ်တော့မှမအေးစက်ဘူးမိတ်ဆွေ..။
ပွင့်ထွက်လာတဲ့အမြှုပ်တွေနဲ့
ဂစ်တာကိုဆူဆူဝေဝေနောက်ပြန်တီးခတ်
စီးကရက်မီးခိုးငွေ့တွေက မျက်နှာကျက်ကိုတွန်းရွှေ့တယ်
မိသားစုလောက် ဘယ်ကောင်းကင်မှကြယ်မစုံဘူး
ကျယ်လျားမှုန်ရီတဲ့စင်မြင့်ပေါ်
ကြိမ်နှုန်းမြင့်ဆန္ဒကြိုးတစ်စုံစာနဲ့
ဂစ်တာကိုပင့်မြှောက်နောက်ပြန်တီး…..။ ။
နိုင်မွန်အောင်သွင်