Monday, February 4, 2013
သတိရတယ် သူငယ်ချင်း
သူငယ်ချင်း
ပကတိ ငြိမ်ဆိတ်
အိပ်မက်မရှိတဲ့
ညတွေထဲမှာလဲလျောင်း
မင်း အလောင်းမှာ ဒါဏ်ရာတွေနဲ့ ...
မင်းထိုင်ခဲ့တဲ့
စာသင်ခန်းထဲက
ခုံကလေး
ငါငေးရင်း မျက်ရည်ကျ
သိပ်သတိရတယ် သူငယ်ချင်း ။ ။
လူခါး
(အရေးတော်ပုံမှ ထွက်ပေါ်လာသော ဝိဥာဉ်များ၏ ပုံရိပ် မှ ... )
တစ်ခါက facebook မှာ လူခါး ဆိုပြီး လူတစ်ယောက် လာ add ပါတယ်။ ရုတ်တရက်တော့ ဒီလူခါးလို့ ထင်လိုက် ပြီးကာမှ လူခါး မရှိတော့တာကို ပြန်သတိရတယ် .. လူလည်း မှတ်ဥာဏ်ထဲမှာ သေခြင်းတရားကို သိပ်နေရာမပေးချင်သေးဘူး။ အဲဒါနဲ့ အဲဒီကလေးကို ပြောပြရတယ်။ ဒီနာမည်က ကလောင်ဆိုရင် ရှေ့မှာ လူတစ်ယောက်ရှိနေပါတယ်လို့ .. ဒါပေမယ့် သူက မကြားဖူးဘူးလို့ ပြောပါတယ်။ ဟုတ်ပါတယ်။ ခုဒီဘက်ပိုင်း မှာတော့ သိပ် နှံ့ နှံ့စပ်စပ် ဖတ်မထားသူဆို သိမှာမဟုတ်ပါဘူး။ သူရေးခဲ့တဲ့ ရုပ်ပြဇာတ်တွေလည်း တော်တော် ကောင်းပါတယ်။ ဒီကဗျာလေးကတော့ ကျွန်မ ခေါင်းထဲ အမြဲစွဲနေတဲ့ ကဗျာလေးပါပဲ။
သစ္စာ
အမျိုးသားရေးအတွက် အသက်ပေးသွားသော
ရဲဘော်များအား တိုင်တည် သစ္စာပြုပါ၏
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွနုပ်၏သွေး မနီစွေးလျင်
အသင်တို့ သွေး ပက်ဖျန်းခြင်းဖြင့်
ရဲဆေး တင်ပေးကြပါလေ။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွနု်ပ်ဝိဥာဉ် ကြောက်စိတ်ဝင်၍ မချင့်မရဲသတ္တိနည်းလျင်
အသင်တို့ ဝိဥာဉ် ပူးကပ်ဝင်၍
ကျွနုပ်အား ထိန်းချုပ်ပေးပါလေ။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွနု်ပ်သည်ကား အမျိုးဂုဏ်ဖျောက် သစ္စာဖောက်ဟု
မထောက်မညှာ ပြုမိပါလျင်
အသင်တို့၏ မညွတ်ပြောင်းသော ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်း၍ အပြစ်ပေးကြပါလေ။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွနု်ပ်အသက် လမ်းတစ်ဝက်မှ ပေးဆပ်ရလဲ
လူ့ဘုံလမ်းခွဲ ဝမ်းမနည်းပဲ
တာဝန်တစ်ရပ် ကျေပြွန်မှတ်၍
ထပ်ထပ်ပျော်ရွှင် ကျွန့်ဝိဥာဉ်သည်
အလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ ရှိရာ ကျွနု်ပ်လာမည်
ရင်ဖွင့်ကြိုဆိုကြပါလေ ..။ ။
မင်းကိုနိုင်
ဒါလည်း အဲဒီဖယောင်းလက်ရေးနဲ့စာအုပ်လေးထဲမှာပါတဲ့ ကိုပေါ်ဦးကဗျာ တစ်ပုဒ်ပါပဲ။
နောက်တစ်ပုဒ်ကတော့ ကျောင်းသား ကဗျာလို့ အမည်ရတဲ့ ကိုအောင်ဒင်ရဲ့ ကဗျာပါ
ကျောင်းသားကဗျာ
စာသင်ခန်းထဲမှာ
ကဗျာတစ်ပုဒ် စပ်ဖူးတယ်
စာသင်ခန်းထဲမှာ
ဗားတော့ဘရက် ဖတ်ဖူးတယ်
စာသင်ခန်းထဲမှာ
ဆေးလိပ်ခိုးသောက်ဖူးတယ်
စာသင်ခန်းထဲမှာ
ဆရာဆူတာ ခံရဖူးတယ်။
စာသင်ခန်းထဲမှာ
စာမေးပွဲဖြေရမှာကိုကြောက်
စာအမေးခံရမှာကိုကြောက်
ပျင်းစရာကောင်းတဲ့ ပြဌာန်းစာအုပ်ကြီးတွေကို ကြောက်ရင်း
ကျောင်း အတန်တန်ပြေးဖူးတဲ့လူတစ်ယောက်
ခုတော့ .. စာသင်ခန်းထဲ ပြန်ရောက်ချင်နေတယ်
စာမေးပွဲတွေ ပြန်ဖြေချင်တယ်
စာသင်ခန်းကို လွမ်းတယ်ကွယ်
တောထဲတောင်ထဲမှာ
စာမေးပွဲမရှိ
စာသင်ခန်းမရှိ
ပြဌာန်းစာအုပ်မရှိ
လက်နက်ကိုင် နည်းလမ်းနဲ့
ကြမ်းတမ်းတဲ့ ငှက်ဖျားရောဂါပိုးတွေရှိတယ်
လူမျိုးစု တော်လှန်ရေးသမားတွေရှိတယ်
သူတို့တွေနဲ့အတူ လက်တွဲလို့
စစ် အာဏာရှင်ကို ရင်ဆိုင်မယ်
ဗမာပြည်ကို ကယ်တင်မယ်
အမိမြေကို ပြန်ရယူမယ် ။
ဒီမိုကရေစီရဲ့
ရွှေရောင်ဝင်းပတဲ့လမ်းမ
ငါတို့ရဲ့ သွေးစက်များက လမ်းပြရှေ့ဆောင်
ပန်းပါင့်များအားလုံးရဲ့ အောင်ပွဲ
ငါတို့သွေးနဲ့ လဲရမယ်
မဝေးလှတဲ့
အနာဂါတ်ရဲ့ စာသင်ခန်းထဲ
ငါမရှိလည်း ငါရှိနေသလို
မင်းမရှိလည်း မင်းရှိနေသလို
သူမရှိလည် သူရှိနေသလို
သူငယ်ချင်းတို့ရယ် ..
စွယ်တော်ရွက်တွေဝေတိုင်း
ငါတို့ကို သတိရပါ ..
သမဂ္ဂ အဆောက်အဦသစ်ဖွင့်ပွဲ
ငါတို့ ဝိဥာဉ်တွေလည်း
ပါဝင်ဆင်နွှဲပါရစေလား
အောင်ဒင်
၁၇၊ဒီဇင်ဘာ၊ ၁၉ ၈၈
မမှားဘူးဆိုရင် ဒီစာအုပ်က ဖယောင်လက်ရေးဟာ ကျွန်မတို့ သူငယ်ချင်းမြစ်ကျဉ်းတစ်စင်း ခု လက်ရှိနာမည်ကျော် စာရေးဆရာတစ်ယောက်ရဲ့ လက်ရေးပါ။ ဒီလက်ရေး စာစောင်လေးထဲမှာ တာရာမင်းဝေရဲ့ နာမည်ကျော် ကျောင်းသားကဗျာ လည်း ပါပါတယ်။ ဒီစာအုပ်လေးကို ၁၉ ၉ ၀ လောက်မှာ ကျွန်မသူငယ်ချင်း တစ်ယောက်က ယူလာပေးလို့ ဖတ်ရပါတယ်။ ရှားပါးတဲ့ စာအုပ်လေးမို့ အားလုံးကို လက်ရေးနဲ့ပဲ ကူးယူထားခဲ့ရတာ မှတ်မိနေတယ်။ ခု ဒီထဲက ကဗျာလေးတွေကို အမှတ်တရ ပြန်တင်ပေးလိုက်ပါတယ်။
2 Comments:
နှစ်သက်စရာ ကဗျာများ ဖြစ်ကြပါတယ် ။
နောက် ၂ ပုဒ်ကတော့ နာမည်ကြီး ကဗျာတွေဆိုတော့ ကူးထားတာ ရှိပြီးသား။ လူခါးကဗျာကတော့ ခုမှ ဖတ်ဖူးတယ်။ ကျေးဇူး မနော်။
Post a Comment