ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

လမ်းတစ်ဝက်က အရိုင်းထည်

Tuesday, February 5, 2013

အရိုင်းထည် (၁)

နှင်းများ တဖွဲဖွဲကျနေသော ရှည်မျောမျောရာသီပဲ
အခန့်မသင့် ငါချော်လဲကျရာ
ငါ့မိတ်ဆွေတွေ ဘယ်သူမှမတွေ့လိုက်ကြ ....

ငါ့အခန်းထဲက မီးသီးတွေက
လွမ်းတတ်တော့ ခဏခဏ ကျွမ်းတတ်တယ်
မှောင်ပိန်းမှုကို အကာအကွယ်ယူပြီး
လွမ်းဖျားလွမ်းနာ ဝင်လာတဲ့အချိန်က
ချော်လဲရာမှာ အရသာရှိရှိ ထိုင်နေဆဲမှာပေါ့။

နှလုံးသားနီးချင်း မိတ်ဆွေများ
ငါ့ကို မြင်နိုင်နှုတ်ဆက်ဖို့
ဖေးမဆွဲထူဖို့
အသစ်ကျိန်စာတိုက်နိုင်ကြဖို့
လရောင်ရိပ်က တံခါးတစ်ချပ်မှာ
အဆိပ်မီးအိမ်စိမ်းကို ထွန်းညှိယူဆောင်လာခဲ့ကြ
ကမ္ဘာတည်ကာစတုန်းကလို
နားလည်မှုတွေ အတုံးအရုံး လွဲမှားခဲ့ကြတာပေါ့။      ။

 နိုင်မွန်အောင်သွင်

လမ်းတစ်ဝက်

လောကထံက မာကျောခက်ထန်သလောက်
လူကတော့ အပျော့ထည်မို့
ငါတစ်ယောက်တည်း အမြန်ခြောက်သယောင်းလာပေါ့လို့
ကိုယ့်ကိုယ်ကို သနားတဲ့စကား ထုတ်ပြောဦးမှာလား
အသက်ရှင်မှုကို ကမ္ဘာစစ်ကာလကြီးထဲ မောင်းနှင်ထား။

ဒီလိုပဲ .. လူ့ဘဝကို ပဲလှော်ဝါးရင်းစတင်
လမ်းမှာတွေ့တဲ့သူဆီက ကမ္ဘာ့သတင်းမေးစမ်းကြည့်
ဒီတစ်ခုတည်း သိလိုက်သလား ...လို့
အချိန်မနှောင်းမီ မေးခွန်းထုတ် အဖြေရှာ
ကွန်ပျူတာကို အားကိုးယုံနဲ့ မပြီးနိုင်ဘူး။

သေရမှာကြောက်တယ်လို့ ပြောလိုက်သလား
ဟိုတစ်နေ့တုန်းကပေါ့
ငါကတော့ ငါ့အကြောင်းနဲ့ငါ  .. ကိုယ့်ဥပဓိနဲ့ကိုယ်
အနုပညာမြောက် မျက်နှာအသေနဲ့
လောကကြီးကို ကြိုဆိုနေခဲ့တယ်
ငါယုံကြည်တဲ့ ကလေးငယ်တွေကတော့
လောကကြီးကို ပြေးလွှားခုန်ပေါက် ကြိုဆိုနေကြလေရဲ့ ။      ။

ထွန်းဝေမြင့်
ပိတောက်မြေ၊ နို်ဝင်ဘာ ၂၀၀၀



1 Comment:

ချစ်ကြည်အေး said...

ငါ့အခန်းထဲက မီးသီးတွေက
လွမ်းတတ်တော့ ခဏခဏ ကျွမ်းတတ်တယ်
မှောင်ပိန်းမှုကို အကာအကွယ်ယူပြီး
လွမ်းဖျားလွမ်းနာ ဝင်လာတဲ့အချိန်က
ချော်လဲရာမှာ အရသာရှိရှိ ထိုင်နေဆဲမှာပေါ့။

ဟဲဟဲ ခု ချော်လဲ ရောထိုင်နေလိုက်တယ်း))
လွမ်းတယ် ညီမနော်ရေ......။ ရွာပြန်တော့ သတိရနေခဲ့တာ......တွေ့ကြရမဲ့ရက်တွေ ရှိလာဦးမှာပါလေ.....