ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

ကောင်းကင် နှင့် မြေကြီးကြားမှ ဒိုင်မင်းရှင်းအလွတ်ကလေးတစ်ခုကို သပ်သပ်ရပ်ရပ်ချိတ်ဆွဲပြသခြင်း

Wednesday, January 18, 2012

ကောင်းကင် နှင့် မြေကြီးကြားမှ ဒိုင်မင်းရှင်းအလွတ်ကလေးတစ်ခုကို သပ်သပ်ရပ်ရပ်ချိတ်ဆွဲပြသခြင်း


အပျင်းပြေဆာလောင်မှုတစ်ချို့ဖြင့် ကဗျာဖတ်နေသည်။ နာကျင်မှုများသည်အစစ်ဖြစ်သည်။ တိုင်းရေးပြည်ရေးများဖြင့်ဝေးရာတစ်နေရာတွင် ကဗျာဖတ်နေသည်။ ထိုအရာသည် ကမ္ဘာသစ်တည်နေခြင်းဖြစ်သည်ဟုဆိုမည်။

တိမ်တိုက်များ၏ဘာသာစကားသည် ပေါ့ပါးသောခြေလှမ်းများဖြစ်သည်။ ရိုးရိုးရှင်းရှင်းသီချင်းလေးတစ်ပုဒ်တွင် တိုက်တိုက်ဆိုင်ဆိုင် မျက်ရည်စို့ချင်လည်းစို့နေနိုင်သည်။ ခြေမကို အပျင်းပြေခွဲကြည့်ချင်သော စိတ္တဇကို ဟိုက်ဒရိုဂျင်ဖြည့်သွင်း၍ အပ်ချည်ကြိုးဖြင့်လွှင့်တင်နေမိသည်။ သူမမျက်ရည်များတွင် ယင်ကောင်အသေများတွေ့ရှိနေရသည်။ ထိုအရာသည် သတင်းတစ်ပုဒ်ပမာ၊ သည်းခံပါခင်ဗျာ၊ ပျံသန်းလာနေသည်။

စိတ်ချမ်းသာရေး အစချီသော permutation ဖြင့် ချိတ်ဆက်နေသော နောင်တများ ..........။ မျက်နှာကိုဖျက်ရိုက်လိုက်
သော ဆောင်းလေပြေညင်းချိုမြလေး။ ပြန်လည်ကွေ့ဝင်လာသော ၀ိုက်လက်သီးပမာ သတိတရဖြစ်ရခြင်းများ။သံသရာသည် သင်ထင်ထားတာထက် သုံးလက်မခန့်ပိုရှည်လျားပါသည်။

ကျွန်တော်တို့လှေကို အပေါက်ဖောက်ကြစို့။
ကျွန်တော်တို့သံလွင်ခက်များဖြင့် ခိုဖြူတစ်ကောင်ကို ချက်စားလိုက်ကြပါစို့။ ဒိုင်မင်ဘုတ်ပေါ်မှခုန်ချအပြီး၊ ရေကူးကန်ထဲတွင်ရေရှိမနေကြောင်း အတိအကျသိလိုက်ရလျှင် သင်ဂျွမ်းဘယ်နှစ်ပတ်မျှထိုးနိုင်ဦးမည်ဟုထင်မိပါသနည်း။ မေးခွန်းများသည်အပျင်းပြေပါသည်။ သံလွင်ခက်များသည်လှော်တက်များအဖြစ်၊ခိုဖြူကိုဆန်တက်လှော်ခတ်နေပါသည်။ အိမ်မက်များသည် ဘာမဆိုဖြစ်နိုင်သော အရူးလက်မှတ်တစ်ရွက်ဖြစ်ပါသည်။စိတ်ကူးများကို ညှိထားလိုက်စေချင်ပါသည်။ မှုတ်ထုတ်လိုက်သောသက်ပြင်းများတွင် သုံးဆယ့်တစ်ဘုံစာ ရင့်ကျက်မှုပါနေပါသည်။ တည့်တည့်မရှုနိုင်လျှင် အသာလေး အိပ်နေရန်ဖြစ်ပါသည်။ ထိုမျှ လွယ်ကူပါသည်။

အရေးအသားများခေါင်းပါးလာမှုဖြစ်ပါသည်။
ကဗျာများပြွတ်သိပ်လာမှုလည်းဖြစ်ပါသည်။
ရောဂါများရင့်ကျက်လာမှုလည်းဖြစ်ပါသည်။
ထွက်ချက်များလည်းဖြစ်ပါသည်။
နိစ္စဓူဝ ဒီလိုပေါ့ဗျာဟု ကြည့်မှန်အကွဲရှေ့တွင် self-suggestion လိုလို၊ နှစ်သိမ့်ဆွေးနွေးလိုလို လုပ်မိနေခြင်းလည်းဖြစ်ပါသည်။ ခင်ဗျားရဲ့ဒုတိယအမည်နာမသည်လည်း အဆင်မပြေဘူး ဆိုသည်ပဲဖြစ်မည်။ လာပါ။ ထိုင်ပါ။ စီးကရက်သောက်ပါ။ ဘီယာသောက်ပါ။ဘာမှမသောက်တတ်ရင်လည်း အအေးလေးတော့သောက်ပါ။ သောက်စရာကုန်မှ တစ်ခုခုကြည့်လုပ်ကြတာပေါ့။ ဒီမှာထိုင်ပါ။ ကျွန်တော်အချက်မပြမချင်းရေခတ်မဆင်းပါနှင့်။ တိတ်တဆိတ်နေနေကြခြင်းမှာ အသံများကိုဆာလောင်သောကြောင့်ဖြစ်ပါသည်။ ခင်ဗျားနှင့်ကျွန်တော်၊ စကားပြောတော့ရစ်သမ်ပေါ့။ ဒီလိုပဲထင်နေသည်။

ထိုမိုးခေါင်ရေရှားကာလများအတွင်း မိုဃ်းဇော်ရဲ့ကဗျာတစ်ချို့ကို ကျွန်တော် ဖတ်ဖြစ်ခဲ့ပါသည်။ လက်ဆင့်ကမ်းရလောက်အောင် ဝေးလံသောအရာတစ်ခုမဟုတ်ခဲ့ပါ။ လေတိုက်၍ငြိမ်းခဲ့ကြသော ဖယောင်းတိုင်များ တစ်တိုင်နှင့်တစ်တိုင် အလုအယက်အသက်ဆက်သလိုမျှသာဖြစ်သည်။ ယခုတော့ အားလုံးချုပ်ငြိမ်းခဲ့ပြီဖြစ်သည်။

နေကြာပန်းများ

အနီရောင်

ရေသောက်မြစ်တွေဆီက

သူလာခဲ့တယ်။


ပွင့်ပြီးရင် ကြွေရမှာလည်း

သူသိခဲ့ပေရဲ့။


ကြွေပြီးရင် နွမ်းရမှာလည်း

သူ သိခဲ့ပေရဲ့။


မလိုပါဘူး

သင်တို့ဆီက

ဘာအကူအညီမှ မလိုပါဘူး။


နေမင်းကို

အံကြိတ်ရင်း သူကြည့်

သတ္တိရှိတဲ့ မွှေးရနံ့တွေနဲ့။ ။


မိုဃ်းဇော်။

မိုဃ်းဇော်ရဲ့နေကြာပန်းဆီက သတ္တိတွေ ရလာခဲ့သည်။ ခေါင်းမော့ထားသော ဓားသွားများ။ နေရောင်အောက်တွင် တဖျတ်ဖျတ်လက်နေသည့်ပမာ သွေးကြောများအတွင်း မြန်နှုန်းမြင့်သွေးများနီစွေးစီးဆင်းသံ နွေးခနဲ။

ဖခင်တစ်ယောက်ပိုင်ဆိုင်သူတစ်ယောက်ပီပီ သားအဖနှစ်ယောက် ကဗျာဆီသို့ထွက်လာခဲ့သည်။ နွေးထွေးမှုတစ်မျိုး လင်းခနဲလက်ခနဲ ရောင်ပြန်ဟပ်နေသည်။ ဖခင်ရှိသူတိုင်း နားလည်လောက်သည့် ကဗျာတစ်ပုဒ်လည်းဖြစ်သည်။ သူ့ထုံးစံအတိုင်း အရပ်စကားနဲ့ ရိုးရိုးလေးပြောသည်။

သားအဖနှစ်ယောက်

တစ်ညလုံး
စကြ၀ဠာကြီးနဲ့ပျော်ပျော်ပါးပါး ဆက်ဆံခဲ့တဲ့ကောင်
မနက်ခင်း ရေဒီယို သီချင်းတွေကြားရမှ
ဆက်ပြီး လက်မ မထောင်နိုင်တော့တာနဲ့
အဖေ့အိမ်ကို ထွက်ခဲ့တယ်။

အဖေ့ဆီရောက်တော့
နာရီမရှိတဲ့ ကျွန်တော့်ကို
ပြက္ခဒိန်မရှိတဲ့ အဖေက
တိုးတိုးလေးပြောပြတယ်။

"ငါ့အိတ်ထဲ
ဇရာပဲ ကျန်ပါတော့တယ်ကွာ " တဲ့။

ဟုတ်ကဲ့ပါ အဖေ
အဖေ့အိတ်ထဲက "ဇရာ" နဲ့
ကျွန်တော့် စိတ်ထဲက "ကဗျာ" နဲ့
ကမ္ဘာကြီးကို လက်ငင်း ငွေချေလိုက်ပါရဲ့။

ရနံ့သစ် ဒီဇင်ဘာ ၂၀၀၄

Amen နဲ့ဘုရားသခင်ပါသည့် ကဗျာတွေကလည်း တစ်မျိုးတစ်ဘာသာဖြစ်သည်။ ဗီရာသည်လည်း Amen ပါသော ကဗျာတစ်ပုဒ်ဖြစ်သည်။ ထိုသို့ကျွန်တော်ပြောခဲ့သည်ရှိသော် သင်ရယ်မောသင့်ပေသည်။ ကဗျာဆရာသည် သူ့စိတ်ထဲ အင်အားပြည့်သောစကားလုံးများကို သုံးစွဲမည်ဖြစ်သည်။ Amen ကို တစ်ချို့က အေမင်ဟုထွက်သည်။ မြန်မာလိုဘာသာပြန်လိုက်တော့ အာမင်ဖြစ်လာသည်။ ဖြစ်ပါစေသော်ဟု အဓိပ္ပာယ်ရသည်။ ကဗျာသည် အနုပညာ ပုံစံတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် သင့်စိတ်ထဲမှ အသင့်ဖြစ်သလောက် ရှင်သန်ဖူးပွင့်ပေလိမ့်မည်။ Dan Brown အလိုအရတော့ Amen ဆိုတာက အီဂျစ် နတ်ဘုရား Amun ဖြစ်နိုင်တယ်လို့လည်း သူ့ရဲ့နောက်ဆုံးစာအုပ် The Lost Symbol မှာရေးခဲ့ပါသေးတယ်။ ဒါတွေကို မသိလည်း ဗီရာကို သင်နားလည်နိုင်ပါသည်။


(Vera) ဗီရာ

" မင်းနာမည် ဘယ်သူလဲ"

" ဗီရာ"

" မင်းအမေက..."

" အကာလညရဲ့ ဒုတိယမာတိကာ"

" မင်းရဲ့အဖေ..."

" ရန်သူ"

" ကိုယ်တွင်ထင်ရှားသည့် အမှတ်သား"

" ဘယ်တော့မှ မကျက်နိုင်တဲ့ ဒဏ်ရာ"

" မင်းရဲ့ဇာတိ"

" စစ်ပြေးလမ်း"

နျူကလီးယား ပန်းခင်းထဲမှာ

ငြိမ်းချမ်းပါစေ

အာမင်။


သားမွေးထားသည့်ကဗျာဆရာတစ်ချို့သည် သားချော့တေး ဆိုသည့်ကဗျာတစ်ပုဒ်စီလောက်ရေးခဲ့ကြလေ့ရှိသည်။ သစ်ကောင်းအိမ်၏ ကဗျာတစ်ပုဒ်မှာလည်း သားချော့တေးဖြစ်သည်။


သားချော့တေး

ကိုယ့်ကလောင်ကို

ချိုးဖြူငှက်အတောင်လုပ်လို့

ပျံသန်းလိုက်စမ်းပါ ငါ့သား…

မင်းသင်ရတဲ့ ပထ၀ီဝင်ထဲ

တို့နိုင်ငံရဲ့

မြေပုံချပ်ကိုဖြန့်ခင်း

နှစ်ခြောက်ဆယ်စစ်တလင်းကိုတွေ့လိမ့်မယ်

ကိုယ့်ကလောင်ကို

ချိုးဖြူငှက်အတောင်လုပ်လို့

ပျံသန်းလိုက်စမ်းပါ ငါ့သား…

မင်းသင်ရတဲ့သမိုင်းကတော့

ကမ္ဗည်းမတင်ရသေးတဲ့

သူရဲကောင်းတွေရဲ့သွေးသမိုင်းနဲ့

ရိုင်းစိုင်းနေလိမ့်မယ်

ကိုယ့်ကလောင်ကို

ချိုးဖြူငှက်အတောင်လုပ်လို့

ပျံသန်းလိုက်စမ်းပါ ငါ့သား…

မင်းသင်ရမယ့်ကမ္ဘာ့မြေပုံမှာ

သံလွင်ခက်ပေါ်ဓားစိုက်

ကမ္ဘာကျော်လူမိုက်တို့

မိုက်ကြေးခွဲကြ

ကမ္ဘာ့တိုက်ကြီး (၇) တိုက်ဟာ (ကမ္ဘာ့တိုက်ကြီး (၇) တိုက်ဟာ)

မှောင်မိုက်နေလိမ့်မယ်

ပျံသန်းလိုက်စမ်းပါ ငါ့သား…။ ။

သစ်ကောင်းအိမ်။


ကဗျာဆရာကို အဖေတော်ထားရင်တော့ တော်ကီပွားခံရနိုင်သည်ဟုထင်မှတ်ရာ၏။ မိုဃ်းဇော်ကလည်း သူ့သားကိုပွားထားသည်။ ကလေးတစ်ယောက်အတွက်တော့ တန်ဖိုးထားစရာ တန်ဖိုးများကို မိဘများထံမှကြားရတတ်သည်။ သို့သော် တန်ဖိုးကို ရင်ဘတ်ထဲထည့်မည့်သူမှာ သူတို့ကိုယ်တိုင်ပဲဖြစ်သည်။ ဂဠုန်ဦးစောအဖေ၊ မူဆိုလီနီ့အဖေ၊ ကင်မ်ဂျုံအီအဖေ၊ ဟစ်တလာအဖေ နှင့် အိုစမာဘင်လာဒင်တို့၏ အဖေများသည် ကဗျာဆရာများဖြစ်ခဲ့လျှင် ကောင်းမည်ဟုထင်သည်။ သူတို့ခမျာ ရင်ဘတ်ထဲ သားချော့တေး ချို့တဲ့ခဲ့ကြပုံရသည်။ ကဗျာများသည် လူ့အသိုင်းအ၀ိုင်းအတွက် လိုအပ်သည်။ ထိုသို့လိုအပ်ခဲ့ပါသည်။


သားချော့တေး

သားရေ

ငိုသံတွေကို လမ်းခင်းပြီးမှ

မင်းရဲ့နန်းတော်ကြီးဆီ ရောက်မယ်ဆိုရင်

အဲဒီလမ်းကို မလျှောက်လေနဲ့။


မိုးလောက်ကြီးပဲ မြင့်ပါစေ

လူတွေရဲ့ ပခုံးကို တက်နင်းပြီးမှ

မင်းဘ၀ အထက်တန်းကျမယ်ဆိုရင်

အဲဒီအမြင့်ကိုလည်း မလှမ်းလေနဲ့။


မင်းရဲ့ ယုံကြည်ချက်ကြောင့်

ဘ၀တွေပျက်

အိုးအိမ်တွေပျက်

မိသားစုတွေရဲ့ ပျော်စရာအနာဂတ်တွေလည်း

ကြေကွဲပျက်စီးရမယ်ဆိုရင်

အဲဒီယုံကြည်ချက်ကိုလည်း မင်းအကောင်အထည်မဖော်လေနဲ့။


မသိနားမလည်သူ

လူတွေကို လှည့်စားပြီးမှ

ဇိမ်ခံခွင့်ရမယ်ဆိုရင်

အဲဒီစည်းစိမ်ကိုလည်း မင်း မမက်မောလေနဲ့။


ဒီလောကကြီးမှာ

သစ်သီးကလေးတစ်လုံး သီးဖို့

အချိန်တွေ အများကြီးယူရတယ်


ပန်းကလေးတစ်ပွင့် ပွင့်ဖို့

အဆင့်ဆင့် တည်ဆောက်ခဲ့ရတယ်

မြေနီလမ်း နံဘေးက

တောပန်းကလေးတွေကအစ ကြင်နာပါ


ဒုက္ခရောက်သူကို ဖေးကူပါ

လူ့သိက္ခာကို စောင့်ရှောက်ပါ

အပြစ်ကင်းမှုတိုင်းကို ချစ်ပါ။


ရိုးသားဖြူစင်သူတွေကို

တစ်ဖက်သတ် အနိုင်ယူပြီးမှ

မင်းရဲ့ သရဖူကို ရမယ်ဆိုရင်

အဲဒီသရဖူကိုလည်း မင်းလုံးဝမယူလေနဲ့။ ။


မိုဃ်းဇော်။


ကျွန်တော်တို့မှာ အမိမြေရှိကြသည်။ မြေ သည် ကျွန်တော်တို့၏ မီတင်းနေထိုင်ရာ ဒေသ၏ အထိမ်းအမှတ်ဖြစ်သည်။ မြေသည် ကျွန်တော်တို့ရှင်သန်ပေါက်ရောက်ခဲ့ရာဒေသဖြစ်သည်။ မြေသည် ကျွန်တော်တို့၏ အိမ်ပြန်ချိန် တိမ်တိုက်များဖြစ်သည်။ မြေသည် ကျွန်တော်တို့ ပစ်လွှတ်ခဲ့သော မြှားများ ဆိုက်ရောက်ရမည့်နေရာဖြစ်သည်။ မြေသည် ကျွန်တော်တို့ခေါင်းချရာလည်းဖြစ်နိုင်သည်။ မြေကို ချစ်ခဲ့ကြသည်။ အမိမြေကိုချစ်ခဲ့ကြသည်။ အမိမြေနှင့် ၂ နာရီခွဲအကွာတွင် အမိမြေကို ချစ်နေသည်။ တစ်ချို့လည်း ၂၄ နာရီအကွာမှ ချစ်နေသည်။ မိုဃ်းဇော်၏ မြေ ကိုဖတ်ကြည့်စေချင်သည်။


မြေ

မြင်းပေါ်က

ပြုတ်ကျလာတဲ့ လူနီရိုင်းဟာ

ဒဏ်ရာကို အံကြိတ်ရင်း

သူ့အမှန်တရားကို ကျိန်ဆိုတယ်။


ဒါဟာ ငါ့မြေ

ငါ့မိဘ ဘိုးဘွားများ

အဲမဲလိုက်ရာ

စစ်တိုက်ရာ

ခေါင်းချရာ

ခွန်အားများ စုဖွဲ့ရာ

ဖခင်များရဲ့မြေ

...

...။


နယ်သစ်ရှာဖွေသူတွေ တရုန်းရုန်း

အရက်မူးပြီး ၀ုန်းဒိုင်းကြဲနေကြ။


လူနီရိုင်းရဲ့ခေါင်းပေါ်က

လွင့်ထွက်သွားတဲ့ ငှက်တောင်ကလေးဟာ

ငါ့နှလုံးသားထဲ မျောလွင့်နေတတော့တယ်။


မိုဃ်းဇော်

ပန်းအလင်္ကာမဂ္ဂဇင်း။ ဧပြီ ၂၀၀၇။


စိတ်ထဲဖြတ်သန်းသွားသည့်ကဗျာတစ်ချို့၊ သင့်စိတ်ထဲ ဆက်လက်စီးဆင်းသွားစေချင်ပါသည်။

တိတ်ဆိတ်မှုသည် နားလည်မှုများ ပွင့်လန်းရာ တောအုပ်လေးတစ်ခုဖြစ်ပါသည်။ ချိုသော သီချင်းများမလိုအပ်ပါ။ တိတ်ဆိတ်ခြင်း၏ ဆွတ်ပျံ့ဖွယ်ရနံ့ပါဝင်သောဂီတကို နာယူရင်း ဆက်လက်စီးဆင်းသွားကြပါစို့။ ။


Zephyr

ငှက်တစ်ကောင်၏ပျံသန်းရာလမ်းကြောင်း -မရူးလွင့်ရန်လေ

Sunday, July 24, 2011

ငှက်တစ်ကောင်၏ပျံသန်းရာလမ်းကြောင်း -မရူးလွင့်ရန်လေ

ပြီးခဲ့တဲ့ စနေနေ့က လင်းသဏ်ညီ၊ မောင်မင်းစိုး၊ စိုးမင်းအောင်၊ ဆူးရင့်နဲ့ ညိုပြာဝိုင် တို့ ရဲ့ မရူးလွင့်ရန်လေ ဆိုတဲ့ ကဗျာစာအုပ် မိတ်ဆက်ပွဲကို ရောက်ခဲ့တယ်။ မရူးလွင့်ရန်လေ ဆိုတဲ့ စာအုပ်နာမည်ကိုက ထူးခြားပါတယ်။ သူတို့ ငါးယောက် ခေါင်းစဉ်ရွေးလို့ သဘောထားချင်း မတိုက်ဆိုင်တဲ့အဆုံး တစ်ယောက်ကို စကားလုံးတစ်လုံး ရွေးဖို့ ဆုံးဖြတ်လိုက်ပြီး အဲဒီ စကားလုံးတွေနဲ့ ခေါင်းစဉ် တစ်ခုရွေးဖို့ လုပ်ကြရင်း ဒီ မရူးလွင့်ရန် လေ ဆိုတဲ့ နာမည်လေးကို ရခဲ့တာပါတဲ့။ နောက် တစ်ယောက်ချင်းစီ ကဗျာရွတ်ကြတဲ့ထဲ
မောင်မင်းစိုး ရွတ်တဲ့ ကဗျာလေးကို သတိထားလိုက်မိတယ်။ စာအုပ်ထဲမှာ ပါတာကတော့ ငှက် ဆိုတဲ့ ကဗျာပါ။ ဒါကို ဒီစာလုံးတွေနဲ့ပဲ တစ်မျိုး ပြန်ရေးလိုက်တဲ့အခါ နောက်ထပ် အဓိပ္ပာယ် မတူတော့တဲ့ ကဗျာတစ်ပုဒ်ကို ရပါတယ်။ အဲဒါကို သူက မောင်မင်းစိုး လို့ ခေါင်းစဉ်တပ်ပြီး အောက်က ငှက် လို့ လက်မှတ်ထိုးပါတယ်။ ဒီကဗျာလေးကို စိုးမင်းအောင် ဆီက တဆင့် တောင်းယူခဲ့တာ ဖြစ်ပါတယ်။ အားလုံး ဖတ်ကြည့်ဖို့ပါ။

ငှက်
မပျံသန်းရ နယ်မြေကိုမှ ရွေးပြီး ပျံချင်တဲ့ ငှက်
နက်သထက် နက်တဲ့ တွင်းနက်ထဲ ခုန်ဆင်းချင် သူ
ဘဝကို သားရေကွင်းလို ဆွဲဆန့်လိုက်တော့
သံသရာက နူးညံ့စွာ ရှည်လျား
အိမ်ပြင်ထွက်ခွင့် မပြုတဲ့ အိမ်စောင့်နတ်
ငါ့မျက်လုံးဖောက်၊ ငါ့နားကို ပိတ်
မြင်စရာ အာရုံတွေ ရှုချင်စဖွယ်
အတွင်းမှာ အူတိုင်ပြုတ်တဲ့ ချည်ခင်
လေတိုက်တိုင်း မြင့်တက်နေမယ့် စွန်
ကြိုးတွေ လျှော့ပြီး လွှတ်တင်လိုက်
ပြန်လမ်းမရှိတဲ့ လေဟာနယ်ထဲ လွင့်နေမယ်။
မောင်မင်းစိုး



မောင်မင်းစိုး
ပျံသန်းရနယ်မြေကိုမှ ရွေးပြီး မပျံချင်တဲ့ ငှက်
ခုန်ဆင်းချင်တဲ့ တွင်းနက်ထက် နက်တဲ့ သူ
သားရေ . . . ဘဝကို ကွင်းလို ဆွဲဆန့်လိုက်
နူးညံ့စွာကပါ၊ သံသရာက ရှည်လျားလို့။
ခွင့်မပြုတဲ့ အိမ်စောင့်နတ် အိမ်အပြင်ထွက်
မင့်မျက်လုံးကို ငါဖောက်၊ မင့်နားကို ငါပိတ်
မြင်စစ အာရုံတွေ ဖွယ်ဖွယ်ရာရာ ရှုချင်
အတွင်းချည်ခင် ပြုတ်တဲ့ အူတိုင်
စွန် တိုက်တိုင်း၊ တက်မြင့်နေမယ့် လေ
လွှတ်တင်လိုက်ပြီ၊ ကြိုးတွေ လျှော့ချ
လေဟာနယ်မရှိတဲ့ ပြန်လမ်းထဲ
လွင့် နေ မယ်။
ငှက်

မိုးဦးဆေးဝါးဗေဒ

Saturday, June 18, 2011

မိုးဦးဆေးဝါးဗေဒ

ဘာမှမဟုတ်ပါဘူး။ ဒီတစ်ခါ နာမကျန်းမှုမှာ နာလံထစေခဲ့တဲ့ ဆေးဝါးတွေထဲက တစ်ချို့ကို ပြန်မျှပေးတာပါပဲ။ ကဗျာဆရာ အိုအောင် ရဲ့ အလိုမပြည့်သူရဲ့ ပွဲလမ်းသဘင် ဆိုတဲ့ ကဗျာစာအုပ်လေးထဲကပါ။ သိပ်မရိုက်နိုင်သေးလို့ နည်းနည်းပဲ ရွေးတင်ပါတယ်။ နေကောင်းရင် တစ်အုပ်လုံးနီးပါး ရိုက်တင်ဖို့ စဉ်းစားထားပါတယ်။
မနော်ဟရီ

ခေတ်ပေါ်ကဗျာ

မီးနီမိနေတဲ့ ဓာတ်ကြီးလေးပါးရယ်
ဈေးပေါင်ကျိုးမှ ဝယ်လို့ရမယ့် အမှန်တရား (သုံးထပ်သား)ရယ်
ထင်းအတွက်ပဲ အသုံးဝင်တဲ့ အော်ရီရှားအပင်လို ငတိတွေရယ်
အဲဒီငတိတွေရဲ့ လမင်းကြီးနဲ့ ရက်(ပ်)အက ကမယ်ဆိုတဲ့
ကလိမ်စေ့ငြမ်းဆင်ရယ်
နေ့ရွှေ့ ညရွှေ့နဲ့ အရွယ်ဟိုင်းလာတဲ့ ကမ္ဘာလဆန်း တစ်ရက်နေ့ရယ်
၁၂လ ဇယားကွက်ပေါ်က ဟိုမင်းသမီးလေးရဲ့ သရိုးကိုင်ထားတဲ့
ပြည်တည်တည် အကြည့်ရယ်
တစ်ချပ်မှောက်ဝိုင်းမှာ ပွဲသိမ်းဖို့ စောင့်နေတဲ့ စနေထောင့်ရယ်
ပဲကြီးဟင်း သောက်တဲ့ ဥတုသုံးလီရယ်
ပနယ်စလင် ငါးသိန်းအားနဲ့ မလုံလောက်တော့တဲ့ ဖောဌဖအာရုံရယ်
ကိုယ့်စားရိတ် ကိုယ်စားပြီး တဟီတီ သွားလည်ရတဲ့
ချက်နို့ဆီရယ်
ဤသည်မှာ ခင်ဗျား ခန္ဓာကိုယ်ထဲတွင်
အပူသျှပ်နေသော ကျွန်တော့ ခန္ဓာကိုယ် ဖြစ်၏။ ။
၁၉၉၂
အိုအောင်


မီးရထား

စိတ်ရဲ့ သံလမ်းများ
ခံနိုင်အား တောင့်တင်းစွ။

ဖြတ်သွားဖြတ်လာ
တဒင်္ဂ နှင်းစက်များမှာ
မင်တက်မိ အခါခါ။

ဆင်မြန်းထား
နာကျင်မှုများက
ခရီးဆုံးထိ လောင်စာ။ ။
၁၉၉၁
အိုအောင်


နွားကျောင်းသား

တစ်မျှော်တစ်ခေါ်
ကွင်းပြင်ကြီးထဲ
ရွှင်မြူးဖွယ် နေ့တစ်နေ့ကို
အော်ခေါ်ကြည့်မိတာ
ခလောက်သံ ပြန်မကြားရဘူး။

သီချင်းမသီဖြစ်ပါ
အရွက်မဲ့ သစ်ပင်အောက်မှာ။

အိပ်မက်တွေ လွှတ်ကျောင်းထားပေမယ့်
မိုးမကျသေးတာမို့ ။ ။
၁၉၉၁
အိုအောင်


မြို့

သွေးကြောတွေဟာ
လမ်းမကြီးငယ်တွေပေါ့။

လမ်းမကြီးတွေပေါ်
နေ့စေ့လစေ့ ကဗျာတွေ
ဥဒဟိုမောင်းနှင်သွားလာလို့။

နှလုံးသားကတော့
ပန်းခြံတစ်ခုဖြစ်ခဲ့ပြီး
ပန်းခြံထဲ
ဒုက္ခအရင့်အမာတွေ
ဖွေးဖွေးလှုပ်အောင် ပွင့်နေကြတယ်။ ။
၁၉၉၄
အိုအောင်


တက္ကသိုလ်နေ့တွေ

သင်ရိုးအတိုင်း မဟုတ်တဲ့
သမိုင်း၊ ပထဝီ၊ ဘောဂဗေဒ
အတွင်းကျကျ လေ့လာလို့။

ခက်ဆစ်တွေ၊ ပုစ္ဆာတွေနဲ့
တကယ့်ဘဝ စာသင်ခန်းထဲ။

ဘာတွေ စိုက်ပျိုးခဲ့ပြီးပြီလဲ
ဘာတွေ ရိတ်သိမ်းခဲ့ပြီးပြီလဲ
အဲဒီလို ဆင်ခြင်ကြည့်မိတယ်။

နှစ်တွေက ကျက်မှတ်လို့မကုန်
ခေတ်တွေက ဆည်းပူးလို့မဆုံးပေါ့။ ။
၁၉၉၉
အိုအောင်


မောင်ရှင်ဆိုင်းထမ်း

မော့ကြည့်လိုက်တော့
ရေသာများ ငါးမတွေ့။

ချရေးမိတိုင်း
အပြက်အပြက်နဲ့ နှာခေါင်းသွေး။

ဝေးချင်သလောက်ဝေးပစေ
လွင့်ချင်သလောက် လွင့်ပစေ။

ကိုယ့်သက်ပြင်းနဲ့ကိုယ်
ကိုယ့်မျက်ရည်နဲ့ကိုယ်။ ။
၂၀၀၆
အိုအောင်

ကဗျာဆရာ
မီးပွိုင့်မှာ ရပ်နေတာ
ကားတွေမှ ဟုတ်ရဲ့လား။

သူကြီးသားတွေ လမ်းလုံးပြည့်
သူတို့ဆွတ်တဲ့ ရေမွှေးနံ့ကလည်း
လမ်းလုံးပြည့်။

ဒီဇာတ်ကား
လွမ်းရခက်ခက်ပဲ။ ။
၁၉၉၃
အိုအောင်


ချစ်ခြင်း

ယေဘုယျအားဖြင့်
သူမနဲ့ ဝေးလံရတယ်လို့ပဲ
ထားလိုက်ပါတော့။

ကြက်ပေါင်စေးလိုလျှာတွေ
တွေ့ကရာ အမိအရ ယမ်းလှုပ်ချ။

မထင်မှတ်ပဲ
ပြုတ်ကျလာတာက
သမုဒ္ဒရာကြီးရဲ့ အထင်ကရ မတ်စောက်ပုံပဲ။

ထပ်မံ ချဲ့ထွင်ရန် မလိုအပ်တော့ပါ
ကြံကြံ့ခံ
တို့ဘယ်လို ရှင်သန်ပေါက်ရောက်ကြတယ်ဆိုတာ ။ ။
၁၉၉၀
အိုအောင်
၁၉၉၁။ စက်တင်ဘာ၊ရုပ်ရှင်တေးကဗျာ
ပထမဆုံးပုံနှိပ်စာမူ

အလိုမပြည့်သူရဲ့ ပွဲလမ်းသဘင်

သူ့နှလုံးသားသူ
ကြပ်ပူမထိုးခဲ့ဘူး။

တစ်ပိုင်းတစ်စ ပွင့်ဟနေတဲ့ ကန့်လန့်ကာကြားက
တစ်ပိုင်းတစ်စပဒေသာကပွဲ။

ပြီးပြီးရော
ဆိုင်းသံ ဗုံသံကြား အမြစ်မတွယ်ခဲ့သမို့
အနည်အနှစ်ကျကျ လွမ်းသံ ဆွေးသံလေး
ခုလည်း ဘေးမသီ ရန်မခ။

ဇာတ်ခုံပေါ်မှာ
အသံကောင်း ရုပ်ချောသယောင်ယောင်
ညညများ။ ။
အိုအောင်


ညီအစ်ကို မသိတသိ

မြေခွေးက မြေခွေးလိုအူပြီး
ဖားက ဖားလို ညာသံပေးနေကျ။

နေထန်းတစ်ဖျားရှိပြီ
ငှက်တွေ ဘယ်အရပ်ကို ပျံနေကြသလဲ။

အပျင်းပြေ သီချင်းညည်းရ
အပျင်းပြေ လေချွန်ရ။

`တကယ့်ယောက်ျားတွေအတွက် တကယ့်အရသာ ` ၁
`ငါ့ခွေး သစ်ပင်တက်နိုင်တာ ဂုဏ်ယူတယ် ` တဲ့။ ၂

ဆန့်ကျင်ဘက်တို့ရဲ့ ကမ္ဘာ
ကျွန်တော့်နာရီကို ဓာတ်ခဲလဲရဦးမယ် ။ ။
အိုအောင်
(၁၉၉၈)
၁။ စီးကရက်ကြော်ငြာ
၂။ နာမည်ကြီး ကာတွန်းတစ်ကွက်


မိုး

ဆင်ငိုမြက် နို့တိုက်သတ္တဝါ
ဖုန်တသောသော မြို့ရွာနဲ့ သေချာမှု
မြေသင်းနံ့ ရပါပြီလား။ ။
အိုအောင်
(၁၉၉၂)


မိအေး အကြောင်း

ပါးစပ်ထဲ ဝါးစရာရှိရင်
တိမ်တွေ ပြာနေလိမ့်မယ်။

အခုလို နားဆင်ရတာ
(ခွေးတံဆိပ် )
ဓာတ်ပြားခေတ်ကို သွားသတိရမိစေတယ်။

မှတ်စုစာအုပ်ကို ဖွင့်ကြည့်တော့
သဘောင်္ဟာ သောင်တင်ဆဲ။

ရယ်စရာတွေ
မောစရာတွေ
ဟောဒီ ငြှောင့်ကျင်းမ
ဘယ်လိုနည်းနဲ့ ကျောခင်းရကောင်းမလဲ။

စာရွက်ပေါ်က မေးခွန်းပေါ့
ဒီနွေဟာ ခြင်းကြားနဲ့ ရေသယ်လာတဲ့
နွေပဲလား ။ ။
အိုအောင်
(၂၀၀၀)


အနုပညာ

ရွက်ပုန်းသီးလေး တစ်လုံး
အပင်ပေါ်မှာ ရှိနေတုန်းပဲ။

ညနက်နက်ထဲ
ကိုယ်စောင့်ကြည့်နေမိတယ်။ ။
အိုအောင်
(၁၉၉၅)


ဆဲဗင်း အလဲဗင်းန်လမ်း

ဓာတ်ပုံ မရိုက်ရဘူး
ဆေးလိပ်မသောက်ရဘူး `
အာလာဒင် မီးခွက်စောင့် ဘီလူးဟာ
အနီရောင်ဝတ်စုံနဲ့
ငေါက်တယ်။

စက်တွေက
လူတွေမဟုတ်တော့
လူတွေလို သွားကြားမညပ်ဘူး။

ငါ
လေးထပ်ကို ခြေကျင်တက်
လေးထပ်ကို ခြေကျင်ဆင်းခဲ့
ကြွေပြီး
မသေတဲ့ ကြယ်တစ်ပွင့်ကို
သတိရရင်း ။ ။
အိုအောင်
(၂၀၀၅)


ဇွန်

ဟိုး ခင်တန်းပေါ်မှာ ဗာမေးလီယံ စိန်ပန်းပွင့်များ ။ မိုးက စိတ်မပါ
လက်မပါ တစ်ပေါက်ချင်းကျနေ။ ကနေ့ ဥပုသ်နေ့ ၊ မြို့ထဲထွက်ရ
ကောင်းမလား၊ အခန်းထဲပဲ အောင်းနေရမလား၊ မှန်တစ်ချပ်ထဲမှာတော့
သူ့ကိုယ်သူ ကျပျောက်နေတဲ့ ငနဲတစ်ကောင်၊ မနေ့က စာတစ်စောင်
ရောက်လာတယ်၊ သဘောင်္မှောက်နေတဲ့ အောင်နှင်းရဲ့ အသံပေါ့။
ရန်ကုန်ကိုတော့ မဖွဲ့ချင်တော့ပါဘူး တဲ့လေ။ အခုတော့
သောက်ဖော် စားဖက် `တီကောင်` လည်း တောင်တန်းတွေဆီ
ထွက်သွား။ ဇော်ထိန် သယ်လာတဲ့ သတင်းကြောင့် အသည်းနှလုံးလည်း
ဆန်ခါပေါက်ဖြစ်။ ဘာအဓိပ္ပာယ် ရှိသလဲ၊ ဘယ်လို အနံ့အသက်လဲ။။
အပြင်မှာ စိမ်းသလိုလိုနဲ့ အထဲမှာ မလင်းဘူး။ အလကားရတဲ့
လေရှူရင်း အရိုးရင့်ခဲ့။ ဒီတစ်ရက်လည်း ငါ့ကို နေကြတ်သွားပြန်ပြီ။ ။
အိုအောင်
(၂၀၀၄)
* vermilion - ဟသာၤၿပဒါး


နင်းကြမ်း

ပျော်တဲ့အခါ တေးဆိုပြီး
ငိုချင်တဲ့အခါ
ယိုးမယ်ဖွဲ့ကြပုံ။

ဆားနဲ့
သကြားနဲ့
လောကီကို
ကျကျနနမြည်းစမ်း။

လူ့ဘောင်က မတရား အမှိုက်ရှုပ်တယ်
လူ့ရွာက မတရား ချွေးပြန်တယ်။

ငါတို့
ဒီလိုပဲ ကျောက်ဖျာကို
သန်လျက်နဲ့ ထွင်းထွင်းသွားကြရုံ။ ။
အိုအောင်
(၂၀၀၃)


အချစ်

ဒါဟာ
မြုံနေတဲ့ အပြုံးတွေအတွက်
တွင်းနက် တစ်ခုပဲ။
ဟောသည် ပြတင်းပေါက်က
မြင်နေရတဲ့ ကောင်းကင်ဟာ
မဖွင့်ရသေးတဲ့ ထီလက်မှတ် တစ်စောင်လို။
သေချာတာ တစ်ခုက
ဆွဲလက်စ ပန်းချီကားထဲမှာ
ကျိုင်းကောင်တွေ မပါတာပဲ။
အခန်းကျဉ်းကလေးရယ်
မင်းသိပါတယ်
အသက်ရှူရတာ မဝဘူး
လေကလည်း မသန့်ဘူး
ဒါပေမယ့်
ကမ္ဘာမြေကြီးကို ရူးရူးမူးမူး ပိုဖြစ်ရတဲ့
ထစ်အနေတဲ့ ဂီတ ဆိုတာလည်း
လူ့ဘဝမှာ ရှိပြန်သေးရဲ့။
ဥပမာ
မပွင့်သေးတဲ့ သခွတ်တွေကို
ရင်တမမနဲ့ ကြည့်နေရသလိုမျိုးပေါ့။ ။
အိုအောင်
(၁၉၉၄)


အလယ်ရိုးမ

အပင်ကသီးတဲ့ ရတနာတွေရယ်
သဘာဝကဖွားတဲ့ သားရဲတွေရယ်
တော်ရာမှာ ပျော်ရှာတဲ့ တောပန်းလေးတွေရယ်။

တောင်ရိုးပေါ်
လွမ်းစေတီလေးတစ်ဆူ
ငေးငေး ငူငူနဲ့။

ကိုယ့်ဝမ်းနာ ကိုယ်သာသိတဲ့
ပလွေးချောင်းကလေး
ငိုချင်လျက်လက်တို့ စီးမြဲ။ ။
အိုအောင်
(၂၀၀၂)


ဆောင်း

ခုနေခါ
ပုဏ္ဏကလေနဲ့
အေးစိမ့် ထုံကျဉ်မှုတို့သာ
ကြီးစိုး။

မြစ်တွေ
ပြန်လည်ပူနွေး
သွေးတိုးမယ့် ကာလအထိ
တောင့်ခံရင်း
သည်ရာသီကို လွန်မြောက်သွားရချိမ့်။ ။
အိုအောင်
(၁၉၉၀)


အသော့ အထေ့ ဝတ္ထုတချို့

ဒီကနေ့
ဘယ်သူ့ကို အချဉ်ဖမ်းရမလဲ စိတ်နဲ့
အိပ်ရာကထလာ
ကျွန်တော်လား ခင်ဗျားလား သူတို့တစ်တွေလား။

သွက်သွက်ခါကြရင်း
တစ်ခွက် ပိုမော့တဲ့ အနှမ်းတွေနဲ့
မီးကုန် ယမ်းကုန် ပျော်စရာတွေ
ဤဇမ္ဗူဒီပထဲ လက်ညှိုးထိုးမလွဲ ကျိကျိတက်။

ဘာဖြစ်လို့ ရုပ်ပျိုကိုယ်နု ဆေးရှာနေကြရသလဲ
ဘာဖြစ်လို့ သေမင်းနဲ့ မျက်နှာချင်း မဆိုင်ရဲကြသလဲ။

အဲ..ဟို ညိုပြာညက် ငါးရံ့ကိုယ်လုံးလေးတွေ စနက်လား
ဟောဒီ ကျားကျားလျားလျား ကြွက်သားတွေ ပယောဂလား
ကိလေသာ အမည်ရ ဓာတ်ဆီကတော့
ကမ္ဘာကျော် ဇစ်ပိုမီးခြစ် ကြော်ငြာထဲက အတိုင်း စွမ်းစွမ်းတမံ။

ငွေစကားပြောကြ၊ အကောက်ကြံကြ
အောက်ခြေလွတ်ကြ၊ အညွန့်ခူးကြ
ဒီပဲတွေ ဒီပုတ်ထဲ ရှိကြတာ
ဘိုးတော်ဘုရား လက်ထက်ကတည်ကများလား။

တစ်မနက်ခင်းလုံး ဘာမှ ဟုတ်တိပတ်တိ မစားရသေးဘူး
လမ်းထိပ်က ဘိန်းမုန့်ဆိုင်ကို
မမြင်ချင်ယောင်ဆောင် ဖြတ်လျှောက်လာခဲ့ရ
သူ့အဖြစ်က မနှစ်ကနဲ့ မတူဘူးလို့
ဖွတ်ကျောပြာစု မနက်ခင်းလေး တစ်ခုက
ငါ့ဝမ်းပူဆာ မနက်ခင်းတစ်ခုမှာ ခရေစေ့တွင်းကျ ဖွင့်ဟလာ။

လူ့ပြည်ဟာ တစ်ခါတစ်ခါ ပွဲစားကြီးသားအဖ နဲ့ မြမြ ...၁
တစ်ခါတစ်ခါ ကောလိပ်ကြမ်းပိုး ..၂.. ဟန်ပေါက်လို့
တစ်ခါတစ်ခါ သံဖြူဇရပ် ချွေးမှတ်တမ်း ..၃ ဆန်နေတော့ရဲ့ ။ ။
အိုအောင်
(၂၀၀၀)

ပန်းပဲဆရာ
၁။
ခင်ဗျားတို့လိုပဲ တိမ်တွေကို မော့ကြည့်ခဲ့တယ်
ဖျားတဲ့အခါ ဆေးသောက်ပြီး ချွေးထုတ်ခဲ့တယ်
အနုပညာနဲ့ မိန်းမကို စိတ်ဝင်စားခဲ့တယ်။
၂။
ခေတ်ပေါ်ကဗျာဟာ ကိုယ့်တောကိုယ်ရှင်းပြီး
ကိုယ့်အပင် ကိုယ်စိုက်ခဲ့တယ်လို့ သူကယုံတယ်
ခေတ်ပေါ်ကဗျာဟာ ကမ္ဘာကြီးကို ပိုပြာလွင်စေခဲ့တယ်လို့
သူကမြင်တယ်။
၃။
ခင်ဗျားတို့လိုပဲ အကျပ်ရိုကဖူးတဲ့ ၊ ချောက်ကျဖူးတဲ့
ခဲမှန်ဖူးတဲ့၊ သေကောင်ပေါင်းလဲ ဖြစ်ဖူးတဲ့
သူက ခုလိုပြောပါတယ်
လူ့ဘဝထဲ ကြောင်ကျမကျခဲ့တော့
နှစ်ကာလထဲ ပူအိုက်ခဲ့တော့
ကဗျာဆိုတာ သေတွင်းထွက်မှန်း သိခဲ့ရတယ်..တဲ့။
၎။
ကျွန်တော့်ကဗျာတွေဟာ
ကျွန်တော့်ပန်းပဲပါပဲ။ ။
အိုအောင်
၂၀၀၇ မတ်။
(ဒါ အလိုမပြည့်သူရဲ့ ပွဲလမ်းသဘင် ကဗျာစာအုပ် အမှာလည်း ဖြစ်ပါတယ်။)


သံတော်ဆင့်

ခံတွင်းကို သန့်ရှင်းပြီးစ
လောကကြီး တိုက်ပုံအကျီ်မဝတ်ခင်
ဤသို့ လက်တို့ချင်။
`ငွေတွင်းနက်တယ် `
သူ့မြေကျင်း အတိုင်းအတာ
အနံတို အလျားရှည်ခဲ့။

ကိုကိုမကြည့်ဝံ့ ရှန်သား ခေတ်စားစဉ်ကလို
ယားကျိကျိ လေထုမှာ မျက်စိစားပွဲထိုင်
သက်မများ ကျကွဲသံ အတိုင်းသား။

ဆည်ဝက ဗျိုင်းများ
သုံးခွက် တစ်ခွက်တင် စကားလုံးများ
ဒီနေ့လည်း နေကျဲကျဲ ပူလိမ့်ဦးမယ်။ ။
အိုအောင်
(၁၉၉၀)


မြိုင်

လေးညှို့တင်ဖို့
သမင်ကိုရှာ။

လျှိုမြောင်မှာလား
တောင်စွယ်မှာလား ။

သမင်တောက်သံ
တောလုံးညံ။ ။
အိုအောင်
(၁၉၉၄)


သမုဒ္ဒရာ ၊ ပင်လယ်၊ မြစ်

လောကဟာ
သမုဒ္ဒရာ
ဒီဖော်ပြချက်မှာ
တတိယတန်းစား ပြက်လုံးတွေ
လူပေါ် လူဇော် ပြဇာတ်တွေ
ပဋိပက္ခ မုန်တိုင်းတွေ
တစ်ပွဲတိုး အဘိဓမ္မာတွေနဲ့
ဝါကြင့်ကြင့် သမိုင်းခေတ် ရေစီးကြောင်းတွေ။

ဘဝဟာ
ပင်လယ်
ဒီ အကျယ်အဝန်းမှာ
ဆူလွယ် နပ်လွယ် အပျော်တွေ
လျှပ်ပေါ်လော်လည် မြို့ကြီး ပြကြီးတွေ
အမှန်တရား ကျောက်ဆောင် ကျောက်သားတွေ
ကံကြမ္မာ လှိုင်းတံပိုးတွေနဲ့
ကျားကုတ် ကျားခဲ တိုက်ပွဲတွေ။

ကျွန်တော်တို့ ကိုယ်တိုင်ကတော့
မြစ်တွေ အဖြစ်နဲ့ သက္ကရာဇ်တွေပေါ်မှာ
လက်စမသတ်ရသေးတဲ့ ပန်းချီကားတွေ
မခူးဆွတ်ရသေးတဲ့ သစ်သီးတွေ
မတွေ့ရှိရသေးတဲ့ သယံဇာတတွေ
မှော်မဝင်သေးတဲ့ တိုင်းပြည်ကိုယ်စီနဲ့ ။ ။
အိုအောင်
(၁၉၉၁)


ဇာတ်လမ်းပမာ

ဘဝရဲ့ အငန်ဓာတ်ထဲမှာ
မနက်ခင်း စောစော လက်ဖက်ရည် တစ်ခွက်ပါ
တေးဂီတနဲ့ ဟာဒယရွှင်ဆေးပါ
လောဘ သက္ကာယနဲ့ ကိုယ်ချင်းစာတရားပါ
နွဲ့မျိုးစုံလင် အပြုံးလေးလည်း
ရှေ့ဆုံးက ပါခဲ့တာပဲပေါ့။
ကိုယ့်သမာဓိအားကို
ဖိုထဲထည့်၊ မီးဆေးကြည့်ခဲ့ကြတယ် မဟုတ်လား။

စပျစ်သီးတွေက
ခရာတာတာ
အကုသိုလ်စိတ်က
ဝဝဖိုင့်ဖိုင့်
ဇွဲ လုံ့လ ဝီရိယတွေက
နဂိုမူလ အသွေးအသားနဲ့ ထိန်ညီး
အရုဏ်နဲ့ ဆည်းဆာက
တသသလွမ်းအောင် ဖန်ခဲ့ပြီ။

စွန့်စားခန်း၊ တင်္ခဏုပ္ပတ္တိဥာဏ်
သတ္တိ ဗျတ္တိ၊ ဘေးဥပဒ်
ပဲ့နင်း တစ်ဦးလိုလည်း နေထိုင်တတ်ခဲ့ဖူးမယ်။

ထကြွ လေးလံ
ဆူညံ တိတ်ဆိတ်ရင်း
ူသူတို့ မျှော်ကြည့်ခဲ့ကြတယ်
ရေကြည်ရာ မြက်နုရာ ..။ ။
အိုအောင်
(၁၉၉၆)


ဖြစ်တည်မှု

ကျွန်တော်က
သဘာဝတရားရဲ့ ယန္တရားဆန်မှုကို
စိတ်ဝင်စားကာ
အသက်ဓာတ်ရဲ့ ခမ်းနားထည်ဝါ မြင့်မြတ်ပုံကို
ယုံကြည်သက်ဝင်သူပါ။

အတွေးအမြင်များ
စိတ်လွတ်လက်လွတ် သွားလာနေထိုင်ခွင့် ရသမို့
ကဖေးဆိုင် ယဉ်ကျေးမှုကို
တပ်မက်ရ။

ဆားငန်နံ့သင်းတဲ့
ကမ်းခြေရဲ့ လေအေးကို
အဲဒီမှာပဲ လက်လီလက်ကားရတာကိုး။

ပိုက်သာဂိုရပ်(စ)
ပေါမက္ကတ်နေး
ဂျေဒီဆလင်းဂျား
ဘယ်သူဘယ်ဝါမဆို
ကိုယ်ပိုင် သီးခြား စကြဝဠာ တစ်ခုစီ
ရှိမြဲ မဟုတ်လား။

ပေါက်ကွဲမှု အားကောင်းသော ကဗျာ
ဂန္ထဝင် ခေတ်ပေါ် ဂီတနဲ့
လေးနက်သော တိတ်ဆိတ်မှုမှာ
ကျွန်တော့် အသက်ရှူသံ ကျန်းမာကြံ့ခိုင်လို့။

စုမိတိုင်း ပြောဖြစ်ကြတာက
နိုင်ငံတကာ အတိုအထွာ
မြို့အထက်က ထူပိန်းပိန်းမိုးသား
အုံ့ပျက်ပျက် နေ့လည်ခင်းများနဲ့
ကောက်ပဲသီးနှံများရဲ့ ပဋိသန္ဓေနေ့ရက်များ
အကြောင်းပါပဲ။

ကျွန်တော့်ကမ္ဘာမှာ
နေကြာရိုင်းတွေ ပွင့်နေခဲ့ပြီ
မြစ်တစ်မြစ် ခရီးဆက်နေခဲ့ပြီ
ကြယ်တာရာတွေ ကွန့်မြူးနေခဲ့ပြီ။ ။
အိုအောင်
(၁၉၉၄)


၁။ ပီမိုးနင်း ဝတ္ထု
၂။ ဇဝန ဝတ္ထု
၃။ လင်းယုန်သစ်လွင် (ကိုယ်တွေ့ ချွေးတပ် မှတ်တမ်း)

ကျွန်မချစ်သော ကဗျာများ

Sunday, March 20, 2011

ကျွန်မချစ်သော ကဗျာများ

တစ်စုံတစ်ခုသော စိတ်အနှောက်အယှက်ဖြစ်စရာကြောင့် ဒီနေ့ ကျွန်မ ကဗျာတွေပြန်ဖတ်ဖြစ်တယ်။ သိမ်းထားတဲ့ မှတ်သားထားတဲ့ ကဗျာတွေကို ပြန်ဖတ်ရတာ ပျော်စရာပါပဲ။ မိတ်ဟောင်းဆွေဟောင်းတွေ ပြန်တွေ့ရသလိုပဲ။ မနက်ဖြန်ကလည်း ကမ္ဘာ့ ကဗျာနေ့ ဖြစ်နေတဲ့အတွက် ကဗျာတွေကို ခပ်သွက်သွက်ပဲ ကောက်ရိုက်လိုက်မိတယ်။ တချို့ကဗျာတွေက မကြာခဏ သတိရနေမိတတ်တဲ့ ကဗျာတွေ၊ တချို့ကဗျာတွေက ပြန်ဖတ်မိတိုင်း မရိုးနိုင်တဲ့ ကဗျာတွေ၊ တချို့ကဗျာတွေက စိတ်နဲ့တိုက်ဆိုင်နေတဲ့ ကဗျာတွေ … ခင်ဗျားတို့ သင်တို့ အားလုံးရဲ့ စိတ်တွေနဲ့လည်း တိုက်ဆိုင်နိုင်ပါစေ။

မနော်ဟရီ


ကျွန်တော့် အကြောင်းအရာများ


ကျွန်တော့် အရပ်ထက်မြင့်သော မိုးဥတု

ကျွန်တော့် ပတ်ဝန်းကျင်တစ်ခုလုံး

လေချွန်သံတွေ စိမ်းစိမ်းစို

ကျွန်တော် တွယ်ကပ်နေသော သစ်ပင်မှာ

လုံခြုံရေးမရှိ ..

ကျွန်တော့်အပေါ် ၉၀ ဒီဂရီ

ကျဲကျဲတောက် ဆက်ဆံရေးများ

ကျွန်တော့်ခေါင်းကို ရိုက်ခွဲဖို့

လူစုနေတဲ့ လောကဓံ

ကျွန်တော့် မွေးမြူရေးခြံထဲ၌

ပုတ်သင်ညိုများ မပါရှိခဲ့

ကျွန်တော် ဖောဖောသီသီ စုဆောင်းထားနိုင်သော

ဒုက္ခနှင့် ဒဏ်ရာများ

ကျွန်တော့်အတွက် မြင်မကောင်းအောင်

ဈေးကွက်ကျဆင်းနေဆဲ

ကျွန်တော်နဲ့ သုခမြို့တော်

ကျွန်တော်နဲ့ ချောက်ကမ်းပါးကြီးထဲက လူသားများ

ကျွန်တော်ရဲ့ ဟာမိုးနစ်များ ရစ်သမ်များ

ဂျင်းဘောင်းဘီများ

ကျွန်တော့်မျက်လုံးကြောင်ရက်များက

-၂၈၊ -၃၀၊ -၃၁

ကျွန်တော် အိပ်ပျော်မယ် ကတိထားတိုင်း

ငှက်ဆိုးအော်သံကို တက်နင်းမိ

ကျွန်တော် ရေတံခွန်ဝယ်ပြီး ဖွင့်နားထောင်တိုင်း

ခိုတစ်ကောင်ကိုကြားရ

ကျွန်တော်ဟာ

လူပြောသူပြောများလှတဲ့ နှံကောင်

ကျွန်တော့် ဆောင်းရာသီအတွက်

ကျွန်တော့်ရိက္ခာမှာ ပန်းချီကား

တေးဂီတနှင့် စာအုပ်များ။

ကျွန်တော်ဟာ ကန်းထရီးစတိုင်များကို သဘောကျသူ

ကျွန်တော်ဟာ ညံ့သောကောင်းဘွိုင်

ကျွန်တော့်ကို မြိနေအောင်

ဝိုင်းသွေးကြသူများမှာ ဝဝပြဲပြဲမြို့ကြီးများ

ကျွန်တော့်ဆီ အချိန်မတော်လာနေကျ

အန္တရာယ်ကိုယ်ငွေ့မှာ ၄၊ ၃၊

ကျွန်တော့်ကိုယ် ကျွန်တော်

ဒိုင်နိုဆော တစ်ကောင်လိုဖွဲ့စည်းထားခဲ့ပြီး

ကျွန်တော် ဆော့ခရတ္တိနဲ့ ရှယ်ရွန်စတုန်းကို တွဲပြီး

ရုပ်ရှင်တစ်ကားရိုက်မယ်

ကျွန်တော့် အိပ်မက်တွေ

လူမြင်တိုင်း လိုက်ဖွင့်ပြပေးနေဆဲ

ကျွန်တော့်လက်ကောက်ဝတ်ပေါ်မှာ

သွေးစုပ်ဖုတ်ကောင် စောင့်ကြပ်လို့နေဆဲ

ကျွန်တော် ပန်းတစ်ပွင့်ပေါ်ဆင်းမယ်

ရာဇဝင်ထဲက ယောကျာ်းတွေဟာ

နတ်သမီးလိုလှခဲ့ကြောင်း

ပြန်ပြောင်းတွေးနေမိရင်း လက်စနဲ့

ကျွန်တော် ပန်းတစ်ပွင့်ပေါ် ဆင်းတော့မယ်

ကျွန်တော့်ကိုယ်ထဲ ကျွန်တော်

ပြန်မဝင်မိခဲ့ခင် အဖြစ်အပျက်များ


ခရမ်းပြာထက်လူ

ရနံ့သစ် မဂ္ဂဇင်း


အိမ်ရနံ့သီချင်း

ကျွန်တော် ကြယ်တွေကို လှမ်းပြီး အိမ်ပြန်လမ်း မေးမိတယ်

သူတို့ရယ်တယ် ကျွန်တော်လည်း ရယ်တာပေါ့ …

ကျွန်တော် ဘယ်နာရီမှများ အဖျားပျောက်မလဲ မေးမိတယ်

သူတို့ငိုတယ် ကျွန်တော်လည်း ငိုတာပေါ့ ..

နာရီစင်ကြီးရှေ့ ပလက်ဖောင်းစင်းစင်းလေး တစ်လျှောက်

ကားမီးလုံးတွေ ရွတ်ဆိုမိရင်း

ဘယ်မိုင်တိုင်များ ဆိုက်ကပ်နေပြီလဲ မီးလုံးစိမ်းစိမ်းလေးရယ်

အလွတ်ရဟွန်းသံကျယ်ကျယ်မှာ မီးမညှိနိုင်သေးခင်

ကျွန်တော် ထမင်းဆာလို့ မရဘူး။

သြော်

နာကျင်ဖွယ် မိုင်ငါးဆယ်ခရီးမှာ

ဘယ်နူးညံ့မှုနဲ့မှ သာယာသံမမြည်နိုင်ခဲ့ဘူး

သားလေးရယ် သားလေးမေမေရယ်

ဖရိုဖရဲဆွဲခြင်းလေးနဲ့ ပွင့်လာမှ

အိမ်ရနံ့သီချင်းများ ဆင်းလာကြလိမ့်မယ်။


ခိုင်မြဲကျော်စွာ

၂၀၀၁၊ ဧပြီ၊ စတိုင်လ်သစ်


ဂျွန်လင်နွန် ထက်လူသိပိုများတဲ့ နွေရာသီ


ကျွန်တော်ဟာ နေပူထဲ ဖိတ်ကျနေတဲ့ မေမေ့ရဲ့ အရိပ်ကလေးပေါ့

ကျောက်ဆောင်ကို ရိုက်ခွဲနေတဲ့ လှိုင်းလုံးတွေလို

ငါ့ကို ရိုက်ခွဲနေတဲ့ နေရောင်ခြည်

ငါ့သွေးထဲ ပြေးဝင်လာတဲ့ တောမီး

လျှပ်စီးလက်သလို

ငါ့ဆီမှာ ထစ်ခြုန်းပစ်လိုက်ချင်တဲ့ လမ်းမ

ခိုတွေကောက်နေတဲ့ ပဲစေ့မှာတောင်

တံလျှပ်ရဲ့ ကိုယ်ငွေ့တထောင်းထောင်းကို ကြားရတယ်

နေကြာပန်းခင်းကြီး တစ်ခုလုံး ခေါင်းငုံ့သွားအောင်

လူသိများတဲ့ နွေရာသီပါ

မာဆိုးနဲ့ တည့်တည့်

နေ့လည်ခင်းထဲ လင့်နေတဲ့ သေနတ်တစ်လက်

ပြီးတော့ ပွင့်ထွက်သွားတဲ့ ကမ်းခြေ

စိန်ခေါ်နေတဲ့ အသံထွက်နဲ့

ကမ္ဘာမြေပေါ် ခုန်ချနေတဲ့ သစ်ရွက်ကြွေ

ဘယ်စိတ်လေ စိတ်လွင့်ကိုမှ အရိပ်အာဝါသက ခူးမစားချင်ဘူး

ဆည်းလည်းသံကလေး ထိမှန်လိုက်မှ

ငြိမ်းအေးသွားမယ့် သတ္တဝါအတိုင်း

ဖုန်ထူသော လမ်းကလေး သွေးဆောင်ရာ

စမ်းချောင်းကလေးလို တသွင်သွင်လှမ်းခဲ့

ထုံးဖြူဖြူနဲ့ စေတီကလေးဆီ ..။


မောင်ဖီလာ


ကြောင်ရဲ့ ပီယာနို


(၁)

အမှောင်ထဲကို

ကြောင်တစ်ကောင် ထွက်ပြေးသွားတယ်။

(၂)

မိုးကောင်းကင်ဟာ

မာယာတွေနဲ့

မှောင်လို့။

(၃)

ရာသီဥတုရဲ့ ရွဲ့စောင်းမှုကို

ပီယာနိုနဲ့ ခပ်လျော့လျော့သူတီးတယ်။

(၄)

အဲဒီ

ကြောင်ဟာ

မြို့ပြရင်ဘတ်ကြီးပေါ်မှာ

အသံတိတ်ဆူညံပေးခဲ့တယ်။

(၅)

အရည်ပျော်နေတဲ့ တိမ်တိုက်တွေဟာ

စိမ်းလန်းနေတဲ့ ဒဏ္ဍာရီ

ကောင်းကင်စားပွဲတစ်ခုနဲ့ပေါ့။

(၆)

အမှောင်ထဲကို

ကြောင်တစ်ကောင် ထွက်ပြေးသွားခဲ့တယ်။

(၇)

အမှောင်ထဲကကြောင်

သဟာ အမှောင်ထဲကို ထွက်ပြေးသွားပေါ့။


မြေချစ်သူ

၁၉၉၅၊ သြဂုတ်၊ တေးကဗျာ


ကိုယ်ရေးကိုယ်တာ လွမ်းဆွတ်မှု


သရေနဲ့ကျက်ထားတဲ့

မျက်နှာနဲ့ကောင်ပါ …။

အမှောင်တွေ

ညနေခင်းထဲ ခုန်ဝင်လာသလို

ဒူးရင်းဆူးလို လောကဓံတရားတွေ

ငါ့ဘဝထဲ ခုန်ခုန်ဝင်လာခဲ့ …။

နှလုံးခုန်သံမှာ

သွေးစိမ်းရှင်ရှင်

ကယ်တင်ရှင်ရဲ့ အဝေးက အော်သံ

ကိုယ့်အသားကို

ငါးဖယ်လိုခြစ်ပြီး ချိုခဲ့ရ ..။

ဒီလို

ဒုလ္လဘလေးမှာ

ချစ်သူမျက်နှာပေါ်

ဘယ်သူများ လရဲရဲသာရဲသလဲ …။

နီးရက်နဲ့ ဝေးဝေးနေရတဲ့

အို… အမှန်တရား

ငါ့ရင်ထဲ ခုန်မောင်းဝင်လာပါတော့ …..။


အောင်ဘညို

၂၀၀၀၊ စတိုင်လ်သစ်


ကြယ်လွဲမိုး


အဝေးကိုစီးဖို့

မြစ်ရဲ့ ခြေအစုံကို တောင်းပန်

ကောင်းကင်တစ်ခုပြီး တစ်ခုဖတ်ခဲ့။

ဘယ်တော့များ

ကြယ်ကိုစိုအောင် ရွာမှာလဲ

စကြဝဠာ ကျစ်ဆံမြီးထဲ

ပွင့်ချင်တိုင်းပွင့်

လှချင်တိုင်းလှ ကြယ်မလေးရေ …

ငါ့ကောင်းကင် လက်တစ်ဆုံးတောင်

မင်းပုန်းနေတုန်းပဲလားကွယ့်

အာသီသတွေသာရှိပြီ

သင်ယူလို့မရတဲ့ မိုးဟာ ငါပဲပေါ့ ..။


တိုးနှောင်မိုး

၂၀၀၁၊ စက်တင်ဘာ၊ဗျူတီ


ပြာသိုလပြည့်များ


မေမေ့မေတ္တာ လေးအညှို့မှာ

(ကျွန်တော်) သမုဒယမြားလေး ကံခေပုံ

ပစ်မှတ်ကတခြား ထိဆုံမှတ်က တခြား

လမ်းကြောင်းလွဲမှားခဲ့တဲ့ မြားလား ။

သစ်ပင်တိုင်း မမြင့်မားနိုင်တော့လည်း

အရပ်က စိတ်တလျား ရှည်တာတောင်

အသံက ပြာခဲ့တုန်းပါပဲ မေမေ။

မေမေ့မိုးတွေ ဝါးလုံးထိုးရွာမှ

ကျွန်တော်ပက်ကြားအက်ကလေး စေးကပ်စိုမြတတ်ရုံ

ဆွေပြတ်မျိုးပြတ်နဲ့

မေမေ့မေတ္တာ မငတ်ရင် တော်ပြီဆိုတဲ့ကောင်

ကြက်မကြီးက ရင်အုပ်ထဲ ဆွဲသွင်းလိုက်တိုင်း

ထီမထင် ရိုင်းပြတတ်တဲ့ ကြက်ကလေး

မေမေ့သားမြတ်အစုံကို ခြေထောက်နဲ့ စုံကန်ခဲ့ဖူးပြီ

အဲသလိုပဲ သူရဲကောင်း ကဗျာဆရာက ငိုတယ်မေမေ။

စိတ်ကလေးက ခပ်တိုတို ကိုယ့်ထွက်ပေါက်နဲ့ကိုယ်

လွတ်မြောက်စွာ နေလိုတဲ့ကောင်

မေမေ့ချိုမြမှုတွေကို အဝိဇ္ဇာတွေနဲ့ ခွေးလို ထိုးဟောင်ခဲ့သူ

ကရုဏာ အသံကို ဒေါသအဟုန်နဲ့ မာန်ဖီနေခဲ့သူ

အမေ့ဖြူစင်မှုတွေကို ကျွန်တော့်အတ္တနဲ့ စွန်းထင်းစေခဲ့သူ

လူဖြစ်လျက်နဲ့ လူလားမမြောက်နိုင်ခဲ့သူ

ဒါနဲ့ပဲ မေမေ့မျက်ရည်တွေ ပူပေးခဲ့ရတယ်

သူရဲကောင်းဆိုတဲ့ ကောင်ကလည်း ငိုတယ်

ကဗျာဆရာဆိုတဲ့ကောင်ကလည်း ငိုတယ်

ကျွန်တော်ကလည်း ငိုတယ်

ဟောဒီမှာ ပုလဲပွင့်တွေ ပြာသိုလပြည့်နဲ့ ရောပြီး

သရဖူလေးတစ်ခု ထုဆစ်ထားတယ်။

မေမေ့ဆံနွယ်ဖွေးဖွေးမှာ ဆင်မြန်းပေးဖို့ မဝံ့ရဲနိုင်ခဲ့ပြီ။


တီကျူး

၂၀၀၂၊ စက်တင်ဘာ၊faces magazine


စုန်ရေ ၂၁


(၁)

ရာဇဝင်တီးလုံးတွေဟာ

အဇာတသတ်ကို နင်းကြိတ်ခဲ့ ….

တရားခံရှေ့နေမပါတဲ့ ခုံရုံးမှာ

ခင်ဗျားတို့ မျက်လုံးတွေက တရားစွဲ

သားသမီးတွေရဲ့ အသည်းကို

သံသယအိတ်ထဲစွပ်

အတက်ချွန်တွေနဲ့ခွပ်ခဲ့ပေါ့ …။

(၂)

ငြင်းလိုက်မယ်ဗျာ

သံခြေကျဉ်းသံဝဲနေတဲ့

ယပ်လှဲတရားတွေအတွက်

ဆံပင်ဖြူပေါက်နေတဲ့

လက်ညှိုးငေါက်တောက်တွေအတွက်

ပြီးတော့

တုပ်ကွေးမိ အားပြတ်နေတဲ့

အနာဂါတ် သန္ဓေသားအတွက် …

(၃)

ပြောပါ

အဇာတသတ်နောက်မှာ

ဘယ်သူပါသေးလဲ

လေးမနှုတ်လောက် ခြောက်လာ

ရွတ်နေစရာမလို

လက်နဲ့ခြေပေါင်း

အချောင်းနှစ်ဆယ်အပြင် မပိုဘူး။

(၄)

ချိန်ခွင်ပေါ်ထားပြီး

ချိန်ရဲသလား ပြောပါ။

ပစ္စက္ခဟာ ပေတံတစ်ချောင်းပေါ့

သင်ကောင်းကောင်း တိုင်းတာနိုင်တယ်

မိုင်တိုင် ၂၁

တိုးတက်ခေတ်တစ်ခုရဲ့

ဆေးဝါးတွေကြား

မရေမတွက်နိုင်တဲ့ သား များစွာ

မိဘတို့ရဲ့ သတ်ခြင်း ခံနေရရှာရဲ့ ..။


မင်းခိုက်စိုးစန်

ရာစုသစ်မြင်းရိုင်းများ

ဆေး(၂) ၁၉၉၁


အနာဂတ်သို့ ဆုတ်ခွာခြင်း


သွေးရူးသွေးတမ်းတွေ

ငါ့ဆီက မမျှော်လင့်ပါနဲ့တော့ ။

မင်းနှလုံးသားဆီ အရောက်လာဖို့အတွက်

အခက်ခဲဆုံးလမ်းကို ရွေးချယ်ခဲ့သမို့

ငါဟာ

စစ်သူကြီး ဟန်နီဘောလည်း ဟုတ်ရဲ့။

မစိုက်ပျိုးရသေးတဲ့

မျိုးစေ့တွေကို စောင့်ရှောက်သလိုမျိုး

ဘဝရဲ့ တန်ဖိုးတွေကို သယ်ဆောင်ပြီး

ငါရောက်လာခဲ့ပေါ့။

အမှန်တရားရဲ့နောက်

ဒုတိယမြောက်ကျဆုံးသူဟာ ငါပါ။

ဒိုင်နိုဆောတွေ

ဘာကြောင့်မျိုးတုံးခဲ့ရတယ်ဆိုတာကို

လူတွေ အငြင်းပွားနေရသလိုမျိုးပေါ့လေ ။

ကမ္ဘာမြေပေါ်က

မသိမှုအားလုံးကို တင်စားဖို့

ငါ့ကို မွေးဖွားခဲ့သတဲ့ ။

တကယ့်ကို ပါးပါးလွှာလွှာလေး လွဲချော်ခဲ့တာပါ

ဒါနဲ့ပဲ တို့ တစ်ဘဝလုံး ဝေးခဲ့ကြရ။

အနာဂတ်ဟာ

ဘယ်တော့်မှ ငါ့ဆီကိုရောက်မလာနိုင်တော့ဘူး

ငါ့အချစ်ဟာ

လူ့သမိုင်းရဲ့ ဘယ်လိုခေတ်မျိုးမှာမှ

အစားထိုးလို့မရတဲ့ ကောင်းကင်ဆန်မှု မျိုးပါ။

စက်ဝိုင်းလို ပျံသန်းနေတဲ့

အချိန်တွေရဲ့ လောင်ကျွမ်းခြင်းထဲမှာ

မရေရာတဲ့ တန်ဖိုးတွေအတွက်

မရေရာတဲ့ ဘဝတွေကို ပေးဆပ်ရင်း

မင်းနဲ့ငါ ဝေးကြရပြီလား ။

မခိုင်မာတဲ့ထိပ်ဖျားပေါ်မှာ

ပြောင်းပြန်လှန်ပြီး စိုက်ထားတဲ့

ပိရမစ်ကြီးတစ်ခုလို

တစ်ဘိုင်းဘိုင်းလဲကျ

သုညကို စက်ဝိုင်းနဲ့ လွဲမှားခဲ့သူပါ။

ဇာတ်သိမ်းခန်းမှာတော့

ပင်လယ်ကမ်းခြေအတုတစ်ခုမှာ

ရမ်ပုလင်း အစစ်တစ်လုံးကို

မော့သောက်ပစ်လိုက်ရဲ့ ။


ပိုင်စိုးဝေ

(ပန်းနုရောင် ဆံပင်များ၏ ချည်တိုင် …မှ..)


ကြေးဝါသော့


ကြေးဝါသော့

ခုပြောနေတာက

တွေ့ကရာ

အနက်အဓိပ္ပာယ်မှန်သမျှ

ဖမ်းယူမျိုချ

အငမ်းမရနဲ့

ဆွဲအားပြင်းထန်လှတဲ့

ဦးနှောက်ကြီးတစ်လုံး အကြောင်းပါ။

ကတ္တရာလမ်းပေါ်မှာ

တဖျစ်ဖျစ်မြည်လို့

အေဒီသက္ကရာဇ်ထဲမှာ

လူတချို့ သူ့ကို တွေ့ရှိခဲ့ကြတယ်။

ပညာရှင်အကြိုက် အမှိုက်တွေ

ခပ်များများ

ဒီလို နားလည်ထားနှင့်ပါစို့။

ဘုရားသခင်အတွက် တစ်နေရာ

အကြိမ်ကြိမ်လှဲကျင်းထားတဲ့

ပထမအကန့်ထဲမှာ

ကြေးဝါသော့ တစ်ချောင်း

ဦးခေါင်းခွံထဲမှာ

နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့ရဟန်တူတဲ့

အနက်အဓိပ္ပာယ်များ

၁။ ရွှေဒင်္ဂါး

၂။ ကျွန်တော်အရမ်းဖျားနေတယ်

၃။ အဖဘုရားသခင်

၎။ သွေးပျက်ချင်ဖွယ်မိန်းမ

၅။ အမြုပ်တစီစီထနေတဲ့ ဝိုင်ပုလင်း

၆။ သူငယ်ချင်းများ

၇။ ဘရိတ်ဓားတွေ

၈။ မြွေဟောက်တစ်ကောင်

၉။ အောင်မြင်မှု

၁၀။ အတုလုပ်ထားတဲ့ နံနက်စာ

၁၁။ မိမိကိုယ်ကို မုန်းတီးရေးဝါဒ အစရှိတာတွေ

အနက်အဓိပ္ပာယ်တွေဟာ

အနက်အဓိပ္ပာယ်ချင်းလဲလှယ်ကြ

ထပ်ပြီး အနက်အဓိပ္ပာယ်ချင်းလဲလှယ်ကြ

ပညာရှင်တွေက မှတ်ချက်ချတယ်

င်္ အို အဖ ဘုရားသခင်

(နှစ်ပေါင်းများစွာ)

ကြေးဝါသော့ဟာ

အဲသလို တချွင်ချွင် မြည်ခဲ့ဟန်

တူပါတယ်။


နေမျိုး

(ပန်းနုရောင် ဆံပင်များ၏ ချည်တိုင် …မှ ..)


အနမ်း


မျက်လုံးမှိတ်ထားတဲ့ အခါမှာပေမယ့်

တို့ မြင်တွေ့ကြတယ်

မူးယစ်စေတတ်တဲ့ အချိုရည်တစ်ခုကို

စုပ်ယူသလိုမျိုး

ဘာတစ်ခုမှ မယူလို။

ကျောချင်းထိကပ်ထားတဲ့ အခါမှာပေမယ့်

တို့ မြင်တွေ့ကြတယ်

အရိုင်းဆန်တဲ့ သန်မာခြင်းတွေ

တုပ်နှောင်ထားသလိုမျိုး

ဘာတစ်ခုမှ မရလို ။

ဒါ ဘယ်သူ့လက်တွေဲ

ဒါ ဘယ်သူ့ မျက်လုံးတွေဲ

တို့ ခွဲခြားဖို့မလို။

ခန္ဓာကိုယ်တွေဟာ မာကြောမှာပဲ

မင်းဝင်ရောက်လာတယ်

ငါက ငြိမ်သက်

ငါ ဝင်ရောက်လာတဲ့အခါ

မင်းက တိတ်ဆိတ်လို့ … ။

လင်းတည်ဦး

ရည်းစားစာ

ကျွန်တော့်ရဲ့

မခင်သစ်ပင်။

အချစ်ဆိုတာ ပွဲလမ်းသဘင် ဖြစ်ရင်

ကျွန်တော်နဲ့ မခင်သစ်ပင်ဇာတ်မှာ

ဘယ်သူကန့်လန့်ကာလဲ

တောတောင် လျှိုမြောင်ပိတ်ကားရှေ့

ကျွန်တော် အော်ခေါ်နေတာ

အနှစ်သုံးဆယ်။

မခင်သစ်ပင်

ဇာတ်လမ်းအရ ငိုချင်လဲငိုရမယ်

ပျော်ချင်လည်း ပျော်ရမယ်

ကျွန်တော် တယောမထိုးတတ်ဘူး

ရောမမြို့ကြီး မီးလောင်ရင်လည်း

ကြည့်မနေနိုင်ဘူး

ကျွန်တော်ဟာ သာမန်လူဖြစ်ပြီး

ကျွန်တော်ဟာ ချစ်တတ်လို့။

မခင်သစ်ပင်

ကျွန်တော်တို့ နှစ်ယောက်ကြား

ဘာကြောင့် ဘာသာပြန်ခေါ်ထားသလဲ

ကျွန်တော်က ချစ်ခြင်းမေတ္တာကို အမှီအခိုကင်းချင်တယ်

ခင်ဗျားက ရင်ခုန်သံကို ဈေးကြီးကြီးရချင်တယ်

မုဆိုးတစ်ပိုင်း မိန်းမရိင်းတွေဘာတွေလဲ

ခေတ်မရှိတော့

အင်ကြင်းပင်ကလည်း ရှာရခက်တယ်။

ကျွန်တော့်ရဲ့ မခင်သစ်ပင်

မခင်သစ်ပင် ပွင့်ပြမှာလား

ကျွန်တော် ခုတ်ပစ်ရမှာလား

ဒါမှမဟုတ် ဘုရားမှာ လှူမလား

ကျွန်တော်နဲ့ ခင်ဗျားကြားမှာ ပန်းတစ်ပွင့် ခြားနေတယ်။

ဝင်းမြင့်

ဒဏ်ရာ

လမ်းလျှောက်ဖို့သင်ပေးရင်း

ဘာလို့

ခေါင်းညိမ့်တတ်ခြင်းနဲ့

သားရဲ့လမ်းကို

ကျဉ်းပေးခဲ့တာလဲ။

ယုံကြည်ချက်စာအုပ်ဟောင်းနဲ့

ဘဝကျောင်းတက်

ကန့်ကွက်မျက်ဝန်းတွေက

သားဖိနပ် ဟောင်းလွန်းသတဲ့လေ။

ကျယ်ပြန့်ခြင်းတဲ့

ဟင့်အင်း

ရှုပ်ထွေးနေတာ ..

ဒါပေမယ့်

သားလှည့်ပြန်ခဲ့ရပါတယ် အမေ ။

အောင်

အမေနဲ့သား

ကမ္ဘာကြီးကိုသာ

သံယောဇဉ်တစ်ပင်လောက်

ချည်နှောင်လိုက်

ကျောက်ချရပ်တံ့သွားမှာ။

အမေရယ်

ဟိုး အဝေးဆုံးနယ်မြေအထိ

တွယ်ငင်နေတဲ့ ကြိုးတစ်စ

ခပ်တင်းတင်း ရစ်ပတ်စမ်းပ

နောက်ဘဝတွေမှာ ဆုံရအောင် ။


အောင်


အရေးကြီးတဲ့စကား


ညကျရင်

အိပ်မက်တွေက မွှေးပျံ့နေပြီး

နေ့ဆိုရင် လူတစ်ကိုယ်လုံး ချွေးစော်နံနေတာပဲ

မြို့လယ်ခေါင်မှာ

တိုက်တွေ ထိုးထိုးထောင်ထောင်နဲ့

လမ်းလယ်ခေါင်မှာ ကားဟွန်းသံတွေ ကျယ်လောင် ကျယ်လောင်နဲ့

ပလက်ဖောင်းပေါ်မှာလဲ

အရောင်လွင့်မျက်လုံးတွေ အသံတိတ် စီးမျောလို့

ကျွန်တော်နဲ့

အိပ်ဆေးရောင်းတဲ့ဆိုင်လည်း ရန်ဖြစ်ရ

သူက ကျွန်တော့်ကို

အိပ်မက်ထဲက ပန်းခြံမျိုး

အပြင်မှာ စိုက်ပျိုးချင်ရကောင်းလား တဲ့ဗျာ။

ခင်ဗျားလဲ

တစ်ဆင့်စကား ပါးလိုက်ပါ

ကျွန်တော့် အရေအတွက်ကို ဖြည့်ပေးဖို့။


ဝေးခေါင်

၁၇၁၀၉၆


ပကတိ


သောင်စပ်မှာ

မောင့်နာမည် နှစ်လုံးကို

ရေးမှတ်ထားတယ်။

ခဏအကြာ

ပင်လယ်ဝကလာတဲ့ ရေတွေ

မသိဟန်ဆောင်ပြီး

ခိုးယူနေကြ

ဝမ်းနည်းမှုတွေမျိုချ

တစ်ခုသတိရမိ

အမှန်တရားမှာ

ခြေထောက်ပါစရာမလိုဘူး…တဲ့

အဲဒီလှိုင်းလူးတွေနဲ့

ဘယ်တော့မှ ရန်မဖြစ်တော့ဘူးမောင် ..။

မိကောက်

ဖယောင်းတိုင်မီးများ

လေဟာ

လှောင်ရယ်ခြင်းနဲ့ ဘဝကို စတယ်။

အခန်းထဲမှာ

မမြင်ရသော မီးခိုးငွေ့တွေက

ကင်းခြေများတစ်ကောင်ရဲ့ ခြေရာတွေလို

ယောက်ယက်ခတ်နေတယ်။

ချောကလက်အရသာ မခံစားတတ်တဲ့

လပြည့်ညကိုပဲ စိတ်လေတယ်။

မေတ္တာထားသိုတာ ညံ့ရင်

လူ့ဘဝ အဓိပ္ပာယ်မဲ့တယ်

ပြတ်သားမှု မရှိဘူး

ကိုယ်ဟာ မေတ္တာငတ်နေတဲ့ မီးတောက်။

ဖန်ခွက်ချင်းထိခတ်လိုက်ရုံနဲ့

ရုပ်ရှင်လက်မှတ်နှစ်စောင်က

စိတ်ချင်းဆက်သွားရောလား

လပြည့်ညကိုပဲ စိတ်လေတယ်။


မျိုးနေနွယ်


ရှင်ကွဲ


ငါတို့ရှေ့မှာ

ရထားဟာ ခါတိုင်းထက် ပိုမိုရှည်လျား

ဥသြဆွဲသံများကလည်း

ဖွာရရာ ထစ် ချုန်း ပြတ် တောက် ကျနေခဲ့။

နှုတ်မဆက်မိရင်လည်း အကောင်းသား

နှုတ်ဆက်လိုက်ကြတော့

ဘူတာဟာ

အဝါဖျော့ဖျော့နဲ့ ဂူသချိုင်္င်း ဆန်လာ။

ကံကြမ္မာက

မျဉ်းတစ်ကြောင်းတည်းပေါ်မှာ

ခွာလေးဘက် မရပ်နိုင်ခဲ့ဘူး။

ဘယ်သူ့ကိုမှ မပြောနဲ့

ဘယ်သူ့စကားကိုမှ နားမထောင်ဘူး

မြေလို ပင်လယ်လို အက္ခရာတစ်လုံးနဲ့

ငါတို့ ဆက် ချစ် နေကြဦးမယ်။

မမေ့ဘူးကွယ်

ဘယ်တော့မှ မမေ့ပါဘူး

ရက်စက်သွယ်ပျောင်းတဲ့

မီးခိုးလက်ချောင်းတွေက

ငါတို့ကို အပွင့်ခူးချိန်။

ရထားဟာ

လောက လူရိုင်းရဲ့ မှုတ်ပြောင်းဝကနေ

အဆိပ်တွေနဲ့

တုန်ယင်စွာ လူးလွန့်ထွက်ခွာခဲ့ရပေါ့။


တာရာမင်းဝေ

၁၉၉၅၊ ပန်းဝေသီ၊ သြဂုတ်


မိုးတိမ်များ


သူတို့ သိပ်ပြီး ပေါ့ပါးကြတယ်

သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ

ဘာအနှောင်အဖွဲ့မှ မရှိ

သူတို့ သိပ်ပြီး အေးချမ်းကြတယ်

သူတို့ရဲ့ လမ်းခရီးမှာ

မြေမြှုပ်ဗုံးတွေနဲ့ ထောင်ချောက်တွေ မရှိ

သူတို့ သိပ်ပြီး လွတ်လပ်ကြတယ်

သူတို့ရဲ့ ကောင်းကင်မှာ

စစ်ပွဲတွေနဲ့ ရေးဆွဲထားတဲ့ နယ်ခြားမျဉ်းတွေမရှိ

ကမ္ဘာမြေရဲ့ ရှုမျှော်ခင်းတွေကို ကြည့်ရင်း

ကောင်းကင်ယံမှာ သူတို့ လမ်းလျှောက်ကြ

လှပနေကြရဲ့

တချို့သော နေ့ရက်များ

တစ်ခါတစ်ရံတော့

သူတို့ရဲ့ ခန္ဓာကိုယ်တွေ မည်းညစ်သွားကြ

ကမ္ဘာမြေပေါ် လွင့်တက်လာတဲ့

ဒုက္ခရဲ့ မီးခိုးငွေ့များနဲ့

ပြီးတော့ မိုးစက်တွေကို ရွာချရင်း

သူတို့ ငိုကြရတယ်

ကမ္ဘာမြေပေါ်က

သွေးပျက်စရာ ရှုမျှော်ခင်းများအတွက် ..။


မြင့်မိုးအောင်

၁၉၉၅ သရဖူ


ဆိပ်ကမ်း


ပင်လယ်တစ်ခုလုံး

လှိုင်းတွေမရှိ

စပယ်ပန်းတွေ အပြည့်။

သက်တံလှေက

ကမ္ဘာ့ရေမြေ တောတောင်မကျန်

ချစ်ခြင်းမေတ္တာကို တင်ဆောင်။

ဆိပ်ကမ်းမှာတော့

အမုန်းမရှိ

စစ်ပွဲမရှိ

တရားရပြီးမှ

ထပ်မံငြင်းခုန်စရာ

တရားမရှိ။


သုခမိန်လှိုင်

၁၉၉၅၊စက်တင်ဘာ ပန်းဝေသီ


နွားကျောင်းသား


တမျှော်တခေါ်

ကွင်းပြင်ကြီးထဲ

ရွှင်မြူးဖွယ် နေ့တစ်နေ့ကို

အော်ခေါ်ကြည့်မိတာ

ခလောက်သံ ပြန်မကြားရဘူး

သီချင်း မသီဖြစ်ပါ

အရွက်မဲ့ သစ်ပင်အောက်မှာ

အိပ်မက်တွေ လွှတ်ကျောင်းထားပေမယ့်

မိုး မကျသေးတာမို့ …။


အိုအောင်

၁၉၉၅၊ ဇန်နဝါရီ၊ တေးကဗျာ


ခန္ဓာကိုယ် တစ်ခုလုံးကို ထိုင်ခုံပေါ် ခဏတဖြုတ်တင်ထားတဲ့နေ့


ပန်းပုဆရာရဲ့ ဆောက်သွားမတိုးနိုင်တဲ့ အသားဟာ

စိတ်ပါ။

မြေပြင်ကို မော့ကြည့်ပြီး

ကောင်းကင်ပေါ်

လမ်းလျှောက်နင်းသွားနိုင်တဲ့ ပုဂ္ဂိုလ်ဟာ

စိတ်ပါ။

အချစ်ဦး ဘယ်ရောက်နေသလဲ မသိဘူး

သူ့ရင်ထဲက အသံတွေကိုတော့

ကျွန်တော်ကြားနေရပါတယ်။

ရွက်ပုန်းသီးတွေ အခန်းထဲက ထွက်မလာကြဘူး

သူတို့ရဲ့ အချိုဓာတ်တွေကိုတော့

ကျွန်တော်မြင်နေရပါတယ်။

စွန်တစ်ကောင်လည်း

သစ်ကိုင်းပေါ်မှာ

အတောင်ပံ လုံးဝမလှုပ်ဘူး

သူ ဘယ်အရပ်ဆီ ပျံသန်းမယ် ဆိုတာကိုလည်း

ကျွန်တော် တပ်အပ်သေချာသိနေပါတယ်။

တုတ်တစ်ချောင်း ကိုင်ထားတဲ့ လောကဓံက

မေးတယ်

ခင်ဗျား ပျော်တယ် မဟုတ်လား …တဲ့

နှုတ်က … ဟုတ်ကဲ့ …လို့ အလိုက်သင့်ထွက်သွားပေမယ့်

စိတ်ထဲက ဟင့်အင်း …လို့ ခါးခါးသီးသီး ငြင်းဆိုလိုက်တာ

သူမသိနိုင်ပါ။

မြင့်ရာက နိမ့်ရာကို စီးဆင်တဲ့ မြစ်ကိုကြည့်ရင်း

စိတ်တွေဟာ

နိမ့်ရာက မြင့်ရာကို ဆန်တက်သွားတယ်

မြစ်ထက်လည်း စီးနှုန်းအား ပိုပြီး ပြင်းထန်တယ်။

ကွန်စစ်ကောင်း