ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်
ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း
အိုအောင် ၏ ကဗျာများ
Friday, April 19, 2013
ဘာမှမဟုတ်ပါဘူး။ ဒီတစ်ခါ နာမကျန်းမှုမှာ နာလံထစေခဲ့တဲ့ ဆေးဝါးတွေထဲက တစ်ချို့ကို ပြန်မျှပေးတာပါပဲ။ ကဗျာဆရာ အိုအောင် ရဲ့ အလိုမပြည့်သူရဲ့ ပွဲလမ်းသဘင် ဆိုတဲ့ ကဗျာစာအုပ်လေးထဲကပါ။ သိပ်မရိုက်နိုင်သေးလို့ နည်းနည်းပဲ ရွေးတင်ပါတယ်။ နေကောင်းရင် တစ်အုပ်လုံးနီးပါး ရိုက်တင်ဖို့ စဉ်းစားထားပါတယ်။
မနော်ဟရီ
ခေတ်ပေါ်ကဗျာ
မီးနီမိနေတဲ့ ဓာတ်ကြီးလေးပါးရယ်
ဈေးပေါင်ကျိုးမှ ဝယ်လို့ရမယ့် အမှန်တရား (သုံးထပ်သား)ရယ်
ထင်းအတွက်ပဲ အသုံးဝင်တဲ့ အော်ရီရှားအပင်လို ငတိတွေရယ်
အဲဒီငတိတွေရဲ့ လမင်းကြီးနဲ့ ရက်(ပ်)အက ကမယ်ဆိုတဲ့
ကလိမ်စေ့ငြမ်းဆင်ရယ်
နေ့ရွှေ့ ညရွှေ့နဲ့ အရွယ်ဟိုင်းလာတဲ့ ကမ္ဘာလဆန်း တစ်ရက်နေ့ရယ်
၁၂လ ဇယားကွက်ပေါ်က ဟိုမင်းသမီးလေးရဲ့ သရိုးကိုင်ထားတဲ့
ပြည်တည်တည် အကြည့်ရယ်
တစ်ချပ်မှောက်ဝိုင်းမှာ ပွဲသိမ်းဖို့ စောင့်နေတဲ့ စနေထောင့်ရယ်
ပဲကြီးဟင်း သောက်တဲ့ ဥတုသုံးလီရယ်
ပနယ်စလင် ငါးသိန်းအားနဲ့ မလုံလောက်တော့တဲ့ ဖောဌဖအာရုံရယ်
ကိုယ့်စားရိတ် ကိုယ်စားပြီး တဟီတီ သွားလည်ရတဲ့
ချက်နို့ဆီရယ်
္ကဤသည်မှာ ခင်ဗျား ခန္ဓာကိုယ်ထဲတွင်
အပူသျှပ်နေသော ကျွန်တော့ ခန္ဓာကိုယ် ဖြစ်၏။           ။
၁၉၉၂
အိုအောင်
မီးရထား
စိတ်ရဲ့ သံလမ်းများ
ခံနိုင်အား တောင့်တင်းစွ။
ဖြတ်သွားဖြတ်လာ
တဒင်္ဂ နှင်းစက်များမှာ
မင်တက်မိ အခါခါ။
ဆင်မြန်းထား
နာကျင်မှုများက
ခရီးဆုံးထိ လောင်စာ။             ။
၁၉၉၁
အိုအောင်
နွားကျောင်းသား
တစ်မျှော်တစ်ခေါ်
ကွင်းပြင်ကြီးထဲ
ရွှင်မြူးဖွယ် နေ့တစ်နေ့ကို
အော်ခေါ်ကြည့်မိတာ
ခလောက်သံ ပြန်မကြားရဘူး။
သီချင်းမသီဖြစ်ပါ
အရွက်မဲ့ သစ်ပင်အောက်မှာ။
အိပ်မက်တွေ လွှတ်ကျောင်းထားပေမယ့်
မိုးမကျသေးတာမို့ ။   ။
၁၉၉၁
အိုအောင်
မြို့
သွေးကြောတွေဟာ
လမ်းမကြီးငယ်တွေပေါ့။
လမ်းမကြီးတွေပေါ်
နေ့စေ့လစေ့ ကဗျာတွေ
ဥဒဟိုမောင်းနှင်သွားလာလို့။
နှလုံးသားကတော့
ပန်းခြံတစ်ခုဖြစ်ခဲ့ပြီး
ပန်းခြံထဲ
ဒုက္ခအရင့်အမာတွေ
ဖွေးဖွေးလှုပ်အောင် ပွင့်နေကြတယ်။           ။
၁၉၉၄
အိုအောင်
တက္ကသိုလ်နေ့တွေ
သင်ရိုးအတိုင်း မဟုတ်တဲ့
သမိုင်း၊ ပထဝီ၊ ဘောဂဗေဒ
အတွင်းကျကျ လေ့လာလို့။
ခက်ဆစ်တွေ၊ ပုစ္ဆာတွေနဲ့
တကယ့်ဘဝ စာသင်ခန်းထဲ။
ဘာတွေ စိုက်ပျိုးခဲ့ပြီးပြီလဲ
ဘာတွေ ရိတ်သိမ်းခဲ့ပြီးပြီလဲ
အဲဒီလို ဆင်ခြင်ကြည့်မိတယ်။
နှစ်တွေက ကျက်မှတ်လို့မကုန်
ခေတ်တွေက ဆည်းပူးလို့မဆုံးပေါ့။         ။
၁၉၉၉
အိုအောင်
မောင်ရှင်ဆိုင်းထမ်း
မော့ကြည့်လိုက်တော့
ရေသာများ ငါးမတွေ့။
ချရေးမိတိုင်း
အပြက်အပြက်နဲ့ နှာခေါင်းသွေး။
ဝေးချင်သလောက်ဝေးပစေ
လွင့်ချင်သလောက် လွင့်ပစေ။
ကိုယ့်သက်ပြင်းနဲ့ကိုယ်
ကိုယ့်မျက်ရည်နဲ့ကိုယ်။           ။
၂၀၀၆
အိုအောင်
ကဗျာဆရာ
မီးပွိုင့်မှာ ရပ်နေတာ
ကားတွေမှ ဟုတ်ရဲ့လား။
သူကြီးသားတွေ လမ်းလုံးပြည့်
သူတို့ဆွတ်တဲ့ ရေမွှေးနံ့ကလည်း
လမ်းလုံးပြည့်။
ဒီဇာတ်ကား
လွမ်းရခက်ခက်ပဲ။          ။
၁၉၉၃
အိုအောင်
ချစ်ခြင်း
ယေဘုယျအားဖြင့်
သူမနဲ့ ဝေးလံရတယ်လို့ပဲ
ထားလိုက်ပါတော့။
ကြက်ပေါင်စေးလိုလျှာတွေ
တွေ့ကရာ အမိအရ ယမ်းလှုပ်ချ။
မထင်မှတ်ပဲ
ပြုတ်ကျလာတာက
သမုဒ္ဒရာကြီးရဲ့ အထင်ကရ မတ်စောက်ပုံပဲ။
ထပ်မံ ချဲ့ထွင်ရန် မလိုအပ်တော့ပါ
ကြံကြံ့ခံ
တို့ဘယ်လို ရှင်သန်ပေါက်ရောက်ကြတယ်ဆိုတာ ။            ။
၁၉၉၀
အိုအောင်
၁၉၉၁။ စက်တင်ဘာ၊ရုပ်ရှင်တေးကဗျာ
ပထမဆုံးပုံနှိပ်စာမူ
အလိုမပြည့်သူရဲ့ ပွဲလမ်းသဘင်
သူ့နှလုံးသားသူ
ကြပ်ပူမထိုးခဲ့ဘူး။
တစ်ပိုင်းတစ်စ ပွင့်ဟနေတဲ့ ကန့်လန့်ကာကြားက
တစ်ပိုင်းတစ်စပဒေသာကပွဲ။
ပြီးပြီးရော
ဆိုင်းသံ ဗုံသံကြား အမြစ်မတွယ်ခဲ့သမို့
အနည်အနှစ်ကျကျ လွမ်းသံ ဆွေးသံလေး
ခုလည်း ဘေးမသီ ရန်မခ။
ဇာတ်ခုံပေါ်မှာ
အသံကောင်း ရုပ်ချောသယောင်ယောင်
ညညများ။          ။
အိုအောင်
ညီအစ်ကို မသိတသိ
မြေခွေးက မြေခွေးလိုအူပြီး
ဖားက ဖားလို ညာသံပေးနေကျ။
နေထန်းတစ်ဖျားရှိပြီ
ငှက်တွေ ဘယ်အရပ်ကို ပျံနေကြသလဲ။
အပျင်းပြေ သီချင်းညည်းရ
အပျင်းပြေ လေချွန်ရ။
`တကယ့်ယောက်ျားတွေအတွက် တကယ့်အရသာ ` ၁
`ငါ့ခွေး သစ်ပင်တက်နိုင်တာ ဂုဏ်ယူတယ် ` တဲ့။ ၂
ဆန့်ကျင်ဘက်တို့ရဲ့ ကမ္ဘာ
ကျွန်တော့်နာရီကို ဓာတ်ခဲလဲရဦးမယ် ။        ။
အိုအောင်
(၁၉၉၈)
၁။ စီးကရက်ကြော်ငြာ
၂။ နာမည်ကြီး ကာတွန်းတစ်ကွက်
မိုး
ဆင်ငိုမြက် နို့တိုက်သတ္တဝါ
ဖုန်တသောသော မြို့ရွာနဲ့ သေချာမှု
မြေသင်းနံ့ ရပါပြီလား။           ။
အိုအောင်
(၁၉၉၂)
မိအေး အကြောင်း
ပါးစပ်ထဲ ဝါးစရာရှိရင်
တိမ်တွေ ပြာနေလိမ့်မယ်။
အခုလို နားဆင်ရတာ
(ခွေးတံဆိပ် )
ဓာတ်ပြားခေတ်ကို သွားသတိရမိစေတယ်။
မှတ်စုစာအုပ်ကို ဖွင့်ကြည့်တော့
သဘောင်္ဟာ သောင်တင်ဆဲ။
ရယ်စရာတွေ
မောစရာတွေ
ဟောဒီ ငြှောင့်ကျင်းမ
ဘယ်လိုနည်းနဲ့ ကျောခင်းရကောင်းမလဲ။
စာရွက်ပေါ်က မေးခွန်းပေါ့
ဒီနွေဟာ ခြင်းကြားနဲ့ ရေသယ်လာတဲ့
နွေပဲလား ။        ။
အိုအောင်
(၂၀၀၀)
အနုပညာ
ရွက်ပုန်းသီးလေး တစ်လုံး
အပင်ပေါ်မှာ ရှိနေတုန်းပဲ။
ညနက်နက်ထဲ
ကိုယ်စောင့်ကြည့်နေမိတယ်။            ။
အိုအောင်
(၁၉၉၅)
ဆဲဗင်း အလဲဗင်းန်လမ်း
` ဓာတ်ပုံ မရိုက်ရဘူး
ဆေးလိပ်မသောက်ရဘူး `
အာလာဒင် မီးခွက်စောင့် ဘီလူးဟာ
အနီရောင်ဝတ်စုံနဲ့
ငေါက်တယ်။
စက်တွေက
လူတွေမဟုတ်တော့
လူတွေလို သွားကြားမညပ်ဘူး။
ငါ
လေးထပ်ကို ခြေကျင်တက်
လေးထပ်ကို ခြေကျင်ဆင်းခဲ့
ကြွေပြီး
မသေတဲ့ ကြယ်တစ်ပွင့်ကို
သတိရရင်း ။       ။
အိုအောင်
(၂၀၀၅)
ဇွန်
ဟိုး ခင်တန်းပေါ်မှာ ဗာမေးလီယံ စိန်ပန်းပွင့်များ ။ မိုးက စိတ်မပါ
လက်မပါ တစ်ပေါက်ချင်းကျနေ။ ကနေ့ ဥပုသ်နေ့ ၊ မြို့ထဲထွက်ရ
ကောင်းမလား၊ အခန်းထဲပဲ အောင်းနေရမလား၊ မှန်တစ်ချပ်ထဲမှာတော့
သူ့ကိုယ်သူ ကျပျောက်နေတဲ့ ငနဲတစ်ကောင်၊ မနေ့က စာတစ်စောင်
ရောက်လာတယ်၊ သဘောင်္မှောက်နေတဲ့ အောင်နှင်းရဲ့ အသံပေါ့။
ရန်ကုန်ကိုတော့ မဖွဲ့ချင်တော့ပါဘူး တဲ့လေ။ အခုတော့
သောက်ဖော် စားဖက် `တီကောင်` လည်း တောင်တန်းတွေဆီ
ထွက်သွား။ ဇော်ထိန် သယ်လာတဲ့ သတင်းကြောင့် အသည်းနှလုံးလည်း
ဆန်ခါပေါက်ဖြစ်။ ဘာအဓိပ္ပာယ် ရှိသလဲ၊ ဘယ်လို အနံ့အသက်လဲ။။
အပြင်မှာ စိမ်းသလိုလိုနဲ့ အထဲမှာ မလင်းဘူး။ အလကားရတဲ့
လေရှူရင်း အရိုးရင့်ခဲ့။ ဒီတစ်ရက်လည်း ငါ့ကို နေကြတ်သွားပြန်ပြီ။        ။
အိုအောင်
(၂၀၀၄)
* vermilion - ဟသာၤၿပဒါး
နင်းကြမ်း
ပျော်တဲ့အခါ တေးဆိုပြီး
ငိုချင်တဲ့အခါ
ယိုးမယ်ဖွဲ့ကြပုံ။
ဆားနဲ့
သကြားနဲ့
လောကီကို
ကျကျနနမြည်းစမ်း။
လူ့ဘောင်က မတရား အမှိုက်ရှုပ်တယ်
လူ့ရွာက မတရား ချွေးပြန်တယ်။
ငါတို့
ဒီလိုပဲ ကျောက်ဖျာကို
သန်လျက်နဲ့ ထွင်းထွင်းသွားကြရုံ။           ။
အိုအောင်
(၂၀၀၃)
အချစ်
ဒါဟာ
မြုံနေတဲ့ အပြုံးတွေအတွက်
တွင်းနက် တစ်ခုပဲ။
ဟောသည် ပြတင်းပေါက်က
မြင်နေရတဲ့ ကောင်းကင်ဟာ
မဖွင့်ရသေးတဲ့ ထီလက်မှတ် တစ်စောင်လို။
သေချာတာ တစ်ခုက
ဆွဲလက်စ ပန်းချီကားထဲမှာ
ကျိုင်းကောင်တွေ မပါတာပဲ။
အခန်းကျဉ်းကလေးရယ်
မင်းသိပါတယ်
အသက်ရှူရတာ မဝဘူး
လေကလည်း မသန့်ဘူး
ဒါပေမယ့်
ကမ္ဘာမြေကြီးကို ရူးရူးမူးမူး ပိုဖြစ်ရတဲ့
ထစ်အနေတဲ့ ဂီတ ဆိုတာလည်း
လူ့ဘဝမှာ ရှိပြန်သေးရဲ့။
ဥပမာ
မပွင့်သေးတဲ့ သခွတ်တွေကို
ရင်တမမနဲ့ ကြည့်နေရသလိုမျိုးပေါ့။       ။
အိုအောင်
(၁၉၉၄)
အလယ်ရိုးမ
အပင်ကသီးတဲ့ ရတနာတွေရယ်
သဘာဝကဖွားတဲ့ သားရဲတွေရယ်
တော်ရာမှာ ပျော်ရှာတဲ့ တောပန်းလေးတွေရယ်။
တောင်ရိုးပေါ်
လွမ်းစေတီလေးတစ်ဆူ
ငေးငေး ငူငူနဲ့။
ကိုယ့်ဝမ်းနာ ကိုယ်သာသိတဲ့
ပလွေးချောင်းကလေး
ငိုချင်လျက်လက်တို့ စီးမြဲ။           ။
အိုအောင်
(၂၀၀၂)
ဆောင်း
ခုနေခါ
ပုဏ္ဏကလေနဲ့
အေးစိမ့် ထုံကျဉ်မှုတို့သာ
ကြီးစိုး။
မြစ်တွေ
ပြန်လည်ပူနွေး
သွေးတိုးမယ့် ကာလအထိ
တောင့်ခံရင်း
သည်ရာသီကို လွန်မြောက်သွားရချိမ့်။        ။
အိုအောင်
(၁၉၉၀)
အသော့ အထေ့ ဝတ္ထုတချို့
ဒီကနေ့
ဘယ်သူ့ကို အချဉ်ဖမ်းရမလဲ စိတ်နဲ့
အိပ်ရာကထလာ
ကျွန်တော်လား   ခင်ဗျားလား   သူတို့တစ်တွေလား။
သွက်သွက်ခါကြရင်း
တစ်ခွက် ပိုမော့တဲ့ အနှမ်းတွေနဲ့
မီးကုန် ယမ်းကုန် ပျော်စရာတွေ
ဤဇမ္ဗူဒီပထဲ  လက်ညှိုးထိုးမလွဲ ကျိကျိတက်။
ဘာဖြစ်လို့ ရုပ်ပျိုကိုယ်နု ဆေးရှာနေကြရသလဲ
ဘာဖြစ်လို့ သေမင်းနဲ့ မျက်နှာချင်း မဆိုင်ရဲကြသလဲ။
အဲ..ဟို ညိုပြာညက် ငါးရံ့ကိုယ်လုံးလေးတွေ စနက်လား
ဟောဒီ ကျားကျားလျားလျား ကြွက်သားတွေ ပယောဂလား
ကိလေသာ အမည်ရ ဓာတ်ဆီကတော့
ကမ္ဘာကျော် ဇစ်ပိုမီးခြစ် ကြော်ငြာထဲက အတိုင်း စွမ်းစွမ်းတမံ။
ငွေစကားပြောကြ၊ အကောက်ကြံကြ
အောက်ခြေလွတ်ကြ၊ အညွန့်ခူးကြ
ဒီပဲတွေ ဒီပုတ်ထဲ ရှိကြတာ
ဘိုးတော်ဘုရား လက်ထက်ကတည်ကများလား။
တစ်မနက်ခင်းလုံး ဘာမှ ဟုတ်တိပတ်တိ မစားရသေးဘူး
လမ်းထိပ်က ဘိန်းမုန့်ဆိုင်ကို
မမြင်ချင်ယောင်ဆောင် ဖြတ်လျှောက်လာခဲ့ရ
သူ့အဖြစ်က မနှစ်ကနဲ့ မတူဘူးလို့
ဖွတ်ကျောပြာစု မနက်ခင်းလေး တစ်ခုက
ငါ့ဝမ်းပူဆာ မနက်ခင်းတစ်ခုမှာ ခရေစေ့တွင်းကျ ဖွင့်ဟလာ။
လူ့ပြည်ဟာ တစ်ခါတစ်ခါ ပွဲစားကြီးသားအဖ နဲ့ မြမြ ...၁
တစ်ခါတစ်ခါ ကောလိပ်ကြမ်းပိုး ..၂.. ဟန်ပေါက်လို့
တစ်ခါတစ်ခါ သံဖြူဇရပ် ချွေးမှတ်တမ်း ..၃ ဆန်နေတော့ရဲ့ ။           ။
အိုအောင်
(၂၀၀၀)
၁။ ပီမိုးနင်း ဝတ္ထု
၂။ ဇဝန ဝတ္ထု
၃။ လင်းယုန်သစ်လွင် (ကိုယ်တွေ့ ချွေးတပ် မှတ်တမ်း)
ပန်းပဲဆရာ
၁။
ခင်ဗျားတို့လိုပဲ တိမ်တွေကို မော့ကြည့်ခဲ့တယ်
ဖျားတဲ့အခါ ဆေးသောက်ပြီး ချွေးထုတ်ခဲ့တယ်
အနုပညာနဲ့ မိန်းမကို စိတ်ဝင်စားခဲ့တယ်။
၂။
ခေတ်ပေါ်ကဗျာဟာ ကိုယ့်တောကိုယ်ရှင်းပြီး
ကိုယ့်အပင် ကိုယ်စိုက်ခဲ့တယ်လို့ သူကယုံတယ်
ခေတ်ပေါ်ကဗျာဟာ ကမ္ဘာကြီးကို ပိုပြာလွင်စေခဲ့တယ်လို့
သူကမြင်တယ်။
၃။
ခင်ဗျားတို့လိုပဲ အကျပ်ရိုကဖူးတဲ့ ၊ ချောက်ကျဖူးတဲ့
ခဲမှန်ဖူးတဲ့၊ သေကောင်ပေါင်းလဲ ဖြစ်ဖူးတဲ့
သူက ခုလိုပြောပါတယ်
             လူ့ဘဝထဲ ကြောင်ကျမကျခဲ့တော့
             နှစ်ကာလထဲ ပူအိုက်ခဲ့တော့
             ကဗျာဆိုတာ သေတွင်းထွက်မှန်း သိခဲ့ရတယ်..တဲ့။
၎။
ကျွန်တော့်ကဗျာတွေဟာ
ကျွန်တော့်ပန်းပဲပါပဲ။      ။
အိုအောင်
၂၀၀၇ မတ်။
(ဒါ အလိုမပြည့်သူရဲ့ ပွဲလမ်းသဘင် ကဗျာစာအုပ် အမှာလည်း ဖြစ်ပါတယ်။)
သံတော်ဆင့်
ခံတွင်းကို သန့်ရှင်းပြီးစ
လောကကြီး တိုက်ပုံအကျီ်မဝတ်ခင်
ဤသို့ လက်တို့ချင်။
`ငွေတွင်းနက်တယ် `
သူ့မြေကျင်း အတိုင်းအတာ
အနံတို အလျားရှည်ခဲ့။
ကိုကိုမကြည့်ဝံ့ ရှန်သား ခေတ်စားစဉ်ကလို
ယားကျိကျိ လေထုမှာ မျက်စိစားပွဲထိုင်
သက်မများ ကျကွဲသံ အတိုင်းသား။
ဆည်ဝက ဗျိုင်းများ
သုံးခွက် တစ်ခွက်တင် စကားလုံးများ
ဒီနေ့လည်း နေကျဲကျဲ ပူလိမ့်ဦးမယ်။          ။
အိုအောင်
(၁၉၉၀)
မြိုင်
လေးညှို့တင်ဖို့
သမင်ကိုရှာ။
လျှိုမြောင်မှာလား
တောင်စွယ်မှာလား ။
သမင်တောက်သံ
တောလုံးညံ။        ။
အိုအောင်
(၁၉၉၄)
သမုဒ္ဒရာ ၊ ပင်လယ်၊ မြစ်
လောကဟာ
သမုဒ္ဒရာ
ဒီဖော်ပြချက်မှာ
တတိယတန်းစား ပြက်လုံးတွေ
လူပေါ် လူဇော် ပြဇာတ်တွေ
ပဋိပက္ခ မုန်တိုင်းတွေ
တစ်ပွဲတိုး အဘိဓမ္မာတွေနဲ့
ဝါကြင့်ကြင့် သမိုင်းခေတ် ရေစီးကြောင်းတွေ။
ဘဝဟာ
ပင်လယ်
ဒီ အကျယ်အဝန်းမှာ
ဆူလွယ် နပ်လွယ် အပျော်တွေ
လျှပ်ပေါ်လော်လည် မြို့ကြီး ပြကြီးတွေ
အမှန်တရား ကျောက်ဆောင် ကျောက်သားတွေ
ကံကြမ္မာ လှိုင်းတံပိုးတွေနဲ့
ကျားကုတ် ကျားခဲ တိုက်ပွဲတွေ။
ကျွန်တော်တို့ ကိုယ်တိုင်ကတော့
မြစ်တွေ အဖြစ်နဲ့ သက္ကရာဇ်တွေပေါ်မှာ
လက်စမသတ်ရသေးတဲ့ ပန်းချီကားတွေ
မခူးဆွတ်ရသေးတဲ့ သစ်သီးတွေ
မတွေ့ရှိရသေးတဲ့ သယံဇာတတွေ
မှော်မဝင်သေးတဲ့ တိုင်းပြည်ကိုယ်စီနဲ့ ။            ။
အိုအောင်
(၁၉၉၁)
ဇာတ်လမ်းပမာ
ဘဝရဲ့ အငန်ဓာတ်ထဲမှာ
မနက်ခင်း စောစော လက်ဖက်ရည် တစ်ခွက်ပါ
တေးဂီတနဲ့ ဟာဒယရွှင်ဆေးပါ
လောဘ သက္ကာယနဲ့ ကိုယ်ချင်းစာတရားပါ
နွဲ့မျိုးစုံလင် အပြုံးလေးလည်း
ရှေ့ဆုံးက ပါခဲ့တာပဲပေါ့။
ကိုယ့်သမာဓိအားကို
ဖိုထဲထည့်၊ မီးဆေးကြည့်ခဲ့ကြတယ် မဟုတ်လား။
စပျစ်သီးတွေက
ခရာတာတာ
အကုသိုလ်စိတ်က
ဝဝဖိုင့်ဖိုင့်
ဇွဲ လုံ့လ ဝီရိယတွေက
နဂိုမူလ အသွေးအသားနဲ့ ထိန်ညီး
အရုဏ်နဲ့ ဆည်းဆာက
တသသလွမ်းအောင် ဖန်ခဲ့ပြီ။         
စွန့်စားခန်း၊ တင်္ခဏုပ္ပတ္တိဥာဏ်
သတ္တိ ဗျတ္တိ၊ ဘေးဥပဒ်
ပဲ့နင်း တစ်ဦးလိုလည်း နေထိုင်တတ်ခဲ့ဖူးမယ်။
ထကြွ လေးလံ
ဆူညံ တိတ်ဆိတ်ရင်း
ူသူတို့ မျှော်ကြည့်ခဲ့ကြတယ်
ရေကြည်ရာ မြက်နုရာ ..။             ။
အိုအောင်
(၁၉၉၆)
ဖြစ်တည်မှု
ကျွန်တော်က
သဘာဝတရားရဲ့ ယန္တရားဆန်မှုကို
စိတ်ဝင်စားကာ
အသက်ဓာတ်ရဲ့ ခမ်းနားထည်ဝါ မြင့်မြတ်ပုံကို
ယုံကြည်သက်ဝင်သူပါ။
အတွေးအမြင်များ
စိတ်လွတ်လက်လွတ် သွားလာနေထိုင်ခွင့် ရသမို့
ကဖေးဆိုင် ယဉ်ကျေးမှုကို
တပ်မက်ရ။
ဆားငန်နံ့သင်းတဲ့
ကမ်းခြေရဲ့ လေအေးကို
အဲဒီမှာပဲ လက်လီလက်ကားရတာကိုး။
ပိုက်သာဂိုရပ်(စ)
ပေါမက္ကတ်နေး
ဂျေဒီဆလင်းဂျား
ဘယ်သူဘယ်ဝါမဆို
ကိုယ်ပိုင် သီးခြား စကြဝဠာ တစ်ခုစီ
ရှိမြဲ မဟုတ်လား။
ပေါက်ကွဲမှု အားကောင်းသော ကဗျာ
ဂန္ထဝင် ခေတ်ပေါ် ဂီတနဲ့
လေးနက်သော တိတ်ဆိတ်မှုမှာ
ကျွန်တော့် အသက်ရှူသံ ကျန်းမာကြံ့ခိုင်လို့။
စုမိတိုင်း ပြောဖြစ်ကြတာက
နိုင်ငံတကာ အတိုအထွာ
မြို့အထက်က ထူပိန်းပိန်းမိုးသား
အုံ့ပျက်ပျက် နေ့လည်ခင်းများနဲ့
ကောက်ပဲသီးနှံများရဲ့ ပဋိသန္ဓေနေ့ရက်များ
အကြောင်းပါပဲ။
ကျွန်တော့်ကမ္ဘာမှာ
နေကြာရိုင်းတွေ ပွင့်နေခဲ့ပြီ
မြစ်တစ်မြစ် ခရီးဆက်နေခဲ့ပြီ
ကြယ်တာရာတွေ ကွန့်မြူးနေခဲ့ပြီ။         ။
အိုအောင်
(၁၉၉၄)
1
မောင်ဖီလာ ၏ ကဗျာများ
လူအို
ခုတော့ကျိုးကြေနေတဲ့မီး
မြေနီလမ်းကလေးကတောင်သူ့ ထက်ပိုပြီးရဲရဲနီလို့ 
နွေနေပူပူမှာလွင့်မျောနေတဲ့ဖုန်မှုန့် တွေလိုသူ့ ငယ်ဘ၀အစိတ်အပိုင်းတွေကျလာတယ်…။
အဲဒီတုန်းကအူရှီနဲ့ ရှကီနှစ်ပင်လိမ်ပြီးကောင်မလေးပေါင်ပေါ်ခေါင်းအုန်းအိပ်ခဲ့တယ်
မလှမ်းမကမ်းမှာငုဝါပင်ကြီးကတစ်ပင်လုံးဝါ၀ါထိန်လို့ 
လေပြေလေညှင်းကလေးကလည်းကန်ပတ်ပတ်လည်ဖြတ်သန်းတိုက်ခတ်လို့ 
မီးရထားသံလမ်းပေါ်`ဆက်ရက်´တွေခုန်ဆွခုန်ဆွ
သူ့ အတွေးထဲကိုကုန်ရထားကြီးကဖုန်အလိမ်းလိမ်းနဲ့ တအိအိမောင်းပြီးဝင်လာတယ်
ငုဝါပန်းတွေနဲ့ လေပြေလေညှင်းကလေးကိုကုန်ရထားကြီးကခဏကွယ်သွားတယ်
သူ့ ဆံပင်နက်နက်တွေထဲဖြူနုနုလက်ချောင်းကလေးတွေပြေးလွှားဆော့ကစားနေ
ပင့်သက်ပူနွေးနွေးကသူ့ မျက်နှာပေါ်ယိုစီးဖိတ်ကျနေ
ကုန်ရထားကြီးလွန်သွားတော့ငုဝါပန်းတွေနဲ့ လေပြေလေညှင်းကလေးပြန်ရောက်လာတယ်
ခုတော့လည်းသူဟာ
ကျိုးကြေနေတဲ့မီး
မြေနီလမ်းကလေးကတောင်သူ့ ထက်ပိုပြီးရဲရဲနီလို့ ပေါ့…..။
မောင်ဖီလာ
ငါတို့ နိုင်ငံ
ချွေးစက်လိုကြယ်တွေကိုခါထုတ်လိုက်ကြတယ်
တောင်းပန်ပါတယ်ဆိုတာဟာချိနဲ့ တဲ့စကားလုံးဘဲ
ငါတို့နိုင်ငံကိုCNNအသံလွှင့်ဋ္ဌာနကနိုင်ငံခြားသားတွေနဲ့ မိတ်ဆက်ပေးရာမှာ
အနမ်းခြွေသံနဲ့ဘီယာလှမ်းမှာနိုင်တဲ့နိုင်ငံတဲ့
စားပွဲထိုးကိုပြွတ်ပြွတ်လို့အသံပြုလိုက်ရင်
ဘာမဆိုရနိုင်တဲ့နိုင်ငံ
ချိုင့်ခွက်ထူပေါလမ်းကျဉ်းကျဉ်းကလေးတွေပေါ်
ကားတွေလူတွေကိုတင်ပြီးလှုပ်နေတဲ့နိုင်ငံတစ်နိုင်ငံလို့လည်းထပ်ဖြည့်ပေးနိုင်တယ်..။
တစ်နေရာမှာပျော်ရွှင်ဖွယ်ရာပွဲတော်….အခြားတစ်နေရာမှာကျည်ဆံနဲ့ငိုကြွေးသံများ
တစ်နေရာမှာလူချမ်းသာတွေနဲ့မော်တော်ကားလှလှ…အခြားတစ်နေရာမှာ
အူဟောင်းလောင်းနဲ့ထောင်းထောင်းကြေစိတ်ဒါဏ်ရာနဲ့ ခန္ဓာကိုယ်များ
နိဗ္ဗာန်နဲ့ ငရဲအစွန်းနှစ်ဖက်ကြားမှာနိုင်ငံ့မြေပုံလှလှလေးရှိနေတယ်..။
လူတိုင်းလူတိုင်းဟာအမြဲပြုံးနေနိုင်ကြသတဲ့
အူဟောင်းလောင်းနဲ့ဘယ်နိုင်ငံသားမှငါတို့ လိုရိုးရိုးသားသားမပြုံးပြနိုင်
လယ်ကွင်းတွေတောင်တန်းတွေနဲ့ကဗျာဆရာတွေထူထပ်တဲ့နိုင်ငံ
ဆန္ဒပြပွဲတွေအကြမ်းဖက်ဖြိုခွဲမူ့တွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့နိုင်ငံ
နိုင်ငံရဲ့ဘယ်နေရာဒေသမှာမှနိုင်ငံခြားသားတွေအတွက်
လုံခြုံမူ့မရှိလို့ CNN ကသတိပေးထားတယ်…။
ငါတို့ကိုယ်တိုင်လည်းနှစ်ပေါင်း၆၀နီးပါးလုံခြုံမူ့ မရှိကျီးလန့် စာစားရှင်သန်ခဲ့ရတယ်
Googleကပညာရှင်တွေမြေပုံအတွက်အာရုံနောက်ရတဲ့နိုင်ငံ
စင်္ကြာဝဋ္ဌာထဲကနေလှမ်းကြည့်လိုက်ရင်အမှောင်ထဲပိုးစုန်းကြူးလိုမိတ်တုတ်မိတ်တုတ်ဖြစ်နေတဲ့နိုင်ငံ
(ဒါကိုဘဲအာကာသထဲကနေအာကာသယာဉ်မှုးတစ်ယောက်ကအရမ်းလှလွန်းလို့
တိုင်းရင်းသားပေါင်းစုံလူမျိုးပေါင်းစုံဘာသာပေါင်းစုံရှိနေပေမယ့်
အားလုံးအတွက်ရန်သူကတစ်ခုတည်းဖြစ်နေတဲ့နိုင်ငံ
ကမ္ဘာပေါ်မှာနိုင်ငံတွေအများကြီးရှိပေမယ့်နာမည်ကျော်အဆိုတော်ကြီး
MICHAEL LEARNSကိုသိမ်ငယ်ရှက်ရွံ့ သွားအောင်လုပ်နိုင်ခဲ့တဲ့တစ်ခုတည်းသောနိုင်ငံ
ပန်းရနံ့တွေကလမ်းလျှောက်ထွက်ချင်နေပေမယ့်နည်းပညာကြောင့်ထော့ကျိုးထော့ကျိုးဖြစ်နေတဲ့နိုင်ငံ
Copy မှန်း owntune မှန်းမသိတော့တဲ့သီချင်းတွေကို
ယောင်္ကျားမှန်းမိန်းမမှန်းမသိတော့တဲ့သူတွေက၀ိုင်းပြီးအလုအယက်ဆိုနေကြတဲ့နိုင်ငံ
ရှားရှားပါးပါးစစ်ကျန်ဘတ်စ်ကားကြီးတွေလိုကျန်နေတဲ့သူတွေကို
တစ်စုတစ်ဝေးတည်းစုစုစည်းစည်းတွေ့နေရတဲ့နိုင်ငံ
အဝေးရောက်သားဆိုးတွေသာများများလာပြီးအနီးကျန်သားကောင်းတွေ
တဖြည်းဖြည်းနည်းနည်းလာတဲ့နိုင်ငံ
ဒီနိုင်ငံ….ဘာဘဲဖြစ်ဖြစ်ဒီနိုင်ငံဟာငါတို့ရဲ့ ရင်ထဲအသည်းထဲကနေ
နှစ်နှစ်ကာကာချစ်မြတ်နိုးနေရတဲ့တစ်ခုတည်းသော
ငါတို့ ရဲ့နိုင်ငံတော်ပါဘဲ…။
အခုဒီနိုင်ငံဟာလမ်းစလျှောက်နေပြီ…။
လမ်းဆုံလမ်းခွမှာသွားပြီးမတ်တပ်ရပ်နေပြီ….။
မောင်ဖီလာ
ကဗျာ(၂)
အစလေးတစ်စနောက်ကိုကျွန်တော်လိုက်ဖမ်းကြည့်နေတယ်..။
မီးတွေအကုန်ဖွင့်အာခေါင်ခြစ်အော်ဟစ်ပြေးလွှားနေတဲ့အစလေးတစ်စ
အစလေးတစ်စကနေစဖို့ အစလေးတစ်စနောက်ကိုကျွန်တော်လိုက်နေတယ်
အစာလျော့ကျွေးဖို့ စဉ်းစားနေတုန်းမှန်ဘီဒိုကြီးတစ်ခုလုံးကုန်အောင်စားပစ်လိုက်ချင်တဲ့အစလေးတစ်စ
နောက်အစလေးတစ်စကအမေရိကန်အထက်လွှတ်တော်အမတ်`ဂျွန်မက်ကိန်း´ဆီကနေ
`ကိုးလ်ဒ်ပလေး´ရဲ့ သီချင်းစာသားနဲ့ သွားငြိနေပြန်တဲ့အစလေးတစ်စ
အစလေးတစ်စဟာပြူတင်းပေါက်တွေလိုဖွင့်လိုက်ပိတ်လိုက်လုပ်နေတယ်..
ရေတံခွန်လိုစီးကျလာဖို့ ကြိုးတွေအကုန်လျော့ပေးထားရတဲ့အစလေးတစ်စ
ဒင်္ဂါးပြားလိုတလက်လက်နဲ့ သူ့ မှတ်ဥာဏ်ထဲကနေလွတ်ကျသွားပြန်ချင်တဲ့အစလေးတစ်စ
အစလေးတစ်စဟာထင်းရှုးသေတ္တာပေါ်တင်ထားတဲ့Tecsunရေဒီယိုလေးထဲမှာလည်းသွားပြီးခွေခေါက်နေပြန်တယ်
အစလေးတစ်စဟာကြည့်နေတဲ့စိတ္တဇလူသတ်ကားထဲကလူသတ်သမားရဲ့ 
သေနတ်ပြောင်းဝထဲကနေဆောင့်ထွက်သွားပြန်တယ်..
အစလေးတစ်စဟာဝရံတာပေါ်ကခုန်ဆွခုန်ဆွစာကလေးတစ်ကောင်
အစလေးတစ်စဟာမှန်ကန်ထဲကအောက်စီဂျင်ငတ်နေတဲ့အလှမွေးငါး
အစလေးတစ်စဟာမို့ မောက်လုံးဝန်းနေတဲ့ရင်သားလှလှ
အစလေးတစ်စဟာတိမ်တွေကိုစုတ်ဖြဲပြီးသွပ်ဆူးကြိုးပေါ်ဖြာကျလာတဲ့လရောင်
အစလေးတစ်စဟာအနာတစိုစိုနဲ့ နောက်ဖေးလမ်းကြားထဲအစာရှာနေတဲ့မြေကြွက်ကြီးတစ်ကောင်
အစလေးတစ်စဟာ….
အစလေးတစ်စဟာ….
အစလေးတစ်စဟာ….။
မောင်ဖီလာ
တွေဝေသူ
တစ်နာရီကိုမိုင်လေးရာနှုန်းနဲ့ တွေဝေနေတယ်
ဘတ်စ်ကားဂိတ်မှာရပ်ရင်း  “ကယ်လီဖိုးနီးယား” အထိတွေဝေတယ်
လုပ်လိုက်စမ်းပါတွေဝေသူကြီးရဲ့
“ကတ်စထရို” လည်းတွေဝေခဲ့တယ်
“ပေါ်ဦးသက်” လည်းတွေဝေခဲ့တယ်
“အေဂျေခရိုနင်” လည်းတွေဝေခဲ့တယ်
“နဗားနား” အဖွဲ့ လည်းမီးကုန်ယမ်းကုန်တွေဝေခဲ့ကြတာပေါ့
တွေဝေသူဆီမှာရပ်တန့် ခွေခေါက်လို့ 
ချစ်သူဆီလမ်းဘေးဖုန်းကနေ ၅၀၀ ဖိုးလောက်သတိရဖို့ တွေဝေနေခဲ့တယ်
တွေဝေသူဟာအရုပ်ဆိုးအကျည်းတန်သူစာရင်းမှာပါသွားရရှာတယ်
လမ်းတစ်ဖက်မှာရပ်ရင်းဓါတ်ကြိုးတန်းပေါ်ကပျံလွှားငှက်ကလေးတွေကိုတန်းစီတွေဝေတယ်
စာမျက်နှာပေါ်မှာဘောလ်ပင်ကိုရပ်တန့် ပြီး
ဆယ့်သုံးကြောင်းမြောက်မှာတွေဝေနေပြန်တယ်
မိန်းမ ၊ ရုပ်ရှင် ၊ စာအုပ် ၊ပန်းချီကားတွေနဲ့ 
ရှေးဟောင်းအရောင်းပစ္စည်းဆိုင်တွေဆီကနေ
ဘောလုံး ၊ မြက်ခင်းစိမ်းစိမ်း ၊ ကျေးလက်ဂီတ ၊ တောင်တန်းတွေနဲ့ 
မီးခိုးနံ့ သင်းနေတဲ့ယာခင်းတွေဆီအထိထပ်ချဲ့ တယ်…
တွေဝေဖို့ သာအသက်ရှင်တယ်…အသက်ရှင်ဖို့ အစာစားတာမဟုတ်
အစာစားဖို့ အသက်ရှင်တာလည်းမဟုတ်ဘူး
တွေဝေသူဟာအမှားလည်းနည်းသလို…အမှန်လည်းမများခဲ့ဘူး
တွေသူကြောင့်ပထမကမ္ဘာစစ်လည်းဖြစ်ခဲ့မှာမဟုတ်သလို
ဒုတိယကမ္ဘာစစ်လည်းရှိခဲ့မှာမဟုတ်ဘူး
ထို့ အတူဂျိုးဖြူငှက်လည်းပျံသန်းနိုင်ခဲ့မှာမဟုတ်သလို
“ဘာလင်တံတိုင်း” ကိုလည်းဖြိုချနိုင်ခဲ့မှာမဟုတ်ဘူး
တွေဝေသူဟာ“ဆော့ကရေးတီး” လိုအဆိပ်ခွက်ကိုသောက်ချခဲ့မှာမဟုတ်သလို
“ပလေတိုလိုလည်းကဗျာဆရာတွေကိုနှင်ထုတ်ခဲ့မှာမဟုတ်ဘူး
တွေဝေသူဟာမာကျောတောက်ပြောင်တဲ့သတ္တုစတစ်စလို
ရောက်ရာအရပ်မှာအရာင်တစ်လက်လက်ထအောင်တွေဝေတယ်
ရင်သပ်ရှုမောဖွယ်ရာသူ့ ရဲ့ တွေဝေမူ
သူ့ တွေဝေမှုကိုထုနဲ့ ထည်နဲ့ ခိုင်ခိုင်မာမာဖြစ်အောင်တည်ဆောက်တယ်
အဆောက်အအုံအထပ်ထပ်နဲ့ ရေကုန်ရေခမ်းမြင့်တက်နေတဲ့သူ့ ရဲ့ တွေဝေမှု
ဘယ်သူမှသူ့ တွေဝေမှုကိုမတိမ်းမှောက်စေရဘူးလို့ 
တွေဝေသူဟာနှုတ်ခမ်းကိုတွန့် ပြီးကျေနပ်ပြုံးပြုံးပါတယ်
စီးကရက်ကိုဖိနပ်ဦးနဲ့ နင်းချေ
တွန့် ကြေမနေအောင်သူ့ တွေဝေမူကိုတင်းတင်းရင်းရင်းဆွဲဆန့် လိုက်ပါတယ်
ကော်လံပေါ်အစက်အပျောက်ကလေးထိုးကျနေတဲ့နေရောင်ခြည်
အဲဒီနေရောင်ခြည်ကိုလည်း “လက်ညှိုးကလေး” နဲ့ ဆတ်ကနဲ တောက်ချ
သူ့ တွေဝေမှုကိုတော့ဘယ်သူမှတောက်ထုတ်လို့ မရဘူးဆိုတာတွေးမိပြီး
တွေဝေသူဟာပိုမိုပျော်ရွှင်လာပါတယ်….။
မောင်ဖီလာ
တွေဝေသူ (၂)
ဘာများဖြေသိမ့်စရာရှိလို့ လည်း…တွေဝေမူ့ မှာ (ဧတဒဂ်) ရသွားတယ်
တွေဝေမူ့ ကိုဘာသာစကားအသစ်တစ်ခုနဲ့ အော်ဟစ်နေတယ်
ကိုယ်တွေဝေနေတာကိုတစ်ခြားသူတွေများရိပ်မိသိရှိသွားလေမလားဆိုပြီးလည်းတွေဝေမိတယ်…
မှန်ကန်ထဲငါးကလေးကူးခတ်နေတာဟာ`ကဒါဖီ´ခေါင်းထဲယမ်းစတစ်စရွေ့ လျားခဲ့သလိုပါလားလို့ တွေဝေမိပြန်တယ်
လက်ကျန်အင်အားကိုတွေဝေခြင်းမှာသာအသုံးချဖို့ ရဲရဲရင့်ရင့်ဆုံးဖြတ်ထားတယ်..
အပူချိန်၁၀၀၀ဒီဂရီစင်တီဂရိတ်မှာတောင်တွေဝေသူဟာအေးအေးသက်သာတွေဝေနေလို့ ရတယ်..
စစ်ပွဲမှန်သမျှဟာသွားကျိုးနေတဲ့မိန်းမပျက်အိုကြီးလိုဘဲအကြည့်ရဆိုးပါတယ်
စစ်ပွဲတစ်ပွဲနဲ့ ကျိုးနေတဲ့သွားအပေါ်သူ့ တွေဝေမူ့ ကိုသွားမှီ်ထားမိတယ်
လမ်းဖြတ်ကူးမလို့ ရပ်နေရင်းဂျော်ဂျီယာကိုရုရှားတပ်တွေကျူးကျော်ခဲ့တာကိုသွားပြီးတွေဝေမိတယ်…။
ဒီကဗျာကိုဘယ်လိုခေါင်းစဉ်တပ်ရမလည်းလို့ စဉ်းစားရင်းအူလှိုက်သည်းလှိုက်တွေဝေမိပြန်တယ်
တွေဝေသူဟာရပ်ထားတဲ့ကားတစ်စင်းဆိုရင်အစိတ်စိတ်အမွှာမွှာလွှင့်စင်လာမယ့်ရှုခင်းတွေဟာ
တွေဝေသူဆီကဆောင့်ကန်ရုန်းထွက်သွားတဲ့ကျည်ဆံပူပူ
သူ့ အာရုံထဲမှာဇွန်းတစ်ချောင်းကိုအမြဲတမ်းတပ်ထားတယ်..တွေဝေသူကြောင့်အဲဒီဇွန်းဟာဘယ်တုန်းကမှမရမ်းကားခဲ့ရဘူး…။
မြစ်ကမ်းနဘေးမှာထိုင်ရင်းနယူးဂီနီကျွန်းစုတွေအထိတွေဝေတယ်…
သူ့ တွေဝေမူ့ ကိုနေ့ စဉ်မှန်မှန်ဖုန်သုတ်တယ်..ဘော်ငွေရောင်တစ်လက်လက်ထလာတဲ့အထိအရောင်တင်တယ်…
သူ့ တွေဝေမူ့ ကိုအိပ်ဆောင်ရွှေနာရီကလေးလိုမကြာမကြာထုတ်ကြည့်တယ်..၁၅မိနစ်ခြားတစ်ခါသော့ပေးတယ်..။
သူ့ တွေဝေမူ့ ဟာအကိုက်ခဲပျောက်ဆေးပြားတွေလိုဘဲ..သူ့ တွေဝေမူ့ ပေါ်ကိုမိုးတွေရွာချပြီးစိမ်းလန်းစိုပြည်လာအောင်
ကောင်းကင်မှာတိမ်အတုတွေတပ်ဆင်တယ်
တွေဝေသူကြောင့်ယာဉ်အန္တရာယ်ကင်းရှင်းရသလို..တွေဝေသူကြောင့်လည်းမကြာမကြာယာဉ်တိုက်မူ့ ဖြစ်တယ်..
တွေဝေသူကြောင့်ပင်နယ်ဆလင်ကိုရှာဖွေတွေ့ ရှိခဲ့မှာမဟုတ်သလို
တွေဝေသူကြောင့်ပုလဲဆိပ်ကမ်းကိုဗုံးကျဲချခဲ့မှာလည်းမဟုတ်ဘူး
တွေဝေသူဟာမျောလွင့်နေတဲ့မြူခိုးတွေပေါ်တက်ရပ်ရင်းနောက်ဆယ်ဘ၀စာအထိထပ်ပြီးတွေဝေတယ်
တွေဝေသူကြောင့်ဧရာဝတီမြစ်ကြီးခြောက်ခမ်းပျက်စီးလာမှာမဟုတ်သလို
တွေဝေသူကြောင့်ဧရာဝတီမြစ်ကြီးကိုကယ်တင်ဖြစ်ခဲ့မှာလည်းမဟုတ်ဘူး
တွေဝေသူဟာအက်ကွဲနေတဲ့ရနံ့ တစ်ခု ၊တွေဝေသူဟာဆုတ်ဖြဲခံထားရတဲ့ရေတံခွန်
တွေဝေသူအကြောက်ဆုံးစာကြောင်းတစ်ကြောင်းက`စဉ်းစားတွေဝေမနေနဲ့ လုပ်စရာရှိတာသာမြန်မြန်လုပ်ချလိုက်´
ပိုတော်တဲ့ကောင်ဆိုတာအမြဲတမ်းရှိနေတတ်တယ်..ပိုတွေဝေတဲ့ကောင်ဆိုတာကောရှိနေနိုင်ပါ့မလား
တွေဝေသူဟာသူ့ တွေဝေမှု့ ကိုစိတ်ချယုံကြည်လွန်းလို့ သူ့ မျက်လုံးထဲမှာအပြုံးပန်းတွေဟာ
သန်းပေါင်းများစွာကြယ်တွေလိုတစ်လက်လက်တောက်ပလာကြတယ်…။
ခြေထောက်တစ်ဖက်မရှိလည်းအသက်ရှင်ရပ်တည်လို့ ရတယ်..မျက်လုံးတစ်လုံးမရှိလည်းအသက်ရှင်ရပ်တည်လို့ ရတယ်
သူ့ အတွက်တော့မတွေဝေဘဲအသက်ရှင်ရပ်တည်မနေနိုင်
တွေဝေသူဟာသူ့ ကဗျာခေါင်းစဉ်ကို`တွေဝေသူ´လို့ ဘဲပေးလိုက်ပြီးရေးလက်စစာအုပ်ကိုပိတ်မီးခလုတ်ကိုနိပ်ချလိုက်တယ်
ပြီးတော့ကျေကျေနပ်နပ်အိပ်ရာပေါ်လှဲချလိုက်တယ်
အိပ်ပျော်သွားရင်တောင်သူဟာအိပ်မက်ထဲမှာကြည်ကြည်လင်လင်ပြည့်ပြည့်၀၀ဆက်ပြီးတွေဝေနေပါလိမ့်မယ်…………။
မောင်ဖီလာ 
ဧတဒဂ်=ဘုရားရှင်လက်ထက်အဆုံးစွန်သောထူးချွန်မူ့ တစ်ခုခုအတွက်ပေးသောဘွဲ့ နာမည်
လှသန်းတစ်ယောက်…မိုရှေဒါးယန်းတစ်ရာ
အကြမ်းထည်ကြီးအတိုင်းကျွန်တော်တို့ ကိုထားခဲ့တယ်
အခုတော့အကြမ်းထည်ကြီးအတိုင်းကျွန်တော်တို့ မှာ
တွေတွေဝေေ၀နဲ့ ငေးငေးနေရတယ်
အခုကျွန်တော်တို့ ငေးနေတာဒုတိယကမ္ဘာစစ်လက်ကျန်
သံသားတွေအလွှာလိုက်အလွှာလိုက်ပဲ့ကျလို့ 
ဒါကိုဘဲသူကနတ်သမီးလေးလိုကျွန်တော်တို့ ပန်းချီကားထဲထည့်ဆွဲသွားခဲ့တယ်
နောက်အနှစ်၅၀ဆိုကမ္ဘာပေါ်မှာကိုယ်တို့ နဲ့ သက်တူရွယ်တူသူငယ်ချင်းတွေတစ်ယောက်မှမကျန်တော့ဘူး
ဟိုလူတစ်ယောက်ဘဲအဖြေမတောင်းတဲ့မေးခွန်းတစ်ခုကိုကိုင်ပြီးရပ်ကျန်နေခဲ့မယ်
မဟုတ်ဘူးလို့ ဖြေလိုက်ရင်နင့်မျက်လုံးတစ်ဖက်ကန်းသွားမှာမို့ လား
စစ်သူရဲ`မိုရှေဒါးယန်း´ဟာရန်သူ့ နယ်မြေကိုထောက်လှမ်းနေရင်း
စနိုက်ပါနဲ့ အပစ်ခံရလို့ မျက်လုံးတစ်ဖက်ကန်းခဲ့ရတယ်
မဟုတ်ဘူးမမှန်ဘူးလို့ ပြောရမှာကိုသေရမှာထက်ပိုပြီးကြောက်နေသလား
မိုင်းနင်းပြီးပြတ်ထွက်လွင့်စင်သွားတဲ့ခြေထောက်တစ်ဖက်မှာကြောက်စိတ်ဟာပါမသွားခဲ့ဘူး
ကြောက်စိတ်ဟာခန္ဓာထဲမှာဘဲဆက်ပြီးကျန်နေခဲ့တယ်…
သေရမှာကိုကြောက်တယ်..ပိုက်ဆံမရှိမှာကိုကြောက်တယ်..ချစ်တဲ့သူတွေနဲ့ ခွဲခွာရမှာကိုကြောက်တယ်
မချစ်တဲ့သူတွေနဲ့ အတူနေရမှာကိုကြောက်တယ်…မလုပ်ချင်တဲ့အလုပ်လုပ်ရမှာကိုကြောက်တယ်…
လုပ်ချင်တဲ့အလုပ်မလုပ်ရမှာကိုကြောက်တယ်…ထင်ရှားကျော်ကြားသူဖြစ်မလာမှာကိုကြောက်တယ်..
သူရဲကောင်းကလည်းသူရဲဘောနဲသူလို့ အထင်ခံရမှာကိုကြောက်တယ်..
ကြောက်နေရတဲ့အချိန်တွေနဲ့ တင်လူ့ သက်တမ်းတစ်ဝက်ဟာကုန်လွန်သွားခဲ့တယ်..
ဆရာဝန်က၅ရက်ဘဲခံတော့မယ်လို့ ရက်သတ်မှတ်ပေးလိုက်ချိန်မှာ
ငါ့မိတ်ဆွေကဗျာဆရာဟာဆေးရုံဝင်းအတွင်းလဲနေတဲ့ဓါတ်တိုင်ပေါ်ထွက်ထိုင်ပြီး
သေခြင်းတရားကိုမခန့် လေးစားလှောင်ပြောင်သရော်ခဲ့တယ်
သူ့ အဆိပ်ထဲညနေခင်းဆည်းဆာကိုစိတ်ကြိုက်ဆော့ကစားသွားခဲ့တယ်
သူ့ ခန္ဓာထဲ`မိုရှေဒါးယန်း´တစ်ရာဟာအပြည့်ဘဲ…..။
မောင်ဖီလာ
အဖြုရောင်သူရဲကောင်း
ချစ်ခြင်းမေတ္တာဟာအနက်ရှိုင်းဆုံးဖြစ်လာရင်
ဘာအသံမှမထွက်တော့ဘဲတိတ်ဆိတ်ငြိမ်သက်သွားတတ်တယ်…။
ငှက်တစ်ကောင်ပျံလာတာကလည်းသတ္တုချောင်းတစ်ချောင်းနဲ့ လှမ်းပစ်လိုက်သလိုဘဲ
သူရဲကောင်းလို့ သူ့ ကိုချီးကျူးတဲ့သူတွေကို
ဂန္ဒီကြီးကပြန်ပြောခဲ့တယ်…
ကျွန်တော်ဟာသူရဲကောင်းတစ်ယောက်မဟုတ်ပါဘူး
ခေါင်းမာသူတစ်ယောက်မျှသာတဲ့….။
ရိုးသားဖြူစင်တာဟာဘုရားအနားကိုတတ်နိုင်လောက်နီးအောင်သွားတာနဲ့ အတူတူ
ကမ္ဘာကြီးဟာဂန္ဒီနဲ့ လုပ်ထားတာမဟုတ်ပေမယ့်လည်း
သူ့ လိုရိုးသားဖြောင့်မတ်တဲ့သူတွေကိုကမ္ဘာကြီးကအမြဲလိုအပ်နေပါတယ်…..။
မောင်ဖီလာ
(ငြိမ်းချမ်းရေးကိုလိုလားသူများအားလုံးသို့ )
မှောင်နေတဲ့အခြမ်း
ခေါင်းထဲသဲတွေ၂တန်လောက်ဖောက်ထည့်ထားသလိုဘဲ
မနက်ဖန်ပေါင်းတစ်ရာ၊မနက်ဖန်ပေါင်းတစ်ထောင်၊မနက်ဖန်ပေါင်းတစ်သောင်း
ခေါင်းကိုချာချာလည်အောင်ရမ်းထဲ့ပြီးသဲလိုအရာတွေကိုခါထုတ်ပစ်ချင်တယ်..။
ဟိုကောင်ပြောသလိုသူ့ ဟာသူဘာကားစီးစီးကိုယ့်ကိုတိုက်မသွားဖို့ တော့အရေးအကြီးဆုံးဘဲ
အခုအတင့်ရဲလာပြီ၊လေထန်ကုန်းတင်မကနိုင်ငံတကာမှာသူ့ အကြောင်းဘာတွေပြောနေကြသလည်းလို့ မေးနေပြီ။
တစ်ခါလူရိုက်ဖူးရုံနဲ့ တစ်သက်လုံးသူရဲကောင်းဖြစ်နိုင်တယ်လို့ ထင်နေတုန်းဘဲလား
ခင်ဗျားက`ဂျက်လန်ဒန်´မှမဟုတ်ဘဲ..ခင်ဗျားကဂျွန်စတိုင်းဘတ်မှမဟုတ်ဘဲခင်ဗျားကအေဂျေခရိုနင်မှမဟုတ်ဘဲ
ဖုန်းရဲ့ တန်ဖိုးထက်ပြောနေတဲ့အကြောင်းအရာတန်ဖိုးကပိုအရေးကြီးတယ်လို့ သူပြောခဲ့တယ်
လူ၇၇ယောက်ကိုသတ်ခဲ့တဲ့`ဒန်ဒါစ်ဘရေဗစ်ခ်ျ´ကိုသေဒါဏ်မရှိတဲ့နော်ဝေတရားစီရင်ရေးက
ဘယ်လိုတရားစီရင်မလည်း
ဒါဟာအထီးကျန်ခြင်းကဓါးနဲ့ မီးလိုသူ့ ဆီကိုရောက်လာခဲ့လို့ ပေါ့
မိန်းမကြီးတစ်ယောက်ဟိုဖက်ပြေးဒီဖက်ပြေးလက်ညှိးငေါက်ငေါက်ထိုးရန်တွေ့ နေသလို
သူ့ ကဗျာတွေကိုဖတ်လိုက်ရလို့ ပေါ့
သေခြင်းတရားဆိုတာကလည်းစိတ်မချမ်းသာစရာကောင်းတဲ့ကျူးကျော်သူ
အခုသူ့ ခြေထောက်တစ်ဖက်နဲ့ ငါ့သူငယ်ချင်းခေါင်းကိုနင်းထားပြီ
ဟစ်တလာခေါင်းကိုနင်းခဲ့သလို၊ကနေဒီခေါင်းကိုနင်းခဲ့သလို၊နပိုလီယံခေါင်းကိုနင်းခဲ့သလို
ငါ့သူငယ်ချင်းခေါင်းကိုသူနင်းနေပြီ
ကြယ်ကလေးတစ်ပွင့်တစ်လက်လက်နဲ့ ကြွေကျသွားသလို
ခေါင်းကိုကြေမွကြွေကျသွားအောင်သူနင်းနေပြီ
အော်သံထဲကလွင့်ထွက်လာတဲ့ကြောက်စိတ်ပြာပြာကလေးကိုလည်းသူနင်းထားတယ်
အခုငါလည်းဂနာမငြိမ်ဘူး
ဖုန်းတွေလျှောက်ခေါ်တယ်..စီးကရက်ကိုတစ်လိပ်ပြီးတစ်လိပ်သောက်တယ်
ဖြတ်လျှောက်သွားတဲ့သူတွေကိုရေဆုံးရေဖျားလိုက်ငေးတယ်
တစ်ယောက်တည်းဖြစ်နေတယ်လို့ မထင်ရလေအောင်စကားကိုဟောင်ဖွာဟောင်ဖွာလျှောက်ပြောတယ်
ဖြေသိမ့်စရာတစ်ခုကတော်တော်များများကိုယ့်လိုတပ်ပျက်နေကြတာဘဲ
ဒါတောင်နောက်ဆုံးတစ်စက်အထိအရသာကရှိနေတယ်လို့ ထင်နေကြတုန်း….။
မောင်ဖီလာ
တစ်ယောက်တည်း(၁)
ဆာလောင်မူ့ ဟာဖြတ်ပြေးနေတယ်…၄၅ကားဂိတ်မှာအထီးကျန်ကောင်ဟာယောင်နန….
စာတမ်းပါတဲ့ငါးကိုမွေးရင်ကံကောင်းတတ်သလိုစာတမ်းရှည်တဲ့ကဗျာကိုဖတ်ရရင်ကောကံကောင်းနိုင်သလား
ကားဂိတ်မှာကဗျာဖတ်ရင်းအထီးကျန်ကောင်ဟာယောင်နန…..။
မောင်ဖီလာ
တစ်ယောက်တည်း(၂)
အေးစက်မှောင်မဲနေတဲ့ဒေါင့်ကျဉ်းကလေးထဲကနေ
ကိုယ့်ကိုယ်ခန္ဓာထဲကိုယ်ပြန်ချောင်းကြည့်မိတယ်…။
ခန္ဓာထဲယိုင်နေတဲ့အလင်းတန်းက၀မ်းနဲကြေကွဲနေတဲ့မျက်နှာပေါ်ဖြာကျနေတယ်..။
ဘ၀မှာတစ်ခါမှစိတ်ပါလက်ပါမပျော်ရွှင်ခဲ့ဖူးသူရဲ့ ညနေခင်း
အဲဒီညနေခင်းထဲကမှာကိုယ်ကလွဲလို့ အားလုံးစိတ်ပါလက်ပါပျော်ရွှင်နေကြတယ်…။
အထီးကျန်နေတယ်လို့ ထင်မိတဲ့စက္ကူပန်းပင်ကလေးကတောင်
လေအဝှေ့ မှာပျော်ပျော်ရွှင်ရွှင်ယိမ်းနွဲ့ နေသလိုဘဲ
လေထဲလွင့်ပါသွားတဲ့စီးကရက်မီးခိုးတွေလည်းအားလုံးနဲ့ အလိုတူအလိုပါပျော်ပျော်ရွှင်ရွှင်
နံရံပေါ်ကွေ့ ကွေ့ ကောက်ကောက်တက်တက်ကြွကြွ
ချီတက်နေတဲ့ပရွက်ဆိတ်တန်းကလေးကလည်းပျော်ပျော်ရွှင်ရွှင်
လမ်းပေါ်ပြေးလွှားဆော့ကစားနေတဲ့ကလေးတွေလည်းပျော်ပျော်ရွှင်ရွှင်…..။
အော်…..ငါတစ်ယောက်တည်းဒီအမှောင်မှာပိတ်မိနေပါပေါ့လားလို့ တွေးမိနေတုန်း
ဗြုန်းဆို
လမ်းတစ်ဖက်ကနေကိုယ့်ဆီငေးရီကြည့်နေတဲ့အထီးကျန်သွေ့ ခြောက်မျက်လုံးကလေးကို
ထိတ်ကနဲပျော်ပျော်ရွှင်ရွှင်ကိုယ်တွေ့ ရှိမိတယ်…။
မောင်ဖီလာ
အချစ်(၃)
ဘုရားသခင်ဆိုတာကျွန်တော်တို့ ဒီမှာရှိနေကြခြင်းအတွက်
လူတွေပေးထားတဲ့နာမည်သာဖြစ်ပါတယ်….။
(စတီဖင်ဟော့ကင်း)
တစ်ချိန်လုံးနာကျင်ကိုက်ခဲနေတာဘဲ
ဖတ်နေတဲ့စာအုပ်ထဲမှာသူမမျက်နှာပေါ်ကအကြောင်းအရာ
ကြည့်နေတဲ့ရုပ်ရှင်ထဲမှာသူမအကြောင်းအရာကရုန်းရင်းဆန်ခတ်
ပြူတင်းပေါက်က၀င်လာတဲ့အလင်းရောင်ထဲမှာလည်းသူမအကြောင်းအရာကတဖျတ်ဖျတ်
ဘုရားသခင်ကိုယုံကြည်ဖို့ ဖိအားပေးခံနေရတယ်
လေထဲကိုတွန်းပြီးထွက်သွားတဲ့မွှေးရနံ့ နောက်စိတ်ကတကောက်ကောက်
အရင်အတိုင်းဘဲပြန့် ကျဲလွယ်တယ်
အချစ်နဲ့ မောင်းချဓါးကိုတစ်ပြိုင်နက်တည်းသုံးချင်တယ်…။
မောင်ဖီလာ
ကျွန်တော့်သူရဲကောင်းများ
သူကသူ့ အသက်အရွယ်နဲ့ 
သက်ရှိထင်ရှားအနေအထားနဲ့ 
လမ်းကိုသူ့ ရဲ့ နာမည်တပ်ပြီးဂုဏ်ပြုခံရတယ်…။
ကိုယ့်ရဲ့ ပျင်းရိမူ့ ၊ကိုယ့်ရဲ့ တွေဝေပျံ့ လွင့်မူ့ ၊
ကိုယ့်ရဲ့ ပေါ့ဆထှိုင်းမှိုင်းမူ့ ဟာ
(၃)လလောက်ကြာမှကိုယ့်ကိုကဗျာဆရာတစ်ခါဖြစ်စေတယ်..။
`ဒေါ်အောင်ဆန်းစုကြည်´အခါခါ
`ဟိုဆေးရီဇော်´အခါခါ
`ငုယင်ဗန်ထရွိုင်း´အခါခါ
`အိုယန်ဟိုင်း´အခါခါ
`မဟတ္တမဂန္ဒီ´အခါခါ
`တမဲလ်အတာတပ်ခ်´အခါခါ
`ချေဂွေဗားရား´အခါခါ
သူတို့ အချိန်တိုင်းအချိန်တိုင်းဖြစ်ခဲ့ကြတယ်
သူတို့ သန်းပေါင်းများစွာဖြစ်ခဲ့ကြတယ်…။
သစ်ရွက်ပေါ်`လ´ရောင်ကျသံကိုရိုက်ထည့်ထားတဲ့`ည´
ငါ့တို့ နှစ်ပေါင်း၄၀ကျော်လုံးလုံး`လ´ရောင်ကိုငတ်ခဲ့ကြတာ
သံတိုင်တွေကြားက`လ´ရောင်ကိုမြင်ချင်လွန်းလို့ 
ရေအိုးကိုရှေ့ ကသံမံသလင်းပေါ်သွန်ချပြီးရေထဲအလင်းပြန်နေတဲ့`လ´ကိုဝိုင်းအုံပြီးကြည့်ခဲ့ရတာ
(မိတ်ဆွေတစ်ဦးရဲ့ ပြန်ပြောင်းသတိရမူ့ )
အဝေး`လ´ရောင်ထဲတလက်လက်နဲ့ လွင့်လာတဲ့နာရီသံချောင်းခေါက်သံ
တိမ်တွေတအိအိနိမ့်ဆင်းလာခဲ့တာ
သူတို့ အခန်းဝရောက်တဲ့အထိဘဲ
ကိုယ်ဘယ်လိုလုပ်လက်လွတ်စံပယ်ရေးနိုင်ပါ့မလည်း
သူတို့ ရဲ့ ငရဲအကြောင်း
သူတို့ ရဲ့ မာကြောကြံ့ခိုင်တဲ့သံမဏိစိတ်ဓါတ်အကြောင်း
သူတို့ ရဲ့ စွန့် လွှတ်အနှစ်နာခံမြင့်မြတ်တဲ့ဘ၀တွေအကြောင်း…..။
မောင်ဖီလာ
၃၄လမ်းထိပ်မှာ(၂)
ရှန်ပိန်ပုလင်းဖောက်ချလိုက်သလို
၃၄လမ်းထိပ်မှာသူရပ်နေတယ်
ဒီအချိန်ဆိုသူမလည်းရုံးဆင်းလောက်ပြီပေါ့
ထမင်းချိုင့်ထည့်ထားတဲ့အိပ်ကလေးကိုဆွဲရင်း၊ဖိုင်တွေကိုပိုက်ရင်း
ဘတ်စ်ကားမှတ်တိုင်ဆီရှပ်တိုက်လွင့်မျောနေမယ့်
ပါးလှပ်လှပ်ခန္ဓာကိုယ်ကလေးကိုမြင်ယောင်ပြီး
၃၄လမ်းထိပ်မှာသူရပ်နေတယ်
အရာရာပြိုကျပျက်စီးနေသလိုဘဲ
စကားနည်းလာလေအသံတွေအများကြီးကိုကြားလာရလေလေ
ဆူညံနေတဲ့စကားလုံးတွေကိုနားထောင်ရင်း
၃၄လမ်းထိပ်မှာသူရပ်နေတယ်
သူတို့ ကိုသတိရနေသရွေ့ 
သူတို့ ဘယ်တော့မှမသေဆုံးကြဘူး
ကွယ်လွန်သူကဗျာဆရာလှသန်းနဲ့ 
ဒီနေရာမှာစကားရပ်ပြောခဲ့တာကိုပြန်တွေးရင်း
၃၄လမ်းထိပ်မှာသူရပ်နေတယ်
သေနတ်ပြောင်းဝကထွက်နေတဲ့ယမ်းငွေ့ တွေလို
အသေကောင်ဆီကဝေါကနဲထပျံသွားတဲ့ယင်ကောင်တွေလို
၃၄လမ်းထိပ်မှာသူရပ်နေတယ်
ခလုပ်တိုက်မိတဲ့သူတိုင်းအတွေးသမားမဟုတ်သလို
ရပ်နေတဲ့သူတိုင်းစောင့်နေတာမဟုတ်ဘူးလို့ စဉ်းစားရင်း
၃၄လမ်းထိပ်မှာသူရပ်နေတယ်
အမြန်နှုန်းနဲ့ တရှိန်ထိုးရွေ့ နေတဲ့တိမ်တွေလို
တဖျတ်ဖျတ်လွင့်နေတဲ့ဇာခန်းဆီးကလေးလို
၃၄လမ်းထိပ်မှာသူရပ်နေတယ်
ညနေခင်းလမင်းကလေးဝရံတာပေါ်ထွက်`သာ´နေပေါ့
ဝရံတာမှာရပ်နေတဲ့ကောင်မလေးကို
ဆာလောင်နေတဲ့အနာဖတ်တစ်ဖတ်လိုငေးကြည့်ရင်း
၃၄လမ်းထိပ်မှာသူရပ်နေတယ်…….။
မောင်ဖီလာ
ချစ်သော….မုန်းသော
မင်းလက်ထဲမှာငါဟာအကြိမ်ပေါင်းမြောက်များစွာအသတ်ဖြတ်ခံနေရသလိုဘဲ
မင်းဟာလှပတဲ့အညစ်အကြေး
မင်းဟာအရသာရှိသောအဆိပ်
တစ်ကိုယ်လုံးမှာရှိတဲ့သွေးစုပ်ထုတ်ခံထားရသလို
အခန်းထဲခွေခေါက်လဲကျနေတယ်
စက္ကန့် တိုင်းစက္ကန့် တိုင်းခေါင်းကိုခြေထောက်နဲ့ လွှဲလွှဲပြီးအကန်ခံနေရတယ်
ဘာဖြစ်လို့ ဒီအမှောင်ကမင်းဖက်မှာတလက်လက်တောက်ပနေရတာလည်း
ဘာဖြစ်လို့ မင်းလက်ကိုင်ဖုန်းကငါ့ကိုသတ်မယ့်သေနတ်ဖြစ်ဖြစ်သွားရတာလည်း
နားထဲကိုအက်စစ်ရည်တွေလောင်းလောင်းထည့်နေတယ်
တစ်ကိုယ်လုံးကအကြောတွေတစ်ထောင်းထောင်းပြတ်ထွက်နေတယ်
ချစ်တဲ့စိတ်ဟာခန္ဓာထဲမှာလှိုင်းအိကလေးတွေလို
တဖျတ်ဖျတ်ဘဲပုတ်တော့တယ်
ဒီအချိန်မှာအသက်ရှင်နေသေးတာတစ်ခုတည်းကဘဲ
ပျော်စရာအကောင်းဆုံးဖြစ်ခဲ့ပြီ……။
မောင်ဖီလာ
ငြီးငွေ့ ဖွယ်
မင်းမအောင်မြင်လို့ ရတယ်သို့ သော်မတိုးတက်လို့ မရဘူး
(လီကာရှင်း)…။
ငါတို့ ရဲ့ အကောင်းဆုံးကာလကိုကျော်လွန်သွားဖို့ ရာစုနှစ်တစ်ဝက်စာလိုနေသေးတယ်
ပြဿနာဟာပျင်းရိငြီးငွေ့ တာကစတာဘဲ
နံရံပေါ်မှာအဲဒီအနာဟာလောက်တဖွားဖွားနဲ့ အောင်အောင်မြင်မြင်ဖူးပွင့်နေတယ်
၁နာရီပျံသန်းပြီးတိုင်း၁နာရီပျံသန်းပြီးတိုင်းဒေါ်လာ၂သိန်းကျော်ကုန်ကျနေတဲ့
Air force one လေယာဉ်ပျံကြီး
အခုပျင်းပျင်းရိရိသန်းဝေလိုက်တဲ့အချိန်မှာကုန်ကျစားရိတ်ဟာဘယ်လောက်ရောက်နေ
ပလက်ဖောင်းပေါ်မှာအစာဝနေတဲ့ခွေးတစ်ကောင်ငြီးငြီးငွေ့ ငွေ့ အကြောဆန့် နေတယ်
ပျင်းရိငြီးငွေ့ ဖွယ်ကောင်းတဲ့မြင်ကွင်း..ပျင်းရိငြီးငွေ့ ဖွယ်ကောင်းတဲ့ရုပ်ရှင်
ပျင်းရိငြီးငွေ့ ဖွယ်ကောင်းတဲ့စာအုပ်…ပျင်းရိငြီးငွေ့ ဖွယ်ကောင်းတဲ့သီချင်း
ပျင်းရိငြီးငွေ့ ဖွယ်ကောင်းတဲ့စကားလုံး…ပျင်းရိငြီးငွေ့ ဖွယ်ကောင်းတဲ့ပန်းချီကား
ပျင်းရိငြီးငွေ့ ဖွယ်ကောင်းတဲ့အသက်ဆက်မှု့ 
`ဗန်ဂိုး´ဟာအဲဒီအဆက်အသွယ်ကိုနေကြာခင်းထဲကျည်ဆံတစ်တောင့်နဲ့ ဖြတ်ချလိုက်တယ်
သူပြတ်ကျသွားတယ်
ကျီးကန်းတွေဝေါကနဲထပျံကြတယ်
အမှုန်ကလေးတစ်မှုန်အစက်ကလေးတစ်စက်ဟာတ၀ဲလည်လည်နဲ့ ကျသွားတယ်
နောက်ထပ်ပျင်းရိငြီးငွေ့ ဖွယ်ကောင်းတဲ့
ဘ၀သံသရာရဲ့ 
နောက်ထပ်အမှုန်ကလေးတစ်မှုန်အစက်ပေါ်တ၀ဲလည်လည်နဲ့ ကျသွားတယ်…။
မောင်ဖီလာ
အချစ်နဲ့ အနုပညာ
ရည်မှန်းချက်ကအရည်အချင်းထက်ပိုပြီးများနေတယ်
ကားလှလှ၊အကောင်းဆုံးကဗျာဆရာ၊ကြယ်တွေကိုသွပ်ဆူးကြိုးလိုလိပ်ခွေပြီးဝင်းထရံခတ်ထားတဲ့အိမ်
တတိယနိုင်ငံမှာအမြဲနေထိုင်ခွင့်လက်မှတ်
မရောက်ဖူးသေးတဲ့နေရာ၊မမက်ဖူးသေးတဲ့အိပ်မက်၊အတူမအိပ်ဖူးသေးတဲ့မိန်းမကိုပိုပြီးစိတ်ဝင်စားတတ်ကြတယ်..
အတွေ့ အကြုံကိုအတွေးအခေါ်ထိဆွဲယူသွား
စွဲလန်းခြင်းဟာကြေကွဲစရာ၊စွဲလန်းခြင်းဟာခြောက်ခြားစရာ
နောက်ဆုံးတော့ရင်မဆိုင်ဘဲပြေးသာပြေးပေါ့ကွာ
စိတ်ကိုခြေထောက်နဲ့ ဆောင့်ကန်ပြီးပြူတင်းပေါက်တစ်ပေါက်ဖွင့်သွားတယ်
ဒေါ်လာသန်းချီတန်တဲ့ဒါဏ်ရာလေးတစ်ခုကျွန်တော်ရထားတယ်
လူတွေအကုန်လုံးကိုယ့်စကားလုံးယူသုံးနေကြသလားလို့ အမြဲသံသယဖြစ်မိတယ်
ဂျင်းဘောင်းဘီတစ်ပတ်နွမ်းကလေးနဲ့ ဒါပေမယ့်`ဂျက်လန်ဒန်´
ဆံပင်တွေခါယမ်းပြီးပြောနေတယ်သူဟာလည်း`ကိုခင်ဝမ်း´
အလှဆိုတာအရည်ပြားကလေးပေါ်မှာဘဲရှိပြီး
အရည်အသွေးဆိုတာကတော့နှလုံးသားထဲ့အထိရောက်တယ်
မောင်ဖီလာ 
အိပ်မက်ဖမ်းသူ
ထိခိုက်နာကျင်မူ့ မရှိတဲ့သင်ခန်းစာမှန်သမျှမြန်မြန်မေ့ပျောက်သွားတတ်တယ်
ဖဲသမားစကားရှိတယ်..ဖဲတွေကိုမကစားရဘူး..ဖဲသမားတွေကိုဘဲကစားရမယ်
ခုနှစ်နာရီခွဲတိတိမှာခင်ဗျားကဗျာကောင်းခဲ့တယ်
ခုနှစ်နာရီခွဲတိတိမှာအဲဒါကိုဖတ်ခဲ့တယ်..
ဇီဇ၀ါပန်းကလေးကမြောက်ပြန်လေထဲသူ့ မွှေးရနံ့ နဲ့ ရမ်းကားနေ
ခင်ဗျားပိုက်ဆံဒေါ်လာသန်းတစ်ထောင်နဲ့ ကျုပ်ပိုက်ဆံငါးရာကျပ်ဟာတန်ဖိုးချင်းတူနေတယ်`မစ္စတာဟုခ်ျဟတ်ဖနာ´
ကျုပ်လည်းဘဲခင်ဗျားလိုအငုံးကလေးတွေနဲ့ တွဲချင်ပါတယ်
ပါတီတွေဘာတွေလည်းပေးခဲ့ချင်ပါသေးတယ်
ဒါပေမယ့်ကဗျာဆရာဖြစ်ဖို့ ခင်ဗျားမှာအခွင့်အရေးတော့မရခဲ့ရှာဘူး
ဒါကြောင့်ကျုပ်ပိုက်ဆံငါးရာကျပ်နဲ့ ခင်ဗျားပိုက်ဆံဒေါ်လာသန်းတစ်ထောင်ဟာအတူတူပါဘဲ`မစ္စတာဟုခ်ျဟတ်ဖနာ´
ငါဘာများမှားခဲ့လို့ လည်းကွာတဲ့
မွန်မာကဒါဖီဟာမသေခင်မိနစ်ပိုင်းအတွင်းမှာရယ်စရာအကောင်းဆုံးပြက်လုံးကိုထုတ်သုံးသွားခဲ့တယ်
ငါဘာများမှားခဲ့လို့ လည်းကွာ
မင်းဆိုနေတဲ့သီချင်းထဲကလယ်ကွင်းအစပ်နားမှာငါသွားပြီးရပ်ခဲ့သေးတယ်
တာမွေအ၀ိုင်းနားကိုရောက်သလားလို့ ကားစပယ်ယာလေးကိုမေးလိုက်တော့
ပိုးစိုးပက်စက်ကိုရောက်တယ်တဲ့
ဟုတ်တယ်..ငါနဲ့ ငွေစက္ကူကလည်းပိုးစိုးပက်စက်ကိုဝေးကွာနေလွန်းလို့ 
အခုလိုဘတ်စ်ကားကိုတားစီးနေရတယ်
မွန်မာကဒါဖီရယ်..ငါတို့ လည်းဘာများမှားခဲ့ပါသလည်းကွယ်….။
မောင်ဖီလာ
ဟုခ်ျဟတ်ဖနာ=ပလေးဘိုင်းမဂ္ဂဇင်းကိုတည်ထောင်ခဲ့သူ
 အနီရောင်ဂြိုလ်သား
ရေခဲမြစ်လို
သူကငါတို့ ကိုယ်တွေထဲမှာလမ်းလျှောက်ခဲ့တယ်
ငါတို့ နားရွက်တွေထဲမှာသူရှိခဲ့တယ်
ငါတို့ အသံတွေထဲမှာသူရှိခဲ့တယ်
ငါတို့ စကားလုံးတွေထဲမှာသူရှိခဲ့တယ်
ငါတို့ မေ့လျော့ခြင်းထဲမှာလည်းသူရှိနေခဲ့တယ်
အိုစမာဗင်လာဒင်ဟာခေါင်းကိုပစ်ချခံလိုက်ရတယ်
ခေါင်းထဲမှာဘာမှမရှိဘဲ
ခေါင်းကိုကျည်ဆံလာမှန်တာနဲ့ သေရောတဲ့
သူ့ ဒီအန်အေကိုသူ့ နောက်မှသေမယ့်ကဒါဖီဆီကနေရတယ်
တိမ်တိုက်ဆိုတာတစ်နေရာရာကိုသွားစရာရှိလို့ ရွေ့ လျားနေတာမဟုတ်
မောင်ဖီလာ
လမ်းတစ်ဝက်က အရိုင်းထည်
Tuesday, February 5, 2013
အရိုင်းထည် (၁)
နှင်းများ တဖွဲဖွဲကျနေသော ရှည်မျောမျောရာသီပဲ
အခန့်မသင့် ငါချော်လဲကျရာ
ငါ့မိတ်ဆွေတွေ ဘယ်သူမှမတွေ့လိုက်ကြ ....
ငါ့အခန်းထဲက မီးသီးတွေက
လွမ်းတတ်တော့ ခဏခဏ ကျွမ်းတတ်တယ်
မှောင်ပိန်းမှုကို အကာအကွယ်ယူပြီး
လွမ်းဖျားလွမ်းနာ ဝင်လာတဲ့အချိန်က
ချော်လဲရာမှာ အရသာရှိရှိ ထိုင်နေဆဲမှာပေါ့။
နှလုံးသားနီးချင်း မိတ်ဆွေများ
ငါ့ကို မြင်နိုင်နှုတ်ဆက်ဖို့
ဖေးမဆွဲထူဖို့
အသစ်ကျိန်စာတိုက်နိုင်ကြဖို့
လရောင်ရိပ်က တံခါးတစ်ချပ်မှာ
အဆိပ်မီးအိမ်စိမ်းကို ထွန်းညှိယူဆောင်လာခဲ့ကြ
ကမ္ဘာတည်ကာစတုန်းကလို
နားလည်မှုတွေ အတုံးအရုံး လွဲမှားခဲ့ကြတာပေါ့။      ။
 နိုင်မွန်အောင်သွင်
လမ်းတစ်ဝက်
လောကထံက မာကျောခက်ထန်သလောက်
လူကတော့ အပျော့ထည်မို့
ငါတစ်ယောက်တည်း အမြန်ခြောက်သယောင်းလာပေါ့လို့
ကိုယ့်ကိုယ်ကို သနားတဲ့စကား ထုတ်ပြောဦးမှာလား
အသက်ရှင်မှုကို ကမ္ဘာစစ်ကာလကြီးထဲ မောင်းနှင်ထား။
ဒီလိုပဲ .. လူ့ဘဝကို ပဲလှော်ဝါးရင်းစတင်
လမ်းမှာတွေ့တဲ့သူဆီက ကမ္ဘာ့သတင်းမေးစမ်းကြည့်
ဒီတစ်ခုတည်း သိလိုက်သလား ...လို့
အချိန်မနှောင်းမီ မေးခွန်းထုတ် အဖြေရှာ
ကွန်ပျူတာကို အားကိုးယုံနဲ့ မပြီးနိုင်ဘူး။
သေရမှာကြောက်တယ်လို့ ပြောလိုက်သလား
ဟိုတစ်နေ့တုန်းကပေါ့
ငါကတော့ ငါ့အကြောင်းနဲ့ငါ  .. ကိုယ့်ဥပဓိနဲ့ကိုယ်
အနုပညာမြောက် မျက်နှာအသေနဲ့
လောကကြီးကို ကြိုဆိုနေခဲ့တယ်
ငါယုံကြည်တဲ့ ကလေးငယ်တွေကတော့
လောကကြီးကို ပြေးလွှားခုန်ပေါက် ကြိုဆိုနေကြလေရဲ့ ။      ။
ထွန်းဝေမြင့်
ပိတောက်မြေ၊ နို်ဝင်ဘာ ၂၀၀၀
သတိရတယ် သူငယ်ချင်း
Monday, February 4, 2013
သတိရတယ် သူငယ်ချင်း
သူငယ်ချင်း 
ပကတိ ငြိမ်ဆိတ်
အိပ်မက်မရှိတဲ့
ညတွေထဲမှာလဲလျောင်း
မင်း အလောင်းမှာ ဒါဏ်ရာတွေနဲ့ ...
မင်းထိုင်ခဲ့တဲ့
စာသင်ခန်းထဲက
ခုံကလေး
ငါငေးရင်း မျက်ရည်ကျ
သိပ်သတိရတယ် သူငယ်ချင်း ။   ။
လူခါး
(အရေးတော်ပုံမှ ထွက်ပေါ်လာသော ဝိဥာဉ်များ၏ ပုံရိပ် မှ ... )
တစ်ခါက facebook မှာ လူခါး ဆိုပြီး လူတစ်ယောက် လာ add ပါတယ်။ ရုတ်တရက်တော့ ဒီလူခါးလို့ ထင်လိုက် ပြီးကာမှ လူခါး မရှိတော့တာကို ပြန်သတိရတယ် .. လူလည်း မှတ်ဥာဏ်ထဲမှာ သေခြင်းတရားကို သိပ်နေရာမပေးချင်သေးဘူး။ အဲဒါနဲ့  အဲဒီကလေးကို ပြောပြရတယ်။ ဒီနာမည်က ကလောင်ဆိုရင် ရှေ့မှာ လူတစ်ယောက်ရှိနေပါတယ်လို့ .. ဒါပေမယ့် သူက မကြားဖူးဘူးလို့ ပြောပါတယ်။ ဟုတ်ပါတယ်။ ခုဒီဘက်ပိုင်း မှာတော့ သိပ် နှံ့ နှံ့စပ်စပ် ဖတ်မထားသူဆို သိမှာမဟုတ်ပါဘူး။ သူရေးခဲ့တဲ့ ရုပ်ပြဇာတ်တွေလည်း တော်တော် ကောင်းပါတယ်။ ဒီကဗျာလေးကတော့ ကျွန်မ ခေါင်းထဲ အမြဲစွဲနေတဲ့ ကဗျာလေးပါပဲ။ 
သစ္စာ
အမျိုးသားရေးအတွက် အသက်ပေးသွားသော
ရဲဘော်များအား တိုင်တည် သစ္စာပြုပါ၏
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွနုပ်၏သွေး မနီစွေးလျင်
အသင်တို့ သွေး ပက်ဖျန်းခြင်းဖြင့်
ရဲဆေး တင်ပေးကြပါလေ။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွနု်ပ်ဝိဥာဉ် ကြောက်စိတ်ဝင်၍ မချင့်မရဲသတ္တိနည်းလျင်
အသင်တို့ ဝိဥာဉ် ပူးကပ်ဝင်၍
ကျွနုပ်အား ထိန်းချုပ်ပေးပါလေ။ 
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွနု်ပ်သည်ကား အမျိုးဂုဏ်ဖျောက် သစ္စာဖောက်ဟု
မထောက်မညှာ ပြုမိပါလျင်
အသင်တို့၏ မညွတ်ပြောင်းသော ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်း၍ အပြစ်ပေးကြပါလေ။ 
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွနု်ပ်အသက် လမ်းတစ်ဝက်မှ ပေးဆပ်ရလဲ
လူ့ဘုံလမ်းခွဲ ဝမ်းမနည်းပဲ
တာဝန်တစ်ရပ် ကျေပြွန်မှတ်၍
ထပ်ထပ်ပျော်ရွှင် ကျွန့်ဝိဥာဉ်သည်
အလံကိုဆွဲ လေတွင်ဝဲ၍ 
သင်တို့ ရှိရာ ကျွနု်ပ်လာမည်
ရင်ဖွင့်ကြိုဆိုကြပါလေ ..။        ။
မင်းကိုနိုင်
ဒါလည်း အဲဒီဖယောင်းလက်ရေးနဲ့စာအုပ်လေးထဲမှာပါတဲ့ ကိုပေါ်ဦးကဗျာ တစ်ပုဒ်ပါပဲ။ 
နောက်တစ်ပုဒ်ကတော့ ကျောင်းသား ကဗျာလို့ အမည်ရတဲ့ ကိုအောင်ဒင်ရဲ့ ကဗျာပါ
ကျောင်းသားကဗျာ
စာသင်ခန်းထဲမှာ
ကဗျာတစ်ပုဒ် စပ်ဖူးတယ်
စာသင်ခန်းထဲမှာ
ဗားတော့ဘရက် ဖတ်ဖူးတယ်
စာသင်ခန်းထဲမှာ
ဆေးလိပ်ခိုးသောက်ဖူးတယ်
စာသင်ခန်းထဲမှာ
ဆရာဆူတာ ခံရဖူးတယ်။
စာသင်ခန်းထဲမှာ
စာမေးပွဲဖြေရမှာကိုကြောက်
စာအမေးခံရမှာကိုကြောက်
ပျင်းစရာကောင်းတဲ့ ပြဌာန်းစာအုပ်ကြီးတွေကို ကြောက်ရင်း
ကျောင်း အတန်တန်ပြေးဖူးတဲ့လူတစ်ယောက်
ခုတော့  .. စာသင်ခန်းထဲ ပြန်ရောက်ချင်နေတယ်
စာမေးပွဲတွေ ပြန်ဖြေချင်တယ်
စာသင်ခန်းကို လွမ်းတယ်ကွယ် 
တောထဲတောင်ထဲမှာ
စာမေးပွဲမရှိ
စာသင်ခန်းမရှိ
ပြဌာန်းစာအုပ်မရှိ
လက်နက်ကိုင် နည်းလမ်းနဲ့
ကြမ်းတမ်းတဲ့ ငှက်ဖျားရောဂါပိုးတွေရှိတယ်
လူမျိုးစု တော်လှန်ရေးသမားတွေရှိတယ်
သူတို့တွေနဲ့အတူ လက်တွဲလို့
စစ် အာဏာရှင်ကို ရင်ဆိုင်မယ်
ဗမာပြည်ကို ကယ်တင်မယ်
အမိမြေကို ပြန်ရယူမယ် ။
ဒီမိုကရေစီရဲ့
ရွှေရောင်ဝင်းပတဲ့လမ်းမ
ငါတို့ရဲ့ သွေးစက်များက လမ်းပြရှေ့ဆောင်
ပန်းပါင့်များအားလုံးရဲ့ အောင်ပွဲ
ငါတို့သွေးနဲ့ လဲရမယ်
မဝေးလှတဲ့
အနာဂါတ်ရဲ့ စာသင်ခန်းထဲ
ငါမရှိလည်း ငါရှိနေသလို
မင်းမရှိလည်း မင်းရှိနေသလို
သူမရှိလည် သူရှိနေသလို
သူငယ်ချင်းတို့ရယ် ..
စွယ်တော်ရွက်တွေဝေတိုင်း
ငါတို့ကို သတိရပါ ..
သမဂ္ဂ အဆောက်အဦသစ်ဖွင့်ပွဲ
ငါတို့ ဝိဥာဉ်တွေလည်း
ပါဝင်ဆင်နွှဲပါရစေလား 
အောင်ဒင်
၁၇၊ဒီဇင်ဘာ၊ ၁၉ ၈၈
မမှားဘူးဆိုရင် ဒီစာအုပ်က ဖယောင်လက်ရေးဟာ ကျွန်မတို့ သူငယ်ချင်းမြစ်ကျဉ်းတစ်စင်း ခု လက်ရှိနာမည်ကျော် စာရေးဆရာတစ်ယောက်ရဲ့ လက်ရေးပါ။ ဒီလက်ရေး စာစောင်လေးထဲမှာ တာရာမင်းဝေရဲ့ နာမည်ကျော် ကျောင်းသားကဗျာ လည်း ပါပါတယ်။ ဒီစာအုပ်လေးကို ၁၉ ၉ ၀ လောက်မှာ ကျွန်မသူငယ်ချင်း တစ်ယောက်က ယူလာပေးလို့ ဖတ်ရပါတယ်။ ရှားပါးတဲ့ စာအုပ်လေးမို့ အားလုံးကို လက်ရေးနဲ့ပဲ ကူးယူထားခဲ့ရတာ မှတ်မိနေတယ်။ ခု ဒီထဲက ကဗျာလေးတွေကို အမှတ်တရ ပြန်တင်ပေးလိုက်ပါတယ်။