ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

ပွဲတော်

Sunday, February 28, 2010

ခုတလော ပွဲတော်တွေ ပွဲတော်ပျော်တွေ မျက်လုံးပေါ်အောင် မပြုံးရဲသူတွေ လူရာဝင်ချင်တဲ့ အရောအနှောတွေ သုံးခွက်တစ်ခွက်တင် ပေါင်းသင်းဆက်ဆံရေးတွေ မော့ကြည့် ငုံ့ကြည့်စရာမလိုတဲ့ အရိပ်သုံးပါးတွေ စိတ်ပါ လက်ပါကြေကွဲမှုတွေကို တွေ့နေရတော့ ဒီကဗျာလေးကို သတိရမိတယ်။ သောင်းပြောင်းထဲက ပြန်ကူးတာ မဟုတ်ပါဘူး။ အသန့်စင်ဆုံး ရယ်သံ ဆိုတဲ့ စာအုပ်ကလေးထဲကပါ။ အားလုံးလည်း ခံစားနိုင်လိမ့်မယ် ထင်ပါတယ်။


ပွဲတော်

မီးပုံကြီး ပိုမိုမြင့်မားလာအောင်
ရေအဆုံးကုန်းတစ်ဝက် နေ့ရက်များကို ပစ်ထည့်
သုံးခွက်တစ်ခွက်တင် ပေါင်းသင်းဆက်ဆံရေးများကိုလည်း တရုန်းရုန်းပစ်ထည့်
သုံးရာသီ အာသီသများကို အတောမသတ်ပစ်ထည့်
လူရာဝင်ချင်တဲ့ အရောအနှောများကို တောက်တောက်ပပ ပစ်ထည့်
မော့ကြည့်စရာ ငုံ့ကြည့်စရာ မလိုအပ်သော အရိပ်သုံးပါးကို ပစ်ထည့်
မတင်းကျပ်သော မလျော့ပါးသော
မပိုသော မလိုသော ဓာတ်ကြီးလေးပါးကို ပစ်ထည့်
ငါတို့ အရည်ပျော်ကျလုနီးပါး စိတ်ပါလက်ပါ ကြေကွဲနေကြတယ်
အချိန်ယူ ဝိုင်းစက်ပြည့်တင်းလာတဲ့ လပြည့်ည တစ်ညက
မီးပုံပွဲတစ်ပွဲမှာ
ငါတို့ အဖိတ်ဖိတ်အစင်စင် လွင့်ပျံနေခဲ့ကြပေါ့
မဖုံးနိုင် မဖိနိုင် မာန်ဖီမှုများကို လိပ်ပြာလှအောင်
ငါတို့ မထိန်းသိမ်းနိုင်ခဲ့ကြ။
ဟိုးအဝေး တောင်တန်းရိပ်ပေါ်က
အက်ကြောင်းတွေ ထနေတဲ့ လှလှပပအိပ်မက်တစ်စင်းရဲ့
အသံတိတ်ခေါ်သံကို အစိမ်းသက်သက်ရင်နဲ့ကြားနာခဲ့ကြရ။
ရင်နဲ့ ခံစားချက်နဲ့ သဟဇာတ မဖြစ်ပဲ
အပေါ်ယံတင်းနေတဲ့ အိပ်မက်တွေထဲ
အပြေးအလွှား ကျွံကျနေချင်ခဲ့ကြ
အဲသလို ဝံပုလွေတွေပါပဲ
အူသံရှည်တောအုပ်ကြီးထဲ တောက်လောင်ကြ
အရုဏ်တက်လာချိန်ထိ အမှားအယွင်းတွေရဲ့
သင်္ကေတ တစ်ခုလို ကျွမ်းလောင်နေခဲ့ကြ
ကမ္ဘာ မီးလောင်နေချိန်မှာ နာတာရှည် အလွမ်းတွေကို
တသောသော ချနင်းပစ်ခဲ့ကြ
တစ်ခုပဲ
ပွဲတော်မှာ
ငါတို့
မျက်လုံးပေါ်အောင် မပြုံးရဲခဲ့ကြဘူး။ ။

နိုင်မွန်အောင်သွင်
၂၀၀၂၊ မေ သောင်းပြောင်းထွေလာ

ငါ့ဘေးနားက သူငယ်ချင်းသို့ နှုတ်ဆက်စကား

Tuesday, February 2, 2010

နှုတ်ဆက်စကား

တံတားကလေး ကျိုးရင်လည်း ကျိုးတဲ့အတိုင်း ရှိစေတော့
ကမ်းပါးကလေးပြိုရင်လည်း ပြိုတဲ့အတိုင်းရှိစေတော့
ရိုးသားခြင်းလောက် ဘယ်အရသာမှ မချိုမြိန်နိုင်ဘူး
အမှန်တရားကို
ဘယ်ဘုရားမှ မမြင်ခဲ့ဘူးဆိုရင်လည်း ရှိစေတော့
မျှော်လင့်ထားတာတွေ ပျက်စီးလွယ်တဲ့ဘဝမှာ
သံဆူးခံထားရတဲ့ သစ်သားလေး တစ်ချပ်ပါ
မပျော်ရွှင်မှုကို
ဘယ်ဖုန်းနံပါတ်ဆက်ပြီးတိုင်ရမှာတဲ့လဲ
ဟာသတွေနဲ့ အကျွမ်းတဝင်မရှိတော့
ဖြစ်ခြင်း ပျက်ခြင်းတွေမှာလည်း ရယ်သွမ်းသွေးမနေနိုင်ပါဘူး
မဖြစ်နိုင်တာတွေ သိပ်များလွန်းတော့လည်း
အပွန်းအပဲ့တွေ အနာအဆာတွေနဲ့ ကြီးကျယ်ခန်းနားလို့
ဒီလို
ကမ္ဘာကွယ်မယ်မှန်းသိသိနဲ့
ဘဝကို အရောင်လက်သွားအောင်
ရွှေချချင်ခဲ့သူ
ကိုယ်ဟာ
ဒုက္ခလို့ မမြင်နိုင်အောင်ပဲ အမှောင်မှာ လင်းကျင်းခဲ့ပါတယ်
အားလုံး ပျော်ရွှင်ပါစေတော့။
ဥတ္တရာအောင်
၂၀၀၆ ဧပြီ idea

ငါ့ဘေးနားက သူငယ်ချင်း

အဓိပ္ပာယ်မရှိတာကိုက အဓိပ္ပာယ်ရှိနေတာ
အဓိပ္ပာယ် .. ဟုတ်တယ် အဓိပ္ပာယ်
ခုတလော အဓိပ္ပာယ်က ကော်ဖီရောင်ထနေတဲ့ စားပွဲတစ်လုံးပါပဲ
ဂနာမငြိမ်... ဖျတ်ဖျတ်လူး... မီးလျှံလို ယိုင်ထိုးစိတ်ကူးကို ဖိုထိုးပြီးထိုင်နေပေါ့
တစ်ခုခုနဲ့ ငြိနေသလားဆိုတော့...
စိတ်ကလေး အသံတချွင်ချွင် မြည်ဟည်းထပုံ .. ရင်ဘတ်ထဲ တောမီးလောင်ရပုံများ.. သြော် အဆန်းတကြယ်
ဝက်သားဆီချက်ကော်ဖီ၊လီမွန်တီးအအေး၊ဆေးလိပ်တစ်ပွဲ၊ရေနွေးကိုတော့ ဟိုချာတိတ်နဲ့ပို့ခိုင်းလိုက်မယ်
အဲဒီလို... အဲဒီလို ... အဲဒီလိုမျိုး ...
ခုမိုးပြိုတယ် .. တော်ကြာ နေသာတယ် .. ခဏနေ ရေကြီးသွားပြန်ရော ..တကယ့် အဓိပ္ပာယ်ပဲ
အဓိပ္ပာယ် ..ဟုတ်တယ် .. တကယ့် အဓိပ္ပာယ်ပဲ
ထင်တာတွေချည်း မုန့်လုံးစက္ကူကပ် ပြောပြောနေ .. အရသာကိုလေနဲ့လျက်ပြီးချိုမနေနဲ့
ကြည့် .. ဆိုင်းဘုတ်.. မောင်းမယ်ဆို ဒီယဉ်ကျေးမှုမျိုးက တစ်လမ်းမောင်းပဲ
သတိလမ်းလွှဲမှ သွားပါ..ရှေ့ကိုက်တစ်ရာတွင် ရထားလမ်းကူးရှိသည်.. ကျောင်းရှိသည်ဖြည်းဖြည်းမောင်း ..စသဖြင့်..
ညာဖက်များကွေ့ချလိုက်ရင် သက်သာရာရမယ်လို့များထင်နေသလား...ထင်များ ထင်နေသလား
အချစ်က ဟွန်းမတီးပဲကွေ့လာတတ်တဲ့ကားအကွာအဝေး မိုင်တိုင် ၁၅၀၀မှာယာဉ်တိုက်မှုများဖြစ်ပွားခဲ့တယ်ဆိုရင်
အခြေအနေဟာ ဘာအခြေအနေလဲ အခြေအနေဆိုတာ လူပဲ လူဆိုတာ အခြေအနေပဲလေ
မမြင်ဘူးလား..စည်းဘောင်နဲ့ ..အကန့်အသတ်နဲ့..အကာအရံနဲ့..ပိုက်နက်ကို မျက်စပစ်တာလည်း ..
ပြစ်မှုတစ်ခုကို မသမာမှုနဲ့ ကျူးလွန်နေတာပဲ
ဟူး............. အဓိပ္ပာယ်ပဲ၊ အဓိပ္ပာယ်.. ဟုတ်တယ် တကယ့် အဓိပ္ပာယ်ပဲ
ဒီမှာမင်းထိုင်ခုံ..ဟိုမှာ သူ့စားပွဲ.. သူ့ချစ်သူကတော့ ခုံအဖျားမှာတင်ထားတဲ့ခွက်ပေါ့..အချိန်မရွေး..
ခွမ်း...ကနဲကျကွဲသွားနိုင်ပါတယ်
ပျော်ပျော်နေ...ပျော်ပျော်နေ..ဟုတ်တယ် ပျော်ပျော်နေ.. အမြဲပျော်ပျော်သာနေ
ဟုတ်တယ်မဟုတ်လား အဓိပ္ပာယ် မရှိတာကိုက အဓိပ္ပာယ်ရှိနေတာပဲလေ............။ ။
ဥတ္တရာအောင်
၂၀၀၉ ၊ဒီဇင်ဘာ idea

ပန်းနုရောင်အိပ်မက်

Saturday, December 5, 2009

ကျွန်ုပ်တို့၏ မညာသောနှလုံးသားဖြင့် တွေ့ရှိချက်

(၁)
ခုလိုကာလ
ခဏတော့နေပါစေ
နေအလာအလင်းဖြန်းရင်
နန်းဇာတိရုပ်ပေါ်လိမ့်မယ်။
ကျင်လုံ လို
အလိုတော်ရိဇာတ်ကောင်ကမှ
ကြည့်ရကောင်းပါသေးတယ် ။
(၂)
အခုတလော
ခေတ်အစားဆုံး
ဧရာမလှုပ်ရှားမှုဟာ
အစည်းအဝေးပါပဲ ။
ဒါလဲ
ရောဂါပဲ လို့
ငါ့ရဲဘော်ကပြောဖူးတယ်။
(၃)
ဒီကောင်က
ကြောင်တယ်
ဖောက်ပြန်တယ်...တဲ့။
ကျွန်တော်ဟာ
တော်လှန်တယ်
မှန်ကန်တယ်တဲ့
သတင်းပေး..နဲ့
မိတ်ဖွဲ့ခဲ့သူက
သူရသတ္တိကြီးမားစွာ
အခန်းမှာမရှိသူအား
စွဲချက်များ တင်ရဲ့။
စာစဖတ်ခါစ
အစည်းအဝေးတက်လေ့ကျင့်သူ
စကားပြောလေ့ကျင့်သူ
လူမမယ်တစ်စုဟာလည်း
ဟုတ်ပါတယ်... တဲ့။
ထောက်ခံပါတယ်တဲ့ ..
ဟန်နဲ့ပန်နဲ့ ထအော်တယ်။
(၄)
သြော်
ဇလုပ်ပြသံ
အပုတ်ချသံ
ပုတ်ခတ်သံ ခုတ်ဖြတ်သံများ
ရန်ကုန်မှာ
သံစုံမြည်ဟည်း
တော်လှန်ရေးကြီးတစ်ခုပေါလေ။
(၅)



(၆)
ပါလီမန်ခေတ်
အသံချဲ့ဓါတ်ခွက်နဲ့
ဆက်သွယ်တဲ့အလုပ်
လုပ်နေသူတွေလဲ
လုပ်နေတာပါပဲ။
သူရဲကောင်းများ
စကားနှုတ်ဆိတ်
အလုပ်ကြိတ်လုပ်သွားခဲ့တယ်။
ငါဦးခိုက်ရှိခိုးမယ်။
(၇)
အို ..သူရဲကောင်းတို့
ခြေအစုံမှ
မြေတစ်မှုန်ကျန်ရစ်
အောင်ချိမ့် ဖြစ်တယ်။
တစ်လောကလုံး
အကျည်းတန်ဆုံးအရာဟာ
သစ္စာဖောက်မျက်ခွက်ဖြစ်တယ်။ ။
အောင်ချိမ့်
(ပန်းနုရောင်အိပ်မက် ကဗျာစုမှ)


ငိုကြွေးနေတဲ့ကဗျာတစ်ပုဒ်

ဆွတ်ပျံ့ချိုအေးတဲ့
တေးသံတွေကို
ငါချစ်တယ်။

သမီးလေးရဲ့
ငိုကြွေးသံဟာ
ကဗျာခံစားမှုအလား
နှလုံးသားထက်
နက်ရှိုင်းစွာစူးဝင်
ရင်ခုန်ရပြီ။

ိငိုခြင်းနဲ့ရယ်ခြင်းမှာ
အပ်တစ်ဖျားစာပဲ
အပြောင်းအလဲမြန်
နက်ဖြန်ရဲ့အသစ်
ကနေ့အဖြစ်ကို
မြိုဝါးသွားပါလိမ့်မယ်။

ဇန်နဝါရီ
မပီမသမြင်ကွင်း
နှင်းကာလရဲ့
ညအခါမှာ
ကဗျာတစ်ပုဒ်ဖွားမြင်တယ်။

အို့အို့အေးအေး
တိတ်ပါ့ကလေးရယ်
မိခင်ငယ်ရဲ့တေး
ရင်အေးစရာ။

မကြာမီ
ရာသီများစွာ
ထွက်ခွာစုန်ဆန်
နက်ဖြန်ရဲ့လက်တစ်ချောင်း
စုဆောင်းမိမယ်။

ခုနေခါတော့
ငိုကြွေးတဲ့တေးဟာလည်း
သဲလှိုက်စူးနစ်
ချစ်စရာကွယ်။ ။

ဖော်ဝေး
(ပန်းနုရောင်အိပ်မက် ကဗျာစုမှ..)




အဲဒီ လက်ရေးဖယောင်းစာအုပ်ကလေးကို ဆရာဆောင်းဝင်းလတ် ဆီက ရထားခဲ့တာပါ။ ၁၉၉၁ခုနှစ်ကျော်ကျော်လောက်ကထင်ပါတယ်။ဒီနေရာကနေ ဆရာဆောင်းကို မှတ်မှတ်ရရကျေးဇူးတင်ပါတယ်။

နိုဝင်ဘာ

Thursday, November 19, 2009

image source


နိုဝင်ဘာ


ငါ့ရဲ့ ရွှေအိပ်မက်ကို
ခြေကျင်းတွေလို ခွဲစိပ်ဝတ်ဆင်ထားတဲ့မိန်းမ
မြူခိုးနီညိုတွေကြားမှာ
စပယ်ကပိုကရိုနဲ့ ... လှလို့။

ငါ .. တစ်ပွင့်ပြီးတစ်ပွင့်ပြိုလဲ
နှင်း အဆက်ဆက်တိုင်အောင် ကြေကွဲခဲ့ရပေါ့ ။ ။

တာရာမင်းဝေ
၁၉၉၅၊စက်တင်ဘာ၊ဟန်သစ်

တင်းလွန်းကြိုး

Thursday, November 12, 2009

တင်းလွန်းကြိုး

တရားအရိပ်၊ပုတီးစိပ်၍
သိုသိပ်အေးစွာ၊နေလိုပါလည်း...

လေပြန်ခြွေဖျက်၊မြေပေါ်သက်
ရွက်ဝါလေးများ၊လှုပ်ကစားတိုင်း
လှုပ်ရှားရင်မှာ၊ငြိမ့်ငြိမ့်ခါမိ ....

မြူရိပ်စိုးတုံ၊အခိုးထုံ
မိုးမှုန်လေးများ၊လှုပ်ကစားတိုင်း
လှုပ်ရှားရင်မှာ၊ငြိမ့်ငြိမ့်ခါမိ...

ပိတောက်ချိုပျံ့၊အစိုဖန့်
ပန်းနံ့မွှေးများ၊လှုပ်ကစားတိုင်း
လှုပ်ရှားရင်မှာ၊ငြိမ့်ငြိမ့်ခါမိ...

သိမ့်ခါခြင်းသည်၊မတည်ငြိမ်မှု
အနုသယ၊သမုဒယဟု
ဆုံးမပါလျက်၊ထိန်းချုပ်ခက်သည်
ရမ္မက်လွန်ကြိုး၊တင်းလွန်းစွ ... ။ ။

ဗန်းမော်ညိုနွဲ့
၁၉၉၀၊ဧပြီ၊ရှုမဝ


ဒီနေ့ ဖိုးခွား ဆီက သတင်းတစ်ခုရပါတယ်။ ဆရာဗန်းမော်ညိုနွဲ့ ဆုံးပြီတဲ့။ အဲဒါနဲ့ မှတ်စုထဲပါလာတဲ့
သူ့ကဗျာလေးတစ်ပုဒ်ကို သတိတရတင်ပေးလိုက်ပါတယ်။ ဆရာ ကောင်းရာသုဂတိလားပါစေ .. လို့ ။

ကော်ဖီခွက်ကလေးများ

Wednesday, October 28, 2009

ဒီကော်ဖီခွက်လေး ဆိုတဲ့ ကဗျာတွေကို Idea magazine လ တစ်ရာပြည့်မှာ Poetry Performance အနေနဲ့ သုံးချင်လို့ တောင်းထားခဲ့တာပါ။ လတစ်ရာပြည့်မှာ ထူးထူးခြားခြားလေး လုပ်ချင်လို့ Poetry Performance ကို နှစ်မျိုး လုပ်ခဲ့ပါတယ်။ တစ်ခုက ဒီကော်ဖီခွက်ကလေးတွေဖြစ်ပြီး တစ်ခုက ကိုငုအိမ်ထက်မြက် ရဲ့ ကဗျာတွေပါ။ ကော်ဖီခွက်ကလေး လေးမျက်နှာ၊ ကိုငုအိမ်ထက်မြက် ကဗျာလေးပုဒ်ကိုတင်လိုက်ပြီးတဲ့နောက် ကိုငု ကဗျာတွေက တစ်ခါတည်း နတ်ပြည်တက်သွားတာ ပြန်ဆင်းမလာတော့ပါဘူး။ ဒါနဲ့ပဲ Performance မှာ ဘက်ပဲ့ ကျန်ခဲ့ပေမယ့် သူ့ဟာနဲ့သူလှနေတဲ့ ကော်ဖီခွက်ကလေးတွေကိုပဲ ကျွန်မချစ်သော ကဗျာများကနေပဲ တင်ပေး လိုက်ပါတယ်။ ဘာလို့ ဒီကနေတင်လဲဆိုတော့ ဒီကဗျာလေးတွေကို စဖတ်ရကတည်းက ကျွန်မချစ်သောကဗျာများ မှာသိမ်းထားမယ်လို့ စိတ်ကူးထားခဲ့လို့ပါ။
ကဗျာတွေကို ဓါးပြတိုက်တာကို အသာတကြည်ပေးတဲ့ Zephyr ၊ စိတ်ကူးတည့်ရာအတိုင်းဒီဇိုင်းတွေကို တစ်ထပ်တည်းကျအောင်လုပ်ပေးတဲ့ ဒီဇိုင်းဆရာလေး ကိုမျိုး၊ တို့ကိုကျေးဇူးတင်ပါတယ်။ ကဗျာတွေက Singapore မှာနေထိုင်ပြီး ကျွန်မက Sydney မှာပါ။ ကိုမျိုးက Malaysia မှာဖြစ်ပြီး idea တိုက်က မြန်မာပြည်မှာ ဖြစ်ပါတယ်။ နိုင်ငံလေးခု မနားတမ်းဆက်သွယ် ဖန်တီးပြီးရလာတဲ့ ရလဒ်လေးဖြစ်လို့လည်း အမှတ်တရပါပဲ။ ဒီဇိုင်းတွေကို psd file နဲ့ resolution အပြည့် မြန်မာပြည်ကိုပို့ရတယ်ဆိုတာတော်တော် မလွယ်တဲ့ကိစ္စပါ။ ခုတော့ အောင်မြင်သွားခဲ့ပါပြီ ။ ကိုငုရဲ့ ကဗျာတွေကိုတော့ လွမ်းဆွတ်နေမိပါတယ်။
PS: တစ်မျက်နှာချင်းစီ ကလစ်ခေါက်ပြီး ဖတ်သွားနိုင်ပါတယ်။ ကဗျာသီးသန့်စာသားကိုလည်း အောက်မှာ ထည့်ပေးလိုက်ပါတယ်။











ကော်ဖီခွက်လေး

ဒီနေ့မင်းရော ငါပါ မှောက်ကျခဲ့တယ်နော် ...
သံသရာအဆုံးကပြန်ရေတွက်ရင်
ဒီနေ့ကဘာနေ့ပါလိမ့်ကော်ဖီခွက်လေးရယ် ....

မိုးဥတုအလွတ်တစ်ခုနဲ့
ဆောင်းဥတုအပြည့်ကြားမှာ
တိုးဖျော့တဲ့ သစ်ရွက်ကြွေချိန်လေးတစ်ခု အတိအကျရှိခဲ့တယ် ကော်ဖီခွက်လေးရဲ့ ...
မိုးရေစိုစွတ်ပြီး ဆောင်းငွေ့ပါတဲ့
အဲဒီ သစ်ရွက်ကြွေချိန်လေးမှာ...
မင်းကို ငါကခေါ်ပေမယ့် ..
အသည်းကွဲနေတဲ့ ကော်ဖီခွက်လေးမင်းက မထူးနိုင်ခဲ့ဘူးလေ ...။ ။

ကော်ဖီခွက်လေး ...

အနည်လေးတွေ ရွေ့နေတယ် ...
စိတ်ထဲမှာရွေ့နေတယ် ...
ငြိမ်မလိုနဲ့ ရွေ့နေတယ် ...
မင်းသိလားကော်ဖီခွက်လေး
ငါ မင်းလို စိတ်ရှည်လက်ရှည် အနည်ကျချင်တာကိုလေ ..။
မင်းဘယ်လိုအငွေ့တွေနဲ့ပြန်အုပ်ထားတာလဲ...
ငါ့စိတ်ကို ဘာနဲ့အုပ်ထားရမလဲ ပြောပြပါလား ...။

တစ်ခုတည်းသောအာရုံမှာ မြဲနေတဲ့ကော်ဖီခွက်လေး ...
မင်းအနားမှာ ငါသိမ်ငယ်လိုက်တာကွာ ...။ ။


ကော်ဖီခွက်လေး

ငါတို့ဘ၀ထဲကို ရေနွေးပူလောင်းထည့်ခဲ့သူတွေအတွက် ...
သင်းပျံ့တဲ့ ရနံ့နဲ့ ... ပြုံးပြလိုက်ကြစို့ကွယ် ...
တစ်လမ်းမောင်းတွေရဲ့ရာဇ၀င်မှာ
ငါတို့အတူ ခမ်းနားကြစို့ကွယ် ....။

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးမူအရ ...
ကော်ဖီခွက်လေးနဲ့ငါနဲ့
ငါးရဖို့မရည်ရွယ်ဘဲ ငါးမျှားနေသူတွေလို
လေးနက်တဲ့စာအုပ်တွေနဲ့ ...
တွေတွေကြီးမျှားနေလိုက်တယ် ...။

ကော်ဖီခွက်လေးရေ ...
တွေ့လား ...
စာအုပ်ထဲမှာ ...၊
မင်းနဲ့ငါအတွက်
နေ၀င်သွားပြန်ပြီ ... ။ ။


ကော်ဖီခွက်လေး

ကောင်းသောလမ်းခွဲပါတဲ့ ...
မငိုနဲ့လေ ..ကော်ဖီခွက်လေးရဲ့ ..
အခိုးအငွေ့လေးကိုနှုတ်ဆက်ပါ...
ရဲရင့်စွာ ..
ရဲရင့်စွာပေါ့ကွယ် ...

လေထဲမှာပျောက်ကွယ်သွားမှာကို
ငါတို့
ဘာလို့ ဒီလောက်တန်ဖိုးထားမြတ်နိုးတာလဲ ...
...

အဲဒီညလည်း
ကော်ဖီခွက်လေးနဲ့အတူ အိပ်စက်ခြင်းကို တစိမ်းဆန်ပစ်လိုက်ရတယ် ....။ ။


ကော်ဖီခွက်လေး

ကော်ဖီခွက်လေးရေ ..
မင်းက
အနက်ရောင်တရောင်တည်းနဲ့ ရှုမငြီးဖြစ်နေတဲ့ခွက်လှလှလေးပေါ့
မင်းနဲ့သာအတူမသောက်ရဘူးဆိုရင် ...
ကော်ဖီသောက်ခြင်းဟာ အနုပညာမဟုတ်တော့ဘူးကွဲ့ ...။

ကော်ဖီမှုန့်ရယ် သကြားရယ် ရေနွေးရယ် မင်းရင်ဘတ်ထဲမှာ ကော်ဖီဖြစ်သွားသလို
အလွမ်းရယ် ခါးသက်မှုရယ် အယောနိသောမနသီကာရရယ် ငါ့ရင်ဘတ်ထဲမှာ ကဗျာ ဖြစ်လာဖို့ကောင်းတယ် ...။

မင်းက ငါ့ကို ငေးရီကြည့်နေသလို ..
ငါကမင်းကို နာကျင်ချစ်မက်စွာ ကြည့်နေချင်တယ် ...
မင်းက ငါ့ကိုနွေးထွေးစေသလို ..
ငါက မင်းကို ငါ့သွေးကြောတွေထဲမှာ လုံခြုံနွေးထွေးစေချင်တာ ...
မင်းက ငါ့ကို ကဖိန်းဓာတ်ပေးသလို ..
ငါကမင်းကို Platonic Love ပေးချင်တာ ...၊
မင်းက ငါ့ကို ပြုံးပြတဲ့အခါ
ငါကမင်းကို နှလုံးခုန်သံနဲ့ပြန်ပြုံးပြချင်တာ ကော်ဖီခွက်လေးရဲ့ ...။

မင်းငါ့ကို နားလည်စွာ ခါးသက်ပေးပါ ...။
မင်းငါ့ကို နားလည်စွာ ခါးသက်ပေးပါ ....၊

ကမ္ဘာကြီးဆန်ချင်တာနဲ့ နှလုံးသားရဲ့သုံးပုံနှစ်ပုံရေလွှမ်းခံလိုက်မိတယ်တဲ့ ...
မင်းငါ့ကိုရင်ဖွင့်တဲ့အခါ ..
မင်းနဲ့အတူနာကျင်နေမိတယ် ...
ငါတို့တွေဟာ ရေလွှမ်းခံချင်တာမဟုတ်ပါဘူးကွာ ...
ကမ္ဘာကြီးဆန်ချင်ခဲ့တာ ...
ကမ္ဘာကြီးဆန်ချင်ခဲ့တာပါ ....။

ကော်ဖီခွက်လေးရေ ...
တိုးတိုးလေးဆိုကြရအောင် ...

It's a heartache, nothing but a heartache
Hits you when it's too late, hits you when you're down
It's a fools' game, nothing but a fool's game
Standing in the cold rain, feeling like a clown ..... ။ ။



ကော်ဖီခွက်လေး

ငါ့မှာမာယာ နည်းနည်းရှိတယ် .. ကော်ဖီခွက်လေးရယ် ...
အနက်ရောင်ဟာအရောင်တစ်ခုဆိုရင် ...
လင်းနေတဲ့ အနက်ရောင်တွေ ငါပိုင်ဆိုင်တယ် ...
ပရီးမီးဟား 2 plus 1 ကို
Espresso ထက်ကြိုက်မိတာ ..
မင်းနဲ့ ငါ့ကြားကနားလည်မှုပါ ...။

(ကော်ဖီခွက်ကိုင်းလေးကို
လက်ရာမထင်အောင်တစ်ရှူးနဲ့သုတ်တယ် ...)
မင်းသိမှာပါ ကော်ဖီခွက်လေးရယ် ..
သူက ခြေရာလက်ရာမကျန်ခဲ့ချင်ဘူးတဲ့ ...
ငါ့ဘယ်ဘက်ရင်အုံမှာ တစ်ရှူးနံ့နည်းနည်းရတယ် ....။

ကောင်းကင်ကို မော့ကြည့်ရအောင် ကော်ဖီခွက်လေးရယ် ...
ပြောစမ်းပါ ...
ဘယ်ကြယ်တစ်စင်းရဲ့အလင်းရောင်တည့်တည့်မှာ ...
သူ၊ ကလေး တစ်ယောက်လို အိပ်နေလိမ့်မလဲ ...။

ကော်ဖီခွက်လေးရေ ...
အမှားပြင်ဆင်ချက်အချိန်မီမထည့်နိုင်ခဲ့တဲ့ ...
ငါ့သက္ကရာဇ် ရက်လွန်စာစောင်အတွက် ...
မင်းနဲ့ငါ ဘာမှမပြောဘဲ တိတ်တိတ်လေးထိုင်နေလိုက်ကြစို့လေ ...
အဲဒီ ဆိတ်ငြိမ်မှုကို အေးနေတဲ့ ကလေးမလေးရဲ့ခြေဖျားလေးနွေးရုံ ... ငါတို့စိတ်နဲ့ပို့ပေးလိုက်ကြရအောင် ...။ ။


ကော်ဖီခွက်လေး ...

မနက်လင်းတဲ့အခါ ..
ကော်ဖီခွက်လေးက ငါ့ကို နှိုးတယ် ..
ရုံးမှာ စိတ်ဖိစီးမှုများတဲ့အခါ ..
ကော်ဖီခွက်လေးက ငါ့ကိုရယ်စရာမောစရာပြောတယ် ..
နေမကောင်းတဲ့အခါ ..
ကော်ဖီခွက်လေးက ငါ့ကိုဆေးသောက်ဖို့သတိပေးတယ် ..
ကဗျာရေးတဲ့အခါ
ကော်ဖီခွက်လေးက ဘေးမှာငြိမ်ငြိမ်လေးထိုင်နေတယ် ...
တရားနာတဲ့အခါ
ကော်ဖီခွက်လေးက ရိုရိုသေသေ လိုက်နာနေတယ် ...
တရားနှလုံးသွင်းတဲ့အခါ
ကော်ဖီခွက်လေးက တည်ကြည်လေးနက်နေတယ် ...

အမြဲတမ်း ..
ကော်ဖီခွက်လေး ငါ့အနီးမှာ ..
အမြဲတမ်း..
ကော်ဖီခွက်လေး လက်တကမ်းမှာ ...
သစ္စာတရားတစ်ခုလိုမြဲနေခဲ့တယ် ...။

အခု ..
ကော်ဖီခွက်လေးကွဲသွားပြီ ... ။ ။

Poem: Zephyr
Design: Ko Myo


အသံပျက်များ

Monday, October 19, 2009






အသံပျက်များ
မောင်သီဟ



သက်ပြင်းပေါင်းမြောက်များစွာကို
ဖြတ်သန်းခဲ့ပြီးတဲ့အခါ
ငါဟာ အဲဒီနေရာကိုရောက်လာပါပေါ့။
စိမ်းခဲ့သောသစ်ရွက်တို့အကြွေ ...
သေမင်းဟာသူ့ခေါင်းသူအကုတ် ...
မိန်းကလေးတို့အကြည့်တွေ
ငါ့ထံကရုတ်သိမ်းအသွားမှာ။

ဟော !!! ငါရောက်လာပါပြီ
လာပါပြီ အမှိုက်တွေပွေ့ပိုက်လို့
လာပါပြီ၊ ငါရောက် ...
(လွတ်မြောက်လာခဲ့ခြင်း-လို့တော့မထင်လိုက်လေနှင့်)
ကြည့်မြင်လေရာနေရာတိုင်းမှာကြက်ဆူပင်
ကြက်ဆူပင်၊ ကြက်ဆူပင်များစွာ ... များစွာ
ဝိုင်းပတ်ကာဆီးလို့
တောတိုးဖို့ပဲကြိုးစားနေရ။

ဒါပေမယ့်
ငါဟာ(ဘုရားစူး)အနှစ်တွေနဲ့ချည်းသာ
မွေးဖွားလာခဲ့သူပါ




"... ... ... ... ..."
"လံကွတ်တီဝတ်မိုးတိမ်"လို့*
ကဗျာတပုဒ်ကိုနောက်ပြောင်ရေး
(လံကွတ်တီ (ပေါ)-လိင်ဃောဓိ (ပါ)
-လိင်ဖုံးအဝတ်) ... လို့
ဖြေရှင်းချက်ကိုအရင်ပေးနေရ
မောင်သီဟ-က တကယ်တမ်းအလုပ်စလို့
မဖြစ်သေးပါဘူး။
ဒီတကြိမ်ကြုံတဲ့မွေးလကိုလည်းကားစင်တင်ဆဲ
နံကြားကိုလှံနဲ့ထိုးဆဲ
ဒင်း
သေလွန်ပြီးနှစ်များစွာလွန်ပါမှ ...
... ... ... ။

-------------------------------------------------
* ရုရှားကဗျာဆရာ "မာယာကော့ဖ်စကီး" ရေးတဲ့
"ဘောင်းဘီဝတ်မိုးတိမ်" ဆိုတဲ့ ကမ္ဘာ့ဂန္တဝင်
ကဗျာရှည်ကြီးတပုဒ်ရှိတယ် ..
-------------------------------------------------



ကိုယ်တိုင်ရေးပုံတူ





ဖန်ခွက်ထဲအရက်ဖြည့်၊ ငှဲ့ထည့်ဆဲလက်များလောက်
ဘဝကိုဘယ်သူသစ္စာဖောက်ပါသလဲ
ငါ့ခေါင်းထဲအနှစ်မဲ့စိတ်ကူးများ
ရူးနှမ်းသွားခဲ့။

... ဒါ့အတွက်
ကောင်းကင်နဲ့မြေပြင်ကိုပါအပြစ်တင်ရပေမယ်။

(က) လွန်ခဲ့တဲ့နှစ်သုံးဆယ်လောက်မှာ
ငါ့ကိုတိတ်ဆိတ်စွာမွေးဖွား
ကောင်းကင်ဘုံတေးသွားများလည်းမကြားရ
ဒါးလှံလက်နက်များလည်းမတောက်ပ

လောက - ဆိုတဲ့
အဝိုင်းပေါက်ထဲမှာအတင်းထည့်ခံရ
မောင်သီဟ ... မှာ
လေးဒေါင့်ကျသောဥပဓိရုပ် ရှိပါတယ်။

(ခ) ငါးနှစ်သားရှိတော့ကျောင်းပို့ကြ
သင်ယူမှုယန္တရားကြိတ်ဝါး
သက်တန်းနှစ်အစိတ်သာ
အမှုန့်ဖြစ်သွားပေါ့။
မိုက်ကန်းဖေါသွပ်ဇီဝလေးမြားနဲ့
ကြေကွဲ၊ ဆေးချဘဝသံသရာ၊ တေးဘုမ္မာ
(ကြွက်ထောင်ချောက်)
ဒါဟာ ... အချစ်တဲ့
ငါရခဲ့။

(ခ-က)ဝတ္ထုများထဲကကဲ့သို့မဟုတ်ပါ
စိတ်ကူးတည့်ရာလျှောက်ပြောတဲ့စကားနဲ့သာ
ကဗျာမဆန်စွာ
ချစ်ခြင်းကိုရရှိလာခဲ့
ဒါနဲ့၊ ကဗျာဖွဲ့သူတယောက်တိုးလာပေါ့။

(ခ-ခ) စကားတို့ဖြင့်
အနမ်းတို့အားတည်ဆောက်ခဲ့
ချစ်သူဟာ ... ဒီမှာ
ပဲ့တင်သံမြည်တဲ့အရုပ်ကလေးပေါ့
တိုးသဲ့ ... သာသာ။

အနမ်းတွေဟာ
စိတ်ကူးကိုခုတ်မောင်းတဲ့လက်ချောင်းများပဲ
လှည်းဆွဲမြင်းလိုမျက်လုံးကိုအဝတ်ပိတ်ဆီး
လမ်းမဟုတ်တဲ့ခရီးလည်း
သွားတတ်။

စိတ်ကူးတွေဟာ
ရေငတ်နေတဲ့သစ်ပင်များပမာ
ချစ်ခြင်းလာ - နေရှိန်ထိုး
ညှိုးတော့တယ်။
(မောင်သီဟ - ကတော့မိုးပျံပူဖေါင်းတလုံးလို
ကြိုးပြတ် ... ... ... ... ...)
ရေငတ်လာတော့မှတကယ့်ဘဝကို
ပြန်တွေ့လာရ ...

(ဂ) အားပါးပါး ...
ခါးလှချည်ရဲ့
ဒီလိုနဲ့ (ရုက္ခဗေဒဘာသာတွဲနဲ့)
ဘွဲ့တခုရခဲ့
(သစ်ပင်များနဲ့တော့လုံးဝအကျိုးမပေး)။

(ဃ) တခါကဘဝရဲ့အပိုင်းတခုမှာ
ငါဟာ ...
... ... ... ခဲ့
... ... ... ခဲ့ဖူး
... ... ... ခဲ့ဖူးရဲ့ (ရှက်ဖွယ်)

ဒါပေမယ့် မင်းသိထားဖို့က
ငါဟာ ထင်သလောက်မစုတ်ပဲ့
ဘူးဆိုတာပဲမောင်သီ


(င) ငါ့မှာအပြစ်မရှိပါ
ဝဋ်တုံ့တင်ဖြစ်ဖွယ်အညစ်အထေး
မြူတမှုန်သော်မှရေးရေးမထင်ပါ။
ငါဟာ
ကောက်သောလမ်းမှာလျှောက်နေရသူသာ
ဖြစ်ခဲ့ပါတယ်။

(စ) သင်္ကန်းကျွန်းမှာပါတိတ်ရေး
ပြီးတော့ငါးမွေးသားဖောက်
(အရက်သောက်၊ ဆေးခြောက်ရှူ)
မဂ္ဂဇင်းတအုပ်မှာ တာဝန်ခံလုပ်
ကဗျာစာအုပ်တွေထုတ်
ပေါက်တတ်ကရတွေလျှောက်ရေး
(ငါသိပ်မက်တဲ့)
ကြေးစားစာရေးသမားတော့ဖြစ်မလာ။

ဆောက်တည်ရာမရ
လှုပ်လှုပ်ရွရွဂဏာမငြိမ်
နှလုံးအိမ်နဲ့လောကငြိမ်တောင်မှ
နေရာမရ ...

မူးလာတဲ့အခါဖန်ခွက်ကိုပေါက်ခွဲတတ်တဲ့
လက်များလောက်တော့
သစ္စာတရားအပေါ်အကြည်ညိုမလျော့ခဲ့။

ဒီအပြစ်အတွက်
ကောင်းကင်ရော .. မြေပြင်ကိုပါ
သေစားသေစေသင့်ပါတယ်



ဖြတ်သန်းခဲ့တဲ့နေရာဟောင်းများဆိုတာ
ငယ်သူငယ်ချင်းဟောင်းများလိုပါပဲ
ကောင်းကောင်းဆိုးဆိုးချစ်ခဲ့ဖူးကြ
ပြန်တွေ့တဲ့အခါကြည်နူးရ
ငါ့ကျမှတစိမ်းလို။

နုပျိုဆဲအချိန်တို့ဆိုတာကျောက်မြတ်ရတနာ
အဟောင်းချေစက်ကလုယူကြိတ်ဝါး
ငါ့မှာ
ကြေကွဲမှုတို့သာများကျန်ရစ်ခဲ့။

အဲဒီလက်တံတွေကပဲဖမ်းချုပ်
ကိုင်လှုပ်လို့
ငါ့ကိုအမိန့်တွေထုတ်ခဲ့ကြ
(မောင်သီဟဟာ သူ့နေ့တွေကို
စွန့်ခဲ့တာမဟုတ် - စွန့်ခဲ့ရတာသာဖြစ်တယ်)။

အယုံအကြည်မဲ့စွာ
ကောင်းနိုးထင်ရာ အဟာရတွေကို
ဝတ်တမ်းကြေစားသုံး
စပါးလုံး - အမုန်းလည်းပါရဲ့။
စက်ချေး - လူမှုရေးနဲ့ငွေကြေး အြွေကးလည်းပါ။
... ... ... ... ...
အား ... တကယ်သနားစရာ
ငါဟာ
ကာလနာရှိတာကိုတောင် ဂုဏ်လုပ်တတ်လာပါပြီ
ဟောဒီမှာ ကြည့်ကြစမ်းပါ
ဗြုတ်

ဗြင်း
တောင်း။

(တကယ်တော့လည်း
ဘဝဆိုတာ
ငါးမူးတန်ထန်းလျက်ချောင်းကြီးပါပဲ
ချိုမြိန်သလိုရှိနေဆဲက ရုတ်တရက်ထပြီး
သောက်အဓိပ္ပါယ်မရှိဘူးဖြစ်သွားတယ်)




နောက်တော့လည်းဒီလိုပါပဲ
ငါဟာမြို့ထဲလမ်းတွေပေါ်မှာပဲ
ဦးတည်ရာမဲ့လျှောက်ရပြန်ရဲ့။

မြို့တော်ခန်းမအရောက်
ကားလမ်းဒေါင့်မှာ
ဆူးလေစေတီတော်ကိုငါဦးနှိမ်ချ
တပည့်တော် ခယပူဇော်ပါ၏။
(ဒါပေမယ့် ငါက ဘာတုန်း)

ဆင်းတုတော်ဘုရားရှင်ရဲ့
ဖန်မျက်လုံးတော်မြတ်တို့အထဲမှာ
ငါ့အရိပ်ငါ ရှာမရခဲ့။

ဘုရားအဆူပေါင်းများစွာ ... များစွာ
ငါသည်သာပါးသည်ထက်ပါးလျလာပါပေါ့။

မိုးပေါ်မော့ကြည့်တဲ့အခါ
@ x ÷ ကောင်းကင်ကြီးဟာ ... ပြာလို့။
+ ? x x မနက်ခင်းမှာ
=> o Ø ငှက်များလူးလွင့်မြူးပျံ
သောက်ကျိုးနည်းတေးသံများသာချိုမြဆဲ

ဟေ့
နောက်ရောက်လာတဲ့မနက်ဖြန်
ငါ့ရန်သူပဲကွ

ငါ့ကို
ကံတရားကတစစီစားခဲ့တာ
အလျော်ပြန်လာနိုးနဲ့သေလုအောင်စောင့်ခဲ့ရ
သက်ပြင်းပေါင်းများစွာဖြင့်ခရီးကို
နင်းချ

"ဥုံ ... ဖွ"
မောင်သီဟ
ဒီနေရာရောက်ရပါပြီ။




သူ့ကဗျာဆုံးတဲ့အခါ
ဆရာ "မာယာကော့ဖ်စကီး" ဟာ
ကောင်းကင်ကြီးဆီကိုသွား ...

"အို ...
အလို ... ကောင်းကင်ကြီးငဲ့
(အိပ်ပုတ်ကြီးတဲ့ကောင်ကြီးငဲ့)
ကျုပ်လာပြီ"

... ဒင်းဟာ (ကင်းကောင်ကြီးဟာ)
ဒင်းရဲ့နားရွက်တဖက်ကိုခင်း
ကျန်တဲ့တဖက်ကိုခြုံ - လုံအောင်ဖိပိတ်
(အိပ်ချင်ယောင်ဆောင်နေတော့တယ် ...)။ ။

မောင်သီဟ
(၁၉၉၃၊ ဆူးရစ်သရဖူဆင်မြန်းတဲ့မတ်ခ်ျ)


"ဤစာအုပ်ပါအရာအားလုံး အမှားများလည်းဖြစ်နိုင်ပါသည်" Richard Bach (The Illusions ... မှ)

တင်မင်းထက် ရဲ့ ရွှေဝါပြည် ကနေ ကူးယူဖော်ပြပါတယ်။
၁၉၉၃ ဆိုတာ ကျွန်မတို့ ကျောင်းထဲမှာ ကဗျာတွေအားနဲ့မာန်နဲ့ရေးနေတဲ့ကာလပေါ့။
ဒီစာအုပ်လေးကိုတော့ မဖတ်ဖူးခဲ့ပါဘူး။ ဒါပေမယ့် ဒီနာမည်နဲ့ ကိုသီဟအကြောင်းကို
တော့ ကျွန်မတို့ ကြားခဲ့ရဖူးပါတယ်။ တင်မင်းထက်ပြောသလို မှန်စာလို လက်မှတ်မျိုး
ထိုးတတ်တာက အစပေါ့ ..။ခု ဒီကဗျာလေးကို ကျွန်မချစ်သောကဗျာများ ... မှာ ......
ပြန်လည်ဖော်ပြဖို့ တင်မင်းထက်ဆီခွင့်တောင်းခဲ့ပါတယ်။ နောက်ထပ် သက်ဆိုင်သူ
တစ်ယောက်ကိုလည်း ခွင့်တောင်းလိုက်ပါတယ်။
.