ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

Song and La Belle Dame Sans Merci

Friday, July 10, 2009

Christina Georgina Rossetti

Song ကိုတော့ လူတော်တော်များများသိကြမှာပါ။ ခရစ္စတီနာရဲ့ကဗျာဖြစ်ပါတယ်။ကျွန်မ အဲဒီကဗျာလေးကိုပထမဆုံးဖတ်မိတာက ဆရာနီမင်းဆွေရဲ့ ချစ်သွေးဝေဝေဆိုတဲ့ ဝတ္ထုစာအုပ်လေးထဲကပါ။ အဲဒီထဲမှာ ဘာသာပြန်လည်းပါပါတယ်။ ဇာတ်ကောင်ကောင်မလေးက ခရစ္စတီနာရဲ့ ကဗျာတွေကိုကြိုက်တဲ့အတွက် ဇာတ်ဝင်ကဗျာအနေနဲ့ထည့်ထားတယ်လို့မှတ်မိနေပါတယ်။အဲဒီမှာဘာသာပြန်သူက ဆရာမြင်းမူမောင်နိုင်မိုး ပါ။ အင်္ဂလိပ်ကဗျာတွေကို မြန်မာလိုပြန်တဲ့နေရာမှာ မြန်မာကဗျာစပ်နည်းဘောင်ထဲလည်းဝင်အောင် အဓိပ္ပာယ်လည်း
မပျောက်အောင် လှလှပပ ပြန်တတ်တဲ့သူနှစ်ယောက်ကို ကျွန်မသတိထားမိပါတယ်။
သူတို့ကတော့ ခုကဗျာကို ဘာသာပြန်တဲ့ ဆရာမြင်းမူမောင်နိုင်မိုးနဲ့ ဆရာ တက္ကသိုလ်
ဘုန်းနိုင်တို့ပါပဲ။ ခု တက္ကသိုလ်ဘုန်းနိုင်ဘာသာပြန်တဲ့ ကရုဏာမဲ့သည့်လှဒေဝီ (မူရင်း La Belle Dame Sans Merci ..) ပဲဖြစ်ပါတယ်။ အဲဒီကဗျာကိုတော့ ၁၉၉၀ ပန်းဝေသီ
မဂ္ဂဇင်း၊ဖေဖော်ဝါရီထုတ်ထဲက ကူးယူထားတာဖြစ်ပါတယ်။ အဲဒီတုန်းက ဆရာက အဲ
လိုဘာသာပြန်ကဗျာတွေကို အတော်ရေးခဲ့ပါတယ်။ ဂျစ်ပစီအဘိုးကြိးအိုအချိန် တို့
လွမ်းပျော်မွေ့ကြီး တို့လို ကဗျာတွေလည်းပါပါတယ်။နောက်များမှ အဲဒါတွေကိုလည်းအမှတ်တရတင်ပေးပါဦးမယ်။


Song

When I am dead my dearest
Sing no sad song for me
Plant thou no roses at my head
Nor shady cypress tree.
Be the green grass above my
With shower and dewdrops wet
And if thou wilt, remember,
And if thou wilt, forget.


I shall not see the shadows,
I shall not feel the rain;
I shall not hear the nightingale
Sing on, as if in pain;
And dreaming through the twilight
That doth not rise nor set,
Haply I may remember,
And haply may forget.

Christina Rosette

နှုတ်ဆက်တေး

အချစ်ဆုံးရယ်
နောက်ဆုံးခွဲခွာ၊သောအခါဝယ်
သက်လျာကိုယ့်အား၊လွမ်းသောအားဖြင့်
သနားငိုကြွေး၊ရှိုက်သံတေးကို
ဟစ်ကြွေးမဆိုပါနဲ့ကွယ်။

လွမ်းသူ့နိမိတ်၊နှင်းဆီရိပ်လည်း
တဆိတ်စာပင်၊မလိုချင်တော့
နာကျင်ကြေကွဲ၊ဝမ်းနည်းထိမ်းမှတ်
ဆိုက်ပရပ်စပင် ၊ကိုယ့်ဝန်းကျင်မှာ
သခင်မစိုက်ပါနဲ့ကွယ်။

သဘာဝ၏၊အလှဖန်ဆင်း
နှင်းရည်ဖြန်းဆန်း၊ငြိမ်းချမ်းလျက်သော်
ကိုယ့်အဖော်နှယ်၊စက်ပျော်ချမ်းမြ
နေပါရစေ။

ကာလရှည်ကြာ၊ထိုအခါမှ
သက်လျာငယ်ကျွမ်း၊ကိုယ့်ကိုမှန်း၍
လွမ်းချင်လွမ်းနေပါတော့ကွယ်
မေ့ချင်မေ့နေပါတော့ကွယ်။


မိုးရိပ်လေရိပ်၊သစ်ဝါးရိပ်ဟု
အရိပ်ကိုလျင်၊မမြင်သာပဲ
ကြင်နာလှိုက်လှဲ၊ကြေကွဲပူဆွေး
နိုက်တင်ဂေးလ်၏၊တေးချိုနားတွင်
မဆင်သာပဲ.....
ဘယ်မှာနေထွက်၊ဘယ်ဘက်နေဝင်
မမြင်သာပဲ...........
ကိုယ့်မှာမိန်းမော၊အိပ်မက်တ္ပော၌
တွေးတောဆင်ခြင်၊မင်းရုပ်သွင်ကို
လွမ်းချင်လွမ်းနေမှာပေါ့ကွယ်
မေ့ချင်မေ့နေမှာပေါ့ကွယ်။ ။

မြင်းမူမောင်နိုင်မိုး







La Belle Dame Sans Merci
I
Oh what can ail thee, knight-at-arms,
Alone and palely loitering?
The sedge has withered from the lake,
And no birds sing.
II
Oh what can ail thee, knight-at-arms,
So haggard and so woe-begone?
The squirrel's granary is full,
And the harvest's done.
III
I see a lily on thy brow,
With anguish moist and fever-dew,
And on thy cheeks a fading rose
Fast withereth too.
IV
I met a lady in the meads,
Full beautiful - a faery's child,
Her hair was long, her foot was light,
And her eyes were wild.
V
I made a garland for her head,
And bracelets too, and fragrant zone;
She looked at me as she did love,
And made sweet moan.
VI
I set her on my pacing steed,
And nothing else saw all day long,
For sidelong would she bend, and sing
A faery's song.
VII
She found me roots of relish sweet,
And honey wild, and manna-dew,
And sure in language strange she said -
'I love thee true'.
VIII
She took me to her elfin grot,
And there she wept and sighed full sore,
And there I shut her wild wild eyes
With kisses four.
IX
And there she lulled me asleep
And there I dreamed - Ah! woe betide! -
The latest dream I ever dreamt
On the cold hill side.
X
I saw pale kings and princes too,
Pale warriors, death-pale were they all;
They cried - 'La Belle Dame sans Merci
Hath thee in thrall!'
XI
I saw their starved lips in the gloam,
With horrid warning gaped wide,
And I awoke and found me here,
On the cold hill's side.
XII
And this is why I sojourn here
Alone and palely loitering,
Though the sedge is withered from the lake,
And no birds sing.
John Keats


ကရုဏာမဲ့သည့်လှဒေဝီ

ချပ်ဝတ်ကယ်မှိန်ညိုနှင့်၊အလို..ရှင်သူရဲငယ်၊စိတ်ထဲဘယ်ဝန်ပိုလို့
တစ်ကိုယ်တော်ဖြူရော်နွမ်း၊ခြေလှမ်းရာလူပါလို့၊ယောင်ချာချာလှည့်သတုန်း။
ကန်တစ်ဝိုက်၊မြက်သိုက်ပင်သေကာညှိုးလို့၊ ငှက်တွေဘယ်ဆီရောက်တယ်
တေးပျောက်ဆိတ်သုဉ်း။

ချပ်ဝတ်ကယ်မှိန်ညိုနှင့်၊အို..ရှင်သူရဲငယ်၊စိတ်ထဲဘယ်ဝန်ပိုလို့
မျက်နှာအိုကြုံလှီပန်း၊ငြိုငြင်ငြင် ပူပုံသမ်းလို့၊နွမ်းနေရသတုန်း။
ရှဥ့်ကလေးစပါးကျီ၊ပြည့်လေပြီ အစာမောက်၊
ကောက်သိမ်းရက်ဆုံး။

သင့်နှဖူးကနှင်းပန်းမှာ၊ဝေဒနာမှုန်ဝေ့လို့
အဖျားငွေ့နှင်းပေါက်ခို၊ဘယ်လိုတဲ့အရေး
သင့်ပါးပေါ်က နှင်းဆီနီ၊ညှိုးရှာပြီသွေ့သွေ့ခန်းတယ်
နွမ်းမြန်လှလေး။

မြက်ခင်းလှစားကျက်မြေ၊ ကြုံတွေ့ပေနတ်ရင်သွေးငဲ့
အလှရေးပြည့်စုံညီ၊ဒေဝီတဲ့ရှုမရဲ
ရှည်သွယ်ပေ့ သူ့ကေဆံ၊သူ့ခြေတံတင့်တယ်လွန်း
တောက်ရွှန်းကြည်ဟန်မဖုံးတယ်၊မျက်လုံးကရွဲ။

သူ့ခေါင်းမှာဆင်ကာမြန်းဖို့၊ပန်းကုံးကိုငါသီ၊လက်ဆီမှာပန်းလက်ဝတ်
ပန်းခါးပတ်မွှေးကြိုင်စွာ၊ဆက်ပါရ သူ့အား
ငါ့ကိုကွယ် ချစ်သလိုငေးလို့၊တိုးတိုးလေး ညင်သာစွာ၊
ချိုသာသာညည်သံရှိုက်၊ ကြားလိုက်ရနား။

ပွေ့ကာတဲ့သူ့ကိုတင်၊မြင်းကြော့တွင်နေရာချလို့၊ လှမ်းရုံမျှညင်သာသာ
နှင်လာခဲ့သည်တွင်း ။ ။
တစ်နေ့လုံး ပတ်ကုံးတဲ့ဝန်းကျင်၊ မမြင်ပါ သူ့သာငေးမိ
တစောင်းလေး သူ့ကိုယ်နေ၊ငါ့ဘက်လေ လှည့်ခွေရစ်လို့
ချစ်တေးသူဆိုဖွဲ့တယ်၊နတ်ရဲ့သီချင်း။

သစ်မြစ်စုံချိုမြိန်လှ၊သဘာဝပျားသကာ၊နတ်သုဒ္ဓာနှင်းရည်ပေါက်
စားသောက်ဖို့ ငါ့တွက်တာ၊သူရှာလို့ကျွေး
ပြီးတော့မှသာ၊သေအချာဘာသာဆန်းနှင့်၊လွမ်းဖွယ်ငဲ့သူဆို
`မောင့်ကိုလေ မေတ္တာစစ်နှင့် ချစ်မိပါလေး တဲ့။ ။

နတ်သူငယ် ရုက္ခစိုး၊လိုဏ်မျိုးကွယ် သူ့ဂူတွင်းသို့၊ခေါ်သွင်းပြီးမှ
ရှိုက်ကာငို၊လှိုက်ဖိုစွကြေကွဲ။ ။
ဂူတွင်းမှာပေါ့၊ချစ်ဝင်းရည် စို့ကာလက်သည့်၊မျက်ရွဲတွေစင်းပျော်မှိတ်အောင်
မိတ်ရလေနမ်းပွင့်မွှေးနှင့်၊လေးကြိမ်မျှပဲ။ ။

ဂူတွင်းမှာပဲကွယ်၊ကျူညင်သာ၊သူလျင်သိပ်တော့၊မှေးမှိတ်လို့ပျော်ဆဲတွင်
အိပ်မက်မြင်နောက်ဆုံး။ ။
ချမ်းလို့သာအေးဘိတယ်၊နံဘေးတောင်စွယ်၌
အိပ်မက်နယ်မြင်သမျှကြောင့်၊သောကမှောင်ဖုံး။ ။

ငါမြင်သည်ဘုရင်များ၊မင်းသားနှင့်ရဲကျော်တွေ၊ဖြူယော်ကွဲ့အကုန်လုံး။ ။
သွေးဆုတ်သည့်အသွင်၊သေမင်းငင်နယ်က၊အသံကျယ်ဟစ်အော်ပြကြ
ကရုဏာမဲ့သည့်လှဒေဝီ ကျွန်ပြုပြီမင်းကို ဖမ်းပေါ့
လွတ်လမ်းပျောက်ဆုံး……….တဲ့။

ငါမြင်သည် မှောင်ရီဖျ၌၊ ငတ်ကြသည့်နှုတ်ခမ်းတွေ
အစွမ်းကုန်ဖြဲကာဟ၊ကြောက်စရာ့သတိသံ၊ပေးဟန်ကသိမ့်ဟည်း…။
လန့်အနိုးမှာလ၊တောင်ရိုးစွယ်သည်နံဘေး၊
ချမ်းအေးကာ ဆိတ်လို့သုဉ်းတယ်၊ဘုန်းမောင့်ကိုယ်တည်း။ ။

သနစ်ရယ်ပူမီးကြောင့်၊ခရီးယာယီပိုရ၊တစ်ကိုယ်တော်ဖြူယော်နွမ်း
ခြေလှမ်းရာလူပါလို့၊ယောင်ချာချာလှည့်ကာသွား ။ ။
ကန်တစ်ဝိုက်၊မြက်သိုက်ပင်၊သေကာညှိုးလို့၊ငှက်မျိုးတွေဘယ်ဆီရောက်
တေးပျောက်ကာ ဆိတ်လို့သုဉ်းပေမယ့်၊ဘုန်းမမှုအား။ ။

တက္ကသိုလ်ဘုန်းနိုင်

ဖန်မီးအိမ်စိမ်းနဲ့နှလုံးသားမီးလျှံ

Thursday, May 21, 2009

ဖန်မီးအိမ်းစိမ်း

မလိုချင်ဘူးကွယ်
မျက်စေ့လည်လာပြန်ပြီထင်ရဲ့
ဧည့်သည်တော့မဟုတ်တန်ပါဘူးနော်။

ထားရစ်ခဲ့စမ်းကွယ်
အဲသည်အရိပ်မဲတချို့
မနှစ်မြို့လိုက်ပုံများ
စိတ်ထဲမှာ ကသိကအောက်နဲ့။

ဘယ်မှာအသက်ရှူခွင့်ရလို့လဲ
ဟောသည် ၂၄ နာရီလုံးလုံး
လှေခါးထစ်တွေကိုခေါင်းအုံးပြီး
လိမ္မော်သီးတွေခူးဆွတ်နေလိုက်တာ
တစ်လုံးပြီးတစ်လုံး
သက္ကရာဇ်တွေကိုရွှေချဖို့အတွက်လေ။

လွမ်းဆွတ်မိပါရဲ့
သတ္တမမြောက်နေ့ကလေးများ
ထားပေးပါဦး
စီးကရက်သောက်ပါရစေဦး
သီချင်းဆိုပါရစေဦး
ဖန်မီးအိမ်စိမ်းကလေးလည်း
ထွန်ညှိပေးစမ်းပါဦး။

စောင့်ပါဦးတော့ကွယ်
ခုမှ
ကကြီးကခွေးရေးဖို့
ကျောက်တံသွေးတုန်းပါ
ဒါပေမယ့်
ငါ့ရဲ့နှလုံးစက်ပေါ်မှာ
မင်းကလေးလမ်းသလားနေလေတော့
ရောမအက္ခရာမှာမိန်းမူး
(စိတ္တရလေခါရေ..)
ဒီကောင်ရူးတော့မယ်ထင်ပါရဲ့။

ဟော
ဇော်ဝင်းထွဋ်တော့
ရွက်ကုန်လွှင့်နေပြီ
ရေ လိုတယ်ဟေ့…
သောက်ရေအေးအေးတစ်ခွက်နဲ့
ငါ့မျက်မှာကိုပက်ဖျန်းလိုက်သလိုပေါ့
ချိုမြတဲ့အပြုံးများ
မင်း…(ဘယ်တော့မှ)
ပြန်ယူမသွားရဘူးနော်။ ။
မောင်သင်းဝေ

အလုပ်တွေခေါင်းမဖော်နိုင်အောင်ရှုပ်လာပြီး ဒါတွေကလည်း မလုပ်မဖြစ်တွေဆိုတာ သိနေ တဲ့အခါ ကြိုးစားလုပ်ပစ်လိုက်ရင်း ဒီကဗျာလေးကို ခပ်ဖွဖွရွတ်မိတယ်။ တစ်နေရာပါ…။
ဘယ်မှာအသက်ရှူခွင့်ရလို့လဲ
ဟောသည် ၂၄နာရီလုံးလုံး
လှေခါးထစ်တွေကို ခေါင်းအုံးပြီး
လိမ္မော်သီးတွေခူးဆွတ်နေလိုက်တာ
တစ်လုံးပြီးတစ်လုံး
သက္ကရာဇ်တွေကိုရွှေချဖို့အတွက်လေ
လွမ်းဆွတ်မိပါရဲ့
သတ္တမမြောက်နေ့ကလေးများ
ထားပေးပါဦး
……..
…….
ဖန်မီးအိမ်စိမ်းလေးည်း
ထွန်းညှိပေးစမ်းပါဦး…….
ဆိုတဲ့နေရာပေါ့………။


သုခုမရွှေ
တံထွေး
မရွံလည်းထွေး
ရွံလည်းထွေး
တံထွေးဆိုတာ ထွေးတိုင်းရ
ထွေးချင်သလောက်ထွေးလိုက်ကြ။
မျက်ရည်ရွှေစက်
တစ်စက်နှစ်စက်
သုံးလေးစက်
လေးနက်ပေါက်ဖွား၊နှလုံးသား၏
ခံစားမှုမှ ယိုစိမ့်စီးကျ
အတုလုပ်မရ။ ။
မောင်သင်းဝေ


နောက်ထပ် မောင်သင်းဝေ ကဗျာတွေရှိသူတွေများရှိရင် မျှဝေပေးပါလို့လည်းတောင်း ဆိုလိုက်ပါတယ်။

ကျွန်မ ကဗျာစာအုပ်တွေကို တစ်ခါ စိုင်းဝင်းမြင့် ကိုငှားလိုက်ဖူးပါတယ်။တစ်သက်နဲ့တစ် ကိုယ် ပထမဆုံးနဲ့နောက်ဆုံးအကြိမ်ငှားဖူးတာပါ။ကဗျာကိုသေချာတန်ဖိုးထားတဲ့သူတွေဆို တာသိလို့ငှားလိုက်တာလည်းဖြစ်ပါတယ်။တစ်ပတ်နော် လို့ ပြောတော့ တကယ့်ကို တစ် ပတ်ပြည့်ချိန်မှာ ပြန်လာပေးသွားပါတယ်။အဲဒီမှာသူက ကျွန်မကိုမေးတယ် ။ဒီကဗျာတွေက အားလုံးကြိုက်လို့ကူးထားတာလားတဲ့။အကုန်လုံးက ကြိုက်လွန်းလို့ဆိုတဲ့ကဗျာတွေချည်း သက်သက်မဟုတ်ဘူးလို့။ ထူးခြားတဲ့၊ စာမျက်နှာထက်လူပြောသူပြောများတဲ့ကဗျာတွေဆို ရင်လည်း ကူးထားလိုက်တယ်။မှတ်တမ်းတစ်ခုအနေနဲ့ လို့ပြောပြီးသူ့ကိုဘယ်ကဗျာကဖြင့် ဘယ်လိုဆိုတာ ဥပမာနဲ့ရှင်းပြခဲ့ဖူးပါတယ်။
ကဗျာတွေက တစ်ပုဒ်နဲ့တစ်ပုဒ်မတူသလို ကဗျာဆရာတွေကလည်း တစ်ယောက်နဲ့တစ် ယောက်လက်မတူပါဘူး။ဖတ်နေကျလူကတော့ ဖတ်လိုက်တာနဲ့အောက်ကနာမည်ကိုသေ ချာဖတ်စရာမလိုပဲ ဘယ်သူ့ကဗျာဆိုတာ မှန်းလို့ရနေတတ်ပါတယ်။အဲဒီလို ထူးခြားတဲ့လေ သံတစ်မျိုးနဲ့ရေးတတ်တဲ့ကဗျာဆရာတစ်ယောက်ကတော့ ဇော်(ပျဉ်းမနား)ပါ။ပျဉ်းမနားဆို တာကလည်း ကဗျာဆရာထွက်ရာမြို့တစ်မြို့လို့ပြောလို့ရလောက်အောင် ကဗျာဆရာတွေ တော်တော်များပါတယ်။မောင်သင်းခိုင် တို့လို ဆရာကြီးတွေကအစပေါ့။နောက်ဆုံး ကတ္တီပါ လမ်းတွေခွဲကြပြီးနောက်ပိုင်း ဇော်(ပျဉ်းမနား)ရဲ့ကဗျာတွေလည်းမတွေ့ရတော့ပါဘူး။ခု တော့သူလည်း မရှိတော့ပါဘူး။ နည်းနည်းထေ့တေ့တေ့လေသံတွေနဲ့ သူ့ကဗျာတစ်ချို့ကို မျှဝေပေးလိုက်ပါတယ်။

ကျောရိုးမရှိတဲ့နှုတ်ခမ်းများ
မာနတဲ့
ဟာသ တစ်ခုကောက်ရတယ်
ဆေးမစားမီပုံကလေးပေါ့
လက်ကလေးနောက်ပစ်
လောကကြီးကိုသူသာချစ်သတဲ့
မလင်းပြာအပျိုဖြစ်ကာမှ
နောက်လျှာအသစ်နဲ့နတ်သံနှော
..အစက ကျုပ်မပြောလားဗျာ…
ကွယ်..သူကလည်း
..လျှာသွေးလိုက် နှာစေးလိုက် နဲ့
ဒါရေးဖို့အသက်ရှူတာဆိုပဲ
ကာဗွန်စက္ကူက သီချင်းဆိုပြတယ်
ရယ်ရတယ်နော်။
သိလား
လတ္တာမန်ဂစ်ရှကား၊အာရာဒါးနား
ခုအသံက အဒိန္နဒါနားလား
ဆားမပါတဲ့နှုတ်ခမ်း
ခွက်ထိုးခွက်လန်လွမ်းလောက်ပါတယ်။
ဒီလိုပေါ့လေ
အကြွေးရောင်းမိတဲ့ပုံကို
အကြွေးမရောင်းတဲ့ပုံက ပြုံးပုံမျိုး
ပြုံးသွားနိုင်ကာမှ
လောကကြီးကို မာန တဲ့
မီးကိုချစ်တဲ့
ဖီးနစ်နွယ်ဖလံပိုး
အတောင်ကျိုးလောက်မှ
မီးနဲ့ရေချိုးဖူးပါစ
နေကြာပန်းဝေဒနာနဲ့
အာဆူလာအတွက်
စက္ကူနဲ့ထုပ် လက်ဆောင်လုပ်ဖို့
ဖြုတ်ယူလာတဲ့
နားရွက်လောက်မှ
အသက်ဓါတ်ပါပါစ
လူပျက်ချင်း ပုဆိုးမ
တို့လောကမှ ရယ်ရတယ်
ကိုယ့်ကျောကိုသပ်
ကဗျာစပ်သတဲ့
အိမ်း..နှာစေးတတ်တာ
လွန်ပါရောကွယ်။ ။
ဇော် (ပျဉ်းမနား)
၁၉၉၀ သြဂုတ် မဟေသီ


ညီမလေးသိတယ်မို့လား
သိတယ်မဟုတ်လား
အချစ်ဆိုတာ တစ္ဆေ
တစ္ဆေ နဲ့တူတာ အချစ် တဲ့
စကားအဖြစ်နဲ့မော
ပြောလို့သာပြောကြတာ
တွေ့ဖူးတဲ့သူရှားလိုက်တာ……..တဲ့။

သိတယ်မဟုတ်လား
ဒီမှာ..မသူဇာ
နင်ဟာ ငါ့အဖို့ ပတ္တမြား
ဘာလဲ ကြောက်သွားသလား
ငါ့လက်ထဲရောက်လို့
ဓါးသွေးကျောက်လုပ်မယ်ထင်လို့လား
လည်ပင်းမှာဆွဲထားမှာပါဟာ…တဲ့။

တစ်ခါသားက (ရမ်ဘိုမဟုတ်)
ဗန်တိုလူလေးရဲ့ဇာတ်ဝင်ခန်း
လွမ်းလို့သာလွမ်းပြတာ
ကျောချမ်းစရာဇာတ်ကားနော်။ ။
ဇော်(ပျဉ်းမနား)

မြွေဟောက်
ထိုနေ့ညက
ခပ်ဖွဖွ ရန်ဖြစ်တယ်
ဒီလိုပေါ့ဗျာ တစ်ခါတစ်ခါ
အသက်တစ်ရာနေခွင့်လည်းရ
အကြိမ်တစ်သန်းသာပြောခွင့်ရရင်
(သူလာရင်
မုန်တိုင်းတစ်ခုဝင်လာသလို..ဆိုတဲ့)
ဘော့ဒိုင်လင် လိုအာခေါင်ခြစ်ချင်တယ်။

ကြားဖူးမှာပါ
(ဟိတ်..လမ်းမပေါ်မှာ
ဖန်ခွက်ကိုဘယ်သူခွဲတာလဲ
ဘယ်သူခွဲတာလဲ..ဘယ်သူခွဲတာလဲ..တဲ့)
ပဲခြမ်းဝက်လောက်အသံက မထွက်

တစ်ရက်တစ်ရက်နဲ့လေ
မျက်မှန်လေးတစ်လက်
လက်ကျန်လေးတစ်ခွက်နဲ့
အသက်ကိုဥာဏ်စောင့်
အဲ..သစ္စာကိုလင်ငယ်စောင့် ..သတဲ့
အလျောင့်ဆိုင်လေးထဲက ဟာသ
ရယ်ခဲ့ရပေါင်းများပြီ။

ဒီလိုပေါ့ဗျာ
ကမ္ဘာဦးကျမ်းလာမှာ
လွမ်းစရာကောင်းအောင် ဆေတန်က
ဧကန်သူသာလျင်
အကြွင်းမဲ့မြတ်တရားတဲ့
အလင်းရဲ့နတ်သားပါဆိုကိုး…
ဗျိုး..ကိုသစ္စာပြီး ကိုသစ္စာ
အာပါပါး…များလှချေကလား
အမှန်တရားပြီး အမှန်တရား
တစ်လုံးတစ်လုံး တစ်ပိဿာငါးဆယ်သား
ကျုပ်တို့လည်းနည်းနည်းလောက်မျှပါလား
ဗာလနံမဟုတ်
လူမိုက်လုပ်…..သတဲ့
ကဗျာနဲ့စာချုပ်
သူအရိုးထုတ်ခဲ့တာကြာပေါ့။ ။
ဇော်(ပျဉ်းမနား)
၁၉၉၀ ဒီဇင်ဘာ ပေဖူးလွှာ


ကျွန်ုပ်စားတဲ့နှလုံးသားမီးလျှံ
ဤသို့ဖြင့်
ကျွန်တော့်ကိုယ်မှာသံမှိုသုံးချောင်းဖြစ်ခဲ့တယ်။

(ဝီရ ရသပန်းကုံး
ဇာမုန်းတဲ့နာမည်
အဆိပ်ရည်သောက်မိတဲ့အချစ်ပင်) တဲ့
သည်လိုပါ သည်လိုပါ
ပလေတိုရဲ့အချစ်မှာ ကဗျာဆရာမပါ တဲ့
အလကဇန္ဒား ပွတ်ရှကင်ကိုမသိလို့ပါ။

(သေခြင်း၏ကင်းရာတွင်
ကျွန်ုပ်သည်သေချင်ဘိတကား.) တဲ့
သည်လိုပါသည်လိုပါ
ပလေတိုရဲ့အလှမှာ ကဗျာဆရာမပါ တဲ့
ရာဘင်ဒြာနသ် တဂိုးကို မသိလို့ပါ။

(ပြည်သူတွေကြားမှာ ဆား တွေရှိတယ်
စားမိပါစ..) တဲ့
အလျားရှိတယ်နော်
သည်လိုပါသည်လိုပါ
ပလေတိုရဲ့ကျမ်းမှာ ကဗျာဆရာမပါ တဲ့
မာယာကော့စကီးကို မသိလို့ပါ
မသိလို့ပါ သိမသွားလို့သာပါ။ ။
ဇော်(ပျဉ်းမနား)
၁၉၉၁ ဇန်နဝါရီ မဟေသီ


ဆံပင်ဖြူကြခြင်းအကြောင်း
ဝေဖန်ပါ ဝေဖန်ပါ
တစ်ခုတော့ ရှိပါတယ်
ဒဏ္ဍာရီအလို ဆင်အဆိုတော့
ကျင်ငယ်စွန့်တာပေါ့လေ….

အဲ..ပုရွက်ဆိတ်မှာသာ
မျက်နှာပျက် မျက်လုံးဝိုင်း
လိပ်ပက်လက်ခိုင်းသလို တဲ့
ကိုင်း..စဉ်းစားသာကြည့်ရော့…လေ။

ဝေဖန်ပါ ဝေဖန်ပါ
တစ်ခုတော့ရှိပါတယ်
ဟားစရာမင့်
အမှားကြာရင် အမှန်ဖြစ်သတဲ့
ဒဏ္ဍာရီတွေ
ဆံပင်မဖြူစေသင့်ဘူး။ ။
ဇော်(ပျဉ်းမနား)


မဆုံးနိုင်တဲ့ပုံပြင်ကြီး
ဤသို့ဖြင့်
သံလွင်ငှက်ကိုလည်းမတွေ့ရ
ဘုရားသခင်အလိုတော်အရ
သဘောင်္ပေါ်ကလည်း
မဆင်းရသေး….တဲ့
ကမ္ဘာဦးကျမ်း
လို….တစ်သန်းနဲ့
ဆီမန်း..မန်းခဲ့တာ..ကြာပြီ။

ရပါတယ်
ရပါတယ်
မကျေနပ်ရင်
ဒေဝဒတ်မျက်လုံးငှား
မေရီအင်တွိုင်းနက်မျက်လုံးငှား
အထင်သေးမလား
ရတယ်။

ငါ ကဗျာဆရာ
မြေကြီးရဲ့နေရာ
ကောင်းကင်သာဆို
ကဗျာဆရာ
ဘာမှပြောစရာမရှိ။ ။
ဇော်(ပျဉ်းမနား)
၁၉၉၂ သြဂုတ် မဟေသီ

စာရေးဆရာ နှင့် ထင်းရှူးမှို

Tuesday, May 12, 2009

စာရေးဆရာ
မိုးတွေညို့နေပြန်ပေါ့
အနှစ်ခြောက်ဆယ်ကျော်စာ
အဝေးပြေးကားဂိတ်မှာ
ကျွန်တော်တို့
ပျောက်ကွယ်ဆုံးရှုံးလိုက်ရတဲ့စာရေးဆရာကို ရှာကြတယ်။

စာရေးဆရာဟာ
စာရွက်ပေါ်မှာတစ်ကြောင်းခြစ်..နှစ်ကြောင်းခြစ်
မတ်လသစ်ရွက်ဝါဝါတွေမှာ
တစ်ကြောင်းခြစ်..နှစ်ကြောင်းခြစ်
လောကဓံနေ့ရက်များမှာ တစ်ကြောင်းခြစ်..နှစ်ကြောင်းခြစ်။
ဒီလိုနဲ့
တက္ကသိုလ်ကျောင်းဆောင်မှာ
တော်လှန်ရေးမှာ
တစ်ကြောင်းခြစ်
နှစ်ကြောင်းခြစ်နဲ့
မျိုးချစ်စိတ်ကပဲ
စာရေးဆရာရဲ့ရင်ထဲ
တစ်ဘဝလုံးကို ရေးခြစ်လာခဲ့တယ်။
ဘာလုပ်ချင်လဲ
ဘာဖြစ်ချင်လဲ
လူငယ်နဲ့လူလတ်ကြား
စပ်ကူးမတ်ကူးစာရေးဆရာ
မမြင်တာတွေကိုယုံရမလား။
ရွှေစင်နန်းတော်ရာနဲ့သုခဘုံနန်း
တို့မြန်မာတွေ မြည်းစမ်းပေရော့
လူသူစိမ်းက ကမ်းလှမ်းလာတဲ့
တခမ်းတနား
မစားရဝခမန်းတွေ..။
မြင်နေရတာတွေကိုပဲ မယုံပဲနေလိုက်ရမလား
တန်းမတူ ရည်မတူ
အဖြူအမည်းမသဲကွဲတဲ့
ခေတ်စံနစ်ဟောင်းရဲ့ တောဥပဒေသများ ..လို
အင်အားကြီးသူသာ
အသက်ရှင်စတမ်းတဲ့လား
နေမဝင်အင်ပါယာတေးသွားများထဲမှာလေ။

စာရေးဆရာ
သူ့မှာလည်းမိသားစုနဲ့ပါ
မေတ္တာကို အခါခါ ငတ်မွတ်ခဲ့ပေါ့
ကလောင်ကိုပဲရွေးရမလား
လက်သီးကိုပဲသွေးရမလား
ရင်ထဲမြုံစာသားများက
ဦးနှောက်ဆီအလေ့မကျနိုင်တော့
တိုင်းပြည်မျက်နှာကိုဖတ်ရတယ်
လွတ်လပ်ရေးကိုချရေးရတယ်။

ကျောက်ခေတ်သားများ
ဂူနံရံပေါ်
ကျွဲရိုင်းတွေ လှံတွေ
ကြယ်တွေ လတွေ
အရုပ်များနဲ့ ဘဝကိုရေးသားကြ
နောက်နှောင်းရာစုများဆီထိ
ကျွန်တော် တင်သွင်းလိုက်ချင်ရဲ့
ခေတ်အဆက်ဆက်တုန်ခါမြည်ဟည်းနေတဲ့
သူရဲကောင်းစိတ်ဓါတ်တွေ
အနစ်နာခံခဲ့တဲ့ နှလုံးသားတွေ
သမိုင်းဝင်ခဲ့တဲ့ တည်ကြည်မှုတွေ
စကြဝဠာတံတိုင်းနံရံမှာ
ထွင်းထုရေးထိုးရေးခြယ်ပေးကြပါ
ပုံဖော်နိုင်စွမ်းက နတ်ဒေဝတာများပင်မသေချာ။

မိုးတွေညို့ပြန်ပေါ့
အနှစ်ခြောက်ဆယ်ကျော်စာ
အဝေးပြေးကားဂိတ်မှာ…။

အခု
စာရေးဆရာ
အသက်မရှင်တော့ဘူး
ဒါပေမယ့်
အသက်မသေ
အခု
စာရေးဆရာ
မပျံသန်းနိုင်တော့ဘူး
ဒါပေမယ့်
ကောင်းကင်ထဲမှာ။

တကယ်တော့
ကျွန်တော်တို့က ရေပေါ်ဆီပျံသန်းမှုတွေနဲ့သာ
စာရေးဆရာကိုမမြင်ခဲ့ဖူးဘူး
မကြုံဆုံခဲ့ဖူးဘူး
(ကောင်းကင်အစွန်းထိ မထိ မသေချာ)
သူ့ကျေးဇူးတွေနဲ့
အဖိုးတို့ အဖေတို့ ကျွန်တော်တို့ သားတို့
လွတ်လပ်သူများအဖြစ်
မြင့်မားခွင့်တွေရလာခဲ့။
ဒီလိုတုန်ခါမှုတွေနဲ့
ဟင်းလင်းပွင့်ကြားနာခြင်းတွေမှာ
မြင့်မိုရ်တောင်တက်ရမလား
နဂါးသိုက်ထဲ သက်ဆင်းရမလား
ကျွန်တော်တို့
သံခင်းတမန်ခင်း
ကောက်ကျစ်စဉ်းလဲခြင်းမဖြစ်လို..။
အရိုင်းဆန်ဆန်ရိုးရှင်း
တစ်ဘဝချင်း
တစ်ဘဝချင်း
လင်းလက်ကြည်လင်ခွင့်ပဲ မျှော်လင့်မိတယ်။

ကျွန်တော်တို့က
သာမညတွေပါ
အခါခါသေလည်းမထူး
သက်တမ်းစေ့သေဖူးတယ်ဆိုရုံသက်သက်မျှနဲ့
ဘဝဟာမက်မောစရာမရှိခဲ့ပါ
အဲဒီစာရေးဆရာမှာတော့
သက်တမ်းမစေ့ခဲ့လည်း
ဂုဏ်သရေအပေါင်းဟာ ပြည့်စုံကြွယ်ဝခဲ့
အို..မိတ်ဆွေတို့
သံမဏိလျှပ်ပန်းလျှပ်နွယ်များပမာ
မွန်းအတည့်ဆုံးမှာထွက်ပေါ်လာပြီး
လျို့ဝှက်ချက်များထဲပျောက်ကွယ်သွားခဲ့။
အို..ကျွန်တော်တို့
သူလိုကိုယ်လို မိတ်ဆွေများတို့
မိမိတို့ ကိုယ်ရေးကိုယ်တာ
ကောက်ရိုးများကိုသိမ်းဆည်းလိုက်ပါ
အခု
ကျွန်တော်တို့ အဝေးပြေးကားဂိတ်က မိုးတညို့မှာ
နေလှန်းထားတဲ့ကောက်ရိုးများကို သိမ်းဆည်းလိုက်ပါ။

အဲဒီ
စာရေးဆရာ
တစ်ခါတစ်ခါ
ငွေသော်တာရောင်ခြည်ချင်သတဲ့။
စာရေးဆရာဟာ
တစ်ခါတစ်ခါ
ပဲပြုတ်နဲ့နံပြားရရင်စားချင်သတဲ့။
စာရေးဆရာဟာ
တစ်ခါတစ်ခါ
တစ်ဝက်တစ်ပျက်အပြုံးနဲ့
လက်ဆောင်ရထားတဲ့ ကုတ်အကျီ င်္ထဲနေချင်ပြန်သတဲ့။
စာရေးဆရာဟာ
တစ်ခါတစ်ခါ
အယ်ဒီတာစားပွဲနောက် ရောက်လိုရောက်
စာရေးဆရာလည်းဖြစ်လိုဖြစ်ပေါ့
စာရေးဆရာဟာ
နယ်ချဲ့တော်လှန်ရေး
သမိုင်းပေးလွတ်လပ်ရေး
ငြိမ်းချမ်းစိမ်းလန်းရေးတို့မှာ
တ်စခါတစ်ခါ မကတွေနဲ့
ခြင်္သေ့နိုး နိုးနေခဲ့ပေါ့။

တကယ်ပါ။
သူဟာ
ကာဖ်ကာ မဟုတ်ဘူး
အဲလ်ဘတ်ကမူး မဟုတ်ဘူး
ဂျက်လန်ဒန် မဟုတ်ဘူး
သိပ္ပံမောင်ဝ မဟုတ်ဘူး
ရှိတ်စပီးယား မဟုတ်ဘူး
တော်ဖလာ မဟုတ်ဘူး
ဖူကူရာမ မဟုတ်ဘူး
တောမတ်အယ်လ်ဖရီးမင်း မဟုတ်ဘူး
ထင်သာမြင်သာရှိမှုနဲ့
စကားလုံးများထဲနစ်ဝင် တက်ကြွမှုတို့မှာ
သူဟာ
စာရေးဆရာစစ်စစ်တွေအားလုံးလည်း ဖြစ်နေပြန်ရဲ့။

စာရေးဆရာဟာ
အချိန်ကာလကို မြားတစ်စင်းလို ဖြတ်သန်းနေဆဲ
သူ့နောက်မှာ
သေခြင်းက တန်းလန်းပါသွားခဲ့
မိုးရေနွေးတဲ့တစ်နေ့မှာ…….။

မိုးတွေညို့ပြန်ပေါ့
နှလုံးသာထဲ သမိုင်းရဲ့လမ်းမများထဲ
ရွှေရောင်မြဲတဲ့ထွင်းစာလုံးများ
ရွှေရောင်မြဲတဲ့ ထွင်းစာလုံးများနဲ့
စာရေးဆရာ
ခရီးထွက်ခွာသွားနှင့်ခဲ့ပါပြီ။
အနှစ် ၆၀ ကျော်စာ
အဝေးပြေးကားဂိတ်မှာ
ကျွန်တော်တို့
ပျောက်ကွယ်ဆုံးရှုံးလိုက်ရတဲ့စာရေးဆရာကို ရှာနေကြဆဲ။ ။
နိုင်မွန်အောင်သွင်
ပိတောက်ပွင့်သစ် မေ ၂၀၀၉

ထင်းရှုးမှို
ဒေသသားစစ်စစ်ပါ။
ဘယ်လိုအလေအလွင့် သစ်ကိုင်းနဲ့မှ ကိုင်းမကူးခဲ့သူ။
ဘယ်လိုပင်လယ်နဲ့မှ သွေးမနှောခဲ့သူ။
ချိုးလိုက်တဲ့နေရာမှာ မိခင်ဆန်ဆန် နို့ရည်လေး စို့ထွက် နေသူ။
သစ္စာတရားအဖြစ်
အချိန်ကာလရဲ့ မှတ်ကျောက်အဖြစ်
ပွင့်သစ်ခဲ့တယ်။
လေကောင်းလေသန့်
ကိုယ်ပိုင်အတွေးအခေါ် သန့်သန့်နဲ့
ရှင်သန်ခဲ့တယ်။
ထင်းရှူးမှိုဟာ
ထင်းရှူးရိပ်အောက်မှာ
ထင်းရှူးရွက်ခြောက်တွေကြားမှာ
ဘ၀သစ်ပြန်စ။
နှစ်စဉ်နှစ်တိုင်း ဘ၀သစ်ပြန်ပြန်စ။
ရိုးရာနဲ့ မိသားဖသား ပီပီသသနေခဲ့တယ်။
ထင်းရှူးပွင့်တွေ အခါခါဝေ
ထင်းရှူးသီးတွေ အခါခါကြွေ၊
ကြာခဲ့ပါပြီ။
တောင်တန်းတွေရဲ့ ရာဇ၀င်မှာ
သေချာတဲ့ အက္ခရာတစ်ခုအဖြစ်
တိုးထွက်ကြီးရင့်လာခဲ့ပြီ။
အမည်နာမတစ်ခုကို ယုံကြည်တတ်မယ် ဆိုရင်
ပညတ်ထဲက သိပ်သည်းဆရဲ့အရသာမှာ လေးနက်ခဲ့ရင်
နုတ်ယူသယ်ဆောင်သွားလှည့်ပါ။
ကျွန်တော်ဟာ
ဇာတိစိတ်တွေ ရုန်းကြွမဆုံး ဖြစ်နေတဲ့
ဒေသသားစစ်စစ်ပါ။ ။
နိုင်မွန်အောင်သွင်
ရုပ်ရှင်တေးကဗျာ မေ ၂၀၀၉

ကြည်လင်သောရေ..ကြည်လင်သောကဗျာဆရာ

Saturday, March 28, 2009


မှော်ဆရာထွက်ပြေးရခြင်း

အသက်ကိုထုတ်
အရုပ်ထဲသွင်း
ကဲယယ
မင်း...ယမင်းဖြစ်ကရော..။

ကဗျာကိုမှုတ်
အဆုတ်ထဲသွင်း
ချစ်သူဖန်ဆင်း
ညတွင်းချင်းမှာ
ပျိုဖြုယမင်း
လျှာခံတွင်းက
စောင်းငြင်းသံသာ
မအန်လှာပဲ
မာယာမိုးမျှင်
ဝိညာဉ်စိမ်းစိမ်း
ဒိန်းတလိမ်းဖမ်း
ပတ်ကြမ်းရိုက်ထုတ်
နှုတ်လှံပိုင်ပိုင်
စွဲကိုင်လေတော့
သြော်..
ဆရာမနိုင်
နှစ်ဆောင်ပြိုင်..ပေါ့..။ ။
ကြည်အောင်

ကျောက်ဖြစ်သွားတဲ့အင်ကြင်းပင်
ပြိုကျပျက်စီး
နန်းတော်ကြီးရယ်

အထီးကျန်မျှော်စင်
ခြေခွင်ခွင်ရယ်..။

သူတို့အိုသလို
လွင်ပြင်ကြီးလည်းအိုခဲ့ပြီ..။

ဟို..အင်ကြင်းပင်ကြီးတောင်
တိုင်းထီးပင်မ
လုံးဝကျောက်ဖြစ်
ရာစုနှစ်မှော်ဆရာရဲ့
ပဉ္စလက်မာယာကြောင့်
မျက်နှာဟာရုပ်သေ
မြေနဲ့စကားမပြော
ငိုနေသလောရယ်သလော...။

ရှေးအခါက
အလှကလျာတစ်ပါးနဲ့
မင်းသားလေးတစ်ယောက်
ဒီအင်ကြင်းပင်ကြီးအောက်
နှစ်ယောက်အတူထိုင်ခဲ့တာ.
ဒါ.........ဒဏ္ဍာရီမဟုတ်ဘူးတဲ့လေ..။

ကမ္ဘာမြေလို
သက်တမ်းရှည်တဲ့
လေ..ရေ
ငါဟာ
ရုက္ခဗေဒဆရာရဲ့
ဝေါဟာရစာရင်းမှာ
အမည်မသွင်းရသေးတဲ့
အပင်လေးပါ
ငါ့ရဲ့
ဆံမြတ်ဖွေးဖွေးပေါ်မှာ
သေးကွေးမှုန်ဝါးတဲ့
သီးနှံအိတ်အရေပါးတွေပေါ့
အားကောင်းတဲ့မိုက်ခရိုနဲ့
ကြည့်လိုရင်မြင်နိုင်ရဲ့
မဟာကဝေ
ဝင်္ကန္တလေရေ..ခြေထောက်တတ်ပေးပါ
တောင်ပံတတပ်ပေးပါ..။

ဟောဒီ
မြေဆွေးမွမွ
အနန္တလွင်ပြင်ကြီး..တဲ့
ငါ့မျိုးစေ့တွေပက်ကြဲပေးပါ။

အဲဒီအခါ
ကမ္ဘာကြီးနဲ့အိုမင်းတဲ့လွင်ပြင်ရယ်
ကျောက်အင်ကြင်းပင်ရယ်
ရင်ပြင်မဲ့နန်းတော်ဟောင်း
ခေါင်းလောင်မမြည်
စည်သံမဟည်း
ဒီမျှော်စင်ကြီးရယ်
ငါ့သားငါ့သမီးအပိုင်စားမယ်ပေါ့
မျိုးပွားမှုလေ့လာမှု
သုတေသနသမား
ခစားဝပ်စင်း
မှတ်တမ်းသွင်းလော့.။

ရှင်သန်ခြင်းနဲ့
မျိုးပျံ့ ခြင်းဟာ
သေမင်းကို
ခြေနဲ့နင်းတယ်။

သီချင်းတကြော်ကြော်နဲ့
ငါပျော်နေလိုက်တာလေ

ကျောက်ဖြစ်းရုပ်အင်ကြင်း
ရုပ်ကြွင်းတစ်ခု
ရွက်နုမထိုးတာ
ငါ
ရင်ကျိုးမတတ်ခံစားရတယ်..။ ။
ကြည်အောင်


ပင်လယ်ခေါ်သံ
ငါ့စိတ်ကြမ်းတယ်
ငါးမန်းစွယ်သွား
ငွေသားဆွဲကြိုး
ငါ့ကုပ်ပိုးကို
လှုပ်နှိုးနေတယ်။
မြို့ပြချက်တဲ့
အရက်မီးတောက်
ခွင့်ဆင့်သောက်လည်း
အာခြောက်မပြေ
ကုန်းမြေပေါ်လျှောက်
ငါ့ခြေထောက်လည်း
ရေအောက်ငုတ်ဆင်း
ကျင်လည်းခြင်းမျိုးမဟုတ်တော့
နေရီရီဖတ်
မိုဒီဗစ် ဖတ်မယ်
ဟင်းလျာနုနုမစား
ကျောက်ခရုဝါးမယ်
ဆားငန်တိုက်စား
လက်ဖဝါးကိုယားယံပွတ်ချေ
ပင်လယ်ရေလှိုင်း
ဒီအရိုင်းရဲ့
မုန်တိုင်းခေါ်သံ
ခြိမ့်သည်းညံပေါ့
နက်ဖြန်ရက်ကျူး
ကျောက်ဆူးကိုနှုတ်
သံကြိုးဖြုတ်ဟေ့
ကျွန်ုပ် ပင်လယ်သွားတော့မယ်။ ။
ကြည်အောင်
(ခုတော့လည်း..သံကြိုးကိုဖြုတ်ပြီးပင်လယ်ဆီထွက်သွားခဲ့ပြီထင့်..)


အဆိပ်ပင်
အဆိပ်ပင်
အိပ်ဝင်ခိုနား
ခရီးသွား
ကားရားခြေလက်
အသက်ထွက်။

ကျီးငှက်
မျက်လုံးဖောက်ထုတ်
စလုတ်ဖြည့်သိပ်
ဆိပ်ရည်ပြာမှိုင်း
သစ်ကိုင်းခွကြား
ခိုဝင်နားတော့

အဘွားပုံပြင်
ရှေးယခင်လို
ဒီတွင်အဆုံး
သတ်ဦးပေါ့......။ ။
ကြည်အောင်

ကမ်းခြေကျောက်ဆောင်
ဆိုင်ကလုန်းမုန်တိုင်း
ကျောက်ရိုင်းမျက်နှာ
အက္ခရာထုလုပ်။

ပင်လယ်လှိုင်းက
အရိုင်းကဗျာ
တည်ပါစေသား
ဆားအက်စစ်မှုတ်။ ။
ကြည်အောင်

နဂ္ဂတစ်တစ္ဆေ
အိပ်မက်
ငှက်ကောင်
သန်းခေါင်ယံ
အမှောင်ထဲ
တောင်ပံ
ဖြန့်ဝဲ။ ။
မသဲ
မကွဲ
အမဲ(မည်း)
အဖြူ
ချစ်သူ့ရုပ်ပုံကား
သွားကမည်းညစ်
မျက်လုံးကအဖြူဖြ်
နဂ္ဂတစ်ဖလင်
မြင်တဲ့အိပ်မက်
အလှပျက်လျက်
အိပ်မက်တေလေ
ညတစ္ဆေ..။ ။
ကြည်အောင်


ကျောကသားရင်ကသား
ရင်ပွေ့လို့တစ်ကောင်ခေါ်
ကျောပေါ်ကတစ်ကောင်ပိုး
တောလိုက်သံခမျာကြောက်လို့
ကိုင်းပင်ယံပြေးခုန်လျှောက်တယ်
မျောက်မညိုကိုး ။ ။
ကြည်အောင်


သား
မပေါ့မပါး
ခရီးသွားတဲ့
မီးဖွားတော့မယ့်
မိခင်တစ်ယောက်။

မိခင်က
လခြမ်းသဖွယ်
ကလေးငယ်ကို
သယ်ဆောင်လှမ်းတက်
ခရီးဆက်။

ဝမ်းအိမ်အလယ်
ကလေးငယ်လည်း
အချင်းကိုသယ်
စလွယ်သိုင်း
တောရိုင်းမြေကြမ်း
အတူလှမ်း
သားအိမ်ထမ်းရင်းနဲ့မိခင်နဲ့။ ။
ကြည်အောင်
(မိခင်ကိုသိပ်ချစ်တဲ့ မိခင်ကသိပ်ချစ်တဲ့ သား ဆရာကြည်အောင်ရဲ့ သားကဗျာပါ..)


ရေတွင်းအိုရဲ့ဒဏ္ဍာရီ
အဘိုးရေတွင်း
နွေပြင်းပြင်းမှာ
သေမင်းရေမချိုးနိုင်။

အဘိုးရေတွင်း
ငွေအဆင်းနဲ့
လမင်းအပျို
ရွှင်ချိုအပြုံး
ကိုယ်တုံးလုံးနဲ့
ချိုးသုံးကြည်နူး
ရွှေရည်လူးစဉ်။

အတိတ်လား
အရိပ်လား
လှုပ်ရှားယိမ်းခါ
ရောက်လို့လာတယ်
ကမ္ဘာဦးကလူရိုင်းကြီး။

စွေ့ကနဲပွေ့
အတွေ့ရစ်ပတ်
ဒါ..လူ့ဇာတ်ပဲ
နတ်သမီးလေး
ရေချိုးမပြီးသေး။

အဘိုးရေတွင်း
ရှေးသီချင်းအို
ဆိုမြဲသီမြဲ
လူရိုင်းနဲ့လနတ်
ရှေးဇာတ်ချစ်ပွဲ
ကမြဲခုန်မြဲ။

အဘိုးရေတွင်း
သေမင်းသာအို
သူတို့ပျိုဆဲ
ဆိုဆဲကဆဲ
မအိုပွဲ....။ ။
ကြည်အောင်

အမေ.. ၈၃နှစ်
အမေ..၁၄နှစ်
အပျိုဖြစ်သလား
မဖြစ်ဘူးလား
မစဉ်းစားတတ်ဘူး
ကျွန်တော်ကသားမဟုတ်လား။
အဲ..
အမေ ၁၄နှစ်မှာ
သူ့ချစ်သူနဲ့အိမ်ထောင်ပြုတယ်
နုနယ်တဲ့ရင်သားပေါ်က
ပုဝါပါးပါးမှာ
ပိုးသားချည်နဲ့ရောင်စုံထိုးထားတဲ့
နှင်းဆီနှစ်ငုံ
အမြုံပါဘူး ပွင့် လို့
အမေ ၂၆ နှစ်
သက္ကရာဇ်တံခါးမှာ
ဆဌမသား
ကလောင်ဓားနဲ့
ကျွန်တော့်ကိုဖွားတယ်။
အမေက စာမတတ်တော့
တက္ကသိုလ်မှာလင်္ကာပညာရပ်
တစ်ဖက်ကမ်းခတ်တဲ့
ကျွန်တော့်ကဗျာတွေကို
အမေ မဖတ်နိုင်ဘူးပေါ့..။
ဒါပေမယ့်
ဘုတ်အုတ်ထဲက
အမေ့သားရဲ့အက္ခရာ
ကဗျာနှလုံး
မာယာမသုံး
အသာယာဆုံးနဲ့
ပြုံးနေမယ်ဆိုတာ
အမေသိမှာပါနော်။ ။
ကြည်အောင်

ဦးကြည်အောင်ဟာမနေ့က ၂၇.၃.၀၉ မနက်က မန္တလေးမှာကွယ်လွန်သွားခဲ့ပါတယ်။
ကျွန်မချစ်သောကဗျာများ ဆိုတဲ့ဒီဘလော့ခ်ကို ကျွန်မဦးကြည်အောင်ရဲ့ သစ္စာတိုင်
ရယ်..လူနဲ့မျောက်ရယ်နဲ့စခဲ့တာပါ..။အဲဒီကဗျာတွေကို ဒီမှာ ပြန်ဖတ်နိုင်ပါတယ်။နောက်
ထပ်ဦးကြည်အောင်ကဗျာတချို့ကိုဖတ်ချင်တယ်ဆိုရင်လည်း ပျံ့လွင့်နေသောတေးနှင့်
ဧကစာရီ..
မှာလည်းဖတ်နိုင်ပါတယ်။
ကျွန်မမှာပါလာတဲ့ ကဗျာမှတ်စုထဲက ဦးကြည်အောင်ရဲ့ကဗျာတွေနဲ့ ဥိးကြည်အောင်ကို

ဂုဏ်ပြုသရဏဂုံတင်ပါတယ်။ရောက်ရာဘဝမှာကဗျာဆရာအဖြစ်နဲ့ပဲ ရှင်သန်ခွင့်ရပါစေ
လို့..ဆန္ဒပြုပါတယ်။

ကျွန်မချစ်သောကဗျာများ

Thursday, March 19, 2009

မတ်လ ၂၁ ရက်နေ့ဟာ ကမ္ဘာ့ကဗျာနေ့တဲ့...ခါတိုင်းဆိုရင်တော့အမှုမဲ့အမှတ်
မဲ့ကျော်ဖြတ်သွားမိတာပဲ။ဒီနှစ်ကတော့ ကိုယ့်အသက်ကယ်ဆေးတွေလိုဖြစ်နေ
တဲ့ကဗျာတွေကို သူတစ်ပါးကိုလည်းဝေမျှချင်လာတယ်။အဲဒါနဲ့အချိန်ကုန်လူပမ်း
ခံပြီးကဗျာတွေကိုဖတ်လိုက်၊ရိုက်လိုက်လုပ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်၂၀ကျော်ကတည်းက ကျွန်မစုဆောင်းထားခဲ့တဲ့ကဗျာတွေလည်း
ဖြစ်ပါတယ်။ဝိုင်အနေနဲ့တွက်ကြည့်ရင်တော့နှစ်ချို့ဝိုင်တွေပေါ့..။ဒါပေမယ့်ခုထိ
သစ်လွင် နေဆဲပါ။ကျွန်မတို့ ဘာတွေများပြောင်းလဲခဲ့ကြလို့လဲ...။အဲဒါကိုက...
တရားသဘောတစ်ခုလေလား..


မေ…ကျွန်မ မသေဆုံးသေးပါဘူးနော်..

တစ်လောကလုံးမွှေးမတဲ့လား
အရောင်ခါးခါး နံနက်ခင်းရယ်
မျက်ခွံပေါ်ကကြယ်ကလေးတွေကိုပြောလိုက်ပါ။
အသေအချာနမ်းကြည့်ရင်တောင်
ရနံ့မရှိတဲ့ ကျောက်ဆောင်တွေ
ကဉ္စန နတ်သမီးခြေဆုံးခေါင်းဖျားလိမ်းဖို့
နံ့သာဖြူပင်ကိုခုတ်လှဲ သတဲ့
ကရမက်ပင်ကိုခုတ်လှဲသတဲ့..။
တစ်လောကလုံးမွှေးမတဲ့လား
ပျားရည်ဆမ်းကိုယ်ထင်ပြ
ကဉ္စန နတ်သမီးတို့ရယ်
ကျွန်မရဲ့ရင်ဝတည့်တည့်
အစုလိုက် အပြုံလိုက်စိုက်ဝင်နေတာ
မြားတွေမဟုတ်ပါဘူး
ဖြူဖြူစင်စင်ပန်းဖူးတွေပါကွယ့်
ဒါကြောင့်ပြောတာ
ရေသတ္တဝါတွေမှာလက်မရှိဘူး
တောင်ခိုးကူးခတ်မြစ်ဖျားရဲ့
ဒါကြောင့်ပြောတာ
အနက်ပွင့်ပန်းကိုင်းတွေမှာလက်မရှိဘူး
လေထဲနစ်ဝင်ဆူးတောင့်များတို့ရဲ့
ဒါကြောင့်ပြောတာ
ကန္တာရနဂါးပွက်တွေမှာလက်မရှိဘူး
ဆိပ်ဖလူးဝတ်မှုန်မြစိမ်းတံတို့ရဲ့
ဒါကြောင့်ကျွန်မပြောတာ
နှင်းပန်းကိုလေညင်းခတ်သလိုမျိုး
ပြိုးပြိုးပြောက်ပြောက်ကျွန်မရဲ့အသံ
ခေါင်းလောင်းသံတမျှမြည်နေဥိးမယ်
စံပယ်တွေတဖွေးဖွေးတောက်ပ
ကျွန်မအသံကိုကျွန်မကြားနိုင်ဖို့
ပန်းပွင့်တွေကိုမျက်လုံးတပ်ပေးရဦးမယ်
ကျွန်မရုပ်ရည်ကိုကျွန်မမြင်နိုင်ဖို့
ကျွန်မလက်မောင်းသွေးကိုဖောက်ပစ်ရဥိးမယ်
ကြယ်တစ်သင်းသင်းအုံလင်း
ကျွန်မက အာကာသမြစ်တစ်စင်းမဟုတ်ဘူး
`မေ.​’
(ကျွန်မ..မသေဆုံးသေးပါဘူးနော်)
ကျွန်မလေ
ကိုယ့်ကိုယ်ကိုမေ့နေသလို
ကျွန်မကိုယ်ကျွန်မမိတ်ဖွဲ့
အကြောင်းမဲ့မရှိုက်တတ်တဲ့ကျွန်မမျက်ရည်ဟာ
ပါးပြင်ပေါ်မကျပဲ
တစ်စက်ချင်းတစ်စက်ချင်း
ကျွန်မရဲ့နှလုံးသားထဲစီးကျသွားလေရဲ့……….။ ။
ဝေနော်

ဝေနော်ဆိုတာ လုံမငြိမ်းချမ်းဆိုတဲ့နာမည်နဲ့ဝတ္ထုတိုတွေအရေးကောင်းသူပါ။
သူက ကဗျာရေးရင် ဝေနော် နဲ့ရေးပြီး..ဝတ္ထုတိုရေးရင် လုံမငြိမ်းချမ်းဆိုတဲ့
နာမည်နဲ့ရေးပါတယ်။သူ့ကဗျာတွေကျွန်မမှာ သုံးလေးပုဒ်လောက်ရှိတယ်။
အကုန်လုံး ကဗျာရှည်တွေပါ။အားကောင်းလှပပြီးနူးညံ့စွာဆွဲဆောင်နိုင်တဲ့
ကဗျာတွေချည်းပဲပါ။ သမီးရေတံခွန်အောက်မှာထိုင်ချင်တယ် ဆိုတဲ့ရင်ခုန်
ပွင့်က သူ့ကဗျာလေးကိုကူးခဲ့တုန်းကဆို ၁၉၉၀ လောက်ပဲရှိပါသေးတယ်။
သိပ်လှသိပ်စွဲလန်းစရာကောင်းတဲ့ကဗျာပါ။ကျွန်မ တို့ဆုံတော့ မိုးမိုး(အင်း
လျား)ဝတ္ထုတိုဆုပေးပွဲမှာ ဆုံကြပါတယ်။တကယ့်ကိုပါးပါးလျလျလေးနဲ့
အနုပညာဆန်တဲ့အမလေးတစ်ယောက်ပါ။ခုတော့ သူ့စာတွေတွေ့ရတာ
နည်းသွားပြန်တယ်။၁၉၉၅..၉၆..၉၇..ဝန်းကျင်လိုသူ့စာတွေသိပ်မတွေ့ရ
တော့ကျွန်မလွမ်းနေမိပြန်ပါတယ်။အမျိုးသမီးကဗျာရေးသူတွေကရှားရတဲ့
ထဲ..သူတို့တွေကဗျာမရေးတော့ရင်ကျွန်မသတိတရနဲ့လွမ်းနေမိတတ်ပါတယ်။
နောက်သတိရနေမိတတ်တာက..မြတ်..ပါ။
သူ့ကိုတော့ကျွန်မ အပြင်မှာမဆုံဖူးပါဘူး။ကျွန်မကူးထားတဲ့ထဲက မြတ် ရဲ့
ကဗျာတစ်ပုဒ်ကိုကြည့်ပါဥိး..

အဝေးမှာမိုးတွေရွာပြီ

အဝေးမှာမိုးတွေရွာပြီ
ငါ့ရင်ထဲမယ်
ဝမ်းနည်းလွယ်တဲ့မိုးတိမ်တွေ
အုံ့ဆိုင်းလို့..။

မျက်စိနဲ့မြင်နိုင်သရွေ့
ဖျောက်ဖျက်ပစ်ဖို့ရာလွယ်လှပေမယ့်
စိတ်နဲ့ချောင်းကြည့်နိုင်သရွေ့တော့
အတိတ်ကိုတွေ့နိုင်ပေလိမ့်မယ်။

ငါ့ကိုယ်ငါမယုံကြည်ရတဲ့နောက်မှတော့
သူတို့ကိုရောဘယ်လိုယုံကြည်ရပ
သူတို့ဆိုတာ
အချစ်ရယ်
မိတ်ဆွေများရယ်
လောကဓံတရားရယ်လေ..။

အချစ်ဆိုတာ
တစ်ခါတစ်ခါတပ်မက်ဖွယ်ညွတ်ကွင်း
တစ်ခါတစ်ခါကျတော့
နှောက်ယှက်တဲ့ခြေကျဉ်းလို
ခေါင်းမာစွာငြင်းဆန်နေမိပေါ့..။

အိပ်မောကျလုနီးမှ
ဒါဏ်ရာတွေကိုနှိုးနှိုးပြီးမေးတယ်
ဘာအတွက်ပေးဆပ်ခဲ့ရတယ်ဆိုတာ…။

ရှာပြီးရင်းရှာခဲ့တယ်
ငါ့ကိုယ်ငါနှစ်မြုတ်နိုင်မယ့်ကျင်းသစ်တစ်ခုဆီ
တူးဖော်ပြီးရင်းတူးဖော်ခဲ့
မြို့ဟောင်းတစ်မြို့ကိုမဟုတ်
ရုပ်ကြွင်းတစ်ခုကိုမဟုတ်
မြေကြီးအနွမ်းတွေကိုငါမစားလို
လက်ယက်တွင်းရေချိုကိုသာ
ငါသောက်လိုရဲ့။

အဝေးမှာမိုးတွေရွာပြီ
ငါ့ရင်ထဲမယ်
ဝမ်းနည်းလွယ်တဲ့မိုးတိမ်တွေ
အုံ့ဆိုင်းလို့..။

ခေါင်းငိုက်စိုက်ချရင်း
အပြင်းအထန်တူးဆွနေခဲ့ပေါ့..
ဒီမယ်တော့
လက်ယက်တွင်းတစ်တွင်းစာ
မျက်ရည်တွေမိုးလိုရွာပြီ…။ ။
မြတ်



ရင်နာတတ်တဲ့သူ

မရေမရာအလွမ်းတွေနဲ့
လတ်တလောတွေကုန်ဆုံး.။
နှင်းကွဲမီးလုံးတွေကိုဖြတ်သန်းရင်း
အိပ်တန်းဝင်ရတဲ့ညတွေပဲတိုးလာ
ဘယ်မှာလဲ
အိပ်မက်လှလှလေး
ကိုယ့်ကိုယ်ကိုမက်လုံးပေးထားခဲ့တာလေ..။
တခြားမိန်းမများစွာအတိုင်း
ဟိုးအဝေးကြီးကနေ
အမေကမေတ္တာတွေပို့သ
ကျွန်မက အမေ့ရင်ငွေ့ကိုတမ်းတ
လမ်းစရှာ
ခြေရာတွေသာထပ်….။
ရင်ခုန်ခြင်းအလင်္ကာတွေတည်တံ့စေဖို့အတွက်
သောကနည်းနည်းစွက်
ရမ္မက်နည်းနည်းကြီး
ပြီးမှ..အားတင်းရင့်ကျက်ပစ်……..။
မှတ်တိုင်သုံးဆယ်နားနီးလာလေ
ကယောင်ခြောက်ချားနိုင်လာလေ…။ ။
ခက်မာ

အဲဒါကတော့ ကျွန်မဆီမှာရှိတဲ့ မခက်ကဗျာတစ်ပုဒ်ပါ။ဝတ္ထုတိုသမားလို့နာမည်ကြီးတဲ့
မခက်မာ..ရဲ့ကဗျာတစ်ပုဒ်ပါ။ နောက်ထပ်အမျိုးသမီးကဗျာရေးသူတစ်ယောက်ရှိပါသေး
တယ်။သူကတော့ ကဗျာတင်မက ဝတ္ထုတိုလည်းရေးသလို ပန်းချီလည်းဆွဲတဲ့သူတစ်
ယောက်ဖြစ်ပါတယ်။ မဖြူမွန်ပါ။ မဖြူမွန်ကိုစသိတော့ မန္တလေးမှာပါ။ ချစ်စရာကောင်းတဲ့
အနုပညာမိသားစုလေးပါ ။မဖြူမွန်အမျိုးသားက ပန်းချီဆရာ ကိုချမ်းအေး ဖြစ်ပါတယ်။



(ပြတင်းများရဲ့အဝင်ဝထိ
လက်တံတစ်ခုဆန့်ထွက်သွားတဲ့အခါ)
(ကြားလိုက်စ..)
အဝိဇ္ဇာဓားတုံးတုံးနဲ့
နောက်ဖက်က
ထိုးစိုက်ချလိုက်သံ
ပြီး..
မနည်းညှစ်ထုတ်လိုက်တဲ့အချက်ပေးမြည်သံ..များ..။
ပန်းပွင့်အရောင်စကေးလောက်
တိုင်းတတ်ရုံသောချောင်းများ
စုဝေး
မျက်နှာချင်းဆိုင်ကြတဲ့အခါ
သူတို့ရဲ့ပါးစပ်ဖျားမှ
(ညှီစို့စို့)ပေါက်ပြဲအိပ်မက်များ
တီကောင်လို
မြစ်များ၊တောင်တန်းများ
အထွေးလိုက်ကျလာနေ..
ဒီလိုနဲ့..(သည်းခံမှုတိုင်းဟာနံရံများရဲ့
အက်ကြောင်းရာအတိုင်း
တိုးတိုးတိတ်တိတ်နှိုင်းဆရွေ့ခဲ့ပေါ့..)
ဒုက္ခမဲ့ဦးခွံတွင်းက
(ထိုင်လျက်)စပျစ်သီးချိုနေကြသောမြေခွေးများအတွက်
ခပ်ကြီးကြီးစာတန်းကပ်၊ တံတွေးမမြိုရ
လေထဲမကူးရ
လက်လွတ်စပယ်ကောင်းကင်ရဲ့
ရက်စက်ခြင်းအတွက်
(ဗလာလောက်ခွန်အားမကောင်းသေးပဲ)
ကိုယ်ရည်ကိုယ်သွေးနည်းတဲ့
ကြယ်တစ်ပွင့်နှစ်ပွင့်လောက်နဲ့
မဖောက်ခွဲနိုင်ပါဘူးကွယ်..။ ။
ဖြူမွန်


ကဗျာရေးတဲ့အမျိုးသမီးတွေနည်းတဲ့ထဲတချို့ကဗျာတွေကကျွန်မနဲ့ပါမလာခဲ့ဘူး။
နောက်များမှပဲ အမျိုးသမီးကဗျာဆရာမတွေကိုပြန်ရှာပြီးတင်ပါဦးမယ်။

ဒါကတော့ ကျွန်မခုတလောရွတ်ဖြစ်နေတဲ့ကဗျာလေးပါ။တေလေ တဲ့။မနေ့ကပို့စ်
တစ်ခုမှာလည်းထည့်လိုက်ပါသေးတယ်။


တေလေ

မိုးဖွဲဖွဲလေးရွာနေတယ်
ငါမငိုချင်တော့ဘူး
မျက်ရည်စက်လက်နဲ့စိတ်က
ကမ်းစပ်နံဘေးမှာနေ့ရွှေ့လိုက်ညရွှေ့လိုက်
လူက
ရေပြင်ပေါ်ပလုံလို့မြည်ပြီးနစ်သွားတဲ့ခဲတစ်လုံး
နှမြောတယ်
သင်းကွဲငှက်အော်သံများကြားလိုက်ရ
ဘာမှမသာယာဘူး
ကိုယ့်ကိုယ်ကိုလက်ဖျောက်တစ်ချက်တီးပြီးခေါ်ကြည့်လိုက်
ပလက်ဖောင်းပေါ်မှာဆုပ်လည်းစူးစားလည်းရူး
မျက်လုံးစိမ်းတွေကမိုးရွာတိုင်းပွင့်တတ်တဲ့ပန်းတွေလို
ငါ့ရှေ့ကရှုခင်းများ
ငါ့နောက်ကရှုခင်းများ
ငါ့ဘဝရဲ့အနာတရတွေကိုဖျော်သောက်နေတဲ့နေရောင်ခြည်များ
အရာအားလုံးကိုစိတ်ဆိုးလည်းခဏမဖြစ်ချင်တော့ဘူး
အမေ့ကိုသတိရတယ်
မျက်ရည်ကျလာတယ်
သေချာပေါက်
ဒီတစ်ခါမိုးမိရင်ဖျားပြီ..။ ။
မျိုးနေနွယ်



ငါ့ရုပ်ဝတ္ထုများ
ကားလမ်းကိုကန့်လန့်ဖြတ်ပြီး
လဲနေတဲ့သစ်ပင်ကြီးတစ်ပင်လို
မင်းဘဝရှေ့ငါ့ဘဝလဲခဲ့တယ်
ဘလက်ဘုတ်ကိုဒတ်စတာနဲ့ဖျက်သလို
ငါကနှင်းဆီပန်းကိုလက်သီးနဲ့ထိုးတယ်
မင်းကငါ့နားရွက်ကိုဆုတ်ဖြဲပစ်လိုက်တယ်
မီးပွားအပြည့်နဲ့ကောင်းကင်
ထပေါက်ကွဲတဲ့ကြယ်တစ်စင်းထက်
နေ့အပူချိန်ကပြင်း
ညအဝင်သေရည်ကပိုပြင်း
ငါ့ရင်ထဲကမီးဟာဆောင်းကိုသေအောင်သတ်ပစ်ပေါ့
အခမ်းအနားအပြီးမှာ
လက်ခုပ်အတီးဆုံးဟာငါဖြစ်မယ်
ရေထဲမိုးထဲဆိုတဲ့ဝေါဟာရ
မအေးမြမှန်းသိရှိရတဲ့နောက်
ငါ့နာမည်ခေါ်တဲ့ဓားတစ်ချောင်း
ရင်ဘတ်ထဲထိုးထည့်ပစ်တာကြာနေပြီ
မင်းတို့ရဲ့အရေးကြီးတဲ့ခေတ်
တစ်ခါတစ်ခါကျတော့
လူဟာ
ကစားစရာအရုပ်ဖြစ်နေပြန်ရဲ့…။ ။
ဝိုင်ချို


ဒါကတော့ သူများတွေပြောတာဆိုတာကိုခံပြီးခုထိဆိုးနေသေးတဲ့ ဝိုင်ချို ရဲ့
ကဗျာတစ်ပုဒ်ပါ..။ဘာပဲပြောပြောသေချာတာက ဝိုင်ချို ဆိုတာကဗျာရေး
ကောင်းတဲ့သူ...။
နောက်ထပ်ကဗျာ ၂ပုဒ်ကတော့ သရော်စာအရေးကောင်းတဲ့ဥိးမင်းသစ်ရဲ့
ကဗျာ ၂ပုဒ်ပါ။ ထုံးစံအတိုင်း သူလေသံက သရော်သံစွက်နေလေရဲ့....း)..


Pseudomodern ပြပွဲ


(၁)
အဟောင်းဈေးမှာ ဈေးပြိုင်ဝယ်ခဲ့တဲ့
နိုင်ငံခြားဖြစ်ကြယ်သီးပြုတ်အကျီ င်္တစ်ထည်
နှစ်ကိုးဆယ်က သီဝရီတစ်ခု
အိုးမဲသုတ်ပြီးဝင်လာတဲ့
မေထုန်မဲ့ကြက်တစ်ကောင်
တွန်လိုက်တဲ့အသံ
နားမခံသာဘူး
Cock – a – doodle – doo..
(၂)
ခိုးရာပါပစ္စည်းတစ်ထောင်
ရိုင်းပေါင်မုန့်မှိုတက်
အရောင်ပျက်ဝိုင်ပုလင်း
ခပ်တင်းတင်းဆုပ်ထားသူရေ
ဘုရားရှေ့မှာဆောင့်ကြောင့်ထိုင်
တံခွန်တိုင်လှမ်းဟောင်တဲ့
(ခွေးခြင်္သေ့ရေ..)
အေ(A)နဲ့လှည်းထောက်ခွမကွဲပြားကြသေးတဲ့လူတချို့က
မပီကလာပီကလာနဲ့
Once more once more…တဲ့..
သဖန်းပိုးတွေလက်ခုပ်တီးနေကြရဲ့……။ ။
မင်းသစ်


၄၅နှစ်သားလေး၏မွေးနေ့ရမ္မက်များ


Red Woodအပင်ကြီးတစ်ပင်
ဖြစ်ချင်တယ်
နှစ်ပေါင်းထောင်နဲ့ချီပြီး
လူတွေကို
စောင့်ကြည့်သွားချင်လို့။

Theo..လိုညီတစ်ယောက်
ရချင်တယ်
အိမ်ကထွက်ပြေးပြီး
The Haigမှာ
ပန်းချီသွားဆွဲချင်လို့..။

Aphrodite ဖြစ်ဖြစ်
Artemis ဖြစ်ဖြစ်
ရရာနတ်မ
ချစ်လို့ရရင်ပြီးရော
ယူချင်တယ်။

Olympusတောင်ထိပ်မှာ
တိမ်ညွှန့်တိမ်လိပ်တွေစားရင်း
Zeus နဲ့ရန်ဖြစ်ရင်
ဝတ္တုတိုလေးတွေ
ရေးချင်လို့..။

နေနဲ့လကိုတွန်းထုတ်
ပြက္ခဒိန်လုပ်တဲ့လက်
လိုချင်တယ်။

တစ်နေ့နေ့မှာတော့
အောက်ခြေမှတ်စုမပါတဲ့
ကဗျာတွေ
လူတချို့အတွက်
ရေးသွားချင်သေးလို့။ ။
မင်းသစ်


ဂျွန်ကပြောတယ် အားလုံးမြစ်ဆီသို့

စိတ်ကလေး
မလွမ်းအောင်နေလို့မရဘူး
လွမ်းလွမ်းနေ..သူ့ခမျာ
မပျော်အောင်လည်းနေလို့မရဘူး
ပျော်ပျော်နေ..။
ဟေး..ဂျွန်
အချစ်ကိုမနိုင်မနင်း
သယ်ဆောင်လာတဲ့
တမျှော်တခေါ်အနမ်းရဲ့
ဟိုးအတွင်းဖက်မှာ
အိမ်ဆီပြန်ခေါ်မယ့်လမ်းပါသကွဲ့
အဲဒီမြေ ငါနမ်းလိုက်ပါရစေတော့
လေယာဉ်ပျံကြီးနဲ့မှမဟုတ်ပါဘူး
ပျံလွှားငှက်လေးနဲ့လည်းလိုက်မယ်။
ဒီလောကီမှာ
ဒီပါးပြင်လေးကို
ဒီနှလုံးသားအရူးအမူးလေးက
ဘယ့်နှယ့်လုပ်သူစိမ်းပြင်ပြင်
သဘောမထားနိုင်ရှာတဲ့အတွက်
ဂျွန်ရေ..
စိတ်ကိုဖမ်းကြပေတော့..။
အနမ်းဆိုတာခိုးယူလို့မရနိုင်ဘူးလား
သူကသိပ်လှတယ်
မျက်လုံးတွေ
အကြည့်တွေမသိအောင်တစ်မျိုး
သိအောင်တစ်မျိုး..လှသူပေါ့..။
အနယ်အမှုန်ထနေတဲ့ညအပြာက
ကြယ်သားနုနုထွတ်ထွတ်တွေကိုမှစွဲမက်သတဲ့။
သက်တံတွေ ကြယ်တွေ
ပန်းပွင့်တွေ သဘာဝလောကကြီးရဲ့
ကိုယ်နေခါးကျတွေ ဘယ်လိုပဲလှလှနေပေမယ့်
သူကလေးမှအိနြေ္ဒရတာပါ..သူ့မှာ
စကားလုံးတွေလည်းလှပတယ်..ပြီးတော့
တသွင်သွင်စီးလို့..။
ဂျွန်ကိုပြောလိုက်ပါ
ငါတို့မြစ်ဆီသွားဖို့မလိုတော့ဘူး……..။ ။
မောင်သိန်းဇော်
သြဂုတ်-၉၅ တေးကဗျာ

ကိုသိန်းဇော်ရဲ့ကဗျာတွေက ချိုပြေမှုအပြင် ခံစားမှုအားရော နိမိတ်ပုံတွေရောသိပ်အား
ကောင်းပါတယ်။သူကဗျာရေးနည်းသွားတာကိုတော့ စိတ်မကောင်းဖြစ်နေမိတယ်။


ချစ်သူ

တို့အိမ်ခေါင်မိုးတွေပေါ်
ဆေးရောင်စုံတောင်တန်းများ
လှည့်စားနေတဲ့ညနေ…။

ရေလို့ငါမှားခဲ့တဲမီး
သင်္ကေတတွေနဲ့ကမ္ဘာ
အရာရာစိတ်လျှော့ဖိြု့ပုပြင်ရ..။

သိခဲ့ပါပြီလေ
ရက်စက်ခြင်းမှာခေါင်းထိုးယူတဲ့
ငါ့ဘောလုံးဟာစွန့်စားခြင်းမကြီးမား
ငါ့မနေနိုင်မှုတစ်ခုသာ…။ ။
သုခမိန်လှိုင်


ရုပ်ရှင်


စိတ်မနိုင်သူတစ်ဦးရဲ့
ကြည့်ရတဲ့ရုပ်ရှင်ဟာ
ချောက်ချားဖွယ်အတိ။

ဒါဏ်ရာတွေဟာ
တောက်ပဝတ်စုံ
ထည်လဲဆင်လို့
အားလုံးဇာတ်လိုက်
စိတ်အိုက်တဲ့အခါ
ရုံအပြင်ပြန်ထွက်လို့လည်းမရတော့..။ ။
သုခမိန်လှိုင်

ဦးလှိုင်ရဲ့ကဗျာ ၂ပုဒ်ပါ...ရုံထဲကပြန်ထွက်လို့မရသူတွေအတွက် ဆေးတစ်ခွက်
ဖြစ်ကောင်းပါရဲ..။နောက်တစ်ပုဒ်ကတော့ ကိုနေမျိုး ရဲ့သဘောင်္ပါ..လက်ဘက်
ရည်ဆိုင်ထိုင်တိုင်းစိတ်ထဲကနေတိုးတိုးတိတ်တိတ်သတိရနေမိတတ်တဲ့ကဗျာ
လေးပေါ့..။

သေဘာၤ

လက္ဘက္ရည္ဆိုင္ထဲမွာ
ပင္လယ္ကူးသေဘာၤၾကီးမ်ား
ကျောက်ချရပ်နားပြီ..။
ပေါလော
မလိုင်အတုတွေဖန်ခွက်ထဲမျောလို့
တအိအိ
မုန်တိုင်းမိလာသလိုမျိုး..။
ဝေးလံသောအရပ်မှ
ညများစွာခုတ်မောင်း
နက္ခတ်မှန်ပြောင်းတွေသာမရှိခဲ့ရင်ဖြင့်
အိပ်မက်ဟောင်းကြီးထဲမှာ
ရာစုနှစ်တစ်ခုလုံးပိတ်မိနေခဲ့ကြမှာပဲ..
ရိက္ခာကနည်းနည်းရယ်..။
ဟန်ဆောင်မှုကောင်းကောင်းနဲ့
သူ့ကိုယ်သူဖောင်းကား
စားပွဲတင်ပေါင်မုန့်က
မရှုမလှလှဲလျောင်းလို့
တဝီဝီ
ယင်ကောင်တွေကလည်း
အပ်ကြောင်းထပ်အသံတွေမြည်လို့
စားပွဲပေါ်မှာတော့
ဖောက်လက်စ စကားလုံးစည်သွပ်ဗူးတွေသာ
ပြန့်ကျဲလို့..။
နပိုလီယံတဲ့ ကိုလံဘတ်စတဲ့
မဒမ်ဗိုဗာရီ တဲ့ စပီးလ်ဘတ်တဲ့
ဆာ့တ်တဲ့…မော်ဒန်တဲ့
(၂၀ရာစုနောက်ပိုင်းမှာ)
အားလုံးမှိုစော်နံ့နေပေါ့..။
ဝေါ့ကနဲပျို့တက်လာခဲ့
ပြီးတော့ခပ်မြန်မြန်မျိုချလိုက်ရ
ဒီနည်းနဲ့ပဲ အသက်ရှင်နေထိုင်ခဲ့ရ
(နှစ်ဘဝစာ)နောက်တစ်ခါဆို
ဝေလငါးကြီးတစ်ကောင်ရဖို့
ငါးမျှားချိတ်မှာ
မက်ဒေါနားကိုအစာတပ်ထားမယ်..။
ရေဘဝဲတစ်ကောင်
ဟိုထောင့်မှောင်ရိပ်ထဲက
(ပြုံးပြီး..)လက်နှစ်ချောင်းထောင်ပြရဲ့
ဒီလိုဖြစ်ခဲ့ဖူး
ဟောဒီ ကုလားထိုင်ပေါ်မှာ
မျှော်လင့်ချက်မုန်တိုင်းမိစဉ်
မိုးကောင်းကင်ပေါ်
ကိုယ့်အမည်ကို
အကြိမ်ကြိမ်ဟစ်ပြီးအော်ခေါ်ရဲ့…..။
ဒီလိုနဲ့
လှိုင်းလေငြိမ်သက်တဲ့နေ့တစ်နေ့
ကမ်းခြေမြို့ကလေးရဲ့
လက်ဘက်ရည်ဆိုင်မှာ
သံချေးတွေခွာရင်း
(ရေချိုတွေဖြည့်တင်းရင်း)
ကမၻာပတ္မယ့္သေဘာၤ
ခု….
ဒီကောင်မောနေပေါ့…။ ။
နေမျိုး

ဒီကဗျာကိုကျွန်မကူးခဲ့တဲ့နေ့က ၃၁ရက် သြဂုတ် ၁၉၉၀ ပါ။၁၉၉၀ စက်တင်ဘာ
တေးကဗျာထဲကဖြစ်ပါတယ်။ခုဆိုရင် ၁၉နှစ်လောက်ရှိတော့မယ်။ ခုထိ မဟောင်း
သေးဘူး။



ငါ့အားရစ်ပတ်လာသော ရေဘဝဲတစ်ကောင်၏
လက်တံများကိုဖြတ်တောက်ရန်ကြိုးပမ်းခြင်း

အာဒမ့် နံရိုးတစ်ပိုင်းတစ်စရဲ့
ကိုယ်ပွားတစ္တေများ
ငါ့အားခြောက်လှန့်နေ..

လှပသော တင့်တယ်သော
ဝင်းဝါသော ပြိုးပျက်သော
ကိုယ်ဖြင့်
ကိုယ်ထင်ပြလျက်
ဗီးနပ်စ နတ်သမီးများ
ခြောက်လှန့်ရယ်မောနေ
ဟိုမှာ..ဒီမှာ..
နေရာအနှံ့..။

ကွေးညွတ်နေသောသက်တံ
ခရမ်း၊မဲ၊ပြာ၊စိမ်း၊ဝါ၊လိမ်၊နီ
အရောင်ခုနှစ်မျိုးဖြင့်လှပ၏
လှပသော ဗီးနပ်စတစ်ပါး
သက်တံပေါ်က
လာလေ …လို့လက်ကမ်း
ငါခေါင်းရမ်းခဲ့
သွားစမ်းပါဗျာ…လို့
ခပ်ရမ်းရမ်းလည်းငါအော်ခဲ့..
ငါ့ဘဝပေတံမှာ
အချစ်အတွက်နေရာ
လက်မအစိပ်အပိုင်းမျှသာ……။

တေးဆိုသောပန်းများ
လန်းဆန်း၏
လှပ၏
မွှေးပျံ့၏
သို့သော်..မနမ်းအားသေး..
ချောင်းကမ်းစပ်၌
ငါ..ဒေါင်းဖမ်းရဦးမည်…။ ။
ကျော်စွာထက်

ဒါက ဆရာကျော်စွာထက်ရဲ့ရှားပါးကဗျာပါ။ မန္တလေးဆေးတက္ကသိုလ်ငွေရတုမဂ္ဂဇင်း
ထဲမှာပါတယ်လို့မှတ်မိနေတယ်။နောက်တစ်ခုက သူတို့ဆေးကျောင်းကစုထုတ်တဲ့
ကဗျာစာအုပ်လေးတစ်အုပ်..အဲထဲမှာလည်းတွေ့တယ်။အဲဒီတုန်းက ကျွန်မအမက
သူတို့နဲ့တစ်ကျောင်းတည်း..။မော်ဒန်ဝတ္ထုတိုတွေနဲ့နာမည်ကြီးခဲ့တဲ့ ကျော်စွာထက်က
ကာလတစ်ခုလောက်ပျောက်သွားပြီး ပြန်ပေါ်လာတော့ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုတွေကို
ရေးခဲ့ပါတယ်။ခုတော့လည်း စာတွေကိုမတွေ့ရတော့ပြန်ဘူး။အိုင်ဒီယာအတွက်စာမူ
တောင်းတာလည်းကျွန်မသာခရီးထွက်လာရောမရခဲ့ဘူး။ကျော်စွာထက်..ဝတ္ထုတိုများ
၁..၂...၃..ဟာတကယ့်ကိုကောင်းတဲ့ စာအုပ်စင်မှာရှိသင့်တဲ့စာအုပ်တွေဖြစ်ပါတယ်.။



မြတ်နိုးစိမ်း
အဝေးကြီးမှာဝေးတဲ့မျက်နှာ
ပိုမြင်လာတယ် ပိုကြင်နာတယ်
တစ်နေရာမှာ
စာနာမှုက တစ်စစီလွင့်
လေနှင့်အတူ သယ်ယူဆောင်ကျဉ်း
မေ့ခြင်းအနား မသွားလည်းရောက်
လျှောက်ခဲ့ဖူးတယ်။
ဇော်ဇင်

(ဒါ မြတ်နိုးစိမ်း ထဲကတစ်ပိုဒ်ပါ..တစ်ပုဒ်လုံးမှာမှ အဲဒီအပိုဒ်ပဲကြိုက်လို့တစ်ပိုဒ်ပဲကူး
ထားခဲ့မိတာ..ခွင့်လွှတ်ပါ ဦးဇော်ဇင်.။ကျွန်မတို့ငယ်ငယ်တည်းကသူ့ရဲ့အသည်းကွဲ
ရေဒီယိုတွေကိုစောင့်ဖတ်ခဲ့ဖူးတယ်…။သူနဲ့ဆုံတော့ ကျွန်မ ကစာရေးဆရာမဖြစ်နေ
ပြီ..။သူကစာမူလာတောင်းတဲ့သူ.။ကျွန်မကိုအသိအမှတ်ပြုပြီးစာမူလာတောင်းတာကို
ဂုဏ်ယူစရာကောင်းလိုက်တာလို့တွေးနေတုန်းသူငယ်ချင်းစာရေးသူတစ်ယောက်က
(သူလည်းနာမည်ကြီးပါပဲ)လှမ်းပြောတယ်..။
ဇော်ဇင် ဆိုတဲ့ကောင်လေးတစ်ယောက်ဖုန်းဆက်ပြီးစာမူတောင်းတယ်..အသစ်
လားမသိပါဘူး..တဲ့..။)


နိုဝင်ဘာ
ငါ့ရဲ့ရွှေအိပ်မက်တွေကို
ခြေကျင်းတွေလိုခွဲစိပ်ဝတ်ဆင်ထားတဲ့မိန်းမ..။
မြူခိုးနီညိုတွေကြားမှာ
စပယ် ကပိုကရိုနဲ့လှလို့…။

ငါ…တစ်ပွင့်ပြီးတစ်ပွင့်ပြိုလဲ
နှင်းအဆက်ဆက်တိုင်ကြေကွဲခဲ့ရပေါ့…..။
တာရာမင်းဝေ

၁၉၉၅ စက်တင်ဘာ ဟန်သစ်

၁၉၉၅ ဆိုတာ ကိုတာရာမင်းဝေ စာပေနယ်ထဲရောက်တဲ့နှစ်ပါ။အဲဒီနှစ်မှသူကပြန်ရောက်
တာကိုး..ဒါ ဟန်သစ်ထဲက ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။




သံစုံကြူးတဲ့ည

ညက
တိတ်ဆိတ်လို့.
ခုန်နေတဲ့ကြယ်သံတချွင်ချွင်လည်းမရှိ
အတွေးကို
စကားအကျယ်ကြီးပြောမယ့်
လမင်းလည်းမရှိ
လေပြည်လည်းလက်ပြတ်ကျ
သစ်ရွက်တွေညပ်ခဲနေတဲ့ညပေါ့..
အဲဒီညမှာ
ကတိစကားနဲ့အမှား
ဦးသူစားတမ်းဖြစ်ခဲ့တယ်။
ပန်းပွင့်တွေက
ကိုယ်ပွင့်တဲ့ပန်းကိုကိုယ်ပြန်ပန်ထားတဲ့ည
ကိုယ်ချင်းစာတရားနဲ့ရင်ခုန်သံ
အပြန်အလှန်မျိုနေကြတဲ့ည
သန်းခေါင်ယံလရောင်ရဲ့ရည်ရွယ်ချက်က
တဖြည်းဖြည်းမင်းဘက်ကိုပါသွားတဲ့ည
အဲဒီညမှာ
စကားလုံးတွေ
ရင်ပတ်ပေါ်ဝုန်းကနဲဝုန်းကနဲ
ခုန်တက်လာကြပြီးမှ
ဘာမှမပြောပဲ
သစ္စာရှိရှိအသေခံသွားခဲ့တယ်။
မျက်ရည်တွေဖောက်ချပြီးစမျက်လုံးထဲ
နောင်တငါးတစ်ကောင်တစ်ဖျပ်ဖျပ်ခုန်နေတဲ့ည
အမှောင်နုထံစွန့်ခဲ့တဲ့အနမ်းဦးတို့
ပျော်ပါးမြူးတူးတဲ့ည
ခံစားမှုမှာ ဥိးနှောက်တစ်ခြမ်းတိတိ
ညွတ်ကွင်းမိတဲ့ည
အဲဒီညမှာ
ငယ်ဖော်..ငယ်ပေါင်း…ကျောင်းနေဖက်..
သူငယ်ချင်း…အခင်ဆုံး..အချစ်ဦး..အချစ်ဆုံး..
အဲဒီစကားလုံးတွေ
တစ်ကောင်နဲ့တစ်ကောင်
အသေကိုက်ကြပြီး..
မောသွားတော့
အမှောင်ထဲ အိပ်မောကျနေခဲ့တယ်။ ။
နီကိုရဲ

(ကဗျာအဆုံးမှာ ကလောင်မှားတပ်ထားတယ်လို့မထင်ပါနဲ့..ဒါ နီကိုရဲ ရဲ့လက်ရာ
ကဗျာကောင်းတစ်ပုဒ်ပါ..ဒါကိုပြန်ဖတ်ရင်းဘာကိုတွေးမိလဲဆိုတော့..လူတစ်
ယောက်ဟာအကြောင်းမဲ့တော့ မအောင်မြင်ပါဘူး..သူနင်းတက်လာခဲ့တဲ့လှေခါး
ထစ်တွေက သိပ်ပြီးခိုင်မာတယ် ဆိုတာလေးပါပဲ..၁၉၉၅နိုဝင်ဘာ တေးကဗျာထဲကပါ..)



ပြက္ခဒိန်
ရာဇဝင်တောအုပ်ထဲမှာ
အမှန်တရားနဲ့စီးချင်းထိုးဖို့
ချိန်းဆိုထားသတဲ့..။
အမှန်တရားဆိုတာ
ချိန်းထားတဲ့အချိန်ထက်
အမြဲနောက်ကျလေ့ရှိတဲ့
သူရဲကောင်းဖြစ်တယ်။
စစ်ပွဲ၊ငြိမ်းချမ်းရေး
ဘောဂဗေဒနဲ့ယဉ်ကျေးမှု
အဲဒီရောင်စုံဖိုင်တွဲတွေကြားနစ်မြုပ်နေရာက
လူဟာ
အလန့်တကြား ထထ ရပ်
အချိန်မကြာခဏကြည့်တတ်လာတယ်။ ။
မြမြင့်မိုရ်

ဆရာမြရဲ့နာမည်ကျော်ကဗျာပေါ့..။



ဒီဇင်ဘာ၂၅ရက်၊ညနေ ၅ နာရီ

အုံ့ဆိုင်းတဲ့တနင်္ဂနွေညနေခင်း
တစ်ခုမှာပေါ့
ကိုယ့်ဘဝထဲသူဖြတ်သန်းသွားပုံကြီး
ကြေကွဲရ..။
သစ္စာတရားကိုဖက်တွယ်လိုတဲ့
ငနဲတစ်ယောက်ရဲ့ကျဆုံးခန်းပေါ့.
လိမ်ညာဖို့စကားလုံးတွေ
အများကြီးရွတ်ဆိုတတ်ပေမယ့်
အကောင်းဆုံးကိုမရွေးချယ်တတ်တဲ့
ကိုယ့်အပြစ်ပါ..။
ဆက်ထိုင်နေရကောင်းမလား
စဉ်းစားရင်းထရပ်မိ
ထွက်သွားရကောင်းမလား
စဉ်းစားရင်းပြန်ထိုင်..။
အော်..မစိမ်းမြ၊မစိမ်းမြ
အချောမသပ်ရသေးတဲ့
ဒုက္ခကြမ်းရှရှကြီးကိုမှ
ကိုယ့်ရင်ခွင်ထဲပစ်ထားရက်လေခြင်းနော်..
ခံစားပြနေတာမဟုတ်ဘူးကွဲ့
ထင်ရာကိုမစိုင်းရဲလို့
ဒိအတိုင်းပဲဆက်ထိုင်နေရတယ်။ ။
ပိုင်စိုးဝေ



ဆပ်ကပ်
အဖေကဆပ်ကပ်သမား
အမေကဂျွမ်းဘားမယ်
ကြိုးတန်းတွေဟာအဖေနဲ့အမေတို့ဘဝမှာ
ကတ္တရာလမ်းမတွေဖြစ်ခဲ့ပေါ့..။
ကျွန်တော်လည်းဘာထူးလို့လဲ..ဒီပုတ်ထဲကဒိပဲ
မျက်လုံးစုံမှိတ် အဝတ်နက်ပိတ်လို့
ပေါက်ဓားတစ်လက်နဲ့ဘဝကိုဖျော်စပ်ခဲ့ရသူပါ
ကျွန်တော်တို့ရဲ့ အရိုး အကြော အသိတရားတွေ
မြွေသေကိုကွေးညွတ်ပြနိုင်တိုင်း
သုညတွေလိုဖြစ်အောင်ဝိုင်းဝိုင်းလေးရေးပြတိုင်း
ပရိသတ်ကြီးကရင်သပ်ရှုမော
တသောသောလက်ခုပ်သံတွေ မိုးနံရံဟူးဟူးထန်ပေါ့
အဖေနဲ့အမေလည်းဘဝတစ်လျှောက်လုံး
ဟောဒိသုညတွေနဲ့ပဲလုပ်စားခဲ့ကြတာ
အခုလည်းသုညဆိုတာနဲ့မကင်းနိုင်သေးသပ
အဲသလို သုညရဲ့ညနေတွေက ကျွန်တော့်ဆီအမွေခံဖို့
အကြောလျှော့ရင်းမလွဲမသွေ
တစ်နေ့နေ့ရောက်လာခဲ့မှာပါ..။
အင်း..သုညဆိုတာလူ့ဘဝရဲ့အစဖြစ်ပြီး
ကျွန်တော်တို့ရဲ့ဘဝအဆုံးလည်းဖြစ်မယ်ဆိုတာ..
ကြိုမသိပေမယ့်ကြိုသိနေခဲ့တယ်။ ။
နရီ


ဒီနရီက နရီ(မြိတ်)ပဲလားမသိဘူး။ကျွန်မတို့လည်းသုညနဲ့စတဲ့ဆပ်ကပ်သမားတွေ
ဆိုတော့ ဒီကဗျာကိုကြိုက်တာမဆန်းပါဘူး။အချင်းချင်းတွေလေ့ကျင့်တဲ့ပေါက်ဓါး
တွေကျောလာစိုက်မှာလည်းကြောက်နေကြရသူတွေပါ။


တံငါ
လောကရဲ့အကြွယ်ဝဆုံးခေါင်းစဉ်ဟာ
အချစ် လို့သိပါရဲ့
အကြောင်းတရားကြောင့်ငိုကြွေးရတဲ့အကျိုးတရားမှာတော့
ကိုယ်ပိုင်ခန်းနားဖူးတယ်။
တိမ်တွေရေ
ခင်ဗျားတို့ကိုမချစ်တတ်ပါဘူး
တစ်ကမ္ဘာလုံးခုန်အုပ်ခံရသလိုလွမ်းရတဲ့သုခနဲ့
မျက်ရည်လှလှလေးပေါ်ထိုင်ဖူးပါစ…
ရနံ့ပင်လယ်ဆိုတာ အနမ်းကိုခေါ်တာမဟုတ်လား
နောက်တစ်နေ့တိုင်နှုတ်ခမ်းများပြုံးဆဲ
နှစ်တစ်ရာခံမယ့်ဆေးလေ
ချိုမြရဲ့..။
ကျွန်တော်တော့
ဘဝဆူဖြိုးစအရွယ်ကဖမ်းခဲ့ဖူးတဲ့
ငါးကလေးကို
မမေ့ဘူး။ ။
ခိုင်မြဲကျော်စွာ




ဒီနှစ်ကဗျာ
တစ်ဆောင်းတွင်းလုံး
ပိတ်ထားတဲ့ပြူတင်းတံခါးကို
ဒီနေ့ဖွင့်လိုက်တယ်
ဒီစိတ်ကလေးပေါ် ငှက်ကလေးနားလိုနားပါစေ
ဒီစိတ်ကလေးပေါ် တိမ်တွေဖြတ်ပျံလိုပျံပါစေ
ဒိကောင်းမှုမှာ
မေမေ..ကျန်းမာပါစေ။ ။
မင်းဒီ



အဝါရောင် ၉၄
ဖုန်းခေါ်တယ်
၀၉-၅၀၀….စိတ်ပိတ်ထားတယ်
နစ်နေတဲ့နှစ်တွေမှာ
ငါ..အတုတွေ..အစစ်တွေနဲ့ဇာတာစစ်တယ်
အကုသိုလ်ကိုဆွတ်တယ်
ငါမှန်တယ်
လက်ထဲမှာကမ္ဘာအကြောင်းငါမရေးတော့ဘူး..။
လွယ်ချင်ရင်ဝယ်ကြလိမ့်မယယ်
နားလည်နိုင်ပါလိမ့်မယ်
အခု..ငါ့မှာ..သတိရခြင်းကိုကွယ်ပြီး..အရောင်တွေကိုသင်တယ်
လူဆိုတာ
ခေါင်းချရမယ့်နေရာမှာပဲသေတယ်
တစ်နေ့မှာ
ပြန်ဆပ်ရင်းတက်လာနေတဲ့စိတ်မချခြင်းက
ခေါင်းတညိတ်ညိတ်ကိုယ်တလှုပ်လှုပ်အလုပ်တွေနဲ့
ထစ် အနေတဲ့မျိုးစေ့တွေကိုရွှေချချင်ချမယ်
လူသားနဲ့လူ့စိတ်အကြောင်းမှာ
လူရာမဝင်ချင်တော့ဘူး။ ။
ဟိန်းမြတ်ဇော်



ကဗျာရေးသူများ
ဘုရားဖြစ်မယ့်သူဟာ
ဘုရားဖြစ်မှာပဲ
ဒီကမ္ဘာမှသည်နောက်ကမ္ဘာတစ်သိန်းအထိ
ကျွန်တော်တို့ဘဝရည်ရွယ်ချက်တွေက
ကြက်ပျံမကျ..
တစ်လမ်းဝင်တစ်ခန်းထွက်
ခွက်အလွတ်တစ်ခုလိုလေဟာနယ်နေ့တွေ
ရုပ်ရှင်ရုံထက်အပြောင်းအလဲများပြား
တစ်ဇာတ်တည်းသမား
ငါတို့ကဗျာရေးရတာ
အလင်းရောင်ကိုပထမဆုံးတွေ့ရှိပြီး
မီး..လို့နောက်ဆုံးသိလိုက်တဲ့ပိုးဖလံလား….
နေရောင်ခြည်ကိုရလိုက်မရလိုက်
ပျော်ရွှင်မှုက
စကားလေးတစ်ခွန်းစွန်းထင်းရုံနဲ့
ပြန်မဝတ်ဖြစ်တဲ့အဝတ်အစား
ကျွန်တော်တို့အဖြစ်က
ဝက်အူရစ်လို
ဒုက္ခတွင်းထဲတစ်ရစ်ချင်းဇာတ်မြုပ်ပစ်တော့မယ့်အသေ
အမှိုက်ထဲကျင်ယူရရှိတဲ့ရွှေ..
သဲထဲသွန်တဲ့ရေ….။ ။
ဝင်းမြင့်

(ဖတ်ပြီးတိုင်း..မောလိုက်တာကိုဝင်းမြင့်ရေလို့အော်ချင်စိတ်ပေါက်တယ်။တကယ်ပါပဲ
သဲထဲသွန်တဲ့ရေ တွေများများလာရင်တော့ ကျွန်မတို့ မီးကိုတိုးခဲ့ရကျိုးနပ်တော့မှာမ
ဟုတ်ပါဘူး…၊)



ကျွန်တော်နှင့်မတည့်သောအာဟာရများ
ရုပ်သက်သက်ပြခန်းထဲ
စိတ်တွေလွှတ်ချခဲ့တယ်။
နေရတာကျဉ်းတယ်
အကြည့်တွေပြန်မလာဘူး
စကားတွေပြန်မလာဘူး
နေ့တိုင်းဒီလိုပဲ
မတည့်တာတွေသာရခဲ့
ငါ့ကိုတစ်ခုပြန်ပေးပါ
ရေကန်ထဲငုံ့ကြည့်တော့
ငါးစာတွေပဲရှိတယ်
ငါးမရှိဘူး။ ။
ထက်သစ်


မတည့်တဲ့ဓါတ်တွေပြန်ရတိုင်း..သတိရနေမိတတ်တဲ့ကဗျာတစ်ပုဒ်ပါ။။။
နောက်ဆုံးတစ်ပုဒ်ကတော့ ကျွန်မနှစ်သက်တဲ့ကဗျာဆရာတွေထဲကတစ်ယောက်
ဖြစ်တဲ့ကိုနိုင်မွန်အောင်သွင်ရဲ့ကဗျာပါပဲ။သူ့ကဗျာတွေက နက်ပေါ်မှာရှိနေတတ်
တော့မရှိလောက်မှာကိုရွေးပြီးတင်လိုက်ပါတယ်။ရှိနေရင်တော့...နှစ်ခါဖတ်ပေါ့နော်။


ဂစ်တာကိုနောက်ပြန်တီး
အသက်ရှူသံကိုစည်းချက်ထပ်မြှင့်လိုက်တယ်
အိမ်ရှိပေမယ့်အိမ်ပြန်ချိန်ကမရှိသေးဘူး။
ရုံပြည့်ရုံလျှံသောကတွေနဲ့
ဂစ်တာကိုအကွက်စိပ်စိပ်နောက်ပြန်တီးခတ်
ဘီယာဘူးကိုဖောက်ပစ်လိုက်ဖို့
ဘဝကသိပ်လွယ်ကူလွန်းတယ်။
အိမ်တံခါးဝဆိုတာဘယ်တော့မှမအေးစက်ဘူးမိတ်ဆွေ..။
ပွင့်ထွက်လာတဲ့အမြှုပ်တွေနဲ့
ဂစ်တာကိုဆူဆူဝေဝေနောက်ပြန်တီးခတ်
စီးကရက်မီးခိုးငွေ့တွေက မျက်နှာကျက်ကိုတွန်းရွှေ့တယ်
မိသားစုလောက် ဘယ်ကောင်းကင်မှကြယ်မစုံဘူး
ကျယ်လျားမှုန်ရီတဲ့စင်မြင့်ပေါ်
ကြိမ်နှုန်းမြင့်ဆန္ဒကြိုးတစ်စုံစာနဲ့
ဂစ်တာကိုပင့်မြှောက်နောက်ပြန်တီး…..။ ။
နိုင်မွန်အောင်သွင်

တာရာမင်းဝေ ၏ ချစ်သူသို့ ကဗျာများ

Wednesday, March 4, 2009

ချစ်သူသို့ ဆိုတဲ့ကဗျာတွေကိုပြန်စုပြီးတင်ပေးလိုက်တာပါ။
ဘယ်သူ့ကိုရည်စူးပြီးရေးခဲ့တယ် ဆိုတာတော့ကဗျာဆရာ
မှပဲသိပါလိမ့်မယ်..း)



ချစ်သူ..သို့ (၁)

သံချေးတစ်ထပ်ရွှံ့တစ်ထပ်မို့လို့
သူတို့ရဲ့စိတ်အတင်အချကို
မင်း..ဘယ်လိုမှဖတ်ရမှာမဟုတ်ဘူး။

အာငွေ့မှုတ်သံတွေကြားမှာပဲ
ရယ်ကာမောကာ တစ်နွေလုံးပိတ်
ကိုယ့်ယဉ်ကျေးမှု နဲ့ကိုယ်အိပ်လိုက်ပေါ့ကွယ်။

ချစ်သူရေ
လောကရဲ့မာယာဆိုတာ
အတီးခံရတဲ့ဗုံတွေရဲ့ဂီတပါပဲ။

စစ်တုရင်တစ်ပွဲလုံးကို
ဆွဲမှောက်ခံလိုက်ရပေမယ့်
.....ဘာဖြစ်လဲ
ဝမ်းမနည်းကြေး တို့တွေရွာသွန်းကြရုံပေါ့။

ယုံကြည်ထားစမ်း
ရေငွေ့ရေခိုးကလည်း
ပင်လယ်ကိုစိုက်ပျိုးနိုင်တယ်...ဆိုတာ..။ ။
တာရာမင်းဝေ
၂၈.၈.၉၆


ချစ်သူ...သို့ (၂)
နတ်ဒေဝတာတွေ
ပျံသန်းလာသံကို ကြားရတယ်
ရင်ခွင်မှာမီးတောက် တန်းလန်းနဲ့
မိုးတွေချုန်းအောင် သူတို့လွမ်းပြပလေ့စေ။

မျက်တောင်လေးရေ
မြေပြင်ပေါ်မှာကိုယ်နဲ့နေရစ်ခဲ့။

သူတို့ရဲ့ ယန္တရားသော့ချိတ် နဲ့
ကိုယ်တို့ရဲ့မြေသောက်ရေအိုးလေးကို
အဖုံး လှမ်းမပိတ်နိုင်ပါဘူး။

မြင်းသည်တော်တွေနဲ့
...ကျော်မတက်နိုင်တဲ့အရပ်မှာ
စပါးပင်ကို ပျိုးကျဲနေကျလက်နဲ့ပဲ
မှုန်းဖွဲ့လို့ကိုယ်ခေါ်ဝံ့ပါရဲ့..
လိုက်ခဲ့တော့ကွယ်။ ။
တာရာမင်းဝေ


ချစ်သူ...သို့ (၃)
မြေကြီးဖြစ်မှတော့
မိုးလွတ်ပါ့မလား...လို့တွေးမနေနဲ့တေ့
ချစ်သူရေ...တို့တတွေပေခံလိုက်ကြစို့ရဲ့။

မသေချာတာတွေကတော့အများကြီးပဲ
ဒါပေမယ့်
သေချာတာလေးတွေလည်းရှိတတ်လို့
တို့...စောင့်...ရ ဦးမယ်။

(မကြာခင်မှာ
လင်းရနံ့တွေဝေလာမှာပါပဲ
ကိုယ်ယုံတယ်)
ဘယ်သူမဆို
မနက်ဖြန်ခါကိုတော့ နေထွက်ခွင့်ပေးရမယ်လေ။ ။
တာရာမင်းဝေ

ချစ်သူ..သို့ (၄)
မုရောအပွင့်တွေ
ပြီးတော့..သက်တံ အငွေ့
လခြမ်းလို..ပြန်ကွေ့လာကြလိမ့်မယ်။

ငါဆောင်းချင်တဲ့ထီးကလေးရေ..
ငါဆောင်းချင်တဲ့ထီးကလေးရေ..
ငါဆောင်းချင်တဲ့ထီးကလေးရေ..
မိုးသွန်ရာသီအတွက်
မကြာမီမှာထွန်ရေးဝင်ရတော့မယ်နော်

ငြိမ်သက်စွာ
သစ်ပင်အိုအောက်ကနတ်ကွန်းမှာ
ဖယောင်းတိုင်မီးရှုးတစ်တိုင်ညှိရင်း
(ဒီဆောင်းတွင်းထဲ..)
တို့တွေ..အလင်းခိုနေကြစို့ရဲ့..။ ။
တာရာမင်းဝေ


ချစ်သူ...သို့ (၅)
သုံးဆယ်ကျော်တာတောင် မလိမ္မာ ဘူး
ဒီအရွယ်ကြီးရောက်မှ စာမေးပွဲ'ကျ'တယ်
ညီမလေးရယ်.. ငါ့ကိုရိုက်ပါ..

နီကိုရဲ ထွန်းဝေမြင့် ...စသဖြင့်ပြန်သွားကြပြီ
ဘယ်ဆီကိုသွားဖို့ ငါကကျန်ခဲ့တာလဲ.....

ကိုယ့်ကို ကိုယ်တစ်ခန်းလုံး မီးဖွင့်ပြီး
ကပိုကရို ဖွင့် လိုက်တယ်...
ညီမလေးရယ်.. စိတ်ထဲမှာ စာမေးပွဲကျတယ်..

တကယ်တော့လည်း
လောကဓံ ဆိုတာ ကိုယ်ခံစားမှ ဖြစ်တဲ့အရာပါ...
လမ်းထိပ်ကခွေးကြီးထက် နည်းနည်းပဲ ပိုပါတယ်။

ဟော...
ကိုရင်တစ်ပါးက တုန်းမောင်ခေါက်သံလက်ဆောင်ပါးတယ်
မကြာခင်(၆)နာရီ နေဝန်းဆိုက်ရောက်တော့မှာပါတဲ့ ။

ညီမလေးရေ.....
မြင်းရထားတွေကို လက်ပြမတားတော့ဘူး
ကိုယ်ဖိနပ်လေးနဲ့ပဲ ကိုသွားကြမယ်။
အဝေးကြီးကို ရွေးလျားချင်မှတော့
လမ်းတို့ရဲ့ အလျားကိုလည်း..ရင်ဆိုင်ရဲရမှာပေါ့။ ။
တာရာမင်းဝေ

ခင်ဇော်မြင့် ၏ ကဗျာများ

လုလင်ငယ်သွေး ဆိုတဲ့ကဗျာအရေးကောင်းတဲ့ကလေးတစ်ယောက်ဆီမှာမနက်က
ခင်ဇော်မြင့် ရဲ့ တန့်ကြည်တောင် ဆိုတဲ့ကဗျာလေးကိုတွေ့ပြီး ခင်ဇော်မြင့် ကဗျာ
လေးတွေကိုသတိရသွားတာနဲ့ ခင်ဇော်မြင့်ကဗျာများဆိုပြီး ပါလာသမျှတင်လိုက်ပါ
တယ်။အားလုံးက ၂၀၀၀ခုနှစ်ဝန်းကျင်က လက်ရေးနဲ့ကူးထားတဲ့ကဗျာစာအုပ်ထဲ
ကပါ။တန့်ကြည်တောင်ကိုဖတ်ချင်ရင်တော့လုလင်ငယ်သွေး ဆီမှာဖတ်နိုင်ပါတယ်။

ဆောင်း

မသိနားမလည်သူလေးလို
နံရံကိုတွန်းဖွင့်ဝင် နံရံကိုပြန်တွေ့လို့
ဝင်္ကပါ...။
ဆိုပါစို့..........
ထူးဆန်းထွေလာတစ်ခုပေါ်မှာအမှီပြုရ
ချစ်မေတ္တာဟာ အခု
ထီးတစ်လက်နဲ့ ဆိုက်ရောက်လာမယ်လား။
ဒီထက်ကွေ့ကောက်ဖို့လည်းမဖြစ်နိုင်တော့
လသာသည်ဖြစ်စေ
လမသာသည်ဖြစ်စေ
ဘဝကိုလည်းဒီအတိုင်းခံယူကာ
ကိုယ့်အနေအထားနဲ့ကိုယ်နေခဲ့။
ဂေါ်သဇင်ပန်းလေးတွေပွင့်တော့မယ်လား
ကျွန်တော်မှားရင်လည်း ခွင့်လွှတ်ဖို့
တစ်ဦးတစ်ယောက်ကပြောပါလိမ့်မယ်ချစ်သူ....။ ။
ခင်ဇော်မြင့်


ကြယ်ပျံ

ဘယ်ကိုပျောက်နေတာလဲဆို
မိုးပေါ်တက်ကပ်နေတာပဲလို့ပြောရဦးမယ်
ကမ္ဘာက
ငါ့ကိုမီးခလုတ်တစ်ခုကိုကြော်ငြာတယ်။
ဒီလောကရဲ့စိတ်ဒုက္ခများ
ဒီလောကရဲ့အနှစ်သာရများ
ရေသောက်မြစ်များ။
မေ့နေတယ်
ငါလည်း
ငယ်ငယ်ကနံရံကိုခြေထောက်နဲ့ကန်
တစ်ပတ်ကျွမ်းပစ်ခဲ့တဲ့ဓါးခုတ်ကောင်ပဲ..။
အခုတော့
တိမ်တောက်သလိုငါအမြင်မှန်ရခဲ့
အဲဒါ
စက္ကူပင်ပေါ်ခဏတဖြုတ်တင်နေတဲ့
အရိပ်အယောင်တစ်ခုဆီကပါ။ ။
ခင်ဇော်မြင့်


အင်္ဂါနေ့ရိုက်ကွင်း


အဝီစိရေချိုး
ထမင်းစား
သွားကြားထိုး
စံပယ်ပန်းတွေပွင့်မပွင့်ကြည့်
ပြီးရင်ပန်းခြံထဲလမ်းလျှောက်ရဦးမယ်မဟုတ်လား။
မပျော်မွေ့ခြင်းများကိုချုံ့လို့
ဂျုံ..လိုပြုံးထားချင်တယ်
လေသေနတ်တွေတာစားနေတဲ့ခေတ်
ကျွန်တော့်အပြုံးကညစ်ကျယ်ကျယ်နိုင်လိမ့်မယ်
နေမင်းကိုတကူးတကမှန်ထိုးကြည့်ကြတယ်
သူ့ခြေကျင်းဝတ်မှာရွှေဆွဲကြိုးလေးမရှိရှာတော့ဘူး
ဒီလိုပါပဲ
မီးရောင်တွေကြားမှာ
ဇာတ်လိုက်ဟာအထီးကျန်ဆန်ခဲ့ရ..။ ။
ခင်ဇော်မြင့်

ပွဲတော်

ရေခြောက်ခြောက်
တစ်ယောက်တည်း
အခုလိုပျင်းရိနေရတာကိုကတစ်မျိုးအရသာရှိ။
ပျော်ရွှင်မှုဆိုတာတိုက်ဆိုင်မှရတယ်
ဒီလိုမှန်းသိ သူ့အိမ်ရှေ့သွားထိုင်မိမယ်
တနလာင်္နေ့ကစခဲ့သောဇာတ်
တနလာင်္နေ့မှာဆုံးခန်းတိုင်ခဲ့။
တစ်နှစ်တစ်ခါရောက်လာစမြဲဟာ
ပဝါကိုဦးခေါင်းမှာစည်းထားတယ်။
ညီမလေးက
နှုတ်ခမ်းကိုခရမ်းရောင်ဆိုးထားတယ်
မြင်ပေမယ့်
လေထဲမှာကိုယ့်အသံမရှိဘူး။ ။
ခင်ဇော်မြင့်


လေသလပ်နေ့များ


စနေနေ့ကိုနှီးချောဖျာအောက်ပြန်ထိုးသွင်းရကောင်းမလား
ခေါင်ရမ်းပင်လိုအဓိပ္ပာယ်မရှိဘူးလို့ကိုယ့်ကိုယ်ကိုထင်တယ်
လွင့်ကျလာတဲ့ရုပ်ရှင်ကြော်ငြာလိုအထီးကျန်ဆန်တယ်
ကိုယ့်စိတ်ကူးတွေတွင်းမဖော်နိုင်သေးတော့
ကြေကွဲစိတ်မှာမျက်ရည်ခမျာမြေကိုတွင်းဖော်လို့။
လေသလပ်မှုများဆိုရင်
တိမ်တွေတစ်မြို့လုံးထွန်းလိမ့်မယ်
တစ်ကိုယ်လုံးကိုက်ခဲနေရော့
စံပယ်ပန်းတွေလိုပဲ
သူ့နှလုံးသားကဖုန်းခေါ်ရခက်တယ်
ခေါင်းစဉ်တိုင်းအပေးမှားနေတဲ့ ကဗျာဆရာ
ဒီနေ့ သူရောက်မလာတော့ပါဘူး...။ ။
ခင်ဇော်မြင့်