ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

နှလုံးသားရဲ့မျက်လုံးတစ်စုံ

Tuesday, January 20, 2009

နှလုံးသားရဲ့မျက်လုံးတစ်စုံ ဆိုတာ နေဆူးသစ် ရဲ့ကဗျာစာအုပ်လေးပါ။ကျွန်မတို့အရင်က
ရာစုသစ်မြစ်ကျဉ်း ဆိုပြီးအတူစာအုပ်တွေလုပ်ခဲ့ကြသလို၊တစ်ကိုယ်တော်တွေလည်းလုပ်ခဲ့
ကြပါတယ်။ အဲဒီမှာ သူ့စာအုပ်ကတစ်အုပ်အပါအ၀င်ပေါ့..။ဒီစာအုပ်လေးကိုအမှတ်တရ
ပြန်တင်ပေးလိုက်ပါတယ်။
နောက်ဒီနေရာကနေတစ်ခုပြောချင်တာက..မီးဘုရင်မရဲ့ကျိန်စာ...ဆိုတဲ့ကဗျာစာအုပ်အ
ကြောင်းပါ။အဲဒီစာအုပ်လေးကျွန်မဆီမှာအစကရှိပါတယ်။ခု..ကိုယ်ပိုင်ပစ္စည်းလုပ်သွားသူ
တစ်ယောက်နဲ့တွေ့သွားပုံရတယ်။မရှိတော့ဘူး။ဒါကြောင့်အဲဒီကဗျာစာအုပ်လေးလက်ဝယ်
ရှိသူများရှိရင်ပြန်မျှဝေပေးပါလို့တောင်းပန်ချင်တာပါ။ မီးဘုရင်မ ..ဆိုတာကိုဆွေရဲ့ကဗျာ
ထဲကစာသားလေးကိုယူထားတာလို့သူတို့ပြောထားတဲ့စာကြောင်းလေးကိုလည်းသတိရနေ
တယ်။
ဒီစာအုပ်လေးကိုနေဆူးသစ်က ကိုညီဆင်းသစ်နဲ့အတူလုပ်ခဲ့ပုံပဲ။ Designs and
illustration by Nyi Sin Thit လို့တွေ့ရသလို တစ်ချိန်ကသူတို့နှစ်ယောက်
ကိုတွဲလျက်ကြီးသိပ္ပံဖက်လာတာ၊တောင်ငူဖက်မှာတွေ့တွေ့နေတာတွေကိုသွားသတိရတယ်။
အင်္ဂလိပ်လိုလည်းကိုညီဆင်းသစ်ပဲပြန်ရေးထားပါတယ်။

နှလုံးသားရဲ့မျက်ဝန်းတစ်စုံ

အနာဂတ်အသစ်ဆီ
ကြိုလင့်ပျံသန်းနိုင်ဖို့ အတောင်ပံသစ်တွေတပ်ဆင်ကြ
ကောင်းကင်ဟာ
လွတ်လပ်ပေါ့ပါးခြင်းတွေမွတ်သိပ်နေခဲ့ပေါ့။
ငါတို့ရင်ထဲ
ခံစားမှုတွေပြွတ်သိပ်လို့လေးလံမွန်းကြပ်ခြင်းတွေဖိနှိပ်ခဲ့။
ကဗျာတွေ...
ကဗျာတွေ...
လွတ်လပ်စွာပျံသန်းကြ
အဆုံးမရှိပေါ့ပါးကြ ရာဇ၀င်တွေဟာလှပလို့..။ ။
နေဆူးသစ်
5th September 1994

We must be fixed the new wings on
To fly on future's forwards
The sky is hungry for freedom.
Our hearts were,
Piled up in knots with sufferings
Pressed down by deeper suffocating.
Poems are freely flying,
Lighting in endless attitude
And the histories are good looking.
English version by Nyi Sin Thit


ဒဏ္ဍာရီ ၇၅

ဂန္ထ၀င်အိပ်မက်တို့
ကိန်းထပ်ဆင့်ရာဇ၀င်ချီရင်း
အသည်းနှလုံးဒြပ်ပေါင်းစုများ
စုပြုံအနယ်ကျလာခဲ့။
ဲအဲဒီချော်ရည်မြစ်ပေါ့
မျှော်လင့်ချက်တွေလင်းလဲ့တောက်ပ
မီးတောင်ဟောင်းတွေလှုပ်နိုးထ
မြေလွှာသစ်အလှကိုဖန်ဆင်းလို့။
နေဆူးသစ်

Fable 75
The classical dreams are still making
History in number again and again
And the heart compounds become settle in mass.

It is a molten lava river
Which makes the hopes in blaze
Wakes up the extinct volcanos,
Creates the new earth.
Translated by Nyi Sin Thit

သင်ခန်းစာ

တစ်ချို့ကသီလစောင့်တယ်
အပင်စိုက်တယ်။
ကျွန်တော်က ကလေးတွေကို
စာသင်ပေးတယ်။
စာလုံးပေါင်းအသစ်တွေတက်ပေးတယ်။
သူတို့က
ကာတွန်း၊ပုံပြင်၊၀တ္ထု၊သတင်းစာတွေ
ဖတ်ချင်တယ်
စကားလုံးတွေနဲ့လှည့်စားချင်တယ်။
ဒါပေမယ့်
သူတို့ဟာပညာမစုံသေးဘူး
ရိုးသားတဲ့ကလေးတွေပဲဖြစ်တယ်။
ကျွန်တော်က ကလေးတွေကို
စာသင်ပေးတယ်
စာလုံးပေါင်းအသစ်တက်ပေးတယ်။
သူတို့က
လူရဲ့အဓိပ္ပါယ်ကိုသိချင်တယ်
ဘ၀ရဲ့ခက်ဆစ်ကိုနားလည်ချင်တယ်
ဒါပေမယ့်
သူတို့ဟာပညာမစုံသေးဘူး
ရိုးသားတဲ့ကလေးတွေပဲဖြစ်တယ်။
နောက်ဆုံး...
ကျွန်တော်က..
သူတို့မေးခွန်းတွေလုံးဝမဖြေနိုင်တဲ့အခါ
သင်ခန်းစာတွေရပ်လိုက်ရတယ်။
ကလေးတွေဟာ
စကားလုံးတွေအကြောင်း
လူရဲ့အဓိပ္ပါယ်အကြောင်း
ဘ၀ရဲ့ခက်ဆစ်တွေအကြောင်း
ဘာတစ်ခုမှသိမသွားခဲ့
တကယ်တော့
သူတို့ဟာပညာမစုံသေးဘူး
ရိုးသားတဲ့ကလေးငယ်တွေပဲဖြစ်တယ်။
နေဆူးသစ်


အနမ်း
အဲဒီမှာ
တို့နှစ်ဦးရဲ့ညီတူညီမျှ
လွတ်လပ်ပွင့်လင်းမှုတွေရှိတယ်။
ဆုံဆည်းခွင့်ကိုတမ်းတခဲ့တာပါ
ပျောက်ဆုံးခြင်းကိုရှာဖွေခဲ့တာပါ။
ချစ်သူတို့ရဲ့
ရာဇ၀င်ပြတိုက်အိုထဲ
မှိုတက်နေတဲ့ဖယောင်ရုပ်ထုလို
အမှတ်တရများစွာပေါ့ကွယ်။
အဲဒီမှာ
တို့နှစ်ဦးရဲ့ညီတူညီမ
ထိန်းချုပ်ထာရခြင်းတွေရှိတယ်
ဘ၀ဒေသနာ
အချိန်ကာလများစွာဟာ
နူးညံ့မှုဝေဒနာအဖြစ်
တို့ရဲ့အသည်းနှလုံးထဲ
တစိမ့်စိမ့်စီးဝင်လာခဲ့ပြီ။ ။
နေဆူးသစ်
(အဲဒီကဗျာကိုမနှစ်က ဖေဖော်ဝါရီလမှာ ကျွန်မတို့မဂ္ဂဇင်းထဲဖော်ပြခဲ့သေးတယ်။အချစ်ကဗျာများဆိုပြီး..း) )

အရိပ်များရဲ့အောက်မှာ
ခရုခွံများရဲ့နောက်ကျခြင်းညနေ
အညောင်းအညာဖြေရင်း
ပင်လယ်ကမ်းစပ်တွေရှိရာ
လေညင်းခံထွက်ရင်း
ငြီးငွေ့ဖွယ်သဲသောင်ပြင်ဆီ
နရီဒီရေလှိုင်းလွှာတိုးနိမ့်
အာရုံများရဲ့ခြေရာ
အသည်းနှလုံးမပါသော
ဟောင်းလောင်းရင်ခွင်
အခင်းအကျင်းပြပွဲ
သေဆုံးခြင်း၊မွေးဖွားခြင်း
အရင်းမြစ်ဖြစ်တည်မှု
နေ့ညအသစ်များ
ခံစားမှုအဖော်မွန်ရှာဖွေဆဲ
တစ်ယောက်တည်းအထီးကျန်
လမ်းရိုးအတိုင်းလှည့်ပြန်ခဲ့ရ။ ။
နေဆူးသစ်

နာရီများ
ငါတို့မှာနာရီတွေအများကြီးရှိတယ်
ပုရွက်ဆိတ်တစ်ကောင်ရဲ့အနံ့ခံမှုမျိုးနဲ့
အသက်ရှူသံကိုခြိမ်းခြောက်နေတဲ့
နာရီတွေ
ကလေးငယ်လိုဥာဏ်ရည်ဖွံ့ဖြိုးမှုမျိုးနဲ့
သဘာဝကိုဆော့ကစားနေတဲ့
နာရီတွေ
စစ်ပွဲတွေရဲ့ယောင်ကိုင်းပုပ်ပွမှုကို
ငြိမ်းချမ်းရေးဖော်မလင်စိမ်ထားချင်တဲ့
နာရီတွေ
မိန်းမတစ်ယောက်ရဲ့ထမီအနားစထဲ
ပဲ့ပါသွားတဲ့
နာရီတွေ
ရေတံခွန်အောက်မှာတွားသွားနေတဲ့
နာရီတွေ
ကြယ်တွေလို၊ပန်းပွင့်တွေလို
ကြွေကြွေကျတဲ့
နာရီတွေ
ထီလက်မှတ်တွေရဲ့အနာဂါတ်ကို
ကံစမ်းမဲတစ်ပုံတစ်ပင်နဲ့
နာရီတွေ။
အဲဒီနာရီတွေဟာ
ပတ်ဝန်းကျင်တစ်ခုလုံးကို
မျှော်လင့်ချက်ပေါင်းအိုးထဲမှာနူးညံ့စေပြီး
သူတို့ရဲ့လိုရမ္မက်ကြီးတဲ့အံသွားတွေနဲ့
ကိုက်ဝါးနေကြတော့တယ်။
ငါတို့မှာနာရီတွေအများကြီးရှိတယ်
ငါတို့ရဲ့မရေရာခြင်းစိတ်ကူးတွေထက်မှာ
ငါတို့ရဲ့ခံစားချက်တွေကိုမှိုတက်ခံရင်း
ရာသီအသစ်တွေကိုသောက်သုံးရင်း
ရင်ဘတ်အဟောင်းလောင်းနဲ့
နာရီတွေ
နက္ခတ်ဗေဒပညာရှင်တစ်ယောက်လို
ဟောကိန်းထုတ်လို့။ ။
နေဆူးသစ်
(နောက်တော့မှဆက်ပါမယ်။)



ပန်းပွင့်ဈာပန
ချစ်သူရေ
ပန်းပွင့်ကလေးတွေ
ရေစီးကြောင်းထဲမျှောချလိုက်ပါ
ဘယ်ဆီရောက်သွားမလဲ
စွန့်ပစ်ရက်စက်ခံရဆဲ
အမြုံပန်းတွေအတွက်
ချစ်သူဖြစ်ရရုံသက်သက်
ပုန်းလျိုးကွယ်လျိုးတိတ်တခိုး
လွမ်းနေခဲ့တယ်။
မင်းသိမှာပါ
ကြွေသွားတဲ့ပန်းတွေဟာ
ဘယ်လောက်များလှပခဲ့ကြသလဲ
ခိုင်မာတဲ့ချစ်ခြင်းအတွက်
ဘယ်လောက်များစွန့်စားဝံ့ကြသလဲ
အဲဒီနာရီတွေမှာ
စကားလုံးတွေတစ်လုံးပြီးတစ်လုံး
ပဲ့တင်ထပ်တဲ့နောက်ဆုံးပေါ့..
ညနက်နက်ညဥ့်အိပ်မက်မှာ
လေစိမ်းတွေကလည်းတိုက်လိုက်တာ
ပန်းဖျက်မုဆိုးတွေဟာ
ဘ၀ရဲ့သုံးပုံနှစ်ပုံကို
ရင့်ညိုမှောင်မိုက်စေခဲ့တာပဲမဟုတလား။
ဒါဟာလဲ
ပန်းတို့ချစ်သူအတွက်
ဂန္ထ၀င်အသစနဲ့ကဗ္ဗည်းတင်တဲ့
သံယောဇဉ်ပါပဲကွယ်
ဆုံဆည်းပိုင်ဆိုင်ခွင့်အတွက်မို့
ဘုရားသခင်မျှဝေတဲ့အကြင်နာမှုတွေနဲ့
တို့ရဲ့ငြိမ်းချမ်းသာယာမှုဟာ
ရင်တွင်းမြစ်များကိုခံစားစီးမျောမယ့်
အသည်းနှလုံးတစ်စုံကို
မျှော်လင့်ရှင်သန်နေခဲ့ပြီလေ။ ။
နေဆူးသစ်


အ၀ါရောင်လိပ်ပြာရဲ့အသက်ရှူသံ
ရွှေရည်စိမ်ပတ်ဝန်းကျင်ရဲ့အဆိပ်တွေကြောင့်
နေ့နဲ့ည
မမြင်ရတဲ့အဖြစ်ကိုငါရောက်နေပြီ။
မွဲတေသွားတဲ့မျက်လုံးတွေဟာ
အိပ်မက်တွေကိုသာအဖော်ပြုရင်း
အနာဂါတ်ကိုအထီးကျန်ဆန်စွာ
ကုန်ဆုံးနေခဲ့ရပေါ့။
သိပ်ခက်ပါလားချစ်သူရယ်…
မင်းနရဲ့နှုတ်ခမ်းတစ်စုံဟာ
နှင်းဆီပန်းလေးလိုရဲရင့်ဝံ့ကြွားနေတာ
ငါဘယ်လိုနှိုင်းယှဉ်ပြရပါ့
ငါကိုယ်တိုင်တောင်မှ
အမည်းရောင်ရင့်ပန်းချီကားတွေရေးနေတဲဘဝ
လေမိနေပေမယ့်
ရစ်ကြိုးကုန်သွားတဲ့စွန်ကလေးဟာ
ငှက်တစ်ကောင်ကိုအားကျနေသလိုမျိုး
အလှပဆုံးအတွေးတွေနဲ့လေ
လမ်းမတွေ၊ရုပ်ရှင်ရုံတွေ၊ပန်းခြံတွေ
ခေတ်ပေါ်ရောင်စုံအ၀တ်အထည်တွေ
ဖတ်လက်စစာအုပ်အဟောင်းအမြင်းတွေဟာ
ငါ့ကိုငိုကြွေးမှောင်မိုက်စေခဲ့တယ်။
ကျန်းမာပါစ လို့နှုတ်ဆက်နဲ့နာရီသံတွေ
ဟဲဗီးရော့ခ်မယ်လိုဒီရဲ့ပေါက်ကွဲမှုတွေ
တစ္ဆေခြောက်တဲ့ခွေးဟောင်သံတွေ
ကလေးငယ်ရဲ့ငိုသံတွေကတော့
ငါ့ကိုနေရောင်ခြည်တွေပေးဝေခဲ့တယ်။
လမင်းနဲ့ထွန်းကားတဲ့ကော်ဖီခွက်ထဲ
အလင်းရောင်ကိုမြုပ်နှံတဲ့သဘာဝတို့ရေ
ငါ့ကိုယ်ငါပြန်မရတော့မယ့်အတူတူ
အရိပ်ဆိုတာလည်းမလိုအပ်တော့ပါဘူး။
ည ဟာင့ါအတွက်တော့
မာယာသိပ်များတဲမိန်းမတစ်ယောက်လို
အလိုမတူပဲပေါင်းဖက်ခဲ့ရပေါ့
ငါ့ရဲ့အသွေးသားရိုးတွင်းချဉ်ဆီနဲ့
အသည်းနှလုံးတွေကဖန်တီးထားတဲ့
ပြာမှုန်အပိုင်းအစတွေ
ဘယ်လိုကြေမွပြန့်ကျဲသွားတယ်ဆိုတာ
မြင်ချင်စမ်းပ
ဒေါသဖြစ်ရုံသက်သက်
အော်ဟစ်ပြောင်လှောင်ခဲ့ချင်လို့လေ
နောက်ဆုံးတော့လည်း
ငါဟာ
တနင်္ဂနွေရဲ့ဓမ္မတေးတစ်ပုဒ်လို
ပြီးဆုံးခဲ့တဲ့အကြိမ်ပေါင်းများစွာ။ ။
နေဆူးသစ်


အစာ
၁။
ညအချိန်ရောက်ပြီဆို
သတိထားကောင်လေးရေ
ပုရွက်ဆိတ်တွေဟာ
ဦးနှောက်ထဲဖောက်သောက်ဖို့ပဲသိတယ်။
ကိုယ်တိုင်ရူးနှမ်းသွေးပျက်
ကျမ်းအသစ်တွေရွက်ထားရတာ
မသိရှာခဲ့ဘူး
စည်သွတ်ဘူးတွေလည်းမဖွင့်ရဲ
ပေါင်မုန့်တွေလည်းချန်မထားရဲတော့။
၂။
ဘယ်လိုလဲကောင်လေးရေ
မင်းရဲ့ချစ်သူလက်ဆောင်
ရောင်စုံပ၀ါစတွေဟာ
အချိုဓါတ်သိပ်ကဲလွန်းနေပြီလား
ငါ့ကြောင်အိမ်ထဲက
ပုတ်သိုးသိုးအစာတွေတောင်မှ
ပုရွက်ဆိတ်တွေနဲ့အထာကျနေခဲ့ရပေါ့။
၃။
သိပ်ဆာနေပြီလားကောင်လေးရေ
ပုရွက်ဆိတ်တွေပါတာမပါတာမကြည့်နဲ့
ရတဲ့အစာအကုန်စားပစ်လိုက်
ငါ့အတွက်
ဘာမှချန်မထားလဲဖြစ်တယ်။
၎။
အော်…
ဒါပေမယ့်ကောင်လေးရေ
ငါအိပ်နေတုန်း
အိပ်မက်လှလှလေးတွေတော့
ခိုးမစားလိုက်နဲ့နော်
မနက်မိုးလင်းစအာရုဏ်ဦးမှာ
ရှင်းသန့်ကြည်လင်စွာ
ငါ ..နိုးထဖို့လက်နေလိမ့်မယ်။ ။
နေဆူးသစ်


ဇောက်နက်ငလျင်
လောင်းကစားပွဲမှာ
ကြွေးထူထူနဲ့အနိုင်ရသလိုမျိုး
တစ်ဝက်တစ်ပျက်အပျော်တွေစုပြုံနေခဲ့
ချစ်သူတို့ရဲ့
သွေးသားနုနုအသက်ရှူသံအတွက်
မျှော်လင့်ချက်သိုးသိုးတွေကသာ
အသည်းကွဲခြင်းမီးတောက်ထဲ
ပြာမှုန်အဖြူရောင်စစ်စစ်အဖြစ်
တန်ဖိုးမြင့်တက်နေတော့တယ်။
ငါတောင့်တမိတဲ့သန့်ရှင်းရိုးသားမှု
ဒီလိုဆက်စုတ်ရွံမုန်းခဲ့ရပေါ့….။
အစာအိမ်တွေသံပတ်ပေးရင်း
တံတွေးခွက်ထဲပေါလောမျောပါနေ့ညများ
ကံကြမ္မာသွေးပုတ်တွေက
အရစ်လိုက်အရစ်လိုက်ဖုံးလွှမ်းလို့သွားပြီ။
အနာဂတ်တို့ရေ
အမှန်တရားရဲ့ဒြပ်မဲ့အလှတို့အတွက်
အိပ်မက်တွေနဲ့ပေါင်းသင်းရင်း
ဟောဒီချဉ်ခြင်းတွေထက်
ခံတွင်းပျက်နေတဲ့ကောင်
အာဟာရအတုနဲ့အသက်ဆက်ရပုံကို
ဘယ်လိုရှင်းပြရပ။
နေဆူးသစ်

သိက္ခာသည်ည
ဇီးကွက်မတ်တပ်အိပ်ငိုက်
လင်းဆွဲဆပ်ကပ်ညောင်းခိုက်
မီးခွက်ဇက်ပြတ်မှောင်မိုက်။ ။
နေဆူးသစ်


ပြဿဒါးနေ့စွဲ
ဆန္ဒယိုစီးမှု
ကမ်းပါးတစ်ခုဆီရောက်ခဲ့ကြ
နိဒါန်းတချို့ရဲ့သိမ်ငယ်တဲ့နိဂုံး
ချော်ရည်မြစ်ထဲစုန်းစုန်းမြုတ်နေ
အသားပိုထပ်ဥတုများစွာ
ချဉ်ဆီတက်ခဲ့ကြ
ဝန်ချီစက်အဟောင်း
လျော့ယိရွဲသဏ္ဍန်ပြောင်းလောက
အစိမ်းသေပုတ်ပွမှုသာဝါကြွားနိုင်
သုညခြေရာရေတွက်ရင်း
လိပြာတွေအအေးမိဖျားနာကြ
အနာဂတ်ဥာဏ်ရည်ဖွံ့ဖြိုးမှုအတွက်
ကျောက်ခေတ်လူသားတွေသာ
မွေးဖွားလာခဲ့
ချစ်ခဲ့ဖူးသူများအတွက်
မာခြင်းအဆင့်(၁၀)ရတုပွဲတွေကျင်းပကြ
အရိုးတွန်သံရဲ့ပေါက်ကွဲမှုဂီတ
အသည်းနှလုံးအတုနဲ့နားဆင်ဆဲ
အချိန်နဲ့ဘ၀ရဲ့ကျေးကျွန်ဖြစ်ခဲ့ကြ
စကားလုံးတွေနဲ့အတိုက်ခံငြင်းဆိုကြ
သစ္စာတရားအချဉ်ဖောက်မှုကြောင့်
စည်းရိုးမဲ့သတ်ပုံအမှားများစွာ
ငါ့ကဗျာတွေရို့ကျိုးနေရမလား
ဟောဒီ..အမင်္ဂလာပုံရိပ်တွေထဲ
မိုက်မဲမှုသင်ရိုးသစ်ကို
ဘယ်သူတီထွင်ထားပါသလဲ
သဘာဝကိုက
သူ့ရဲ့အကြီးအမြတ်ဆုံး
ဒုက္ခအမွေတွေသာဖန်ဆင်းပေးခဲ့
အာရုဏ်ဦးအလှဆင်ဖို့ရာ
ညမီးပုံပွဲရဲ့
လောင်ပြီးသားမီးကျီခဲတွေ
ပန်းမပွင့်တဲ့မြေသလင်းမှာ
မြေသြဇာအဖြစ်သေဆုံးသွားကြပေါ့။ ။
နေဆူးသစ်

ခန္တီယတေး

အချစ်အတွက်
အဓိပ္ပာယ်နှစ်ခုမဖွင့်နဲ့ကွယ်
မင်းကို
အာရုဏ်ဦးဆန်ဆန်မျှော်လင့်
ညတွေသာဖြစ်ခဲ့ရ
ခံစားမှုမှော်အတတ်နဲ့
ကျယ်ပြန့်တဲ့ကောင်းကင်ပြာ
တစ်ကြိမ်တစ်ခါပိုင်ဆိုင်ခွင့်
နှစ်ချို့သက်ပြင်း
အလင်းတံခါးတွေပိတ်ဆို့ထားရဲ့…….
ဆင်ခြင်တုံတရားကင်းမဲ့
ငါက
အိပ်မက်တွေနဲ့အဆိပ်သင့်
မင်းက
မိန်းမစစ်စစ်အဖြစ်
တစ်ဘ၀စာကြိုမြင်ခဲ့ပေါ့။
ဆုံဆည်းခွင့်အလှ
အသည်းနှလုံးဂီတ
အတ္တအသွင်သစ်
တေးဖြစ်ဘယ်လိုဆိုရပ ၊
သင်္ကေတတွေပျောက်ဆုံး
ငါ့အနာဂတ်အားလုံး
ပစ်မှတ်ဖြစ်သွားတဲ့အခါ
မင်းက
အရာရာကိုဥပက္ခာထား
မြားတစ်စင်းပစ်ခွင်းလိုက်စမ်းပါ
အဲဒီကစားပွဲဟာ
ရှုံးနိမ့်ပါရစေ
အဓိပ္ပာယ်ရှိစွာ….။ ။
နေဆူးသစ်


နှင်းဆီပန်းနီပွင့်
မိန်းမပျိုလေးရဲ့ဧည့်ခန်း
ပန်းအိုးအလည်တည့်တည့်
နှင်းဆီပန်းနီပွင့် ပွင့်
အဲဒီနှင်းဆီပန်းအိုးရဲ့နောက်မှာ
ဇာတ်လမ်းတစ်ခုရှိနေတာ…..။

လူတွေက
ဆူးရှိနှင်းဆီကိုစွန့်ပစ်
ဆူးမဲ့နှင်းဆီကိုချစ်ကြတယ်
ဒါပေမယ့်နှင်းဆီပန်းပွင့်
ပန်းလိုပွင့်
ပန်းလိုကြွေ
သူမသိပ်ချစ်တဲ့နှင်းဆီပန်းနီပွင့်
အရူးအမူးတပ်မက်
နူးနူးညံ့ညက်ဆုပ်ကိုင်ခဲ့ဖူး
ဆူးစူးတတ်ရဲ့..
ဒီအရောင်သွေး၊နွေးထွေးပွေ့ဖက်
သူမခံစားချက်လေ..။

နောက်ပြီး
သူမနှုတ်ခမ်းကစကားလုံးတွေ
ပွင့်အံကျလာ
သူမမျက်လုံးမှာ နှင်းဆီပွင့်နီတွေ
နောက်ပြီး..
ပတ်ဝန်းကျင်တွေအားလုံးကြည့်ကြည့်
နှင်းဆီပန်းနီပွင့် ပွင့်မပွင့်
အသည်းနှလုံးတွေအားလုံးကြည့်ကြည့်
နှင်းဆီပန်းနီပွင့် ပွင့်မပွင့်။
မိန်းမပျိုလေးကပြောတယ်
နှင်းဆီပန်းနီပွင့် ပွင့်ခဲ့တဲ့ပန်းအိုး
သိပ်လှ
အဲဒီပန်းအိုးရဲ့နောက်မှာ
ဇာတ်လမ်းတစ်ခုရှိနေတာ
ဧည့်ခန်းဟာ…။ ။
နေဆူးသစ်


ရတုအသစ်ရဲ့ဆောင်း
မုတ်သုန်ရဲ့စွန့်ခွာမှုထဲ
နှင်းပွင့်လေးတွေတဖွဲဖွဲကြွေကျ
စံပယ်တွေဟာအလှပဆုံးသတို့သမီးဖြစ်ခဲ့တယ်။
သဘာဝရဲ့အဆုံးအစဖြစ်တည်မှုတွေထက်က
နုပျိုမှုရဲ့သေဆုံးခြင်းသာ၊
ဒီလိုနဲ့အမှတ်စဉ်တွေရေတွက်ခဲ့ရ
အတ္ထုပ္ပတ္တိအသစ်ဖြစ်ခဲ့ရ
အိပ်မက်ဝိုင်ချိုရဲ့
ပဉ္စလက်မိုးကောင်းကင်ထဲ
ဝိညာဉ်ပြာတို့အရိပ်တွေစွဲထင်နေရင်း
မျက်ရည်စတွေစီချယ်လို့
ရီဝေပိန်းပိတ်ဆဲလောကဟာ
အေးစက်စက်ပဲ့တင်သံတွေနဲ့။ ။
နေဆူးသစ်

(ဤတွင်ပြီး၏…)

မေးခွန်း

Saturday, January 17, 2009

မေးခွန်း

ဘာဝယ်ရမှာလဲ
မေးခွန်းတစ်ခုက ဦးထုတ်ဆိုင်ထဲဝင်သွားတယ်။
ဦးထုတ်ဆောင်းထားတဲ့မေးခွန်းဟာ ကျောပိုးအိတ်ဆိုင်ထဲဝင်သွားတယ်
ှုဦးထုတ်ဆောင်းပြီးကျောပိုးအိတ်လွယ်ထားတဲ့မေးခွန်းဟာ
စီးကရက်ဆိုင်ထဲဝင်သွားတယ်
ဦထုတ်ဆောင်းကျောပိုးအိတ်လွယ်စီးကရက်ခဲထားတဲ့မေးခွန်းဟာ
နေကာမျက်မှန်ဆိုင်ထဲဝင်သွားတယ်။
ဦးထုတ်ဆောင်းကျောပိုးအိတ်လွယ်စီးကရက်ခဲနေကာမျက်မှတ်တပ်ထားတဲ့မေးခွန်းဟာ
အရက်ဆိုင်ထဲဝင်သွားတယ်
အရက်မူးနေတဲမေးခွန်းဟာရေချိန်ကိုက်နေတဲ့ကာရာအိုကေထဲဝင်သွားပြန်တယ်
အရက်မူးမူးနဲ့သီချင်းဆိုနေတဲ့မေးခွန်းဟာ
မာတီစစ်စတန်အိပ်မက်ကွန်ယက်ထဲဝင်သွားတယ်
အိပ်မက်ထဲကမေးခွန်းဟာမန်းနီးချိန်ချာထဲဝင်သွားတယ်
နိုင်ငံတကာငွေစကြေးစတွေနဲ့မေးခွန်းဟာ
အားဖြည့်အချိုရည်ဆိုင်ထဲဝင်သွားတယ်
အားပြည့်လာတဲ့မေခွန်းဟာ ဆေးသုတ်ဘူးတွေစီထားတဲ့ဆိုင်ထဲဝင်သွားတယ်
လမ်းမတွေပေါ်လျှောက်သွားနေတဲ့အသစ်စက်စကလိုမေးခွန်းဟာ
မေးခွန်းတွေရောငးတဲ့ဆိုင်ထဲဝင်သွားတယ်။ ။
နိုင်မွန်အောင်သွင်


အဲဒါက ကိုနိုင်မွန်အောင်သွင်ရေးတဲ့ကဗျာပါ....နိုင်မွန်(နှင်းဆီတစ်ရာ)နာမည်နဲ့ရေးခဲ့တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့၁၁နှစ်ကျော်က သရဖူမဂ္ဂဇင်းမှာပါသွားတာဖြစ်ပါတယ်။
ဒီလိုရေးနည်းရေးဟန်နဲ့ကဗျာတွေတွေ့ဖူးကြမှာပါ။ ကျွန်မကတော့ ဒီကဗျာကိုတော့သဘောကျတယ်။
ဆုံးသွားတဲ့ထိလူကိုစိတ်ဝင်တစားရင်ခုန်စေလို့ပါ။

မင်္ဂလာနှစ်သစ်ဖြစ်စေသား..

Wednesday, December 31, 2008

၂၀၀၈ ကတော့ ကုန်ဆုံးလွန်မြောက်သွားခဲ့ပြီ..။ ၂၀၀၉ ဆိုတာကြီးက ခန့်ခန့်ထည်ထည်ကြီး
ထိုင်ပြီးလူတွေရဲ့မျှော်လင့်ချက်တွေကို ကြည့်နေတယ်။ သူဘာတွေပေးနိုင်မှာလဲ...။ကျွန်မတို့
ဘာတွေမျှော်လင့်နေကြလဲ....။ထုံးစံအတိုင်း ရေးထားပြီးသားစာမျက်နှာတွေကို ကျွန်မတို့ကြို
သိခွင့်မရသေးဘူး...။နေ့ရက်တွေကိုတစ်ရက်ချင်းဆွဲလှန်ဖွင့်ဖတ်သွားရဦးမှာ............
ဘာပဲပြောပြော ...ဒီလိုတစ်ချိန်လေးတော့ လူတွေပျော်ခွင့်၊မျှော်လင့်ချက်ထားခွင့်ရနေသေး
တယ်။အဲဒီအတွက်ပဲ ကျေးဇူးတင်ရဦးတော့မှာပဲ..........
ချစ်သော မိတ်ဆွေ၊သူငယ်ချင်း၊မိသားစု၊မောင်နှမ၊ဆရာသမားနဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံး
ဒီနှစ်သစ်မှာ မျှော်လင့်သလောက် ဆန္ဒတွေပြည့်ဝ ပျော်ရွှင်နိုင်ကြပါစေလို့............။

တစ်မိုးတည်းအောက်မှာ

Sunday, December 21, 2008

ဟိုတလောလေးကပဲ..မိုးနေက မောရူးဆိုးရဲ့ကဗျာလေးရိုက်ပို့ပေးတာနဲ့ကြွေးဆပ်လိုက်နိုင်တယ်။
ခုလည်း တစ်မိုးတည်းအောက်မှာ..ကိုလက်စသပ်ပေးလိုက်ပြီ
စိတ်တွေမကြည်လင်၊အလုပ်တွေရှုပ်နေလျက်ကပဲ ဘလော့ခ်ကိုလည်းမခွာနိုင်၊ပစ်မထားနိုင်ဖြစ်နေ
တယ်လေ...
တစ်မိုးတည်းအောက်မှာ...ကတော်တော်လူစုံတက်စုံလေးပါတဲ့စာအုပ်ပါ။
ကိုဒတ္ထ၊ကိုသရ၀ဏ်ကြီးနဲ့ ကိုသန်းဝင်းထွဋ်၊အမမေငြိမ်းတို့တွေပါသလို အငယ်တွေထဲက
တင်မင်းထက်တို့နေဆူးသစ်တို့လည်းပါတယ်။နောက်ကျွန်မကြိုက်တဲ့ နီမာရှင်း
သူ့ကဗျာလေးတွေကောင်းရက်နဲ့စာပေလောကထဲသူရောက်မလာခဲ့ဘူး....
သူလည်းတင်မင်းထက်လိုတိတ်တိတ်ကလေးကဗျာတွေရေးနေလောက်ရဲ့...
နေဆူးသစ်ကတော့ ကဗျာတွေရေးဆဲ၊ပို့ဆဲပဲ...ဒါပေမယ့်သူ့ခမျာလည်း..ဟိုနားတစ်စဒီနားတစ်စ
ဖြုတ်ခံနေရရှာတယ်။
ကဗျာစာအုပ်တွေကိုအုံနဲ့ကျင်းနဲ့ထုတ်ခဲ့ကြတဲ့ ၁၉၉၃ ၊၉၄၊၉၅ ကာလကိုသတိရတယ်။
ကျွန်မတို့အားလုံးလှေခါးထစ်တွေကိုတစ်ထစ်ချင်းသေသေချာချာတက်ခဲ့ကြတဲ့သင်္ကေတပေါ့...
နောက်ဖေးပေါက်တွေကကျော်မတက်ခဲ့ကြဘူး၊ဓါတ်လှေခါးလိုဟာမျိုးမသုံးခဲ့ဘူး၊အထစ်တွေ
ကျော်မတက်ခဲ့ကြဘူးပေါ့..ဘယ်လောက်တောင်ချစ်စရာကောင်းတဲ့စာမျက်နှာလေးတွေလဲ
သူများတွေတော့မသိဘူး၊ကျွန်မကတော့ပျော်တယ်။လိပ်ပြာသန့်တယ်။အဲလိုလိပ်ပြာသန့်ခွင့်ရ
တဲ့အတွက်လည်းကျေနပ်တယ်။



မိုးကြိုတေး

ဖွင့်ကြရှဲကြ
ပြဇာတ်နောက်ခံတေးသွားဘဝ
ဘယ်တော့မှမရောက်ရဘူးဆိုတဲ့
ခပ်နွဲ့နွဲ့သီချင်းပျိုလေး
လာပြီ။

ဆင်ဖိုနီကိုအားပြု
နွေအရပ်ရဲ့လှိုင်းတံပိုးကို
စုပ်ယူထားခဲ့ရတဲ့သွေးကြောနဲ့
စီးဆင်းကြပါစို့ရဲ့။

ဘင်သံကိုမခံရပ်နိုင်တဲ့
နှလုံးသားအပျော့စားများနှုတ်ထွက်ပါ
ကခုန်မယ့်ဒူးဆစ်များအတွက်ပဲ
ချဉ်ဆီနည်းနည်းရှိပါစေ။

စွန့်ပစ်ခံနေ့ရက်တွေလည်း
“၂၄”နာရီမြောက်မှာဘ၀တစ်ပါးပြောင်းသွား
ဟောသည်သီချင်းကျတော့
အရှင်လတ်လတ် ၂၄နှစ်မြောက်မှာ
သီချင်းသက်ကုန်သွား
ဒေါသများသက်သက်။ ။
သန်းဝင်းထွဋ်


စိတ်ကမ်းစပ်
တိမ်ကျောက်တုံးတွေနဲ့
ကောင်းကင်ကြီးလေးလံ
ကမ္ဘာမြေလက်အံသေနေပေါ့
ဟောင်းလောင်းရင်ခွင်တို့
ခံတွင်းအသစ်လဲလှယ်ကြ
ကင်ပွန်းတပ်ရွှေရတုပွဲတွေကျင်းပ
အသက်၀၀ရှူခြင်းအတတ်
တစ်ဖက်ကမ်းခတ်ခဲ့ပြီ
ပယောဂမပါပဲ
အလိုလိုအဆိပ်ပြီးနေတာကတော့
အရိပ်ထဲကပန်းပွင့်တွေ..။ ။
မောင်နန္ဒ


ဂရင်းလန်ဆောင်းအိပ်မက်
(၁)
နှင်းစာရွက်ဟောင်းပေါ်က
ည၀ါကျရှည်များထဲ
“စွတ်ဖား”တွေမည်းမည်း….မည်းမည်း..
နှလုံးသွေးကလွဲလို့
အရာရာဟာ
သုညဒီဂရီအောက်
ခရီးရှည်ပေါက်ခဲ့။
(၂)
“ဆိုက်ဗေးရီးယား”လက်အုပ်ချီရမယ့်
အအေးဒါဏ်ဟာ
အသက်ရှင်နေသေးတယ်
ကမ္ဘာပေါ်မှာပဲ..
…ဆိုတဲ့
အသိနဲ့သတိကိုတောင်ခဲသွားစေပြီ…။
ဒီထက်ပိုတဲ့အအေး
မရှိနိုင်တော့ဘူးဆိုတဲ့
အထင်လည်း
ခဲသွားပြီ..
နွေဦးလာရင်
နေမြင်တော့မယ်ဆိုတဲ့
အထင်လည်းခဲသွားပြီ…။
(၃)
ချစ်သူတွေ
စက္ကန့်ကုဋေချီဝေးနေချိန်ပေါ့
ငြိမ့်ညောင်းသာယာ
ရေခဲပြင်ဝံပုလွေတို့အူသံရှည်တွေ
မဆုံးတမ်းနီးကပ်လာ
ကျွန်တော်အနွေး
အကတ်အသတ်ကိုသောက်ကြဖို့တဲ့။
ဂျက်လန်ဒန်ရေ
ခင်ဗျားမှတ်မိသလောက်
သတ္တိ၊နည်းလမ်းနဲ့ အဆုံးအဖြတ်တွေ
ထပ်ပြောပါဦး
ကျွန်တော်သူတို့ကိုသောက်မှဖြစ်တော့မယ်။
(၄)
မျက်ရည်တို့
ပါးပေါ်တွဲလွဲခဲ
နောက်တော့မျက်လုံးထဲတင်ပိတ်ခဲ
မိုးကုတ်စက်ဝိုင်းရေ..
နေ….နေ..ပေးပါ၊ နေပေးပါတော့…
အိုကမ္ဘာမြေ…
ဒီမီးနီလေးအသိအမှတ်ပြုပါ
စွတ်ဖားရာမျဉ်းတွေတစ်လျှောက်တော့
ပင့်သက်ရှိုက်သံ
သွားကြိတ်သံတို့
အခဲလိုက်အဆုတ်လိုက်
ဒလိမ့်ခေါက်ကွေးကျကျန်လို့။ ။
လူသွေး



အိပ်မက်မမက်တဲ့ကောင်းကင်

သက္ကရာဇ်တွေစီးပြီး
မငြီးမငြူ
ခရီးသွားနေတဲ့သူ့ကို
ငုံ့ကြည့်
ဂရုဏာသက်မိရဲ့။

ဧည့်သည်တွေက
ငါ့ဆီကလာသလိုနဲ့
သူ့ဆီကိုပဲသွားကြ
တားလို့လည်းမရ။

သူ့ခရီးက
မပြီးဆုံးသေးသလို
ငါ့မျက်လုံးတွေလည်း
အိပ်မပျော်သေးပါလား။ ။
နီမာရှင်း



Metamorphosis

တိမ်တွေဟာ
လေလွင့်ရာပြေးလို့
အဝေးဆုံးထိသွားနိုင်တယ်။

တိမ်တွေဟာ
မာယာနဲ့
မျက်နှာများစွာပြောင်းနိုင်တယ်။

တိမ်တွေဟာ
ပန်းချီဆရာမနိုင်တဲ့
အရောင်သစ်များစွာလည်းဖန်ဆင်းနိုင်တယ်။

တိမ်တွေဟာ
အနာဂတ်မဲ့၊အတိတ်မဲ့
အချစ်မဲ့၊အနာမဲ့စွာ
ကျရာအရုပ်မှာပျော်နိုင်တယ်။

တိမ်တွေဟာ
ထည်ဝါခန်းနား
ဆန်းပြားမြင့်မားရဲ့
ဒါပေမယ့်
ဆုပ်ကိုင်ပြမရ
ချုပ်နှောင်တားမရ..။

ဒါနဲ့ပဲ
စိတ်ကျဘ၀ထဲ
အခါခါလဲသေရသမျှ
အိပ်မက်ဘ၀မှာတော့
ငါဟာ…
တိမ်တစ်စသာဖြစ်ခဲ့တယ်။ ။
မေငြိမ်း


ကမ္ဘာနှစ်ခု
နယ်နှင်ဒါဏ်ခံစပယ်ခင်း
လမ်းပျောက်နေတဲ့လေညင်းကလေး
တိတ်ဆိတ်ကြေကွဲကြယ်စင်များ
ဖုန်းဆိုးရင်ခွင်ပတ်ကြားအက်။

ကြီးမြတ်တဲ့ရိုးသားမှုနဲ့
မျှော်လင့်စိတ်ကူးများတောက်ပ
ငါ့ဝိညာဉ်ရဲ့မိုးကုတ်စက်ဝိုင်းတစ်လျှောက်….။ ။
တင်မင်းထက်

မောရူးဆိုး၏ကဗျာများ

Tuesday, December 16, 2008

မွေးနေ့များ.....

ထူးခြားချက်နှင့်
သွက်လက်မှတ်သား
ရင်ကြားမပျောက်
ကာလထောက်ထား
အားရဖတ်ရှု
ပြုစုရေးသား လူများစာရင်း
ဖြည်းဖြည်းချင်းပေါ့
လျော့လျော့သွားပြီ။

အမြဲတမ်းဟု
လန်းဆတ်သစ်လွင်
ရောင်စဉ်ထွန်းပ
အလှတင့်တယ်၊ တွယ်ငြိတပ်မက်
ခွဲမထွက်ရက်၊ နုညက်ရွှင်လန်း
တစ်ပွင့်ပန်းလေ
နွမ်းဟောင်းလာပြီ။

ချေးညော်မရှိ
ရှိလည်း သတိ၊ မထားရှိထား
စကားသိပ်သည်း ပြောပြီးတိုင်းမှ
ခဏသွက်လက်၊ မျက်နှာသစ်ကျင့်
ထပ်ဆင့်ခါခါ
ဖြစ်လာတတ်ပြီ။

ခေါင်းထဲမှာနှစ်
ဘာသာဖြစ်တည်၊ အတွေးဆီတက်
အသက်ရှည်ဆဲ၊ ပွဲဦးထွက်တိုင်း
အဘက်ဘက်မှ၊ အိပ်မက်တွေရယ်
အဓိပ္ပာယ်ရှိ
ပိုသိသွားပြီ။

သည်လိုနှင့်
ဘ၀ရဲ့စင်မြင့်မှာ အဆင်သင့်ပြုလုပ်
အချိုးကျစက်ရုပ်များလို
ဟိုသည်လက်ဆွဲနှုတ်ဆက်
ကျေးဇူးညှိတက်လျက်
မပျက်မကွက်မွေးနေ့များ။ ။

မောရူးဆိုး

တစ်မိုးတည်းအောက်မှာ

Sunday, December 14, 2008

နပိုလီယန်
ကလေးတို့နပိုလီယန်ဘိုနာပတ်ကို
ဘယ်တုန်းကမွေးတာလဲ
ဆရာကမေးတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကျော်လောက်ကပါ
ကလေးတွေကဖြေတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်လောက်ကပါ
ကလေးတွေကဖြေတယ်
ဘယ်သူမှမသိကြဘူး။

ကလေးတို့နပိုလီယန်ဘိုနာပတ်
ဘာတွေလုပ်ခဲ့လဲ
ဆရာကမေးတယ်။

စစ်ပွဲတစ်ပွဲအောင်နိုင်ခဲ့ပါတယ်
ကလေးတွေကဖြေတယ်။
စစ်ပွဲတစ်ပွဲရှူံးနိမ့်ခဲ့ပါတယ်
ကလေးတွေကဖြေတယ်
ဘယ်သူမှမသိကြဘူး။

ကျွန်တော်တို့အသားသည်က
နပိုလီယန်လို့ခေါ်တဲ့ခွေးတစ်ကောင်ကိုမွေးထားတယ်တဲ့
ဖရန်ကီးကပြောတယ်
အသားသည်ကခွေးကိုရိုက်လေ့ရှိတယ်
လွန်ခဲ့တဲ့တစ်နှစ်က
ခွေးဟာအစာငတ်ပြီးသေသွားတယ်။

ခုတော့ကလေးတွေအားလုံးက
နပိုလီယန်ကိုသနားနေကြလေရဲ့။

Napoleon by Miroslav Holuv Czchoslovakia
ဘာသာပြန်သူ
ညီဆင်းသစ်


အမှန်နဲ့အမှား
အမှန်တရားမှာ
အဖြူရောင်ဦးခေါင်းတစ်လုံးရှိခဲ့တယ်။
အမှားကတော့
အဲဒီဦးခေါင်းရဲ့ဦးနှောက်ကိုဖောက်စားပြီး
ပဉ္စလက်အတတ်နဲ့ဖုတ်သွင်းထားခဲ့တယ်။

အမှန်တရားဟာ
ဦးနှောက်မပါတဲ့သူ့ဦးခွံနဲ့
သိက္ခာတွေအဖတ်ဆယ်ရင်း
အမှားရဲ့စားကြွင်းစားကျန်တွေထဲ
ခွေးဝဲစားတစ်ကောင်ဖြစ်သွားခဲ့တယ်။

အမှန်တရားဟာ
နှစ်ချို့အဘိဓမ္မာဟောင်းတွေနဲ့
ဂန္ထ၀င်သစ်ပဲ့တင်စေရင်း
အမှားရဲ့ခေတ်ပေါ်ဗန်းစကားကြောင့်
လေဟာနယ်တွေသာပိုင်ဆိုင်ခဲ့တယ်။

အမှန်တရားဟာ
လောကရဲ့လေစီးကြောင်းထဲ
အပြင်းစားစိတ်ကူးအိပ်မက်တွေပေါလောမျောပါခဲ့
အမှားရဲ့အဖတ်ဆယ်တင်မှုကြောင့်
အမျှင်မပြတ်တဲ့အသက်ရှူငွေ့တွေ
သွေးသားယိုစိမ့်ချိနဲ့လာခဲ့တယ်။

ဒီလိုနဲ့
အမှန်တရားဟာ
အမှားကိုအကြိမ်ကြိမ်ရှူံးနိမ့်ခြင်းကြောင့်
အမှားကိုအထင်ကြီးစွာနဲ့
အမှားကိုအမှန်ဖြစ်စေခဲ့တယ်။

အမှားကတော့
အမှန်တရားကိုထိပ်ပုတ်ခေါင်းပုတ်လုပ်ပြီ
အမှန်တရားရဲ့ညံ့ဖျင်းမှုကိုကဲ့ရဲ့ရင်း
အမှားတွေဘယ်လိုအောင်မြင်လာတယ်ဆိုတာ
အခန့်သားရှင်းပြနေလေရဲ့။ ။
နေဆူးသစ်
ဒါလည်းမကြာခဏသတိရနေမိတတ်တဲ့ကဗျာလေးပါပဲ...
သတိရစရာအကြောင်းကလဲများတာကိုး...



ကန္တာရမိုး

အေးစက်…
ချွန်ထက်…
ရက်စက်တဲ့ဆူးတစ်ချောင်း
ရေခဲတူးဆွတဲ့သံချောင်းလို
ခပ်နက်နက်စူး
အရူးအမူးဖြစ်စေ။

တစ်စက်…နှစ်စက်
ရက်ဆက်
ပျက်ကွက်ရင်တောင်
လှောင်သံနဲ့ရွာရက်
အသက်ဆက်ရအောင်
အယောင်ဆောင်ဖြစ်ဖြစ်ပေါ့…။ ။
နေလင်း


အစိမ်းရောင်ညှို့ငင်ခြင်း


ငါ့နေရောင်ကို
မင်းမျက်ဝန်းထဲထည့်။

ငါ့လရောင်ကို
မင်းအာရုံထဲထည့်။

ငါ့ဒီလှိုင်းကို
မင်းလွင်ပြင်ထဲထည့်။

ငါ့ရေတံခွန်တစ်ခုလုံး
မင်းနှလုံးဆုံချက်ထဲထည့်။

ငါ့ပုလဲတွေ
မင်းသွားတွေထဲထည့်။

ငါ့မြင့်မြတ်ခြင်းတွေ
မင်းဆံပင်ထဲထည့်။

ငါ့မူးရစ်မှုတွေ
မင်းဖန်ခွက်ထဲထည့်။

ငါ့အတ္တတွေ
မင်းဆန္ဒထဲထည့်။

ကဲ..ငါ့ဘ၀ကိုလည်း
မင်းအစိမ်းရောင်ထဲထည့်လိုက်..။

မင်းအစိမ်းရောင်တွေကိုတော့
ကျောက်ရိုင်းတုံးတစ်တုံးထဲထည့်။

ပြီးမှ
အဲဒီကျောက်ရိုင်းတုံးကို“
(ဆင်ခြင်မှုမဆုံးပါးရအောင်)
ငါ့ဦးနှောက်ထဲထည့်ခဲ့ပြီ။ ။
သားမွှန်း

(သားမွှန်းဆိုတာ ကိုရ ပါပဲ..)

ဒါဝင်ရဲ့ဇာတာကိုစစ်ဆေးခြင်း


“ရင်ဝကိုမြားတစ်စင်းစိုက်ရင်
လားရာအရပ်ကိုစူးစမ်းမယ့်အစား
အဲဒီမြားကိုအရင်နှုတ်လိုက်ပါ” တဲ့
ဗုဒ္ဓရဲ့စကားငါကြားဖူးလေရဲ့။

ငါ့ရင်ခွင်တစ်ခုလုံးမှာတော့
မြင်မကောင်းအောင်
ယောင်ကိုင်းဖူးပွနေတဲ့မြားဒါဏ်ရာတွေနဲ့
ဘယ်တော့မှဆွဲနှုတ်လို့မကုန်နိုင်မယ့်
ဒုက္ခရဲ့အဖူးအငုံတွေရယ်ပေါ့။

အခွံမာသစ်သီးတစ်လုံးကို
ဖျော်ရည်စက်ထဲမှာထည့်ကြိတ်တော့
ငြီးတွားသလိုမျိုး
ချစ်မေတ္တာဆိုတာတွေလဲ
ဒုက္ခစက်ထဲမှာ
တဖြည်းဖြည်းနဲ့ကွဲအက်ကြေမွ
တဖြည်းဖြည်းနဲ့အရည်ပျော်
နောက်ဆုံးတော့အားလုံးဟာအငွေ့ပျံ
ခွက်ထဲမှာလဲဘာမှမကျန်တော့
အဲဒီအခါမှ
ငါဟာ …အငမ်းမရမော့သောက်။

ဘ၀ဟာ
အချိန်ရှိသရွေ့
ရှူံးနိမ့်နေရခြင်းဆိုရင်
အပင်ပမ်းခံပြီး
ငါဝင်ပြိုင်မနေချင်တော့ဘူး
ခပ်စောစောသာအလံဖြူပြလိုက်ကြပါတော့။

သီအိုရီထဲမှာ
မျောက်တွေဟာလူဖြစ်နိုင်ကြပြီး
လက်တွေ့မှာ
လူတွေဟာမျောက်ဖြစ်နေတာကိုတော့
အားလုံးဟာဘယ်လိုမှမတားဆီးနိုင်ခဲ့။

မာလုကျပုတ္တရေ..
လာ..
သင်နဲ့ငါ..
ချောက်ထဲကိုခုန်ချလိုက်ကြစို့ရဲ့။ ။
သရ၀ဏ်(ပြည်)

တစ်မိုးတည်းအောက်မှာ

Tuesday, December 9, 2008

ကမ်းခြေမှာ
ကမ်းခြေမှာလျှောက်နေသူတွေရဲ့
ခြေရာတွေကိုလှိုင်းကဖျက်ပစ်နေတယ်။

လူနှစ်ယောက်တစ်ယောက်ကိုတစ်ယောက်ပြောနေတဲ့
စကားတွေကိုလေကသယ်ယူသွားတယ်။

ဒါပေမယ့်လူတွေကကမ်းခြေမှာလမ်းလျှောက်ဆဲ
သူတို့ရဲ့ခြေထောက်တွေကခြေရာတွေထင်န်ေဆဲ..။

လူနှစ်ယောက်ကစကားလုံးအသစ်တွေရှာပြီး
အတူတူပြောနေကြဆဲ..။ ။
At the Beach by Kemal Ozer Turkey
Translated by Nyi Sin Thit


စုံတွဲ
တစ်ယောက်က
သူ့ဖြစ်ဆဲပန်းပွင့်နဲ့
လျှို့ဝှက်တိတ်ဆိတ်မှုကို
ရှက်စနိုးမြှင့်တင်
ကမ္ဘာကိုအစဉ်စီးဆင်းမယ့်
မိုးစက်ပွင့်ရဲ့တိမ်တစ်တိုက်
ဒါမှမဟုတ်မြစ်ကြီးတစ်စင်းရဲ့တာလွှတ်ရာ
မာယာနဲ့စိတ်ကူးယဉ်လှပ
သူ့နေ့တွေကိုအစီအစဉ်ချလို့။

အခြားတစ်ယောက်က
တဒင်္ဂမိန်းမောမှုမှာ
သူ့အပေါင်းအသင်းသူခိုင်မြဲ
တည်ဆောက်ဆဲလမ်းအသစ်
သူ့ဒုက္ခဓါးမြိနဲ့
သူ့အတွေ့အကြုံတတိတိချွန်
သူတီထွင်ရာအိပ်မက်ထဲ
အအိပ်မက်တဲ့သူ့တန်ခိုးတွေ
နှိုးမယ့်သူရှာနေရဲ့။

သူတို့
မျက်ဝန်းပေါ်ကချောက်နက်ထဲ
တွေ့ဆုံနစ်မြုပ်နက်ရှိုင်းကြ
တစ်ယောက်မေ့လျော့မှုတစ်ယောက်ကိုင်ဆွဲ
တစ်ယောက်အတွေးထဲတစ်ယောက်စိမ့်ဝင်
နေ့စဉ်ရဲ့အစကိုပျံသန်းဖို့
တစ်ယောက်ကမ်းပါးပေါ်တစ်ယောက်
တပ်ဆင်ချော့မြှူကြ..။

ကမ္ဘာဦးကအတိုင်းပေါ့
နေရောင်ခြည်တွေက
မျှော်လင့်ချက်တွေပေါ်စူးစူါး်ရဲရဲ
ဖြာကျနေဆဲ..။ ။
မောင်နန္ဒ


အမေ
အချစ်ရေ…အခုဆို
ဧရာဝတီဟာ
ငိုညည်းမြည်တမ်းပေါ့
အော်စကာဝိုင်းလ်ရဲ့နိုက်တင်းဂေးလ်တွေ
မရှိကြဘူးလေ။

အချစ်ရေ
ခုဆို..အမေ့စိုက်ခင်းတွေ
လောင်မီးပိုးကျ
အမေ့ခြံဝိုင်းလေး
မီးလောင်ပြာကျ
အော်စကာဝိုင်းလ်ရဲ့နိုက်တင်းဂေးလ်တွေ
မရှိကြဘူးလေ။

အချစ်ရေ အခုဆို
ရွှေရည်စိမ်ကြယ်ပွင့်လေးတွေက
ကမ္ဘာ့ဦးခေါင်းဒြပ်သေရဲ့ဂုဏ်သတ္တိအတွက်
တာဘိုကားနီနီတစ်စီးပေါ်မှာ
အောက်စီဂျင်ကိုအလွဲသုံးစားပြုနေရဲ့
အော်စကာဝိုင်းလ်ရဲ့နိုက်တင်းဂေးလ်တွေ
မရှိကြဘူးလေ။

အချစ်ရေ..အခုဆို
နှင်းဆီနီလည်းရဲရဲမပွင့်သေးပါလား
မိုးသောက်ခြင်းအတုမွေးဖွားခဲ့ပြန်ပေါ့
အော်စကာဝိုင်းလ်ရဲ့နိုက်တင်းဂေးလ်တွေ
မရှိကြဘူးလေ။ ။
မာန်သစ်နိုး


ရေတိမ်ပိုင်းမှတ်တိုင်များ


ကမ်းစပ်တွေအပေါ်ကကြည့်တော့
ဝေရီးလင်းပျက်ခပ်ရေးရေးသာ
ပြာမှုန်တွေကြဲမချပါနဲ့
ရေညှိသက်သတ်လွတ်စားတဲ့
ရွှေငါးလေးတွေ
အစာအဆိပ်သင့်ခံနေရလို့
အခု
ကျောက်စရစ်ခဲတွေချည်းကျန်တော့တယ်။
အသည်းကွဲပြီးစခံစားချက်မျိုး
အကောင်းဆုံးလှိုင်းတွန့်ပန်းချီ
ဖန်ပုလင်းလွတ်ထဲသိုဝှက်သိမ်းဆည်းထားခဲ့
စကားလုံးတွေနဲ့လေဟာနယ်ကိုဆွဲဆွဲဆန့်လိုက်
ခေတ်ဆန်မဆန်ဆိုလို့
ငိုစားရယ်စားတီကောင်တွေသာ
ရွရွကလေးတွယ်တက်လာနေကြ..။
မှန်ခဲ့ပါပြီ
ဟောသည်ခုံတန်းလျားပြာပြာတွေဟာ
ချစ်သူမုန်းသူကြည်နူးဖို့
ညနေခင်းတွေကိုနှုတ်ဆက်ဖို့သက်သက်မျှသာ။ ။
နေဆူးသစ်


ညစာစားပွဲ

တိမ်တွေကိုဖမ်းပြီး
ချက်ပြုတ်နေပုံများ
ခြံစည်းရိုးနောက်မှာ
စားရမဲ့သောက်ရမဲ့တွေဟာငေးးလို့။

မနက်မနက်မှာ
လမ်းမှားပြီးရောက်လာတတ်တဲ့
ဓူဝံကြယ်က
ပေါင်မုန့်တွေကိုမေးလိုက်တယ်
မြောက်အရပ်ဟာဘယ်ဘက်မှာလဲတဲ့..။

အရိပ်ထဲမှာတော့
တစ်ယောက်ကိုတစ်ယောက်ဓါးတွေနဲ့စိုက်နေ
ပြီးတော့ရယ်မောလိုက်ကြ
အရေပြားတွေကိုဝိုင်အရက်နဲ့ပက်ချ
နျူရိုးဆစ်ဖြစ်နေတဲ့ညဟာ
ခြေဦးတည့်ရာပြေးနေ..။

ကြောင်တောင်ကန်းမျက်လုံးများ
သတ္တုသံထွက်နေတဲ့ရယ်သံ
စီးကရက်မီးခိုးများ
ချွင်ကနဲဖန်ခွက်ချင်းထိ
ကျေးဇူးတွေနဲ့တစ်ခန်းလုံးလျှောက်ပွ
နောက်ထပ်ယူဦးမလား
ခြေရာမိုးတွေသွန်းဖြိုးရွာ….
……………………….။

ပွဲပြီးသွားတဲ့အခါ
ခြေရာလက်ရာမပျက်
ဖုတ်ဖက်ခါထွက်သွားကြ
မြေဇာမြက်တွေခမျာသာ
နွမ်းရိလို့ကျန်ခဲ့ရှာ..။ ။
သရ၀ဏ် (ပြည်)


ပန်းပွင့်များ

အလွမ်းဆိုတာ
ပန်းတစ်ပွင့်ဖြစ်ရင်
ဒီပန်းကိုမင်းမပန်စေချင်ဘူး။

ကိုယ့်ချစ်သူဟာ
ပန်းတစ်ပွင့်ဖြစ်ရင်
ဒီပန်းဟာထာဝရတစ်ပွင့်တည်းပါ။

သတိရခြင်းဟာ
ပန်းတစ်ပွင့်ဆိုရင်
အမြဲကိုယ်မင်းအတွက်သိမ်းထားမယ်။

ဆုံဆည်းမှုဟာ
ပန်းတစ်ပွင့်ဖြစ်ရင်
ဒီပန်းဟာကိုယ်တို့အတွက်ဖြစ်ပါစေ။

ခွဲခွာခြင်းဟာ
ပန်းတစ်ပွင့်ဆိုရင်
နွမ်းသွားမယ့်အချိန်ကိုစောင့်နေမိတယ်။ ။
မိုးသွေး



လှည့်စားခြင်း

မြွေ
အရေခွံလဲ
လဲပြီးစအရောင်
ပိုတောက်ပြောင်လာသတဲ့..
ဒါပေမယ့်
အဆိပ်ရှိတဲ့မြွေ
အရောင်ပြောင်းပေမယ့်
မြွေဟာ..မြွေပါပဲ..။ ။
သီဟ

ဒုတိယတန်းစား

ငါ့ရင်အုံလှောင်ချိုင့်မှာ
ခြင်္သေ့တစ်ကောင်ရှိတယ်။
သူက
ကျွန်တော့်စကားနွမ်းတွေကို
မစားသုံးချင်ဘူးတဲ့။
ကောင်းကင်ရဲ့အောက်မှာ
လတ်ဆတ်တာဘာမှမရှိဘူးလို့
ဖြောင်းဖျတာတောင်မှ
သူ..မကျေနပ်နိုင်ဘူး။
ကျွန်တော့်ကိုတစ်ချိန်လုံးကုတ်ခြစ်ကာ
ဟိန်းဟောက်လိုက်တောင်းပန်လိုက်နဲ့ပါပဲ။
ကဲ..
မီးတောင်လိုပေါက်ကွဲလို့
သူလွတ်လာပြီဆိုပါစို့..။
ဘယ်မှာလဲ..သူ့ကောင်းကင်
ဘယ်မှာလဲ..သူ့လွင်ပြင်…
သူက အရိုင်းဆန်တယ်
ကျွန်တော့်လိုလိုက်လျောညီထွေမနေတတ်ဘူး
ဆင်ခြေဖုံးရပ်ကွက်ကထပ်ခိုးလေးတစ်ခုတောင်
သူခိုလှုံဖို့ရမှာမဟုတ်ဘူး။
ကျွန်တော့်လိုဒုတိယတန်းစားတွေနဲ့
မပတ်သက်ချင်ဘူးလို့ဘယ်လောက်ပြောပြော
သူ့ထွက်ပေါက်ကိုပိတ်ထားရမှာပဲ။
နာကျင်၊မောပန်း၊လေးလံ
အာရုံတွေကန်းခဲ့ပြီ။
ပျံသန်းနေတဲ့တိမ်တိုက်တွေမြင်ရင်တောင်
အားကျရမှန်းမှမသိ
ထုံပေပေစိတ်နဲ့သာကြည့်နေမိတော့တယ်။
ခုနေများ၊တန်ခိုးရှင်တစ်ပါးက
“ပျော်စေသတည်း”လို့ကောင်းချီးပေးရင်တောင်
နှစ်များစွာကအေးခဲခဲ့တဲ့မျက်ရည်တွေသာ
ပျော်ကျလာမယ်ထင်ပါရဲ့…။ ။
တင်မင်းထက်

(အဲဒီကဗျာက ကျွန်မအမြဲသတိရနေမိတဲ့ကဗျာပါပဲ..အလွတ်နီးပါးရခဲ့ဖူးတယ်
အရင်ကပေါ့…ခုတော့ ကျွန်မမှာလဲ အေးခဲနေတဲ့မျက်ရည်တွေပဲကျန်တာဆို
တော့…. ပျော်ကျဖို့စောင့်ရဦးမလား၊ဒီတိုင်းထားလိုက်ရင်ကောင်းမလားစဉ်းစား
နေတုန်း………….)



လွဲမှားမှုများ

ကျွန်တော်ကြိမ်ဖန်များစွာရေရွတ်ပြီးတဲ့အခါ
သူတစ်ကြိမ်တစ်ခါတောင်မရွတ်ဆိုရသေးပါဘူး။

ကျွန်တော်ဆာလောင်မွတ်သိပ်နေတဲ့အခါ
သူက အပျင်းပြေကိုက်ဝါးလို့…။

ကျွန်တော်လမ်းလျှောက်လာတဲ့အခါ
သူတိုက်အိုထောင့်မှာမတ်တပ်ရပ်နေဆဲပေါ့..။

ကျွန်တော်ပန်းခင်းထဲကိုရောက်တဲ့အခါ
သူဟာမိုးတိမ်တွေကိုမော့ကြည့်နေတယ်။

ကျွန်တော်တစ်ခါတစ်ရံလန့်နိုးတဲ့အခါ
သူ…ညများစွာမအိပ်စက်သေးပါဘူး။

ကျွန်တော်နှင်းစက်တွေကိုတို့ထိကြည့်တဲ့အခါ
သူဟာနေရောင်တွေကိုမုန်းတီးနေသေးတယ်။

ကျွန်တော်ရိုးသားစွာလရောင်ကိုမိန်းမောနေတဲ့အခါ
သူဟာကောင်းကင်ရဲ့သုညတွေကိုရေးသားလို့ပေါ့။

ကျွန်တော်ကဗျာတစ်ပုဒ်ကိုခံစားနေဆဲအခါ
သူဟာကျိန်ဆဲမှုများနဲ့ဗလုံးဗထွေးမှားယွင်းနေခဲ့တယ်။

“ကျွန်တော့်”ကိုယ်”ကျွန်တော်”
မှန်တစ်ချပ်ပေါ်တင်ကြည့်တဲ့အခါ
သူ့ကိုအလွန်တစ်ရာမုန်းတီးမိပြန်ရော..။ ။
ရဲလွင်