ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

အရှေ့မြို့ရိုးပေါ်က နံနက်ခင်း ..ကဗျာပြပွဲ

Tuesday, August 4, 2009

ကဗျာဆရာတစ်ယောက်ရဲ့ ၀ိညာဉ်တော်ဟာ ကဗျာတွေကို ဆာလောင်နေပါလိမ့်မယ် ...။ တိတ်ဆိတ် .. အရိပ်ထဲမှာသစ်ရွက်လေးတွေ လှုပ်ယိမ်းနေသလို ... ကဗျာကို ချစ်ခြင်းမှာ လှုပ်ယိမ်းတုန်ခါ လင်းလဲ့နေမယ့် ကဗျာဆရာရဲ့ ကဗျာ အပေါ်တွယ်တာခြင်းတွေ အတွက် ... ကဗျာရေးသူတွေရဲ့ ဒီကဗျာပြပွဲလေးဟာ ဖြေဆေးတစ်ခု ဖြစ်နိုင်ကောင်းပါရဲ့ ...။ မြင်းသည်တော်တို့ မမီနိုင်သော အရပ်သို့ ရောက်နှင့်သော ကဗျာဆရာ ... သင့်ထံသို့ ပို့သအပ်သော အမှတ်တရလက်ဆောင်များကို သင်ရလိမ့်မည်ဟု ကျွန်ုပ်တို့ယုံကြည်စွာ ဖြင့် ....။

ပန်းချီထိန်လင်း၊အိန္ဒြာ၊အမရာ၊သစ်ကောင်းအိမ်၊Zephyr၊
ကမာပုလဲ။လင်းဆက်၊တင်မင်းထက်၊နေဆူးသစ်

လင်းဒီပ၊လူဇော်သစ်၊အိုင်လွယ်ပန်၊သျှင်နွေခ၊ Xanthos။












သင့်ကို နံနက်ခင်းထဲက ထွက်ခွင့်မပြုနိုင်ဘူး

ဟောဟို့က
ရွှေသားရွေရောင်နဲ့
ဘယ်တော့မှ တိမ်ဆိုင်မဖုံးတဲ့
လူဝင်စားကြယ်တစ်စင်းက.
မင်းဖေဖေပေါ့...ခေတ်နေ..

သူ့ကိုယ်သူ
ဘယ်တန်ကြေးတပ်ရမှန်းမသိတဲ့
ကျောက်မျက်လည်ရွဲလို..
သူ့ပရိတ်သတ်ရဲ့ လည်တိုင်မှာ..
တဖျတ်ဖျတ်လင်းပခဲ့တယ် ခေတ်နေ...

သူက စကားလုံးတွေကို..
သူ့ မှော်အတတ်နဲ့ ပြုစားကျုံးသွင်းပြီး..
အဲဒီ့စကားလုံးတွေနဲ့
လူတွေကို ညှို့ ပစ်ခဲ့တာ..ခေတ်နေ...

သူက ပန်းဝတ်မှုန်ချင်းထိမိခိုက်မိတာက အစ
အိုဇုန်းလွှာအပေါက်အပြဲကို.ဖာချင်ထေးချင်တာအဆုံး..
ရင်ဘတ်နဲ့တစ်လုံး..
ခံစားတတ်သူပေါ့..ခေတ်နေ..

သူက သူ့နှလုံးအိမ်ရဲ့ထောင့်စွန်းမှာ..
ဆိတ်ဖလူးပန်းရဲ့ရနံ့တွေကို...
တယုတယပျိုးထောင် ထိန်းကျောင်းခဲ့တယ် ခေတ်နေ

ခေတ်နေ..ရေ..
ပညာရှိတွေဟာ..သတိဖြစ်ခဲကြသတဲ့..
တစ်ခါတစ်ခါ မင်းဖေဖေဟာ..
ငါတို့တန်ဘိုးထားမိသလောက်..
သူ့ကိုယ်သူတိုက်ရိုက်အချိုးနဲ့ မေ့ခဲ့လျော့ခဲ့ထင်ပါရဲ့....

ငါတို့သူကို စိတ်ဆိုးနေကြတာ...
ဒီအသက်အရွယ်မှာ
သေခြင်းတရားက သူနဲ့ဘာဆိုင်သေးလဲကွာ...

ဟုတ်တယ်..

ငါတို့..
သူ့ကို
နံနက်ခင်းထဲက ထွက်ခွင့်မပေးနိုင်ဘူး......။ ။

အိန္ဒြာ (၁၂.၇.၂၀၀၉)









ခုတလော ငါစဉ်းစားနေတာ
ဖက်ဆစ်ဝါဒနဲ့ ခုံရုံးတင်ခံရသူ ကဗျာဆရာအယ်ဇရာပေါင်း


ဒီနေ့တော့
လူသန်းပေါင်းခြောက်ဆယ်ထဲမှာမှ
ကိုယ့်ကိုယ်ကို ရွေးပြီး
အားနာတယ်

ထွက်ပြေးခဲ့တယ်
ငါ့ခြေထောက်ကို ထမ်းထားရတဲ့
ငါပြေးလမ်းတွေတော်တော် မောပမ်းနေမှာပဲ
အားနာတယ်

ကိုယ်ဖော့ခဲ့တယ်
ငါ့ကျောကို ထမ်းထားရတဲ့ရေပြင်ကြီး
သူ့ပုခုံး လေးလံနေမှာပဲ
အားနာတယ်

အာဏာရှင်စနစ်မှာ
ဝရမ်းပြေးဖြစ်ပြီး
အရင်းရှင်စနစ်ထဲမှာ
ငယ်သံပါအောင်အလန်းမြည်နေရတဲ့
နာရီတလုံးကို
အားနာတယ်

အလို..
ခေတ်ကြီးကိုယ်နှိုက်ကိုက
မိန်းမတယောက်ရဲ့ထမိန်နား
ခိုစားလို့ပါလား

ဘ၀ဆိုတာကတော့
အမေရိကားကနေ
သခင်ကိုယ်တော်မှိုင်းဖြစ်ချင်လို့မရသလို
ပရိုပိုဆယ်တောအုပ်ထဲမှာလည်း
ချေဂွေဗားရားလုပ်လို့တော့မရဘူးပေါ့ကွာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို
ဝိုင်းရံဖို့မပြောနဲ့
အုတ်လမ်းမှတ်တိုင်တောင်
ဘယ်နေရာရှိမှန်းမသိတဲ့ကောင်ပါ

ဒီနေ့တော့
လူသန်းပေါင်းခြောက်ဆယ်ထဲမှာမှ
ကိုယ့်ကိုယ်ကိုရွေးပြီး
အားနာတယ်။ ။

သစ်ကောင်းအိမ် (၁၂၊ ဇူလိုင်၊ ၀၉)




ရှင်သန်နေဆဲ …


-အဲဒီ အချိန်တုန်းက
ငါလည်း လက်နက်ကိုင်သူပုန် မဖြစ်သေးဘူး
မင်းလည်း တာရာမင်းဝေ မဖြစ်သေးဘူးပေါ့ …။

-ကြံသကာပြားကလေးတွေပေါ်မှာ
မင်းကိုယ်တိုင်
အပ်ဖျားကလေးနဲ့ တိုက်ပွဲဝင်ကဗျာတွေရေးခြစ်
၇- ဇူလိုင်
ဂျွန်- ၂၁
ရှစ်လေးလုံး
…………….
လျှို့ဝှက် အရေးတော်ပုံ အခမ်းအနားတွေ
အင်းစိန်အကျဉ်းထောင်ထဲမှာ… ဖြစ်ခဲ့တယ်။

-အိပ်ဆောင်ရှေ့က တောင်ယာထဲမှာ
အဆောင်ရေကန်ရှေ့က သစ်ပင်ရိပ်မှာ
မင်းက
တိုင်းပြုပြည်ပြု သတင်းစာတစောင် ထုတ်ချင်တယ်၊
ကိုထက်မိုးက
အမျိုးသားစာကြည့်တိုက်စစ်စစ်တခု ထုဆစ်ချင်တယ်၊
ငါ
မြစ်ဝကျွန်းပေါ်က တောသားခမျာမှာတော့
မင်းတို့ပြောသမျှ
ပါးစပ် အဟောင်းသားနဲ့ သဘောတွေကျလို့ပေါ့ကွာ။

မင်း အဲဒီတုန်းက
ခပ်တိုးတိုးလေး ဆိုဆိုနေကျ
“ရှံတဘက်ကလေး ပခုံးထက်တင်ကာ … အိုဝိသာခါ”
ငါ … ကြားကြားနေမိတယ်ကွာ။

-တစ်ခါ … တစ်ခါ
မင်းရဲ့ ကျောင်းအမ
ဝိသာခါရဲ့ ဘ၀စာမျက်နှာ
အလည်ရောက်ရောက်သွားပါတယ်
သူ တလောကလေးတင်က ရေးလိုက်တဲ့ ဝေဒနာ
အလွမ်း ဆိုတဲ့ ကဗျာဟာ
မင်းကို ထာဝရ
သစ္စာရှိရှိ … တမ်းတနေသလိုပဲ။ ။

ကမာပုလဲ ဇူလိုင်- ၂၀၀၉။





စကားလုံးများဖြင့်ရက်သောတောင်ပံ

ဆိတ်ညံမှုအသံသီးသီးသန့်သန့်
သင်နှင့် သင်၏ဟာမိုနီ
သင့်ဟာမိုနီနှင့် သင့် အလင်းရိပ်။
စိတ်နဲ့တိုင်း၍ရက်ထားသောပက္ကလာ ..
သင်ဖြိုခဲ့သော ပန်းပွင့်သက္ကရာဇ်များ
နာကျင်စိမ်းမြလဲပြိုစွာ ...။

မာယာ၏ဒုတိယအမည်နာမကင်းပစွာ
တတိယတန်းစားလူတစ်ယောက်
အဆင့်အတန်းမရှိစွာ ရှုံးနိမ့်ခြင်းသည်သာ
ပရောဖတ်တစ်ရာ၏ ကျဆုံးခန်းဖြစ်လိမ့်မည်။

စိန်စီထားသော မနက်ဖြန်များကို
မြေမှုန်လိုခါချလိုက်သည် ...
မနက်ဖြန်၏တန်ရာတန်ကြေးအစစ်ကို
(အချစ်အလွမ်းကံတရားဘုရားသခင်မှော်ပညာစိတ်ခံစားချက်နှင့်
ကဗျာအတတ်ပညာ စသဖြင့်ဖြားယောင်းမှုမစိုဆွတ်သော )
ကဗျာများဖြင့်သာပေးချေစေလိုသည် ...။


စိတ်ထားကောင်းဖြင့်လာခဲ့၍ မြေမျိုခြင်းမဟုတ်ကြောင်း
အရှင်ဒေ၀ဒတ်သိပါလိမ့်မည် ...
အ၀ါရောင်စာမျက်နှာများမှတဆင့်
ကျွန်ုပ်၏ အမှန်တရားကို ပြန်တူးယူမလိုတော့ပါ။
မိုးရာသီသစ်တောနှစ်တောစာ
စိုက်ပျိုးခဲ့သောကဗျာ ...
သင်ဆာလောင်သည့်အခါ
ခွင့်မတောင်းဘဲခူးဆွတ်စားသောက်နိုင်စိမ့်ငှာသာ ...။

ဤအရာများသည်
နှလုံးသွင်းမမှန်ကန်သော
စိတ္တာနုပဿနာမျှသာ။ ။

Zephyr



ကြယ် တစ်စင်းသို့ … ကဗျာ

လင်းလက်နေတဲ့ ကြယ်တွေ
ကမ္ဘာရဲ့ မြင်ကွင်းက ဖဲ့ထွက်
ငြိမ်းချမ်းရာဆီ ထွက်ထွက်သွားတာ
များ…ပြီ …။

အဲဒီအထဲကမှ
ကြယ်တစ်စင်း (ဝါ ) လူငယ်တစ်ယောက်ဟာ
ကောင်းကင်အကြွေကောက်တဲ့လက်နဲ့
ကျောက်ထွင်းရာဇဝင်ကိုထွင်းခဲ့
သေးငယ်တဲ့ အယူအဆ အစက်အပြောက်သဘောတွေနဲ့
ကမ္ဘာမြေ ကို မြေဆိုင်မြေခဲတွေလို တူးဖော်ခဲ့
မီးအိမ်တစ်လုံးနဲ့ သစ္စာတရား ရှာခဲ့
ယုံကြည်ချက်နရီတွေ ပြိုင်မြင်းတို့ရဲ့ ခွာသံလို ညံခဲ့
နဂါးငွေ့ တန်းလို ဖမ်းရခက်တဲ့ ကြယ်မြင်လမြင်လောကဓံကို
မိမိရရ ဖမ်းဆုပ်ခဲ့
ပြီးတော့ကာ
အနုပညာ လွတ်လပ်ခွင့်မှာ
အသစ်တည်ရှိမှု ယဉ်ကျေးမှုတစ်ရပ်ကို
ကြေးသွန်း သွားခဲ့တယ် ။

“သေသူတွေရဲ့အရိုးက
ရှင်သူတွေ ဘာလုပ်ရမယ်ဆိုပြီး
အံ့ချီးဖွဖွ ဖော်ကျူးပြနေတာကို
သမိုင်းလို့ခေါ်တယ် ”…
ကြယ်က ဆိုရဲ့ …
ငယ်ငယ်ဝံ့ဝံ့ လောကဓံနဲ့
ဆောင်းဦးလေပြည်ကို ပန်ချင်တဲ့
ရင်ဘတ်ထဲ မီးပွင့်ဖဲချပ်တွေ တစ်ထပ်ကြီးနဲ့
အဲဒီကြယ်ပေါ့
သူ့ ဝိဥာဉ်ထဲက မီးခိုးပျော့ပျော့သံတွေဟာ
အခုထိ …
အနုပညာ ဝန်းကျင်တစ်ခုလုံးမှာ
နက္ခတ်ဦးလို ပျံ နေ တုန်း ။

လင်းလက်နေတဲ့ ကြယ်တွေ
ကမ္ဘာရဲ့ မြင်ကွင်းက ဖဲ့ထွက်
ငြိမ်းချမ်းရာဆီ ထွက်ထွက်သွားတာ
များ…ပြီ …
ဝင်သက်နှင့်ယူခဲ့သမျှ
ထွက်သက်နှင့်ပြန်ပေးရမည်
ဒါ ကမ္ဘာအစရဲ့
ပထမ သီအိုရီပဲဖြစ်သည် တဲ့
လင်းလက်နေတဲ့ ကြယ်ပေါင်းများစွာထဲက ကြယ်တစ်စင်း
အနုပညာဟင်းလင်းပြင်မှာ
တာဝန်ကြေ သွား...နှင့်...ခဲ့...ပေါ့ ။။

အိုင်လွယ်ပန်
(ဆရာတာရာမင်းဝေရဲ့ ကျွန်တော်အနှစ်သက်ဆုံး စကားလုံးများဖြင့် အမှတ်တရရေးဖွဲ့ ပါသည် )




လူဆန်တဲ့သီချင်း
ကံရှိသလို ဖြစ်ထွန်းတဲ့ ဘဝမြေဆီလွှာပါ…
ရွေးချယ်မှုပေါ်တည်ပြီး သီးပုံ ပွင့်ပုံ ကွာတယ်။

ကိုယ့်ကိုကိုယ် ဖြူတယ်လို့တော့ မဆိုလိုပါဘူး
ရှင်သန်ခြင်းမှာ တို့တွေဟာ ကိုယ်ပိုင်အရောင်တွေနဲ့ကွဲလွဲလို့။

နံပါတ်တစ် မဖြစ်ချင်ခဲ့ဘူး
ဒါပေမယ့် ကိုယ့်ဖြတ်သန်းမှုထဲမှာ ဘယ်လိုဂုဏ်သတ္တိတွေ ပါမလဲ…
ထည့်သွင်းစဉ်းစားရင်း
ဖြည့်စွက်ပြင်ဆင်ရင်း
ကိုယ့်ကိလေသာယန္တရားကြီးက သူများတွေထက် သွားနှုန်း နှေးနေတာ ။

ချင်ခြင်းတွေကို “ချဉ်”လို့ မရသေးတဲ့ မြေခွေး
ဆေးရောင်စုံ စပျစ်သီးလေးတွေ တွေ့တိုင်း
ထထ ခုန်တတ်တဲ့အကျင့် ပြင်မရသေးဘူး။

တခါတလေ အလွမ်းတွေ လမ်းကူးမှားတဲ့အခါ
ကိုယ့်လမ်းဟာ အဆွေးရောင်သန်းချင်လည်း သန်းမှာပေါ့။

ဘဝကို အနှေးပြကွက်နဲ့ ပြန်ကြည့်ရင်
အရင်က ကိုယ်ပါဝင်တဲ့ အလွမ်းဇာတ်
မျက်ရည်ရွှဲအောင် ငိုခဲ့ဖူးတာတွေ
အခုတော့ မျက်ရည်ထွက်အောင် ရယ်နေရ…။

အလွဲကြီးလွဲခဲ့တဲ့ ကိုယ့်အိပ်မက်တွေကို ခေါင်းအုံးအိပ်
နောင်တတန်းလန်းနဲ့ လက်ကျန်ဘဝကြီးကို ဆုတ်ကိုင်ထားရင်း
အနေအထိုင်မတတ်တဲ့ စိတ်ကလေး ရှိနေသေးတာကိုပဲ
ကိုယ့်ကိလေသာယန္တရားကြီး လူဆန်နေတုန်းလို့
ရိုးရိုးလေး တွေးမိပါတယ် ။
လင်းဒီပ ၂၆.၇.၀၉





ကမ်းခြေ

ရေပန်းဆိုတာကို စမြင်ဖူးတော့
မှင်သက်ငေးမောနေမိ
ရေမှုန်စိန်စ လင်းလက်တဲ့
ငယ်ဘဝရဲ့ ပွဲတော်ညတခုမှာ။

ပင်လယ်ကို ရောက်ခဲ့တာလား
နယ်မြေသစ် မတွေ့ခဲ့ပေမယ့်
ငါးမန်းတွေဘာတွေနဲ့ တွေ့ခဲ့
ကမ်းဝေးတဲ့နေ့တွေ။

လက်ယက်သဲတွင်းလေးဘေးမှာ
ရေကြည်အေးမြ
အနည်ကျအောင်စောင့်ပြီး
သူ့ကို တိုက်ချင်ပါသေးတယ်။

တင်မင်းထက် (၂၂.ဝ၇.ဝ၉)




ထို့ကြောင့် ရွှေဘသည် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ဘူးသလား

မသိခဲ့ပါ။
သောင်ပြင်လွှတ်သော ခွေးများ၊ အနံ့မရှိသော ပန်းများ၊ လေဟုန်စီးသော စွန်များ။
ဖျက်၍ ပြင်၍ရသော ကင်မရာများ၊ ဥတုသုံးပါးညီစွာ နှုတ်ခွန်းဆက်နိုင်သော တယ်လီဖုန်းများ၊ မှန်သားပြင်ကို ကြည့်၍ အခြားသူမျက်နှာနှင့် စကားပြောရသော အင်တာနက် ချက်တင်များ။
အမေရိကန် ပထမဆုံးလူမည်းသမ္မတ အိုဘားမား၏ ခေတ်မှီကားသစ်ကြီး၊ သုံးဘက်၊ လေးဘက်မြင် အမှောင်ဓါတ်ခန်းမှ ရောင်စုံရုပ်ရှင်ဇာတ်ကားများ၊ ဂြိုလ်ဟောင်း တစ်လုံးလျှော့ပြီး၊ ဂြိုလ်သစ် တစ်လုံးတိုးသည့် ဂြိုလ်ကမ္ဘာအကြောင်း။
လေးဖြူ၏ အလင်းရောင်နှင့် စိုင်းစိုင်း၏ တောဂေါ်လီ၊ နန်းတွင်းအရှုပ်တော်ပုံ ကိုရီးယား ဇာတ်လမ်းတွဲများ၊ Counter Strike ကွန်ပြူတာဂိမ်း။
ဟာသမပြောနိုင်သည့် လူတွေ၊ ချန်ပီယံအမြဲဖြစ်နေသော အသင်း၊ စီးပွားပျက်ကပ်နှင့် အကြွေးဝယ်ခွင့် ကဒ်ပြား။
မုန်တိုင်း၊ ငလျင်၊ တောမီး၊ မီးတောင်ပေါက်ကွဲမှု၊ သူတော်ကောင်းအဖြစ် အသေခံ ဗုံးခွဲခြင်း။
ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကမ္ဘာမြေစိမ်းလန်းခြင်း၊ ကြက်ငှက်တုပ်ကွေး၊ H1N1၊ နောက်ထပ်တိုးလာသော လူဦးရေ၊ အကောင်း၊ အဆိုးဖြင့် နာမည်ကြီးသူများ။
အစရှိသဖြင့်……….။
သေသွားပြီးသူများ အကြောင်းတွေးရင်း၊ မသေသင့်သေးသူများ အကြောင်းတွေးရင်း၊ သေနေ့စေ့သင့် သူများ အကြောင်းတွေးရင်း၊ နေတတ်ဖို့ အကြောင်းတွေးရင်း၊ သေတတ်ဖို့ အကြောင်းတွေးရင်း။
မသိခြင်းများကို မသိသည့် အတိုင်းထား၍၊ သိခြင်းများကို သိသလိုနေခဲ့ပြီးသည့်နောက်၊ မသိသလို သိသလို သိသွားသောအခါ။
နေဆူးသစ်




နေကြတ်ခြင်း

မျက်လှည့်ဆရာ ပါးစပ်ထဲ မြိုချလိုက်သလိုမျိုး
မီးတောက်ဟာ ရုတ်တရက် ကွယ်ပျောက်သွား
ဖူးပွင့်တော့မယ့် ပန်းကလေးတစ်ပွင့်တောင်
ထိတ်ခနဲ လန့်ဖြန့်ပြီး ပြန်ငုံသွားရရှာတယ်
နေကြတ်ပြီမေမေ
စကြဝဠာတောအုပ်တွေထဲက
တောရဲတိရစ္ဆာန်တွေအားလုံး
ဝေါခနဲ တိတ်ဆိတ်သွားကြ
အားလုံးရဲ့ အကြည့်ဟာ ပျောက်ဆုံးသွားသောအရာ
တစ်သက်လုံး လင်းခဲ့သမျှ ခဏလေး အမှောင်ကျသွားခဲ့တာပါ
ကျွန်တော်တို့ မခံနိုင်ခဲ့ကြဘူး
လှုပ်ရှားနေတဲ့ အရာတွေ တစ်ချိန်မှာ ရပ်တန့်သွားမယ်
ငြိမ်သက်နေတဲ့ အရာတွေလည်း တစ်ချိန်မှာ လူးလွန့်လာမယ်
ရနေတာတွေအားလုံး တစ်ချိန်မှာ ပျောက်ဆုံးပြီး
မရခဲ့သေးတာတွေအားလုံး တစ်ချိန်မှာ ပေါ်လာမယ်
နေကြတ်ပြီ
နဂါးငွေ့တန်းရဲ့ အခန်းထဲမှာ
ကမ္ဘာရဲ့ ဂြိုဟ်ရံလကို ခြုံလွှာလိုအကာအကွယ်ယူပြီး
နေဟာ မြွေတစ်ကောင်လို အရေခွံလဲခဲ့ပြီ။

လင်းဆက်
July 27, 2009 Special Memoir to Ko Taryar Min Wai





အဝေးကအငေး
လေကောင်းလေသန့်ရှူရှိုက်ဖို့
ပြတင်းတံခါးကိုအသာဖွင့်
အာရုံတွေကိုလမ်းတွေပေါ်ပစ်ချထားလိုက်တယ်
အကြိုအကြား
မမေ့နိုင်စရာပုံရိပ်များ
လမ်းသွားလမ်းလာကိုအဖော်ပြုလို့
အစွဲအလန်းများတဲ့လိမ္မော်ရောင်တွေ
ချိန်ဆနေရတဲ့ကြုံးဝါးသံတွေ
လူတွေလည်းလူတွေအလျောက်
ခွေးတွေလည်းခွေးတွေအလျောက်
ဆာလောင်မှုဟာ ညကြီးသန်းခေါင် ထထ အူရတယ်
မြင်ကွင်းထဲ
အနာဂါတ်ဟာ
ခင်ဗျားတို့ကျပျောက်သွားတဲ့ ကစားကွင်းတစ်ခု။။
ရှိနေခဲ့ပါတယ်
မှုန်ဝါးသွားခဲ့ပါတယ်။
အသံများနဲ့လမ်းတွေဟာ အမှန်တကယ်တည်ရှိခဲ့ပါတယ်။
အခုအရွေ့ပေါ်
သစ်ပင်တွေနောက်တစ်ဖန် အရွက်ပြန်ဝေနိုင်ဥိးမလား
အခု
နားသောတဆင်စရာ
ဒိထက်ပိုမကြားနိုင်တော့ဘူးလား။
လူဇော်သစ်



ရင်ထဲက အကြောင်း
လိုက်လိုက်ကောက်နေရတဲ့အိမ်မက်အပိုင်းအစတချို့
လွင့်လွင့်သွားတဲ့မျှော်လင့်ခြင်းတချို့
အသက်ရှုကြပ်စေမယ့်ကဗျာအတိုတထွာတချို့
ဝင်သက်ထွက်သက်မမှန်ရှာတဲ့စကားလုံးကြမ်းတချို့
တောင်တစမြောက်တစအတွေးတချို့
မနေ့ကမြင်ခဲ့တဲ့ရက်စက်တတ်တဲ့အပြူံးတချို့
ပြောဖြစ်ခဲ့တဲ့အရာမဝင်တဲ့စကားတချို့
မမျှတတဲ့အရော်အစားတချို့
မတန်လို့ပယ်ဖျက်ခံရတဲ့အရင်းအနှီးတချို့
တဘဝစာလုံးနီးပါးရမယ့်ကျိန်စာတချို့
အချိန်အတန်လွန်လွန်းနေတဲ့ရင့်ရော်မှုတချို့
ခပ်ပါးပါးလွမ်းမိတဲ့ပါးပြင်ပေါ်ကမိုးစက်တချို့
ကိုယ့်အတွက်ကိုယ်ပြန်လှောင်ရီဝံ့တဲ့လှောင်ရီသံတချို့
မာနပျောက်ရှခဲ့တဲ့သက္ကရာဇ်တချို့
အိပ်မပျော်သူများရဲ့အခြောက်ခြားဆုံးညတချို့

ဒီလိုတချို့တချို့ပေါင်းများစွာတွေရဲ့ဆွဲဆောင်မှုနောက်ကို
ပြေးပြေးလိုက်နေတဲ့တချို့တချို့သောလူတချို့
ငါကိုယ်တိုင်ဟာလည်းတချိုတချို့လူဖြစ်လို့။

အမရာ




သက္ကရာဇ်တွေထုဆစ်ခဲ့သူ

သတိရခြင်းကိုပြောဖို့
အလွမ်းဆိုတာကို
သက္ကရာဇ်တော်တော်များများ
သူတည်ဆောက်ဖူးတယ်။

သူဟာမှော်ဆရာလေ
ဒီလောက်တော့ တတ်နိုင်ရမှာပေါ့၊၊၊၊၊၊၊

သူကပြောတယ်
ပိုင်ဆိုင်ခြင်းများစွာကို ပြပါဆိုရင်
’ သတိရခြင်းတွေက’ တန်ဖိုးအရှိဆုံး.....

လက်တဖက်ဟာ ကောင်းကင်ကြွေ ကောက်ကြေှးဆို
သတိရခြင်းတွေက ကျန်လက်တဖက်က ပြုတ်ကျလို့။

တေလေမှတ်တိုင် ဘ၀နဲ့
မှော်ဆရာ
သင်ခြေကောခိုင်ခဲ့ရဲ့လား......

(ကျနော်နက်နံခင်းနဲ့ ကျနော်ဝင်လာပါရစေ)
ပြိုင်မြင်းတကောင်လို ကျနော်တို့ဆက်ပြေးကြတာပေါ့
ယုံကြည်ထားပါတယ်
( သင်ပြောသလို ရေခိုးရေငွေ့က
ပင်လယ်ကို ထွန်ယက်တော့မယ်ဆိုတာ)

ရယ်ရယ်မောမော ၀တ္တုတွေနဲ့
ခမ်းခမ်းနားနား စကားလုံးတွေကြားမှာ
ပစ္စုပ္ပန်ဆန်ဆန် မှော်ဆရာရေ
တခါမှာတော့ ဒဏ်ရာဆိုတာ
ဆေးကုရတယ်

ဘုံဘယ်နှစ်ဆင့်မှာ
အမှန် သင်လွင့်နေခဲ့လဲ
မှော်ဆရာရေ
သိုးကျောင်းတိုင်းတော့ ကျနော်
ဂစ်တာ တလက်ပါတယ်။။

အချိန်လေးနည်းနည်းရ
အဆင်လေးနည်းနည်းပြေရင်
မေးချင်တာက
သူ့ အိုးပုတ်လေး မှော်ဆရာ ပြန်ပေးခဲ့ လားလို့ပါ......

ကျနော်
အရှေ့မြိုးရိုးမှာ လည်း မိုးတွေရွာနေပြီ ။။

(သျှင်နွေခ)




နှုတ်ဆက်ချိန်

နာရီသံများထွက်ခွာချိန် ...
ဝိညာဉ်၏ ရှိုက်သံတိုးတိတ်စွာ ...
မီးပျိုးထားသောစိတ်တို့ဖြင့်သာ ....
ပျိုးကြဲရန်လာခဲ့သူ .....

ဖွာရရာပြန့်ကြဲနေသောဆေးစက်သည်သာ
သင့်၌ဆောက်တည်ခွင့်မရခဲ့သောမာယာ ..

အနုလုံပဋိလုံနာကျင်ဆွတ်ပျံ့မွေးမြစွာ
သင်နှင့်သင်ချစ်သောကမ္ဘာ ...
နှင်းစက်လက်ချောင်းများဖြင့်တိုးဖွစွာ ...
နာကျင်ငုံ့ကိုင်းမှုန်မှိုင်းစွာ ...
သင့်နှလုံးသားသို့ ကျွန်ုပ်နှလုံးသားမှ လွမ်းဆွတ်သည့်ဒဏ်ရာ ....။ ။

Xanthos


မူလတန်းအရွယ်က တိတ်ခ်မီအဝေး

Friday, July 31, 2009

ကဗျာနေ့တုန်းကတင်တဲ့ကဗျာတွေထဲမှာ ဝေနော် ရဲ့ ကဗျာလေးတစ်ပုဒ်ပါပါတယ်။
ခု ဒါ ဝေနော်(သို့)လုံမငြိမ်းချမ်းရဲ့ကဗျာအသစ်ပါ။ ဒီလ(သြဂုတ်)ပိတောက်ပွင့်သစ်
မှာ ကျွန်မရဲ့ ကျွန်မတို့တစ်နေရာစီနေထိုင်ကြတယ် ဆိုတဲ့ ကဗျာနဲ့အတူပါလာခဲ့တာ
ပါ။မဖတ်ရတာကြာတဲ့ မလုံမရဲ့ကဗျာကို အားလုံးကိုလည်းဖတ်စေချင်တာနဲ့ မိုးနေ
ကိုပဲအပူကပ်ရိုက်ခိုင်းလိုက်ရပါတယ်။


မူလတန်းအရွယ်က တိတ်ခ်မီအဝေး


မေမေရယ်
ပြတင်းပေါက်ကို မပိတ်လိုက်ပါနဲ့ဦးနော်
ဟိုး မိုးပေါ်မှာလေ ယုန်ကလေးတစ်ကောင်ကို တွေ့နေရလို့ပါ
မျက်လုံးလေးက ပြူးကြောင်ကြောင် နားရွက်ကလေးထောင်လို့
သိပ်ချစ်စရာကောင်းတာပဲ မေမေ
သနားစရာလည်း သိပ်ကောင်းတာပဲနော်
သူ့မှာ သမီးလို သူငယ်ချင်းမရှိပဲ တစ်ကောင်တည်းရယ်
ပျင်းများ ပျင်းနေပြီလား မသိဘူး
ဒီလိုပြောတော့ မေမေက ပြုံးပြီး
ယုန်ကလေးမှာ သူငယ်ချင်းရှိပါတယ် သမီးရယ်တဲ့
ဟင် ... ဘယ်မှာလဲ ကျွန်မဖြင့် မတွေ့မိပါလား ....
အား ... သိပြီ သိပြီ
ယုန်ကလေးရဲ့ သူငယ်ချင်းက ဆောင်းရာသီ လရောင်ဖြစ်ရမယ်
မှိတ်တုတ် မှိတ်တုတ် လင်းလက်တောက်ပနေတဲ့
ကြယ်ပိစိကွေးလေးလည်း ဖြစ်နိုင်တယ်
ယုန်ကလေးရဲ့ သူငယ်ချင်းက သိကြားမင်း
ပြီးတော့ သုသိတာ သုနန္ဒာ သုမာလာ သုစိတ္တာနဲ့ ရေ၀တီ နတ်သမီး ....
ပေသ၀တီ နတ်သမီး ကဉ္စန နတ်သမီး ၀ိသာခါ နတ်သမီးတွေ ဖြစ်ရမယ်
ယုန်ကလေးရဲ့ သူငယ်ချင်းက သိကြားမင်း
ဇ၀နနတ်သား မဋ္ဌကဏ္ဍလီနတ်သားနဲ့ နိမ္မာနရတိနတ်သား ၀သတ္တိနတ်မင်း ဖြစ်နိုင်တယ်
နတ်ပြည်ရောက် ဂုတ္တိလ ဆောင်းပညာရှင် နတ်ပြည်ရောက် ဆတ္တမာဏ၀ လုလင်တို့လည်း ဖြစ်နိုင်တယ်
လက်နဲ့ လှမ်းထိဖို့ မဖြစ်နိုင်တဲ့
ဟော့ဟို . . . မိုးသားလွင်ပြင်ထဲက
တိမ်ငွေ့ တိမ်တန်းတွေလည်း ဖြစ်နိုင်တယ်
မြေထဲပင်လယ်အောက်က
ကနုကမာ မုတ်ကောင်တွေလည်း ဖြစ်နိုင်တယ်
အင်း ...
ယုန်ကလေးရဲ့ သူငယ်ချင်းက သစ်ပင် ပန်းပင် မြေပြင်
ရေမြေ့သရှင် ပြည့်ရှင်မင်းလည်း ဖြစ်နိုင်တယ်
ပင်လယ်ကူးသင်္ဘော တော်တောင်အထပ်ထပ်
နိုင်ငံရပ်ခြား ဘာသာစကားချင်းမတူတဲ့
အင်္ဂလိပ်၊ အာဖရိက လူဖြူ၊ လူမည်းတွေလည်း ဖြစ်နိုင်တယ် Buddhist ဗုဒ္ဓဘာသာဝင်လူမျိုးတွေလည်း ဖြစ်နိုင်တယ်
ငါ့နှယ်မေ့တတ်ရန်ကော ...
ရွှေဂေါင်းပြောင် သမိန်ပေါသွပ် တွတ်ပီနဲ့
ပန်းကန်ပြားပျံ အီးတီကာတွန်းရုပ်တွေလည်း ဖြစ်နိုင်တယ်
ဂျာနယ်ကျော် မမလေးရဲ့ သွေး၊ ဦးချစ်မောင်ရဲ့ သူလိုလူ
ဝတ္ထုစာအုပ်ကြီးတွေလည်း ဖြစ်နိုင်တယ်
ရာဒီဂိုဂျီမိုမီရာကီရဲ့ “ကမ္ဘာကို မည်သူပိုင်စိုးသနည်း” ရန်ကုန် ဘဆွေရဲ့ “သီကုံးပန်းသွင် ရေးဖွဲ့ချင်သော်”
မိုင်းခိုင်းဝန်ရဲ့ ပိဋကတ်သမိုင်း
ထုံချိုင်းကေနဲ့ နှပ်ချေးတွဲလောင်း ကလေးပေါက်စနလေးတွေလည်း ဖြစ်နိုင်တယ်
ယုန်ကလေးရဲ့ သူငယ်ချင်းက
ဆမ်းမားဆက်မွန်ရဲ့ အမ်မလီ ဘရွန်တီလည်းဖြစ်ရမယ်
ဟား... ဓားခုတ်တတ်တဲ့ နှံကောင် စုတ်လဒ်အိမ်မြှောင် ရွှေပိုးကောင်နဲ့
ကြံ့၊ ဂျီ၊ ဒရယ်၊ ဆတ်၊ ပူး၊ ဖွတ်၊ ပဒတ်၊ သမင်၊ ဆင်
ပုရစ်၊ ပလူ၊ ပိုးစုန်းကြူး၊ ကျွဲ၊ လိပ်ပြာ၊ ပျားနဲ့နွား
ဟား ဟား ဟား ဟား ......
အခုန်အပျံ ချန်ပီယံ ဖားပျံ ဖားလတက် ဖားပြုတ် ဖားဂုံညင်းတွေလည်း ဖြစ်ရမယ်
သတိရပြီ သတိရပြီ
ဆည်းဆာရီ နေညိုချမ်းမှာ ပျံသန်းတတ်တဲ့ ချိုးငှက် ဥသြငှက် သိန်းငှက်
စွန်ငှက် ဘုတ်ငှက် ဖိနစ်ငှက် ပင်ဂွင်းငှက် ဇရက် ဇင်ယော်
ကြိုးကြာ၊ ဟင်္သာ၊ ကျီး၊ ဇီးကွက်၊ ဗျိုင်း၊ ငုံး၊ ခို၊ စာကလေး
ဟေး ... အပြေးမြန်တဲ့ မြင်းကျား၊ လားတစ်ကောင်
သိုးအကောင်ရေ မြောက်များစွာနဲ့ သစ်ကုလားအုပ်
ဟုတ်ပြီ ဟုတ်ပြီ
ဒါတင်မကသေး ...
တိတ်ခမီ အဝေး ရုပ်ရှင်ဘိုင်စကုတ်
တိတ်ခမီ အဝေး ဆိုတာ
ကျွန်ုပ်ကို မထားခဲ့ပါနဲ့ ကျွန်ုပ်ကို အဝေးသို့ ခေါ်သွားပါ
ကျွန်ုပ်တို့ ပြန်လာပါတဲ့ ...
အဓိပ္ပာယ်အမျိုးမျိုး
ကြိတ်ကြိတ်တိုး၊ ရုံလျှံသွားအောင် ပြသခဲ့ရတဲ့
ဂျပန်ရုပ်ရှင်ဇာတ်ကားပေါ့ကွာ
တိတ်ခမီအဝေး ရုပ်ရှင်ဇာတ်ကား ပြသတဲ့နေ့က
တို့မြို့ပေါ်မှာ ကြယ်ရောင် လရောင်တွေ ထိန်ထိန်သာနေလိုက်တာ
မမေ့ရက်စရာပါပဲ
မေမေက တို့လက်ကလေးကို ဆုပ်ကိုင်ပြီး
သမီး အနုပညာဆိုတာ ဆေးစက်ကျရာ အရုပ်ထင်တာပါ
ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ ရယ်ခြင်း ငိုခြင်း ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း ACTOR ... ACTRESS တွေရဲ့ ရင်ခုန်ကြည်နူးခြင်း
ကြေကွဲခြင်း စာနာဖေးဖခြင်း ဥပက္ခာပြုခြင်း ကိုယ်ကျိုးစွန့်အနစ်နာခံခြင်း သည်းခံခွင့်လွှတ်ခြင်း
တကိုယ်ကောင်းဆန်ခြင်း ရိုးသားခြင်း စဉ်းလဲခြင်း ပေါင်းဆုံခြင်း ကွေကွင်းရခြင်း
ရက်စက်ခြင်း ကြင်နာခြင်း ငဲ့ညှာထောက်ထားခြင်း တင်းမာခြင်း မေတ္တာ ကရုဏာ မုဒိတာ ဗျာပါဒ မာယာ
အတ္တ မာန ဒေါသ မျက်ရည်စတွေ ရောပွမ်းစုစည်းနေတဲ့ ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ကောင်တွေရဲ့
အမျိုးမျိုး အဖုံဖုံ ပီပီပြင်ပြင် လှုပ်ရှားသရုပ်ဆောင်မှုတွေက ရုပ်ရှင်အနုပညာတွေရဲ့ ရင်တွင်းမှာ တလှိုက်လှိုက်
မှော်ဝင်စီးမျောနေတဲ့ ဈာန်ဝင်အတတ်ပညာတွေပါကွယ် သူတို့ ကြိုးပမ်းအားထုတ်ထားတဲ့ စိတ်ဝိညာဉ်က
ခံစားမှု အတုဖြစ်တယ် ဒါပေမယ့် ပြင်းထန်တဲ့ စိတ်ခံစားမှု တွန်းအားကြောင့် တရှိန်ထိုးဖြစ်ပေါ်လာတဲ့ အံ့မခန်း
လှုပ်ရှားသက်ဝင်မှုတွေဟာ အနုပညာရသ အစစ်အမှန်တွေသာဖြစ်တယ် အနုပညာရှင်တွေမှာ တန်ခိုးမရှိဘူး၊ အာဏာမရှိဘူး
အနုပညာမှာလည်း တန်ခိုးမရှိဘူး အနုပညာမှာ စွမ်းအားရှိတယ် မှော်ရှိတယ် ပရိသတ်ရဲ့ စိတ်နှလုံးကို တမြေ့မြေ့တသသ၊
ဖမ်းစားနိုင်တာဟာ အနုပညာပဲ ...
မေမေတို့ ရုပ်ရှင်ကြည့်ပြီးတာနဲ့ အဲဒီရုပ်ရှင်ဇာတ်ကားကို ခွဲခွာထားခဲ့ရမယ်
ဒါသဘာဝကို လွန်ဆန်တာ မဟုတ်ဘူးနော် သဘာဝကျကျ ဆုံးဖြတ်ခြင်းပဲ ...
ရုပ်ရှင်ဇာတ်ကားကလဲ မေမေတို့ ပရိသတ်အားလုံးကို ခွဲခွာသွားလိမ့်မယ်
ဒါ တရားနည်းကျတဲ့ ဓိဋ္ဌဓမ္မ ရွေးချယ်မှုပဲ
မေမေတို့ အသည်းထဲမှာ စွဲထင်ကျန်ရစ်ခဲ့တဲ့ အနုပညာ အငွေ့အသက်ကတော့
နှလုံးသားထဲအထိ မပျောက်မပျက်ဘဲ ထာဝစဉ် တည်ရှိနေလိမ့်မယ်
ခွဲခြင်းဆိုတာ
အသက်ရှင်လျက်နဲ့ ခွဲခွာရခြင်းနဲ့
သေဆုံးခြင်းကြောင့် ခွဲခွာရခြင်း နှစ်မျိုးရှိတယ်
ဘယ်လိုကြောင့်ပဲ ခွဲခွာရ ခွဲခွာရ တစ်ယောက်တစ်ဘ၀ ခြားသွားပေမယ့်
ခွဲခွာရခြင်းမှာ အဆုံးမရှိဘူး
ခွဲခွာရခြင်းဟာ တစ်နေ့နေ့တစ်ချိန်ချိန်မှာ
ပြန်လည်ဆုံဆည်းရမယ့် မျှော်လင့်ချက်ပါပဲကွယ်တဲ့ 'I hope to see you again" တဲ့ နောက်တစ်ကြိမ် ပြန်လည်ဆုံတွေ့ရလိမ့်မယ်လို့
မျှော်လင့်ပါတယ်တဲ့
“တို့ အဲဒီကတည်းက ခွဲခွာရမယ့် ဝေဒနာကို မနှစ်သက်ခဲ့တာ အမှန်ပါ
ယုန်ကလေးကို ခွဲခွာသွားမယ့် မိတ်ဆွေတွေထဲမှာ
စူဋ္ဌာမဏီစေတီရှိတယ်
သိန္ဓောမြင်းရှိတယ်
သိကြားမင်းနဲ့ ပဇာပတိ၊ ၀ရုဏ၊ ဤသာနစတဲ့
၃၃ ပါးသော နတ်မင်းကြီးတွေရှိတယ်
ဝေဇယန္တာပြသာဒ် ပင်လယ်ကသစ်ပင် ကဏ္ဍုကမ္ဗလာမြကျောက်ဖျာနဲ့
နန္ဒ၀န်ဥယျာဉ် စိတ္တလတာဥယျာဉ်၊ သုဓမ္မာဇရပ်ရှိတယ်
စတုမဟာရာဇ်နတ်ဘုရင် ဝေဿ၀ဏ်နတ်မင်းကြီးရဲ့ အခြံအရံ
ဇန၀သဘ၊ နတ်စစ်သူကြီး၊ရှိတယ်
နိမ္မာနရတိ နတ်ပြည်က သုနိမ္မတနတ်မင်းရှိတယ်
ပဉ္စသီခ နတ်သားရှိတယ်၊ ဘုရားလောင်းများ စံလေရှိတယ်။
တုသိတာ နတ်ဘုံက သန္တုဿိတာ အကြီးအကဲ နတ်မင်း ရှိတယ်
အကာသ မိုးကောင်းကင် တစ်ခွင်လုံးရှိတယ်
ကြယ်စင် နက္ခတ်တာရာတွေ အားလုံးရှိတယ်
ယုန်ကလေးရဲ့ နင်သိထားဖို့က
အမှန်တရားကို တွေ့ရှိဖို့
ကြယ်မြို့တော်တွေ ရှိသင့်တယ်
အမှန်တရားကို တွေ့ရှိဖို့နဲ့ အမှန်တရားကို လက်ခံနိုင်ဖို့
လူတွေရဲ့ဦးနှောက်ဟာ အဆင့်မြင့်ဖို့ လိုအပ်တယ် ဝေခွဲပိုင်းခြားတတ်ဖို့လည်း လိုအပ်တယ်
လောကမှာ အရေးကြီးဆုံးက အသိဥာဏ်
အသိတရားနဲ့ ယှဉ်တွဲဖြစ်ပေါ်နေတဲ့ အသိဥာဏ်သာ
မတော်တဆ ဟန်ချက်လွဲ သွားခဲ့ရင်
နောင်တရမယ့် အမှားကိုသာ ရင်ဆိုင်ရမှာပေါ့
လူ့အသည်းနှလုံးက
ကျောက်တုံး ကျောက်ခဲ မဟုတ်ဘူး
ရွှေတုံး ရွှေခဲလည်း မဟုတ်ဘူး ငွေတုံး ငွေခဲလည်း မဟုတ်ဘူး
လူ့အသည်းနှလုံးဟာ
လှိုင်းပေါ်မှာ လူးနေတဲ့ လှေငယ်ကို …
ဘေးမသန်းပဲ အေးအေးချမ်းချမ်း ကူးခတ်သွားချင်ကြတာပေါ့
လူသားအရင်းအမြစ်တွေဟာ
သောကြာဂြိုဟ်မှာ မရှိတာတော့ သေချာပါတယ်
လူသားဆန်ဆန် … လူ့လောကကြီးထဲမှာ …
ပြန်လည်ဆုံတွေ့ချင်တဲ့ ဆန္ဒက
လူ့အခွင့်အရေးတစ်ရပ် ဖြစ်နိုင်တယ် …
လူသားတွေဟာ စကြာဝဠာအတွင်းထဲမှာပဲ
ရုန်းကန်ရှင်သန်နေကြတယ်
တို့အရွယ် ကလေးတွေကတော့
ဆော့ချိန် ဒုန်းပေါက်ဆော့ကစားလိုက် စာသင်ချိန်မှာ စာသင်လိုက်နဲ့
ရေစီးကြောင်းထဲမှာ ဒိုက်သရိုက်တွေ မျောပါနေသလို
လူ့ဘ၀က ရင်မောစရာကြီးပါကွာ
ဖြေရှင်းဖို့ ခက်ခဲတဲ့ အယူအဆတွေကလည်း စက်ယန္တရားတွေ တပ်ထားသလို
သူတို့လိုရာကို ဗဟိုပြု ခုတ်မောင်းနေကြတယ်
တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုသည်သာ
မှန်ကန်ဖြောင့်မတ်တဲ့ ဆုံးဖြတ်ချက်ကို ခိုင်မာစေတာပါ
ပိန်းကြာရွက်ပေါ် ရေမတင်သလို
ယုံကြည်မှုကို ဥပေက္ခာပြုကြတာကတော့ ပုထုဇဉ် …
လူသားတွေရဲ့ ဇာတိပုည ဂုဏ်မာနတွေပေါ့ကွာ
ဟာ … စိတ်ရှုပ်လိုက်တာ
ဒီကမ္ဘာလောကကြီးထဲက လူသားတွေနဲ့ နင့်အတွက်
မနည်းမနော တွေးတောနေရတာ ဦးနှောက်တစ်ခြမ်းတောင်
ထိုး ထိုး ထောင် ထောင် ဖြစ်လာပြီ မေမေ …
ဒီတော့မှ မေမေက ရေအင်တုံထဲ ရေဖြည့်ပြီး
အိမ်ရှေ့မြက်ခင်းပေါ် သွားချထားပါတယ်
ကျွန်မကိုလည်း သမီးရေ လာကြည့်စမ်းဟေ့လို့ လှမ်းခေါ်လိုက်ပါတယ်
ကျွန်မ အပြေးအလွှား သွားကြည့်တော့
လား .. လား.. ယုန်ကလေးကို တွေ့လိုက်ရတာပေါ့ နီးနီးလေးရယ်
ဒါနဲ့များ မေမေရယ်
သိပ္ပံဆရာမကလေ အဲဒါ ယုန်မဟုတ်ဘူး ချိုင့်တွေ ကျင်းတွေတဲ့
ကျွန်မဖြင့် ဆရာမကို စိတ်ဆိုးချင်တာပဲ
ဒါပေမယ့် ငရဲကြီးမှာ ကြောက်လို့ မဆိုးရဲပါဘူး
နောက်နေ့မှ ဆရာမကို ပန်းလက်ဆောင်ပေးရင်း ဒီလိုပြောလိုက်မယ် မေမေ
ဆရာမရယ် ချိုင့်တွေ ကျင်းတွေက ရေကူးတတ်ပါ့မလား
ယုန်ကလေးမို့လို့ မနေ့ညက ကျွန်မတို့ အင်တုံထဲဆင်းပြီး ရေကူးတာပေါ့လို့ … ။

လုံမငြိမ်းချမ်း
သြဂုတ်၊၂၀၀၉ ပိတောက်ပွင့်သစ်

ထရပ်ကားပေါ်က သစ်သီးတွေ

Wednesday, July 29, 2009


သစ်ပင်အောက်က ကလေးငယ်များ
ငါမြင်နေရ
သစ်သီးထဲက သစ်ပင်ကလေး
အဲဒီသစ်ပင်အောက်မှာ
ပျော်ပျော်ရွှင်ရွှင် ဟစ်အော်ဆော့ကစားနေကြ
ကလေးငယ်များ။ ။
၂၀၀၅-၁၁-၀၃

ငါ့အိမ်နားက အဘွားအို
ဘုရားစင်ရှေ့မှာ ပုဆစ်တုပ်
နှုတ်မှတတွတ်တွတ်ရွတ်ဆို
အဘွားအိုဟာ ဘုရားရှိခိုးစာတွေကိုမေ့ပေါ့
ဥာဏ်ထိုင်းလေတော့
ဘယ်တော့မှ စလယ်ဆုံးကို
မှန်ကန်စွာ မရွတ်ဆိုနိုင်ပါ
ဘုရားရှင်ခွင့်လွှတ်တော်မူပါ။ ။
၁၃-၁၁-၀၅

ငါးနဲ့ကြောင်
မင်းဘာကြောင့် ငါးကို မစားတယ်
သြော်. . . သံယောဇဉ်ဟာ ဆန်းကြယ် ။ ။
၁၃-၁၁-၀၅

မိုးရွာနေချိန်
မိုးသားတိမ်တိုက်ကြီးဟာ
လမ်းပေါ်ကိုရောက်လာ
ငါတို့သူ့ကို မမှတ်မိတော့ပါ။
၁၃-၁၁-၀၅


ညရထားနဲ့ အမှောင်ထဲ ခရီးသွားစဉ်
ဟိုးဝေးဝေးမှာ မြင်ရတဲ့
မီးရောင်ကလေး
တဖြည်းဖြည်းဝေးကွာ ကျန်ရစ်ခဲ့တယ်။ ။
၁၃-၁၁-၀၅

အမည်မဲ့
ကျွန်တော့် ဖောင်တိန်ထဲက စကားလုံးတစ်လုံး
ထွက်ပြေးသွားတယ်
ကဗျာဘယ်လိုရေးရမယ်
ခုထိသူ့ကိုမတွေ့ပါဘူးကွယ်
ကျွန်တော် စိတ်ပျက်တယ်။ ။
၁၃-၁၁-၀၅

သူအိုလင်မယား
လမင်းကထိန်လို့
ညထဲ မိုးတိမ်တွေ တရွေ့ရွေ့
လေညင်းကတသုန်သုန်
တံခါးရွက်ကတကျည်ကျည်မြည်
သစ်ရွက်တွေ တရှဲရှဲ
အိပ်ရာထဲမှာ ဆီးဟောင်းအနံ့ ။ ။
၁၃-၁၁-၀၅

အဖေသို့
ကျွန်တော် ထမင်းစားပြီးပြီ
ဆင်ခြင်တုံတရားနဲ့ သုညကို ရိုက်ခွဲပြီးပြီ
သော့ခလောက်ကြီးကြီးတစ်ခု ၀ယ်ပြီးပြီ
နေကောင်းပါတယ်အဖေ။ ။
၁၃-၁၁-၀၅

ကြိုးဝိုင်း
လက်ဝှေ့ကြိုးဝိုင်းထဲမှာ
လူနှစ်ယောက်
အိပ်စက်လို့ နှစ်နှစ်ခြိုက်ခြိုက်။ ။
၂၅-၁၀-၀၅

အလွမ်းများ
လွမ်းမိ
မင်းနဲ့ဆုံခဲ့တဲ့ အချိန်တွေ
မင်းနဲ့ဝေးနေတဲ့အချိန်တွေ
မင်းနဲ့မတွေ့ဆုံသေးမီအချိန်တွေ။ ။
၅-၁၀-၀၅

ထရပ်ကားပေါ်ကသစ်သီးတွေ
ထရပ်ကားပေါ်က သစ်သီးတွေ
ဖြတ်မောင်းသွားတာ ငါမြင်မိ
ငါရပ်ကြည့်နေမိခဲ့
ထရပ်ကားပေါ်က သစ်သီးတွေ။ ။
၅-၁၀-၂၀၀၅

အသံ
သတိရတယ် . . . တဲ့
ကြားလား
ကမ္ဘာမြေတစ်နေရာက အပ်ကျတဲ့အသံကလေးပါ။ ။
၅-၁၀-၀၅

အရုပ်ဆိုးသော ပန်းကလေး
အရုပ်ဆိုးသော ပန်းကလေး
ကမ္ဘာမြေရဲ့အဝေး တောနက်နက်ထဲမှာ
သူ့ဘာသာပွင့်နေရှာ
ဘယ်သူမှ မသိပါ။ ။
၅-၁၀-၀၅

ကဗျာဆရာ့ဇနီး
စာရွက်လွတ်တစ်ရွက်ကို ကြည့်ပြီးငိုရှာ
မရေးရသေးတဲ့ ကဗျာတစ်ပုဒ်အတွက်ပါ။ ။
၅-၁၀-၀၅

အမူးသမားတစ်ယောက်ရဲ့ မေးခွန်းများ
ပေါင်မုန့်တွေ ဘယ်သွားနေလဲ
ငါ့မိန်းမဘယ်သွားနေလဲ
ငါ့အိမ်ကော ဘယ်သွားနေလဲ။ ။
၅-၁၀-၀၅

မင်း
မြေကြီးအောက်ပေနှစ်သောင်းမှာ
ဘာတွေရှိတာမသိပါ
ငါ့ရင်ထဲမှာ မင်းရှိတာ။ ။
၅-၁၀-၀၅

ကန္တာရသား
ပင်လယ်ကိုမမြင်ဖူးခင်ကတည်းက
ပင်လယ်ကိုချစ်ခဲ့တယ်
ကျုပ်လား . . . ပင်လယ်ဆီသွားနေတာပါ။ ။
၅-၁၀-၀၅

နံနက်ခင်း
နံနက်လင်းပြီ
ပြတင်းပေါက်ကိုဖွင့်ပြီးပြီ
မျက်နှာသစ်ပြီးပြီ
ခန်းဆီးစကို မတင်လိုက်ပြီ
မင်္ဂလာပါလေညင်းကလေး။ ။
၅-၁၀-၀၅

ဂြိုဟ်ကမ္ဘာတစ်ခုရောက် သက်ရှိမျိုးစိတ်တစ်ခုရဲ့ မှတ်ချက်
ငါတို့ မမှားဘူး
အမှန်တရားနဲ့ သီသီလေး လွဲသွားတာတစ်ခုပါပဲ။ ။
၎-၁၀-၀၅

သီတင်းကျွတ်
သီတင်းကျွတ်ပြီ
ဆီမီးထွန်းရအောင်
ကြာပန်းတွေ ခူးရအောင်
ငါတို့အရိပ်တွေ ပူးကပ်သွားတဲ့အထိ
ညထဲလျှောက်လည်ရအောင်။ ။
၅-၁၀-၀၅

သီချင်းတစ်ပုဒ်
နားထိုင်းကြီး
စားပွဲပေါ်က
ဂီတသင်္ကေတတွေကို တစိမ့်စိမ့်ကြည့်လို့
သီချင်းတစ်ပုဒ်ဆိုတာ
သြော် . . . သီချင်းတစ်ပုဒ်ဆိုတာ။ ။
၁၀-၈-၀၅

နားလည်မှု
ငါပြောတာ မင်း ယုံဖို့ မလိုပါ
မင်းပြောတာလည်း ငါ မယုံပါ
ငါတို့ ခင်မင်နေကြမြဲသာ။ ။

၁၉-၁၀-၀၅

မြေစိုင်ခဲကလေး
ငါးဒသမရှစ်ကိုး
လေးဆယ့်ကိုးဒသမနှစ်နှစ်
ခုနစ်ရာတစ်ဆယ့်သုံးဒသမရှစ်ခြောက်
ကိုးထောင့်ကိုးရာ့ခြောက်ဆယ်ဒသမသုညတစ်
ခြောက်သောင်းသုံးထောင်ဒသမကိုးငါး
ကုန်းကောက်စရာမရှိဘူးလို့ မပြောပါနဲ့
မြေစိုင်ခဲလေးကိုအားနာပါကွဲ့။ ။
၂၀-၁၁-၀၄

ကဗျာတစ်ပုဒ်
ယုံကြည်မှုတွေမပေါ်သေးမီက
လူတွေနေထိုင်ကြသလို နေထိုင်ကြည့်ချင်တယ်
အမှားနဲ့အမှန်မပေါ်သေးမီက
လူတွေကျင်လည်ကြသလို ကျင်လည်ကြည့်ချင်တယ်
မေးခွန်းတွေ မရှိသေးခင်က
လူတွေ စကားပြောကြသလို ပြောကြည့်ချင်တယ်တဲ့။
ကဗျာဆရာတွေ မပေါ်သေးမီက
ကဗျာတစ်ပုဒ်ရှိခဲ့လေရဲ့။ ။
၂၁-၁၁-၀၄

အာလူးသီး
အာလူးသီးသုံးလုံးရှိတယ်
တစ်လုံးကကြီးတယ်
သူဆင်းရဲကိုပေးကွယ်
အာလူးသီးသုံးလုံးရှိတယ်
တစ်လုံးကသေးတယ်
သူဌေးကြီးယူကွယ်
အာလူးသီးသုံးလုံးရှိတယ်
တစ်လုံးကအနေတော်ကွယ်
အဲဒါငါ့ဖို့ရယ်။ ။
၂၁-၁၁-၀၄

ဧည့်စိမ်း
အဝေးကြီးကလာခဲ့ရတယ်
ဘယ်လောက်ဝေးဝေးကလာခဲ့ရသလဲ
ဂြိုဟ်တွေဆီကလား။ ကြယ်စုကြီးတွေဆီကလား
နေစကြာဝဠာရဲ့အပြင်ဘက်ကလား
မဟုတ်ပါ
မင်းခန္ဓာကိုယ်ထဲက မသိမှုဆီက လာခဲ့တာ။ ။
၂၁-၁၁-၀၄

ဘယ်လက်ရုံး
ကဗျာတစ်ပုဒ်ရှိတယ်
ဘယ်လက်ရုံးမှာ
ခေါင်းအုံးအိပ်စက်
အိပ်မက်တွေလည်း မက်ပါလှည့်(တဲ့)
မေးခွန်းတစ်ခုရှိတယ်
မင်းမှာဘယ်လက်ရှိသလား။ ။
၁၇-၆-၀၅

မျှော့
ဦးခေါင်းထဲက မျှော့တစ်ကောင်
ဖမ်းဆီးရမိခဲ့
ငါ့အသိဥာဏ်တွေ သူ့ဆီမှာကွဲ့။
၂၁-၁၁-၀၄

ဘာမှမရှိတဲ့သေတ္တာ
ဒီသေတ္တာဟာ
ဘာမှမရှိတဲ့သေတ္တာပေါ့
သေတ္တာထဲမှာ
ဘာမှမရှိဘူး
ဖွင့်ကြည့်လိုက်ပါ
မြင်တဲ့အတိုင်း ဗလာပါပဲ
သေတ္တာထဲမှာ ဘာမှမရှိဘူး
မင်းမှာဘာရှိသလဲလို့ မေးရင်
ငါ့မှ သေတ္တာတစ်လုံးရှိတယ်လို့
ဖြေနိုင်တဲ့သေတ္တာပေါ့။ ။

အိပ်မက်
ကင်းသမားကြီးဟာ ညညဆိုမအိပ်ဘူး
ဒါကြောင့် သူဟာ အိပ်မက်မမက်ဘူးပေါ့
ဒါပေမယ့် သူမြင်တွေ့ခဲ့ရတဲ့ ညကမ္ဘာကြီးဟာ
တကယ့်အိပ်မက်အစစ်ကြီးတစ်ခုပါပဲ။
၂၁-၁၁-၂၀၀၄

တွန်သံ
နားထောင်ကြည့်ဖူးလား
ကြက်ဥတစ်လုံးကို
သေသေချာချာ
နားနားကပ်ကာ
နားထောင်ကြည့်စမ်းပါ
ကြက်ကလေးတစ်ကောင်တွန်နေတာ ။ ။

လူအ
လူတွေက ကျွန်တော့်ကို လူအ လူအလို့
ပြောပြောနေကြတယ်ဆရာ
ကျွန်တော် လူအမဟုတ်ကြောင်း
ထောက်ခံစာရေးပေးပါ
ကျသင့်သလောက် ပေးပါ့မယ်ခင်ဗျာ။ ။
၂၁-၁၁-၀၄

ကျောင်းပြေး
မေမေမသိအောင်
ဖေဖေမသိအောင်
ဆရာမသိအောင်
ခပ်ဝေးဝေးချောင်ထဲမှာ
မာလကာသီးကတစ်လုံး
ချိုချဉ်ကနှစ်လုံး
ကာတွန်းစာအုပ်ကတစ်အုပ်
မမြင်ဖူးတဲ့ဓာတ်ပုံကတစ်ပုံ။ ။
၁၇-၆-၀၅

သံပရာသီး
မှတ်မိပါသေးရဲ့
သံပရာပင်အောက်
ရောက်ခဲ့ဖူးတယ်
လွန်ခဲ့တဲ့နှစ်ပေါင်း(၃၀)ကျော်က
သံပရာသီးကလေး
ခုထိချဉ်ဆဲပါကလား။ ။
၁၇-၆-၀၅

ငယ်ငယ်တုန်းက အင်္ကျီ
ကျွန်တော်နဲ့ မတော်တော့ဘူး
ကျွန်တော် ၀တ်လို့မရတော့ဘူး
ရင်ဘတ်မှာ ကာတွန်းရုပ်ကလေးနဲ့
သိပ်ကိုသေးသွားပါပြီဗျာ
ဒါပေမယ့် တစ်ခါတုန်းက ကျွန်တော် ၀တ်ခဲ့တာ။ ။
၁၇-၆-၀၅

ပေးစာ
နေ့သစ်ကိုရောက်ပြီ
ဘောလ်ပင်အသစ်
စာရွက်အသစ်နဲ့
ဝါကျအသစ်တွေရေးပြီး
ပေးပို့လိုက်တယ်
အိုး ....ငါ့အချစ်ဟောင်း။ ။
၅-၁၂-၀၅

ကျောက်တုံးကြီး
ကမ်းခြေက ကျောက်တုံးကြီး
တစ်နေ့လုံး
တစ်ညလုံး
အေးစက်စက်တစ်ဆောင်းတွင်းလုံး
ငြိမ်လို့ကမ်းခြေမှာ
လူတစ်ယောက်
ကမ်းခြေကိုရောက်လာပြီး
ကျောက်တုံးကြီးပေါ်ထိုင်နေရင်း
ပင်လယ်ဆီငေးခဲ့
အဲဒီနောက်မှာ
ကျောက်တုံးကြီးဆီက
သွေးနိုးသံတလှုပ်လှုပ်
ခုထိကြားရ။ ။
၅-၁၂-၀၅

မင်းနဲ့ငါ
ပျင်းရိနေစဉ်မှာ
မင်းကိုသတိရမိတယ်
ပျော်ရွှင်ရယ်မောမိတော့
အဲဒီရယ်ရွှင်ဖွယ်မင်းကို
ပြောပြချင်မိပေါ့
ခုတော့ ငါငြိမ်သက်နေရဲ့
မင်းရော
အေးအေးလူလူပဲမဟုတ်လားကွဲ့။ ။
၎-၃-၀၅

လူ့ဘ၀ရဲ့အရသာ
မီးဖိုခန်းမှောင်မှောင်ထဲမှာ
အဘွားအိုတစ်ယောက်
နို့ဆီဘူးခွံကို
ရေကျင်းပြီးသောက်နေရဲ့။ ။
၎-၃-၀၅

ဖောက်မလင်ရည်စိမ်ထားတဲ့လူကလေးသို့
လူကလေး
မင်းကိုငါမေးမယ်
အပြစ်ကင်းသူအဖြစ်
မင်းမွေးဖွားလာခဲ့တယ်
ဒါကိုသိပါစကွယ်။ ။

အဖေ့ဒိုင်ယာရီ
အဖေ့ဒိုင်ယာရီထဲမှာ
ကမ္ဘာတစ်ခု
အဲဒီကမ္ဘာထဲမှာ
ကျွန်တော်ဟာ
အမြဲတမ်းကလေးငယ်တစ်ယောက်ပါ
ပြေးဆော့နေတယ်။ ။
၎-၃-၀၅

မရှိမဖြစ်လိုအပ်သော အရာဝတ္ထုများ
(အဘိုးကြီးတစ်ယောက်အတွက်)
၁။ တုတ်ကောက်တစ်ချောင်း(အမြဲတမ်းအတွက်)
၂။ သွားတုတစ်ခု
၃။ စိပ်ပုတီး(တစ်ခါတစ်ရံအတွက်)
၎။ ကြောင်ပိန်ပိန်လေး(သူစားမကုန်တာကျွေးဖို့)
၅။ တိတ်ဆိတ်မှုနဲ့ အနွေးဓာတ်
၆။ မြင်းရိုင်းတစ်ကောင် (စိတ်ကူးထဲမှာ စီးကြည့်ဖို့)။ ။
၂၄-၅-၀၅

မီးရထားများ
မီးရထားများ တစ်စင်းပြီးတစ်စင်း
ခုတ်မောင်းကာ ဘူတာရုံထဲဝင်လာ
ဘူတာရုံထဲမှာ
ဧရာမမီးရထားကြီး
ခုတ်မောင်းဝင်ရောက်လာတဲ့မီးရထားများကို
တင်ဆောင်ပြီး
ဂျုံးဂျုံးဂျက်ဂျက်
ခုတ်မောင်းထွက်သွား
ပို၍ကြီးမားသော မဟာဧရာမမီးရထားကြီးဆီသို့။ ။
၁၂-၆-၀၅

ကန္တာရသားတို့ရဲ့ ဝေါဟာရ
လေနီကြမ်း၊ သဲမုန်တိုင်း၊ တံလျှပ်
ဆူးကြမ်းပင်၊ ပူးပြင်းခြောက်သွေ့မှု
ဘယ်ဆီဘယ်ဝယ်၊ ရေဘူး၊ သစ်သီးခြောက်
ကုလားအုပ်၊ အော်သံ၊ တိတ်ဆိတ်မှု
မျက်စိလည်ခြင်း၊ ဟိုးအဝေး၊ မျက်စိတစ်ဆုံး
ဟင်းလင်းပြင်၊ လမ်းပြကြယ်များ
တရွေ့ရွေ့ဖြတ်သန်းခြင်း။ ။
၆-၁၀-၀၅

ဆင်ဖိုနီနံပါတ်(၄၃)
ဗလာစာအုပ်တစ်အုပ်ဟာ
ကျုပ်အကြောင်းရေးထားတာပါဗျာ
ခရုခွံကလေးတစ်ခုကတော့
ကျုပ်ဝယ်ထားတဲ့နိုင်ငံငယ်လေးတစ်ခုပေါ့
အားကုန်နေတဲ့ဓာတ်ခဲက
ကျုပ်ကိုပုံတူထုထားတာဆိုပဲဗျ
ပိုက်ဆံနည်းနည်းလောက်ချေးပါ
အဲဒါကျုပ်ပြဇာတ်ကတုန်းကပါ
ရော့ဒါတွေမင်းယူလိုက်တော့
အဲဒါကျုပ်စစ်စစ်ပေါ့။ ။
၁၄-၅-၀၅

လူသိနည်းနည်း အင်တာဗျူး
တိုက်ပိုင်ရှင်ကြီးက ကြိမ်လုံးကိုင်ပြီးမေးတယ်
မင်း ငါ့သားကိုလွမ်းရဲသေးသလားတဲ့
အိမ်ဖော်မလေးက ဖြေတယ်
ကျွန်မ မလွမ်းရဲပါဘူး ဘဘကြီးတဲ့
ဒါပေမယ့် ကဗျာဆရာငါက အသေအချာပြောဝံ့ပါတယ်ကွယ်
အိမ်ဖော်မလေးရဲ့ရင်ထဲမှာ
အဲဒီကောင် အမြဲရှိနေလိမ့်မယ်။ ။
၅-၁၀-၀၅

စာရေးသူ
ကောင်းကောင်းအသက်ရှူမယ်
စကားကောင်းကောင်းပြောမယ်
အစားကောင်းကောင်းစားမယ်
ကောင်းကောင်းနေမယ်
ကောင်းကောင်းနိုးထမယ်
ကောင်းကောင်းအလုပ်လုပ်မယ်
ငါတို့ဖတ်ရှုခဲ့ရသော ဆိုးတဲ့ပုံပြင်များ
ကောင်းကောင်းအသစ်ပြင်ရေးမယ်ကွယ်။ ။
၃၁-၁-၀၅

ထိုသုံးဦး
တရားကိုသိသူက
စာအုပ်တစ်အုပ်ကိုဖတ်တယ်
အားကိုသိသူက
ဓားတစ်လက်ကိုသွေးတယ်
ဘာမျှမသိသူက
လမ်းပေါ်လေချွန်ပြီး လျှောက်နေလေရဲ့။
၂၃-၁၂-၀၂

ငါ
စွန့်ပစ်ခဲ့ကြပြီ
ပိုးလောက်တဖွားဖွား
ဝမ်းဗိုက်ကြီးရောင်ကိုင်းဖောင်းကားလို့
အပုပ်နဲ့တထောင်းထောင်း
ဘင်္ဂအရည်တွေယိုစီးကာစိမ့်စိမ့်
ငါဟာခွေးသေကောင်ပုပ်ပါ
ခွေးသေကောင်ပုပ်ဟာ ငါပါ
လင်းတတွေသာ ငါ့ကို အရသာခံတတ်ကြပေလိမ့်
တောမှီရဟန်းတွေသာ ငါ့ခန္ဓာကို
ဓမ္မဥာဏ်ပွင့်အောင် ရှုနိုင်စွမ်းပေလိမ့်။
၂၁-၂-၀၃

ဂြိုဟ်သား
တားမြစ်ထားတဲ့သစ်သီးကို စားမိတယ်
တားမြစ်ထားတဲ့ ရုပ်ရှင်ကို ကြည့်မိတယ်
တားမြစ်ထားတဲ့ အိပ်ရာမှာ အိပ်မိတယ်
တားမြစ်ထားတဲ့ အိပ်မက်တွေတစ်ညလုံး မက်ခဲ့
နိုးလာတဲ့အခါ
ကိုယ်ဟာ တခြားကမ္ဘာက ဂြိုဟ်သားတစ်ယောက်ဖြစ်ခဲ့ပေါ့။ ။
၂-၃-၀၄

ဒုတိယအကြိမ် ဖတ်ရှုရန် မလိုအပ်တဲ့ကဗျာ
ကျွန်တော် မယုံတာ (၃)ခုရှိတယ်။
၁။ ကျွန်တော်။ (၂)ခင်ဗျား၊ (၃) အခြားတစ်ယောက်
ကျွန်တော် ယုံတာ(၃)ခုရှိတယ်။
(၁) ကျွန်တော်၊ ၂။ ခင်ဗျား၊ (၃) အခြားတစ်ယောက်။ ။
၁၆-၁၁-၀၅
ည ၁၁ နာရီ

စက္ကူ
ကျွန်တော် ညအခါ အိပ်ရာထဲလဲလျောင်းလိုက်ရာ
အိပ်မက်တလိမ့်တုံးကြီးက တဒီးဒီးကြိတ်လေတော့တာ
အဲဒီအခါ ကျွန်တော်ဟာ စက္ကူတစ်ရွက်ဖြစ်လို့သွား
လေလွင့်စက္ကူရွက်ပေါ် မင်းနာမည်ရေးလိုက်ပါလား။ ။
၂၉-၁၁-၀၅
ည ၉း၂၀ နာရီ

အိမ်ရှေ့က သစ်ပင်
ချိန်းဆိုထားပြီး ရောက်မလာသူတစ်ယောက်ကို
စောင့်ဆိုင်းနေသလို ရပ်လို့ ပေါက်ရောက်နေတဲ့ သစ်ပင်တစ်ပင်
ငါ့အိမ်ရှေ့တွင်
သစ်ပင်အောက်မှာ တစ်ခါတလေ ကောင်လေးတစ်ယောက်
တစ်ခါတလေ အဘွားအိုတစ်ယောက်
တစ်ခါတလေ ခွေးကလေးတစ်ကောင်
ရပ်လို့။ လမ်းမကို ငေးလို့။ ။
၂၉-၁၁-၀၅
ည ၈း၀၅ နာရီ


အိပ်ပျော်နေတဲ့ ခဲတံ
ခဲတံ ခဲတံ မင်းဘာကြောင့် အိပ်နေတာလဲ
ခဲတံ ခဲတံ မင်းဇာတိဟာ ဘယ်ကလဲ
ခဲတံခဲတံ အခုမင်းအိပ်မက်မက်နေတာလား
ခဲတံခဲတံ အိပ်ရာကနိုးလာတဲ့အခါ
အားလုံးကိုပြန်ရေးပြပါ
ငါသိချင်နေမိတာ။ ။
၂၉-၁၁-၀၅
ည ၉း၀၅ နာရီ

ဣတ္ထိယတောင်တန်း(ကဗျာစု)

Saturday, July 25, 2009

Align Center


တ္ထိယတောင်တန်း(ကဗျာစု)
ပိုင်စိုးဝေ







အပိုင်း(၁)

မိဝင်းဖို့
ကဗျာများကို မူလ မဂ္ဂဇင်းများတွင် ဖော်ပြခဲ့သည့်ခုနှစ် သက္ကရာဇ် အလိုက် ဖော်ပြထားခြင်း မဟုတ်ပါ။ ကဗျာဆရာနှင့် စီစဉ်သူတို့၏ စိတ်ကူးခံစားမှုအလျောက် စီစဉ်ထားခြင်း ဖြစ်ပါသည်။
ကဗျာများကို အပိုင်း(၅)ပိုင်းခွဲထားပါသည်။ မိဝင်းဖို့ကဗျာများသည် ဟန်သစ်မဂ္ဂဇင်းတွင် ဖော်ပြခဲ့ပါသည်။
ကဗျာများကို မိန်းကလေးတစ်ဦးဦး၏အမည်ပေးရန် လိုအပ်သည့် အတွက်စဉ်းစားသော အခါ ရင်းနှီးခင်မင်သော မိန်းကလေးတို့၏ အမည်ကိုစဉ်းစားမိသော်လည်း ထိုအချိန်မှာ ကျွန်တော့်ဇာတိ အောင်သာရွာသို့ အပြန် မန္တလေး-မြင်းခြံ ဝင်း အမြန်မော်တော်ကားကြီး ပေါ် စီးနင်းလိုက်ပါလျက်ရှိရာ ၄င်း ဝင်း အမြန် မော်တော်ကားကြိးကို အစွဲပြု၍ မိဝင်းဖို့ကဗျာ ဟူ၍အမည်ပေးလိုက်ပါသည်။။။

မိဝင်းဖို့ကဗျာ(၁)
ဒုက္ခတွေကိုပြပြပြီး
မင်းကငါ့ကိုမြှူဆွယ်ရဲ့
ငါဘာကောင်ဆိုတာသိဖို့
ငါ့ဗိုက်ကိုဓားနဲ့ထိုးကြည့်ဖို့တော့
မကြိုးစားနဲ့လေ
ငါ့ဘဝရဲ့ဖြစ်တည်မှုဟာ
ငါ့ဗိုက်ထဲမှာမရှိဘူး
ငါ့မှာရှိသမျှငါ့ဘဝရဲ့အဓိပ္ပာယ်တွေ
မင့်ကိုသာပေးလိုက်ချင်ရဲ့
ငါ့မှာဗလာသက်သက်အခွံချည့်
ကျန်ရစ်ခဲ့စမ်းပါစေ။
မင်းနဲ့ပတ်သက်ပြီးတော့လည်း
ပြားပြားဝပ်မတတ်ကြောက်ဒူးတုန်ရဲ့
ပထမဆုံးသေနတ်သံကြားကတည်းက
လက်နက်ချဖို့သာ စိတ်ကူးနေသူပါ
မင်းနဲ့ပတ်သက်တဲ့ ငါ့ရဲ့အနာဂါတ်တိုင်းဟာ
ဘယ်တုန်းကမှငါ့ဆီကိုရောက်မလာခဲ့ဘူး
ထင်းရှူးပင်တွေပေါတဲ့တောအုပ်ကြီးထဲ
အမြဲတမ်းပုန်းပုန်းနေတဲ့အနာဂတ်ပါ။
ရူးစမ်းပါစေ ဆိုပြီး
မင်းပစ်ပေးလိုက်တဲ့အဲသည်အထုပ်ကို
ရတဲ့နေ့ကစ
တစ်ညမှအိပ်မပျော်တော့ဘူး
ဟင်းလင်းပြင်ကြီးကိုပွေ့ဖက်
ငါ့ထွက်သက်နဲ့ဝင်သက်တိုင်းမှာ
မီးနဲ့ရေ ကိုရှုသွင်းမှုတ်ထုတ်
အပြင်းစားအာရုံတွေကို ငါစားသုံးရဲ့။
လှုပ်ခတ်နေတဲ့
ငါ့စိတ်ရဲ့အသံဗလံတွေကို
မင်းကြားရဲ့လား။
ဟေ့
ငါ့ကိုသနားလို့ဆိုပြိးတော့များ
မင်းဖန်တီးထားတဲ့ဇာတ်ကွက်ဇာတ်လမ်းတွေ
ရပ်တန်းကရပ်မပစ်လိုက်ပါနဲ့
ငါဆက်ပြီးရူးစမ်းပါရစေ။
နားမလည်ပါဘူးဆိုတာကိုက
မင်း ငါ့ကို နားလည်တာပါပဲ။ ။
၁၅။၁၀။၉၄
ဟန်သစ်မဂ္ဂဇင်း



မိဝင်းဖို့ကဗျာ(၂)

အုံ့ဆိုင်းတဲ့နှင်းထုထဲ
နေရောင်ကျဲကျဲထိုးချလိုက်တဲ့အခါ
မင်း
ငါ့နှလုံးသားကိုသတိရပေါ့ကွယ်။
ဟေ့..မိဝင်း
မင်းဟာ င့ါကိုမယုံဘူး
ဟုတ်လား
ငါ့တစ်ကိုယ်လုံးကိုင်ကြည့်လိုက်လေ
တဆတ်ဆတ်တုန်ခါနေတာ
မင်းတွေ့ရမှာပဲ။
ဟောသည် ကန္တာရတောအုပ်ကြီးကို
ဘယ်သူမှတားဆီးမရသလိုမျိုးပေါ့
ငါ မင်းကိုချစ်တာ။
ကြည့်စမ်း
မင်းက ငါ့ကို
ဒုတိယတန်းစားထဲမှာ ထားခဲ့ချင်သပေါ့
တကယ်တမ်းကျ ငါက
တတိယတန်းစားလူတစ်ယောက်ပါကွာ။
လူတစ်ယောက် ဘယ်လောက်ထိချစ်နိုင်တယ်ဆိုတာ
မင်းက မယုံဘူး
ဟုတ်လား
လူတစ်ယောက်မိုးပေါ်ပျံနိုင်တယ်
ဆိုတာမျိုးကျ မင်းက ယုံပြန်ရော။
တငွေ့ငွေ့ကျန်ရစ်ခဲ့တဲ့
မင်းရဲ့ သရော်တော်တော်အပြုံးလေးကိုပဲ
တစ်သက်လုံး သိမ်းဆည်းထားရစ်တော့မယ်
ငါ့အပြစ်ပါ။
ငါ့ဘဝရဲ့ဖြစ်တည်မှုထဲ
မင်းလက်ကိုထိုးသွင်းကြည့်လိုက်စမ်း
ကိုင်း...အချစ်နံ့တွေ ရတယ်မဟုတ်လား။
မင်းနဲ့ပတ်သက်တိုင်း
ငါရရှိတဲ့ ပျော်ရွှင်မှုဆိုတာ
စစ်ပွဲကြီးတစ်ခုပြီးသွားတဲ့အခါ
ကျည်ဆံခွံလိုက်ကောက်ရတဲ့ ကလေးလိုပါပဲ။
ဘာမှန်းမသိတဲ့ အရာတွေအပေါ်
ဘာမှန်းမသိဘဲ လိုက်လျောနေရတာ
ငါ့ဘဝပါကွယ်။
ငါ့အချစ်ဟာ
မင်း ဘာသာပြန်လို့ မရနိုင်လောက်အောင်
မရှုပ်ထွေးလှပါဘူး။
ပြင်းထန်လွန်းတဲ့အာရုံခံစားမှုနဲ့
တုန်ခါနေတဲ့ ဘဝရဲ့ရစ်သမ်ကို
ပေါင်းစပ်ထားတာတစ်ခုပါပဲ။
မြက်ခင်းပြင်ပေါ် လမ်းလျှောက်ရသလိုမျိုးတော့
မလွယ်ကူလှဘူးပေါ့ကွာ။
ငါ့အသက်အရွယ်ကြီးနဲ့ကျမှ
အသည်းကွဲသီချင်းတွေလည်း ဆိုမနေပါရစေနဲ့တော့
ငါးမန်းတွေပေါတဲ့ ပင်လယ်ပြင်ကြီးထဲ
တစ်ခါတည်းသာ ခုန်ချလိုက်ချင်ရဲ့။ ။
ဟန်သစ်မဂ္ဂဇင်း
စက်တင်ဘာ ၁၉၉၃



မိဝင်းဖို့ကဗျာ(၃)
အမှန်တရားကို ဝန်ခံဖို့ရာ
မုသားတစ်ဝက်နဲ့ ငါရောက်လာခဲ့တာ
မင်းက ငါ့ကိုထင်နေရော့လား။
ဟေ့ ..မိဝင်း
မင်းက ငါ့ကို အဲသလိုမျိုး
ထင်နေသလား။
လူတချို့ကတော့ ဒါကို
အချစ်လို့ ဆိုကြတာပဲ
ငါကတော့
ငါ့နုပျိုမှုဆီ နောက်တစ်ကြိမ်ပြန်ရောက်လာတဲ့
ငါ့နှလုံးသားရဲ့ အော်သံလို့သာ
ဆိုလိုက်ချင်ရဲ့။
မင်းက
ငါ့အသည်းနှလုံးရဲ့ အလင်းရောင်လေ
မင်းက
ငါ့အိပ်မက်တွေကိုထည့်ပြီး
ထွန်းညှိထားတဲ့မီးအိမ်ငယ်လေးလေ။
မင်းကသာ
စိတ်ပါလက်ပါ ဖြစ်လိုက်စမ်းပါကွာ
တစ္ဆေသရဲတွေနဲ့အတူငါက ပြမယ်
ုစုန်းမတွေရဲ့ သန်းခေါင်ယံ အစည်းအဝေးပွဲည
အော်ပရာကို ငါလိုက်ပြမယ်
ဒွန်ကွီဇုတ် အကြောင်းငါဖတ်ပြမယ်။
အမှန်တရားနည်းနည်း
အမှားတွေချည်းပဲ သူ့လက်ထဲ
ဆုပ်မိ ကိုင်မိတတ်တဲ့
ဟောဒီ
ညံ့ဖျင်းဖျင်း ကဗျာဆရာတစ်ယောက်အနေနဲ့
ငါ စွမ်းဆောင်နိုင်တဲ့အရာဟာ
ဒါ အကုန်ပဲ လို့တော့မထင်လိုက်ပါနဲ့ကွယ်။
မိဝင်းဖတ်ဖို့ ချစ်ပုံပြင်တွေ
ငါရေးနိုင်သေးရဲ့
သည်အချိန်မျိုးမှာ..ငါဟာ
တဆတ်ဆတ်တုန်ခါပြီး
မှော်ဝင်နေတဲ့ ကဗျာဆရာတစ်ယောက်ပေါ့။
ကဗျာတွေနဲ့
မင့်ကိုအစာကျွေးမယ့်ငါပါ။
သည်အချိန်မျိုးမှာ..ငါဟာ
ဘုရားသခင်နဲ့ဝေးနိုင်သမျှဝေးတဲ့နေရာ
ငါ့ကိုလွှင့်ပစ်လိုက်ချင်ရဲ့။
ရူးသွပ်မှုနဲ့
မင့်ကိုအစာကျွေးမယ့်ငါပါ။
မိဝင်းရေ
ငါ့အိမ်ခေါင်မိုးမှာကပ်နေတဲ့
တောက်တဲ့တစ်ကောင်ဟာလည်း
ငါ့လိုပဲ
ခံစားမှုဝါဒီသမားတစ်ယောက်ပါကွာ
ဒီကောင့်အကြောင်းငါရိပ်မိတာ
ဘာကြာသေးလို့လဲ။
ကမ္ဘာကြီးဟာ တစ်နေ့တခြား
လူသားရဲ့ ကာမရာဂနဲ့
မကောင်းမှုဒုစရိုက်တရားတွေကို
မျိုမျိုချခဲ့ရ
မျိုမျိုချခဲ့ရလွန်းလို့
ငါ့တစ်ကိုယ်လုံးရောင်ကိုင်းနေပြီ
ရောင်ကိုင်းနေပြီ မိဝင်းရေ
ရောင်ကိုင်းနေပြီ..။
ဇာတ်ကောင်များသည်
ခရီးလမ်းဆုံးသို့ရောက်ကြသောခါ
အတိတ်၏သင်ခန်းစာကိုယူပြီ
လူတော်လူကောင်းဖြစ်သွားကြလေသည်..ဟူ၍
ဝီလျံဖော့ကနားက မဆိုလိုပေတဲ့။
ကဲ..ဘယ့်နှယ့်လဲ
ငါ့စိတ်အခြေအနေ ငါကိုယ်တိုင်အမြင်မှန်ရ
တစ်နေ့နေ့ကျရင်
သာသနာ့ဘောင်ကိုဝင်သွားလိမ့်မယ်လို့
မင်းက မျှော်လင့်နေသလား။
သွားစမ်းပါ
အနှစ်သာရဟာ
စကားလုံးတွေနဲ့ဝေးဝေး
ထွက်ပြေးနေသလိုမျိုးပေါ့။
အေးစက်ပြီ
အသံမထွက်နိုင်အောင်ဆွံ့အ
ဘုန်းဘုန်းလဲကျသွားသည်ထိ
ငါချစ်နေဦးမှာ။
အပြင်းစားအာရုံတွေ
မီးလောင်နေသလိုမျိုးနဲ့
ငါချစ်ခဲ့
မင်းကိုငါချစ်ခဲ့။
ကဗျာတွေနဲ့
မိဝင်းကို အစာကျွေးမယ့် ပိုင်စိုးဝေပါ။
ဟန်သစ်မဂ္ဂဇင်း
အောက်တိုဘာ၊၁၉၉၃



မိဝင်းဖို့ကဗျာ(၄)
လှည့်ဖျားတတ်တဲ့ရူပါရုံတွေနဲ့
အလှည့်စားခံချင်လွန်းလို့
တဆတ်ဆတ်တုန်ခါနေသူပါ။
ငါဆိုတဲ့ကောင်ကတော့
မအိပ်စက်ဘဲလည်း
အိပ်မက်တွေ အမြဲတမ်းမက်နေတတ်သူပါ။
နောက်တစ်ကြိမ် ကဗျာရေးတဲ့အခါ
ကမ္ဘာကြီးဆိုတဲ့စကားလုံးမပါဖို့
အကြိမ်ကြိမ်ငါဆုံးဖြတ်ခဲ့
အဲဒီဆုံးဖြတ်ချက် တစ်သက်လုံးငါတည်ဖို့ရာ
ငါ့ကိုယ်ငါဆုံးဖြတ်နိုင်ပါ့မလား။
ကမ္ဘာကြီး။
တစ်နေ့တစ်ကြိမ်
ငါ့ဦးခေါင်းပေါ် ဖြတ်ဖြတ်သွားတဲ့
နေမင်းကြီးလည်း နေ့တိုင်းပဲ လုံးလုံးဝိုင်းဝိုင်း။
ဒီလိုနဲ့
ငါမလိုချင်တာတွေငါပြန်ပြန်ရ
ငါထွေးပြီးသားတွေ ငါပြန်ပြန်မျိုချ
သုံးမရပေမယ့် လွှင့်မပစ်ရက်နိုင်တဲ့
ငါ့ဘဝကြီးကို ငါ ပြန်ပြီးတွယ်ငြိခဲ့ရပေါ့။
မေ့ပစ်လိုက်မိဝင်းရေ။
ဒီလိုနဲ့
ကွန်ဆာဗေးတစ်ဖြစ်လိုက်၊လစ်ဘရယ်ဖြစ်လိုက်
ရိုမန်တစ်ဖြစ်လိုက်၊အိပ်ဇစ်ဖြစ်လိုက်
မော်ဒန်နစ်မဖြစ်သေးတာတစ်ခုပဲ
အသည်းနာစရာပါကွယ်။
ငါမလိုချင်တာတွေပဲ ငါရပြီ
ငါလိုချင်တာ ဘာတစ်ခုမှမရခဲ့တဲ့
ကမ္ဘာကြီးရေ
အရက်ဆိုင်တွေမရှိတဲ့ ညနေခင်းဆိုတာ
ကျေးငှက်သာရကာတွေမရှိတဲ့
တောအုပ်တစ်အုပ်လိုပါပဲ။
သဘောင်္မှောက်တဲ့ မိုးကောင်းကင်
ပင်လယ်အတုနဲ့လူမှုရေးအနုပညာ
အဟောင်းတွေကို ပြောင်းပြန်လှန်ထားတဲ့
မော်ဒန်အတုကို ငါမလိုချင်ခဲ့ဘူး။
ဟောဒီရင်ဘတ်ကိုစမ်းကြည့်လိုက်စမ်း
ခုန်နေတဲ့နှလုံးသွေးဟာ
မင်းကလေးတစ်ယောက်တည်းအတွက်ပါကွယ်။
ဒါ ..ဝူဒီအယ်လင်ရဲ့ပြက်လုံးမဟုတ်ဘူး။
ဆိုကရေးတီးဆန်တဲ့
အလွမ်းပြဇာတ်တစ်ပုဒ်လည်းမဟုတ်ဘူးကွဲ့
သားရေဖုံးပြီး
ရွှေစာလုံးနဲ့ကမ္ဗည်းထိုးရမယ့်
ပိုင်စိုးဝေပါ။
မေ့ပစ်လိုက်မိဝင်းရေ
မြက်ခင်းကသာ
နွားအုပ်ကိုရွေးချယ်ခွင့်ရှိသတဲ့။
ကိုယ့်အိတ်ကပ်ထဲ တစ်ပြားတစ်ချပ်မှမပါခဲ့ရင်
လမ်းပေါ်ကလည်း တစ်ပြားတစ်ချပ်မှ
ကောက်မတွေ့တတ်ဘူး။
ကံကြမ္မာဆိုတာ သည်လိုပဲ မျှားယူရသပေါ့။
အခုတော့ ငါဟာ
မရင့်ကျက်သေးတဲ့ ဖခင်အိုတစ်ဦး
ဖြစ်ခဲ့ပါပြီ။
မင့်နှလုံးစားဆီ အရောက်လာဖို့ရာ
အတောင်ပံမပါတာကလွဲရင်
အားလုံးထံ ငါပျံဝဲနိုင်ရဲ့။
အသည်းကွဲဖူးတဲ့ငှက်တွေသာ
ပျံသန်းခွင့်ရှိတဲ့ မိုးကောင်းကင်မှာ
ထင်ရာကိုငါစိုင်းခဲ့ပေါ့။ ။
ဟန်သစ်မဂ္ဂဇင်း
ဇန်နဝါရီ ၁၉၉၆




အပိုင်း(၂)
ရန်ကင်းတောင်ခြေသို့

ဤကဗျာစုမှာ ပင်လယ်မဂ္ဂဇင်း (ဖေဖော်ဝါရီ၊၁၉၉၃)တွင် ဖော်ပြခဲ့သော နွေနေ့လယ်မှ မြူဆွယ်ခြင်း ဝတ္ထုတိုတွင် ဇာတ်ကောင်နှစ်ဦး အပြန်အလှန် ရွတ်ဆိုကြသည့်စာပိုဒ် များဖြစ်ပါသည်။ဝတ္ထုတို၏ ရှေ့ပိုင်းစကားပြေများကိုချန်လှပ်၍ နန်းတော်ရှေ့ ဦးဘကျော့ လက်ဘက်ရည်ဆိုင်မှ ရန်ကင်းတောင်ခြေ သို့လမ်းလျှောက်ရင်း ကဗျာရွတ်ဆိုကြသည့် အတိုင်းကို ဖော်ပြထားခြင်းဖြစ်ပါသည်။

နွေနေ့လည်မှမြှူဆွယ်ခြင်း
မောင်လူချော
ကျုပ်ကို ဘယ်သူသံပတ်ပေးထားသလဲ
ဒါဟာ..ဟောဒီနွေဦးမှာ
ရပ်တန့်သင့်ခဲ့ပြီ
မိန်းကလေးရေ
မင်းပြောခဲ့သမျှတွေ အားလုံးမှားရဲ့
ဒါပေမယ့်
မင်းမပြောတာတွေအားလုံး
အမှန်တွေချည်းဖြစ်ခဲ့တယ်။

ကိုလူညို
ငါ
သဘာဝတရားဆီ အရောက်သွားချင်ရဲ့
ငါ့ထိုင်ခုံတွေကို ငါငြီးငွေ့လှပြီ
လောင်မြိုက်နေပြီ
မိဝင်းကငါ့ကိုလောင်မြိုက်နေပြီ
မိဝင်းကြောင့် ငါလောင်နေပြီ။

မောင်လူချော
သေမင်းနှင့်ရင်ဆိုင်ရန်
အဆင်သင့် ဖြစ်ခြင်းသည်ပင်
အသက်ရှင်နေရသည့်ဘဝ
နေထိုင်တတ်ခြင်းဖြစ်သည်…ဟု
အက်ဒီက ယုံကြည်သတဲ့လေ။

ကိုလူညို
စိတ်ပျက်ငြီးငွေ့ဖွယ် အတိတ်တစ္ဆေတွေနဲ့
နောင်တတရားမပါတဲ့ နှလုံးသားအကြောင်း
ငါရေးဖွဲ့ချင်ရဲ့။

မောင်လူချော
ဆောင်းရက်တွေကုန်ဆုံးသွားပြီ
နွေရဲ့အလင်းတွေ သိပ်သည်းဆများပြား
နွားမရဲ့အော်သံဆူညံ
တိမ်တိုက်တွေ အဝေးသို့လွင့်ပါး…

ကိုလူညို
လောင်ပြီ ဆိုမှတော့
ငါ့နှလုံးသားပဲဖြစ်ရမှာပေါ့
မီးကို ငါစတင်တွေ့ရှိခဲ့တယ်
လာပြီဟေ့ ခြင်္သေ့ ဆိုပြီး
လူတစ်ယောက်ထွက်ပြေးသွားရဲ့။

မောင်လူချော
မင်းဟာ
ကျုပ်ရဲ့ မျက်လှည့်ဆရာမလေးပါ
အမျိုးမျိုးပဲ
အံသြသထက်အံ့သြစရာတွေ
တစ်ခုပြီးတစ်ခုထုတ်ပြ
နောက်ဆုံး
ကျုပ်ရဲ့နှလုံးသားဟာ
မင်းလက်ထဲမှာ ဘာများဖြစ်သွားဦးမလဲ
မျက်လုံးများကို မဖွင့်ရဲ
ကဲ..အသံတိုးတိုးလေးနဲ့
ကျုပ်ရင်ဘတ်နားကပ်ပြီးပြောလိုက်စမ်းပါ
ဘာဖြစ်သွားသတဲ့လဲ။

ကိုလူညို
ဟောဒီမှာ
တစ်စုံတစ်ရာရှိရဲ့
ကဲ..မင်းတို့အားလုံး ဖွင့်ကြည့်လိုက်ကြစမ်း
ထင်းရှူးတောကြီးကို ဘယ်သူမှ မတားဆီးနိုင်သလိုမျိုးပေါ့
ငါသိပ်ချစ်ခဲ့။

မောင်လူချော
အလိုလေး…ဘုရား..ဘုရား
ခင်ဗျားဟာ လူသားတစ်ယောက်မဟုတ်
စက္ကူတွေအထပ်ထပ်
ရစ်ပတ်ပြီးထုပ်ထားတဲ့
မကောင်းဆိုးဝါးတစ်ခုပါလား
ကျုပ်ရဲ့ လက်နှစ်ဖက်နဲ့
မင်းရဲ့လည်ကိုဆွဲလို့ဆင်ရင်
ကျုပ်တစ်ကိုယ်လုံးဟာ
မင်းရဲ့လည်ဆွဲပေါ့
လေးလွန်းတဲ့အခါကျတော့
ခပ်နက်နက်တွင်းတစ်ခုထဲ ပစ်ချလိုက်ပေါ့
ဒါဟာ
ကျုပ်ပေးနိုင်တဲ့ကြာဆစ်ကြိုးလေးပါ။

ကိုလူညို
အလှဆုံး အနုပညာဟာ
အသိမ်မွေ့ဆုံး ဒုစရိုက်တစ်ခုပါ
အချိုပေါ့တဲ့ လက်ဖက်ရည်ခွက်တွေထဲ
ကျွန်တော်ကူးခတ်ခဲ့
အစ်ကိုကြီးရေ
ကျွန်တော်တို့တစ်တွေ
တောကျေးလက်ရွာလေးတစ်ရွာက
အိမ်ကလေးတစ်လုံးမှာ
အတူတူမွေးဖွားခဲ့ကြ
ဒါပေမယ့် ကျွန်တော်တို့အားလုံး
နောက်ဆုံး လမ်းခွဲဖြစ်တဲ့ သင်္ချိုင်းကုန်းတွေက
မတူကြဘူးနော်။

မောင်လူချော
ဗဲရီးအီးဇီးဒက် တဲ့
မင်းရဲ့အမျက်ကြောင့်
ကျုပ်ရဲ့ နောက်ဆုံးထွက်သက်
ခက်ခက်ခဲခဲ ဖြစ်နေတော့မှာပဲ
ညညတွေမှာ
မင်းရဲ့အိပ်မက်ရင်ခွင်ထဲမှာ ကျုပ်ကျင်လည်နိုင်ဖို့…။

ကိုလူညို
မေမေရေ..
တောင်တန်းတွေဆီ ကျွန်တော်မပျံသန်းနိုင်ဘူး
လက်ဘက်ရည်ဆိုင်ထဲ
ပျံဝဲတဲ့ လင်းတတစ်ကောင်ပါ
ကျွန်တော် ဘာဖြစ်ခဲ့သလဲ
ကျွန်တော် ဘာဖြစ်ချင်ခဲ့သလဲ
လွဲမှားမှုကို နောင်တနဲ့ပေးဆပ်လို့မရ
လူတစ်ယောက်ရဲ့ လွဲချော်မှုဟာ
အနာဂါတ်ဝါဒ ထူထောင်နိုင်ပါ့မလား။
မင်းနဲ့ငါ
အနာဂါတ်မရှိတဲ့ဟင်းလင်းပြင်တွေဆီ
သွားကြစို့။
ကြောက်မက်ဖွယ်ရာသော အဆုံးသတ်မှုမျိုးဟာ
လုံးဝ အဆုံးမသတ်တာနဲ့စာရင်
ကောင်းသေးတယ်
အမှန်တရားရဲ့အနားက
တစ်ဖဝါးမှ မခွာတော့ဘူးတဲ့
ဂျူးမလေး အင်နာ
ရေးခဲ့ဖူးပါရောလား။

မောင်လူချော
ဘုရင့် ဘုန်းတန်ခိုးမှာ
ဒီရေကို တားဆီးဖို့ အမိန့်မပေးနိုင်ကြောင်း
မြှောက်ပင့်ပြောဆိုတတ်သော မှူးမတ်များကို
ကနွတ် ဘုရင်ကြီးက သက်သေပြခဲ့။

ကိုလူညို
အိပ်မက်ထဲမှာ
ရထားတစ်စင်းထွက်ခွာသွား
ကျောက်စရစ်ကုန်းမြေတွေကြားက
တငွေ့ငွေ့အူထွက်လာတဲ့နှင်းမြူတွေရယ်
အဲဒီမသာရထားဟာ
လူတိုင်းကို လက်ပြနှုတ်ဆက်သွားရဲ့
လက်မှတ်မရသေးတဲ့ကျွန်တော်စာ
လူတကာကိုငေးကြည့်နေရ။

မောင်လူချော
ကြောက်ခမန်းလိလိ ကျေးတောသီခေါင်ဟာ
တိတ်တိတ်လေးလဲလျောင်းနေတော့တယ်။

ကိုလူညို
အပြုံးနဲ့ ဝှက်ဖဲတစ်ချပ်
ပြဇာတ်ရဲ့နိဂုံးပိုင်းမှာ
သူဟာ သြညီဂင် ပါပဲတဲ့
မိန်းကလေးရေ
မင်းအတွက် ငါ မီးကိုခိုးယူခဲ့
တစ်စုံတစ်ယောက်ဆီက မီးကိုခိုးယူခဲ့။
ငါ
ဘောရစ်ပစတာညက် နဲ့ မြွေတစ်ကောင်အကြောင်းတွေးမိ
အနက်ဆုံးတွင်းဟာ
ငါ့အရေပြားပေါ်မှာပဲရှိရဲ့။

မောင်လူချော
ကဲ..စာရွက်တွေလုပ်စမ်းပါဦး
မကုန်စမ်းပါရစေနဲ့
သူမနဲ့ ပတ်သက်တဲ့ဒုက္ခတွေ
ကျုပ်ရေးစမ်းပါရစေဦး
အဲဒီ ခါးသက်မှုတွေကို
မျိုချပြီး ကြေညက်ပါရစေဦး။

ကိုလူညို
ဟောဒီ အနာဒိ အနန္တစက်ဝန်းထဲမှာ
မင်းနဲ့ငါ တွေ့ကြရပြန်ပေါ့
ဒုက္ခတွေကို
တို့ချိုမြိန်စေဖို့ပေါ့။

မောင်လူချော
ဘာမှမတတ်နိုင်တော့ပြီမို့
အနမ်းနဲ့ပဲခွဲခွာကြစို့
မိုက်ကယ်ဒရေတန်ကို
အကြိမ်ကြိမ်ငါရွတ်ဆိုမိ။

ကိုလူညို
တကယ့်အဖြစ်တွေကိုကျောခိုင်းလို့
မင်း ထွက်ခွာသွားပြီဆိုပါစို့
မင်းထားရစ်ခဲ့
မင်းရဲ့ မြူခိုးတွေ
ငါ့နှလုံးသားကိုလောင်မြိုက်နေမှာပေါ့
ကဲကွယ်
တို့တစ်ယောက်နဲ့ တစ်ယောက် တစ်သက်လုံး
ဘယ်တော့မှ အပြုံးမရှိဘူးဆိုတောင်မှ
ငါ့နှလုံးသားဟာ
မင့်အတွက် တစ်ဘဝလုံးပါ။

မောင်လူချော
တောင်တန်းတွေက ပြာမှိုင်းရီဝေစွာ
သူမကိုငေးကြည့်
တကယ်ဆို
အိပ်မက်ထဲမှာပဲဖြစ်ဖြစ်
မင်းရောက်လာသင့်ရဲ့။

ကိုလူညို
မီးခိုးတွေအူနေတဲ့
ဝါးကပ်မိုး အိမ်ကလေးပေါ်
လာနားမိတဲ့ ငှက်ကလေးရေ
မင်းဒုက္ခတွေဆီမင်း အသော့နှင်ပေရော့
သူ့မှာ
မဆောက်ဖြစ်တဲ့ အိမ်ကလေးတစ်လုံးရှိတယ်။
ငါ့မှာ
မရေးဖြစ်သေးတဲ့
ဝါကျတွေရှိရဲ့။


မောင်လူချော
ဒီလိုနဲ့သူမဟာ
သူမရဲ့ တိတ်ဆိတ်ခြင်းဟာ
ပူပြင်းတောက်လောင်ပြီး ဆူညံတဲ့
အသံတွေနဲ့ ကြောက်ခမန်းလိလိ
ကြောက်ခမန်းလိလိအသံတွေနဲ့။

ကိုလူညို
ရပ်နေတဲ့နာရီတွေကို
သွားစေလို့ ငါ အမိန့်ပေးလိုက်တယ်
နာရီတွေ တကယ်သွားတာ မသွားတာ
ငါနဲ့ ဘာမှမဆိုင်
အမိန့်မပေးဖို့ရာ ငါ့တာဝန်ပဲ
သူ့မွေးနေ့ ဇာတာကို သူမမှတ်မိတော့
သွားပေါ့ငှက်ကလေးရေ …တဲ့။

မောင်လူချော
စမူဆာထဲက အပ်သွားချွန်မြမြတွေကို
မျိုချလိုက်တယ်
ဂျွန်တာဂရပ်ရဲ့ တင်းဒရမ် ကို
ငါ သတိရမိ။

ကိုလူညို
ငါ့ကံကြမ္မာပါ
အပြစ်မရှိတဲ့ အပင်တစ်ပင်မှာ
အသီးသီးဖို့ အကင်းဖြစ်လိုခဲ့
ကြွေကျဖို့ရာ ဝန်မလေးပေမယ့်
ခဏလေးမှ နားခိုခွင့်မရတာ
ငါ ဝမ်းနည်းတယ်။

မောင်လူချော
ပိုက်ဆံမရှိခြင်းဆိုတဲ့အရသာဟာ
အရမ်းကို ခါးသီးလွန်းသပ။
ဘဝကို
အစက ပြန်စဖို့ရာ
ဘယ်သူမှ အခွင့်အရေးမရှိတော့ဘူး။

ကိုလူညို
ကဗျာဆရာတစ်ယောက်ဆိုတာ
မဖြစ်စလောက် ဂုဏ်ပုဒ်လေးတစ်ခုလို့
ဘယ်တုန်းကမှငါမထင်ခဲ့ဘူး
ချဉ် ငန် စပ် မိုးကောင်းကင်ကြီးရေ
ငါ့ခံစားမှုတွေကို တွန်းအားပေးမယ့်
စကားလုံးတွေ ရွာချလိုက်စမ်းပါ။

မောင်လူချော
နားလည်ခြင်းဆိုတဲ့အရာကို
လွဲမှားမှုနဲ့ အမြဲတမ်း ပေးဆပ်နေရသူ
ဟိုလူရဲ့ပါးစပ်ဖျားမှာ
ကပ်ဖ်ကာရောက်နေတာ
အဲဒါ လွဲမှားမှုတစ်ခုပေါ့။

ကိုလူညို
နေရာထိုင်ခင်းတစ်ခုရထားတဲ့မင်းက
ဘဝကို မတုန်လှုပ်တော့ဘူးပေါ့။
နံရံကြီးကို မကြည့်ချင်ဟန်ဆောင်နေတာ
တကယ်တမ်းက
မင်း ငါ့ကိုကြည့်နေတာပါ။

မောင်လူချော
မီးတောက်နေသလား
စိတ်ကိုရေနဲ့ငြိမ်းလို့မရ
နောက်ဆုံးမီးတောက်ကလေးပါ
သူ ရူးသွပ်စမ်းပါစေ
လောင်စာတွေထည့်ပေးလိုက်။

ကိုလူညို
ထီးတစ်လက်
အရေးတကြီးဝယ်ဖို့လိုအပ်နေတာ
ငါ့ခန္ဓာကိုယ်ကို ရေစိုလွန်းလို့မဟုတ်
သိက္ခာတရားကိုရေစိုလွန်းလို့ပါ
ခံနိုင်ရည်မရှိလို့သေသွားရင်လည်း
ဘယ်သူ့ကိုမှ အပြစ်ပုံချလို့မရ
ကိုယ့်အလောင်းကိုယ်ထမ်းပြီး
ကိုယ့်လမ်းကိုယ်ဆက်လျှောက်နေရုံပ
ရာသီဥတုကတော့
သူ့ဟာသူ ဆိုးချင်ဆိုးနေမှာပဲ။

မောင်လူချော
ကံကြမ္မာကသာ ကျွန်တော့်ကို
ပိုက်ဆံတွေအများကြီး ပေးထားစမ်းပါစေ
လူတွေအားလုံးကို ကျွန်တော်ချစ်မယ်
တွေ့သမျှလူတိုင်းကို ကူညီမယ်
သူတို့စားချင်တာတွေ အဝကျွေးမယ်
မြစ်တစ်မြစ်ဟာ
သူ့လျှာပေါ်မှာ အလျားလိုက်စီးဆင်း၏
ထိုလျှာပေါ်၌
ငါ့ရာဇဝင်ပျောက်ဆုံးခဲ့ပြီ။

ကိုလူညို
အာရုံတွေရရဲ့လား
ငါ့နှလုံးသားရဲ့အပူငွေ့တွေ
မင့်ဆီ ကူးရဲ့လား
ဘယ်သူဘာလုပ်နေတယ်ဆိုတာ
ဘယ်သူမှ ဘာမှတော့မမြင်တွေ့နိုင်တဲ့
မှောင်မိုက်ခြင်းမျိုးကြီးက
ငါ့ကို လွှမ်းခြုံပေါ့။

မောင်လူချော
ရာဇဝင်ကို တုပ်နှောင်ထားတဲ့
ဝိုင်ယာကြိုးတစ်စလို
လျှပ်စစ်စီးမျောနေတဲ့
မြေဆွဲအားနဲ့ ငါဂျွိုင်းလိုက်တယ်။

ကိုလူညို
ဆင်ခြင်တွေးတောမှုက
သဘာဝတရားဆီပျံသန်းပြီး
ငါ့ရဲ့ယုံကြည်သက်ဝင်မှုကတော့
ထာဝရဘုရားဆီ အရောက်လှမ်းခဲ့ပေါ့
ဟေ့ .. မိဝင်း
မင်းက ငါ့ကိုနားမလည်ဘူး
ဟုတ်လား
ဟား ….. ….. ….
….. ….. ……. အားးးး။

ပင်လယ်မဂ္ဂဇင်း
၁၉၉၃




အပိုင်း(၃)
တောင်ထိပ်တရား
အတွေ့အကြုံ အတွေးအခေါ် လေ့လာမှု
အပိုင်းအစများ ဖြစ်ပါသည်။ကဗျာ၏အရည်အသွေးထက်
အရေအတွက် (သချာင်္ပူရဏ)အဖြစ်ဖော်ပြလိုက်ပါသည်။


ဗျိုင်းမည်း၏ဝမ်းစာ
စာအုပ်ပုံကြား
အမှားတွေကိုစောင့်ဖမ်းဖို့ ချောင်းနေတဲ့
ဗျိုင်းမည်းတစ်ကောင်။
ဟောလီးဝုတ်အညစ်အကြေးတွေနဲ့
မြန်မာပြည်ရဲ့အသစ်ကလေးတွေကြား
သင့်ဈေးကွက် သွေးပျက်နေပြီလား။

စကားသည်ပင် တရား
စကားသည်ပင် အမှား
နှစ်ပါးလုံးသို့ သွယ်တန်းနေ၏။

ဆက်လက်ရှာဖွေ အို..အဆွေ
စာအုပ်ပုံကြား
သူ့စကား၌
အမှားထောင်သောင်း တွေ့ပါစေ။
(ကိုသိုက်ထွန်းသက် သို့ ကျီစားခြင်း)
စာပေဂျာနယ်မဂ္ဂဇင်း
ဒီဇင်ဘာ ၁၉၉၅




အဖမဲ့သား
ကဗျာကို
အမိလိုမြတ်နိုးခဲ့၏
ဆရာဇော်ဂျီကို
အဖလို ယုံကြည်ကိုးကွယ်ခဲ့ပါသည်။
ဆရာနဲ့ကဗျာသည်
အကြင်လင်မယား
အမိအဖနှစ်ပါး
ကျွန်တော်သည်ကား
ကဗျာဆရာ လူချောလူလှ
သားကြီးသြရသ။

ယခုမူ
ဖခင်ဆုံးပါး
ကွယ်လွန်သွား၏
ကျန်ရစ်သည့်ကဗျာအမေ
မုဆိုးမဖြစ်ရချေပြီ။
၁၄၊၁၀၊၁၉၉၀
ရွှေဝတ်ရည် မဂ္ဂဇင်း အမှတ် (၅)




တောင်ထိပ်တရား
ရေကိုပိုင်းခြား
လေကိုတားမည်
မြေကိုဖောက်ခွင်း
မီးကိုနင်းမည်။

သုညတရား
အကြွင်းထား၍
ငါသွားချေပြီ
နေမင်းဆီ။ ။
မန္တလေး ဂျာနယ်
အမှတ် (၁၁) ၁၉၉၁




ငါ..အနုလောမ..ပဋိလောမ
ငါ့အတိတ်မှာ
ငါ့သိက္ခာချော်လဲဖူးခဲ့။

သို့ပေမယ့်
ငါ့စိတ်ကို
ငါ..အိတ်မှာအသေအချာထည့်
ငါ့အတိတ်ကိုဆုတ်ဖြဲပစ်လိုက်ရဲ့။

ကဲ..ငါ့မိတ်ဆွေတို့ရေ…
ငါ့အရိပ်ဟာ
ငါ့အတိတ်ပါပဲ
ငါ့စိတ်မှာ
ငါ့လိပ်ပြာ..သန့်ရှင်းခဲ့။

ခုတော့
ငါ့အိတ်မှာ
ငါသိက္ခာအပြည့်အဝနဲ့။ ။

ကလျာမဂ္ဂဇင်း
ဇန်နဝါရီ၊ ၁၉၉၃




ကစားပွဲ
အဓိပ္ပာယ်ရှိတဲ့ညတစ်ညကို
မင်းငါ့ဆီက ဝယ်လို့မရနိုင်ဘူး
တကယ့်ကို ငါဟာ
အတုယောင်ဆောင်ထားရတဲ့
အစစ်တစ်ခုပါကွာ။

မင်းရဲ့အပြင်းစားရိုက်ချက်တွေ
ငါ့ကိုမထိမှန်တာပဲ
ငါ့ အားနာရဲ့။

ရေချိန်လွန်တဲ့ နူးညံ့သိမ်မွေ့မှုတွေနဲ့
အရေပြားပေါ်က ဒုက္ခတရားတွေကို
ကူညီဖြေရှင်းဖို့
ငါရောက်လာခဲ့တာ။

ရွှေနဲ့လုပ်တဲ့ ညနေခင်းတွေကို
သီချင်းတစ်ပုဒ်နဲ့အရည်ဖျော်လိုက်
မှားနေတဲ့ အမှန်တရားတွေထဲ
မုသားတွေလောင်းထည့်လိုက်။

တယ်လီဖုန်းကို အသုံးပြုတဲ့
ကြွေအံကစားနည်းဟာ မရှိခဲ့ရင်
ဟောဒီအစမ်းသပ်ခံမျက်နှာပြင်မှာ
မင်းနဲ့ငါ လက်ရည်တူတွေပဲ။ ။
ရွှေမင်းဂံ မဂ္ဂဇင်း
၁၉၉၄





လည်ပတ်မှု ရပ်ဆိုင်းသွားခြင်း
အတိတ်သို့
အလွမ်းနဲ့ခုတ်မောင်းနေတုန်း
ဗြုန်းခနဲ
သကောင့်သားရောက်လာ။

ရောက်လာပြီး
တဝါးဝါး
တဟားဟား
လျှာဦးတည့်ရာ ပြောဆိုပြန်ထွက်သွား။

ကိုယ့်မှာ
ဆက်လွမ်းရမလား
ဆက်ရယ်ရမလား
အူကြောင်ကြား။ ။
၁၊၈၊၂၀၀၄




မြွေ
အဝေးက မြွေတွန်သံကို
ငါကြား တဖြည်းဖြည်း နီးကပ်လာ
ပိုပြီး လေးနက်ကြွယ်ဝတဲ့
ဘဝရဲ့အဓိပ္ပာယ်ကိုတွေ့ဖို့
ကျွန်တော်လာခဲ့တယ်တဲ့။
သူ့ခမျာ
(အမျိုးကောင်းသား အဲဒီမြွေခမျာ)
ရွှေဘုံသာလမ်းမှာ ကျွန်တော်ကြုံရသလိုမျိုး
ကြုံရရှာပေါ့။

လေးစားဂုဏ်ပြုထိုက်ပေရဲ့
ဦးခေါင်းတစ်ခုလုံးကြေမွနေတာတောင်
အမြီးကိုလှုပ်ပြနိုင်သေးတာ
ဂုဏ်ပြုလောက်စရာပါပဲ။

ဒါပေမယ့် စိတ်တော့မကောင်းဘူးကွာ
မယဉ်ကျေးလှတဲ့တို့ရဲ့ ရာဇဝင်ကို
တို့ သည်လိုပဲ ရေးကြရတော့တယ်။
သောင်းပြောင်းထွေလာ မဂ္ဂဇင်း
၂၀၀၄



အပိုင်း(၄)
ရာဇဝင်
ဤအပိုင်းကဏ္ဍမှ ကဗျာစုတို့ကို စိတ်အားဖြင့် ပိုင်းခြားရာတွင် နှစ်ပိုင်းရှိခဲ့သည်။ တစ်ပိုင်းမှာ ငယ်စဉ်ကလေးဘဝမှစပြီး ၁၉၇၅ ခုနှစ် ပတ်ဝန်းကျင်ကာလအထိဖြစ်ပြီး ကျန်တစ်ပိုင်းမှာ ထို ၁၉၇၅ ခုနှစ်မှ သည်ဘက်ပိုင်း ပစ္စက္ခ ကာလအထိဖြစ်ပါသည်။
သို့ရာတွင် ပထမပိုင်း ကဗျာကလေးများမှာ ကျွန်တော်က မည်မျှပင် သံယောဇဉ်ရှိသော်လဲ ၎င်းတို့မှ ဥမမယ် စာမမြောက် နုနယ်သည့်အရာများသာမို့ ကြွင်းကျန်ရစ်ခဲ့သော အပိုင်းအစ များအဖြစ် ချန်လှပ်ခဲ့ရပါသည်။ ဤ ရာဇဝင်အပိုင်းကဏ္ဍတွင် ၁၉၇၅ခုနှစ်သည်မှာဖက်ပိုင်း ကဗျာအချို့ကိုသာ ဖော်ပြထားပါသည်။


ဖူးပွင့်ခဲ့ပြီ
ထိုကာလများ၌လည်း
နေသည်အရှေ့မှထွက်၏
အနောက်ဘက်သို့ဝင်၏
ပန်းတို့သည် မွှေးကုန်၏
အခြေလေးချောင်းသတ္တဝါတို့
မြေကြီးပေါ်လေးဘက်တွား၍
ဦးခေါင်းလှည့်ရာအရပ်သို့ သွားကုန်၏။

နယူတန်ကို မမွေးဖွားမီက
ကြွေခဲ့ရသောသစ်သီးတို့အတွက
ဤမဟာ ပထဝီမြေကြီးကိုသာ
ငါ အားနာမိတော့သည်။

ပန်းပွင့်ထဲဝင်ပုန်း
လမင်းကို ဆုံးရှုံးခဲ့ရပေါ့။

ဆီးနှင်းတို့ပျော်ကျနေဆဲ
လက်ဆွဲနှုတ်ဆက်
တစ်ဝက်သောအပြုံးကိုသာ
သင်တို့အား ငါပေးဝေခဲ့။

နီတိ
ရာဇဝင်
ပုံပြင်များစွာကို ကျက်မှတ်
အသက်ရှူခြင်းအတတ်ကို သင်ယူခဲ့ပြီးပြီ
လမ်းမပေါ် တွေ့ကြတဲ့အခါ
ငါ ..ကဗျာဆရာပဲ…အေ့..
(ရယ်မောခြင်းသည်းခံပါ)

ဘဝအား
အကုသိုလ်၏ အကျိုးတရားများအဖြစ်
အဓိပ္ပာယ်ဖွင့်သောအခါ
ဝေဒနာမြစ်သည်
အဟုတ်ပြင်းစွာ စီးဆင်းခဲ့လေပြီ။

မိန်းကလေးရေ..
ပန်းရိုင်းတွေက မြေကြီးပေါ်မှာဖူးပွင့်လို့
ငှက်ကလေးတွေ
လေထဲမှာ ပျံသန်းလို့
အဝေးကြီး
ဟိုး…အဝေးကြီးကရယ်မောသံတွေ
ငါ့ရင်ထဲမှာ ဆွေးမြည့်သေဆုံးနေကြ
ဘဝတစ်ခုလုံးနဲ့တော့ မလဲနိုင်ခဲ့ဘူးကွယ်။

နှလုံးသားကို ယုံကြည်ခဲ့တယ်
ပြီးတော့…လူတွေကိုလည်း ငါချစ်ခဲ့တယ်
ဂန္တဝင်ဟန်ကို
တောင်ထိပ်ပေါ်က ခေါ်သံတစ်ခုလို
ငါ ရယ်မောပစ်ခဲ့ပေါ့ ။

ညီမလေးရေ…..
ညီမလေးရေ…ညီမလေးရေ….
ကျုံးနံဘေးမြက်ခင်းပြင်ပေါ် အန်ချ
အဲဒါ တစ်ဘဝလုံးပဲဟေ့။

မိမိအသည်းနှလုံးရဲ့
စိတ်ချရလောက်တဲ့ လုံခြုံမှုထဲမှာ
လူတိုင်းဟာ ငိုကြွေးနိုင်ခွင့် ရှိတယ်မဟုတ်လား။

ဘဝတာဝန်တဲ့လား
လာမယ့် အနာဂါတ်တိုင်းရဲ့
အထီးကျန် ပါရမီရှင်တိုင်းအတွက်
ငါ့နှလုံးသား အပိုင်းတစတစ်ခု
မိုးကောင်းကင်မှာ ထုဆစ်ခဲ့မယ်။

မနက်ဖြန်မနက်
လမ်းမဘက် မျှော်ကြည့်လိုက်တဲ့အခါ
ဒီကနေ့ ဆိုတာကို ရှာလို့တွေ့မှာ မဟုတ်တော့ဘူး။

အချိန်ဆိုတာ
ကမ်းပါးမရှိတဲ့ မြစ်တစ်စင်းပါပဲ။

နှလုံးသားမှာ
ပန်းပွင့်များစွာ စိုက်ပျိုးခဲ့၏
ဦးထိပ်ထက်၌
တရားအသစ် ဖူးပွင့်ခဲ့ပြီ။ ။
စပယ်ဖြူမဂ္ဂဇင်း
ဇွန်၊ ၁၉၈၆



အခြားတစ်ဖက်က ကျောက်တုံးများရယ်သံ
ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဆန်ဆန်
သူ့ဗိုက်ကို သူ့ဓားနဲ့ သူကိုယ်တိုင်ဆွဲပြီး
ဒါဟာ ဝါကျတစ်ကြောင်းမျှသာတဲ့။

ဒါပေမယ့် သူဟာ
ထီမထင်တဲ့ နွားသိုးတစ်ကောင်လောက်
ပေါ်ပြူလာမဖြစ်ခဲ့ပါဘူး။

ခန်းမကြီးထဲမှာ
ကိုမြဝင်းရဲ့နှဲသံ ကျောက်တုံးတွေထွက်လာပြီး
ဖန်ခွက်တွေထဲ အရည်ပျော်တယ်။

မောင်သန်းထိုက်လေးကလည်း အမြောက်ကျည်ဆံအဖြစ်
သရုပ်ဆောင်ရ
မျက်ရည်မကျတဲ့ ကျောက်တုံးရယ်လို့
တစ်တုံးမျှ မရှိပါဘူး။
စည်းလွတ်ဝါးလွတ် ရင်ခုန်သံတွေကြောင့်သာ
ဆင်မလေးမိုနာ နှလုံးကြေကွဲရ။

ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်ပါပဲတဲ့
ဟေ့လူ …ဒါ ပို့စ်မော်ဒန်တစ်ခုပဲလား
ကျွန်တော်လိုက်မမီတာ ခွင့်လွှတ်ပါ။

ပလွှားမှုတွေမဆုံးမချင်း
ကိုမြဝင်းရဲ့နှဲသံ တတော်တော် တတီတီသာ မြည်နေပါစေ။
ကျောက်တုံးတွေပေါ် အရည်ပျော်သည်အထိ
သိုးတွေ ဒုဂ္ဂတိဘုံပေါ် ရောက်သည်အထိ။
စရဏ မဂ္ဂဇင်း
ဧပြီ၊၂၀၀၆




ပြေးလမ်း သုညတစ်
(၁)
လက်ဖက်ရည်ဆိုင်မှာ
ကဗျာတစ်ပုဒ် ရောက်လာဖို့ဆိုတာ
သိပ်မသေချာဘူးပေါ့။
သေချာတာ တစ်ခုပဲရှိရဲ့
အဲဒါ
သိက္ခာတရားကို ပြိုကွဲစေမယ့်
စကားလုံးတွေပဲ ဖြစ်လိမ့်မယ်။
လေရာင္မႈန္ပ်
ညအလင်းရဲ့
မြို့ရိုး ကျုံးထိပ် သစ်ရိပ်ပလက်ဖောင်တစ်လျှောက်
ကဗျာတစ်ပုဒ် ရောက်လာဖို့ဆိုတာ
သိပ်မသေချာဘူးပေါ့
သေချာတာတစ်ခုပဲရှိရဲ့
အဲဒါ
……. …….. …….
…… …… ……။
(၂)
အင်းဆက်တစ်ကောင်ရဲ့ တွေ့ဆုံပွဲမှာ
ကျန်းမာရေးချို့တဲ့ခဲ့ရတဲ့
ငါ့မိတ်ဆွေမလေးရေ…
သိက္ခာတရားအတွက် အရှက်ရတဲ့အခါ
မိမိကိုယ်မိမိ ကာကွယ်နိုင်ဖို့အတွက်
ပြက်လုံးတစ်ခု အဆင်သင့်ရှိရဲ့။
(၃)
ရေခံမြေခံလည်းမကောင်း
ညံ့ဖျင်းတဲ့မျိုးစေ့တွေနဲ့
အပေါစားအောင်မြင်ကျော်ကြားမှုတွေ ပေါက်ရောက်ရာ
ရွှံ့ညွံထူထပ်တဲ့ ဟောဒီရပ်ဝန်းမှာ
မင်း…နေရစ်ခဲ့ပေတော့
နေခဲ့ပေရော့ဆိုပြီး
ငါ့မိတ်ဆွေဟာ ထွက်ခွာသွားပေါ့
ဝေဖန်ရေးအမြင်လည်းရှိပြီး
သရော်ပြောင်လှောင်မှုတစ်ဝက်နဲ့
လောကကို ပြက်ရယ်ပြုတတ်တဲ့ ငါ့မိတ်ဆွေဟာ
ကမူးရှူးထိုး ထွက်ခွာသွားပေါ့။
ကြယ်တွေနဲ့ တိုးတိုက်မိမတတ်
မှောင်မှောင်မည်းမည်း ကံတရားလမ်းမကြီးပေါ်မှာ
ကဗျာတစ်ပုဒ်ရှိရာ သူထွက်သွားပေါ့။
(၄)
ငါ့မှာသာ
ရာဇဝင်ကို တုပ်နှောင်ထားတဲ့
ဝိုင်ယာကြိုးတစ်စကို ဆုပ်ကိုင်ရင်း
လျှပ်စစ်စီးမျောနေတဲ့
မြေဆွဲအားရဲ့ ဗဟိုချက်တည်ရာ
ဟောဒီ ၈၄ လမ်းမကြီးပေါ်မှာ
ယောင်ချာချာ ကျန်ရစ်ခဲ့။
ရွှေဝတ်ရည်မဂ္ဂဇင်း




အနာဂတ်ကိစ္စ
ညာလက်သီးနဲ့ထိုးလိုက်တဲ့အချိန်မှာ
ဘယ်လက်သီးဟာ ဘာလုပ်နေတယ်ဆိုတာ
အမြဲတမ်းသိနေဖို့ အရေးကြီးပါသတဲ့။

ရေခဲပြင်ဟာ
သူ့အလိုလို ကွဲအက်သွားမှာပါ။

တို့တစ်တွေဟာ
လူသားတစ်ယောက်ဖြစ်တယ်ဆိုတာ
သိရုံမျှမဟုတ်
တိရစ္ဆာန် တစ်ကောင်မဟုတ်ဘူး ဆိုတာကိုလည်း
သိနေဖို့လိုတယ်။

ဘုရားသခင်အလိုတော်ရှိနေသေးသမျှ
တို့ဆန္ဒတွေ မရပ်တန့်သေးဘူး
တင်းမာနေတဲ့အစမ်းသပ်ခံမျက်နှာပြင်ပေါ်မှာ
ထွန့်ထွန့်လူးခဲ့ကြတယ်။

ပိုင်စိုးဝေကတော်သာ
သူရဲကောင်းတစ်ယောက်ရဲ့ မုဆိုးမ
ဖြစ်ခွင့်မရခဲ့လို့
သူရဲဘောကြောင်သူတစ်ယောက်ရဲ့
ဇနီးမယားပဲဖြစ်နေရရှာသပေါ့။

တကယ်တော့
တစ်ယောက်တည်းက အသံစုံထွက်အောင်
အော်ဟစ်နေတဲ့ တောခြောက်သံတွေပါ။

မြေခွေးတွေရဲ့ စိုက်ပျိုးမှုကို
ခြင်္သေ့တွေ မစားသုံးလိုဘူး
ငါတို့ရဲ့ အရေပြားပေါ်မှာ
တစ်ကမ္ဘာလုံးဆိုင်ရာ သာသနာတော် တည်ရှိရဲ့။

တစ်ခဏလေး
တစ်ခဏလေး စောင့်လိုက်ပါတဲ့
တစ်စက္ကန့် တစ်မိနစ် တစ်နာရီ တစ်ရက်
တစ်သက်လုံးလည်း ဖြစ်ချင်ဖြစ်သွားမယ်။

ဒီကိစ္စမျိုးမှာ
ဖရန်စီ ပြောခဲ့တာကတော့
အနာဂတ်ဟာ
သူ့ဘာသာသူ ရောက်လာပါစေ …တဲ့။
စတိုင်သစ် မဂ္ဂဇင်း
ဇူလိုင် ၂၀၀၄



ကမ်းပါးမရှိတဲ့မြစ်
(၁)
ငွေရတုရက်ကို
လက်ပြနှုတ်ဆက်
နေ့ရက်အသစ်များ
တွား..သွား..ရွေ့ရွေ့
ဆယ်နှစ်တစ်ဖန်ပြည့်တော့မည်။

မျဉ်းမတ်တစ်ကြောင်း
မှတ်တိုင်ဟောင်းမှာ
အကြာကြီးရပ်
မပြတ်သားပဲ..တွေဝေဆဲတွင်
ရင်ထဲတိုးဝှေ့
အနာဂါတ်နေ့တချို့
ငါ့ကိုဖြတ်သန်းသွားကြပြီ။

အိပ်မက်အယ်လ်ဘမ်မှာ
ရောဂါသစ်များ..တိုးပွားနေဆဲ
ဆွဲနှုတ်မရ
နေ့ညထပ်ထပ်
ရစ်ပတ်တင်းကြပ်..တရစပ်ပင်
နှလုံးသား၏..အပြာရောင်လွင်ပြင်
အကုသိုလ်တရားတို့စူးဝင်ခဲ့ပေါ့။
(၂)
ဘဝအမြင်..ဂန္ထဝင်လက်သစ်
အချစ်
သစ္စာတရား
ရိုးသားမှုအကြောင်းဖွဲ့နွဲ့သူ
မြစ်ကိုဆန်လျက်
လှော်တက်မေ့ကျန်
ပစ္စုပ္ပန်မှာ
ငါ..အနာဂါတ်မဲ့..လမ်းလျှောက်သူ
(နွေဦးရက်တွေအကြောင်း..သီချင်းမဆိုနိုင်တဲ့
ဥသြငှက်တစ်ကောင်ရဲ့ကြေကွဲမှုလို)
ယာခင်းထဲက
အမေအိုရဲ့ဘဝကို
အဝေးကတမ်းတပူဆွေးသူ။
(၃)
ဟိုမှာ……..နှင်းများ
မှုန်……ဝါး…….ဝေးကျန်
ဥပါဒါန်လား
တမလွန်အလား
စကားတိတ်ဆိတ်
မသိစိတ်လား
နှလုံးသားထဲ
တဖွဲဖွဲသွန်ချ
သံဝေဂလား။
(၄)
ဒိုင်ယာရီကြား
မင်နီတားခဲ့
ငါ့ရဲ့မွေးနေ့
ငါ့အချစ်မီး..ယိုစီးတဲ့နေ့
ကိုယ်ကျင့်တရား..ဆုံးပါးတဲ့နေ့
……………………………
……….……….…………

ထိုနေ့များတွင်
မသိမှုတရား
ချောက်ကမ်းပါး၌
အသွားထက်ထက်..ဓားတစ်လက်ပေါ်
ခြေချော်လဲကျ
လူးလဲပြန်ထ
အတ္တပွေ့ဖက်
ရှေ့ဆက်လျှောက်ရင်း
ပျော်စရာသီချင်းတစ်ပုဒ်ကို..ငါဆိုလျက်။
(၅)
ဟိုမှာ…
မာယာမြစ်ထဲ
ပန်းတွေကျဲချ
ငါ့မာနကို
ဖွဖွဆုပ်ကိုင်
လှောင်ရယ်နိုင်ခွင့်
ဘဝလွင့်ပါး
မြူတွေကြားက
လက်ပြနေတာ..ဘယ်သူလဲ။ ။

၁၉၈၇
ဖေဖော်ဝါရီ ၊စပယ်ဖြူ





လိုချင်တဲ့ကမ္ဘာ
ဖြူစင်သန့်ရှင်းတဲ့
ချစ်ခြင်းမေတ္တာတရားအပေါ်
ကျွန်တော်တို့ယုံကြည့်ကြရမယ်
စာနာထောက်ထားတဲ့
ကရုဏာတရားကို
ကျွန်တော်တို့ လေးစားလိုက်နာကြရမယ်။
ဗြဟ္မစိုရ်တရားအားလုံး
လူသားဝိညာဉ်တွေအပေါ်
စွတ်စိုဖုံးလွှမ်း ပျံ့နှံ့ပြီးတော့
စစ်ပွဲဆိုတာ မရှိ
ငတ်မွတ်ခေါင်းပါးခြင်းလည်း ကင်း
ငြိမ်းချမ်းသာယာပြီး ရောင်စုံပန်းတွေပွင့်
အချစ်များစွာနဲ့ ဟောသည်ကမ္ဘာကြီးကို
ကျွန်တော်တို့ တည်ဆောက်ကြရမယ်။
လူတိုင်းရဲ့ဘဝဟာ
သာယာလှပတဲ့ရှုမျှော်ခင်းပန်းချီကားတစ်ချပ်လို
ငြိမ်သက်အေးချမ်းပြီးတော့
ထာဝရ စိမ်းစိုလန်းဆန်း။
ပင်လယ်ပြင်ဟာ
သဘာဝအတိုင်းငြိမ်သက်
တစ်ခါတစ်ခါ သဘာဝအတိုင်းလှိုင်းထန်
သစ်ပင်တွေကလည်း
လေကောင်းလေသန့်ကိုရှူရှိုက်ရလို့မို့
ရှင်သန်ဖွံ့ထွားဝေစည်
အာဃာတနဲ့ အဘိဇ္ဇာတရားတွေကင်းရှင်း
လူသားအချင်းချင်း ချစ်ကြည်ရင်းနှီးပြီးတော့
စိတ်ထားမွန်မြတ်သန့်ရှင်းကြ
ဒုက္ခဆိုတဲ့ စကားလုံးမရှိ
အမုန်းဆိုတဲ့ စကားလုံးမရှိ
မာနလည်းမရှိ ပျော်ရွှင်ချမ်းမြေ့စွာ
ကမ္ဘာကြီးငြိမ်းချမ်း အနှောင်အဖွဲ့ကင်း
လွတ်လပ်ခြင်းအပြည့်နဲ့
မြက်ခင်းပြင်တွေပေါ် ကခုန်သီချင်းဆို
အဲသည်လို ကမ္ဘာကြိးမျိုးကို
ကျွန်တော်တို့ တည်ဆောက်ကြရမယ်။
ကလေးလေးတွေပျော်ရွှင်
အာဟာရပြည့်ဝ လွတ်လပ်စွာ ပညာသင်
သူတို့အတွက် သီးသန့် ပန်းဥယျာဉ်တွေနဲ့။
အမျိုးသမီးတိုင်းဟာ
ချောမောလှပ သဘောကျစရာ
အကျည်းတန်သူ တစ်ယောက်မျှမရှိ
ပြီးတော့ လူတိုင်းအတွက် ဆေးဝါးအလျှံပယ်
အို…ရောဂါဘယဆိုတာတောင် မရှိတော့လို့မို့
ဆေးဝါးဆိုတာ အပိုပစ္စည်းသက်သက်ပဲပေါ့။
ပန်းချီဆရာတွေ အတွက်လည်း
အရောင်တွေပေါများကြွယ်ဝ
အနုပညာဘာသာရပ်ကို
ကျောင်းတိုင်းမှာ သင်ကြားပို့ချ
ကဗျာဆရာတွေကလည်း
စကားလုံးတွေအများကြီးကို ပိုင်ဆိုင်
အလှတရားကို လူတိုင်းခံစားနိုင်။
သစ်ပင်တွေရဲ့ထိပ်ဖျားက
လယ်ကွင်းပြင်တွေပေါ် ဖြတ်တိုက်သွားတဲ့လေဟာ
အိမ်ခေါင်မိုးတွေပေါ်ကတစ်ဆင့်
ကောင်းကင်ဘုံကို အရောက်သွားရာ
လမ်းပြပေးတဲ့ တေးသွားတစ်ပုဒ်ပေါ့။
အဲသလိုမျိုး
အဲသည်လို ကမ္ဘာကြီးမျိုး။ ။
စပယ်ဖြူ မဂ္ဂဇင်း
စက်တင်ဘာ ၁၉၈၇




အမှတ်တမဲ့နေ့များ
တစ်စုံတစ်ခုသောနေ့များစွာက
သဲထူတဲ့မြေလမ်းမပေါ်
ငါနင်းလျှောက်ခဲ့တဲ့ခြေရာတွေ
အခုရှိနေဥိးမလား။

အဲဒီတုန်းက
ငှက်တချို့တေးသီ
ယာခင်းထဲက ပြောင်းပင်တွေကို ကိုက်ဖြတ်လို့။
လေဟာ လွင့်ပါး
ဟိုသည်ပြေးလွှား။
ထန်းပင်မြင့်မြင့်ကြီးတွေပေါ်က
ရွက်ယောင်းခြောက်တွေ တရှဲရှဲမြည်လို့။
ဒါဟာ သူတို့အလုပ်ပဲတဲ့လေ။

ကလေးဘဝနဲ့လူကြီးဘဝဆိုတာ
အဝေးကြိးလား ဖေဖေ
အဲသလို ငါမေးပြီးတော့
လေလိုပဲ လွင့်ပါး
လေလိုပဲ ဟိုသည်ပြေးလွှား
စိမ်းညို့တဲ့ တောတန်းတွေပေါ်ရှပ်တိုက်
ကျယ်ပြန့်တဲ့ လယ်ကွင်းပြင်တွေပေါ်ပျံဝဲ
သစ်ပင်တွေရဲ့ထိပ်ဖျားမှ
မြင့်မားတဲ့ မိုးကောင်းကင်ဆီ။

ဒီလိုပဲ
ဆော့ကစားနေတဲလေဟာ
စိမ်းစိုတဲ့လယ်ကွင်းတွေပေါ်ဖြတ်
ဖြူရော်ရော်နေ့တွေက
လေးပင်တဲ့ငါ့ကိုယ်ပေါ်ဖြတ်။

ကလေးဘဝနဲ့ လူကြီးဘဝဆိုတာ
ဟောဟိုမှာ ဆက်စပ်နေတဲ့
လယ်ကွင်းပြင်နဲ့ တောအုပ်လိုပါပဲ
လူကလေးရယ် …
အဲဒီလိုငါဖြေတော့
လူကလေး
လယ်ကွင်းထဲ ပြေးဆော့သွား
သူ့ကိုယ်ပေါ်
ဖြူရော်ရော်နေ့တွေက ဖြတ်
ငါလျှောက်ခဲ့တဲ့ သဲထူထူ မြေလမ်းပေါ်
လူကလေး ဖြတ်သွားနေပေါ့။

သူ့နေ့တွေမှာ
ငှက်တချို့ တေးသီနိုင်ပါ့မလား။ ။
ပေဖူးလွှာမဂ္ဂဇင်း
ဧပြီ။ ၁၉၉၁




ကဗျာဆရာနဲ့စမ်းချောင်းကလေး
စမ်းချောင်းကလေးရဲ့နံဘေး
ငါလမ်းလျှောက်ခဲ့
လောလောလတ်လတ် ရေးပြီးခါစ
ငါ့ကဗျာကို ငါပြန်ရွတ်ဖတ်
စိတ်ဇောဟုန် ပြင်းထန်မှုနဲ့
ရင်ခုန်တက်ကြွ အားရပျော်ရွှင်
အရူးတစ်ပိုင်း ရှင်သန်မှုနဲ့
ကြက်သီးဖြန်းဖြန်းထ ငါ့ကိုယ်ငါ ဂုဏ်ယူ
ငိုကြွေးမိမတတ် ငါ့ကိုယ်ငါ လေးမြတ်
ငါ့ပီတိကို ငါပြန်စားမိရဲ့။

သင် ဘယ်ကလာသလဲကွဲ့
စမ်းချောင်းကလေးရေ…
ငါဘယ်ဆီကိုသွားမယ်
သင်မသိနိုင်ဘူး။
မင်း ဘယ်ကလာလာ
ငါဘယ်ဆီကိုသွားသွား
လောကရဲ့ အဆုံးစွန်တရားဆီ
တို့ရောက်ရမှာပဲ။

အခုတော့ သည်လိုပဲပေါ့ကွယ်
အရာရာတိုင်းဟာ လွဲချော်ခဲ့ရ
ကိုယ့်နှလုံးသားဆီ ကိုယ်အရောက်ပြန်ဖို့
အလှမ်းဝေးနေရ
ပုံအောလိုက်တိုင်း အစားခံခဲ့ရပေါ့။

လျော်ကြေးအဖြစ် ငါလိုချင်တာ ငြိမ်းချမ်းရေးလား
ပေါင်မုန့် ထောပတ်သုတ်တစ်ချပ်လား
ချစ်ခြင်းမေတ္တာလား ကဗျာတစ်ပုဒ်လား
နိုဘယ်လ်ဆုလား အနမ်းတစ်ခုလား
အတိတ် အနာဂတ် ပစ္စုပ္ပန်
အစုန်အဆန်မှာ ပျော်ရွှင်လိုမှုလား။

မင်းရဲ့မွတ်သိပ်မှုဟာ ဘာတွေလဲကွဲ့
လျှပ်စစ်ဓါတ်အား တစ်ခုလို
ငြိမ်သက် တိတ်ဆိတ် အရှိန်အဟုန်ပြင်းပြင်း
စီးဆင်းခြင်းသာ မင်းရဲ့ အာဟာရဖြစ်ပါစေတော့။

ငါကတော့ ကဗျာဆရာပါကွယ်
ဟောသည် ကမ္ဘာမြေကြီးရဲ့
နာမကျန်းမှုတွေကိုသာ
ဆေးဝါးကုသပေးချင်ရဲ့။ ။
ကလျာမဂ္ဂဇင်း
မေ၊၁၉၉၇




နီလာတိုးအဖေ သေဆုံးခြင်း
နီလာတိုးဟာ အနုပညာရှင် အဆင့် (၃)
သူမအသံကောင်းတယ်
အဆိုပိုင်တယ်
အရပ်ပုတယ်
အခြေအနေ အခွင့်သာခဲ့ရင်
နီလာတိုးဟာ မက်ဒေါနားလို ကမ္ဘာကျော်နိုင်သူပဲ။

နီလာတိုးအဖေလည်း အနုပညာရှင်တစ်ယောက်ပါပဲ
နိုင်ငံရပ်ခြားတိုင်းပြည်ကြိးတွေလှည့်လည်
ဖြေဖျော်ခဲ့သူပါ ။

မဇ္ဈိမဒေသ၊စိန့်တိုင်း
အယုဒ္ဒယနဲ့ ကမ္ဘောဒီးယား၊ အင်္ဂလန်
အကြိမ်ကြိမ်။

ကြာသာပတေးနေ့က
ပင်စင်ယူထားတဲ့နီလာတိုးအဖေ
နီလာတိုးအခန်းမှာသေတယ်
၉၆ပါးရောဂါနဲ့ပါပဲ။

နာရေးကိစ္စလှပဖို့ရာ
ရပ်ရွာရဲ့အရေးပါပဲ။

နီလာတိုးအဖေဟာ
သူကိုယ်တိုင် တကယ်သေကြောင်း သက်သေပြနိုင်ခဲ့လို့
ကြာနီကန်သုဿန်ကို ရှောရှောရှူရှူ သွားခွင့်ရတယ်။

လိုက်ပို့သူတွေ
ကားတန်းကြိး မရှည်လျားပါဘူး
အဖေကိုချစ်တဲ့
အခြားအဖေတွေရဲ့ အခြားသမီးတွေလိုပါပဲ
နီလာတိုးငိုတယ်
တက်ပြီး မေ့သွားတယ်၊ ဝိုင်းပွေ့ကြတယ်၊ ရင်ကိုဖိကြတယ်။

အားရအောင် ငိုရှာမပေါ့လေ
နောက်အဖေတစ်ယောက်သေစရာမှမရှိတော့ပဲ
ဒါနဲ့ နီလာတိုးငိုပြန်တယ်
အရင်ကလို အသံမကောင်းတော့ဘူး
အရပ်ကတော့ အရင်အတိုင်း ပုမြဲပုတယ်။

တက်ပြီးမေ့သွားတဲ့ နီလာတိုးကို ဝိုင်းပွေ့ကြ
ရင်ကိုဖိကြ
တဟုန်းဟုန်းတောက်လောင်နေတဲ့ မီးလျှံတွေထဲမှာ
နီလာတိုးအဖေဟာ ရဲရင့်ခဲ့ပေရဲ့
သူ့ဝိညာဉ်ဟာ တိမ်တိုက်တွေထဲ ကျွမ်းထိုးပြီး
နိုင်ငံရပ်ခြားတိုင်းပြည်များဆီ
လှည့်လည်ဖြေဖျော်နေမှာပဲ။

အလောင်းကောင်ရဲ့ ညှော်နံ့တွေက မွှန်လို့
ခေါင်းတိုင်က ထွက်လာတဲ့ မီးခိုးငွေ့တွေက
ကြာနီကန်သုဿန်ပေါ် အုံ့ဆိုင်းနေတြ့
မိုးသားတွေဆီ တလွင့်လွင့်တက်လို့။

နီလာတိုးအဖေရဲ့ ရုပ်အလောင်းပြာမကျမီ
ကားတွေရှိရာဆီ လူတွေပြန်ကြပေါ့။
ကြာသာပတေးနေ့ကပါ။ ။
ဒီဇင်ဘာ ၂၀၀၄





ရန်ကုန်မြို့ပေါ် အုံ့ဆိုင်းတဲ့မိုးသား
နင်းစရာဆိုလို့
ရန်ကုန်မြို့မှာ နှစ်ခုပဲရှိတယ်။

ပျော့စိစိ ပက်ကျိကောင်တွေနဲ့
မာကျောတဲ့ ပလက်ဖောင်းကျောက်ပြားတွေ။

မနက်ဖြန်တွေကို ချောမွေ့စေဖို့
အဖြစ်မှန်တွေကို နည်းနည်းပါးပါးပြုပြင်ကြ
သူတို့ရဲ့ စိတ်ဒုက္ခတွေကို အော့အန်ဖို့တော့
စိုထိုင်း၊ကျဉ်းကြပ်၊လှောင်ပိတ်နေတဲ့
အရက်ဆိုင်တွေရှိရာဆီ သွားကြရ။

ရန်ကုန်မြို့ပေါ်
အုံ့ဆိုင်းတဲ့ မိုးသား။

နောက်ဖေးလမ်းကြားထဲက အကြွင်းအကျန်တွေနဲ့
ခြေထောက်တွေရဲ့ ဘာသာဗေဒကို လေ့လာရင်း
တစ်နေ့နေ့ တစ်ချိန်ချိန်
တစ်စုံတစ်ယောက်၊ တစ်စုံတစ်ရာ၊တစ်စုံတစ်ခု
သေချာမှုမရှိတဲ့ ညနေခင်းတွေကို
အိတ်ကပ်ထဲထည့်ပြီး
စိုထိုင်း ကျဉ်းကြပ်၊လှောင်ပိတ်နေတဲ့
သူတို့အိပ်ခန်းတွေရှိရာဆီ ပြန်ကြရပြီ။

ရန်ကုန်မြို့ပေါ်
အုံ့ဆိုင်းတဲ့ မိုးသား။

သူတို့ ကိုယ်ပေါ်မှာ
တစ်ကြိမ်တစ်ခါမှ မစွတ်စိုဖူးခဲ့တဲ့
ချစ်ခြင်းမေတ္တာကတော့
သူတို့ကို ဖျန်းပက်နေတဲ့
မိုးရေစက်တွေနဲ့အတူ
ရေဆိုးမြောင်းတွေထဲ တဝေါဝေါ ထိုးဆင်းသွားပေါ့။

သူတို့ကိုယ်တိုင် အိပ်မပျော်ခင်
သူတို့ စိတ်ကူးနိုင်သမျှရဲ့
အကောင်းဆုံးတွေက
အိပ်မက်အဖြစ် အရည်ပျော်နှင့်ပြီ။

တော်သေးရဲ့
ကြွက်တွေရဲ့ အမြီးမှာ
ကလောင်တံမပါတဲ့အတွက်တော့
ဘုရားသခင်ကို သူတို့ကျေးဇူးတင်ကြရပြီပေါ့။ ။
သောင်းပြောင်းထွေလာ မဂ္ဂဇင်း
ဒီဇင်ဘာ၊ ၂၀၀၁





သင်္ကေတဝါဒနဲ့ပါးရိုက်ခြင်း
ပြတ်သားခဲ့ပြီတဲ့လား
မောင်းချဓားတစ်ချောင်းက..ရယ်လိမ့်မယ်။

အကြိမ်ကြိမ်
စိတ်ကိုစိတ်နဲ့မှန်အောင်ပစ်
စိတ်ကိုစိတ်နဲ့ပွတ်သပ်ဖြေသိမ့်
စိတ်ကိုစိတ်နဲ့ကားစင်တင်
ဘဝတစ်ခု
ဝါကျတစ်ကြောင်း
ပုဒ်မတစ်ခုချလိုက်။

ရှုံးလိုက်နိုင်လိုက်..အဆုံးသတ်မရတဲ့လောင်းကစားပွဲ
ဆက်ပြီးတော့သာ..ကစားပါလေ
ဝက်တစ်ကောင်ဖြစ်ခဲ့မှတော့
ဗိုက်ဓားထိုးခံဖို့..ပြဋ္ဌာန်းပြီးသားပေါ့။

နေမင်းကြီးအောက်
အရှက်အကြောက်..ကင်းမဲ့နေကြပုံတွေက
ကင်မရာရှေ့..အလုအယက်တိုးဝှေ့လမ်းလျှောက်ကြ
ပုဆိန်ရိုးအပြတ်ကို
နတ်ဒေဝတာထင်ပြီး..ပ,သကြ
နပိုလီယံစီးတဲ့ဖိနပ်ကို
သရဖူမှတ်ပြီး..အလုအယက်ဆောင်းကြ
သင်္ကေတဝါဒနဲ့
တစ်ယောက်ပါးကိုတစ်ယောက်ရိုက်ကြ
ဘုရားသခင်ကြည့်နေတာ…မသိကြဘူးလေ။

ဒုစရိုက်ပန်းတွေအလုအယက်ပွင့်နေပုံက
အိပ်မရအောင်…တယ်ဆူညံလှပါလား
စဉ်းစားခြင်းဝါဒကို.ငြင်းပယ်လိုတဲ့
တိမ်တိုက်တွေကတော့
ထင်ရာကိုစိုင်းမြဲစိုင်းကြတယ်။

ချရေးလို့မရတဲ့ဝါကျတစ်ကြောင်းဟာ
ဘဝမှာအဆိုးဆုံးကျိန်စာပဲ။






မိုးကာလ
ရှန်ပိန်အရက်ကို ပုလင်းလဲ တစ်ဝက်ချန်ထားရမှာ
ဟဲမင်းဝေး သိပ်မုန်း ဆိုပဲ။
မိုးကလည်း စွေလိုက်တာနော်
အိတ်ကပ်ထဲ တစ်စက်မှ ရေမဝင်ဘူး
စတိုင်ကျကျဂိုက်ပေးစရာဆိုလို့ကလည်း
သွားကြားထဲ တုတ်တစ်ချောင်းနဲ့ထိုးပြီး
လမ်းလျှောက်ပြတာကလွဲလို့ ဘာမှမရှိ။
မရယ်ရတဲ့ပြက်လုံးဟာ ရယ်စရာအကောင်းဆုံးပဲ။

လင်းတတွေ ကွယ်ပျောက်သွားချိန်မှာ
ပလတ်စတစ် ကောက်သူတွေပေါ်လာတာ
ကျေးဇူးတင်စရာပါပဲ။

ရာသီဥတုကလည်း အမြဲတမ်းတုန်တုန်ချိချိရယ်
သင်္ဂဇာ ဆရာတော်အမိန့်ရှိသလိုပ
ညောင်တုန်းက မောင်အုန်းလို
တရားထူးနဲ့ အဖျားရှူး သွားတတ်တယ်။

နိုဘယ်ဆုရတာနဲ့ မီးကွင်းထဲကျွမ်းထိုးပြတာ
မတူဘူးပေါ့လေ
ကျွန်ုပ်သည်ကား
မပိုင်ဆိုင်ဖူးသေးတဲ့ သရဖူကို
ကာကွယ်နေသူ ဖြစ်ချေ၏။ ။
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း
ဖေဖော်ဝါရီ ၂၀၀၁




အပိုင်း(၅)
မာရီလင်မွန်ရိုး
စိတ်၏ ဂယ်(ကယ်)ပေါက် များဖြစ်ပါသည်။ ရည်ညွှန်းချက် အထူးမရှိပါ။



မစိမ်းမြ
အမြဲစိမ်းသစ်တောကြီးထဲ ဖြတ်သွားရခိုက်
အမြဲတမ်းစိမ်းကားတတ်တဲ့ မစိမ်းမြကို သတိရမိတော့
အစိမ်းရောင်တွေဟာ စိမ်းသထက်ပိုစိမ်းတယ်။

ရှုပ်ထွေးကြပ်ညပ် မော်တော်ကားတွေကြား
အစိမ်းရောင်မီးပွိုင့်တွေကို ဖြတ်ကူးတိုင်းပဲ
စိမ်းသွားတဲ့ မစိမ်းမြကို သတိရ
စိမ်းကားသူက မြပုဝါခြုံသတဲ့။

စိမ်းညို့ကွေ့ကောက်သော မြစ်များမှ
စိမ်းညို့လွမ်းမောဖွယ် မြက်ခင်းပြင်တစ်လျှောက်
အစိမ်းရောင် ငှက်ကလေးတွေ ဝဲပျံနေကြ
သြော် မစိမ်းမြ မစိမ်းမြ
မြက်ခင်းစိမ်းထဲ မဖြတ်ရဲဘူးကွယ်။

အစိမ်းရောင်တောင်တန်းတွေပေါ်က
အစိမ်းရောင် သစ်ပင်တိုင်းမှာ
စိမ်းကားတဲ့ မစိမ်းမြရဲ့ အမည်ကို ရေးထိုးခဲ့
စိမ်းနိုင်ရက်ပေရဲ့ စိမ်းရက်တဲ့ မစိမ်းမြရယ်။

အစိမ်းရောင်တွေကို မသုံးနဲ့
အစိမ်းရောင်တွေကို မသုံးနဲ့
ကိုခင်ဝမ်းရဲ့ သီချင်းကိုကိုအော်ဆို
ငါ့တစ်ကိုယ်လုံး အစိမ်းရောင်ဆေးခြယ်ပြီး
အစိမ်းရောင်ပင်လယ်ကြီးထဲ ရွက်လွှင့်ခဲ့။ ။
စရဏ မဂ္ဂဇင်း
ဇန်နဝါရီ၊ ၂၀၀၈





တစ်နေ့မှ မေ့မရသူလေးသို့
လူတစ်ယောက်မှာ
သူ့အကြောင်း ဒဏ္ဍာရီတစ်ခု
ရှိသင့်တယ်မဟုတ်လား။

အရာရာဟာ
မြေကြီးပေါ်တုတ်ချောင်းနဲ့ရေးခြစ်ထားသလို
ဖြစ်လွယ် ပျက်လွယ်တွေချည်းပါပဲကွယ်။

မင်းတစ်ဘဝလုံး ကြေကွဲကျန်ရစ်ရအောင်ဆိုပြီး
ငါ့ကိုယ်ငါလည်း အဆုံးမစီရင်ရဲ
ဒါဆို
သေနတ်ပြောင်းထဲ ချောင်းကြည့်ရင်း
ခလုပ်နှိပ်မိတဲ့လူတစ်ယောက်လို့
လူတွေ ပြက်ရယ်ပြု ကျန်ရစ်ကြမှာပေါ့
ငါ့ရဲ့ အကောင်းဆုံးကို ငါလုပ်မပြီးသေးသမျှ
ဘယ်အရာပေါ်မှာမှ
ငါ့ကိုယ်ငါ မပုံခဲ့နိုင်ဘူး။

ငှက်တစ်ကောင်ဟာ
ကောင်းကင်တစ်ခုတည်းမှာ နှစ်ခါပျံသန်းနိုင်ဖို့
နေမင်းကြီးကို တစ်ကြိမ်ပတ်ရတယ်။

တစ်နေ့မှ မေ့မရသူလေးရေ
သည်တစ်ညနေခင်းလေးပဲဖြစ်ဖြစ်
အကောင်းအတိုင်း ထင်ကျန်ရစ်ဖို့
တောင့်ခံထားရသူပါ။

ငါက ဂျူးလိယက်ဆီဆာလိုပဲ
ကိုယ့်ရန်သူတွေရဲ့ စာရင်းကို မှတ်မထားတတ်ဘူး။

ကိုယ်နာမည်ဘယ်သူတုန်းရယ်လို့
ကိုယ့်ဟာကိုယ် ပြန်မေးရတဲ့ အခါမျိုးတွေမှာတော့
သေနတ်ပြောင်းထဲ ချောင်းကြည့်မိပြန်ရဲ့။

မင်းဖို့ ဒဏ္ဍာရီတစ်ခုပေါ့ကွယ်။ ။
ကလျာမဂ္ဂဇင်း
ဒီဇင်ဘာ၊ ၁၉၉၇




ကိုယ့်ကြောင့် ကမ္ဘာကြီးမနာကျင်စေချင်
အားကောင်းမောင်းသန် ရူးသွပ်ခဲ့စဉ်တုန်းက
ကောင်းကင်ဘုံကိုမော့ကြည့်ဖို့ ကြိုးစားဖူးတဲ့
သိုးတစ်ကောင်။

သင်ရိုးညွှန်းတန်းပျောက်ဆုံးနေတဲ့နှစ်များ။

အထင်တော်လွဲမှားပြီး
ဘုရားသခင်က လက်ဆောင်တစ်ခုချီးမြှင့်လိုက်ရဲ့
မင်းကလေးပေါ့ စပယ်ခင်။

အခုတော့
သူ့သဘောသူဆောင်တဲ့ အာကာသဓါတ်ကြီးကြောင့်
တစ်ကျွန်းစီနေ တစ်မြေစီခြားရပေါ့။

ဗုံတွေဟာ တီးဖို့ မဟုတ်တော့ဘူး
အိမ်မပြန်တမ်းပေါ့ကွယ်
တိမ်တွေရဲ့ အဆန်လမ်းမှာ
ကိုယ့်ခြေလှမ်းတွေပျောက်ဆုံးခဲ့ရ
ကိုယ့်ကျောပေါ် အလျားလိုက်စီးတဲ့မြစ်မှာ
ကိုယ့်ရာဇဝင် ပျောက်ဆုံးခဲ့ရ
တစ်စက်မှ ရေမရှိတဲ့ မြစ်ကြီးထဲ
လှေနာဝါကို ရွက်လွှင့်ခဲ့ရ။

အနွေးဓာတ်ပါတဲ့ အနမ်းရဲ့ အငွေ့အသက်ဟာ
အမြဲတမ်းပဲ အတိတ်ကိုဆောင်တယ်
သရဖူမဆောင်းတဲ့ တို့ရဲ့ မာနတရားကတော့
ဘယ်တော့မှမိုးမလင်းပေဘူး။

သက်သေပြချက်တွေကို လိုက်ရှာမနေပါနဲ့တော့
ကိုယ့်ကြောင့်
ကမ္ဘာကြီး မနာကျင်စေချင်
ကျောက်တုံးတစ်တုံးမှာ
အောက်မေ့အမှတ်ရစရာ ဘာမျှမရှိ
ပန်းတစ်ပွင့်ဟာလည်း
ဝံပုလွေတစ်ကောင်ရဲ့ အိပ်မက်တစ်ခု မဖြစ်နိုင်
မြွေတစ်ကောင်ကတော့
သူ့ကိုယ်သူ လေယာဉ်ပျံတစ်စင်းလို့
စိတ်ကူးယဉ်ခဲ့ဖူးမှာပေါ့။

ကျဆုံးသွားတဲ့လူ့ယဉ်ကျေးမှုတိုင်းကို
အနမ်းနဲ့ နှုတ်ဆက်ဖို့
ကိုယ့်အနာဂတ်ဟာ
အဝေးက ပြန်လာနေပါပြီ။ ။
ဖေဖော်ဝါရီ ၂၀၀၁



အလွမ်းမြစ်ထဲ မိုးသည်းသည်းမှာ
အအိပ်မဲ့ညတွေကြား
အတိတ်ရဲ့ဘဝတွေ ဖြတ်သွားဆဲပါ မေ။

ကိုယ့်အတိတ်ရဲ့ဖြစ်စဉ်အစ
ကိုယ့်ဘဝသမိုင်းဦးမှာ
အချစ်မူး မူးခဲ့တယ်
အချစ်ရူးလည်း ရူးခဲ့တယ်။

တစ်ခဏလေး
ဘဝပေးကုသိုလ်ကောင်းခဲ့လို့
မေရယ်…ကိုယ်ရယ်
အချစ်တွေစီးမျောနေတဲ့
ချစ်နဒီပင်လယ်ကြောမှာ
အချစ်လှေကလေးနဲ့ မျောခဲ့တယ်။

နဂါးငွေ့တန်း
ကြယ်ထူးဆန်းတွေကြား
တို့နှစ်ဦးသားရဲ့ဝိညာဉ်
ခြေကျင်လမ်းလျှောက်
ဟိုး… မြောက်ဝင်ရိုးစွန်း
ရေခဲကျွန်းထိ ရောက်ခဲ့တယ်။

နှင်းဆီပန်းခင်း ..လေညင်းတွေထဲ
လူးလဲပွေ့ဖက် မနက်နေ့ည
ကာလမရှိ
အချိန်ဆိုတာ တို့မသိတဲ့
အချစ်ရဲ့နေ့တွေ ချိုလွန်းတယ်။

အခုတော့ အဲသည်နေ့တွေ
ဝေးခဲ့ပြီပေါ့ မောင့်ရဲ့မေရယ်။

မေ မရှိတဲ့
မောင့်ရဲ့ဘဝ ခဏတိုင်းမှာ
ရေ မြေ လေ မီး
ဓာတ်ကြီးလေးပါး မရှိတဲ့
ဒြပ်မဲ့ ကမ္ဘာပေါ် ရပ်တည်ရခြင်းပါ
အကြောင်းအကျိုးတွေလည်း
အကောင်းအဆိုး မဝေခွဲတတ်တော့ပါ။

ရာသီနှစ်ချို့
မြစ်တို့ခန်းခြောက်
တောင်နဲ့မြောက်လည်း
မသဲကွဲတော့ဘူး
အသည်းထဲ ဆူးစူးတာ
နှုတ်လို့မလွယ်ဘူးမေ။

နာရီတွေ စက္ကန့်တွေ
တရွေ့ရွေ့စီးမျောနေခြင်းဟာ
အချိန်ကာလပါပဲ
ကိုယ့်ဘဝမှာတော့
အလွမ်းတစ်ခုထဲ
အမြဲစီးဆင်းနေလျက်ပါ။

အလွမ်းလှေကလေး
ကမ်းနဲ့ဝေးခဲ့ပြီမို့
အလွမ်းမြစ်ထဲ မိုးသည်းသည်းမှာ
ရောက်ချင်ရာရောက် လှော်တော့မယ်။ ။
မဟေသီ မဂ္ဂဇင်း ၊၁၉၈၅





ချစ်ဇနီးသို့
စိတ်ကြောင့် စိတ်ဆင်းရဲခဲ့ရသည်မို့
စိတ်နဲ့သာ စိတ်ကိုဖြေရတော့တယ်။

ဘဝများ
ဝေးကွာနေကြရ
ကလေးတွေနဲ့ ဇနီးမယား
ထားခဲ့ရ တစ်နယ်တစ်ကျေးဆီ။

ဝေးလွန်းလှတဲ့ မိုင်ပေါင်းများစွာမှာ
စိတ်ကို စိတ်နဲ့သာခေါ်ရ ထူးရ
ဝရုန်းသုန်းကား ဆူညံသံတွေကြား
တယ်လီဖုန်းတွေ အသုံးမကျ။

လူတွေ ရှုပ်ထွေး
ကားတွေကြပ်ညပ်
လမ်းဖြတ်ကူတိုင်းမှာ ရတနာသုံးပါးကို ရွတ်ဆိုမိရ
(ကျေးဇူးတင်စရာ)

ငွေပေါ့ကွယ်
သင်းကြောင့်ပေါ့
တို့ဝေးကွာနေရတာ သင်းကြောင့်ပေါ့။

ဆူးလေဘုရားလမ်းကြီးကို ဖြတ်ကူးတိုင်း
ပြေးနေတဲ့စိတ်ဟာ
ပြေးနေတဲ့ငွေနောက်
ပြေးပြီးတော့ လိုက်နေရဲ့။
ကလျာမဂ္ဂဇင်း
ဇန်နဝါရီ ၊၂၀၀၅





ကြယ်တံခွန်
လူ့ခန္ဓာဝန်တွေက
ကြယ်တံခွန်တွေအပေါ် ပိပိကျတတ်လွန်းလို့
အနည်းဆုံး ခုနှစ်ဆယ့်ငါးနှစ်မြောက်မှ
နောက်တစ်ခေါက် ငါပြန်လာခဲ့မယ်။

ကဲကွာ.. ……… ………… ……….
………….. ……….. ……….. ………….
အခုကိုပဲ ငါပြန်ရောက်လာပြီ။
မူးပြီးမှ ငါရောက်လာတော့
မင်းတို့ကို ငါမသိ
ငါ့ကိုယ်ငါလည်း ငါမသိ။

ဒါပေမယ့် ငါက
မင်းတို့ဘဝရဲ့ အလင်းရောင်တန်းကြီးလေ
မျက်စိတွေ ကျိန်းစပ်လောက်အောင်
သိပ်ပြီး ပြောင်လက်လွန်းနေရင်လည်း
နေကာမျက်မှန်တပ်ထားကြ
ငါက
မင်းတို့ဘဝရဲ့ အလင်းရောင်။

ပင်လယ်လှိုင်းနဲ့
မုန်တိုင်းရဲ့ဆူညံမှုထဲ
ငါ့ရာဇဝင်
ငါ့အလင်းရောင် ၊ငါ့အမှောင်ထု
ငါ့အသံနဲ့ ငါ့အမှန်တရား
ငါ့ရဲ့ဓားကို ငါမြှုပ်ထားရဲ့။
အကြွင်းမဲ့ အမှန်တရားနဲ့
အနာဂတ်ကို မစဉ်းစားမိအောင်
စကားလုံးတွေ အိပ်ပျော်နေစမ်းပါစေ။

နောက်တစ်နေ့ညနေခင်းကို
မနေ့ကနေ့လည်ဟု ထင်မှတ်ကာ
အိပ်ရာကနိုးလာပြီး
အမှန်တရား ဘယ်မှာလဲ
ဘယ်မှာလဲဟေ့ အမှန်တရား
အော်ဟစ်ပြီး ငါမေးမိရဲ့။

ကြည့်စမ်း
ဒါဟာ သူ့အတ္ထုပ္ပတ္တိ တစ်ဝက်တစ်ပျက်ပါပဲတဲ့လေ
ပြောရဲလိုက်ပုံက
ဒီလိုကောင်မျိုးတွေကြောင့်ပေါ့
ရှုမျှော်ခင်းတွေကို ကျောပေးပြီး
ထိုင်တတ်တဲ့အကျင့် ငါရခဲ့တာ
(ကြယ်တံခွန်တွေ ဘယ်လိုထိုင်တယ်ဆိုတာ
မင်းတို့ မြင်ဖူးကြရဲ့လား)

ပိုပြီးလူသားဆန်အောင်လို့တဲ့လေ
ငါ့ရှေ့မှာ ရူးရူးနှမ်းနှမ်းတွေ လုပ်ပြလိုက်
မိုက်မဲမှုချင်းပြိုင်ဆိုင်လိုက်နဲ့
သွားစမ်းပါ
ဒါမျိုးတွေ ငါ လက်မခံပါဘူး။
ကြယ်တံခွန်တွေရဲ့ အန္တိမ ရည်မှန်းချက်ဟာ
ကိုယ့်ကိုယ်ကို လောင်ကျွမ်းစေခြင်းသာပဲ။

အစီအစဉ် အထားအသို အနုပညာကိစ္စ
အိပ်ရာဝင်နောက်ကျခြင်းနဲ့လည်းသက်ဆိုင်တယ်
အဓိပ္ပာယ်ရှိခြင်းတွေနောက် ငါမလိုက်ခဲ့တာ
နှစ်ပေါင်းသုံးဆယ် ကြာခဲ့ပါပြီ။

ရမ် ဆိုတဲ့ပုလင်းထဲမှာ
ရမ်မဟုတ်တာတွေထည့်ထားမှတော့
ငါ့ဘဝထဲ ငါမဟုတ်တာတွေ ထည့်ထားတာ
ဘာမှမဆန်းတော့ဘူး။

မင်းတို့ရဲ့ ခန္ဓာဝန်တွေနဲ့
ပိကျနေတဲ့ ကြယ်တံခွန်ကြီး
လူသားဝါဒကို
သိပ်ပြီးခံတွင်းမတွေ့လှတဲ့ ကြယ်တံခွန်ကြီးပေါ။

ငါ့မှာရှိတဲ့ အလင်းရောင်တွေ
မင်းတို့ပေါ် သက်ရောက်နေသေးသမျှ
မင်းတို့ရဲ့အနားက
တစ်ဖဝါးမှ ငါမခွာတော့ဘူး
ငါက
အရက်မူးနေတဲ့ ကြယ်တံခွန်ကြီးတစ်ခုသာလေ။ ။
ကလျာမဂ္ဂဇင်း
ဇွန်၊ ၁၉၉၄




မာရီလင်မွန်ရိုးအတွက် ညဥ့်လယ်စာ
မခင်လေးကို ကျွန်တော်ချစ်သည်
ထိုအတိုင်းပင် ကျွန်တော် ဆက်လက်တွေးခေါ်ရလိမ့်မည်။

ခရေပန်းတွေလုကောက်စဉ်ကာလတုန်းက
မင်းမှာ မိခင်လောင်းပီသတဲ့ရင်သားရှိမှန်း
ငါမသိလို့ပါကွယ်
လူပါဝတဲ့နည်းနဲ့
နှလုံးသားကို စိုက်ပျိုးလို့မရနိုင်မှန်း
နောင်မှသိခဲ့။
တကယ်တော့ ကိုယ်ဟာ
ဗျာဒိတ်တော်ကို အလေးမထားသူ တစ်ယောက်တော့လည်း
မဟုတ်ခဲ့ပါဘူး။

ကမ္ဘာကြီးဟာ လုံးတော့လုံးတယ်
ဒါပေမယ့် ပြားနေတယ်
ပြားတော့ကာ
မခင်လေးကို ကျွန်တော်ချစ်သည်
ထိုအတိုင်းပင် ဆက်လက်တွေးခေါ်ရလိမ့်မည်။

မင်းထင်သလို ကိုယ်ဟာ
အတိတ်မေ့ချင်ယောင်ဆောင်နေတဲ့လူတစ်ယောက်
မဟုတ်ရပါဘူး
အတိတ်မရှိတော့တဲ့ လူတစ်ယောက်ပါကွာ
(ဆရာဝန်ရဲ့ဆေးစစ်ချက်ကို ဆုတ်ဖြဲပစ်ခဲ့တယ်)

ဓမ္မသတ်ကျမ်းကို
အခန်း(၃)ထိ မဖတ်ဖူးခဲ့ဘူး။
အလင်းတစ်ဝက် အမှောင်တစ်ဝက်
တခစ်ခစ် ရယ်သံလား
တဟင့်ဟင့်ရှိုက်သံလား
ဇာတ်ညွှန်းမပါတဲ့ ပြဇာတ်တစ်ပုဒ်မှာ
တို့သရုပ်ဆောင်ကြရ။
(ပိတ်မရတဲ့တံခါးတွေ ရှိကောင်းရှိမယ်
ဖွင့်မရတဲ့တံခါးတော့မရှိနိုင်ဘူး)

ခွေးရေပုရပိုက်နဲ့အပြည့် ဒုစရိုက်မှုများ
ဆုံးရှုံးသွားတဲ့ သီလတရားနဲ့အတူ
အခြားလတ္တီကျုတစ်ခုဆီ အသိုက်ပြောင်းခဲ့ရပေါ့
ကျောက်တုံးတစ်တုံးထက်ပိုပြီး
ဂုဏ်သိက္ခာကြီးမားတဲ့လူသားတစ်ယောက်ပါကွာ။

မခင်လေးကို ကျွန်တော် ချစ်သည်
မခင်လေးကိ ကျွန်တော် ချစ်သည်
ထိုအတိုင်းပင် ကျွန်တော် ဆက်လက်တွေးခေါ်ရပါလိမ့်မည်။ ။
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း
ဒီဇင်ဘာ ၂၀၀၅


ပိုင်စိုးဝေ ၏ ကဗျာများ

Saturday, July 18, 2009

မီးခိုးနဲ့မိုးတိမ်
တဖြည်းဖြည်းကွယ်ပျောက်သွားတဲ့
သဘောင်္ကြီးရဲ့ ခေါင်းတိုင်အိုကြီးဟာ
နောက်ဆုံးမြင်ရတဲ့ကုန်းမြေကို
ကြည့်ပြီး
တစ်စုံတစ်ရာတွေးကောင်းတွေးနေမယ်။
ပင်လယ်ကိုပထမဆုံးမြင်ဖူးတဲ့
ကောင်လေး………

သင့်အတွေးတွေနဲ့
မီးခိုးတွေနဲ့မိုးတိမ်တွေနဲ့
ရောယှက်ပေါ့။

အခုတော့ ခင်ဗျားအိုပါပြီ။

မြို့ကြီးတွေရဲ့ ဆိပ်ကမ်းတွေရဲ့
မီးခိုးတွေနဲ့မိုးတိမ်တွေဟာ
ကမ္ဘာကြီးလုံးဝိုင်းကြောင်းသက်သေပြဖို့
မသေချာခဲ့ဘူး။

နောက်ထပ်လည်း ဘာမှမသေချာဘူး
ခုတော့
သူ့ဇာတိမြေနဲ့မိုင်ပေါင်းများစွာဝေးရာ
မည်မျှထိဝေးတယ်ဆိုတာ သူကိုယ်တိုင်
မသိပဲဝေးတဲ့အဝေးဆုံးအရပ်မှာ
သူ့အုတ်ဂူဟာ ဆွေးမြေ့ပေါ့
ပျက်စီးပျောက်ကွယ်သွားခဲ့ပေါ့။ ။
ပိုင်စိုးဝေ


ဒီဇင်ဘာ ၂၅ ရက်၊ညနေ ၅ နာရီ
အုံ့ဆိုင်းတဲ့ တနင်္ဂနွေညနေခင်း
တစ်ခုမှာပေါ့
ကိုယ့်ဘဝထဲသူဖြတ်သန်းသွားပုံကြီး
ကြေကွဲရ။

သစ္စာတရားကိုဖက်တွယ်လိုက်တဲ့
ငနဲတစ်ယောက်ရဲ့ကျဆုံးခန်းပေါ့။

လိမ်ညာဖို့စကားလုံးတွေ
အများကြီးရွတ်ဆိုတတ်ပေမယ့်
အကောင်းဆုံးကို မရွေးချယ်တတ်တဲ့
ကိုယ့်အပြစ်ပါ။

ဆက်ထိုင်နေရကောင်းမလား
စဉ်းစားရင်း ထရပ်မိ
ထွက်သွားရကောင်းမလား
စဉ်းစားပြီးပြန်ထိုင်။

သြော် မစိမ်းမြ..မစိမ်းမြ
အချောမသတ်ရသေးတဲ့
ဒုက္ခကြမ်းရှရှ ကြီးကိုမှ
ကိုယ့်ရင်ခွင်ထဲ ပစ်ထားခဲ့ရက်လေခြင်းနော်။

ခံစားပြနေတာမဟုတ်ဘူးကွဲ့
ထင်ရာမစိုင်းရဲလို့
သည်အတိုင်းဆက်ထိုင်နေရတယ်။ ။
ပိုင်စိုးဝေ



မေ့ပစ်လိုက်ပါ
ရေကူးခြင်းဟာ
သိပ်လွယ်လွယ်လေးပဲထင်လို့
ခုန်ချလိုက်မိတာ။

သက်သေပြစရာဆိုလို့လည်း တခြားဘာမှမရှိခဲ့ဘူး။

အသဲနှလုံးကိုမပေးပါနဲ့
ပိုက်ဆံတစ်ဆယ်ပဲချေးခဲ့စမ်းပါကွာ
ကိုယ့်ဆီရောက်လာတဲ့သူများရဲ့ဒုက္ခ ဆိုတာလည်း
ကိုယ့်ဒုက္ခပဲပေါ့။

တကယ့်ကို
ရသပျက်တဲ့ညတွေပါ
သီချင်းမဟုတ်တာတွေ
သီချင်းလုပ်ပြီးဆိုနေရ
အံသွားအချင်းချင်းကြိတ်ပြီးတော့သာ
ချစ်ခြင်းမေတ္တာကိုဖွဲ့ဆိုနေရ
အဆုံးသတ်မရတဲ့လှည့်ဖျားမှုတွေသာ
မိုးအလင်းရွာချနေရဲ့။

ဒီအချိန်
ကိုယ့်စိတ်နှလုံး ငြိမ်သက်မှုရဲ့ တစ်စက္ကန့် အတွင်းမှာ
တောင်တန်းတွေ ရွေ့လျားပျောက်ကွယ်သွားကြပေါ့။

မောင့်အချစ် မအေးကြည်လေး။

မေ့ပစ်လိုက်ပါ
မေ့ပစ်လိုက်စမ်းပါ
ယားယံတတ်တဲ့ အရေပြားတွေဆိုတာ
ငွေနဲ့ ဖြားယောင်းဖို့
အလွယ်လေးပေါ့။ ။
ပိုင်စိုးဝေ
၉။၁၂။၉၅



ငှက်သိုက်

(၁)
ဒုဗ္ဘိက္ခ န္တရကပ်တွေ
အထပ်ထပ်ငါ့ကိုယ်ပေါ်
နေ့နဲ့ညတိုင်း လဲပြိုကျ
အဝေးကြီးက မြေဟီသံငါကြားရတယ်။
(၂)
ဝမ်းစာရှာမှုတိတ်ခွေဆိုတာ
စည်းဝါးမပါတဲ့ခင်မင်မှုတွေပါ
ဘာလုပ်မှာလဲ
ပျော်ရွှင်ခြင်းစစ်စစ်နဲ့
လူစစ်စစ်ပဲငါဖြစ်ချင်တယ်
မိုင်ပေါင်းငါးရာလောက်အထိပဲဖြစ်ဖြစ်ပေါ့။
(၃)
မောင့်အချစ်မအေးကြည်လေး
ရေလိုက်မလွဲနဲ့ကွယ်
ဒုက္ခတစ်ခုကို
အခြားဒုက္ခတစ်ခုနဲ့သာထမ်းပိုးနိုင်တယ်
မဟုတ်လား
နေမင်းဆီက စွန့်ကြဲသမျှပဲ
မြေကြီးပေါ်က ရယူနိုင်လိမ့်မယ်
မငြင်းဆိုနိုင်သေးသမျှ ချွင်းချက်တွေကပဲ အနိုင်ရနေမှာပေါ့။
ကျီးကန်းတွေတောင်
မအောင်မြင်တဲ့နေ့တွေရှိနိုင်ရဲ့။
(၄)
ငါ့သီလတရားကိုသာ
တဖဲ့လောက်မင်းကိုက်စားပေတော့။

ကလေးတွေအတွက်တစ်ဝက်ချန်ထားနော်။ ။
ပိုင်စိုးဝေ



ကမ်းပါးမရှိတဲ့မြစ်
(၁)
ငွေရတုရက်ကို
လက်ပြနှုတ်ဆက်
နေ့ရက်အသစ်များ
တွား..သွား..ရွေ့ရွေ့
ဆယ်နှစ်တစ်ဖန်ပြည့်တော့မည်။

မျဉ်းမတ်တစ်ကြောင်း
မှတ်တိုင်ဟောင်းမှာ
အကြာကြီးရပ်
မပြတ်သားပဲ တွေဝေဆဲတွင်
ရင်ထဲတိုးဝှေ့
အနာဂါတ်နေ့တချို့
ငါ့ကိုဖြတ်သန်းသွားကြပြီ။

အိပ်မက်အယ်လ်ဘမ်မှာ
ရောဂါသစ်များ..တိုးပွားနေဆဲ
ဆွဲနှုတ်မရ
နေ့ညထပ်ထပ်
ရစ်ပတ်တင်းကြပ် တရစပ်ပင်
နှလုံးသား၏ အပြာရောင်လွင်ပြင်
အကုသိုလ်တရားတို့စူးဝင်ခဲ့ပေါ့။
(၂)
ဘဝအမြင်..ဂန္ထဝင်လက်သစ်
အချစ်
သစ္စာတရား
ရိုးသားမှုအကြောင်းဖွဲ့နွဲ့သူ
မြစ်ကိုဆန်လျက်
လှော်တက်မေ့ကျန်
ပစ္စုပ္ပန်မှာ
ငါ..အနာဂါတ်မဲ့ လမ်းလျှောက်သူ
(နွေဦးရက်တွေအကြောင်း သီချင်းမဆိုနိုင်တဲ့
ဥသြငှက်တစ်ကောင်ရဲ့ ကြေကွဲမှုလို)
ယာခင်းထဲက
အမေအိုရဲ့ဘဝကို
အဝေးကတမ်းတပူဆွေးသူ။
(၃)
ဟိုမှာ……..နှင်းများ
မှုန်……ဝါး…….ဝေးကျန်
ဥပါဒါန်လား
တမလွန်အလား
စကားတိတ်ဆိတ်
မသိစိတ်လား
နှလုံးသားထဲ
တဖွဲဖွဲသွန်ချ
သံဝေဂလား။
(၄)
ဒိုင်ယာရီကြား
မင်နီတားခဲ့
ငါ့ရဲ့မွေးနေ့
ငါ့အချစ်မီး ယိုစီးတဲ့နေ့
ကိုယ်ကျင့်တရား ဆုံးပါးတဲ့နေ့
……… ………… …………
………. ………. …………

ထိုနေ့များတွင်
မသိမှုတရား
ချောက်ကမ်းပါး၌
အသွားထက်ထက် ဓားတစ်လက်ပေါ်
ခြေချော်လဲကျ
လူးလဲပြန်ထ
အတ္တပွေ့ဖက်
ရှေ့ဆက်လျှောက်ရင်း
ပျော်စရာသီချင်းတစ်ပုဒ်ကို ငါဆိုလျက်။
(၅)
ဟိုမှာ…
မာယာမြစ်ထဲ
ပန်းတွေကျဲချ
ငါ့မာနကို
ဖွဖွဆုပ်ကိုင်
လှောင်ရယ်နိုင်ခွင့်
ဘဝလွင့်ပါး
မြူတွေကြားက
လက်ပြနေတာ ဘယ်သူလဲ။ ။
ပိုင်စိုးဝေ
၁၉၈၇
ဖေဖော်ဝါရီ ၊စပယ်ဖြူ



သင်္ကေတဝါဒနဲ့ပါးရိုက်ခြင်း

ပြတ်သားခဲ့ပြီတဲ့လား
မောင်းချဓားတစ်ချောင်းက ရယ်လိမ့်မယ်။

အကြိမ်ကြိမ်
စိတ်ကိုစိတ်နဲ့မှန်အောင်ပစ်
စိတ်ကိုစိတ်နဲ့ပွတ်သပ်ဖြေသိမ့်
စိတ်ကိုစိတ်နဲ့ကားစင်တင်
ဘဝတစ်ခု
ဝါကျတစ်ကြောင်း
ပုဒ်မတစ်ခုချလိုက်။

ရှုံးလိုက်နိုင်လိုက် အဆုံးသတ်မရတဲ့လောင်းကစားပွဲ
ဆက်ပြီးတော့သာ ကစားပါလေ
ဝက်တစ်ကောင်ဖြစ်ခဲ့မှတော့
ဗိုက်ဓားထိုးခံဖို့ ပြဋ္ဌာန်းပြီးသားပေါ့။

နေမင်းကြီးအောက်
အရှက်အကြောက် ကင်းမဲ့နေကြပုံတွေက
ကင်မရာရှေ့ အလုအယက်တိုးဝှေ့လမ်းလျှောက်ကြ
ပုဆိန်ရိုးအပြတ်ကို
နတ်ဒေဝတာထင်ပြီး ပ,သကြ
နပိုလီယံစီးတဲ့ဖိနပ်ကို
သရဖူမှတ်ပြီး အလုအယက်ဆောင်းကြ
သင်္ကေတဝါဒနဲ့
တစ်ယောက်ပါးကိုတစ်ယောက်ရိုက်ကြ
ဘုရားသခင်ကြည့်နေတာ မသိကြဘူးလေ။

ဒုစရိုက်ပန်းတွေအလုအယက်ပွင့်နေပုံက
အိပ်မရအောင် တယ်ဆူညံလှပါလား
စဉ်းစားခြင်းဝါဒကို ငြင်းပယ်လိုတဲ့
တိမ်တိုက်တွေကတော့
ထင်ရာကိုစိုင်းမြဲစိုင်းကြတယ်။

ချရေးလို့မရတဲ့ဝါကျတစ်ကြောင်းဟာ
ဘဝမှာအဆိုးဆုံးကျိန်စာပဲ။ ။
ပိုင်စိုးဝေ



ငါ အနုလောမ ပဋိလောမ
ငါ့အတိတ်မှာ
ငါ့သိက္ခာချော်လဲဖူးခဲ့။

သို့ပေမယ့်
ငါ့စိတ်ကို
ငါ အိတ်မှာအသေအချာထည့်
ငါ့အတိတ်ကိုဆုတ်ဖြဲပစ်လိုက်ရဲ့။

ကဲ..ငါ့မိတ်ဆွေတို့ရေ…
ငါ့အရိပ်ဟာ
ငါ့အတိတ်ပါပဲ
ငါ့စိတ်မှာ
ငါ့လိပ်ပြာ သန့်ရှင်းခဲ့။

ခုတော့
ငါ့အိတ်မှာ
ငါသိက္ခာအပြည့်အဝနဲ့။ ။

ပိုင်စိုးဝေ
၁၉၉၃ ကလျာ

ကြယ်ကြွေလကာင်္

Monday, July 13, 2009


ကြယ်ကြွေလကာင်္
ထိုသောညမှာ နှင်းပြာအုပ်မိုး
အိမ်မက်ခိုးမျှင် သခင်ဖြစ်၏

ကြယ်ခက်ညတွေ ပန်ရင်းကြွေသက်
မျက်ရည်ဝိုးဝင်း အိမ်မက်လင်းပြာ
ငါ နမ်းမွှေးရှိုက် ရင်ကိုခိုက်၏

ငါ.. ချစ်မိသည်

ငါ ချစ်မိသည်

ယုံကြည်ကြေကွဲ ခိုတွဲကိုင်းညွတ်
ပွင့်ဦးဆွတ်ပျံ့ စံပယ်နံ့အေး
အဝေးစကား နှုတ်ဖျားထုံကျဉ်
သခင် .. သိပါ။

ထိုသို့ဖြင့်
ငါနှင့် ကြယ်တို့ ညမြို့ရိုးထက်
သွေးပျက်သီချင်း ဆိုညှင်းဖွဲ့ဝေ
ကြွေခဲ့ကြသည်။

သြော် ထိုသို့ဖြင့်
ငါနှင့်သခင် ရာဇဝင်ပန်း
လွမ်းမှိုင်းဝေရီ ရွှေလက်ဖဝါး
ပါးပြင်ထိအပ် ခုံမင်တတ်လည်း
ရေးမှတ်မိရုံ ဝတ်မှုန်မြေဆွေး
ဝေးသွားခဲ့လျှင်….
ဝေးသွားခဲ့လျှင်….

တာရာမင်းဝေ