ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

မူလတန်းအရွယ်က တိတ်ခ်မီအဝေး

Friday, July 31, 2009

ကဗျာနေ့တုန်းကတင်တဲ့ကဗျာတွေထဲမှာ ဝေနော် ရဲ့ ကဗျာလေးတစ်ပုဒ်ပါပါတယ်။
ခု ဒါ ဝေနော်(သို့)လုံမငြိမ်းချမ်းရဲ့ကဗျာအသစ်ပါ။ ဒီလ(သြဂုတ်)ပိတောက်ပွင့်သစ်
မှာ ကျွန်မရဲ့ ကျွန်မတို့တစ်နေရာစီနေထိုင်ကြတယ် ဆိုတဲ့ ကဗျာနဲ့အတူပါလာခဲ့တာ
ပါ။မဖတ်ရတာကြာတဲ့ မလုံမရဲ့ကဗျာကို အားလုံးကိုလည်းဖတ်စေချင်တာနဲ့ မိုးနေ
ကိုပဲအပူကပ်ရိုက်ခိုင်းလိုက်ရပါတယ်။


မူလတန်းအရွယ်က တိတ်ခ်မီအဝေး


မေမေရယ်
ပြတင်းပေါက်ကို မပိတ်လိုက်ပါနဲ့ဦးနော်
ဟိုး မိုးပေါ်မှာလေ ယုန်ကလေးတစ်ကောင်ကို တွေ့နေရလို့ပါ
မျက်လုံးလေးက ပြူးကြောင်ကြောင် နားရွက်ကလေးထောင်လို့
သိပ်ချစ်စရာကောင်းတာပဲ မေမေ
သနားစရာလည်း သိပ်ကောင်းတာပဲနော်
သူ့မှာ သမီးလို သူငယ်ချင်းမရှိပဲ တစ်ကောင်တည်းရယ်
ပျင်းများ ပျင်းနေပြီလား မသိဘူး
ဒီလိုပြောတော့ မေမေက ပြုံးပြီး
ယုန်ကလေးမှာ သူငယ်ချင်းရှိပါတယ် သမီးရယ်တဲ့
ဟင် ... ဘယ်မှာလဲ ကျွန်မဖြင့် မတွေ့မိပါလား ....
အား ... သိပြီ သိပြီ
ယုန်ကလေးရဲ့ သူငယ်ချင်းက ဆောင်းရာသီ လရောင်ဖြစ်ရမယ်
မှိတ်တုတ် မှိတ်တုတ် လင်းလက်တောက်ပနေတဲ့
ကြယ်ပိစိကွေးလေးလည်း ဖြစ်နိုင်တယ်
ယုန်ကလေးရဲ့ သူငယ်ချင်းက သိကြားမင်း
ပြီးတော့ သုသိတာ သုနန္ဒာ သုမာလာ သုစိတ္တာနဲ့ ရေ၀တီ နတ်သမီး ....
ပေသ၀တီ နတ်သမီး ကဉ္စန နတ်သမီး ၀ိသာခါ နတ်သမီးတွေ ဖြစ်ရမယ်
ယုန်ကလေးရဲ့ သူငယ်ချင်းက သိကြားမင်း
ဇ၀နနတ်သား မဋ္ဌကဏ္ဍလီနတ်သားနဲ့ နိမ္မာနရတိနတ်သား ၀သတ္တိနတ်မင်း ဖြစ်နိုင်တယ်
နတ်ပြည်ရောက် ဂုတ္တိလ ဆောင်းပညာရှင် နတ်ပြည်ရောက် ဆတ္တမာဏ၀ လုလင်တို့လည်း ဖြစ်နိုင်တယ်
လက်နဲ့ လှမ်းထိဖို့ မဖြစ်နိုင်တဲ့
ဟော့ဟို . . . မိုးသားလွင်ပြင်ထဲက
တိမ်ငွေ့ တိမ်တန်းတွေလည်း ဖြစ်နိုင်တယ်
မြေထဲပင်လယ်အောက်က
ကနုကမာ မုတ်ကောင်တွေလည်း ဖြစ်နိုင်တယ်
အင်း ...
ယုန်ကလေးရဲ့ သူငယ်ချင်းက သစ်ပင် ပန်းပင် မြေပြင်
ရေမြေ့သရှင် ပြည့်ရှင်မင်းလည်း ဖြစ်နိုင်တယ်
ပင်လယ်ကူးသင်္ဘော တော်တောင်အထပ်ထပ်
နိုင်ငံရပ်ခြား ဘာသာစကားချင်းမတူတဲ့
အင်္ဂလိပ်၊ အာဖရိက လူဖြူ၊ လူမည်းတွေလည်း ဖြစ်နိုင်တယ် Buddhist ဗုဒ္ဓဘာသာဝင်လူမျိုးတွေလည်း ဖြစ်နိုင်တယ်
ငါ့နှယ်မေ့တတ်ရန်ကော ...
ရွှေဂေါင်းပြောင် သမိန်ပေါသွပ် တွတ်ပီနဲ့
ပန်းကန်ပြားပျံ အီးတီကာတွန်းရုပ်တွေလည်း ဖြစ်နိုင်တယ်
ဂျာနယ်ကျော် မမလေးရဲ့ သွေး၊ ဦးချစ်မောင်ရဲ့ သူလိုလူ
ဝတ္ထုစာအုပ်ကြီးတွေလည်း ဖြစ်နိုင်တယ်
ရာဒီဂိုဂျီမိုမီရာကီရဲ့ “ကမ္ဘာကို မည်သူပိုင်စိုးသနည်း” ရန်ကုန် ဘဆွေရဲ့ “သီကုံးပန်းသွင် ရေးဖွဲ့ချင်သော်”
မိုင်းခိုင်းဝန်ရဲ့ ပိဋကတ်သမိုင်း
ထုံချိုင်းကေနဲ့ နှပ်ချေးတွဲလောင်း ကလေးပေါက်စနလေးတွေလည်း ဖြစ်နိုင်တယ်
ယုန်ကလေးရဲ့ သူငယ်ချင်းက
ဆမ်းမားဆက်မွန်ရဲ့ အမ်မလီ ဘရွန်တီလည်းဖြစ်ရမယ်
ဟား... ဓားခုတ်တတ်တဲ့ နှံကောင် စုတ်လဒ်အိမ်မြှောင် ရွှေပိုးကောင်နဲ့
ကြံ့၊ ဂျီ၊ ဒရယ်၊ ဆတ်၊ ပူး၊ ဖွတ်၊ ပဒတ်၊ သမင်၊ ဆင်
ပုရစ်၊ ပလူ၊ ပိုးစုန်းကြူး၊ ကျွဲ၊ လိပ်ပြာ၊ ပျားနဲ့နွား
ဟား ဟား ဟား ဟား ......
အခုန်အပျံ ချန်ပီယံ ဖားပျံ ဖားလတက် ဖားပြုတ် ဖားဂုံညင်းတွေလည်း ဖြစ်ရမယ်
သတိရပြီ သတိရပြီ
ဆည်းဆာရီ နေညိုချမ်းမှာ ပျံသန်းတတ်တဲ့ ချိုးငှက် ဥသြငှက် သိန်းငှက်
စွန်ငှက် ဘုတ်ငှက် ဖိနစ်ငှက် ပင်ဂွင်းငှက် ဇရက် ဇင်ယော်
ကြိုးကြာ၊ ဟင်္သာ၊ ကျီး၊ ဇီးကွက်၊ ဗျိုင်း၊ ငုံး၊ ခို၊ စာကလေး
ဟေး ... အပြေးမြန်တဲ့ မြင်းကျား၊ လားတစ်ကောင်
သိုးအကောင်ရေ မြောက်များစွာနဲ့ သစ်ကုလားအုပ်
ဟုတ်ပြီ ဟုတ်ပြီ
ဒါတင်မကသေး ...
တိတ်ခမီ အဝေး ရုပ်ရှင်ဘိုင်စကုတ်
တိတ်ခမီ အဝေး ဆိုတာ
ကျွန်ုပ်ကို မထားခဲ့ပါနဲ့ ကျွန်ုပ်ကို အဝေးသို့ ခေါ်သွားပါ
ကျွန်ုပ်တို့ ပြန်လာပါတဲ့ ...
အဓိပ္ပာယ်အမျိုးမျိုး
ကြိတ်ကြိတ်တိုး၊ ရုံလျှံသွားအောင် ပြသခဲ့ရတဲ့
ဂျပန်ရုပ်ရှင်ဇာတ်ကားပေါ့ကွာ
တိတ်ခမီအဝေး ရုပ်ရှင်ဇာတ်ကား ပြသတဲ့နေ့က
တို့မြို့ပေါ်မှာ ကြယ်ရောင် လရောင်တွေ ထိန်ထိန်သာနေလိုက်တာ
မမေ့ရက်စရာပါပဲ
မေမေက တို့လက်ကလေးကို ဆုပ်ကိုင်ပြီး
သမီး အနုပညာဆိုတာ ဆေးစက်ကျရာ အရုပ်ထင်တာပါ
ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ ရယ်ခြင်း ငိုခြင်း ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း ACTOR ... ACTRESS တွေရဲ့ ရင်ခုန်ကြည်နူးခြင်း
ကြေကွဲခြင်း စာနာဖေးဖခြင်း ဥပက္ခာပြုခြင်း ကိုယ်ကျိုးစွန့်အနစ်နာခံခြင်း သည်းခံခွင့်လွှတ်ခြင်း
တကိုယ်ကောင်းဆန်ခြင်း ရိုးသားခြင်း စဉ်းလဲခြင်း ပေါင်းဆုံခြင်း ကွေကွင်းရခြင်း
ရက်စက်ခြင်း ကြင်နာခြင်း ငဲ့ညှာထောက်ထားခြင်း တင်းမာခြင်း မေတ္တာ ကရုဏာ မုဒိတာ ဗျာပါဒ မာယာ
အတ္တ မာန ဒေါသ မျက်ရည်စတွေ ရောပွမ်းစုစည်းနေတဲ့ ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ကောင်တွေရဲ့
အမျိုးမျိုး အဖုံဖုံ ပီပီပြင်ပြင် လှုပ်ရှားသရုပ်ဆောင်မှုတွေက ရုပ်ရှင်အနုပညာတွေရဲ့ ရင်တွင်းမှာ တလှိုက်လှိုက်
မှော်ဝင်စီးမျောနေတဲ့ ဈာန်ဝင်အတတ်ပညာတွေပါကွယ် သူတို့ ကြိုးပမ်းအားထုတ်ထားတဲ့ စိတ်ဝိညာဉ်က
ခံစားမှု အတုဖြစ်တယ် ဒါပေမယ့် ပြင်းထန်တဲ့ စိတ်ခံစားမှု တွန်းအားကြောင့် တရှိန်ထိုးဖြစ်ပေါ်လာတဲ့ အံ့မခန်း
လှုပ်ရှားသက်ဝင်မှုတွေဟာ အနုပညာရသ အစစ်အမှန်တွေသာဖြစ်တယ် အနုပညာရှင်တွေမှာ တန်ခိုးမရှိဘူး၊ အာဏာမရှိဘူး
အနုပညာမှာလည်း တန်ခိုးမရှိဘူး အနုပညာမှာ စွမ်းအားရှိတယ် မှော်ရှိတယ် ပရိသတ်ရဲ့ စိတ်နှလုံးကို တမြေ့မြေ့တသသ၊
ဖမ်းစားနိုင်တာဟာ အနုပညာပဲ ...
မေမေတို့ ရုပ်ရှင်ကြည့်ပြီးတာနဲ့ အဲဒီရုပ်ရှင်ဇာတ်ကားကို ခွဲခွာထားခဲ့ရမယ်
ဒါသဘာဝကို လွန်ဆန်တာ မဟုတ်ဘူးနော် သဘာဝကျကျ ဆုံးဖြတ်ခြင်းပဲ ...
ရုပ်ရှင်ဇာတ်ကားကလဲ မေမေတို့ ပရိသတ်အားလုံးကို ခွဲခွာသွားလိမ့်မယ်
ဒါ တရားနည်းကျတဲ့ ဓိဋ္ဌဓမ္မ ရွေးချယ်မှုပဲ
မေမေတို့ အသည်းထဲမှာ စွဲထင်ကျန်ရစ်ခဲ့တဲ့ အနုပညာ အငွေ့အသက်ကတော့
နှလုံးသားထဲအထိ မပျောက်မပျက်ဘဲ ထာဝစဉ် တည်ရှိနေလိမ့်မယ်
ခွဲခြင်းဆိုတာ
အသက်ရှင်လျက်နဲ့ ခွဲခွာရခြင်းနဲ့
သေဆုံးခြင်းကြောင့် ခွဲခွာရခြင်း နှစ်မျိုးရှိတယ်
ဘယ်လိုကြောင့်ပဲ ခွဲခွာရ ခွဲခွာရ တစ်ယောက်တစ်ဘ၀ ခြားသွားပေမယ့်
ခွဲခွာရခြင်းမှာ အဆုံးမရှိဘူး
ခွဲခွာရခြင်းဟာ တစ်နေ့နေ့တစ်ချိန်ချိန်မှာ
ပြန်လည်ဆုံဆည်းရမယ့် မျှော်လင့်ချက်ပါပဲကွယ်တဲ့ 'I hope to see you again" တဲ့ နောက်တစ်ကြိမ် ပြန်လည်ဆုံတွေ့ရလိမ့်မယ်လို့
မျှော်လင့်ပါတယ်တဲ့
“တို့ အဲဒီကတည်းက ခွဲခွာရမယ့် ဝေဒနာကို မနှစ်သက်ခဲ့တာ အမှန်ပါ
ယုန်ကလေးကို ခွဲခွာသွားမယ့် မိတ်ဆွေတွေထဲမှာ
စူဋ္ဌာမဏီစေတီရှိတယ်
သိန္ဓောမြင်းရှိတယ်
သိကြားမင်းနဲ့ ပဇာပတိ၊ ၀ရုဏ၊ ဤသာနစတဲ့
၃၃ ပါးသော နတ်မင်းကြီးတွေရှိတယ်
ဝေဇယန္တာပြသာဒ် ပင်လယ်ကသစ်ပင် ကဏ္ဍုကမ္ဗလာမြကျောက်ဖျာနဲ့
နန္ဒ၀န်ဥယျာဉ် စိတ္တလတာဥယျာဉ်၊ သုဓမ္မာဇရပ်ရှိတယ်
စတုမဟာရာဇ်နတ်ဘုရင် ဝေဿ၀ဏ်နတ်မင်းကြီးရဲ့ အခြံအရံ
ဇန၀သဘ၊ နတ်စစ်သူကြီး၊ရှိတယ်
နိမ္မာနရတိ နတ်ပြည်က သုနိမ္မတနတ်မင်းရှိတယ်
ပဉ္စသီခ နတ်သားရှိတယ်၊ ဘုရားလောင်းများ စံလေရှိတယ်။
တုသိတာ နတ်ဘုံက သန္တုဿိတာ အကြီးအကဲ နတ်မင်း ရှိတယ်
အကာသ မိုးကောင်းကင် တစ်ခွင်လုံးရှိတယ်
ကြယ်စင် နက္ခတ်တာရာတွေ အားလုံးရှိတယ်
ယုန်ကလေးရဲ့ နင်သိထားဖို့က
အမှန်တရားကို တွေ့ရှိဖို့
ကြယ်မြို့တော်တွေ ရှိသင့်တယ်
အမှန်တရားကို တွေ့ရှိဖို့နဲ့ အမှန်တရားကို လက်ခံနိုင်ဖို့
လူတွေရဲ့ဦးနှောက်ဟာ အဆင့်မြင့်ဖို့ လိုအပ်တယ် ဝေခွဲပိုင်းခြားတတ်ဖို့လည်း လိုအပ်တယ်
လောကမှာ အရေးကြီးဆုံးက အသိဥာဏ်
အသိတရားနဲ့ ယှဉ်တွဲဖြစ်ပေါ်နေတဲ့ အသိဥာဏ်သာ
မတော်တဆ ဟန်ချက်လွဲ သွားခဲ့ရင်
နောင်တရမယ့် အမှားကိုသာ ရင်ဆိုင်ရမှာပေါ့
လူ့အသည်းနှလုံးက
ကျောက်တုံး ကျောက်ခဲ မဟုတ်ဘူး
ရွှေတုံး ရွှေခဲလည်း မဟုတ်ဘူး ငွေတုံး ငွေခဲလည်း မဟုတ်ဘူး
လူ့အသည်းနှလုံးဟာ
လှိုင်းပေါ်မှာ လူးနေတဲ့ လှေငယ်ကို …
ဘေးမသန်းပဲ အေးအေးချမ်းချမ်း ကူးခတ်သွားချင်ကြတာပေါ့
လူသားအရင်းအမြစ်တွေဟာ
သောကြာဂြိုဟ်မှာ မရှိတာတော့ သေချာပါတယ်
လူသားဆန်ဆန် … လူ့လောကကြီးထဲမှာ …
ပြန်လည်ဆုံတွေ့ချင်တဲ့ ဆန္ဒက
လူ့အခွင့်အရေးတစ်ရပ် ဖြစ်နိုင်တယ် …
လူသားတွေဟာ စကြာဝဠာအတွင်းထဲမှာပဲ
ရုန်းကန်ရှင်သန်နေကြတယ်
တို့အရွယ် ကလေးတွေကတော့
ဆော့ချိန် ဒုန်းပေါက်ဆော့ကစားလိုက် စာသင်ချိန်မှာ စာသင်လိုက်နဲ့
ရေစီးကြောင်းထဲမှာ ဒိုက်သရိုက်တွေ မျောပါနေသလို
လူ့ဘ၀က ရင်မောစရာကြီးပါကွာ
ဖြေရှင်းဖို့ ခက်ခဲတဲ့ အယူအဆတွေကလည်း စက်ယန္တရားတွေ တပ်ထားသလို
သူတို့လိုရာကို ဗဟိုပြု ခုတ်မောင်းနေကြတယ်
တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုသည်သာ
မှန်ကန်ဖြောင့်မတ်တဲ့ ဆုံးဖြတ်ချက်ကို ခိုင်မာစေတာပါ
ပိန်းကြာရွက်ပေါ် ရေမတင်သလို
ယုံကြည်မှုကို ဥပေက္ခာပြုကြတာကတော့ ပုထုဇဉ် …
လူသားတွေရဲ့ ဇာတိပုည ဂုဏ်မာနတွေပေါ့ကွာ
ဟာ … စိတ်ရှုပ်လိုက်တာ
ဒီကမ္ဘာလောကကြီးထဲက လူသားတွေနဲ့ နင့်အတွက်
မနည်းမနော တွေးတောနေရတာ ဦးနှောက်တစ်ခြမ်းတောင်
ထိုး ထိုး ထောင် ထောင် ဖြစ်လာပြီ မေမေ …
ဒီတော့မှ မေမေက ရေအင်တုံထဲ ရေဖြည့်ပြီး
အိမ်ရှေ့မြက်ခင်းပေါ် သွားချထားပါတယ်
ကျွန်မကိုလည်း သမီးရေ လာကြည့်စမ်းဟေ့လို့ လှမ်းခေါ်လိုက်ပါတယ်
ကျွန်မ အပြေးအလွှား သွားကြည့်တော့
လား .. လား.. ယုန်ကလေးကို တွေ့လိုက်ရတာပေါ့ နီးနီးလေးရယ်
ဒါနဲ့များ မေမေရယ်
သိပ္ပံဆရာမကလေ အဲဒါ ယုန်မဟုတ်ဘူး ချိုင့်တွေ ကျင်းတွေတဲ့
ကျွန်မဖြင့် ဆရာမကို စိတ်ဆိုးချင်တာပဲ
ဒါပေမယ့် ငရဲကြီးမှာ ကြောက်လို့ မဆိုးရဲပါဘူး
နောက်နေ့မှ ဆရာမကို ပန်းလက်ဆောင်ပေးရင်း ဒီလိုပြောလိုက်မယ် မေမေ
ဆရာမရယ် ချိုင့်တွေ ကျင်းတွေက ရေကူးတတ်ပါ့မလား
ယုန်ကလေးမို့လို့ မနေ့ညက ကျွန်မတို့ အင်တုံထဲဆင်းပြီး ရေကူးတာပေါ့လို့ … ။

လုံမငြိမ်းချမ်း
သြဂုတ်၊၂၀၀၉ ပိတောက်ပွင့်သစ်

4 Comments:

tin min htet said...

၂ ခွန်းပဲပြောချင်ပါတယ်
ပျော်စရာ၊ လွမ်းစရာ

Zephyr said...

ရှေ့ပိုင်းတစ်ဝက်အတွက်ကျေးဇူးတင်ပါတယ်
နောက်တစ်ဝက်ကိုလာဖတ်ပါဦးမယ် ...

အမည်မဖော်လိုသူ
Z

အိန္ဒြာ said...

မမ..

ဘယ်လိုသဘောရလဲ...

ညီမလေးကတော့ အရင်တုန်းကကဗျာတွေကို လွမ်းလာတယ်....

လုံမငြိမ်းချမ်း..မောင်လင်းခက်ရဲ့ ညီမ
အနုပညာမှော်အောင်ကြသူတွေ

ကိုလူထွေး said...

အမနော်ရေ...

ကျနော် အမနော်ရဲ့ "အလွမ်း" ဆိုတဲ့ ကဗျာလေးကို ဖတ်ပြီး ရေးခဲ့ဖူးတဲ့ ကဗျာလေး... အမနော်ကိုလဲ ပြခဲ့ဖူးပါတယ်...

ဒီကနေ့တော့ အမှတ်တရအနေနဲ့ ပြန်လာပို့ပါတယ်...

ကျနော်ကတော့ ကိုစောညိန်းရဲ့ သီချင်းတွေ ပြန်နားထောင်ဖြစ်နေပါတယ်...


ခရီး

ဒါ အိပ်မက်မဟုတ်ဘူးတဲ့
ရုတ်တရက် လန့် နိုးခဲ့ရင်လဲ
အကောင်းသားပဲလေဗျာ… နော်

မဖူးခင်ကတည်းက ပျိုးခဲ့ရသူဆိုတော့လဲ
သူ့ ခမျာ …
နှမျောနေရှာမှာပေါ့

နေရောင်ခြည်တွေ မကုန်ခမ်းသရွေ့ တော့
ကျွန်တော်တို့ လဲ သူ့ အရိပ်တွေကို
ယိုးတိုးရိတ်တိတ်ပဲဖြစ်ဖြစ်
ဟိုတစ်ကွေ့ ဒီတစ်ကွေ့ 
ပြန်ပြန်တွေ့ နေကြဦးမှာပါ…

သားရေ… မင်းအဖေကမှ
တကယ့် ‘ကျား’ ကွဲ့ …
သူ့ တစ်သက် ‘မြက်’ မစားခဲ့ဘူး။

ခင်ဗျားကတော့ လောကမှာ
ပန်းကောင်းတစ်ပွင့်အဖြစ်
ကိုယ်ကိုကိုယ် ပွင့်ပစ်ခဲ့ပြီးပြီ

ကျုပ်တို့ ကတော့
ခင်ဗျားမျှော်မှန်းခဲ့တဲ့ အရှေ့ မြို့ ရိုးက
အဲဒီ မိုးတစ်ပေါက်အတွက်
ခရီးတွေ ဆက်နေရဦးမှာပေါ့… ဗျာ။

(တာရာမင်းဝေသို့.....)

ကိုလူထွေး
၀၂၊၀၅၊၂၀၀၉