Thursday, September 10, 2009
ဘာရယ်မဟုတ်ပါဘူး။ တချိန်က နှစ်သက်မိခဲ့တဲ့ လယ်သမား ကြီးကိုပြန်ရှာတွေ့လို့ လယ်သူမ နဲ့ ပြန်လည်ပေါင်းဖက်ပေးလိုက်တာပါ ။
လယ်သမား
ဆောင်းဦးရာသီပါ
မြောက်လေပြာပြာတွေတည်ငြိမ်စီးမျော
ငါချစ်သော လယ်ခင်းကလေးမှာ အဝါရောင်တွေဝေပြီ။
သူ့အတွက် ..ကျောက်မြေကိုငါထွန်ယက်ခဲ့ရ
သူ့အတွက် .. မိုးစက်ကိုငါပေါက်ခွဲခဲ့ရ
အခုတော့..
ငါချစ်သော လယ်ခင်းကလေးမှာ အဝါရောင်တွေဝေပြီ။
မြတ်နိုးခွင့် ကို လိမ်ကျစ်ထုတ်ပိုးရင်း
ဘယ်သူမှမခိုးအောင် စောင့်ရှောက်ရတဲ့ညများမှာ
ငါဟာ..
တမျှော်တခေါ် အလင်းဝိုးဝါး။
ရေတွင်းကလေးလို
ကိုယ့်ရင်ထဲက ရေစင်တွေကို
အသံမထွက်အောင်တောင့်ရပ်ထားရတဲ့
၁၉၉၅..
ငါဟာ ရှက်တတ်တဲ့လယ်သမားကြီးပဲပေါ့။ ။
တာရာမင်းဝေ
လယ်သူမ
ကျွန်တော့် တောင်ကုန်း ကလေးပါ
အလင်းတွေနဲ့
ခပ်မို့မို့ တည်ဆောက်ထားတယ်။
နေ့ရက်တွေကြာ
နွေအပြာတွေ ပွင့်ပွင့်သွား။
ဖြတ်သန်းပြီးသား တိမ်တွေ
တစ်အုပ်ပြီး တစ်အုပ် ပြန်ကွေ့လာကြ။
... ... ...
ကျွန်တော် ပွေ့ပိုက်ခဲ့ရတယ်။
နောက်ဆုံးတော့လည်း
ဘာမှ မဟုတ်ခဲ့ပါဘူး။
ကိုယ့်ရင်ဘတ်ကိုယ် အကြမ်းကြုတ်ဆုံး ဆွဲဖွင့်ပြီး
နေပူကြဲကြဲတွေ သွန်ချ ပစ်ရတာက လွဲရင်ပေါ့။
သံယောဇဉ်ကိုမှ
ခုတ်ထွင်ရှင်းလင်းတတ်တဲ့ လယ်သူမရယ်
အခုတောင် လွမ်းတယ်။
တာရာမင်းဝေ
5 Comments:
နှစ်ပုဒ်စလုံးကို သဘောကျတယ် ....။
လယ်သူမကိုတော့ သိတယ် ...။
လယ်သမားကြီးကတော့ အခုမှ ပြန်ရှာတွေ့တဲ့သူပြောမှသိတယ် ...။ :)
ကဗျာ ခံစားချက်ရေးဖြစ်ပါမယ် ...။ သဘောကျလို့ ...။
ွှThanks ...
တကယ်ပဲ ရင်တွေပြန်ခုန်လာတယ်.. မနော်။
ဝတ္ထုတပုဒ်ရေးဦးမယ်...
ကျေးဇူးတင်ပါတယ်။ လယ်သမားနဲ့ လယ်သူမ ပြည်လည်ပေါင်းဖက်စေတာကို ...
လယ်သမားကြီးကို ခုမှတွေ့ဖူးတာ..လယ်သူမ ကဗျာကတော့ မိုးခေါင်လို့တီးတဲ့ဗုံသံ ကတည်းက ဖတ်ဖူး မှတ်မိနေပါတယ်..။
ကဗျာလေးတွေက ချစ်စရာ ..
(ဒီဘလော့ဂ်ကို ရုံးကနေ ဝင်မရဘူးဖြစ်နေတယ်။ ဝင်တာနဲ့ ဖိုင်းယားဖောက်စ် ဟန်းသွားတယ်။ အိမ်ကနေတော့ ရတယ်။ ဘယ်လို ဖြစ်နေတယ် မသိ။)
Post a Comment