

ကော်ဖီခွက်လေး ဒီနေ့မင်းရော ငါပါ မှောက်ကျခဲ့တယ်နော် ...
သံသရာအဆုံးကပြန်ရေတွက်ရင်
ဒီနေ့ကဘာနေ့ပါလိမ့်ကော်ဖီခွက်လေးရယ် ....
မိုးဥတုအလွတ်တစ်ခုနဲ့
ဆောင်းဥတုအပြည့်ကြားမှာ
တိုးဖျော့တဲ့ သစ်ရွက်ကြွေချိန်လေးတစ်ခု အတိအကျရှိခဲ့တယ် ကော်ဖီခွက်လေးရဲ့ ...
မိုးရေစိုစွတ်ပြီး ဆောင်းငွေ့ပါတဲ့
အဲဒီ သစ်ရွက်ကြွေချိန်လေးမှာ...
မင်းကို ငါကခေါ်ပေမယ့် ..
အသည်းကွဲနေတဲ့ ကော်ဖီခွက်လေးမင်းက မထူးနိုင်ခဲ့ဘူးလေ ...။ ။
ကော်ဖီခွက်လေး ...အနည်လေးတွေ ရွေ့နေတယ် ...
စိတ်ထဲမှာရွေ့နေတယ် ...
ငြိမ်မလိုနဲ့ ရွေ့နေတယ် ...
မင်းသိလားကော်ဖီခွက်လေး
ငါ မင်းလို စိတ်ရှည်လက်ရှည် အနည်ကျချင်တာကိုလေ ..။
မင်းဘယ်လိုအငွေ့တွေနဲ့ပြန်အုပ်ထားတာလဲ...
ငါ့စိတ်ကို ဘာနဲ့အုပ်ထားရမလဲ ပြောပြပါလား ...။
တစ်ခုတည်းသောအာရုံမှာ မြဲနေတဲ့ကော်ဖီခွက်လေး ...
မင်းအနားမှာ ငါသိမ်ငယ်လိုက်တာကွာ ...။ ။
ကော်ဖီခွက်လေးငါတို့ဘ၀ထဲကို ရေနွေးပူလောင်းထည့်ခဲ့သူတွေအတွက် ...
သင်းပျံ့တဲ့ ရနံ့နဲ့ ... ပြုံးပြလိုက်ကြစို့ကွယ် ...
တစ်လမ်းမောင်းတွေရဲ့ရာဇ၀င်မှာ
ငါတို့အတူ ခမ်းနားကြစို့ကွယ် ....။
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးမူအရ ...
ကော်ဖီခွက်လေးနဲ့ငါနဲ့
ငါးရဖို့မရည်ရွယ်ဘဲ ငါးမျှားနေသူတွေလို
လေးနက်တဲ့စာအုပ်တွေနဲ့ ...
တွေတွေကြီးမျှားနေလိုက်တယ် ...။
ကော်ဖီခွက်လေးရေ ...
တွေ့လား ...
စာအုပ်ထဲမှာ ...၊
မင်းနဲ့ငါအတွက်
နေ၀င်သွားပြန်ပြီ ... ။ ။
ကော်ဖီခွက်လေးကောင်းသောလမ်းခွဲပါတဲ့ ...
မငိုနဲ့လေ ..ကော်ဖီခွက်လေးရဲ့ ..
အခိုးအငွေ့လေးကိုနှုတ်ဆက်ပါ...
ရဲရင့်စွာ ..
ရဲရင့်စွာပေါ့ကွယ် ...
လေထဲမှာပျောက်ကွယ်သွားမှာကို
ငါတို့
ဘာလို့ ဒီလောက်တန်ဖိုးထားမြတ်နိုးတာလဲ ...
...
အဲဒီညလည်း
ကော်ဖီခွက်လေးနဲ့အတူ အိပ်စက်ခြင်းကို တစိမ်းဆန်ပစ်လိုက်ရတယ် ....။ ။
ကော်ဖီခွက်လေးကော်ဖီခွက်လေးရေ ..
မင်းက
အနက်ရောင်တရောင်တည်းနဲ့ ရှုမငြီးဖြစ်နေတဲ့ခွက်လှလှလေးပေါ့
မင်းနဲ့သာအတူမသောက်ရဘူးဆိုရင် ...
ကော်ဖီသောက်ခြင်းဟာ အနုပညာမဟုတ်တော့ဘူးကွဲ့ ...။
ကော်ဖီမှုန့်ရယ် သကြားရယ် ရေနွေးရယ် မင်းရင်ဘတ်ထဲမှာ ကော်ဖီဖြစ်သွားသလို
အလွမ်းရယ် ခါးသက်မှုရယ် အယောနိသောမနသီကာရရယ် ငါ့ရင်ဘတ်ထဲမှာ ကဗျာ ဖြစ်လာဖို့ကောင်းတယ် ...။
မင်းက ငါ့ကို ငေးရီကြည့်နေသလို ..
ငါကမင်းကို နာကျင်ချစ်မက်စွာ ကြည့်နေချင်တယ် ...
မင်းက ငါ့ကိုနွေးထွေးစေသလို ..
ငါက မင်းကို ငါ့သွေးကြောတွေထဲမှာ လုံခြုံနွေးထွေးစေချင်တာ ...
မင်းက ငါ့ကို ကဖိန်းဓာတ်ပေးသလို ..
ငါကမင်းကို Platonic Love ပေးချင်တာ ...၊
မင်းက ငါ့ကို ပြုံးပြတဲ့အခါ
ငါကမင်းကို နှလုံးခုန်သံနဲ့ပြန်ပြုံးပြချင်တာ ကော်ဖီခွက်လေးရဲ့ ...။
မင်းငါ့ကို နားလည်စွာ ခါးသက်ပေးပါ ...။
မင်းငါ့ကို နားလည်စွာ ခါးသက်ပေးပါ ....၊
ကမ္ဘာကြီးဆန်ချင်တာနဲ့ နှလုံးသားရဲ့သုံးပုံနှစ်ပုံရေလွှမ်းခံလိုက်မိတယ်တဲ့ ...
မင်းငါ့ကိုရင်ဖွင့်တဲ့အခါ ..
မင်းနဲ့အတူနာကျင်နေမိတယ် ...
ငါတို့တွေဟာ ရေလွှမ်းခံချင်တာမဟုတ်ပါဘူးကွာ ...
ကမ္ဘာကြီးဆန်ချင်ခဲ့တာ ...
ကမ္ဘာကြီးဆန်ချင်ခဲ့တာပါ ....။
ကော်ဖီခွက်လေးရေ ...
တိုးတိုးလေးဆိုကြရအောင် ...
It's a heartache, nothing but a heartacheHits you when it's too late, hits you when you're downIt's a fools' game, nothing but a fool's gameStanding in the cold rain, feeling like a clown ..... ။ ။
ကော်ဖီခွက်လေးငါ့မှာမာယာ နည်းနည်းရှိတယ် .. ကော်ဖီခွက်လေးရယ် ...
အနက်ရောင်ဟာအရောင်တစ်ခုဆိုရင် ...
လင်းနေတဲ့ အနက်ရောင်တွေ ငါပိုင်ဆိုင်တယ် ...
ပရီးမီးဟား 2 plus 1 ကို
Espresso ထက်ကြိုက်မိတာ ..
မင်းနဲ့ ငါ့ကြားကနားလည်မှုပါ ...။
(ကော်ဖီခွက်ကိုင်းလေးကို
လက်ရာမထင်အောင်တစ်ရှူးနဲ့သုတ်တယ် ...)
မင်းသိမှာပါ ကော်ဖီခွက်လေးရယ် ..
သူက ခြေရာလက်ရာမကျန်ခဲ့ချင်ဘူးတဲ့ ...
ငါ့ဘယ်ဘက်ရင်အုံမှာ တစ်ရှူးနံ့နည်းနည်းရတယ် ....။
ကောင်းကင်ကို မော့ကြည့်ရအောင် ကော်ဖီခွက်လေးရယ် ...
ပြောစမ်းပါ ...
ဘယ်ကြယ်တစ်စင်းရဲ့အလင်းရောင်တည့်တည့်မှာ ...
သူ၊ ကလေး တစ်ယောက်လို အိပ်နေလိမ့်မလဲ ...။
ကော်ဖီခွက်လေးရေ ...
အမှားပြင်ဆင်ချက်အချိန်မီမထည့်နိုင်ခဲ့တဲ့ ...
ငါ့သက္ကရာဇ် ရက်လွန်စာစောင်အတွက် ...
မင်းနဲ့ငါ ဘာမှမပြောဘဲ တိတ်တိတ်လေးထိုင်နေလိုက်ကြစို့လေ ...
အဲဒီ ဆိတ်ငြိမ်မှုကို အေးနေတဲ့ ကလေးမလေးရဲ့ခြေဖျားလေးနွေးရုံ ... ငါတို့စိတ်နဲ့ပို့ပေးလိုက်ကြရအောင် ...။ ။
ကော်ဖီခွက်လေး ...
မနက်လင်းတဲ့အခါ ..
ကော်ဖီခွက်လေးက ငါ့ကို နှိုးတယ် ..
ရုံးမှာ စိတ်ဖိစီးမှုများတဲ့အခါ ..
ကော်ဖီခွက်လေးက ငါ့ကိုရယ်စရာမောစရာပြောတယ် ..
နေမကောင်းတဲ့အခါ ..
ကော်ဖီခွက်လေးက ငါ့ကိုဆေးသောက်ဖို့သတိပေးတယ် ..
ကဗျာရေးတဲ့အခါ
ကော်ဖီခွက်လေးက ဘေးမှာငြိမ်ငြိမ်လေးထိုင်နေတယ် ...
တရားနာတဲ့အခါ
ကော်ဖီခွက်လေးက ရိုရိုသေသေ လိုက်နာနေတယ် ...
တရားနှလုံးသွင်းတဲ့အခါ
ကော်ဖီခွက်လေးက တည်ကြည်လေးနက်နေတယ် ...
အမြဲတမ်း ..
ကော်ဖီခွက်လေး ငါ့အနီးမှာ ..
အမြဲတမ်း..
ကော်ဖီခွက်လေး လက်တကမ်းမှာ ...
သစ္စာတရားတစ်ခုလိုမြဲနေခဲ့တယ် ...။
အခု ..
ကော်ဖီခွက်လေးကွဲသွားပြီ ... ။ ။
Poem: ZephyrDesign: Ko Myo