ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

ပိုင် ရဲ့ မွန်ဂို ၄၀

Thursday, October 12, 2017

မွန်ဂို 1
-------
မြင်းစီး
သေရည်သောက်
ဆိတ်သားစားပြီး
လွင်ပြင်ကျယ်သရွေ့
ရွက်ဖျင်တဲတွေ
တွေ့လိမ့်မယ်

မွန်ဂို 2
_______

မွန်ဂိုတစ်ယောက်လို
ပြောပြချင်ပါတယ်
မင်းအတွက်ဆို
သိုးကဘယ်နှစ်ကောင်
ဆိတ်ကဘယ်နှစ်ကောင်
နွားကဘယ်နှစ်ကောင်
လက်ဆောင်ပေးပါ့မယ်
ဒါဆိုငါတို့
လက်ထပ်လို့ရပြီပေါ့

မွန်ဂို 3
_______

ရေခဲနေတယ်
လေခဲနေတယ်
သိုးမွေးခေါင်းစွပ်ကိုဆွဲချ
မင်းမျက်နှာလှလှလေး
ငါမမြင်ရချင်နေပါစေ
မင်းမျက်နှာပေါ်ကျမယ့်ဆီးနှင်းတွေ
ငါ့မျက်နှာပေါ်ကျပါစေ

မွန်ဂို 4
_______

ငါ့ရဲ့သန်မာချွန်မြတဲ့လက်သည်း
တွေ
မင်းရဲ့နူးညံ့တဲ့ပခုံးသားပေါ်
မနာကျင်အောင်နားနိုင်ပေမယ့်
ရန်သူ့လည်ချောင်းသွေးကိုတော့
တစ်စက်မကျန်အောင်
ဖောက်ထုတ်ပစ်မယ်
မွန်ဂိုသိန်းငှက်တစ်ကောင်လို
ငါ့အချစ်ကမင်းကို
စောင့်ရှောက်မယ်

မွန်ဂို 5
_______

မြင်းစီးပြိုင်မယ်
လှံထိုးပြိုင်မယ်
မြှားပစ်ပြိုင်မယ်
ဒါဟာယောင်္ကျားတစ်ယောက်
အရွယ်ရောက်ဖို့
လိုအပ်တဲ့အရာတွေ
ငါ့မြင်းကိုဒုန်းစိုင်းနေချိန်
ငါ့လှံကိုလေထဲထိုးစိုက်နေချိန်
ငါ့မျှားကိုပစ်လွှတ်နေချိန်
ငါဟာယောင်္ကျားတစ်ယောက်
ဖြစ်မှန်းမသိဖြစ်လာ
ငါ့ပွက်ပွက်ဆူနေတဲ့သွေးထဲမှာ
ရမ္မက် ပြီးတော့
စစ်

မွန်ဂို 6
--------

ငါတို့ဟာမောက်မာတာမဟုတ်
ငါတို့ဟာရဲရင့်တာဖြစ်တယ်
ငါတို့ဟာလူကိုဖမ်းတာမဟုတ်
ငါတို့ဟာကျွန်ကိုဖမ်းတာ
ငါတို့လူမျိုးစုချင်း
တိုက်ခိုက်ကြတဲ့အခါ
ရှုံးတဲ့သူကိုနိုင်တဲ့သူကပိုင်တယ်
ငါတို့ဟာငါတို့မျိုးဆက်ကိုမွေးထုတ်
ငါတို့ဟာငါတို့မျိုးဆက်နဲ့ယှဉ်ပြိုင်
ငါတို့ဟာငါတို့နတ်ဆရာ
ငါတို့နွားနို့ငါတို့သီချင်းငါတို့မိသားစု
ငါတို့ရွက်ဖျင်တဲငါတို့ဆိတ်အုပ်
တွေနဲ့ရွေ့လျားနေထိုင်
ငါတို့ဟာငါတို့စစ်သားငါတို့
ရွှေတွေကိုစုဆောင်း
ငါတို့ဟာကမ္ဘာကြီးထဲ
မွန်ဂိုတစ်ယောက်အဖြစ်
မွေးဖွားလာရတာ
အထီးကျန်ပေမယ့်ဂုဏ်ယူပါတယ်
မွန်ဂိုတစ်ယောက်ဟာ
ပုဆိန်လိုထက်မြနေမှ
ရှင်သန်နိုင်မယ်
မွန်ဂိုတစ်ယောက်ဟာ
နွားပေါက်တစ်ကောင်လို
အားကောင်းနေမှ
မိန်းမရနိုင်မယ်
မွန်ဂိုတစ်ယောက်ဟာ
လေးကိုင်းလိုနှလုံးသားရှိမှ
မျိုးနွယ်စုကိုစောင့်ရှောက်နိုင်မယ်
မွန်ဂိုတစ်ယောက်ဟာ
မြက်ပင်တစ်ပင်လိုမွေးဖွားလာပြီး
သိန်းငှက်တစ်ကောင်လို
သေဆုံးသွားတယ်
ငါတို့ဟာ
ဘုရားသခင်ထက်
စစ်ဘုရင်ဖြစ်ချင်တယ်

မွန်ဂို 7
--------

ငါ့နှလုံးသားက
မီးပုံလိုတောက်လောင်နေတယ်
ငါ့အလွမ်းအဆွေးတွေက
မီးပုံကိုပတ်ပြီးကနေပေါ့

မွန်ဂို 8
--------

ငါတို့အတွက်
သွေးညှီနံ့ဟာ
ပန်းပွင့်တွေရဲ့ရနံ့ထက်
မွှေးတယ်

မွန်ဂို 9
_______

ငါတို့ရဲ့အညှိုးအတေးဟာ
မြေကြီးလိုပျောက်ပျက်သွားမှာ
မဟုတ်ဘူး
ငါတို့ကိုကျောခိုင်းသွားတဲ့
လူတစ်ယောက်ကို
စောင့်နေစရာမလိုဘူး
ငါတို့နောက်ကျောဖက်ကလာတဲ့
လူတစ်ယောက်ကိုသာ
စောင့်နေဖို့လိုတယ်
ငါတို့တစ်ယောက်နှလုံးသားကို
တစ်ယောက်ထိုးဖောက်ဖို့
လှံအတိုအရှည်နဲ့မဆိုင်ဘူး
ငါတို့တစ်ယောက်အပေါ်
တစ်ယောက်
ဘယ်လောက်မုန်းတီးသလဲဆိုတာ
ငါတို့အင်အားဖြစ်တယ်

မွန်ဂို 10
_________

မွန်ဂိုဆိုတာ
တိဗက်ဖြစ်ဖြစ်
တရုတ်ဖြစ်ဖြစ်
ကိုးရီးယားဖြစ်ဖြစ်
ဘာနဲ့မှရောဖို့မလိုပဲ
အရသာရှိနေတဲ့
သားမွေးအိတ်ထဲက
ဆိတ်နို့ဖြစ်တယ်

မွန်ဂို 11
________

ငါတို့ဒီကနေ့စားသောက်
လိုက်တာက
ဘုရားသခင်အတွက်ဖြစ်ပြီး
မနက်ဖြန်ပစ်ခတ်
ရရှိမယ့်သားကောင်က
ငါတို့အတွက်ဖြစ်တယ်

မွန်ဂို 12
________

သေရည်တစ်အိုးကို
မော့နေချိန်မှာ
ငါစဉ်းစားတာက
မင့်အမည်ဖြစ်တယ်
ရန်သူနောက်ကို
လိုက်နေချိန်မှာ
ငါတွေးမိတာက
ဂျင်ဂစ်ခန်အမည်ဖြစ်တယ်

မွန်ဂို 13
________

ရွက်ဖျင်တဲကိုသိမ်းပြီးပြီ
ဆိတ်တွေကိုချည်ပြီးပြီ
လားတွေပေါ်ရိက္ခာတွေတင်ပြီုးပြီ
ခလေးတွေကိုစုထားပြီုးပြီ
ငါတို့မြေကိုမခွဲခွာခင်
ငါတို့မြေကိုနှုတ်ဆက်လိုက်ပါဦး
အစာရေစာမရှိတဲ့မြေဟာ
သေဆုံးနေတဲ့မြေ
သေဆုံးနေတဲ့မြေမှာ
ငါတို့အသေမခံနိုင်
အစာရေစာရှိတဲ့မြေဆီ
ငါတို့သွားရမယ်
အစာရေစာရှိတဲ့မြေကို
ငါတို့ရှာဖွေရမယ်
အစာရေစာရှိတဲ့မြေမှာ
ငါတို့နေမယ်
အစာရေစာရှိတဲ့မြေဟာ
ရှင်သန်နေတဲ့မြေ
ရှင်သန်နေတဲ့မြေမှာငါတို့နေမှ
ငါတို့နေတဲ့မြေမှာငါတို့
ရှင်သန်နိုင်မယ်
ဒီလိုနဲ့ငါတို့မြင်းအုပ်တွေ
ကမ္ဘာမြေကျယ်သရွေ့
တစ်နေ့ပြီးတစ်နေ့
တစ်ခေတ်ပြီးတစ်ခေတ်

မွန်ဂို 14
________

အတူတူကြီးပြင်းခဲ့ကြပေမယ့်
ရန်သူဖြစ်ချင်ဖြစ်သွားတတ်တယ်
အတူတူမနေထိုင်ခဲ့ပေမယ့်
မိတ်ဆွေဖြစ်ချင်ဖြစ်လာတတ်တယ်
ရန်သူဆိုရင်လည်း
လေးလေးစားစားတိုက်ခိုက်ကြစို့
မိတ်ဆွေဆိုရင်လည်း
ရမ်းရမ်းကားကားပခုံးဖက်ကြစို့
မြေပေါ်မှာရင်ဆိုင်ကြမလား
မြင်းပေါ်မှာတွေ့ဆုံကြမလား

မွန်ဂို 15
________

သိုးရေခြုံ
ဝံပုလွေလိုကျင့်
သိန်းငှက်လိုထိုးသုတ်
ကိုယ့်ဦးထုပ်ကို
မပြုတ်ကျစေနဲ့

မွန်ဂို 16
________

မွေဖွားလာတဲ့နေ့မှာ
ငါဟာမွန်ဂို
သေဆုံးသွားတဲ့နေ့မှာ
ငါဟာ မွန်ဂို

မွန်ဂို 17
________

နာမကျန်းဖြစ်နေသော
လားတစ်ကောင်လို
လဲလျောင်းညည်းညူနေရ
သောနေ့တွေမှာ
ငါ့အနားမှာဘယ်သူမှမရှိ
ဝန်ထုပ်ဝန်ပိုးတို့ကိုတင်ဆောင်ပြီး
ဝေးရာအရပ်သို့သာသွားနေ
ကြကုန်တာ
မီးပုံမှာလည်းထင်းကုန်ပြီ
ထင်းခြမ်းတွေခွဲချဖို့
ပုဆိန်ကိုသော်မှငါမမြှောက်နိုင်
လတ်ဆတ်သောအသားတို့လည်း
တစ်တုံးမှမကျန်တော့
သိုးတစ်ကောင်ကိုသော်မျှ
ငါမဖမ်းနိုင်
လေရဲ့ထက်မြအေးစက်တဲ့ဓားသွား
အနွေးထည်ကိုထိုးခွဲချ
အနွေးထည်ပေါ်ကအတိတ်တွေကို
ငါမခါချနိုင်
ငါ့ခေါင်းစွပ်နဲ့သားမွေးဖိနပ်ကို
ယူပေးပါ
သူတို့ဟာငါနဲ့ဝေးဝေး
မရှိသင့်တဲ့အရာတွေပါ
ဘုရားသခင်ဆီမှာငါ့ဝိဥာဉ်ကို
မွန်ဂိုဖြစ်ကြောင်းပြဖို့
ဒါတွေလိုတယ်

မွန်ဂို 18
________

လဲနေသောသူသည်မွန်ဂိုမဟုတ်
ရပ်နေသောသူသာမွန်ဂို
ညည်းတွားနေသောသူသည်
မွန်ဂိုမဟုတ်
ကြွေးကြော်နေသောသူသာမွန်ဂို
မျက်ရည်ကျနေသောသူသည်
မွန်ဂိုမဟုတ်
သွေးတစ်စက်စက်ကျနေသူသာ
မွန်ဂို
ပုလွေမှုတ်နေသူသည်မွန်ဂိုမဟုတ်
အရိုးကိုင်ထားသူသာမွန်ဂို
ခလေးတစ်ယောက်ရှိသူသည်
မွန်ဂိုမဟုတ်
ခလေးငါးယောက်ရှိသူသာမွန်ဂို
တစ်ယောက်ထဲနေသူသည်
မွန်ဂိုမဟုတ်
မျိုးနွယ်စုနဲ့နေသူသာမွန်ဂို
လမ်းလျှောက်တတ်သူသည်
မွန်ဂိုမဟုတ်
ုမြင်းစီးတတ်သူသာမွန်ဂို
ရေထဲမှာပိုက်ပစ်နေသူသည်
မွန်ဂိုမဟုတ်
ကုန်းပေါ်မှာကျားဖမ်းနေသူသာ
မွန်ဂို
တောင်ထိပ်မှာနေသူသည်
မွန်ဂိုမဟုတ်
လွင်ပြင်မှာနေသူသာမွန်ဂို
သစ်သားအိမ်ဆောက်သူသည်
မွန်ဂိုမဟုတ်
ရွက်ဖျင်တဲထိုးသူသာမွန်ဂို
ပျားဖွတ်တတ်သူသည်မွန်ဂိုမဟုတ်
မြားလုပ်တတ်သူသာမွန်ဂို
ခိုးယူပေါင်းသင်းသူသည်
မွန်ဂိုမဟုတ်
လက်ထပ်ပွဲကျင်းပသူသာမွန်ဂို
ကချေသည်အနားမှာနေသူသည်
မွန်ဂိုမဟုတ်
လူသေအနားမှာငုံ့ကြည့်နေသူသာ
မွန်ဂို
ဘုရင်ကိုလိုချင်သူသည်
မွန်ဂိုမဟုတ်
နိုင်ငံကိုလိုချင်သူသာ
မွန်ဂို

မွန်ဂို 19
________

အရာရာအားလုံး
အေးခဲနေတယ်
ငြိမ်သက်နေတယ်
အရာရာအားလုံး
အရည်ပျော်ဖို့
လှုပ်ရှားဖို့
စောင့်ရဦးမယ်

မွန်ဂို 20
________

ကျောက်ခေတ်မှာ
ကျောက်တုံးတွေဟာလက်နက်ပဲ
ငါတို့ခေတ်မှာ
မေတ္တာတရားကိုလက်နက်လို
အသုံးချရမယ်

မွန်ဂို 21
________

အရွယ်ရောက်ပြီး
ယောက်ျားတစ်ယောက်အနေနဲ့
နေ့ခင်းရဲ့ရွက်ဖျင်တဲထဲမှာ
ခိုအောင်းမနေသင့်
နေလုံးဟာ
အပြစ်ရှာမျက်လုံးနဲ့
ကမ္ဘ္ဘာထဲရောက်တာနဲ့
ဒေါသထန်နေတဲ့လွင်ပြင်ထဲမှာ
ဝန်တင်လားတစ်ကောင်လို
ခရီးသွားကုလားအုပ်တစ်ကောင်လို
တေးသီချင်းသည်တစ်ယောက်လို
ဆိတ်ကျောင်းသားတစ်ယောက်လို
သစ်သီးဆွတ်မိန်းမတစ်ယောက်လို
ချောင်းမြောင်းမုဆိုးတစ်ယောက်လို
မြေကြီးတူးဆွကျွန်တစ်ကောင်လို
ဘုရားကိုကူညီဖို့တောင်းပန်နေတဲ့
အပျင်းထူသူတစ်ယောက်လို
လျှောက်သွားမနေပဲ
ဘာလုပ်နေတာလဲ

မွန်ဂို 22
________

အရပ်ခြောက်ပေရှိတဲ့
လူတစ်ယောက်ဟာ
မြေခြောက်ပေထက်
ပိုလိုတာချည်းပဲ
မြေခြောက်ပေအတွက်
အရပ်ခြောက်ပေရှိတဲ့လူတွေ
မရေမတွက်နိုင်အောင်
သေဆုံးခဲ့တယ်

မွန်ဂို 23
________

ကန္တာရထဲ
လားကောင်တွေလိုတငုံ့ငုံ့
သွားလာနေရတဲ့နေ့တွေဟာ
အဓိပ္ပါယ်မရှိသလိုပါပဲ
ကန္တာရထဲ
ဓားပြတွေလိုဓားကိုမြှောက်
တိုက်ခိုက်ခဲ့ရတဲ့နေ့တွေကကော
အဓိပ္ပါယ်တစ်စုံတရာရခဲ့လို့လား

မွန်ဂို 24
________

သစ်အယ်သားရဲ့ရနံ့လို
ငါ့မှာပိုင်ဆိုင်မှုတွေများတုန်းက
လူတွေ သူတို့တဲတံခါးကို
ဟထားကြတယ်
သစ်အယ်ပင်ရဲ့ကြွေကျသွားတဲ့
အရွက်တွေလို ငါ့မှာ
အရာရာအားလုံးဆုံးရှုံးသွားချိန်မှာ
လူတွေရဲ့တဲတံခါးတွေ
ပိတ်ကုန်ကြတယ်

မွန်ဂို 25
________

ငါ့မှာအနွေးထည်ကောင်းကောင်း
ရှိတုန်းက
ချစ်တဲ့မိန်းကလေးကိုပေးခဲ့တယ်
ငါ့မှာအနွေးထည်မရှိတော့တဲ့
အချိန်မှာ
အမေအိုကစုတ်ပြဲနေတဲ့
သူ့အနွေးထည်ကိုပေးခဲ့တယ်
ငါ့မှာသားကောင်တစ်ကောင်
ရတုန်းက
ချစ်တဲ့ငါ့ခလေးတွေကို
စားသောက်စေခဲ့တယ်
ငါ့မှာအသားတစ်တုံးမှ
မကျန်တော့တဲ့အချိန်မှာ
အမေအိုကသူကင်ထားတဲ့
အသားနှစ်တုံးထုတ်ပေးတယ်

မွန်ဂို 26
________

နှလုံးသားလွင်ပြင်တွေကို
မီးလိုလောင်ကျွမ်းစေတဲ့
ကြေးနီရောင်ဆံပင်တွေ
ငါ့အပေါ်မှာနူးညံ့ပျော့ပြောင်းလာဖို့
ဘယ်အရာတွေကို ငါ့လက်နဲ့
အရက်စက်ဆုံးခုတ်ထွင်
ရှင်းလင်းပစ်ရမလဲ
ဒါပေမယ့် ဖုံမှုန့်တွေသာ
လေလေလွင့်လွင့်
တီးတိုးဆိုနေတတ်တဲ့
နွေဦးပေါက်တွေမှာ
သွယ်လျကျဆင်းလာတတ်တဲ့
စပျစ်နွယ်လိုလက်မောင်းပေါ်
မင်းအနာကျင်ခံပြီးထိုးလိုက်တဲ့
တက်တူးအရုပ်ကလေးလို
မင်းအချစ်ကိုဝင်ရောက်
သိမ်းပိုက်ခွင့်ပေးလိုက်တဲ့
လူတစ်ယောက်ရှိခဲ့တာ
ငါမသိခဲ့ပါလား

မွန်ဂို 27
________

မြင်းတစ်ကောင်လို
မသန်မာတော့မှ
မွန်ဂိုတစ်ယောက်ဟာ
ဘာလုပ်ရတော့မလဲ
အသုံးမဝင်တော့တဲ့
မြင်းတစ်ကောင်ကို
သတ်ခဲ့တုန်းက
သူရော
ငါ့လိုပဲလား

မွန်ဂို 28
________

ပျိုရွယ်သောမိန်းခလေးကား
သေရည်အိုးနဲ့ယောက်ျားနဲ့
နောက်ထပ်စစ်ပွဲတစ်ခု
စခဲ့ပြန်ပြီ

မွန်ဂို 29
________

သူရဲကောင်းတို့ဝိဥာဉ်ဟာ
လေးကိုင်းကိုတည့်မတ်စေပြီး
မြားကိုဖြောင့်တန်းစေပါတယ်
ငါ့လက်များကားတုန်ယင်လျက်
ငါ့မျက်လုံးများကားဝေဝါးလျက်

မွန်ဂို 30
________

ဝတ်ရုံနက်ကိုခြုံ
အနက်ရောင်ဆံပင်ရှည်ကိုချပြီး
ဖြူဆွတ်ဆွတ်ကောင်းကင်အောက်
ညှိုးငယ်တိတ်ဆိတ်ထိုင်နေသော
မိန်းမတစ်ယောက်ကိုမြင်ရသည်မှာ
နှစ်ပေါင်း၁၀၀အထိမမေ့နိုင်

မွန်ဂို 31
________

မိုးချုပ်လာရင်
ဆီးနှင်းတွေ ဝံပုလွေလို
အူပြီးရောက်လာကြရဲ့
လရောင်ကိုယစ်မူးဖို့
ဘယ်သူမှအပြင်မထွက်ကြနဲ့
သူတို့ဟာခြေဖျားလက်ဖျားကို
နားရွက်ကို မျက်နှာကို
ကိုက်ဆွဲဖဲ့ပစ်လိမ့်မယ်
အိပ်မက်တို့သင်္ချိုင်းဂူမှာ
အရိုးဖြူတွေမတွေ့ဘူးလား

မွန်ဂို 32
________

သမင်မဆယ်ကောင်ရဲ့မျက်လုံး
မင့်မှာရှိတယ်
ဒီတော့ ငါ့အချစ်က
မင့်ကိုမဖမ်းနိုင်

မွန်ဂို 33
________

လိုင်ချီးသီးတွေအားလုံး
မင်းအတွက်
စပျစ်သီးတွေအားလုံး
မင်းအတွက်
မင်းနှာသီးဖျားပေါ်က
လိုင်ချီးသီးတွေကတော့
ငါ့အတွက်
မင်းနှုတ်ခမ်းပေါ်က
စပျစ်သီးတွေကတော့
ငါ့အတွက်

မွန်ဂို 34
________

ဒီမြေဟာဘယ်သူ့မြေလဲ
ငါတို့မိသားစုရဲ့မြေ
ဒီမြေဟာဘယ်သူ့မြေလဲ
ငါတို့လူမျိုးရဲ့မြေ
ဒီမြေဟာဘယ်သူ့မြေလဲ
ငါတို့နိုင်ငံရဲ့မြေ
ဒီမြေဟာဘယ်သူ့မြေလဲ
ငါတို့ဘုရင်ရဲ့မြေ

မွန်ဂို 35
________

ငါတို့ဘာသာစကားဟာ
ကန္တာရရဲ့တေးသံ
ငါတို့ရဲ့လေမှာတဖြတ်ဖြတ်
ခါနေတဲ့စကပ်ရှည်
ဝတ်ရုံနဲ့အလံတွေက
ကန္တာရရဲ့အနုပညာ
ငါတို့ရဲ့ဓားလှံ
လေးမြားက
ကန္တာရရဲ့အက
ငါတို့ရဲ့နှလုံးသားက
ကန္တာရရဲ့ရှင်သန်မှု
ငါတို့ရဲ့သွေးစက်တွေက
ကန္တာရရဲ့တိတ်တိတ်
ဆိတ်ဆိတ်
ပန်းပွင့်

မွန်ဂို 36
________

စာပို့သမားရောက်လာတဲ့အခါ
အစားအသောက်ကြွေးလိုက်ပါ
အိပ်စရာနေရာပေးလိုက်ပါ
နောက်တစ်နေ့ဆက်မသွားခင်
သူ့မြင်းကိုအသစ်တစ်ကောင်နဲ့
လဲပေးလိုက်ပါ
စာပို့သမားပြန်ရောက်လာရင်
အစားအသောက်ကြွေးလိုက်ပါ
အိပ်စရာနေရာပေးလိုက်ပါ
နောက်တစ်နေ့ဆက်မသွားခင်
သူ့မြင်းကိုအသစ်တစ်ကောင်နဲ့
လဲပေးလိုက်ပါ
စာပို့သမားသေဆုံးသွားရင်
စာပို့သမားသေဆုံးသွားကြောင်း
မှတ်တမ်းရေးထားပါ
နောက်ထပ် စာပို့သမား
တစ်ယောက်ရှာပါ
စာပို့သမားရဲု့မြင်းကို
နောက်ထပ်စာပို့သမားကိုပေးပြီး
စာပို့သမားရဲ့စာတွေကို
နောက်ထပ်စာပို့သမားက
ဆက်လက်ပို့ဆောင်ပါ
ဒါမှမဟုတ် စာပို့သမားရဲ့
စာတွေကိုပို့ဆောင်ပြီးကြောင်း
ပြန်လည်သတင်းပို့လိုက်ပါ

မွန်ဂို 37
________

အဝေးကြီးကနေ
ဝန်စည်စလယ်တွေနဲ့လာခဲ့ကြ
ခေါင်းစွပ်ကိုချွတ်
ပစ္စည်းတွေပေါ်တင်ထား
အနွေးထည်ကိုခေါက်
ထောင့်တစ်ထောင့်မှာပုံထား
မောမောပန်းပန်းအိပ်ပျော်သွားကြ
အိပ်ပျော်ရာကနိုးလာတော့
ခေါင်းစွပ်ကိုပြန်စွပ်
အနွေးထည်ကိုပြန်ဝတ်
ဝန်စည်စလယ်တွေကောက်သိမ်း
အဝေးကြီးကိုဆက်ထွက်သွား

မွန်ဂို 38
________

အနွေးဓါတ်ရဖို့
မီးပုံတစ်ပုံလိုအပ်တယ်
အသားကင်ဖို့
မီးပုံတစ်ပုံလိုအပ်တယ်
ဝိုင်းပတ်ကခုန်ဖို့
မီးပုံတစ်ပုံလိုအပ်တယ်
မုဆိုးတစ်ယောက်
အန္တရာယ်ကင်းဖို့
မီးပုံတစ်ပုံလိုအပ်တယ်
ငါရှိနေကြောင်း
မင်းမြင်နိုင်ဖို့
မီးပုံတစ်ပုံလိုအပ်တယ်

မွန်ဂို 39
________

သေခြင်းတရားဟာ
မွေးဖွားလာကတည်းက
ကိုယ်ခန္ဓာထဲပါလာပြီးသား
ငါတို့တိုက်ခိုက်ကြတယ်
မင့်သေရင်ငါ့ကိုကျေးဇူးတင်ရမယ်
ငါသေရင်မင့်ကိုကျေးဇူးတင်ရမယ်
လေးနက်သောသေခြင်းတရားကို
ဖော်ထုတ်ပေးလို့

မွန်ဂို 40
________

တကယ်တော့
ဆံပင်ဆိုတာ
ကိုယ့်ကိုထိုးဖွပေးမယ့်
လက်ချောင်းတွေကိုမျှော်လင့်ရင်း
ဦးခေါင်းထဲကဖောက်ထွက်လာတဲ့
အတွေးတွေ
ခံစားချက်တွေပဲ

မင်းဟာ
ငါ့ဆံပင်တွေကို
စည်းနှောင်ပေးတဲ့ကြိုးကလေး
ဘာကြောင့်မဖြစ်ရတာလဲ

ပိုင်

0 Comments: