Saturday, March 28, 2009
မှော်ဆရာထွက်ပြေးရခြင်း
အသက်ကိုထုတ်
အရုပ်ထဲသွင်း
ကဲယယ
မင်း...ယမင်းဖြစ်ကရော..။
ကဗျာကိုမှုတ်
အဆုတ်ထဲသွင်း
ချစ်သူဖန်ဆင်း
ညတွင်းချင်းမှာ
ပျိုဖြုယမင်း
လျှာခံတွင်းက
စောင်းငြင်းသံသာ
မအန်လှာပဲ
မာယာမိုးမျှင်
ဝိညာဉ်စိမ်းစိမ်း
ဒိန်းတလိမ်းဖမ်း
ပတ်ကြမ်းရိုက်ထုတ်
နှုတ်လှံပိုင်ပိုင်
စွဲကိုင်လေတော့
သြော်..
ဆရာမနိုင်
နှစ်ဆောင်ပြိုင်..ပေါ့..။ ။
ကြည်အောင်
ကျောက်ဖြစ်သွားတဲ့အင်ကြင်းပင်
ပြိုကျပျက်စီး
နန်းတော်ကြီးရယ်
အထီးကျန်မျှော်စင်
ခြေခွင်ခွင်ရယ်..။
သူတို့အိုသလို
လွင်ပြင်ကြီးလည်းအိုခဲ့ပြီ..။
ဟို..အင်ကြင်းပင်ကြီးတောင်
တိုင်းထီးပင်မ
လုံးဝကျောက်ဖြစ်
ရာစုနှစ်မှော်ဆရာရဲ့
ပဉ္စလက်မာယာကြောင့်
မျက်နှာဟာရုပ်သေ
မြေနဲ့စကားမပြော
ငိုနေသလောရယ်သလော...။
ရှေးအခါက
အလှကလျာတစ်ပါးနဲ့
မင်းသားလေးတစ်ယောက်
ဒီအင်ကြင်းပင်ကြီးအောက်
နှစ်ယောက်အတူထိုင်ခဲ့တာ.
ဒါ.........ဒဏ္ဍာရီမဟုတ်ဘူးတဲ့လေ..။
ကမ္ဘာမြေလို
သက်တမ်းရှည်တဲ့
လေ..ရေ
ငါဟာ
ရုက္ခဗေဒဆရာရဲ့
ဝေါဟာရစာရင်းမှာ
အမည်မသွင်းရသေးတဲ့
အပင်လေးပါ
ငါ့ရဲ့
ဆံမြတ်ဖွေးဖွေးပေါ်မှာ
သေးကွေးမှုန်ဝါးတဲ့
သီးနှံအိတ်အရေပါးတွေပေါ့
အားကောင်းတဲ့မိုက်ခရိုနဲ့
ကြည့်လိုရင်မြင်နိုင်ရဲ့
မဟာကဝေ
ဝင်္ကန္တလေရေ..ခြေထောက်တတ်ပေးပါ
တောင်ပံတတပ်ပေးပါ..။
ဟောဒီ
မြေဆွေးမွမွ
အနန္တလွင်ပြင်ကြီး..တဲ့
ငါ့မျိုးစေ့တွေပက်ကြဲပေးပါ။
အဲဒီအခါ
ကမ္ဘာကြီးနဲ့အိုမင်းတဲ့လွင်ပြင်ရယ်
ကျောက်အင်ကြင်းပင်ရယ်
ရင်ပြင်မဲ့နန်းတော်ဟောင်း
ခေါင်းလောင်မမြည်
စည်သံမဟည်း
ဒီမျှော်စင်ကြီးရယ်
ငါ့သားငါ့သမီးအပိုင်စားမယ်ပေါ့
မျိုးပွားမှုလေ့လာမှု
သုတေသနသမား
ခစားဝပ်စင်း
မှတ်တမ်းသွင်းလော့.။
ရှင်သန်ခြင်းနဲ့
မျိုးပျံ့ ခြင်းဟာ
သေမင်းကို
ခြေနဲ့နင်းတယ်။
သီချင်းတကြော်ကြော်နဲ့
ငါပျော်နေလိုက်တာလေ
ကျောက်ဖြစ်းရုပ်အင်ကြင်း
ရုပ်ကြွင်းတစ်ခု
ရွက်နုမထိုးတာ
ငါ
ရင်ကျိုးမတတ်ခံစားရတယ်..။ ။
ကြည်အောင်
ပင်လယ်ခေါ်သံ
ငါ့စိတ်ကြမ်းတယ်
ငါးမန်းစွယ်သွား
ငွေသားဆွဲကြိုး
ငါ့ကုပ်ပိုးကို
လှုပ်နှိုးနေတယ်။
မြို့ပြချက်တဲ့
အရက်မီးတောက်
ခွင့်ဆင့်သောက်လည်း
အာခြောက်မပြေ
ကုန်းမြေပေါ်လျှောက်
ငါ့ခြေထောက်လည်း
ရေအောက်ငုတ်ဆင်း
ကျင်လည်းခြင်းမျိုးမဟုတ်တော့
နေရီရီဖတ်
မိုဒီဗစ် ဖတ်မယ်
ဟင်းလျာနုနုမစား
ကျောက်ခရုဝါးမယ်
ဆားငန်တိုက်စား
လက်ဖဝါးကိုယားယံပွတ်ချေ
ပင်လယ်ရေလှိုင်း
ဒီအရိုင်းရဲ့
မုန်တိုင်းခေါ်သံ
ခြိမ့်သည်းညံပေါ့
နက်ဖြန်ရက်ကျူး
ကျောက်ဆူးကိုနှုတ်
သံကြိုးဖြုတ်ဟေ့
ကျွန်ုပ် ပင်လယ်သွားတော့မယ်။ ။
ကြည်အောင်
(ခုတော့လည်း..သံကြိုးကိုဖြုတ်ပြီးပင်လယ်ဆီထွက်သွားခဲ့ပြီထင့်..)
အဆိပ်ပင်
အဆိပ်ပင်
အိပ်ဝင်ခိုနား
ခရီးသွား
ကားရားခြေလက်
အသက်ထွက်။
ကျီးငှက်
မျက်လုံးဖောက်ထုတ်
စလုတ်ဖြည့်သိပ်
ဆိပ်ရည်ပြာမှိုင်း
သစ်ကိုင်းခွကြား
ခိုဝင်နားတော့
အဘွားပုံပြင်
ရှေးယခင်လို
ဒီတွင်အဆုံး
သတ်ဦးပေါ့......။ ။
ကြည်အောင်
ကမ်းခြေကျောက်ဆောင်
ဆိုင်ကလုန်းမုန်တိုင်း
ကျောက်ရိုင်းမျက်နှာ
အက္ခရာထုလုပ်။
ပင်လယ်လှိုင်းက
အရိုင်းကဗျာ
တည်ပါစေသား
ဆားအက်စစ်မှုတ်။ ။
ကြည်အောင်
နဂ္ဂတစ်တစ္ဆေ
အိပ်မက်
ငှက်ကောင်
သန်းခေါင်ယံ
အမှောင်ထဲ
တောင်ပံ
ဖြန့်ဝဲ။ ။
မသဲ
မကွဲ
အမဲ(မည်း)
အဖြူ
ချစ်သူ့ရုပ်ပုံကား
သွားကမည်းညစ်
မျက်လုံးကအဖြူဖြ်
နဂ္ဂတစ်ဖလင်
မြင်တဲ့အိပ်မက်
အလှပျက်လျက်
အိပ်မက်တေလေ
ညတစ္ဆေ..။ ။
ကြည်အောင်
ကျောကသားရင်ကသား
ရင်ပွေ့လို့တစ်ကောင်ခေါ်
ကျောပေါ်ကတစ်ကောင်ပိုး
တောလိုက်သံခမျာကြောက်လို့
ကိုင်းပင်ယံပြေးခုန်လျှောက်တယ်
မျောက်မညိုကိုး ။ ။
ကြည်အောင်
သား
မပေါ့မပါး
ခရီးသွားတဲ့
မီးဖွားတော့မယ့်
မိခင်တစ်ယောက်။
မိခင်က
လခြမ်းသဖွယ်
ကလေးငယ်ကို
သယ်ဆောင်လှမ်းတက်
ခရီးဆက်။
ဝမ်းအိမ်အလယ်
ကလေးငယ်လည်း
အချင်းကိုသယ်
စလွယ်သိုင်း
တောရိုင်းမြေကြမ်း
အတူလှမ်း
သားအိမ်ထမ်းရင်းနဲ့မိခင်နဲ့။ ။
ကြည်အောင်
(မိခင်ကိုသိပ်ချစ်တဲ့ မိခင်ကသိပ်ချစ်တဲ့ သား ဆရာကြည်အောင်ရဲ့ သားကဗျာပါ..)
ရေတွင်းအိုရဲ့ဒဏ္ဍာရီ
အဘိုးရေတွင်း
နွေပြင်းပြင်းမှာ
သေမင်းရေမချိုးနိုင်။
အဘိုးရေတွင်း
ငွေအဆင်းနဲ့
လမင်းအပျို
ရွှင်ချိုအပြုံး
ကိုယ်တုံးလုံးနဲ့
ချိုးသုံးကြည်နူး
ရွှေရည်လူးစဉ်။
အတိတ်လား
အရိပ်လား
လှုပ်ရှားယိမ်းခါ
ရောက်လို့လာတယ်
ကမ္ဘာဦးကလူရိုင်းကြီး။
စွေ့ကနဲပွေ့
အတွေ့ရစ်ပတ်
ဒါ..လူ့ဇာတ်ပဲ
နတ်သမီးလေး
ရေချိုးမပြီးသေး။
အဘိုးရေတွင်း
ရှေးသီချင်းအို
ဆိုမြဲသီမြဲ
လူရိုင်းနဲ့လနတ်
ရှေးဇာတ်ချစ်ပွဲ
ကမြဲခုန်မြဲ။
အဘိုးရေတွင်း
သေမင်းသာအို
သူတို့ပျိုဆဲ
ဆိုဆဲကဆဲ
မအိုပွဲ....။ ။
ကြည်အောင်
အမေ.. ၈၃နှစ်
အမေ..၁၄နှစ်
အပျိုဖြစ်သလား
မဖြစ်ဘူးလား
မစဉ်းစားတတ်ဘူး
ကျွန်တော်ကသားမဟုတ်လား။
အဲ..
အမေ ၁၄နှစ်မှာ
သူ့ချစ်သူနဲ့အိမ်ထောင်ပြုတယ်
နုနယ်တဲ့ရင်သားပေါ်က
ပုဝါပါးပါးမှာ
ပိုးသားချည်နဲ့ရောင်စုံထိုးထားတဲ့
နှင်းဆီနှစ်ငုံ
အမြုံပါဘူး ပွင့် လို့
အမေ ၂၆ နှစ်
သက္ကရာဇ်တံခါးမှာ
ဆဌမသား
ကလောင်ဓားနဲ့
ကျွန်တော့်ကိုဖွားတယ်။
အမေက စာမတတ်တော့
တက္ကသိုလ်မှာလင်္ကာပညာရပ်
တစ်ဖက်ကမ်းခတ်တဲ့
ကျွန်တော့်ကဗျာတွေကို
အမေ မဖတ်နိုင်ဘူးပေါ့..။
ဒါပေမယ့်
ဘုတ်အုတ်ထဲက
အမေ့သားရဲ့အက္ခရာ
ကဗျာနှလုံး
မာယာမသုံး
အသာယာဆုံးနဲ့
ပြုံးနေမယ်ဆိုတာ
အမေသိမှာပါနော်။ ။
ကြည်အောင်
ဦးကြည်အောင်ဟာမနေ့က ၂၇.၃.၀၉ မနက်က မန္တလေးမှာကွယ်လွန်သွားခဲ့ပါတယ်။
ကျွန်မချစ်သောကဗျာများ ဆိုတဲ့ဒီဘလော့ခ်ကို ကျွန်မဦးကြည်အောင်ရဲ့ သစ္စာတိုင်
ရယ်..လူနဲ့မျောက်ရယ်နဲ့စခဲ့တာပါ..။အဲဒီကဗျာတွေကို ဒီမှာ ပြန်ဖတ်နိုင်ပါတယ်။နောက်
ထပ်ဦးကြည်အောင်ကဗျာတချို့ကိုဖတ်ချင်တယ်ဆိုရင်လည်း ပျံ့လွင့်နေသောတေးနှင့်
ဧကစာရီ..မှာလည်းဖတ်နိုင်ပါတယ်။
ကျွန်မမှာပါလာတဲ့ ကဗျာမှတ်စုထဲက ဦးကြည်အောင်ရဲ့ကဗျာတွေနဲ့ ဥိးကြည်အောင်ကို
ဂုဏ်ပြုသရဏဂုံတင်ပါတယ်။ရောက်ရာဘဝမှာကဗျာဆရာအဖြစ်နဲ့ပဲ ရှင်သန်ခွင့်ရပါစေ
လို့..ဆန္ဒပြုပါတယ်။
3 Comments:
ဆရာ့ကဗျာတွေကို ဖတ်သွားပါတယ်ဗျာ။ ငယ်ငယ်တုန်းက ဆရာ့ရဲ့ ကဗျာစာအုပ်တွေကတဆင့် ၀ီရရသပြင်းတဲ့ကဗျာတွေနဲ့ ရင်းနှီးခဲ့ပါတယ်။
ကျနော်တို့လဲ လူလားမြောက်လာရော အခြေအနေအကြောင်းကြောင်းကြောင့်ထင်ပါရဲ့ ဆရာတို့ ကဗျာတွေကို မဖတ်ရတော့သလောက်ပဲ။ ဘာကြောင့်မှန်းမသိ ဆရာ ကိုလေး(အင်းဝဂုဏ်ရည်) နဲ့ ဆရာကြည်အောင်ကို တွဲပီးသိနေမိပါတယ်။ ဆရာကောင်းရာသုဂတိ လားပါစေခင်ဗျာ။ဆရာကြည်အောင်ကို
ဆရာကြည်အောင်ကွယ်လွန်တဲ့သတင်းကြားရတာ
ရင်ထဲမှာထပ်တူ ၀မ်းနဲမိပါတယ် ဘယ်လိုဖြစ်သွားလည်း
မသိဘူးရင်ထဲမှာ ဆရာတာရာမင်းဝေတုန်းကလည်းဒီလိုမျိုး
ခံစားရတယ် ဘယ်လိုဖြစ်မှန်းမသိဘူး
ဆရာကြည်အောင်ကဗျာတွေက အလယ်တန်းတုန်းလောက်ကဖတ်ဖူးတယ် မဂ္ဂဇင်းတချို့တလေမှာပါ ခုတော့ကွယ်လွန်ရှာပြီ
ခံစားရတယ် ထပ်တူဆုတောင်းပေးဖြစ်တယ်
ကဗျာတွေဖတ်ရင်းပေါ့
နောက်တစ်ပိုင်းမျှော်နေတယ်ဗျို့...
Post a Comment