ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

ဖန်မီးအိမ်စိမ်းနဲ့နှလုံးသားမီးလျှံ

Thursday, May 21, 2009

ဖန်မီးအိမ်းစိမ်း

မလိုချင်ဘူးကွယ်
မျက်စေ့လည်လာပြန်ပြီထင်ရဲ့
ဧည့်သည်တော့မဟုတ်တန်ပါဘူးနော်။

ထားရစ်ခဲ့စမ်းကွယ်
အဲသည်အရိပ်မဲတချို့
မနှစ်မြို့လိုက်ပုံများ
စိတ်ထဲမှာ ကသိကအောက်နဲ့။

ဘယ်မှာအသက်ရှူခွင့်ရလို့လဲ
ဟောသည် ၂၄ နာရီလုံးလုံး
လှေခါးထစ်တွေကိုခေါင်းအုံးပြီး
လိမ္မော်သီးတွေခူးဆွတ်နေလိုက်တာ
တစ်လုံးပြီးတစ်လုံး
သက္ကရာဇ်တွေကိုရွှေချဖို့အတွက်လေ။

လွမ်းဆွတ်မိပါရဲ့
သတ္တမမြောက်နေ့ကလေးများ
ထားပေးပါဦး
စီးကရက်သောက်ပါရစေဦး
သီချင်းဆိုပါရစေဦး
ဖန်မီးအိမ်စိမ်းကလေးလည်း
ထွန်ညှိပေးစမ်းပါဦး။

စောင့်ပါဦးတော့ကွယ်
ခုမှ
ကကြီးကခွေးရေးဖို့
ကျောက်တံသွေးတုန်းပါ
ဒါပေမယ့်
ငါ့ရဲ့နှလုံးစက်ပေါ်မှာ
မင်းကလေးလမ်းသလားနေလေတော့
ရောမအက္ခရာမှာမိန်းမူး
(စိတ္တရလေခါရေ..)
ဒီကောင်ရူးတော့မယ်ထင်ပါရဲ့။

ဟော
ဇော်ဝင်းထွဋ်တော့
ရွက်ကုန်လွှင့်နေပြီ
ရေ လိုတယ်ဟေ့…
သောက်ရေအေးအေးတစ်ခွက်နဲ့
ငါ့မျက်မှာကိုပက်ဖျန်းလိုက်သလိုပေါ့
ချိုမြတဲ့အပြုံးများ
မင်း…(ဘယ်တော့မှ)
ပြန်ယူမသွားရဘူးနော်။ ။
မောင်သင်းဝေ

အလုပ်တွေခေါင်းမဖော်နိုင်အောင်ရှုပ်လာပြီး ဒါတွေကလည်း မလုပ်မဖြစ်တွေဆိုတာ သိနေ တဲ့အခါ ကြိုးစားလုပ်ပစ်လိုက်ရင်း ဒီကဗျာလေးကို ခပ်ဖွဖွရွတ်မိတယ်။ တစ်နေရာပါ…။
ဘယ်မှာအသက်ရှူခွင့်ရလို့လဲ
ဟောသည် ၂၄နာရီလုံးလုံး
လှေခါးထစ်တွေကို ခေါင်းအုံးပြီး
လိမ္မော်သီးတွေခူးဆွတ်နေလိုက်တာ
တစ်လုံးပြီးတစ်လုံး
သက္ကရာဇ်တွေကိုရွှေချဖို့အတွက်လေ
လွမ်းဆွတ်မိပါရဲ့
သတ္တမမြောက်နေ့ကလေးများ
ထားပေးပါဦး
……..
…….
ဖန်မီးအိမ်စိမ်းလေးည်း
ထွန်းညှိပေးစမ်းပါဦး…….
ဆိုတဲ့နေရာပေါ့………။


သုခုမရွှေ
တံထွေး
မရွံလည်းထွေး
ရွံလည်းထွေး
တံထွေးဆိုတာ ထွေးတိုင်းရ
ထွေးချင်သလောက်ထွေးလိုက်ကြ။
မျက်ရည်ရွှေစက်
တစ်စက်နှစ်စက်
သုံးလေးစက်
လေးနက်ပေါက်ဖွား၊နှလုံးသား၏
ခံစားမှုမှ ယိုစိမ့်စီးကျ
အတုလုပ်မရ။ ။
မောင်သင်းဝေ


နောက်ထပ် မောင်သင်းဝေ ကဗျာတွေရှိသူတွေများရှိရင် မျှဝေပေးပါလို့လည်းတောင်း ဆိုလိုက်ပါတယ်။

ကျွန်မ ကဗျာစာအုပ်တွေကို တစ်ခါ စိုင်းဝင်းမြင့် ကိုငှားလိုက်ဖူးပါတယ်။တစ်သက်နဲ့တစ် ကိုယ် ပထမဆုံးနဲ့နောက်ဆုံးအကြိမ်ငှားဖူးတာပါ။ကဗျာကိုသေချာတန်ဖိုးထားတဲ့သူတွေဆို တာသိလို့ငှားလိုက်တာလည်းဖြစ်ပါတယ်။တစ်ပတ်နော် လို့ ပြောတော့ တကယ့်ကို တစ် ပတ်ပြည့်ချိန်မှာ ပြန်လာပေးသွားပါတယ်။အဲဒီမှာသူက ကျွန်မကိုမေးတယ် ။ဒီကဗျာတွေက အားလုံးကြိုက်လို့ကူးထားတာလားတဲ့။အကုန်လုံးက ကြိုက်လွန်းလို့ဆိုတဲ့ကဗျာတွေချည်း သက်သက်မဟုတ်ဘူးလို့။ ထူးခြားတဲ့၊ စာမျက်နှာထက်လူပြောသူပြောများတဲ့ကဗျာတွေဆို ရင်လည်း ကူးထားလိုက်တယ်။မှတ်တမ်းတစ်ခုအနေနဲ့ လို့ပြောပြီးသူ့ကိုဘယ်ကဗျာကဖြင့် ဘယ်လိုဆိုတာ ဥပမာနဲ့ရှင်းပြခဲ့ဖူးပါတယ်။
ကဗျာတွေက တစ်ပုဒ်နဲ့တစ်ပုဒ်မတူသလို ကဗျာဆရာတွေကလည်း တစ်ယောက်နဲ့တစ် ယောက်လက်မတူပါဘူး။ဖတ်နေကျလူကတော့ ဖတ်လိုက်တာနဲ့အောက်ကနာမည်ကိုသေ ချာဖတ်စရာမလိုပဲ ဘယ်သူ့ကဗျာဆိုတာ မှန်းလို့ရနေတတ်ပါတယ်။အဲဒီလို ထူးခြားတဲ့လေ သံတစ်မျိုးနဲ့ရေးတတ်တဲ့ကဗျာဆရာတစ်ယောက်ကတော့ ဇော်(ပျဉ်းမနား)ပါ။ပျဉ်းမနားဆို တာကလည်း ကဗျာဆရာထွက်ရာမြို့တစ်မြို့လို့ပြောလို့ရလောက်အောင် ကဗျာဆရာတွေ တော်တော်များပါတယ်။မောင်သင်းခိုင် တို့လို ဆရာကြီးတွေကအစပေါ့။နောက်ဆုံး ကတ္တီပါ လမ်းတွေခွဲကြပြီးနောက်ပိုင်း ဇော်(ပျဉ်းမနား)ရဲ့ကဗျာတွေလည်းမတွေ့ရတော့ပါဘူး။ခု တော့သူလည်း မရှိတော့ပါဘူး။ နည်းနည်းထေ့တေ့တေ့လေသံတွေနဲ့ သူ့ကဗျာတစ်ချို့ကို မျှဝေပေးလိုက်ပါတယ်။

ကျောရိုးမရှိတဲ့နှုတ်ခမ်းများ
မာနတဲ့
ဟာသ တစ်ခုကောက်ရတယ်
ဆေးမစားမီပုံကလေးပေါ့
လက်ကလေးနောက်ပစ်
လောကကြီးကိုသူသာချစ်သတဲ့
မလင်းပြာအပျိုဖြစ်ကာမှ
နောက်လျှာအသစ်နဲ့နတ်သံနှော
..အစက ကျုပ်မပြောလားဗျာ…
ကွယ်..သူကလည်း
..လျှာသွေးလိုက် နှာစေးလိုက် နဲ့
ဒါရေးဖို့အသက်ရှူတာဆိုပဲ
ကာဗွန်စက္ကူက သီချင်းဆိုပြတယ်
ရယ်ရတယ်နော်။
သိလား
လတ္တာမန်ဂစ်ရှကား၊အာရာဒါးနား
ခုအသံက အဒိန္နဒါနားလား
ဆားမပါတဲ့နှုတ်ခမ်း
ခွက်ထိုးခွက်လန်လွမ်းလောက်ပါတယ်။
ဒီလိုပေါ့လေ
အကြွေးရောင်းမိတဲ့ပုံကို
အကြွေးမရောင်းတဲ့ပုံက ပြုံးပုံမျိုး
ပြုံးသွားနိုင်ကာမှ
လောကကြီးကို မာန တဲ့
မီးကိုချစ်တဲ့
ဖီးနစ်နွယ်ဖလံပိုး
အတောင်ကျိုးလောက်မှ
မီးနဲ့ရေချိုးဖူးပါစ
နေကြာပန်းဝေဒနာနဲ့
အာဆူလာအတွက်
စက္ကူနဲ့ထုပ် လက်ဆောင်လုပ်ဖို့
ဖြုတ်ယူလာတဲ့
နားရွက်လောက်မှ
အသက်ဓါတ်ပါပါစ
လူပျက်ချင်း ပုဆိုးမ
တို့လောကမှ ရယ်ရတယ်
ကိုယ့်ကျောကိုသပ်
ကဗျာစပ်သတဲ့
အိမ်း..နှာစေးတတ်တာ
လွန်ပါရောကွယ်။ ။
ဇော် (ပျဉ်းမနား)
၁၉၉၀ သြဂုတ် မဟေသီ


ညီမလေးသိတယ်မို့လား
သိတယ်မဟုတ်လား
အချစ်ဆိုတာ တစ္ဆေ
တစ္ဆေ နဲ့တူတာ အချစ် တဲ့
စကားအဖြစ်နဲ့မော
ပြောလို့သာပြောကြတာ
တွေ့ဖူးတဲ့သူရှားလိုက်တာ……..တဲ့။

သိတယ်မဟုတ်လား
ဒီမှာ..မသူဇာ
နင်ဟာ ငါ့အဖို့ ပတ္တမြား
ဘာလဲ ကြောက်သွားသလား
ငါ့လက်ထဲရောက်လို့
ဓါးသွေးကျောက်လုပ်မယ်ထင်လို့လား
လည်ပင်းမှာဆွဲထားမှာပါဟာ…တဲ့။

တစ်ခါသားက (ရမ်ဘိုမဟုတ်)
ဗန်တိုလူလေးရဲ့ဇာတ်ဝင်ခန်း
လွမ်းလို့သာလွမ်းပြတာ
ကျောချမ်းစရာဇာတ်ကားနော်။ ။
ဇော်(ပျဉ်းမနား)

မြွေဟောက်
ထိုနေ့ညက
ခပ်ဖွဖွ ရန်ဖြစ်တယ်
ဒီလိုပေါ့ဗျာ တစ်ခါတစ်ခါ
အသက်တစ်ရာနေခွင့်လည်းရ
အကြိမ်တစ်သန်းသာပြောခွင့်ရရင်
(သူလာရင်
မုန်တိုင်းတစ်ခုဝင်လာသလို..ဆိုတဲ့)
ဘော့ဒိုင်လင် လိုအာခေါင်ခြစ်ချင်တယ်။

ကြားဖူးမှာပါ
(ဟိတ်..လမ်းမပေါ်မှာ
ဖန်ခွက်ကိုဘယ်သူခွဲတာလဲ
ဘယ်သူခွဲတာလဲ..ဘယ်သူခွဲတာလဲ..တဲ့)
ပဲခြမ်းဝက်လောက်အသံက မထွက်

တစ်ရက်တစ်ရက်နဲ့လေ
မျက်မှန်လေးတစ်လက်
လက်ကျန်လေးတစ်ခွက်နဲ့
အသက်ကိုဥာဏ်စောင့်
အဲ..သစ္စာကိုလင်ငယ်စောင့် ..သတဲ့
အလျောင့်ဆိုင်လေးထဲက ဟာသ
ရယ်ခဲ့ရပေါင်းများပြီ။

ဒီလိုပေါ့ဗျာ
ကမ္ဘာဦးကျမ်းလာမှာ
လွမ်းစရာကောင်းအောင် ဆေတန်က
ဧကန်သူသာလျင်
အကြွင်းမဲ့မြတ်တရားတဲ့
အလင်းရဲ့နတ်သားပါဆိုကိုး…
ဗျိုး..ကိုသစ္စာပြီး ကိုသစ္စာ
အာပါပါး…များလှချေကလား
အမှန်တရားပြီး အမှန်တရား
တစ်လုံးတစ်လုံး တစ်ပိဿာငါးဆယ်သား
ကျုပ်တို့လည်းနည်းနည်းလောက်မျှပါလား
ဗာလနံမဟုတ်
လူမိုက်လုပ်…..သတဲ့
ကဗျာနဲ့စာချုပ်
သူအရိုးထုတ်ခဲ့တာကြာပေါ့။ ။
ဇော်(ပျဉ်းမနား)
၁၉၉၀ ဒီဇင်ဘာ ပေဖူးလွှာ


ကျွန်ုပ်စားတဲ့နှလုံးသားမီးလျှံ
ဤသို့ဖြင့်
ကျွန်တော့်ကိုယ်မှာသံမှိုသုံးချောင်းဖြစ်ခဲ့တယ်။

(ဝီရ ရသပန်းကုံး
ဇာမုန်းတဲ့နာမည်
အဆိပ်ရည်သောက်မိတဲ့အချစ်ပင်) တဲ့
သည်လိုပါ သည်လိုပါ
ပလေတိုရဲ့အချစ်မှာ ကဗျာဆရာမပါ တဲ့
အလကဇန္ဒား ပွတ်ရှကင်ကိုမသိလို့ပါ။

(သေခြင်း၏ကင်းရာတွင်
ကျွန်ုပ်သည်သေချင်ဘိတကား.) တဲ့
သည်လိုပါသည်လိုပါ
ပလေတိုရဲ့အလှမှာ ကဗျာဆရာမပါ တဲ့
ရာဘင်ဒြာနသ် တဂိုးကို မသိလို့ပါ။

(ပြည်သူတွေကြားမှာ ဆား တွေရှိတယ်
စားမိပါစ..) တဲ့
အလျားရှိတယ်နော်
သည်လိုပါသည်လိုပါ
ပလေတိုရဲ့ကျမ်းမှာ ကဗျာဆရာမပါ တဲ့
မာယာကော့စကီးကို မသိလို့ပါ
မသိလို့ပါ သိမသွားလို့သာပါ။ ။
ဇော်(ပျဉ်းမနား)
၁၉၉၁ ဇန်နဝါရီ မဟေသီ


ဆံပင်ဖြူကြခြင်းအကြောင်း
ဝေဖန်ပါ ဝေဖန်ပါ
တစ်ခုတော့ ရှိပါတယ်
ဒဏ္ဍာရီအလို ဆင်အဆိုတော့
ကျင်ငယ်စွန့်တာပေါ့လေ….

အဲ..ပုရွက်ဆိတ်မှာသာ
မျက်နှာပျက် မျက်လုံးဝိုင်း
လိပ်ပက်လက်ခိုင်းသလို တဲ့
ကိုင်း..စဉ်းစားသာကြည့်ရော့…လေ။

ဝေဖန်ပါ ဝေဖန်ပါ
တစ်ခုတော့ရှိပါတယ်
ဟားစရာမင့်
အမှားကြာရင် အမှန်ဖြစ်သတဲ့
ဒဏ္ဍာရီတွေ
ဆံပင်မဖြူစေသင့်ဘူး။ ။
ဇော်(ပျဉ်းမနား)


မဆုံးနိုင်တဲ့ပုံပြင်ကြီး
ဤသို့ဖြင့်
သံလွင်ငှက်ကိုလည်းမတွေ့ရ
ဘုရားသခင်အလိုတော်အရ
သဘောင်္ပေါ်ကလည်း
မဆင်းရသေး….တဲ့
ကမ္ဘာဦးကျမ်း
လို….တစ်သန်းနဲ့
ဆီမန်း..မန်းခဲ့တာ..ကြာပြီ။

ရပါတယ်
ရပါတယ်
မကျေနပ်ရင်
ဒေဝဒတ်မျက်လုံးငှား
မေရီအင်တွိုင်းနက်မျက်လုံးငှား
အထင်သေးမလား
ရတယ်။

ငါ ကဗျာဆရာ
မြေကြီးရဲ့နေရာ
ကောင်းကင်သာဆို
ကဗျာဆရာ
ဘာမှပြောစရာမရှိ။ ။
ဇော်(ပျဉ်းမနား)
၁၉၉၂ သြဂုတ် မဟေသီ

စာရေးဆရာ နှင့် ထင်းရှူးမှို

Tuesday, May 12, 2009

စာရေးဆရာ
မိုးတွေညို့နေပြန်ပေါ့
အနှစ်ခြောက်ဆယ်ကျော်စာ
အဝေးပြေးကားဂိတ်မှာ
ကျွန်တော်တို့
ပျောက်ကွယ်ဆုံးရှုံးလိုက်ရတဲ့စာရေးဆရာကို ရှာကြတယ်။

စာရေးဆရာဟာ
စာရွက်ပေါ်မှာတစ်ကြောင်းခြစ်..နှစ်ကြောင်းခြစ်
မတ်လသစ်ရွက်ဝါဝါတွေမှာ
တစ်ကြောင်းခြစ်..နှစ်ကြောင်းခြစ်
လောကဓံနေ့ရက်များမှာ တစ်ကြောင်းခြစ်..နှစ်ကြောင်းခြစ်။
ဒီလိုနဲ့
တက္ကသိုလ်ကျောင်းဆောင်မှာ
တော်လှန်ရေးမှာ
တစ်ကြောင်းခြစ်
နှစ်ကြောင်းခြစ်နဲ့
မျိုးချစ်စိတ်ကပဲ
စာရေးဆရာရဲ့ရင်ထဲ
တစ်ဘဝလုံးကို ရေးခြစ်လာခဲ့တယ်။
ဘာလုပ်ချင်လဲ
ဘာဖြစ်ချင်လဲ
လူငယ်နဲ့လူလတ်ကြား
စပ်ကူးမတ်ကူးစာရေးဆရာ
မမြင်တာတွေကိုယုံရမလား။
ရွှေစင်နန်းတော်ရာနဲ့သုခဘုံနန်း
တို့မြန်မာတွေ မြည်းစမ်းပေရော့
လူသူစိမ်းက ကမ်းလှမ်းလာတဲ့
တခမ်းတနား
မစားရဝခမန်းတွေ..။
မြင်နေရတာတွေကိုပဲ မယုံပဲနေလိုက်ရမလား
တန်းမတူ ရည်မတူ
အဖြူအမည်းမသဲကွဲတဲ့
ခေတ်စံနစ်ဟောင်းရဲ့ တောဥပဒေသများ ..လို
အင်အားကြီးသူသာ
အသက်ရှင်စတမ်းတဲ့လား
နေမဝင်အင်ပါယာတေးသွားများထဲမှာလေ။

စာရေးဆရာ
သူ့မှာလည်းမိသားစုနဲ့ပါ
မေတ္တာကို အခါခါ ငတ်မွတ်ခဲ့ပေါ့
ကလောင်ကိုပဲရွေးရမလား
လက်သီးကိုပဲသွေးရမလား
ရင်ထဲမြုံစာသားများက
ဦးနှောက်ဆီအလေ့မကျနိုင်တော့
တိုင်းပြည်မျက်နှာကိုဖတ်ရတယ်
လွတ်လပ်ရေးကိုချရေးရတယ်။

ကျောက်ခေတ်သားများ
ဂူနံရံပေါ်
ကျွဲရိုင်းတွေ လှံတွေ
ကြယ်တွေ လတွေ
အရုပ်များနဲ့ ဘဝကိုရေးသားကြ
နောက်နှောင်းရာစုများဆီထိ
ကျွန်တော် တင်သွင်းလိုက်ချင်ရဲ့
ခေတ်အဆက်ဆက်တုန်ခါမြည်ဟည်းနေတဲ့
သူရဲကောင်းစိတ်ဓါတ်တွေ
အနစ်နာခံခဲ့တဲ့ နှလုံးသားတွေ
သမိုင်းဝင်ခဲ့တဲ့ တည်ကြည်မှုတွေ
စကြဝဠာတံတိုင်းနံရံမှာ
ထွင်းထုရေးထိုးရေးခြယ်ပေးကြပါ
ပုံဖော်နိုင်စွမ်းက နတ်ဒေဝတာများပင်မသေချာ။

မိုးတွေညို့ပြန်ပေါ့
အနှစ်ခြောက်ဆယ်ကျော်စာ
အဝေးပြေးကားဂိတ်မှာ…။

အခု
စာရေးဆရာ
အသက်မရှင်တော့ဘူး
ဒါပေမယ့်
အသက်မသေ
အခု
စာရေးဆရာ
မပျံသန်းနိုင်တော့ဘူး
ဒါပေမယ့်
ကောင်းကင်ထဲမှာ။

တကယ်တော့
ကျွန်တော်တို့က ရေပေါ်ဆီပျံသန်းမှုတွေနဲ့သာ
စာရေးဆရာကိုမမြင်ခဲ့ဖူးဘူး
မကြုံဆုံခဲ့ဖူးဘူး
(ကောင်းကင်အစွန်းထိ မထိ မသေချာ)
သူ့ကျေးဇူးတွေနဲ့
အဖိုးတို့ အဖေတို့ ကျွန်တော်တို့ သားတို့
လွတ်လပ်သူများအဖြစ်
မြင့်မားခွင့်တွေရလာခဲ့။
ဒီလိုတုန်ခါမှုတွေနဲ့
ဟင်းလင်းပွင့်ကြားနာခြင်းတွေမှာ
မြင့်မိုရ်တောင်တက်ရမလား
နဂါးသိုက်ထဲ သက်ဆင်းရမလား
ကျွန်တော်တို့
သံခင်းတမန်ခင်း
ကောက်ကျစ်စဉ်းလဲခြင်းမဖြစ်လို..။
အရိုင်းဆန်ဆန်ရိုးရှင်း
တစ်ဘဝချင်း
တစ်ဘဝချင်း
လင်းလက်ကြည်လင်ခွင့်ပဲ မျှော်လင့်မိတယ်။

ကျွန်တော်တို့က
သာမညတွေပါ
အခါခါသေလည်းမထူး
သက်တမ်းစေ့သေဖူးတယ်ဆိုရုံသက်သက်မျှနဲ့
ဘဝဟာမက်မောစရာမရှိခဲ့ပါ
အဲဒီစာရေးဆရာမှာတော့
သက်တမ်းမစေ့ခဲ့လည်း
ဂုဏ်သရေအပေါင်းဟာ ပြည့်စုံကြွယ်ဝခဲ့
အို..မိတ်ဆွေတို့
သံမဏိလျှပ်ပန်းလျှပ်နွယ်များပမာ
မွန်းအတည့်ဆုံးမှာထွက်ပေါ်လာပြီး
လျို့ဝှက်ချက်များထဲပျောက်ကွယ်သွားခဲ့။
အို..ကျွန်တော်တို့
သူလိုကိုယ်လို မိတ်ဆွေများတို့
မိမိတို့ ကိုယ်ရေးကိုယ်တာ
ကောက်ရိုးများကိုသိမ်းဆည်းလိုက်ပါ
အခု
ကျွန်တော်တို့ အဝေးပြေးကားဂိတ်က မိုးတညို့မှာ
နေလှန်းထားတဲ့ကောက်ရိုးများကို သိမ်းဆည်းလိုက်ပါ။

အဲဒီ
စာရေးဆရာ
တစ်ခါတစ်ခါ
ငွေသော်တာရောင်ခြည်ချင်သတဲ့။
စာရေးဆရာဟာ
တစ်ခါတစ်ခါ
ပဲပြုတ်နဲ့နံပြားရရင်စားချင်သတဲ့။
စာရေးဆရာဟာ
တစ်ခါတစ်ခါ
တစ်ဝက်တစ်ပျက်အပြုံးနဲ့
လက်ဆောင်ရထားတဲ့ ကုတ်အကျီ င်္ထဲနေချင်ပြန်သတဲ့။
စာရေးဆရာဟာ
တစ်ခါတစ်ခါ
အယ်ဒီတာစားပွဲနောက် ရောက်လိုရောက်
စာရေးဆရာလည်းဖြစ်လိုဖြစ်ပေါ့
စာရေးဆရာဟာ
နယ်ချဲ့တော်လှန်ရေး
သမိုင်းပေးလွတ်လပ်ရေး
ငြိမ်းချမ်းစိမ်းလန်းရေးတို့မှာ
တ်စခါတစ်ခါ မကတွေနဲ့
ခြင်္သေ့နိုး နိုးနေခဲ့ပေါ့။

တကယ်ပါ။
သူဟာ
ကာဖ်ကာ မဟုတ်ဘူး
အဲလ်ဘတ်ကမူး မဟုတ်ဘူး
ဂျက်လန်ဒန် မဟုတ်ဘူး
သိပ္ပံမောင်ဝ မဟုတ်ဘူး
ရှိတ်စပီးယား မဟုတ်ဘူး
တော်ဖလာ မဟုတ်ဘူး
ဖူကူရာမ မဟုတ်ဘူး
တောမတ်အယ်လ်ဖရီးမင်း မဟုတ်ဘူး
ထင်သာမြင်သာရှိမှုနဲ့
စကားလုံးများထဲနစ်ဝင် တက်ကြွမှုတို့မှာ
သူဟာ
စာရေးဆရာစစ်စစ်တွေအားလုံးလည်း ဖြစ်နေပြန်ရဲ့။

စာရေးဆရာဟာ
အချိန်ကာလကို မြားတစ်စင်းလို ဖြတ်သန်းနေဆဲ
သူ့နောက်မှာ
သေခြင်းက တန်းလန်းပါသွားခဲ့
မိုးရေနွေးတဲ့တစ်နေ့မှာ…….။

မိုးတွေညို့ပြန်ပေါ့
နှလုံးသာထဲ သမိုင်းရဲ့လမ်းမများထဲ
ရွှေရောင်မြဲတဲ့ထွင်းစာလုံးများ
ရွှေရောင်မြဲတဲ့ ထွင်းစာလုံးများနဲ့
စာရေးဆရာ
ခရီးထွက်ခွာသွားနှင့်ခဲ့ပါပြီ။
အနှစ် ၆၀ ကျော်စာ
အဝေးပြေးကားဂိတ်မှာ
ကျွန်တော်တို့
ပျောက်ကွယ်ဆုံးရှုံးလိုက်ရတဲ့စာရေးဆရာကို ရှာနေကြဆဲ။ ။
နိုင်မွန်အောင်သွင်
ပိတောက်ပွင့်သစ် မေ ၂၀၀၉

ထင်းရှုးမှို
ဒေသသားစစ်စစ်ပါ။
ဘယ်လိုအလေအလွင့် သစ်ကိုင်းနဲ့မှ ကိုင်းမကူးခဲ့သူ။
ဘယ်လိုပင်လယ်နဲ့မှ သွေးမနှောခဲ့သူ။
ချိုးလိုက်တဲ့နေရာမှာ မိခင်ဆန်ဆန် နို့ရည်လေး စို့ထွက် နေသူ။
သစ္စာတရားအဖြစ်
အချိန်ကာလရဲ့ မှတ်ကျောက်အဖြစ်
ပွင့်သစ်ခဲ့တယ်။
လေကောင်းလေသန့်
ကိုယ်ပိုင်အတွေးအခေါ် သန့်သန့်နဲ့
ရှင်သန်ခဲ့တယ်။
ထင်းရှူးမှိုဟာ
ထင်းရှူးရိပ်အောက်မှာ
ထင်းရှူးရွက်ခြောက်တွေကြားမှာ
ဘ၀သစ်ပြန်စ။
နှစ်စဉ်နှစ်တိုင်း ဘ၀သစ်ပြန်ပြန်စ။
ရိုးရာနဲ့ မိသားဖသား ပီပီသသနေခဲ့တယ်။
ထင်းရှူးပွင့်တွေ အခါခါဝေ
ထင်းရှူးသီးတွေ အခါခါကြွေ၊
ကြာခဲ့ပါပြီ။
တောင်တန်းတွေရဲ့ ရာဇ၀င်မှာ
သေချာတဲ့ အက္ခရာတစ်ခုအဖြစ်
တိုးထွက်ကြီးရင့်လာခဲ့ပြီ။
အမည်နာမတစ်ခုကို ယုံကြည်တတ်မယ် ဆိုရင်
ပညတ်ထဲက သိပ်သည်းဆရဲ့အရသာမှာ လေးနက်ခဲ့ရင်
နုတ်ယူသယ်ဆောင်သွားလှည့်ပါ။
ကျွန်တော်ဟာ
ဇာတိစိတ်တွေ ရုန်းကြွမဆုံး ဖြစ်နေတဲ့
ဒေသသားစစ်စစ်ပါ။ ။
နိုင်မွန်အောင်သွင်
ရုပ်ရှင်တေးကဗျာ မေ ၂၀၀၉