ကဗျာ၊ နိယာမ၊ ရှင်သန်ခြင်းဝိညာဉ် အစအနများ …………
Posted by Zephyr at 8:00 AM 2 comments
ဒုတိယပင်လယ်
Tuesday, September 28, 2010
ကမ္ဘာ
ကောင်းကင်၊ ပင်လယ်ပြင်
တောတောင်၊ ချောင်းမြောင်းနဲ့
အခြားသော စွန့်စားမှုတွေ။
လူတွေရဲ့
သက်တမ်းတွေ၊ ရာစုနှစ်တွေ
ပေးဆက်ခဲ့မယ်
ဝယ်ကြ ရောင်းကြ
အမြဲမြင်နေရတယ်။ ။
ဇော်ထွန်းတင်
အပိုင်းအစများ
အကွာအဝေးနှင့် ဟင်းလင်းပြင်သလို့
လေလွင့်ကြေကွဲ
ခြေရာမဲ့ ခရိးစဉ် ရေးဆွဲလို့
သံစဉ်ရိုင်းတွေ
ပဇာ့ကြောင့် ပျံ့လွင့်နေပါသလဲ။
အကာလညအခါ
ပန်းပွင့်များ အိပ်စက်ကြ
နိုးထဖို့ အားယူကြ
ရွေ့လျားခဲ့ ညများစွာ
အဓိပ္ပာယ်မဲ့ နာရီများ
ကြယ်များ နီးဝေး မှိန်ပြ
ဘောင်ဒြပ် ကျပ်တည်းမှု
လင်းလက် ပွန်းပဲ့ကြရပေါ့။
အက်ကွဲစ မိုးကောင်းကင်
စူးရှ မိုးရေစက်တို့
အေးမြစေပါမည်လား
ရှတစေမည်လား
ငါသည်ကား
အမိုးအကာမဲ့ လမ်းလျှောက်သူ။
မမေ့လျော့ကြပါနှင့်
မြစ်တစ်စင်း
ထက်မြက်စ အပိုင်းအခြားမှာ
စီးဆင်းချင်လျက် ရပ်တန့်ရ
အလင်းနည်း အရောင်မှိန်လျော့
သစ္စာတရားဟာ
နာကျည်း ခါးသီးစွာ
ခံစားချက် ဝဋ်ဒုက္ခ
မုသာဝါဒဟာ လူပီသ စေခဲ့ပြီ။
ကြားနေရ မြင်ခွင့်မကြုံ
မိုးရာသီ စိမ်းလန်းမှု
လောင်းရိပ်မှ လွတ်မြောက်
မညီညာမှု ရစ်သမ်
ရှုခင်းကို လှပစေရဲ့။
သည်းထန်စွာ ခံစားမှု
ငါ၏ ရူးသွပ်မှုလို့ ဆိုပါ
ဟိုမှာ
ပန်းတွေ ဝေနေတယ်
လွတ်လပ်စွာ လန်းဆန်းလို့ပေါ့
အဆိပ်မဖြစ်ခဲ့ရင်
စိုက်ခဲ့တဲ့ သစ်ပင်
လေးမြတ်သင့်ပါတယ်။
အရောင်တွေ ကူးစက်
သစ်တစ်ပင် လူတစ်ယောက် ခွေးတစ်ကောင်
ရေစုန်မှာ မျော၍ပါ
ပြောင်းလဲ ပြင်ဆင် ရီဝေထိုင်းမှိုင်း
ဒါမှမဟုတ်
အမည်မဲ့ ဖြစ်စဉ်မှာ
သမုတိသစ္စာ ဖြစ်ပါသလား။
ငြင်းခုံကြ
အတ္တကြီးစွာ ငြင်းခုံကြ
သံသယနှင့် ကြည့်မြင်ကြ
သဒ္ဒါနဲ့ ကိုင်ပေါက်ကြ
မနာလို ရှုပ်ထွေးကြ
ဟုတ်ရဲ့
ဂုဏ်ယူလိုက်ပါစေ
ခမျာ သနားစရာ။
လောကသစ္စာတဲ့
မီးခြစ်ကျောက်ကုန်နေတယ်
စက္ကူပေါ်က ဝါဒ
ရွှေရောင်ဖောင်းကြွ ဂုဏ်ပြုမှု
ငါ့ကို တံဆိပ်မနှိပ်ကြနဲ့
မထိုက်မတန် ချီးမွမ်းလိုက်တဲ့
ရိုသေလေးစား
အပိုင်းအစတွေသာ ဖြစ်ပါတယ်။ ။
ငြိမ်းပိုင်
ဟင်းလင်းပြင်သို့
လေထဲမှာလား
ရေထဲမှာလား
ကိုယ်တိုင်လည်း မကွဲပြားဘူး။
အစပြုနေခြင်းလား
အဆုံးသတ်နေခြင်းလား
ဆင်းနိမ့်နေခြင်းလား
သိမ့်ခနဲ ငြိမ့်ခနဲ
ခံစားလိုက်ရတာကိုပဲ သိတယ်။
မှောင်မိုက်တိတ်ဆိတ်တဲ့
ညတစ်ညပါပဲ။
ပြိုးပြက်နေတဲ့
ကြယ်ကလေးတစ်လုံးတော့ တွေ့တယ်
လင်းလက်လွန်းအားကြီးလို့
နီနေတာလား ဝါနေတာလား
မကွဲပြားဘူး။
ရွေ့လျားနေဥိးမှာလား
ရပ်တန့်သွားမှာလား
အသံတစ်သံကြားလာသလိုလို။
အားပေးနေတာလား
တားမြစ်နေတာလား
ညံ့သက်တဲ့ လေညင်းလား
ရက်စက်တဲ့ မုန်တိုင်းလား
ဘာဆိုဘာမှ မကွဲပြားခင်မှာ
လွင့်မျောသွားတယ်။ ။
ကေ
လက်ပြတ်သွားတဲ့ည
မိုးတွေလေတွေ
လျှပ်စီးတွေအော်တဲ့ည
လကလေးလည်း
ထွက်ပြေးခဲ့ရပေါ့။
တိမ်တစ်ဆင်စာ ထောင်ခြောက်မှာ
ကောင်းကင်ဟာ
မာယာနဲ့ ကိုယ်ယောင်ဖျောက်
အနောက်တောင်ဆီက ရွာမည်ဟန်ပြင်
အလို ဂီတနက်သန် သီချင်းတစ်ပုဒ်ပါလား။
ဘယ်မှာလဲ
ထွက်ပြေးသွားတဲ့လ
စကြဝဠာထဲမှာ
တစ်နေရာရာမှာ
ဒဏ်ရာတွေနဲ့များလား
ပြတင်ေးပါက်ဘေးက ကျွန်တော်
အစိုးရိမ်တွေ လွန်နေလို့။
ကြယ်တွေလည်း
ကောင်းကင်ကြီးကို ကျိမ်ဆဲ
လကိုချစ်ခြင်းနဲ့
ပန်းရနံ့ မသင်းတဲ့ ညကို အမျက်သိုနေကြ။
ဖြစ်ချင်တော့
ပြတင်းပေါက်ကို ဆွဲအပိတ်
ကျွန်တော် ဒိတ်ကနဲ ဖြစ်သွား
အော်
အပြင်မှာ လက်တစ်ဖက်ပြတ်ကျန်ရစ်ခဲ့ပါလား။
နိုက်စ်
Posted by Zephyr at 6:35 AM 2 comments
ပထမပင်လယ်
Monday, September 27, 2010
မစ္စတာ ဒဗလျူကလက်ရဲ့ မှတ်တမ်း
ဘဝဟာ
ဆေးဆိုးပန်းရိုက် ပိတ်သားစ တစ်စတဲ့
မစ္စတာ ဒဗလျူကလက်ရဲ့ မှတ်တမ်းအရ ..။
လူတွေရဲ့ အထင်သေးမှုကို ခံယူပါ
(ဒါဟာ လူဖြစ်ကြောင်း သိအောင် ကြိုးစားခဲ့တာလို့
ပြောပြလို့ရသေး)
အဲလို .. ကိုယ့်အပေါ် အထင်သေးမှုတွေကို
ပေးချေ
ပြီးရင်
ကိုယ်ရသင့်တာ ကိုယ်ပြန်ယူခဲ့နိုင်ကြဖို့ပဲ။
မစ္စတာ ဒဗလျူကလက်ရဲ့ မှတ်တမ်းအရ ..
အချို့လူတွေ လူမုန်းခံရတာကိုက သူ့အတွက်
ကိုယ်ရသင့်တာ
ငွေတွေ သောက်သောက်လဲ ရစေခဲ့သတဲ့။
မစ္စတာ ဒဗလျူကလက်ရဲ့ မှတ်တမ်းအရ။
မိတ်ဆွေ တစ်ယောက်ရဲ့ အောင်မြင်မှုဟာ
အရက်တစ်လုံးတောင်မှ
မဖြစ်ခဲ့ ဖူးဘူးတဲ့
မစ္စတာ ဒဗလျူကလက်ရဲ့ မှတ်တမ်းအရ။
ကမ္ဘာကြီးမှာ “ ထီး” နဲ့ “ သော့” ဟာ
အလိုနဲ့ အလုပ်ကို လုပ်ကြတယ်
သေချာတယ်
မစ္စတာ ဒဗလျူကလက်ရဲ့ မှတ်တမ်းအရ။
ကိုယ့်အိမ်က တန်ဖိုးအရှိဆုံး ပစ္စည်း
ဒီပစ္စည်းမှ အမိအရ ခိုးသွားနိုင်သူ
ဒီ သူခိုး
ဒင်းကို
အတိအကျ ကျေးဇူး ဥပကာရ တင်ရှိရမယ်။
သိကြ
ကိုယ့်ဂုဏ်သိက္ခာမြင့်မားအောင်
မြှင့်ပေးတယ် လို့ပေါ့။
မစ္စတာ ဒဗလျူကလက်ရဲ့ မှတ်တမ်းအရ။
နှင်းဆီဟာ
သောက်လို့ကောင်းတယ်
လမင်းဟာ
ဆေးစပ်ကောင်းတယ်
နွားဟာ
ဆေးစပ်ပြင်းပြင်းနဲ့ သောက်လို့ကောင်းတယ်။
လမ်းမတွေဟာ
သင်ခန်းစာတွေဖြစ်တယ်
သင်ခန်းစာတွေဟာ
လမ်းမတွေဖြစ်တယ်
မစ္စတာ ဒဗလျူကလက်ဟာ
ချည်မျှင်နဲ့ အထည်ကို မှတ်တမ်းတင်ခဲ့တယ်ပေါ့။
ဘဝနဲ့ မျှော်လင့်ချက်ဟာ
မျှော်လင့်ချက်နဲ့ အသက်ရှင်မှုဟာ
လူတွေက လူ့မျက်နှာကို မကြည့်ခဲ့တာဟာ
ချည်မျှင်နဲ့ အထည်ကိစ္စဆိုတာကို မသိခဲ့။
ဒါကြောင့်ပဲ
မစ္စတာ ဒဗလျူကလက်နဲ့
မစ္စတာ ဒဗလျူကလက်ရဲ့ မှတ်တမ်းကို
မှတ်တမ်းတင်လိုက်မိပါရဲ့။ ။
မောင်ချောနွယ်
လိုနေတဲ့ညနေ
ပုလင်းကိငှဲ့ချလိုက်တော့လည်း
တကျွိကျွိ ဘရိတ်နင်းသံတွေသာ ထွက်ကျလာခဲ့
အရက် မရှိတော့ဘူး တဲ့။
ခလုတ်ပိတ်လိုက်တဲ့ လက်ညှိုးတစ်ချောင်းကြောင့်
စည်းလိုက်နေတဲ့ တခြားလက်ညှိုးတစ်ချောင်း
အရှက်ရသွားရှာပေါ့။
ဒီဓာတ်ငွေ့ မီးခြစ်စုတ်ကြောင့်
စိတ်အနှောက်အယှက်ဖြစ်ရ
အရက် မရှိတော့ဘူး တဲ့။
အရက်မရှိတော့လို့
တကယ့် မိတ်ဆွေစစ်ကလည်း ပျော့စိစိ
မာန စစ်ကြီး မျက်နှာငယ်လို့
ဈေးဆစ်လို့ မရတဲ့ နှစ်ဆယ့် လေးနာရီကသာ
အီလည်လည်နဲ့ တင်းခံနေရဲ့ ။
ဒီကိစ္စ
အားလုံးပေါ် ပုံချခဲ့
ရာသီဥတု ရပ်ကွက် သောကြာနေ့
ကမ္ဘာကြီး လည်ပတ်နှုန်း နေရာလွတ်
ကြက်ခြေထော်ကရိုး ၊ ဆိုက်ကား ၊ မိန်းမ
ရေ၊ ယောကျာ်းဆောင်းထီး၊ စီးကရက်
သောက်သုံးသူများ၊ ဆုံးမ စကား၊
ကဲ - အခုတော့
အရက် မရှိတော့ဘူးတဲ့။
လွယ်လွယ်ကလေးကိုတောင်မှ
အငြင်းခံလိုက်ရသူပါ
သူ သီချင်းဆိုပြီး ပြန်လာခဲ့တယ်။ ။
မောင်ပြည့်မင်း
စကား၏အလျား
စာလုံးပေါင်းများကို မယုံကြည်
ဦးခေါင်းကို တစ်ခြမ်းစောင်း၍ ပိုင်ဆိုင်ချင်
ကျစ်လျစ်ဆုပ်ကိုင်
တိုင်တစ်တိုင်၏ ထိပ်ဖျားပေါ်မှာ
အခန်းအနားကျင်းပ
ဟုတ်ပါပေ့ကွယ်။
မှန်ကန်သော ရေပြင်၌ ခြေဆေး
နွေးထွေးခြင်းကို မသန့်စင်
မျက်နှာပြင်ပေါ်က ကြွက်သားများကို
ယောင်မှားဖွယ်ရာ တုတ်နှောင်
မင်္ဂလာ ရှိစွာသော ခန်းဆောင်တဲ့
ပုပ်အဲ့အဲ့အနံ့ ရရှိတယ်။
နှုတ်ခမ်းဖျားလေးများကိုပင်
ဖြူစင်စေပါရဲ့လား
အခမ်းအနားမစခင်
နာကျင်လုအောင် လက်ကိုဆွဲ
နှုတ်ဆက်ခြင်းမည်တယ်။
အကောင်းဆုံး ပထမဆုတံဆိပ် ပေးလိုက်ပါပေရဲ့
နောက်ဘက်မှာ ဘာမှမရှိ
ပျောက်ဆုံးသွားသည့် အိပ်မက်သည် သံသရာ
ဘာဝနာကို ရိုက်ချိုး
အော် ရိုးသားခြင်း..လား
အရှက်မဲ့စွာဟစ်ကြွေး
မာန၏ ဆေးကောင်းတစ်ခွက်
မှောက်လျက်လဲပြန်ပေါ့။
အစသည် အဆုံးမဟုတ်သမို့
သည်လို မဟုတ်ခဲ့လေပါ
ချီးကျူးမိပြန်တယ်
ငါးတို့ ပျော်ရာ ရေကန်သာမှာ
ရေညှိမှော်ဒိုက်များဟာ အစာအာဟာရ
ဘဝဖြစ်တည်သည်။
သောက်သုံးပါဦး
ကျွန်ုပ်အသံမဲ့စွာ စောင့်ကြည့်နေပြီး
အဓိပ္ပာယ် သိပြီးသော ခက်ခဲသည့်
ဒြပ်မဲ့ ပန်းချီကို ခံစားလျက်ပင်။
နေကြာပွင့်
ပြောင်းပင်များ
မြေပဲနှင့် နှမ်းခင်းများ
ဖြတ်သန်းသွားတိုင်း လမ်းကလေးမှာ အများကြီး
ကျေးဇူးတင်ပါတယ်။
သာမန်ကာလျှံကာ ညှိထိုး
လမ်းဆိုးများ ထူးပြီးမကောင်းအောင်
ဝတ်ကျေတမ်းကျေ
မိမိရင်ထဲမှ လဟာပြင်သည် ကျယ်ပြန့်လာချေ၏။
လက်ထဲမှာ တန်ဖိုးအကြီးဆုံးအရာ
ဘာပါလိမ့်
အစိုင်အခဲ သို့မဟုတ် လက်ဝါးပြင်
ထို့နောက်
လေ၏ ……….။ ။
မောရူးဆိုး
ဆင်ခြေဖုံးအစ ၁၇-၁၁-၉၀
တစ်နေ့ထက် တစ်နေ့ ထူလာတဲ့ နှင်းတွေ
တမာ မန်ကျည်းနဲ့ မဲဇာလီတွေပေါ်မှာ
ဖွဲဖွဲလွင့်လွင့်
ရပ်နေသင့်သလား
ဆက်လျှောက်သင့်သေးသလား
အသံဟာ အဖျားခတ် တုန်ခါသွားတယ်။
တစ်ကိုယ်တော် စွန့်စားခန်းဆန်ဆန်
အဝေးပြေးလမ်းမပေါ်က ခန္ဓာဝန်တစ်ခု လေးလံနေပုံဟာ
အားရပါးရ ရယ်ချလိုက်ဖို့ ခက်လှလေရဲ့။
ဘဝတွေ တပြုံတမကြီး
အနားက ဝှီးကနဲ ဖြတ်ကျော်သွားတော့မှ
အသက်ဝဝရှူဖို့ သတိရကာ
ခေါင်းကိုမော့
ရင်ဘတ်ကြီးကိုလည်း ကော့ပစ်လိုက်တယ်။
အဲဒီနေ့က
နေလုံးကြီး မြောက်တက်မလာခင်
ကမန်းကတန်း အိမ်ထဲပြန်ဝင်ခဲ့မိ။ ။
ခင်အောင်အေး
ပင်လယ်မိန်းမ
ရောင့်ရဲတင်းတိမ်မှု မရှိတဲ့ ပင်လယ်
ကြယ်တွေကို မျိုချဖို့
အဲသည်မှာကြည့် ပက်လက်ကြီး
ပင်လယ်နဲ့ ကောင်းကင်
ညှို့ငင်ခြင်း ကိစ္စ
ညက စောင့်ကြည့်တဲ့အခါ
နောက်ဆုံး
ကြယ်တွေ ဝေါကနဲ ဝေါကနဲ
ရေတံခွန်တစ်ခုလိုထိုးကျ
ပင်လယ်ရဲ့ နှုတ်ခမ်းဝနဲ့
ရင်သား လှိုင်းအိတွေကြား
ပြီး…. နက်ရှိုင်း ခြေဖဝါးအောက်မှာ
ဟော .. ကြည့်စမ်း
မျက်တောင်ပုတ်ခတ်
တလက်လက်နဲ့
သွေးအေးလှတဲ့ ပင်လယ်
လမင်းကို ထပ်မျိုဖို့
တွေ့လား …
ဟိုမှာ အကြီးအကျယ် ပြင်ဆင်
အားထုတ်နေတာ ..။။ ။
ခရမ်းပြာထက်လူ
Posted by Moe Z at 7:25 AM 0 comments
တတိယပင်လယ်
Sunday, September 26, 2010
ပုစွန်တွေဖတ်ဖို့ ကဗျာ
ရေမှာပျော်တဲ့ သူ့အချိန်လေးတွေ မြင်ယောင်
သွားနဲ့လျှာတစ်လျှောက် အရသာအပေါ်
တုန်လှုပ်မှုတွေရောက်၊
သြော် .. လောကအနက်ထဲ ထောက်မမီ
ငါ့အတွေးတွေလဲ
တော်တော်တိမ်ထင်ရဲ့ ..။
ဒါဆို
ပုစွန်တွေ ပျော်ရွှင်
ကူးခတ်ခဲ့ခြင်းလှော်တက်များ
စနစ်တကျ ကိုက်ဖြတ်ရန်
သွားတွေရှိရာကိုပေါ့။ ။
သုခမိန်လှိုင်
၂၃၊၁၁၊၈၉
တစ်ကိုယ်ရေပျော်ရာပျော်ကြောင်းရှာခြင်း
လက်ညှိုးညွှန်ရာ
သက်တံအသစ်နဲ့
အံသွား အသစ်ရှိတယ်။
အဲဒါကို သိရတော့
အမှတ်တစ်ခုရဲ့ စံ
လွမ်းဖို့ကောင်းအောင် ဖွဲ့နွဲ့ရမလား။
ပုခက်လိုပဲပျော့ခွေ
နေတွေ
လတွေ
ပုံပြင်တွေ တကယ့်အဖြစ်အပျက်တွေ
သွေးထွက်အောင် မှန်တဲ့ စကားတွေ
ဟီရိသြတ္တပ္ပတရားတွေ
ရပါတယ်
မျက်မှန်တစ်လက်
သွားကြားထိုးတံ တစ်ချောင်းနဲ့
ကုပ်ချောင်းချောင်း မြင့်မြတ်ချိန်မှာလေ။
သူက
ကွယ်ပသွားတဲ့ ရသပညာ လည်ချောင်းထဲ
မာန်မာနကြွက်တွင်းရဲ့ မဟာအဝီစိအထိ
တည့်တည့်ကြီး စူးဝါးအပြုံး
အသံအကျယ်ဆုံးပဲ။
ခုနကမှ
ခပ်လွယ်လွယ် ငန်းဆေးတစ်ခွက်သောက်တယ်
မိန်းမကို မင်သေသေနဲ့ ဟောက်တယ်
မနက်ဖန် ဆိုတာ ခဏခဏ ပွင့်ပြီး
ပွင့်မှန်းမသိလိုက်ခင် ကြွေသွားတဲ့
ပန်းပဲ ..
ဒါပါပဲကွာ .။
တလှုပ်လှုပ်ရွ လုံ့လ
ပြီးခဲ့တဲ့ စနေနေ့မှ ယခု ရာစုတိုင်
မှတ်တိုင်ထူ ဘယ်သူယုံအောင်
ငါသိမ်မွေ့မိတာ တောင်းပန်ပါတယ်။
အနုပညာသည်ရဲ့ ခွေးတစ်ကောင်ဘဝ
ကမူးရှူးတိုး ဒုန်းစိုင်းပြန်ပကော
ကျောနဲ့ ကောင်းကင်ဟာ မျက်နှာချင်း ဆိုင်မိပါလေရော..။ ။
အောင်ချိမ့်
အပျော်ဖတ်ဝတ္ထု
အဲဒီမှာ
လက်ဖက်ရည်တစ်ခွက်အောက် စုန်းစုန်းမြုပ်
အားရှိလာအောင် စုပ်ယူ
လူ့ဘဝထဲ လောကြီးကြီးရောက်ခဲ့သူ
သူ နေထိုင်လိမ့်မယ်။
လူမှန်ရင်
နေ့စဉ်မှတ်တမ်းထဲ သေသေချာချာ မှားဖူး
ပွဲတော်ရက်ထဲ မျက်စိ ကျလောက်အောင် ပေါ့ပါးဖူး
ချစ်သူနဲ့ ဒုက္ခလှလှ တွေ့ဖူး
ငယ်ရွယ်စိတ်နဲ့ သွေးနားထင်ရောက်ဖူးပေါ့။
လူတွေက
ဟာသ ဇာတ်မြူးယောင်ဆောင်လို့
ခွက်ထိုးခွက်လန်ရယ်လို့
ဗန်းစကားတွေနဲ့ လမ်းသလားလို့
ကြည့်စမ်း
(လူ့တစ်ကိုယ်လုံးမှာ
မျက်လုံးဟာ အဖောက်ပြန်ဆုံးလို့ ဆိုရလောက်အောင်)
တစ်ယောက်က တစ်ယောက်
စူးစူးရဲရဲ စိုက်ဝင်လို့
ယဉ်ကျေးသိမ်မွေ့ဖွယ် အကျီ င်္နဲ့
မစ္ဆရိယစိတ်ကို တင်းတင်းပိတ်ကွယ်လို့ ..။
ငါတို့
ခေါင်းတိုင်ထိပ်က ပြတ်တောင်းမှုတ်ထုတ်တဲ့ မီးခိုးလို
အသက်ရှူလုံးတွေ
အဆုပ်လိုက် အခဲလိုက် မြင့်တက်သွား။
အခုတော့
(ငါပေါ့ပေါ့ဆဆ တွေးခဲ့တဲ့အတိုင်း)
အာသာရမ္မကဟာ တစ်ခါမှ မသေဘူးသလို
အိပ်ရာကလဲ နိုးရော
သူ့ကို ငါ အထုတ်ဖြေပြမိရော ..။ ။
ဝင်းလွင်
လူနာ
မိတ်ဆွေ င်္*လင်း င်္ က
ခင်ဗျားရဲ့ သွေးကြောထဲမှာ
ကိုလက်စထော နည်းနည်းများနေတယ် .။
အဆီအသား နည်းနည်းလျှော့လိုက်ရင်
ပြဿနာမရှိ။
သူ့ဆေးဝိဇ္ဇာနဲ့
ဒါ ဒိဌပဲ တဲ့။
သူ့လူနာက
ကဗျာဆရာဖြစ်တယ်
ငွေကြေး များများ ဆင်းရဲတယ်
အဝီစိထဲ ဖင်ထိုင်လဲလု မတတ်ဖြစ်တယ်
ကမ္ဘာကြီးရဲ့ ထောင့် တစ်ထောင့်ကြောင့်
နှလုံး အရမ်းခုန်နေတယ်။
ဆေးဝိဇ္ဇာနဲ့
သူ့လူနာကို ကမ္ဘာကြီးထဲ အတင်းပြန်ပို့
မိုးကောင်းကင် ခပ်သိုးသိုးကြီးရဲ့ အောက်မှာထား
ဘာများ လန်းဆန်းစေဦးမှာလဲ
သူလည်း တစ်နေ့ ကြေကွဲသွားမှာပါ ။ ။
ငသိုင်းချောင်း ဝံသာ
*လင်း = လင်း (ဆေး-၁)
အလင်း
သဘာဝတရားက
နူးညံ့ကြည်လင်မှုနဲ့
စီးမျောဆဲ။
တိမ်တွေ တိမ်တွေ
အရုပ်ဆိုးလိုက်တာ
တစ်လောကလုံး မှောင်တော့မယ်။
ဒါ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စပဲ
ပန်းချီဆရာညည်းညူ
သူ့ပစ္စည်းတွေ ခပ်မြန်မြန်ထုပ်ပိုး
ဆောင့်ဆောင့်အောင့်အောင့်နဲ့
အရက်ဆိုင်ကို ပြေးပြီ။
တို့တွေ
တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိ
သဘာဝတရားမပီသတဲ့
အချစ်တွေနဲ့။ ။
ဇော်ထွန်းတင်
အလဲအလှယ်
ငါ
အခု
လရောင်ကို မော့မကြည့်ရဲဘူး။
ဖူးကြ ပွင့်ကြ ကြွေကြ
သူလည်း သူ့နှလုံးသားနဲ့သူ
ငါလည်း ငါ့အနုပညာနဲ့ငါ။
မတော်တဆတွေကပဲ ကမ္ဘာကို ပြောင်းလဲခဲ့
ငါ့ကိုလည်း ပြောင်းလဲခဲ့
ပြောင်းလဲသမျှ ဦးညွတ်ဖို့ကျတော့
ငါ အခု
လရောင်ကို မော့မကြည့်ရဲတာ ဆန်းသလား။
သူ့ကိုချစ်သလို
ငါ့ကိုလည်း ချစ်ကြပါ။
မထင်ပါနဲ့
တပ်မက်မှုတွေက
အဆုပ်လိုက် အခိုင်လိုက်
ညွတ်လို့။
ညွတ်ကျလာတဲ့ လရောင်မှာ
ငါ့ကိုချစ်သလို သူ့ကိုလည်း ချစ်ကြပါ။
ထူထူပျစ်ပျစ် နံနက်ခင်း ရောက်လာ
ငါလည်း
အမှားအကျိုးဆောင်သူပါ။ ။
ပြေမြင့်
မြေပုံတစ်ချပ်နဲ့ မီးယပ်ခေါင်းကိုက်
သည်နေရာကို ရောက်ခဲ့ပုံက
ဇာတ်ရုံနောက်ပေါက်မှ
ဝင်ခဲ့သလိုမျိုး
စိုက်ပျိုးထားတဲ့ အနာတစ်ခု
တယုတယ ဆွတ်ကြင်
ဆေးမထည့်ချင်တော့။
ပြေးရင်းလွှားရင်း
မေ့ဆေးအငွေ့ အခိုးရှိုက်မိ
တိမ်တိုက်တစ်အုပ် သတိလစ်
ညစ်ထေးသော ပယောဂ
အမြင်တဆုံး အုံ့မှိုင်းညို
ထိုခဏ ကြေကွဲ
ဟင် .. ဦးနှောက်ဆဲလ် တစ်ခု
ဖုထစ်နေပါရော့လား။
ယောင်မှားမှုတွေ မေ့ဖျောက်
သူကတော့
တွန့်ခေါက်တောင်တန်းကြီးတွေလို
တင်းမာနေရဲ့
အဲဒါကလဲ တစ်ချိန်တုန်းက
နှုန်းအားမြင့် ပေါက်ကွဲမှု ကြောင့်တဲ့။ ။
မောင်သင်းမိုး
Posted by Zephyr at 6:22 AM 3 comments
သူသည် ကဗျာဆရာတစ်ယောက် ဖြစ်သည် ..
Wednesday, August 4, 2010
ကဗျာတွေကို ebook အဖြစ် ဒီလင့်ခ် မှာသွားဒေါင်းနိုင်ပါတယ်။

Posted by Zephyr at 1:51 AM 0 comments
Labels: poem collection
ကဗျာကော့တေးလ် (၁)
Sunday, May 23, 2010
Adam Mickiewicz's Goodnight
Translated by မနော်ဟရီ
ဒီကဗျာလေးကို သိပ်ကြိုက်ပါတယ်။ ငယ်ကတည်းက အိပ်ရာဝင်ခါနီးတိုင်း အမေက Good Night son လို့နှုတ်ဆက်တတ်ပါတယ်။ အိပ်ခါနီးတိုင်းနှုတ်ဆက်တဲ့အကျင့်ဟာ အခုအထိလည်း ရှိနေပါတယ် ... မြန်မာပြည်မှာ ရှိတဲ့ ဒုတိယ မိခင်ကြီးကို ကောင်းသောညလို့မနှုတ်ဆက်ဘဲ အိပ်လေ့မရှိပါဘူး။ မြန်မာနိုင်ငံရဲ့ ဆိုးရွားတဲ့ အင်တာနက်ကြီး ပြုတ်ကျနေရင်တောင် ဖုန်းဆက်ပြီး တစ်ခွန်းတော့နှုတ်ဆက်ပါတယ်။ ဘယ်လောက်ပဲကပ်စေးနှဲတယ်ပြောပြော သားသမီးတိုင်းကတော့ အမေ့ကို ကရုစိုက်ကြပါတယ်။ (5 မှတ်) ....။
နောက်ဆုံးကဗျာကတော့ ကျွန်တော့်ရဲ့ ပထမ မိခင်ကြီးရေးသွားတာပါ ...။
လွမ်းနည်းကြေကွဲတတ်တဲ့ ၁၈ နှစ်အောက်တွေ ... နှလုံးမကောင်းသူတွေ ....မျက်လုံးနှစ်ဖက်ကို လက်နဲ့အုပ်ထားစေချင်ပါတယ် ....။ ၀မ်းနည်းကြေကွဲတတ်သူများမဖတ်သင့်တဲ့ ကဗျာပါ .....။ ဒီကဗျာကို သူဆုံးခါနီး ၅ ရက် အလိုမှာရေးပါတယ် ...။ ပါးစပ်နဲ့ရွတ်ပြတယ်လို့လည်းပြောနိုင်ပါတယ် .....။
သား ....
Nu အားတင်းထားမယ် တဲ့ ....။
Nu ဆိုတာကတော့ ကချင်လို အမေလို့ပြောတာပါ။ ဒီကဗျာလေးကို အချစ်ဆုံးပဲ ....။ အဲဒီအချိန်မှာ အမေဟာ ရောဂါမျိုးစုံကို တပြိုင်နက်ပေးဆပ်ရတော့မယ့် နောက်ဆုံးနေ့တွေပေါ့ ....။ ကျွန်တော်စိတ်ပူမှာစိုးလို့ ... ဘာမှမဖြစ်သလို ရယ်နေကြအတိုင်းရယ်ပြီး ပြောသွားတဲ့စကားလုံးလေးတွေ ... ။
ကျွန်တော့်စိတ်ထဲကို အဲဒီစကားလုံးတွေဟာ အနက်ရှိုင်းဆုံးထိုးဖောက်ဝင်ရောက်သွားတယ် ....။ အဲဒီစကားလုံးတွေကို ရွတ်လိုက်တိုင်း အမေ့ရဲ့ မေတ္တာကို နွေးခနဲပြန်ပြန်ခံစားရတယ် .....။ မိခင်မေတ္တာတွေနဲ့ ကျွန်တော့်ဘ၀ဟာ အေးချမ်းခဲ့တယ် ....။ ငယ်တုန်းက ဖတ်ဖူးတဲ့ အမေရှိရင် ဘယ်တော့မှ မငတ်ဘူးဆိုတဲ့ စကားပုံလေးကို အမေရှိတုန်း အမေ့ကို ပြောပြဖြစ်ခဲ့လို့ တော်တော်လေး စိတ်သက်သာရာရပါတယ် ....။ အမေလှူချင်တာတွေ အမေရှိတုန်းက လှူဖြစ်လိုက်လို့လည်း နည်းနည်းဖြေသာပါတယ် ....။ အမေလုပ်စေချင်တာတွေကို ဆက်လုပ်ဖို့ ရှင်သန်နေရတာပဲ လို့မကြာမကြာတွေးမိပါတယ် .....။ တစ်ချိန်က သားအမိနှစ်ယောက် လက်တွဲပြီး ညပိုင်းရောင်းတဲ့ ပလာတာဆိုင်လေးကို သွားတာကို အမြဲသတိရမိပါတယ်။ အမေက လမ်းမြန်မြန်မလျှောက်နိုင်တဲ့အတွက် ဖြည်းဖြည်းချင်းလျှောက်ရပါတယ် ....။ .... အမြဲတမ်း သားတွေအပေါ်မှာ နားလည်ပေးခဲ့တဲ့ အမေ့ကို ဆန္ဒရှိသလောက် ဘာမှမလုပ်ပေးလိုက်နိုင်တာကတော့ တော်တော်လေး နောင်တရရတဲ့ ကိစ္စဖြစ်ပါတယ် .....။ .... ကဗျာတွေကို စိတ်နဲ့ဖတ်ကြည့်တဲ့အခါ .... စိတ်ရဲ့အနက်အရှိုင်းဆုံးအထိ .... ကဗျာဟာ တိုးဝင်သွားတယ် ......။
ကဗျာတွေထဲမှာ ကျွန်တော်တို့ရဲ့ဘ၀တွေရှိတယ် ....။
ကျွန်တော်တို့ရဲ့မျက်ရည်တွေနဲ့ နာကျင်မှုတွေလည်းရှိတယ် ......။
ကျွန်တော်တို့ ရဲ့ နောင်တတွေနဲ့ စွတ်စိုထိုင်းမှိုင်းနေတဲ့ တိမ်တိုက်တွေလည်းရှိတယ် ......။
ကျွန်တော့် ကော့တေးလ်ဟာ သိပ်ပျော့နေတယ်ဆိုရင်လည်း သည်းခံပြီးဖတ်သွားတဲ့အတွက် ကျေးဇူးတင်ပါတယ် ....။ ဒီ ကဗျာဘလော့ခ်မှာ ကောမန့်ရေးတဲ့သူ အထူးရှားပါးပါပဲ ။ အများဆုံးကော်မန့်က ၁၄ ခုထင်ပါတယ် .....။ လူဖတ်နည်းနဲ့နေရာမှာ ရေးတာဟာ ... လူနည်းစုပဲသိစေချင်လို့ပါပဲ ....။
Peace Be With You All ...
Thanks moms for your love and guidance ...
With Peace,
Zephyr
Posted by Zephyr at 6:47 AM 6 comments
Labels: Poem installation