ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

ကျွန်မချစ်သော ကဗျာများ

Friday, May 20, 2016

နိုးထခြင်း

အများအိပ်မောကျနေသေးချိန်
အကျွနု်ပ် နိုးထပြီ
ကမ္ဘာမြေကို ပေါ့ပါးစွာ သယ်မ၍
အကျွနု်ပ် နိုးထပြီ
ရှင်နေမင်းနှင့်အတူ အေးချမ်းစွာ လိုက်ပါနိုင်ရပါစေသား။ ။

သုခမိန်လှိုင်
idea magazine, June'2012

ဘဝဟာသ အရှုပ်တော်ပုံ

အဆင်မပြေမှုကို ကြမ်းခင်းထားတာပါ
မသာယာမှုကို သွပ်မိုးထားတာပါ
နေ့စဉ် ဝမ်းနည်းစာတွေ စားသောက် ရှင်သန်ရင်း
ညစဉ် သုခချမ်းသာကို ကျိန်တွယ် ရွတ်ဆိုရင်း
အာဝေနိကကို ဝမ်းနဲ့ လွယ်ထားတာပါ
ဒုက္ခသစ္စာကို ကျောနဲ့ ပိုးထားတာပါ
တစ်ယောက်ကို တစ်ယောက် ရှာရင်းဖွေရင်း
တစ်ယောက်နဲ့ တစ်ယောက် ရှောင်ရင်းတိမ်းရင်း
နေ့စဉ်မှတ်တမ်းတွေ ပြည့်ပြည့်လာတဲ့ စာအုပ်ပါ
အရေးအကြောင်းတွေ တိုးတိုးလာတဲ့ ခန္ဓာပါ
မိခင်က ပျောက်တဲ့သားငယ်ကို ရှာဖွေရင်း
သားငယ်က ပျောက်တဲ့ မိခင်ကို ရှာဖွေရင်း
တစ်လှမ်းချင်း တစ်လှမ်းချင်း ဝေးကွာသွားတဲ့ ဇာတ်လမ်းပါ
တစ်ခန်းချင်းတစ်ခန်းချင်း ကူးပြောင်းသွားတဲ့ ဇာတ်ရုပ်ပါ
ငြိမ်သက်ရင်း .... ငေးမောရင်း ...
မိန်းမောရင်း ... တွေဝေရင်း ...
အချစ်အလွမ်း တရားစခန်းများနဲ့
ဘဝ ဟာသ အရှုပ်တော်ပုံ
တစ်နေ့တာ ဖူလုံပါစေသား။      
သားဦး
idea magazine, June' 2012

သွေးအေး သတ္တဝါ

ကြွေဆဲပန်းပွင့်များ
ရိုးတံမှာ ပြန်လည် မခန့်ညားမီ
ခြင်နဲ့ ခြင်ဆေးခွေလို
ငါတို့ ငြိမ်းချမ်းကြစို့လား

တကယ်တော့
ပန်းသီးလေးတစ်လုံးမှာ အပြစ်မရှိခဲ့ပါဘူး
သွားလေသူ ဥသြငှက်တွေရဲ့ ရှည်လျား ဆွတ်ကျင်တဲ့ အလွမ်းထဲ
အလိုဆန္ဒတွေ အေးခဲမသွားရလေအောင် ခပ်ဆတ်ဆတ်ရိုက်ဖွာရင်း
လှုပ်ခတ်လာတဲ့ ဒီရေအတိုင်း
ဘဝကို ကိုယ်ဖော့ ပေါလောမျောမိ

ငါတို့ဟာ
သဘာဝလွန်ဖြစ်ရပ်တွေထဲက
ကာလတန်ဖိုး သတ်မှတ်လို့ မရတဲ့လူငယ်
စပါးလုံးတစ်ထောက်စာ စိတ်ကူးများနဲ့
ကိုယ့်အဆိပ်ကိုယ် ပွတ်သပ်ရင်း ...

ကိုသျှပ် (ကန့်ဘလူ)
idea magazine, June 2012


တနင်္ဂနွေမှာ ငါ့လက်တွေ ထရမ်းပက်မှုတ်လိုက်ရ

ဘယ်လိုနည်းနဲ့တွက်တွက်
ဂီတဆိုတာ ပုံသေနည်းတစ်ခုရဲ့ သချာင်္ပဲ
တစ်ခါထက်ပိုပြောရင် မမှတ်မိဘူးဆိုတဲ့ ထိုးကွင်းမင်ကြောင်ထိုးသူ
သူ့လက်ရာကို အရေခွံခွာပစ်ရင်း အရေပြားပေါ် အရုပ်ရေး
အရွေ့အတိုင်း ငေးလိုက်ရ
တော်ပြီ
အော်ပရာဆိုတာ ကြော်ငြာစရာမှမဟုတ်ပဲ
ရာသီဥတုက ချစ်ခင်မှု ခေါင်းပါးနေချိန်မှာ
ဘဝနဲ့ အရက်ကို ငါ့ခွက်ထဲမှာ ရေထည့်ပြီး
ရင်ဘတ်ထဲ ရေသွန်ပစ်နေတဲ့ ရေ  တံ ခွန်
မိုးရေနဲ့ ဖျော်ထားတဲ့ ကော်ဖီကိုသောက်ရင်း
မေ့နေတဲ့ ကိုယ့်နာမည်ကို ပြန်လည်တွေ့ခဲ့ရ
ကျွန်တော်ဟာ ၃မိနစ်ထက် ပိုမပြောရတဲ့ အူကြောင်ကြားပဲ
ဘဝနဲ့ ရိုက်တဲ့ ရုပ်ရှင်မပြီးခင်မှာ
မီးခလုတ်ဆိုတာ ခုပိတ်ခုဖွင့်လို့ရတဲ့ မြစ် မဟုတ်ဘူး
သူ့အရိုးအတိုင်း အရွက်တွေ အရိပ်လို ရှည်လျားပြီး
စကားလုံးမပါတဲ့ ပြဇာတ်ရဲ့တစ်နေ့တာ စီးဆင်းမှုမှာ
ဆားမပါတဲ့ ငါဟာ ဘာနဲ့ချက်ထားတဲ့ ဟင်းတစ်ခွက်လဲ
ငွေးကြေးက ငါ့ကို ဘာနဲ့ မျှား မျှား
ငါက ငါးတစ်ကောင်မဟုတ်လို့ မဟပ်မိခဲ့
မနက်ဖြန်ရဲ့ လက်ဖျံရိုးအထိ
မိုးခိုနေတဲ့ ငါ့ကဗျာမှာ ဘာစာသားမှ မပါခဲ့ဘူး။

ဌေးကြည် (စလင်း)
idea magazine, June, 2012

ငါတော့ ဒီကောင်ပါရင် မကစားချင်ဘူး

ငါတော့ ဒီကောင်ပါရင် မကစားချင်ဘူး
အရုပ်ထောင်ပစ်လို့ ငါက ခေါင်ထိသွားရင်တောင် ဒီကောင်က သူ့ဘက်ကပစ်မှ ခေါင်လို့ ခဏခဏ ပြောင်းချင်နေတဲ့ကောင်

ငါတော့ ဒီကောင်ပါရင် မကစားချင်ဘူး
ဒီကောင်က သူ့အလှည့်ကျရင် စည်းကမ်း အမျိုးမျိုး ထုတ်နေတဲ့ကောင်

ငါတော့ ဒီကောင်ပါရင် မကစားချင်ဘူး
ကျွင်းစိမ်လို့ တစ်ထွာနှစ်ထွာတိုင်းရင်တောင် သူ့လက်ကို မရှည်ရှည်အောင် အိမ်မှာကျင့်ကျင့်လာပြီး ကလိမ်ကျတိုင်းတတ်တဲ့ကောင်

ငါတော့ ဒီကောင်ပါရင် မကစားချင်ဘူး
ဘောလုံးကန်လို့ ဒီကောင်က တခြားလူကိုတွန်းရင် ဘာမှမဖြစ်ဘူး။ ဒီကောင့်ကို နည်းနည်းကလေး တိုက်မိရင်တောင် သူ့အမေကို အော်ကြီးဟစ်ကျယ် ခေါ်တိုင်ချင်တဲ့ကောင်

ငါတော့ ဒီကောင်ပါရင် မကစားချင်ဘူး
လမ်းထဲက အပျိုတွေနဲ့ ထုတ်စည်းတိုးလို့ စည်းမကျော်တာကိုလည်း အပျိုတွေဘက်ကလိုက်လို့ ကျော်တယ်လုပ်ချင်နေတဲ့ကောင်

ငါတော့ ဒီကောင်ပါရင် မကစားချင်ဘူး
ချက်ထိုးလို့ ဒီကောင့်အလှည့်ကျ တစ်ကွက်မှားသွားရင် ဟီးဟီးဆိုပြီး နောက်ပြန်ဆုတ်ချင်တဲ့ကောင်

ငါတော့ ဒီကောင်ပါရင် မကစားချင်ဘူး
ဒီကောင်က နိုင်မယ်ထင်တဲ့ဘက်က အမြဲပါချင်နေတဲ့ကောင်

ငါတော့ ဒီကောင်ပါရင် မကစားချင်ဘူး

ငါတော့ ဒီကောင်ပါရင် မကစားချင်ဘူး

ငါတော့ ဒီကောင်ပါရင် မကစားချင်ဘူး

ငါတော့ ဒီကောင်ပါရင် မကစားချင်ဘူး။       





Nelay

Idea Magazine , October 2009

Monday, May 16, 2016




မော်တော်ကား
င့ါမှာ ကားတစ်စီးရှိတယ်
ကြွပါ၊ တက်ပါ
၁ ယောက်၊ ၃ယောက်၊ ၁၀ယောက်
ဘယ်နှယောက် ယောက် တက်,တက်
ဆန့်တဲ့မော်တော်ကား

အခု
င့ါကားပေါ်မှာ တင်လာတာက
ညတွေအပြည့် အာကာသ။
သုခမိန်လှိုင်





ကာလနဂါး
အရေးတကြီး နိုးထစရာ မလိုဘူးဆိုရင်
ငါ ဆက်ပြီး အိပ်နေချင်လို့ပါ . . . . ။

“ဘ၀”ဆိုတာနဲ့ ဘာလို့ “ရှင်သန်ခြင်း” . . . လို့
အဓိပ္ပါယ်ဖွင့်ဆိုရတာလဲ?!
ငါကတော့ အိပ်နေရတာကိုပဲ . . . . ကြိုက်တယ်၊
ရုပ်ရှင်ထဲက ဇာတ်လိုက်လောက်တော့
ငါလည်း တောက်လျောက်ကြီး မကောင်းနိုင်ဘူးပေါ့ . . . .
သံပတ် ခပ်လျော့လျော့နဲ့ပဲ နေတတ်တယ်။

လေ့ကျင့်ခန်း မှန်မှန်လုပ်မှ
ပထမရမယ်ဆိုရင်
ငါ ရှင်ဘုရင်တောင် မဖြစ်ချင်ဘူး၊
ကျေးဇူးပြုပြီး ငါ့ကို
“အရူး” လို့ ခေါ်ပါ။

မမြင်ချင်တာတွေ အားလုံးအတွက်
မျက်စိသေးသေးလေး နှစ်လုံးကို ပိတ်ထားလိုက်ရုံပါပဲ
ဟော . . ငါ ဘယ်လောက် လိမ္မာတဲ့ကောင်လဲကွယ် . . . .၊
ဟောဒီ အရူးမှာ
ယဉ်ကျေးမှု ထွန်းကားပါတယ်။

ငါ့ဆီ ဂုဏ်ပြုဖိတ်စာ ပို့ဖို့မလို
ငါ့လိပ်စာကို ငါမသိ
ငါ့အုတ်ဂူမှာလည်း ဘာကမ္ဗည်းမှ ထိုးပေးဖို့
အကြောင်းမရှိပေဘူး။
အို . . . မိတ်ဆွေတို့
နိုင်ငံကြီးသားအပေါင်းတို့ . . . .
သွေးနဲ့ကိုယ် သားနဲ့ကိုယ်
မှားယွင်းကြ၊
ပက်လက်မျောဖို့အတွက်
တံတွေးခွက်ကြီး လိုက်ရှာကြ၊

ငါကတော့ . . .
စောင်ထူထူကို ခေါင်းမြီးခြုံ
ကိုယ့်ကိုယ်ချင့် . . . ကိုယ်
စိတ်လုံလုံနဲ့ အိပ်တယ်။

နိုင်ငံကျော်တွေအားလုံးကို . . . သနားတယ်၊
မင်းတို့ ငါ့လောက်
ဘယ်သူမှ အိပ်ရေးမ၀ခဲ့ကြပါဘူး။
မင်းခိုက်စိုးစန်




အိမ်ပြေး-၂

ရပ်ကွက်လူခြေတိတ်ချိန်နဲ့ အမေ့သားရဲ့အိမ်ပြန်အိပ်ချိန်
မိုးတိုးမတ်တပ်ဆယ့်ရှစ်နှစ်ဟာ နောက်မှာကျန်ခဲ့ပြီ
အမေ့ရဲ့စိတ်ကူးယဉ်ခြံလေးထဲမှာ စံပယ်တွေဖွေးနေပြီလား။
မိုက်မဲခြင်းကိုခြေလက်မဆေးရသေးဘူး
မိုးတိုးမတ်တပ်ဆယ့်ရှစ်နှစ်ဟာ နောက်မှာကျန်ခဲ့ပြီ
အမေ့ရဲ့စိတ်ကူးယဉ်ခြံလေးထဲမှာ စံပယ်တွေဖွေးနေပြီလား။
ရေကြည်ရာ မြက်နုရာမှာ
ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှမှာ
မိုးတိုးမတ်တပ်ဆယ့်ရှစ်နှစ်ဟာနောက်မှာကျန်ခဲ့ပြီ
အမေ့ရဲ့စိတ်ကူးယဉ်ခြံလေးထဲမှာ စံပယ်တွေဖွေးနေပြီလား။
အလိုကြီးကြီးအရနည်းနည်းနဲ့
မိသားစုအလိုဆန္ဒတွေရဲ့အဝေးဆုံးမှာပဲ တချိန်လုံးရောက်နေခဲ့
မိုးတိုးမတ်တပ်ဆယ်ရှစ်နှစ်ဟာ နောက်မှာကျန်ခဲ့ပြီ
အမေ့ရဲ့စိတ်ကူးယဉ်ခြံလေးထဲမှာ စံပယ်တွေဖွေးနေပြီလား။
အမေ့ကိုမေ့တယ်
ညီမလေးနှစ်ယောက်ကိုမေ့တယ်
မိုးတိုးမတ်တပ်ဆယ့်ရှစ်နှစ်ဟာနောက်မှာကျန်ခဲ့ပြီ
အမေ့ရဲ့စိတ်ကူးယဉ်ခြံလေးထဲမှာ စံပယ်တွေဖွေးနေပြီလား။
မပြောမပြီး မတီးမမြည်ဘူး
ငါပြောပြီးတီးကြည့်လိုက်တော့လည်း
ငါပြောတီးကြီး ဖြစ်တာပဲအဖတ်တင်
မိုးတိုးမတ်တပ် ဆယ့်ရှစ်နှစ်ဟာ နောက်မှာကျန်ခဲ့ပြီ
အမေ့ရဲ့စိတ်ကူးယဉ်ခြံလေးထဲမှာ စံယ်တွေဖွေးနေပြီလား။
ချီးမွမ်းခန်းတွေက ကျောသားရင်သားခွဲကြ
ခလုတ်ထိမှအမိတ
မိုးတိုးမတ်တပ်ဆယ့်ရှစ်နှစ်ဟာနောက်မှာ ကျန်ခဲ့ပြီ
အမေ့ရဲ့စိတ်ကူးယဉ်ခြံလေးထဲမှာ စံပယ်တွေဖွေးနေပြီလား။ ။
မင်းအိမ်




စီစီဖတ်
စီစီဖတ်ဟာ ကျောက်တုံးကြီးကို တောင်ပေါ်တွန်းတင်လိုက် ပြန်လှိမ့်ချလိုက်တဲ့
ငါက ဒီအသက်အရွယ်ထိ အိပ်လိုက် စားလိုက် ရေးချင်တာလေး ထရေးလိုက်
ရေးသမျှအမှိုက်ဖြစ်သွားလိုက် ငိုယိုလိုက် ပေါက်ကွဲလိုက် မူးရူးလိုက် ရန်ဖြစ်လိုက်
စီစီဖတ်ရဲ့ တာဝန်က ကျောက်တုံးကြီးကို တောင်ပေါ်တွန်းတင်ဖို့ ပြီးရင် ပြန်လှိမ့်ချဖို့တဲ့
ငါ့မှာ ဘာတာဝန်မှမရှိ ပိုက်ဆံမရှိ ချစ်သူရည်းစားမရှိ အနုပညာမရှိ ဘွဲ့လက်မှတ်မရှိ
စီစီဖတ်ဟာ အခုထိ ကျောက်တုံးကြီးကိုတွန်းတင်တယ် ပြန်လှိမ့် ချတယ် အဖေက
ငါ့ကို တစ်ခုခုဖြစ်စေချင်တယ် အပေါင်းအသင်းတွေက ငါ့အချိုးကို ပြင်စေချင်တယ်
ချစ်ခဲ့သူက ငါ့နောက်ကျော ဓားနဲ့ထိုးတယ် ပတ်ဝန်းကျင်မှာ ငါဟာ အရူး နားလည်ရ
ခက်တဲ့လူ တစ်ခါတစ်ခါအရက်ကြောင် ကြောင်ပြီး ဘ၀ပျက်နေတဲ့ ဘ၀င် စီစီဖတ်က
သူ့ကျောက်တုံးကြီးအပေါ် ဘယ်လိုသဘောထားသလဲ အပြစ်ဒဏ်သပ်သပ်ပဲလား
လက်လွှတ်ဆုံးရှုံးခဲ့ရတာတွေအတွက် ငါလည်းကြေကွဲခဲ့ဖူးပါတယ် အများသူငါထက်
စိတ်ကူးယဉ်ဖူးပေမယ့် အများသူငါထက် လက်တွေ့ပိုရှုံးနိမ့်ခဲ့ရတယ် စီစီဖတ်ဟာ
အချိန်ကြာလာတာနဲ့အမျှ သူ့ကျောက်တုံးကြီးကို ခင်တွယ်လာမှာပဲလို့ ငါတွေးမိတယ်
နေ့တိုင်းနေ့တိုင်း လက်ဖက်ရည်ဆိုင်ထိုင်တွေးနေတဲ့ ငါ့အနာဂတ်ကို အဖေက
မကောင်းတဲ့အနာဂတ်လို့တွေးတယ် ငါ့ရဲ့ မကောင်းတဲ့ အနာဂတ်ဟာ သူငယ်ချင်းတွေ
ဆီမှာ အိမ်ပြန်ဖို့ကားခ လက်ဖြန့်တောင်း အရွယ်လွန်တပ်မက်စိတ်နဲ့ မိန်းမမြင်တိုင်း
ပစ်မှား ဘယ်တော့မှ မရှိခဲ့တဲ့ ငါ့အနုပညာခေတ်ကိုထူထောင် လူကြားထဲ အော်ကြီးဟစ်
ကျယ်ငြင်းခုံ စီစီဖတ်ဟာ ကျောက်တုံးကို တွန်းတင်လိုက် ပြန်လှိမ့်ချလိုက်ပဲလုပ်နေတယ်
ငါလုပ်ခဲ့တာတွေက စီစီဖတ်ထက် ပိုများတယ် လှီးထုတ်ပစ်ရမယ့်အပိုကိစ္စတွေအပြည့်
တောင်အောက်ကနေ တောင်ပေါ်တက်တဲ့အခါ စီစီဖတ်တစ်ယောက် ဘယ်လိုစိတ်နဲ့
ကျောက်တုံးကို တွန်းတင်သလဲ ရှုပ်ထွေးစွာနဲ့ သိပ်စိတ်ညစ်နေမလား ခုကစ ငါလည်း
စီစီဖတ်လုပ်ချင်တယ် အပိုကိစ္စတွေလှီးထုတ်မယ် စီစီဖတ်စိတ်မညစ်ဘူး စီစီဖတ်ပျော်ရွှင်
နေမယ်လို့ ယုံတယ် ကျောက်တုံးကြီးကို နောက်တစ်ခေါက် တောင်ပေါ်တွန်းတင်
ပြီးရင် နောက်တစ်ခေါက် အောက်ပြန်လှိမ့်ချ ဒါစီစီဖတ်ရဲ့ အလုပ် ငါအချိန်ရတိုင်း
တွေးခေါ်မယ် ပြီးရင် အဲဒီ့အတွေးတွေကို စာရေးမယ် တစ်ရက်ပြီးတစ်ရက်
ဆက်တိုက်ဆက်တိုက် စီစီဖတ်ရဲ့ အနာဂတ်ဟာ သူ့ကျောက်တုံးကို နောက်
တစ်ခေါက်ပြန်တွန်းတင်ဖို့ ပြီးရင် ပြန်လှိမ့်ချဖို့ဆိုရင် ငါ့အနာဂတ်က
အဆက်မပြတ်တွေးမိတာတွေ ပြန်ချရေးဖို့ပဲ
စီစီဖတ်ပျော်ရွှင်သလောက်တော့ ငါလည်းပျော်ရွှင်ရမှာပေါ့
ဒါငါ့အလုပ်ပဲလေ။ ။
လွန်းဆက်နိုးမြတ်





မပေါ့မပါး
တစ်ဖက်က network ထဲ
မိတ်ဆွေဘယ်နှစ်ယောက်၊ ရန်သူဘယ်နှစ်ယောက်ရှိလဲ
ဇကာနဲ့စစ်လိုက်ရင်တော့ အနည်တွေမပါတော့ဘူးပေါ့
“ကိုယ့်ကိုဝိုင်းတိုက်နေတဲ့ ရန်သူတစ်ထောင်ထက်
ကိုယ်ကိုမြှောက်ပင့်နေတဲ့ မိတ်ဆွေတစ်ယောက်ကို
ကြောက်ပါ”
ကြောက်လက်စနဲ့ ဆက်ကြောက်လိုက်ဦးမယ်
ပွင့်လင်းရာသီဟာ
ချစ်သူတွေကြား အတင်းဝင်ရောက်လာပြီ
မတော်တဆပဲဖြစ်ဖြစ် တမင်တကာပဲဖြစ်ဖြစ်
ဘယ်သူမှားမှား ကိုယ်ကရှောင်
ထိုင်ခုံအပြည့်ပဲ လူတင်တော့တယ်
ရယ်စရာတွေပဲ ရုံတင်တော့တယ်
ရပ်စောင့်နေလဲအပိုပဲ
စာမလာ သတင်းမကြား
ဘယ်ဘုံဘယ်ဘ၀ရောက်နေတယ်ဆိုတာ
အင်တာနက်မှာ ရှာကြည့်ရတော့မလို
မလိုချင်လို့ မရတော့ဘူး
ဘယ်ဆေးနဲ့တားတား
အင်္ဂါနေ့မှာ အင်္ဂါစုံတော့မယ်
ဇင်လင်းနောင်




အခြားစိတ်ဝင်စားစရာတွေတွေ့ရင် ခေါ်ခဲ့
အကြောင်းအရာက
အကြောင်းမရှိဘဲ ဘယ်လိုအရာတွေပေါ်လာခဲ့သလဲ
ငါ့ မျက်လုံးကို ငါ့ စိတ်က အိပ်စက်အနားယူခွင့်မပေးဘူး
ဒီ အနားမှာ ဒီလိုဖြစ်နေကျ (ဒါဟာ ခဏ)
အခုနလေးတုန်းက ဘယ်လိုလုပ် ဘယ်လို ပြန်ရောက်လာခဲ့တာလဲ
ဘယ်လိုလဲ ပျောက်ပျောက်သွားခဲ့တာ
သင် ပြောဘူးတဲ့ အယူသည်းမှုထဲမှာ
တစ်နေကုန် တစ်နေခန်း အချိန်မဟုတ် အခါမဟုတ်
ဟိုလူ အကြိုက်တွေ့နေတဲ့ စကားတစ်ခွန်းလိုပေါ့
ကံဇာတာအရ ပြောရရင်တော့
နွေဦးပေါက်လာပြီဆိုတာနဲ့ ကိုယ့်စိတ်တည်ငြိမ်ဖို့
အသည်းအသန် ကြိုးစားခဲ့ရတယ်
မမြင်ရတဲ့ဘ၀ဟာ ဘယ်လို မှီလာလေ့ရှိသလဲ
ပြောချင်တာက
ကျွန်တော်လည်း ရေးပြီးသားကဗျာတွေကို အလွတ်မရဘူး
တစ်ယောက်နဲ့တစ်ယောက်ဟာ နှာခေါင်းချင်း ထိနေတော့
အသက်ရှူတွေကြပ်တယ်
အသက်ရှူရတာတွေ ခဏရပ်မယ်
လူတိုင်း၊ လူတိုင်း မီးသတိပြုပါဗျာ
အိုဟောင်းပျက်ဆီးလုနီးပါး ငါကို ဘယ်လိုနားလည်မလဲ
အသိအကျွမ်းဝင် ပေါင်းဖက်မိဖို့
ဘယ်တုန်းက စပြီး သိခဲ့သလဲ
အိပ်ချင်တဲ့ နေရာမှပဲ အိပ်လိုက်ပါတော့
ဒါဟာ ဗဟုသုတ နည်းပါးနေခြင်းတွေပေါ့
မလေးမစားနဲ့ တကယ်ဆိုရင်
အခြေအနေအရ အပြောင်းအလဲ ရှိနိုင်ပါသည် ။ ။
အိမ်ဝေးသူ

Idea Magazine ကဗျာများ (လ တစ်ရာပြည့် )

မဒမ်ဇင်နီယာရဲ့တစ်နေ့တာကပွဲ

မဒမ်ဇင်နီယာဟာ
ဘုရားသခင်က သူ့ကိုဖန်ဆင်းထားတယ်ဆိုတာယုံတယ်
ဘုရားသခင်ပြောတဲ့အတိုင်းနေထိုင်တယ်
ဘုရားသခင်သတ်မှတ်ထားတဲ့အတိုင်းစားသောက်တယ်
ဘုရားသခင် အလိုအတိုင်းပြုမူဆောင်ရွက်တယ်
ဘုရားသခင် မလိုလားတာဆိုရင်
မဒမ်ဇင်နီယာက သူနဲ့မပတ်သက်သလိုနေလိုက်တာပဲ
မဒမ်ဇင်နီယာ မကြာခဏဖျားနာလေလေ
ဘုရားသခင်ကို ပိုပြီးဆုပ်ကိုင်လေလေ
ဘုရားသခင်သာ မဒမ်ဇင်နီယာဘ၀မှာရှိရင် အရာအားလုံးကိုငြင်းပယ်ရဲတယ်
ဘုရားသခင်ရဲ့ အရိပ်မှာ ဘုရားသခင် အလိုအတိုင်းသာနေရရင် ငြိမ်းချမ်းမယ်လို့ယုံတယ်
မဒမ်ဇင်နီယာ ဘုရားသခင်ကိုအားကိုးပြီးနေလာခဲ့တာ
သုံးဆယ်တစ်နှစ်တောင်ရှိပြီပေါ့
ဘုရားသခင်က မဒမ်ဇင်နီယာကို သမီးလေးတစ်ယောက်ပေးတယ်
စာအုပ်ဆိုင်လေးတစ်ဆိုင်ဖွင့်ပေးတယ်
အသားနည်းနည်းပါတဲ့စွပ်ပြုတ်ပေးတယ်
မဒမ်ဇင်နီယာရဲ့ အသွေးအသားထဲမှာ ရမ္မက်မရှိတော့ဘူး
မဒမ်ဇင်နီယာရဲ့ တစ်ကိုယ်လုံး ဘုရားသခင်နဲ့တည်ဆောက်ထားတယ်
မဒမ်ဇင်နီယာရဲ့ ၀ှက်ဖဲချပ်တိုင်းဟာ ဘုရားသခင်ပဲ
လူတွေက ဘုရားသခင်ကို မထေမဲ့မြင်ပြုနေကြတယ်လို့လည်းယူဆတယ်
မဒမ်ဇင်နီယာရဲ့ဘုရားသခင်ကတော့
သူ့ မိတ်ဆွေတွေကြားမှာ အတော်ကလေးရေပန်းစားပ
ဝိုင်အရက်လို ယဉ်ကျေးသူတွေကနေ
လိင်မှုကိစ္စလို ပွင့်လင်းသူတွေအထိပေါ့
မဒမ်ဇင်နီယာကို လေ့လာသူတွေက
မဒမ်ဇင်နီယာရဲ့ တစ်နေ့တာကပွဲမှာ
မဒမ်ဇင်နီယာတစ်ယောက်ထဲ ကနေတာကလွဲပြီး ဘာမှမရှိပါဘူးတဲ့
မဒမ်ဇင်နီယာရဲ့ ခြေလက်လှုပ်ရှားဟန်ထဲမှာ
တစ်စုံတစ်ယောက်ရှိနေပုံရပေမယ့် တစ်စုံတစ်ယောက်ကိုမမြင်ရဘူး
အဲဒီတစ်စုံတစ်ယောက်ကလည်း ဘုရားသခင်ပါပဲတဲ့
မဒမ်ဇင်နီယာဟာ တစ်ခါတစ်လေ ပျော်ပျော်ရွှင်ရွှင်သီချင်းညည်းနေတတ်တယ်
တစ်ခါတစ်လေ ရုပ်တုလေးတစ်ခု ချထားသလို ငေးငိုင်တိတ်ဆိတ်နေတတ်တယ်
မဒမ်ဇင်နီယာရဲ့အတွေးထဲမှာ စိတ်ကူးအိပ်မက်တွေထဲမှာ
ဘ၀မျှော်လင့်ချက်တွေထဲမှာ
ဘုရားသခင်နဲ့ကင်းကွာသွားတဲ့အချိန်ဆိုတာမရှိခဲ့ဘူး
မဒမ်ဇင်နီယာရဲ့တည်ရှိမှုမှာ
လူအဖြစ်တည်ရှိမှုဟာ လုံးလုံးပျောက်ကွယ်သွားပြီး
ဘုရားသခင်ရဲ့ တည်ရှိမှုသာကျန်တော့တယ်
မဒမ်ဇင်နီယာဟာ ဘုရားသခင်နဲ့နိုးပြီး ဘုရားသခင်နဲ့အိပ်ရာဝင်တယ်
ဘယ်လိုလူကြီးလူကောင်းတစ်ယောက်အတွက်မှ
မဒမ်ဇင်နီယာဟာ ဦးထုပ်ကလေးဆောင်းပြီး ဂါဝန်ကလေးမပြီး
နှုတ်ခမ်းဆေးထူထူတင်ပြီး ရှိရှိသမျှနူးညံ့မှုတွေနဲ့တွေ့ထိပြီး
ရင်ခုန်ဖို့ကောင်းတဲ့မိန်းမတစ်ယောက်မဖြစ်နိုင်တော့ဘူး
မဒမ်ဇင်နီယာရဲ့လရောင်နဲ့တူတဲ့နို့ရည်ဟာ
သူ့သမီးလေးကြီးပြင်းလာကတည်းက ခမ်းခဲ့ပြီ
မဒမ်ဇင်နီယာရဲ့ မျက်လုံးမှာ မီးနဲ့တူတဲ့ဆွဲဆောင်အားတွေပျောက်ကွယ်သွားပြီး
ထိတ်လန့်ခြောက်ခြားဖွယ် ငြီးငွေ့စိတ်ပျက်မှုသာ ကျန်ရှိတော့တယ်
မဒမ်ဇင်နီယာဟာ သံချေးအထပ်ထပ်တက်နေတဲ့ စက်အပျက်တစ်လုံးကို
ဘာကိုမှ ထက်ထက်သန်သန် မရှိတော့ဘူး
အကယ်၍များ ခင်ဗျားအနေနဲ့
မဒမ်ဇင်နီယာကို ဘုရားသခင်လက်က ကယ်တင်ချင်တယ်ဆိုရင်
ခင်ဗျားမှာ ပိုက်ဆံရှိရုံနဲ့မဖြစ်ဘူး
ဘုရားသခင်အကြောင်းသိမှဖြစ်မယ်
ဘုရားသခင်ကို သိခြင်းဟာ မဒမ်ဇင်နီယာကိုသိတာနဲ့အတူတူပဲ
သူ့ကိုခင်ဗျားမြင်နေတာက ကလပ်မှာတွေ့နေကျ မိန်းမတစ်ယောက်ထက်ဘာမှမပိုဘူး
သူက ခင်ဗျားကို ကဖေးဆိုင်ရဲ့ ထောင့်တစ်ထောင့်မှာ
ဟမ်ဘာဂါမုန့်အကြောင်းပြောမှာမဟုတ်ဘူး
ဘုရားသခင်ရဲ့လေသံအတိုင်း
ခင်ဗျားပြင်းပျနေတဲ့ဦးတည်ချက်ကို တိရစ္ဆာန်တစ်ကောင်လိုရှုံချပစ်လိမ့်မယ်
ဘုရားသခင်ကိုကျော်လွန်ပြီး သူ့ဆီက ဘာဆန္ဒ ဘာနူးညံ့မှုမှ
ခင်ဗျားရယူနိုင်မှာ မဟုတ်ဘူး
မဒမ်ဇင်နီယာဟာ လူ့ဘ၀ဆိုတဲ့ ဒုက္ခသည်စခန်းကြီးမှာ
လိင်မှုဆိုင်ရာကလွဲပြီး အကုန်ဖြည့်ဆည်းပေးနေတဲ့ တာဝန်ကျေပွန်သူတစ်ယောက်ဖြစ်တယ်
မဒမ်ဇင်နီယာရဲ့တစ်နေ့တာကပွဲထဲမှာ
မကြာမကြာ ပါဝင်ပတ်သက်နေရသူတစ်ယောက်
အနေနဲ့တော့ တွေးမိနိုင်တာတစ်ခုရှိတယ်
ငန်းတစ်ကောင်လိုသွေးသားဆူဖြိုးနေသေးတဲ့မိန်းမတစ်ယောက်အနေနဲ့
ဘုရားသခင်အပေါ် ဒီလောက်ယုံကြည်သက်ဝင်သွားလောက်အောင်
ဘယ်လိုဒုက္ခတရားတွေက လမ်းပြခေါ်ဆောင်သွားသလဲဆိုတာကိုလေ
ပျော်ရွှင်ဖွယ်ကမ္ဘာကြီးဟာ မဒမ်ဇင်နီယာဆီက နောက်ဆုတ်သွားချေပေါ့
တစ်ယောက်ကိုတစ်ယောက်လက်တွဲတဲ့လူ့အဖွဲ့အစည်းဟာ
မဒမ်ဇင်နီယာကို စွန့်ခွာသွားချေပေါ့
နာရီတွေကို နောက်ပြန်လည်နေတဲ့ဆေးရုံတစ်ရုံမှာ
မဒမ်ဇင်နီယာတစ်ယောက်ထဲ ဘုရားသခင်နဲ့အတူ
သူ့ရဲ့ကပွဲကို ဆက်လက်ကျင်းပနေပေါ့

ပိုင်


ရွေ့ကဗျာ
အိပ်မက်ထဲမှာ ငါပြေးနေ၏ နေရာမရွေ့
နေရာမရွေ့ အိပ်မက်ထဲမှာ ငါပြေးနေ၏။
ငါပြေးနေ၏ နေရာမရွေ့ အိပ်မက်ထဲမှာ

(ကဲ . . .အိပ်မက်ကငါ
အခု ထ ပါပြီ)
မရွေ့တဲ့ကဗျာ ရွေ့အောင်ဖတ်ကြည့်ပါ။

သုခမိန်လှိုင်




ကင်းစောင့်

ငါဟာ ကင်းစောင့်တစ်ယောက်ပါပဲ၊
တစ်ညလုံးမအိပ်စက်ဖြစ်ဘဲ
အလွမ်းတွေနဲ့ပဲ မိုးစင်စင်လင်းခဲ့တယ် . . .

“ ချစ်တယ်” ဆိုတာ . . .ငါ့ဘ၀ရဲ့
ဘယ်ဝါကျမှာမှ မသုံးဘူးသေးတဲ့
ကြိယာတစ်လုံးပါ။

နှုတ်ခမ်းထူထူတွေနဲ့ လှောင်ပြုံး
မာယာများတဲ့ ငါးခုံးမလေးရေ . . .
မင်းကြောင့်
ငါ့အိပ်မက်တွေ တစ်လှေလုံးပုပ်ခဲ့ပေါ့ . . .။

မင်းခိုက်စိုးစန်


ငါရယ် ငါ့မိန်းမရယ် ငါ့သမီးရယ်
ငါ့ဘဝ
င့ါပြဇာတ်မှာ
လက်ခုပ်တီးတိုင်းလှည့်ကြည့်မိခဲ့တဲ့နေ့ရက်များ
ငါအားထက် ရယ်(ရီ)အားသန်
ငါအဖန်ဖန်
သူအဖန်ဖန်
ဘာပါလိမ့်

စကြ၀ဠာတဆုံးကိုမျှော်ကြည့်သလို
ကျောင်းသွားမယ့်သမီးရဲ့ ပျက်နေတဲ့ထီးကို ပြင်ပေးလိုက်တယ်
ပြတ်နေတဲ့ဖိနပ်ကို ဆက်ပေးလိုက်တယ်
ကျနေတဲ့စိတ်ကို မြှင့်ပေးလိုက်တယ်
ငိုမယောင်မျက်နှာလေးကို ရယ်(ရီ)အောင်လုပ်ပေးလိုက်တယ်
သူမဟာ စာရွက်အလွတ်လို ရိုးစင်းတယ်
လောကကြီးက သပွတ်အူလို ရှုပ်ထွေးတယ်
“ခဏနေဦး သမီး
လမ်းမပေါ်မှာ မိုးသက်လေပြင်းကျနေတယ်
(ဒါမှမဟုတ်)
နောက်တစ်နေရာမှာလည်း ဖြစ်နိုင်တယ်”

မိန်းမရယ်
ခေတ်ပေါ်ဝဲဂယက်ထဲမှာ
မျှော်လင့်ချက်တစ်ခုတည်းနဲ့ စောင့်ကြည့်ရမယ့် အံ့သြစရာမျိုးမဟုတ်ပါဘူးကွာ
မရှိမဖြစ်လို့
မထင်လေနဲ့
ဘယ်သူမှ ဒီဘ၀ကြီးမှာ အရမ်းအလိုအပ်ဘူး

အရသာရှိတဲ့အဆိပ်ကို
နည်းနည်းချင်းစားလာခဲ့တာပဲ
ငိုစရာမျက်ရည်မလိုတော့ပါဘူး။ ။
ဝင်းမောင်


ရန်ကုန်မိုး
ပင်လယ်တစ်ခုလုံးချပြပေမယ့်
ရေချည်းပဲမြင်ကြတဲ့သူတွေက
များတယ်

ငါတို့ရဲ့ဇွဲတွေက
တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲဆိုပြီးသတ္တိကောင်းတတ်
ငါတို့ဆုံးဖြတ်ချက်တွေက
အရေးအကြောင်းဆို အပေါင်းအသင်းမှားတတ်
ငါ့တို့အသဲကလည်း
ပပ ထူမှ ထတတ်ရတော့တယ်။

ကမ္ဘာကြီးလုံးနေတော့
အနောက်ကိုသွားလည်း အရှေ့ကိုတစ်နေ့ရောက်ရသလို
ပင်လယ်ထဲမှာ သင်္ဘောချင်း ခေါင်းတိုင်ကိုစမြင်ရစမြဲ
အလံတလူလူလွှင့်ထားပေမယ့်
ဒါးဆိုတာ
ဒဏ်ရာနဲ့အဝေးဆုံးမှာနေရတာ ကောင်းတယ်။

အဖြစ်က
မီးပြတိုက်ကို သင်္ဘောဝင်ဆောင့်မိသွားတာ
ဆာလောင်တဲ့မြွေမို့
ကိုယ့်အမြီးပြန်အစာလုပ်မြိုချလိုက်တယ်

ရန်ကုန်ဆိုတာ
အမြဲတမ်းအိမ်ရှင်နိုင်ငံတွေ ခြေစစ်ပွဲရှုံးတယ်
ချစ်ကြည်ရေးဖိတ်ခေါ်ပွဲဆို တစ်ဘက်အသင်းကမလာဘူး
အဝေးကွင်းမှာ ခြေစွာရတာ
ဘယ်လောက်အသည်းနာဖို့ ကောင်းလိုက်သလဲလို့။ ။
ကျော်ထူး



မိုးစိမ့်စိမ့် တနင်္ဂနွေထဲက ပြကွက်များ
အလင်းတွေတုပ်တုပ်ကျ ရွှဲနစ်နေတာတောင်
လွတ်လွတ်ကျွတ်ကျွတ် ပွင့်ပြလို့မရတဲ့ တနင်္ဂနွေပေါ့။

အပျင်းသန်လွန်းတဲ့အခါ
သူများအိပ်မက်ကို ခြေနဲ့ကန်ထုတ်လိုက်
အပျော်လွန်တဲ့အခါ
သူများခံစားမှုကို ညှော်တိုက်လိုက်ပေါ့။

စိတ်အလိုလိုက်မိတဲ့အခါမျိုး
အလင်းကို အမှောင်နဲ့ ရှို့မိ
အရိပ်ကို အရောင်နဲ့ မြှိုက်မိ
ပစ္စပ္ပုန်ကို အတိတ်နဲ့တို့မိ
နောက်ဆုံး . . . .
ကိုယ့်ခြေလှမ်းတွေကိုတောင်
တံလျပ်နဲ့ စိပ်မိပေါ့။

ဘယ်သူတွေပဲ နားနားနေနေ . . ..
ဘယ်သူတွေပဲ ကျိုးကျိုးကြေကြေ
တနင်္ဂနွေကတော့ . . . .
အချိုးပြေပြေ . . မိုးစွေလို့။

သွေးကြောင်ပြီဆို . . .
ခွေးဟောင်တာတောင်လန့်သတဲ့။
သူများစိတ်၊ သူများအရိပ်ကို တက်ထိုင်ရင်း
သီချင်းတွေကို အော့အန် . . .
တနင်္ဂနွေရဲ့ ဟန်ချက်ဟာ
လေချဉ်လို ဆန်တက်လာပေါ့။

ဘယ်သူတွေ သိသိ မသိသိ
ဘယ်သူတွေ တွေးတွေး မတွေးတွေး
တနင်္ဂနွေကတော့ ရေးတေးတေး . . . ငေးရီ
မထီတရီ ရင်ခုန်သံနဲ့ . . ။

လှေနံဓားထစ်သရုပ်မှန်အတွက်
ခုတ်ရာတစ်လွဲ၊ ပြကွက်များ ကွန့်မြူး
တနင်္ဂနွေရဲ့စိတ်ကူးဟာ
မိုးပေါ်က ချတဲ့ကြိုးလို
တွဲလောင်းခိုကြည့်ချင်စရာ။

တကယ်က
အ၀ိဇာဘ၀ဆိုတာ
အမှောင်ထဲ နှစ်စိမ်ထားတဲ့ညပါ . . .
တနင်္ဂနွေဟာ . . .
ဘယ်သူတွေ ကန့်လန့်တိုက်တိုက်
ဘယ်သူတွေ ဘာပြောပြော
ဗိုက်ထဲမှာ အူဘယ်နှစ်ခွေဆိုတာ သိနေပေါ့။ ။
သျှီသူအောင်


အိပ်မက်
အိပ်မက်မမက်ပဲ
အိပ်ပျော်နေတဲ့အချိန်ဟာ
အချမ်းသာဆုံး အချိန်။
(ကြည်အေး)

ဘာ အိပ်မက်မှ မမက်ခဲ့ပါ
ဒေါ်ကြည်အေး
ကျွန်တော်မှေးကနဲ အိပ်ပျော်သွားချိန်
အခန်းထဲမှာ ပုလင်းကွဲသံ၊ ခုံများလဲသံ
လွယ်အိပ်လွယ်သံ၊ ဦးထုပ်ဆောင်းသံ
တံခါးဖွင့်သံ၊ အင်္ကျီဝတ်သံ
ဖိနပ်စီးသံ၊ ရှပ်တိုက်သံ
ထို့ထက်မက ထိုအသံများရဲ့ အသံကိုပင်
ကင်းလွတ်ခွင့်ရခဲ့ပါတယ် ဒေါ်ကြည်အေး။

သို့သော် ကျွန်တော်နိုးလာခိုက်
ကျွန်တော့် အခန်းတစ်ခုလုံး
ရွေ့ပြောင်းတောင်ယာတစ်ခုလို
နံရံ ပုလင်း ပြတင်း တံခါး
ကြမ်းခင်း ဖိနပ် ဦးထုပ် အင်္ကျီ
ဘာဆိုဘာမှ ရစရာမရှိတော့သလို
အခန်းကိုယ်တိုင် အခန်းထဲတွင်
အခန်းမရှိတော့သဖြင့်
ကျွန်တော်ကိုယ်တိုင် ကျွန်တော်ကိုယ်၌က
ကျွန်တော့်ကိုယ်ထဲတွင် ကျွန်တော်မရှိခဲ့၍
ဘာအိပ်မက်မှ မမက်ခဲ့တာလား
သိပါရစေ ဒေါ်ကြည်အေး။ ။
ဝင်းမြင့်


ရာသီသစ်အတွက်ပြင်ဆင်ခြင်း

သိုးဆောင်း စကားပုံတွေလို
အတွေ့အကြုံက အရင်းအနှီး

ပန်းတွေကို အညွန့်မချိုးနဲ့
ရော့ ငါ့နှလုံးသား
ဘာဘီကျူးလုပ် မြည်းသွား
တစ်စက္ကန့် နှစ်စက္ကန့် သုံးစက္ကန့်
အဲဒီလောက်တောင် အချိန်မပေးချင်ဘူး
မင်းထွက်သွား

ကောင်းကင်ကြီး ကျယ်သလား!
ကျယ်ပေ့စေ
တိမ်မည်းတွေကို သမုဒ္ဒရာအောက်ပို့လိုက်
နောက်ထပ် ဆွဲတင်မယ့်ကြိုးက
တန်ဖိုးထားတတ်တဲ့စိတ်
ဖြစ်ပေ့စေ

ရာသီကြို စစ်ပွဲမှာ
ဒဏ်ရာမရအောင် သတိထား
နားနေတဲ့ငှက်ထက်
ပျံနေတဲ့ငှက်က ပိုအသက်ဝင်တယ်။
စိုးရိမ်


ခေါင်းစဉ်ကိုလိုက်ရှာနေတဲ့ကဗျာ
အရာရာတိုင်းကို
အကောင်းမြင်စိတ်နဲ့တွေးခေါ်ဖို့
ငါ့မှာ အမှောင်တွေပဲရှိတယ်။

လူတစ်ယောက်ဘာကိုမှ
မယုံတော့တာဆန်းသလား။
(အဲဒီလူဟာ ငါမဟုတ်ဘူးလို့်
မသေချာဘူး။)

ဝင်ရိုးစွန်းဒေသ
မီးတောင်ပေါက်ကွဲမှုအတွက်
ဘယ်သူ့မှာတာဝန်ရှိသလဲ။

ရုတ်တရက်ဒုံးပျံကြီးတွေ
ရုတ်တရက်အချစ်စိတ်တွေ
ရုတ်တရက် အနုပညာတွေ
ပြီးတော့
မှတ်ဥာဏ်မှာ တဖျတ်ဖျတ်လက်နေတဲ့
ဟောင်းလောင်းပေါက်တွေ . . . .။

ခေတ်ကိုဒိုးယိုပေါက်
တွေ့မြင်ရဖို့
လင်းနို့တွေကမှ ရေဒါရှိဦးမယ်။

ယနေ့ကမ္ဘာ့ကြီးမှာ
လူပြောများလှတဲ့ကြော်ငြာတစ်ခုက
“စစ်မှန်သောပျော်ရွှင်မှုကို
ငွေနဲ့ဝယ်ယူရရှိနိုင်ပါပြီ”တဲ့ . . .။
ဒါဖြင့် ငါတို့က
ဒင်္ဂါးသံတချွင်ချွင်နဲ့ ကမ္ဘာ့ကြီးထဲ
မမှားသောရှေ့နေတွေ၊
မသေသောဆေးသမားတွေအဖြစ်
မျိုးပွားကြရုံပေါ့။

ပျံလွှားငှက်တစ်ကောင်ထဲနဲ့
နွေဦးမပေါက်နိုင်မှန်း
အခုတော့သိပါပြီ။ ။
ဝေမှူးသွင်