ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

တင်မင်းထက် ၏ ကဗျာများ

Friday, April 19, 2013


ဘူတာရုံမှာ

ရထားကပ်လွတ်သွားတယ်
မကျေမနပ်နဲ့  စာတန်းက
၅ မိနစ်လို့  ပြနေတယ်
နောက်ထပ်ရထားတစီးလာမယ်
ပြီးရင် နောက်ထပ်တစီး
တစီးပြီးတစီး သေသေချာချာ
ရောက်လာကြလိမ့်မယ်
သေချာတယ်ဆိုပေမယ့်
မချင့်မရဲ ရထားလွတ်သွားတယ်

အခွင့်အလမ်းတွေ
ဘဝအဆက်ဆက် လွဲခဲ့
လူ့ ဘဝကို တခါပြန်ရခဲ့
နောက်တခါထပ်လွဲပြန်တယ်
၅ မိနစ် ...
၅ နှစ် ...
၅ ကမ္ဘာ ...
ဘယ်တော့ ပြန်လာမယ်
မသေမချာဆိုပေမယ့်
နှမြောရမှန်းလည်း
... ... ... မသိတယ်

တင်မင်းထက်
၁၂ဝ၈၁၂


ညများ


ငါတို့ စောင့်ခဲ့ကြတယ်
မြစ်တွေခမ်းခြောက်ချိန်ထိ ..
ငါတို့ စောင့်ခဲ့ကြတယ်
ကြယ်တွေကျဆုံးချိန်ထိ ..။

သစ်တောတွေရော နှင်းဆီပန်းတွေပါ
မီးလောင်နေခဲ့ပြီ
ငါတို့ ငိုကြွေးဖို့မေ့လျော့
ငါတို့ စိုက်ပျိုးဖို့မေ့လျော့
ငါတို့ဘာကိုစောင့်ခဲ့ကြတယ် ..
ဆိုတာကိုလည်း .. သတိမရကြတော့။

အမှောင်ထဲကနေ အလင်းကို
အလင်းထဲကနေ အမှောင်ကို
တယောက်မျက်လုံးကို တယောက်
ငါတို့ စိုက်ကြည့်နေကြရင်း
ငါတို့ စောင့်ခဲ့ကြတယ်။

တင်မင်းထက်
၂၉ဝ၅၁ဝ

နေ့များ
ပျံတယ်
အခြားဘာမှ လုပ်စရာမရှိတော့သလိုမျိုး
ဘယ်ဆီဘယ်ဝယ်
ကိုယ်ကိုယ်တိုင်လည်း မသိတော့သည်အထိ။

အမှတ်သည်းခြေကြီးသလောက်
မေ့မေ့ပျောက်ပျောက်။

ထတယ် ထိုင်တယ်
အဝေးပြေးပြီး အမြင့်ပျံတယ်
ငယ်ဘဝကို ပြန်တွေးတယ်
တဟုန်ထိုး ခုန်ချလိုက်တယ်။

ရုပ်ရှင်ဇာတ်ကား ပြီးတဲ့အခါ
ပိတ်ကားပေါ် ဘာတွေကျန်ခဲ့လဲ။

တင်မင်းထက်
၁၁၀၈၁၂



Green Memory (1)

တောင်ငူကန်တင်း

တောင်ပိန္နဲပင်အောက်မှာ
အယ်ဒီတာစားပွဲ၊ ပုံနှိပ်စက်၊ ဖြန့်ချီရေး
ကဗျာမြစ်များ ဆုံဆည်းဝေးကွာ

တင်မင်းထက်
၂၀၀၉

..................................................

Green Memory (2)

အဓိပတိလမ်း

ဖြောင့်စင်းတဲ့လမ်းမရဲ့အဆုံး
ကွေ့ကောက်လှိုင်းထန်ဘဝတွေ
ပြန်လှည့်မရတော့ဘူး

တင်မင်းထက်
၂၀၀၉

..................................................

Green Memory (3)

ဗိုလ်အောင်ကျော်

မြက်ရိုင်းတွေ ဖုံးကွယ်ထားပေမယ့်
သမိုင်းအဖြစ်အပျက်တွေကို
သက်သေ ထွက်ဆိုနေသူ

တင်မင်းထက်
၂၀ဝ၉

..................................................

Green Memory (4)

ယမ်းဘီလူး

နာမည်က ပူလောင်ပေမယ့်
၂ ယောက်ဝေသောက်ခဲ့ နေ့စွဲများ
ခုတိုင် ချိုအေးဆဲပါ

တင်မင်းထက်
၂၀ဝ၉

..................................................

Green Memory (5)

ဩဘာလမ်း

လက်ခုတ်တီးသံ၊ ရယ်မောသံတွေ
သူငယ်ချင်းရေ ဆက်သာလျှောက်
နောက်ပြန်လှည့်လဲ ဒီခရီး

တင်မင်းထက်
၂၀ဝ၉

..................................................

Green Memory (6)

ကံ့ကော်တော

ရနံ့ကောက်သူတွေ မရှိတဲ့
နောက်ထပ်နွေဦးတခုမှာ
မျက်ရည်စိုလို့ ငိုနေကြစဲလား

တင်မင်းထက်
၂ဝဝ၉

..................................................


Green Memory (7)

သစ်ပုတ်ပင်

နှစ်ကာလများစွာက
ရင်ကွဲဒဏ်ရာတွေ သစ်နေဆဲ
သူ့လက်သီးကို ကျစ်ကျစ်ဆုတ်ထားဆဲ

တင်မင်းထက်
၂ဝဝ၉

..................................................

Green Memory (8)

ဘွဲ့နှင်းသဘင်ခန်းမ

သူ့ဆီရောက်အောင်လာခဲ့ပြီးမှ
သူနဲ့ခွဲခွာဖို့ကြိုးစားကြရပြန်တယ်
သံသားတွေ ဓားဖြစ်ဖို့

တင်မင်းထက်
၂ဝဝ၉

..................................................

Green Memory (9)

တံတားဖြူ

ကြည်နူးခြေရာတွေ တွက်ရေရင်း
နာကြည်းဒဏ်ရာတွေ ဆူညံလာခဲ့
မျက်ရည်နဲ့ဆေးလည်း မဖြူ

တင်မင်းထက်
၂ဝဝ၉

..................................................

Green Memory (10)

အင်းလျားအကြော်ဆိုင်

နေ့ဖို့ညစာ ချန်စရာမလို
ဘဝကို ပူပူနွေးနွေး
အချဉ်ရည်လေးနဲ့ မြည်းခဲ့တယ်

တင်မင်းထက်
၂ဝဝ၉

..................................................

Green Memory (11)

အင်းလျား

မြကျွန်းရဲ့ အရိပ်တွေဟာ
တိတ်တိတ်လေး သိမ်းဆည်းထားလေ
နှစ်များစွာ လှိုင်းထလေပါပဲ

တင်မင်းထက်
၂ဝ၁ဝ

.......................................


စောင့်စားသူ


ဤမျှလောက်ရှည်လျားသည့် ခရီးတလျှောက်
ကျင်လည်ကျက်စား ပြေးသွားခဲ့ပြီးနောက်
ဒီနေရာကနေ စောင့်စားခဲ့ပါတယ် ...

တွယ်ငြိတတ်တဲ့ အစေးဓာတ်တို့
ခမ်းခြောက်ကုန်ခမ်းဖို့
ဒီနေရာကနေ စောင့်စားခဲ့ပါတယ် ...

စိမ်းမှောင်ငြိမ်သက်တဲ့ ရေတွင်းထဲကနေ
ဝင်သက်လေကို ခပ်တင်လိုက်တယ်
ရေပြင်မှာ ရေပုံးမှာ ရေငင်ကြိုးမှာ စက်သီးမှာ
စိတ်တို့ မစောင့်ကြိုဘဲ
ရေတွင်းဘောင်ကနေ စောင့်စားခဲ့ပါတယ် ...

ပြာလွင်လွတ်လပ်တဲ့ ကောင်းကင်ထက်သို့
ထွက်သက်လေကို လွှတ်တင်လိုက်တယ်
ရစ်ဘီးမှာ လွှတ်ကြိုးမှာ လေတံခွန်မှာ ကောင်းကင်မှာ
စိတ်တို့ မလိုက်ပါဘဲ
တလင်းစပ်ကနေ စောင့်စားခဲ့ပါတယ် ...

မျိုမတတ်စွဲလမ်းမှုကနေ
ငြိမ်းချမ်းလွတ်ငြိမ်းဖို့
ဒီနေရာကနေ စောင့်စားခဲ့ပါတယ် ...

တင်မင်းထက်
(၂၅.ဝ၆.၁၁)



စကားပင်

သေသွားတဲ့ စကားပင်လေးကို
အဝေးက ငေးကြည့်နေမိတယ်
ကျွန်တော်မမေ့သေးပါဘူး
သူ့ရဲ့ရနံ့လေးတွေနဲ့ မနက်ခင်း
အဖြူတဝက် ခရမ်းတဝက် အပွင့်လေးတွေ
လတ်ဆတ်ဆဲသစ်ရွက်တိုးသံလေးတွေ
ဒါပေမယ့် ဘယ်သစ်ပင် သစ်သီးကရော
တသက်လုံး ဖူးပွင့်နေနိုင်မှာတဲ့လဲ
ကျွန်တော်မရောက်ဖြစ်တဲ့ မနက်ခင်းတခုမှာ
သူသေသွားခဲ့ပါပြီ
ကျွန်တော်တယောက်အတွက်ကတော့
သူသေဆုံးသွားခဲ့ပါပြီ
ကျွန်တော်ရဲ့ ပြတင်းပေါက်တခြမ်းမှာတော့
သူတကယ်သေဆုံးသွားခဲ့ပါပြီ
အခြားကမ္ဘာဘက်ခြမ်းမှာတော့
သူ့အပွင့်လေးတွေ ဝေနေဆဲလား
သူ့သစ်ရွက်လေးတွေ ရီမောနေဆဲလား
တကယ်ကို မသိနိုင်တော့ပါ
ကျွန်တော်လမ်းလျှောက်နိုင်တဲ့ တနေ့ကြရင်တော့
သူ့အနားကို သွားနှုတ်ဆက်ရင်းနဲ့
အေးစက်တဲ့ သူ့ရဲ့ လက်လေးတခက်မှာ
ဆည်းလည်းလေးတလုံး ချိတ်ပေးချင်ပါတယ်

တင်မင်းထက်
ဇူလိုင် ၂၀၁၁




သူရဲကောင်း

တကိုယ်တော် လွတ်မြောက်ရေး
ကလေးတွေ ပညာရေး၊ မိသားစု လုံခြုံရေး
အမျိုးမျိုး အကြောင်းပြချက်တွေနဲ့
သန်းခေါင်စာရင်း အစစ်မခံရတဲ့အရပ်မှာ
အခြေချဖြစ်ပါတယ်

အရိပ်ခိုခဲ့ပါတယ်..
အသီးစားခဲ့ပါတယ်..
ရယူခဲ့တာက အများသား
ပြန်ပေးဆပ်ခဲ့တာက ခပ်ပါးပါး
ဒါပေမဲ့..
အမိမြေကို အကိုင်း မချိုင်ခဲ့ဘူး
အမိမြေကို သင်း မသတ်ခဲ့ဘူး

ဪ..
သူရဲကောင်း ဆိုတာက
ကျွန်တော့်အကြောင်းမဟုတ်ပါဘူး

အချစ်၊ မိသားစု၊ အလင်းရောင်
ဘဝတခုလုံး မြှုပ်နှံ
စစ်၊ ယုံကြည်ချက်၊ အကျဉ်းထောင်
အားလုံးအတွက် အနစ်နာခံ
ပြည်သူချစ်တဲ့ သူရဲကောင်းတွေ
မိခင်ရဲ့ နှောင်ကြိုးကို ဖြေနိုင်ကြစေ

တင်မင်းထက်
ဝ၄.ဝ၆.ဝ၉


ချစ်သူများ

ကိုယ်ကချစ်တဲ့သူ ဘယ်နှစ်ယောက်များရှိမလဲ
ကိုယ့်ကိုချစ်တဲ့သူ ဘယ်နှစ်ယောက်များရှိမလဲ
မညာတမ်းရေတွက်ကြည့်တဲ့အခါ
တစုံတရာဟာ သေချာခဲ့ပါတယ် ...

ပြည်သူကချစ်တဲ့သူ ဘယ်နှစ်ယောက်များရှိမလဲ
ပြည်သူကိုချစ်တဲ့သူ ဘယ်နှစ်ယောက်များရှိမလဲ
ရေတွက်ကြည့်ရဲရင်
တဖက်သတ်အချစ်ကို ငြင်းချက်ထုတ်နိုင်မယ် ...

တင်မင်းထက်
(၁၄.၀၂.၁၂)


အခန်းဆက်

အခန်း (၁)
အသက်ရှူကြပ်လိုက်တာ အမေ
အမှောင်ခေတ်က ရုန်းထွက်ရင်း
အမှောင်ထဲမှာ ပိတ်မိနေရ ..
သား သူငယ်ချင်းတွေ လဲကျသွား
သူတို့ မိသားစုတွေလည်း
မှောင်မိုက်၊ အသက်ရှူကြပ်၊ ကျန်ခဲ့ကြမှာလား
အမေရော ဘယ်လိုကျန်ရစ်ခဲ့မှာလဲ ..

အခန်း (၂)
တကယ်က ..
အမေ့ ယာခင်းလေးနဲ့  အနာဂါတ်တွေ
မီးလောင်ပြာကျ သွားတာပါ။
သားအတွက်နဲ့ တော့
မျက်ရည်ကျမနေပါနဲ့  အမေ
သံဆူးကြိုးနောက်က ဒုက္ဓသည်စခန်းနဲ့ 
သံဆူးကြိုးနောက်က နိုင်ငံ
သိပ်မကွာလှပါဘူး ..

အခန်း (၃၊ ၄၊ ၅ .. ..)
ဟိုးအရင်ကတခါ
အရင်ကတခါ
မကြာသေးခင်ကတခါ
အခု တခါ
နောက်ထပ်ဘယ်နှစ်ခါ ..

တင်မင်းထက်
၂၂၊ ၄၊ ၀၈


ပန်းချီဆရာ


"ဒီလူသေရင်
တက္ကသိုလ်မှာ တစ္ဆေဖြစ်မယ့်လူ" ... တဲ့။

ဒုတိယကမ္ဘာစစ်မီးက
မဖျက်ဆီးနိုင်ခဲ့တဲ့
ကျောင်းရဲ့အလှကို
ပြည် နဲ့ တကောင်းကြားက
တဲတန်းလျားစာသင်ခန်းမှာ
စပြီးငြိခဲ့တယ် ဆိုပါစို့။

တက္ကသိုလ်မြေ တနေရာရာမှာ
ပန်းချီဆွဲနေတဲ့ သူဟာ
ကျောင်းရဲ့ အနုပညာသင်္ကေတ
သူမြင်သမျှ သူခံစားသမျှဟာလည်း
ကျောင်းရဲ့အရိပ်
ကျောင်းရဲ့နမိတ်တွေသာဖြစ်တယ်။

၁၉၆၂
သမဂ္ဂ အဖြိုခံရတော့
တက္ကသိုလ်လည်းနေညို
သူ့ပန်းချီခန်းလည်းပြိုခဲ့တယ်။

ကျောင်းကိုချစ်တဲ့စိတ်ကတော့
မိုးမတိတ်ခဲ့ပါဘူး
အဓိပတိလမ်းတနေရာရာ
ကံ့ကော်ပင်တန်းတနေရာရာ
ပန်းချီဒေါက်တိုင် ထောင်ထားဆဲပါ။

၁၉၇ဝ
တက္ကသိုလ်ရွှေရတုသဘင်
ပန်းချီပြပွဲတင်တော့
သစ်ပုတ်ပင် နဲ့ ပုဂံလမ်း
ဆေး ၁ နဲ့ စိန်ပန်းတွေ
ချစ်ခြင်းတို့ဝေခဲ့တယ်။

၁၉၇၄
ဦးသန့်အရေးအခင်း
သွေးချင်းချင်းတက္ကသိုလ်
သူ ... ငိုခဲ့လေသလား။

တက္ကသိုလ်နေဝင်တော့
သူ့ရင်မှာ ပန်းချီသုဉ်း
ဖုန်းဆိုးမြစ် ဖြစ်ခဲ့တယ်။

သူချစ်တဲ့စုတ်တံတွေကို
အင်းလျားမှာ ရေချခဲ့လေသလား
စကားပင်ခြေမှာ မြုတ်နှံခဲ့လေသလား
နှစ်များစွာလွန်ခဲ့ပြီ။

၁၉၈၈ ...
၁၉၉၁ ...
၁၉၉၆ ...
တက္ကသိုလ်ညနက်နက်တွေကို
သူဘယ်လို ခံစားရလေမလဲ
ဒီမြေမှာ ပန်းချီမရှိတော့။

မျှော်လင့်နေဆဲ ယုံကြည်ဆဲလေ ...
တက္ကသိုလ်မြေ တမိုးသောက်ရမယ်
အလှတရားတို့ ပြန်ရောက်လာရမယ်
တက္ကသိုလ်ရဲ့ တနေရာရာမှာ
ပန်းချီဆရာ ဦးနန်းဝေကို
ပြန်တွေ့ရ ပေလိမ့်မည်။ ။

တင်မင်းထက်
၂၃.ဝ၂.၁ဝ


ကျွန်တော်သည်လည်း ငှက်တစ်ကောင်


ဘဝမှာ ...
သိပ်များများလည်း မလိုချင်တော့ပါ
သီးပင်စားပင်နည်းနည်း
ခပ်ကျဉ်းကျဉ်း ကောင်းကင်တစ
ဝပ်ကျင်းလေးက တခု။

တကိုယ်စာ
ငြိမ်းဖို့ ချမ်းဖို့  အတွက်တောင်
တခါတခါ ပူလောင်ပျံသန်းခဲ့ရ။

ငြိမ်းချမ်းပါစေမြန်မာပြည်ဆိုတဲ့ ငှက်ကလေး
လှောင်အိမ်ကနေလွတ်မြောက်လာတဲ့ ငှက်ကလေး
သံလွင်ခက်နဲ့ စပါးနှံကို သယ်ဆောင်လာတဲ့ ငှက်ကလေး
မိခင်ရဲ့ ကျေးဇူးကို တေးလိုသီဆိုနိုင်ပါစေ။

တင်မင်းထက်
(၁၉ ဇွန် ၂၀၁၂)


tmh is online

ငါတို့မှာ တော်လှန်စရာမရှိတော့တဲ့အခါ
မြွေတကောင်လို အညောင်းပြေအညာပြေဆန့်ထုတ်ရင်း
တပေါက်နှစ်ပေါက် သွေးပူလေ့ကျင့်ခန်းလုပ်နေရ ..
လွန်လေပြီးသောသူတွေ တခါမှ မတခါခဲ့တဲ့အပြစ်တွေကိုလည်း
ငါတို့မှာ ထောက်ထောက်ပြပြနေနေရရ ..
ရဲရင့်ကြ ရဲရင့်ကြ ရဲရဲရင့်ကြ
ဒီလောက်ဒဏ်ရာလေးနဲ့ မျက်နှာမဲ့ရသလား
တဝက်မပြည့်တပြည့်နဲ့ ဝနေတဲ့ကောင်တွေရဲ့ ..
မင်းတို့ကို ဆုံးမဖို့သက်သက် လမ်းပြဖို့သက်သက်
ဆဲနည်းအသစ်အသစ်တွေ ထွင်ထွင်နေရတာ မောတယ် ..
မြို့ထဲမှာ လမ်းလျှောက်ရင်း လမ်းလျှောက်ရင်း
ဖရီးဝိုင်ဖိုင် ရှာရှာနေနေရတာ မောတယ် ..
သွေဖယ်တဲ့လမ်းဆိုရင်တောင် မသွေမဖယ်
ဖောက်ပြန်တဲ့လမ်းဆိုရင်တောင် မဖောက်မပြန်
ဆက်လျှောက်ကြ ဆက်လျှောက်ကြ ဆက်ဆက်လျှောက်ကြ ..
နောက်ဆုံးလက်ကျန်စတားဘာ့ခ်ကို မော့သောက်လိုက်တဲ့
နောက်ဆုံးလက်ကျန်ရဲဘော်ချေဟာ ငါ
ခါးတယ်ထင်ရင်လည်း ထွေးထုတ်ပစ်လိုက် ..

တင်မင်းထက်
ဝ၆ဝ၉၁၂


မပြည့်အိုး

မြေသားဘဝ အသွားအပြန်ခဏ
ကွဲလွယ်ရှလွယ်

သူလိုငါလို အပြောက်အမွန်းမျှသာ
လူးကာလိမ့်ကာ

ရေတဝက်နဲ့  ပဲ့တင်ထပ်ပြ
နာနာကျင်ကျင်

တင်မင်းထက်
၀၈.၀၁.၁၃


ပျော်လို့ ရေးတဲ့ ကဗျာ

ပျော်စရာမကောင်းဘူးလား
မနက်စောစော အိပ်ရာကထ
ပုံစံတကျဇွန်ဘီတွေလို
အိမ်ကတန်းစီထွက်လာကြ။

ပျော်စရာမကောင်းဘူးလား
မီးလန့်ရာကို ပြေးလိုက်နေရတဲ့
မီးသတ်သမားလို တနေ့တာ
ကိုယ့်ဖာသာကိုယ် မီးသတ်သမားလား
မီးသတ်လှေကားလား မီးသတ်ကားလား
မသိတော့တဲ့ အထိ။

ပျော်စရာမကောင်းဘူးလား
ဂိုဒေါင်ငှားစားတဲ့သူလို
ဘဝကို ငှားစားကြ
တနေ့ဘယ်လောက် တလဘယ်လောက်
တဘဝလုံးဘယ်လောက်။

ပျော်စရာမကောင်းဘူးလား
ကိုယ့်မျက်နှာကိုယ် မှန်ထဲပြန်ကြည့်ရင်း
ချစ်ကြည်ညိုစရာကောင်းလွန်းလို့
လက်သီးတွေသာ ပစ်သွင်းလိုက်ရ။

တင်မင်းထက်
ဝ၉.ဝ၁.၁၃


ရေသေ

တခြားသူတွေလိုပါပဲ
ကိုယ့်ဖာသာပြန်တည်ဆောက်ရင်း ပျောက်ဆုံး

ရန်သူနဲ့ မိတ်ဆွေမသဲကွဲတော့တဲ့အခါ
ကျောချင်းကပ်ထားရမှလား ကျောခိုင်းသွားရမှာလား

ပဲ့တင်သံကြားသမျှ လိုက်ပဲ့တင်နေမိတော့
ဆိုစရာသီချင်းသစ်လည်း မရှိတော့

ပျောက်ဆုံးရင်းနောက်တခါ ပြန်တည်ဆောက်
တခြားသူတွေလိုပါပဲ

တင်မင်းထက်
၂၃၀၁၁၃


မျိုးနွယ်စု စစ်ပွဲများ 

တကယ့်လက်တွေ့နဲ့ ကစားပွဲများကြား
အပြန်အလှန်ထွက်ပြေးမိတယ်။

ကမ္ဘာသစ်စတယ်ဆိုတာနဲ့
ရွာသေးသေးလေးကနေ အင်အားစု
ပြီးရင် နယ်မြေချဲ့ရတော့တာပဲ။

ပျင်းရိဖွယ် စောင့်စားခြင်း
စက္ကန့်ပိုင်းအထိတိကျတဲ့ ဆုံးဖြတ်မှု
နယ်မြေအနေအထား အကွာအဝေး
အားလုံးဟာ သူ့နေရာနဲ့သူ။

မျိုးနွယ်စုတွေ ဖွဲ့လိုက်ပျက်လိုက်
ရန်သူနဲ့မိတ်ဆွေ ပြောင်းလွယ်ပျက်လွယ်
ပရိယာယ်နဲ့သစ္စာ ရေလိုက်ငါးလိုက်။

အရိုးရှင်းဆုံး စာလေးတစောင်က
စစ်ပွဲကြီးတခုကိုရှောင်လွှဲနိုင်ကြောင်းလည်း
အသေအချာသိခဲ့ရပါတယ်။

တင်မင်းထက်
ဝ၂ဝ၂၁၃


ဘောလုံးမန်နေဂျာ


တကယ့်လက်တွေ့နဲ့ ကစားပွဲများကြား
အပြန်အလှန်ထွက်ပြေးမိတယ်။

ကိုယ်အားပေးတဲ့ အသင်းကို
မန်နေဂျာလုပ်ခွင့်ရတာကိုက
ကြီးမားတဲ့ ဆွဲဆောင်မှုတခုပါပဲ။

ရှေ့တန်း ၁၁ ယောက်နဲ့ အသင်းဖွဲ့လို့မရသလို
ကံကြမ္မာဆိုတာက ကွင်းတွင်းကွင်းပြင်နေရာတကာ
ဒိုင်ဆိုတာကလည်း မကြာခဏမှားတတ်သေးတယ်။

ဆုဖလားများ
အနိုင်အရှုံးများ
လက်ခုပ်သံများ
တန်းဆင်းတန်းတက်များ။

အဆိုးဆုံးအပိုင်းကတော့
ကိုယ်ကြိုက်တဲ့ ကစားသမားတွေကို
ရောင်းရောင်းစားရတာပဲ။

တင်မင်းထက်
ဝ၃ဝ၂၁၃


ဂေါ်လီခုံ (Pin Ball)


တကယ့်လက်တွေ့နဲ့ ကစားပွဲများကြား
အပြန်အလှန်ထွက်ပြေးမိတယ်။

မီးရောင်စုံတွေ လင်းလို့လက်လို့
ကံကောင်းတဲ့ ထိချက်တိုင်းမှာ
အမှတ်တွေက သံစုံမြည်လို့။

တကယ်တော့
အချိန်ဖြုန်းခြင်းသက်သက်မျှသာ။

တင်မင်းထက်
ဝ၄ဝ၂၁၃


မိုင်းရှင်းသမား


တကယ့်လက်တွေ့နဲ့ ကစားပွဲများအကြား
အပြန်အလှန်ထွက်ပြေးမိတယ်။

၉ဝ ရာခိုင်နှုန်းက
ကျွမ်းကျင်သေချာတဲ့ တွက်ချက်မှု
၁ဝ ရာခိုင်နှုန်းက
ကံကိုသာ လုံးဝပုံထားရ။

တကွက်ပြီးတကွက် ရှင်းလင်းလာခဲ့သမျှ
ရှုံးနိမ့်ဖို့ကြတော့ အမှားတချက်သာ။

တင်မင်းထက်
ဝ၄ဝ၂၁၃


စက်ဘီး စတန့်


တကယ့်လက်တွေ့နဲ့ ကစားပွဲများကြား
အပြန်အလှန်ထွက်ပြေးမိတယ်။

ကွင်းပြင်ကျယ်ထဲမှာ စက်ဘီးစီးရတာလောက်
စိတ်လွတ်လပ်တာရှိဦးမှာလား
တောင်ကမူလေးတွေပေါ် ဆင်းလိုက်တက်လိုက်
ပန်းတွေနဲ့ ရေတွေနဲ့ တိမ်တွေနဲ့။

ကွင်းပတ်မောင်းရတဲ့ ပြိုင်ပွဲတွေလို
ညည်းငွေ့ဖွယ်ရာ မရှိ
လမ်းကြမ်းမောင်း ပြိုင်ပွဲတွေလို
အတိုက်အခိုက်တွေလည်း မရှိ
အပြိုင်အဆိုင် အစွမ်းပြဖို့
ပြိုင်ဖက်တောင်မှ မရှိ။

ဒါနဲ့တောင်မှ
ကိုယ့်ဖာသာကိုယ်ဂျွမ်းထိုးပြနေရတာနဲ့ပဲ
ရှုခင်းတွေလှပခဲ့မှန်းမှ မသိတော့။

တင်မင်းထက်
ဝ၅ဝ၂၁၃


ဧကရာဇ်တို့ရဲ့ ခေတ်


တကယ့်လက်တွေ့နဲ့ ကစားပွဲများကြား
အပြန်အလှန်ထွက်ပြေးမိတယ်။

သစ်တောတွေ အပြိုင်ခုတ်ကြ
ရွှေတွင်းတွေ အပြိုင်တူးကြ
မြို့ပြ အပြိုင်ထူထောင်ကြ
နည်းပညာ အပြိုင်မြှင့်တင်ကြ
တက္ကသိုလ်တွေ အပြိုင်ဆောက်ကြ
ဘုရားကျောင်းတွေ အပြိုင်တည်ကြ။

နောက်ဆုံးကြတော့လည်း
ပြိုင်ဖက်မြို့ပြကို ဖျက်ကြ
ပြိုင်ဖက်ရဲတိုက်ကို ဖြိုကြ
ပြိုင်ဖက်ဘုရင်ကို သတ်ကြ။

စစ်ပြိုင်ကြတယ်ဆိုပေမယ့်
ခေတ်အနိုင်ရဖို့ လိုပါတယ်။

တင်မင်းထက်
ဝ၄ဝ၂၁၃


ရောင်စုံသကြားလုံးများ


တကယ့်လက်တွေ့နဲ့ ကစားပွဲများကြား
အပြန်အလှန်ထွက်ပြေးမိတယ်။

ရောင်စုံသကြားလုံးလေးတွေ ကျလာ
ဘာရောင်ဖြစ်မလဲတော့ ကြိုမသိနိုင်
အရွှေ့အပြောင်းပုစ္ဆာများက တခါတရံသိပ်လွယ်
မဖြေရှင်းနိုင်တဲ့အခါတွေလည်းရှိတယ်။

မပျော်နိုင်တဲ့ ရေခဲများ
မတော်တဆ ဆုကြေးများ
အပြန်အလှန် လက်ဆောင်များ
နယ်မြေသစ်ကိုကူးဖို့ တံတားများ။

သေချာတာတခုကတော့
လက်ထဲမှာရှိတဲ့ သကြားလုံးလေးတွေကို
အမြန်ဆုံးကုန်အောင် သုံးလိုက်ဖို့ပါပဲ။

တင်မင်းထက်
ဝ၂ဝ၂၁၃


ရာသီပျောက်သူ


ပန်းတွေ အစစ်နဲ့ အတုရောလို့ 
ဥသြငှက်ရဲ့ အသံဟာ
မိုးရေတွေနဲ့  ခိုက်ခိုက်တုန်။

တင်မင်းထက်


နောက်ထပ် သကြားလုံး

ဒါပြီးရင် နောက်ထပ်တခု
အကန့်အသတ်တခုခု
အခက်အခဲတခုခု
စွဲဆောင်မှုတခုခု
ပျင်းရိဖွယ်နေ့များမှ ထွက်ပြေးရင်း
ပျင်းရိဖွယ် ချောင်ပိတ်မှုနောက်တခု
သေသေချာချာ လွဲချော်မှုတခု
မရေမရာ အဆင်ပြေမှုတခု
ချိန်းဆိုထားတဲ့ ပျက်ကွက်မှုတခု
ပျော်ရွှင်ဖွယ် တေ့လွဲမှုနောက်တခု
ရင်ခုန်စရာမရှိတဲ့ လွယ်ကူမှုနောက်တခု
ဒါပြီးရင်
ဒါမျိုး နောက်ထပ်တခု။

တင်မင်းထက်
၂ဝ၁၃

စကားစမြည်

တရုံလုံး
အုန်းအုန်းကျွက်ကျွက် ရီမောနေကြတော့
အပေါစားဟာသတွေပါဆိုပြီး
ငါရယ်သွမ်းသွေးမိ။

ငါတို့ ဘဝတွေ
လေးလံလာတဲ့အခါကြတော့
နည်းနည်းပါးပါး ပေါ့ပါးမလားလို့
စကားတွေ
ပေါ့ပေါ့ပါးပါးပြောကြ။

ငါကိုယ်တိုင်လည်း
အပေါစားဟာသတွေပြောမိ
မိတ်ဆွေများ သူငယ်ချင်းများ
ပျော်ရွှင်ပေါ့ပါးကြပါစေ။

တင်မင်းထက်
၂၀၁၃


ကောင်းကင် ပျောက်သူ

ကမ္ဘာကြီးကို မပြောင်းလဲနိုင်တဲ့အခါ
ကိုယ့်ကိုယ်ကိုယ်သာ ပြောင်းလဲလိုက်ကြ
ပင်ဂွင်းတွေ ရေထဲမှာပျံတယ်။

တင်မင်းထက်
၂ဝ၁၃

 အပ်ကွက်

ဂိမ်းထဲမှာ လယ်ဗယ် ၁၈၁
ချောင်ပိတ်မိနေ။

ရုံးမှာ လယ်ဗယ် ၆
ချောင်ပိတ်မိနေ။

ဘာသာရေး လယ်ဗယ်သုည
ချောင်ပိတ်မိနေ။

တင်မင်းထက်
၂၀၁၃


မိုးကြိုတေး

ငါတို့ခေတ်ရဲ့
အချစ်ကဗျာတွေဟာ
ကျည်ဆံရာတွေနဲ့။

နွေနေ့ခင်းရဲ့
ကန်သင်းပျက်တွေပေါ်ကို
မိုးရေစက်လေးကတစက်က
တဟုန်ထိုးခုန်ချလိုက်တယ်။

ငါတို့မှာတော့
ကိုယ့်အနာလေးကိုယ် တသသ
လူမြင်တိုင်း လိုက်လိုက်ပြရတာနဲ့
မောလို့။

ငွေ့ရည်ဖွဲ့ကြ
ငွေ့ရည်ဖွဲ့ကြ
ငါတို့
ငွေ့ရည်ဖွဲ့ကြစို့။

တင်မင်းထက်
၂ဝ၁၃


ခုတလော

သူတို့တွေ
ပါးစပ်အကျယ်ပြိုင်နေကြတာ
အမှတ်တမဲ့ငေးနေရင်း
သန်းဝေလိုက်မိ

အားလုံးရပ်တန့်
မျက်လုံးတွေက စူးစူးရဲရဲ

တကယ်သန်းဝေမိတာပါ
ပြိုင်ပွဲဝင်တာမဟုတ်ပါဘူး
ရှင်းပြမလို့ကြိုးစားနေရင်း
နောက်တခါသန်းဝေလိုက်မိ

မျက်လုံးတွေက ဆူဆူညံညံ
အားလုံး ပြိုင်ပွဲပြန်စ

ပါးစပ်တခုချင်းစီဟာ
နောက်ထပ်ပါးစပ်တခုကလွဲရင်
အရာအားလုံးထက် ကြီးမားကျယ်လောင်

သူတို့ မျက်လုံးတွေထဲမှာ
ကိုယ့်အရိပ်ကို ပြန်မြင်လိုက်ရ

အရေပြားထူထူနဲ့
မျက်လုံးသေးသေးလေးနဲ့
ပါးစပ်ဟပြီး သန်းဝေနေတဲ့
ရေမြင်းတကောင်

တင်မင်းထက်
၂ဝ၁၃

မဖွဲ့ နွဲ့ကြကြေး

ရီဖို့မောဖို့
ဒီလောက်ပြင်းထန်တဲ့စကားလုံးတွေ လိုလို့လား။

ငိုဖို့ကြွေးဖို့
ဒီလောက်သိုင်းဝိုင်းတဲ့ဇာတ်ကွက်တွေ လိုအပ်လား။

အရယ်ရဆုံးပြက်လုံးတွေဟာ
ငါတို့ရဲ့ ဘဝတွေကို
အမှန်အတိုင်းပြန်ပြောပြတာပါ။

အငိုရဆုံးဇာတ်ဆိုတာကလည်း
ငါတို့ရဲ့ အဖြစ်အပျက်တွေကို
အရင်းအတိုင်းဖောက်သည်ချတာပါပဲ။

မီးပေါင်လေး နည်းနည်းလျော့လိုက်
အရောင်လေး နည်းနည်းချလိုက်
ငယ်ငယ်တုန်းကလက်ဖက်ရည်ဆိုင်ကိုပဲ
သတိရမိတော့တယ်။

တင်မင်းထက်
(၂ဝ၁၃)

သတသတ်

စားလို့ရစေ မရစေ
ပျော်လို့ဖြစ်စေ အမုန်းတွေ
သတ်နေကြတဲ့ ကမ္ဘာ

တင်မင်းထက်
(၂ဝ၁၃)


တောင်ပံ တစ်ဖက်

ကျွန်တော့်အဖိုးဟာ
မန်းလေးဘက်က ရွာလေးတရွာမှာ
သူကြီး
စစ်အပြီးမှာ မြို့ လေးကိုတက်လာခဲ့
ကျွန်တော့်ရဲ့ 
အရိုက်အရာ ပျောက်ဆုံးခန်းပေါ့။

အဖေတို့ ခေတ်ကျတော့
သားတွေ ပညာရေးဟာ
ရန်ကုန်ဆိုတဲ့ မြို့ လေးမှာ
အကောင်းဆုံးပါလို့ ယူဆခဲ့။

ကျွန်တော့်အလှည့်ကျ
ဘာအတွက် ညာအတွက်တွေ
မမှတ်မိတော့လောက်အောင်
စင်္ကာပူဆိုတဲ့ ကျွန်းလေးမှာ
ကုတ်ကပ်။

ဒီမနက်
စာမေးပွဲပြီးသွားတဲ့ သမီးက
ပျင်းပျင်းနဲ့  စမ်းလုပ်ကြည့်နေတာတဲ့
တောင်ပံတဖက်ကတော့ လှပစွာ။

တင်မင်းထက်
၁ဝဝ၃၁၃
(ရထားပေါ်မှာ)


နွေဦး

နှစ်များစွာက ပျိုးထားတဲ့
ကိုယ့်ပန်းအိုးလေးမှာ ပန်းတွေဝေလို့
ဒီမနက် ...

ခိုက်ခိုက်တုန်အောင် မှောင်မဲနေတဲ့
နံရံကြားက နေရောင်တစဟာ
သူ့အပေါ်မှာ ဖြာလို့လှလို့
ဒီမနက် ...

ညီမလေးတော့ ပျော်သွားမှာပဲဆိုပြီး
ပန်းအိုးလေးနဲ့ ပြေးထွက်လာမိတယ်
အို ... လမ်းမတခုလုံး လူတွေပြည့်လို့
ပြုံးနေတဲ့ပန်းအိုးလေးတွေ ကိုယ်စီပိုက်လို့
ဒီမနက် ...

ခြံစည်းရိုး ဆူးခက်ဝါတွေလား
ဥယျာဉ်သာနဲ့ ရေကန်ပြာလား
တခုခုကို စိုက်ရပျိုးရတော့မယ့်
ဒီမနက် ..

တင်မင်းထက်
၁၉၊ဝ၃၊၁၂


ကိုယ်နှင့်သက်ကို

သေခြင်းဟာ
ဝေးကွာသလိုနဲ့ နီးလှတယ်။

မသေခြင်းကတော့
ကိုယ့်အတွင်းမှာတဲ့
ဒါပေမဲ့ ဝေးလှတယ်။

ကိုယ်နဲ့သက်ကို
ပူဇော်ပါ၏
နီးခြင်းနဲ့ ဝေး၍
ဝေးခြင်းနဲ့ နီးပါရစေ။

တင်မင်းထက်
၃၁.ဝ၅.၁၁



ကားမှတ်တိုင်

နောက်ထပ် ကားတစီးရောက်လာတယ်
မရင်းနှီးတဲ့လူတွေကို ထားခဲ့ပြီး
ပြန်ထွက်သွားတယ်
ဓာတ်တိုင်ရဲ့ အရိပ်မှာခိုကပ်ပြီး
ရပ်နေခဲ့တာ
ဘယ်လောက်ကြာပြီလဲလို့ မမှတ်မိတော့ဘူး
အနက်ရောင်ထီးတွေ
ခါတိုင်းထက်ပူတဲ့ နေရောင်မှာ
ကူးခတ်နေကြ
ဒီအချိန်ဆို အိမ်ကထွက်လာပြီ
ဒီအချိန်ဆို ကားပေါ်ရောက်နေပြီ
အဲဒီလို အတွေးတွေတောင်မှ
ညောင်းညာနေကြပြီ
အကြည့်ကို ခါချလိုက်တယ်
ငှက်တကောင်မှ မရှိတဲ့ကောင်းကင်
တိမ်တစတောင် မပျံတဲ့ကောင်းကင်
စကားသံတွေ သိပ်ဆူတယ်
မျက်နှာတွေက ငြီးငွေ့စေတယ်
ဘတ်(စ်)ကားမှတ်တိုင်ဆိုတာကလည်း
သက်တောင့်သက်သာ မရှိဘူး
နာရီကို ချွတ်လိုက်ပြီး
အင်္ကျီအိတ်ထဲထည့်လိုက်တယ်
ဒီနေ့ကို လွှင့်ပြစ်လိုက်ပြီးမှ
နောက်ထပ်ကားတစီး ရောက်လာတယ်
ဟိုဟိုဒီဒီ ရှာနေတဲ့
မျက်လုံးလေးတစုံကို ကောက်ရတယ်
ကြည်လင်နူးညံ့တဲ့အကြည့်
အနားကိုလှမ်းလာတဲ့
ခြေလှမ်းလေးတွေမှာ
ပန်းလေးလို တဖြည်းဖြည်းပွင့်လာတဲ့
ဂီတသံကိုကြားရတယ်။

တင်မင်းထက်
၁ဝ.၃.၉၅


သင်္ဘောကျင်း

ပင်လယ်ကူးသင်္ဘောကြီးတွေကို
ငါးနှစ်တကြိမ် လွန်းတင်စစ်ဆေးသလိုမျိုး
ငါ့စိတ်ကို ပြန်ကြည့် ကြည့်ချင်တယ်
လှိုင်းဒဏ်ခံနိုင်အောင် အားဖြည့်ပြုပြင်ရင်း
ဆေးရောင်လှလှလေးလည်း ပြန်သုတ်ရင်းပေါ့ ...

တင်မင်းထက်
ဝ၇.ဝ၇.၁ဝ

(  တင်မင်းထက်ရေ ...ငါက ဒီကဗျာဖတ်မိတော့ ဘာလို့ မှန်းမသိ မိုးကျော်သူကို သွားသတိရတယ် .. မျက်ရည်ကျအောင် သူငယ်ချင်းတွေကို စတတ်တဲ့ကောင် .. ဆေးရောင်လှလှလေး ပြန်သုတ်ခွင့် ရမသွားရှာဘူး ... )

မိုးတိမ်တမန်

မိုးစက်တွေကို အမြန်ထုပ်ပိုးပြီး
သင့်ခရီးကိုစပါတော့ အဆွေမိုးတိမ်
အလျင်လိုချိန်မှာရောက်မလာတတ်တဲ့ ရထားလို
ဒီနှစ်မှာ မုတ်သုန်နောက်ကျခဲ့ပြီ ...

ပက်ကြားအက်နေတဲ့လျှာတွေက
သင့်နာမည်ကိုရွတ်ဆို
သစ်ကိုင်းခြောက်လက်တွေကိုဆန့်တန်းလို့
သင်ချစ်တဲ့သူတွေကြိုနေကြတယ် ...

နေ့ဘက်မှာလိုတာထက်ပိုလင်းပြီး
ညဘက်မှာလိုတာထက်ပိုမှောင်လို့
သင့်ကိုချစ်သူတွေငိုနေကြပြီ ...

ရေ ပေးပါ ... တဲ့
ရေငန်ပေါက်နေတဲ့ ကန်ပျက်တွေကပြောတယ်
ရေ ပေးပါ ... တဲ့
ပဲခူးက ရိုးခြောက်ကွင်းတွေကပြောတယ်
ရေ ပေးပါ ... တဲ့
အညာဒေသရဲ့ တောင်ကတုံးလေးကပြောတယ်
ရေ ပေးပါ ... တဲ့
အင်းလေးလွင်ပြင်ဖြစ်မှာကြောက်နေရှာတဲ့
အင်းလေးကန်ကြီးကပြောတယ် ...

ဒီရာသီအတွက် သင်စုဆောင်းထားတဲ့
ဝန်စည်ရိက္ခာတွေ မလုံလောက်မှာစိုးလို့
သင့်မိတ်ဆွေတွေရဲ့ ချွေးစက်လေးတွေကို
စုပေါင်းပြီး ထည့်ပေးလိုက်ချင်ပါတယ် ...

အဝေးကသားသမီးတွေရဲ့ သတင်းစကားတွေကိုလည်း
သူတို့ရဲ့အမေတွေနဲ့ သူတို့အားလုံးရဲ့အမေအတွက်
သယ်ဆောင်သွားပေးပါလား အဆွေမိုးတိမ် ...

အရင်ကဆို
သင်ချစ်တဲ့ ရိုးမတောင်တန်းကြီးတွေမှာ
သစ်တောတွေ စိမ်းစိမ်းစိုနေတာတွေ့ရင်
ဝမ်းသာလွန်းလို့ သင်ငိုခဲ့ရတယ်
သင်ငိုလို့လည်း သူတို့စိမ်းစိုခဲ့တယ် ...

ခုတော့
ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ပေစာထုပ်တွေလို
ခြောက်သွေ့ညိုမောင်း တောင်တန်းတွေကို
လောဘကြောင့် အကြောက်တရားကြောင့် တူးဆွထားတဲ့
ပိုးထိုးပေါက်တွေ ဗလပွနဲ့ မြင်ရရင်
သင်ငိုမိပေဦးမယ် ...

ဒါပေမဲ့ ငိုသာ ငိုပါ အဆွေမိုးတိမ်
တချိန်မှာ တောင်တန်းတွေနိုးထနိုင်ဖို့
သင်ငိုဖို့လိုပါတယ် ...

တရပ်တပါးကို သူရင်းငှားလိုက်ရတော့မှာမို့
ရေလှိုင်းသံ ခိုးခိုးခစ်ခစ်လေးတွေတိတ်ဆိတ်
ကြိတ်ငိုနေရှာတဲ့ ဧရာဝတီကိုလည်း
သင့်မိုးစက်လေးတွေနဲ့ ထွေးပွေ့ယုယလိုက်ပါဦး
အဆွေမိုးတိမ် ...

နှစ်ပေါင်းရာချီ စောင့်ထိန်းခဲ့တဲ့
ဣနြေ္ဒပျက်ယွင်းခဲ့ရသူ ပုဂံမြို့ကိုလည်း
သူ့အပြစ် တစုံတရာမရှိတဲ့အတွက်
မျက်နှာကိုမော့ထားဖို့ ပြောပေးပါ
အဆွေမိုးတိမ် ...

ခြောက်သွေ့တဲ့မြေသားကို ထွန်ရေးလှအောင်ပြင်ရင်း
သင့်အရိပ်အယောင်လေးများ မြင်ရမလားမလို့
ကောင်းကင်ကိုငေးနေသူတွေအတွက်
ပြုံးပျော်နေတဲ့ မိုးစက်တွေပေးလိုက်ပါ ...

အင်းလျားရေပြင်အောက်မှာ
သိမ်းထားတဲ့ကံကော်တွေကိုရေတွက်ရင်း
ငိုကြွေးနေတဲ့ မိုးတွေရွာလိုက်ပါ ...

အင်းလျားကန်စပ်တနေရာမှာ
တည်ငြိမ်ရဲရင့်တဲ့အိမ်အိုကြီးတလုံးကိုတွေ့ရင်
သူ့ကို ချစ်ခင်ယုံကြည်နေဆဲပဲဆိုတာကိုလည်း
ပြောပြလိုက်ပါ အဆွေမိုးတိမ် ...

ကြိုးပြတ်သွားတဲ့ ပုလဲကုံးလို
ကမ္ဘာ့ဒေါင့်တနေရာစီရောက်နေကြတဲ့
သားသမီးတွေရဲ့လက်ဆောင်
ကန္တာရရဲ့ နှင်းစက်
သမုဒ္ဒရာရဲ့ ဝဲဂယက်
တောင်ပေါ်စမ်းချောင်းလေးတစင်းနဲ့
သွေး ချွေး မျက်ရည်စက်တွေကို
မိုးစက်တွေအဖြစ် ရွာသွန်းဖြိုးပေးပါတော့
အဆွေမိုးတိမ် ...

တင်မင်းထက်
ဇွန်၊ ၂ဝ၁ဝ

အသစ်

အိပ်ယာဟောင်း တခုကနေ နိုးထပြီး
ဒီနေ့ထုတ် သတင်းစာဟောင်းတစောင်ကိုဖွင့်
သတင်းဟောင်းတွေ ဖတ်နေမိတယ်။

ငါတို့ ဆန်းသစ်ရမယ်ဆိုတဲ့
စိတ်ကူးဟောင်းဟောင်းကို ရွတ်ဆိုရင်း
သွားနေကျလမ်းကိုလျှောက်
ကျင့်သားကျအလုပ်တွေလုပ်တယ်။

"သိပ်ဟောင်းတဲ့ကောင်းကင်ပဲ
မင့်အောက်မှာ ပန်းသစ်တို့မပွင့်နိုင်" ဆိုတဲ့
ခေါက်ရိုးကျိုး စကားတွေနဲ့
ကျိန်ဆဲလိုက်သေးတယ်။

အင်တာနက်ဆိုတာကတော့
မဆုံးနိုင်တဲ့ တီထွင်မှုတခုပဲ
ရင်းနှီးပြီးသားနေရာတွေကို
ရောက်ရောက်နေတာကလွဲရင်ပေါ့။

မော်ဒယ်ဟောင်းရဲ့ စာမျက်နှာကိုပိတ်ပစ်ပြီး
မော်ဒယ်သစ်လေးကို ငေးနေမိတယ်
ငါ သစ်နိုင်တာက ဒါပဲရှိတာကိုး။

တင်မင်းထက်
ဝ၃ဝ၆၁ဝ


မီးခိုးရောင်

၅ နာရီ ၂ဝ အိပ်ရာထ
တလောကလုံး မီးခိုးရောင် ...

မီးခိုးရောင် မိုးရေထဲ ဖြတ်ပြေးသွား
မီးခိုးရောင် ဘူတာလေးဆီ ...

တကယ့်တကယ်ဆို
အနီရောင် ကောင်းကင်ကို
အပြာရောင် ပြန်သုတ်ပေးချင်သူပါ ...

တကယ့်တကယ်ဆို
အစိမ်းရောင် စစ်စစ်တွေသာ
စိုက်ပျိုးပေးခဲ့ချင်ပါတယ် ...

တကယ့်တကယ်ဆို
ကလေးလေးတွေအတွက်
အဖြူရောင် ခံတပ်တွေဆောက်ချင်တယ် ...

တကယ့်တကယ်ဆို
အဝါရောင် သစ္စာပန်းတွေက
ထွန်းလင်းတောက်ပဆဲပါ ...

ရောင်စုံအိပ်မက် နည်းနည်းကို
အံဆွဲထဲ ထည့်သိမ်းထားရင်း
မီးခိုးရောင် စားပွဲမှာတနေ့တာ
မီးခိုးရောင် ညနေတခုကို စောင့်စားရင်းလေ ...

တင်မင်းထက်
၁၇.ဝ၂.၁ဝ

Idea Magazine 2010 April



 စင်္ကာပူမှာလုပ်သည်

အလကားဝေတဲ့ သတင်းစာကို
ရထားအလွတ်ခံပြီး တန်းစီလိုက်တယ်။

ကြော်ငြာများတယ် သတင်းရှားတယ်
အားလုံးကို လျှော့ဈေးနဲ့ရောင်းမယ် ... တဲ့။

ဒီနှစ်မှာ အမြတ်စံချိန်တင်မယ်ဆိုတဲ့ ရထားတွေကျပ်တာ
နိုင်ငံခြားသားအလုပ်သမားတွေကြောင့် ... တဲ့။

တရုတ်လုပ် ဘရန်းဒတ်အတုတွေကို ဖမ်းလိုက်တာ
တရုတ်ထုတ် ဘရန်းဒတ်အစစ်တွေကို ကာကွယ်ဖို့ ... တဲ့။

အရင်တပတ်ကနိုင်လို့ ချန်ပီယံဖြစ်မယ်ဆိုတဲ့အသင်း
မနေ့ကရှုံးတော့ ရာသီကုန်အတန်းဆင်းရမယ် ... တဲ့။

ကာဆီနိုအသစ်ကြီးမှာ ဒါလီရဲ့အနုပညာရှိတယ်
ခြေတန်ရှည်ဆင်ရုပ်ဟာ ခွန်အားနဲ့နည်းပညာ ... တဲ့။

ဒီကဗျာခေါင်းစဉ်ကို မြင်ဖူးသလိုများဖြစ်နေသလား
စင်္ကာပူမှာ ဒါမျိုးတွေရိုးနေပြီ ... တဲ့။

တင်မင်းထက်
ဝ၉.ဝ၃.၁ဝ


ရီရတဲ့ ကဗျာ

ပေါက်ကွဲတယ်၊ ဖောက်ခွဲမယ်
ဗန်းစကားတွေလည်း ဆန်းပြားတယ်။

ခေတ်အပျက်ကြီးက "ဟ" ပေးထားတဲ့
ထွက်ပေါက်တွေကနေ ပေါက်ထွက်လာပြီး
သီဟိုဠ်သရက်လို သီးပြလိုက်သေးတယ်
ပွင့်လင်း လွတ်လပ်လှချည်ရဲ့။

တင်မင်းထက်
၁၈.ဝ၂.၁ဝ


အိမ်မပြန်

တချိန်မှာ ရေကိုဆန်ကြမယ်တဲ့
ပင်လယ်ကို ထွက်ခဲ့ကြ
ပျော်ပါး မက်မပြေ ရေငန်မှာ
ဆယ်လ်မွန်တွေ အိမ်ပြန်ခက်ခဲ့ပြီ။

တင်မင်းထက်
(ဝ၅.ဝ၁.၂ဝ၁ဝ)


အကောင်းမြင်သမား

တရားမျှတပါတယ် ..
ပါးစပ်နဲ့ကလောင်နဲ့ တိုက်ခိုက်ခံရမှတော့
သေနတ်နဲ့ထောင်နဲ့ ခုခံရတော့မှာပေါ့

မုဒိတာပွားကြပါ ..
ကမ္ဘာ့အမြင့်ဆုံး စာရင်းဝင်သွားတဲ့
စွန့်ဦးတီထွင် တောင်တန်းကြီးတွေအတွက်
(သူတို့ကိုဖို့ဘို့ အလိုမတူဘဲ တူးဆွခံလိုက်ရတဲ့
ကျင်းတွေ ချိုင့်တွေအကြောင်းတော့ မပြောကြကြေး)

ခွင့်လွှတ်ခဲ့ကြပါ ..
မနေ့က မိတ်ကပ်အဖွေးသားနဲ့ သတင်းမင်းသား
ဒီကနေ့ မုတ်ဆိတ်အဖွေးသားနဲ့ ဘိုးတော်နင်းပြား

သည်းခံစောင့်စားပါ ..
မနက်ဖြန်၊ သဘက်ခါ၊ ဖိန်းနွဲခါ
ခရစ်သက္ကရာဇ် ၂ဝ၁ဝ ဆက်ဆက်ရောက်လာပါတော့မယ်
မြန်မာသက္ကရာဇ် ၂ဝ၁ဝ ကတော့ နည်းနည်းလိုပါသေးတယ်

တင်မင်းထက်
၃၁ ဒီဇင်ဘာ ၂ဝဝ၉


သိုက်

သိုက်ကလာတဲ့ကလေးတွေဟာ
ရုပ်ရည်လှပ၊လာဘ်ကလည်းရွှင်
လူချစ်ခင်ကြသတဲ့...။

တာမွေမှာမွေးပြီး
လျှာလေးနည်းနည်းရှည်တဲ့သမီးက
ငှက်သိုက်ကလာတာဖြစ်မယ်
တချိန်လုံးပိကျိပိကျိနဲ့ပါပဲ။

ကျောက်ကုန်းမှာဖွားလို့
မျောက်ရှုံးအောင်ကစားတဲ့သားက
ကြွက်သိုက်ကလာတာထင်တယ်
တအိမ်လုံးရှုပ်ပွနေတော့တာပဲ။

အပျော်လွန်လို့ငိုလိုက်ကြ
အငိုလွန်လို့ရီလိုက်ရနဲ့
မိသားစုအသိုက်လေးမှာ
ရွှေမန်ကျီးသီးတောင့်တွေမလိုပါ။

တင်မင်းထက်
ဒီဇင်ဘာ၂ဝဝ၉





အင်းလျားအကြော်ဆိုင်နေ့ဖို့ညစာ ချန်စရာမလိုဘဝကို ပူပူနွေးနွေးအချဉ်ရည်လေးနဲ့မြည်းခဲ့တယ်တင်မင်းထက်၂ဝဝ၉



မရီရတဲ့ကဗျာ

အမြစ်ကိုထိလို့မှမနာတတ်ရင်
အသီးအကြောင်းမပြောကြကြေး။

ကြက်သွန်တွေနာတတ်သလားဆိုပြီး
တလွှာချင်းခွာကြည့်မိတယ်
သူတို့ကတော့ဗလာ
ကိုယ့်မှာသာမျက်ရည်တွေကျလို့ ...။

တင်မင်းထက်
၁၆.၁၂.ဝ၉


လွတ်မြောက်ရာ

ဦးတည်ရာမဲ့... မီးရထား
မြင်နေကျရှုခင်း
တဝက်စိမ်းလယ်ကွင်းများနဲ့
စဉ်ဆက်မပြတ်တောင်တန်းတွေ ...။

နရီကိုက်... ရွေ့လျားမှုက
လွတ်မြောက်ချင်လှပြီ...။

နေကြာရိုင်းတွေက
စနက်တံထင်တယ်
ဆံဖျားထိလောင်ကျွမ်းနေပေါ့...။

နောက်ဆုံးတော့
သည်းခံခြင်းအငွေ့ပျံ
ကောင်းကင်အောက်ကရုန်းထွက်
စည်းရိုးကိုချိုးဖျက်
ငါ့မြင်းကို
မင်းဆီစိုင်းခဲ့ပြီ...။

တင်မင်းထက်
(ဝိညာဉ်ပြာတို့မိုးကောင်းကင်၊ ၁၉၉၂)

မေးခွန်းနံပါတ်၁ဝ

သူသည်...
(က) ကျွန်တော်၏ပျောက်ဆုံးနေသော ခန္ဓာကိုယ်တခြမ်း။
(ခ)  ကျွန်တော်၏ နှလုံးသားနှင့် အနီးဆုံးနေရာမှ နံရိုးတချောင်း။
(ဂ)  ကျွန်တော့်နှဖူးတွင် နတ်တို့ရေးထားသော အမည်နာမ၏ပိုင်ရှင်။
(ဃ) ကျွန်တော့်ကိုစူးဝင်နေသည့် ရွှေစင်မြား၏ လေးညှို့ရှင်။
(င)  အထက်ပါ အချက်များ တခုမှ မမှန်ပါ။

မည်သည့်အဖြေကိုရွေးချယ်သည်ဖြစ်စေ -
သူသည်...
သူဖြစ်နေခြင်းကပင်
ကျွန်တော့်အတွက်ပြည့်စုံလှပနေပါသည်။

တင်မင်းထက်
(၁၄.၁၁.၂ဝဝ၉ဆယ်နှစ်ပြည့် မင်္ဂလာ)


ကဗျာ

ကဗျာကြီးကြီးရေးဖို့
ကမ္ဘာကြီးပါရမှာလား။

ဆင်ကြီးကိုဂဠုန်ချီတဲ့
ကမ္ဘာကြီးကိုငါမချီနိုင်ဘူးကွယ့်။

ကမ်းခြေမှာကောက်ရခဲ့တဲ့
ပေါက်စနကဗျာလေးပါ
တက်မနင်းကြပါနဲ့။

တင်မင်းထက်
ဝ၉.၁ဝ.ဝ၉


ရပ်တန့်နေသောနေ့စွဲများ

ငယ်ငယ်တုန်းကမုန့်တွေကပိုချိုတယ်
အချိန်တွေကလည်းပိုကြာတယ်
စာသင်နှစ်တနှစ် တနှစ် ဆိုရင်
မပြီးဆုံးတော့ဘူးထင်ရလောက်အောင်ကြာတယ်
နွေကျောင်းပိတ်ရက်တွေကလည်း
စာတွေအားလုံးပြန်မေ့သွားတဲ့အထိကြာတယ်။

ခုတော့
ဆံပင်တွေရှည်လာမှ
တလကုန်မှန်းသိတော့တယ်။

ခု ဒီဇင်ဘာထွက်ရင်
နောက်ဒီဇင်ဘာ လူစားဝင်မယ်တဲ့
ကစားပွဲကရပ်လို့မရဘူးလေ။

မက်တဲ့အိပ်မက်အလိုက်
ညတာ ရှည်လိုက်တိုလိုက်ပါပဲ။

လေထဲမှာချိတ်ဆွဲထားတဲ့ပန်းဆိုင်းလေးတွေလို
ရပ်တန့်ငြိမ်သက်စွာအမြဲမွှေးမြနေတာကတော့
သူနဲ့ကျွန်တော်ရဲ့မြကျွန်းသာနေ့စွဲများ ...။

တင်မင်းထက်
၂ဝဝ၉



မြန်မာများအတွက်မြန်မာ

သမီးရေ...
တီဗွီပဲကြည့်မနေနဲ့
စာလဲကျက်ဦး...

သမီးရေ...
ထမင်းချည်းစားနေရင်
ဘယ်အားရှိပါ့မလဲ...

သားရေ...
ခဲတံနဲ့လျှောက်ခြစ်ရင်
နံရံတွေညစ်ကုန်မှာပေါ့...

သမီးရေ...
သားရေ...
...... ... ... ...

အဲဒီလိုဆိုရင်းပြောရင်း
နာဂစ်ရဲ့ကလေးလေးတွေ
ပြန်မြင်ယောင်လာ...

ဘယ်မှာလဲသူ့ညစာ
ဘယ်မှာလဲသူ့အမိုးအကာ
ဘယ်မှာလဲသူ့သင်ခန်းစာ

ငါ့သမီးငါ့သား
ငါ့အရေးပဲ
ငါတွေးနေမိသလား...

ပြုံးပျော်နိုင်တဲ့ဘဝတွေများစေဖို့
တို့စွမ်းသမျှဆောင်ကြစို့...

တင်မင်းထက်
ဝ၅ဝ၈ဝ၈


ငါး

ပင်လယ်ပြင်ကိုငေးကြည့်နေမိတဲ့တနေ့
ငါးလေးတကောင်အနားမှာလာထိုင်ပြီး သူ့အကြောင်းပြောပြခဲ့တယ်
ရေကူးဝါသနာဆိုတာမသိဘူးတသက်လုံးကူးခတ်ခဲ့ရတယ် .. တဲ့
နီးကပ်တယ်ထင်ရတဲ့လရိပ်ဟာလည်း ဝေးတာပါပဲ .. တဲ့
တည်ငြိမ်တဲ့ရေပြင်အောက်မှာလည်းဝဲဂယက်တွေရှိတယ် .. တဲ့
နောက်ဆုံးတော့
ရေထဲကသူ့မျက်ရည်ကို ဘယ်သူမှ မမြင်နိုင်ပါဘူး .. ဆိုပြီး
အဝေးကြီးကိုထွက်သွားတယ်ဘယ်တော့မှပြန်မလာတော့ဘူး
ရေမကူးတတ်ပေမယ့်ငါလည်း ငါးတကောင်ပါပဲ ဆိုတဲ့အကြောင်း
ပုလင်းလွတ်တလုံးထဲထည့်မျှောလိုက်တယ် သူဖတ်ရမှာပါ။

တင်မင်းထက်


မြား

ချစ်ဆိပ်ရည်သုတ်လူးထားတဲ့
စူးရှတဲ့မြားကိုသိမ်းလေ
ရွှေတောင်ပံတွေအနားပေး
ငြိမ်ငြိမ်လေးထိုင်နေပါလား
အဆွေ... မြားနတ်မောင်။

ပြေမယောင်ကွေးမယောင်
ညိုမှောင်တဲ့မျက်ခုံးနဲ့လေးတင်
ညှို့ငင်တဲ့မျက်ဝန်းအပစ်
စူးနစ်ခဲ့ရနှစ်ပေါင်းတရာ။

တင်မင်းထက်
၂၈.ဝ၈.ဝ၉

(ချစ်ဇနီးသို့...)


ကမ်းခြေ

ရေပန်းဆိုတာကိုစမြင်ဖူးတော့
မှင်သက်ငေးမောနေမိ
ရေမှုန်စိန်စလင်းလက်တဲ့
ငယ်ဘဝရဲ့ပွဲတော်ညတခုမှာ။

ပင်လယ်ကိုရောက်ခဲ့တာလား
နယ်မြေသစ်မတွေ့ခဲ့ပေမယ့်
ငါးမန်းတွေဘာတွေနဲ့တွေ့ခဲ့
ကမ်းဝေးတဲ့နေ့တွေ။

လက်ယက်သဲတွင်းလေးဘေးမှာ
ရေကြည်အေးမြ
အနည်ကျအောင်စောင့်ပြီး
သူ့ကိုတိုက်ချင်ပါသေးတယ်။

တင်မင်းထက်
(၂၂.ဝ၇.ဝ၉)

၂၁

ဆိုဗီယက်ဟာသတပုဒ်ကို
ဖြတ်ညှပ်ကပ်လိုက်တော့
မြန်မာ့ရိုးရာဟာသဖြစ်သွားတယ်
မရီရပါဘူး...။

အာဖရိကခေတ်ပေါ်ပန်းချီထဲမှာ
ငါ့ကိုယ်ငါပြန်တွေ့တယ်
သူငယ်ချင်းများစွာနဲ့...။

မြောက်ကိုရီးယားကျောင်းသားလေးသာ
ငါ့သူငယ်ချင်းကဗျာဖတ်ရရင်
မျက်ရည်ကျရှာမယ်...။

နောင်လာမယ့်၂၁ နှစ်မှာ
ဒီသီချင်းတွေနောက်တခါပြန်ဖွင့်ရင်
ငါတို့ကိုခွင့်မလွှတ်ပါနဲ့ ...။   ။

တင်မင်းထက်
(၆.၈.ဝ၉)

ကမ္ဘာနှစ်ခု

နယ်နှင်ဒဏ်ခံစံပယ်ခင်း
လမ်းပျောက်နေတဲ့လေညင်းကလေး
တိတ်ဆိတ်ကြေကွဲကြယ်စင်များ
ဖုန်းဆိုးရင်ခွင်ပက်ကြားအက်။

ကြီးမြတ်တဲ့ရူးသွပ်မှုနဲ့
မျှော်လင့်စိတ်ကူးများတောက်ပ
ငါ့ဝိညာဉ်ရဲ့မိုးကုတ်စက်ဝိုင်းတလျှောက်။

တင်မင်းထက်

(တမိုးထဲအောက်မှာ၊၁၉၉၄)

စိတ်ကျအိပ်မက်

အိပ်မက်မှန်းသိရက်နဲ့
ဆက်မက်ရတဲ့အိပ်မက် ..

ငါ့အိပ်မက်ကနေ
သူ့အိပ်မက်ကိုလှမ်းမျှော်ကြည့်မိတော့
မှုန်ရီမှိုင်းပြရေးရေးသာ..

ငါ မသိတဲ့အရောင်တခုဆီ
ငါ့ စိတ်တွေပျံ့လွင့်လွန်းလို့
တိမ်တွေနဲ့ကျောက်ချထားရတယ် ..

အိပ်မက်ထဲမှာအိပ်မက်ထပ်မက်နေရ
တခါတလေတော့ခါးတယ် ..

တင်မင်းထက်

(၁၀ နှစ်ကျော်ကကဗျာကို ပြန်ပြင်ထားတာပါ။)



ဒုတိယတန်းစား

ကျွန်တော့် ရင်အုံလှောင်ချိုင့်မှာ
ခြင်္သေ့တစ်ကောင် ရှိပါတယ်။
သူက...
ကျွန်တော့် စကားနွမ်းတွေကို
မစားသုံးချင်ဘူးတဲ့။
ကောင်းကင်ရဲ့အောက်မှာ
လတ်ဆတ်တာ ဘာမှမရှိဘူးလို့
ဖြောင့်ဖျတာတောင်မှ
သူက...မကျေနပ်နိုင်ဘူး။
ကျွန်တော့်ကို တစ်ချိန်လုံးကုတ်ခြစ်ကာ
ဟိန်းဟောက်လိုက်၊ တောင်းပန်လိုက်နဲ့ပါပဲ...။
ကဲ...
မီးတောင်လို ပေါက်ကွဲလို့
သူ လွတ်လာပြီဆိုပါစို့...။
ဘယ်မှာလဲ...သူ့ကောင်းကင်
ဘယ်မှာလဲ...သူ့လွင်ပြင်။
သူက အရိုင်းဆန်တယ်
ကျွန်တော့်လို လိုက်လျောညီထွေ မနေတတ်ဘူး၊
ဆင်ခြေဖုံးရပ်ကွက်က ထပ်ခိုးလေးတစ်ခုတောင်
သူ ခိုလှုံဖို့ ရမှာမဟုတ်ဘူး။
ကျွန်တော့်လို ဒုတိယတန်းစားတွေနဲ့
မပတ်သက်ချင်ပါဘူးလို့ သူဘယ်လောက်ပြောပြော
သူ့ထွက်ပေါက်ကို ပိတ်ထားရမှာပဲ။
နာကျင်၊ မောပန်း၊ လေးလံ
အာရုံတွေ ကန်းခဲ့ပြီ...။
ပျံသန်းနေတဲ့ တိမ်တိုက်တွေမြင်ရင်တောင်
အားကျရမှန်းမှ မသိ
ထုံပေပေစိတ်နဲ့သာ ကြည့်နေမိတော့တယ်...။


ခုနေများ၊ တန်ခိုးရှင်တစ်ပါးက
"ပျော်စေသတည်း" .. လို့ ကောင်းချီးပေးရင်တောင်
နှစ်များစွာက အေးခဲခဲ့တဲ့ မျက်ရည်တွေသာ
ပျော်ကျလာမယ် ထင်ပါရဲ့...။ ။

တင်မင်းထက်
(တစ်မိုးထဲအောက်မှာ၊ ၁၉၉၄ ဇန်န၀ါရီ)

( this is the poem I like best when I was in YU ) :)

အေးစက်စက် မီးလျှံ

မရွာဖြစ်သေးတဲ့ မိုးရေတွေ
လေးလံနေတဲ့ ငါ့ကောင်းကင်
တိမ်တိုက်တွေ အထပ်ထပ်။

ငါ့ရဲ့ အခွံသက်သက်မီးအိမ်မှာ
ထွန်းညှိမယ့် ပန်းတစ်ပွင့်
မင်းမဖြစ်သေးသမျှ
အထီးကျန် ဆန်နေရဦးမယ်။

... ... ဆန်းကြယ်စွာ
(ဒါမှမဟုတ်) ရိုးစင်းစွာ
မင်း သိလာပါလိမ့်မယ်။

ငါ့ရင်ပြင်တစ်ခွင်လုံး
မငြှိမ်းရက်တဲ့မီးတွေ
မြင်ရင်တောင် ငဲ့ညှာမနေပါနဲ့
လောင်ကျွမ်းခြင်း မင်းအတွက်မို့
ငြိမ်းအေးမှုလို့ ငါမှတ်ယူပါ့မယ်။

မင်းမျက်ဝန်းရဲ့ မြားတစ်စင်း
ငါ့စိတ်ကို ညှို့ငင်
စကားလုံးတွေ
ငါ့နှုတ်ခမ်းများကို တံခါးခေါက်နေပြီ။

ရိုးဖြောင့်တဲ့ မြစ်တစ်စင်းပမာ
တည်ငြိမ်လွတ်လပ်စွာ
စီးဆင်းလာခဲ့သမျှ
ငါ မြိုသိပ်ခဲ့ရတာတွေ
မင်းကိုနွေးထွေးစေနိုင်ပါ့မလား...။

ငါခံစားရသမျှ
မင်းခံစားနိုင်မယ်ဆိုရင်
ဒီလောက်ထိခြောက်သွေ့နေမယ်မထင်ဘူး
ငါ့ရဲ့နက်ရှိုင်းမှုကို
မင်းနားမလည်နိုင်သေးလေတော့
မင်းရဲ့မီးလျှံက အေးစက်စက်။ ။

တင်မင်းထက်
(၀ိညာဉ်ပြာတို့ မိုးကောင်းကင်၊ ၁၉၉၂)


၇၁ - ၉၃

အယောင်ဆောင် လွတ်လပ်မှုသက်သက်
တွန့်တိုတဲ့ ၀ိုင်တစ်ခွက်
သက်တန်းရဲ့ သုံးပုံတစ်ပုံ
ငါသောက်လို့ ကုန်ခဲ့ပြီ။

ပြင်းရှတဲ့ တောင့်တမှုတွေကို
ရောင့်ရဲတဲ့အပြုံးနဲ့ ဖြေသိမ့်
ရေသေမြစ် ဖြစ်ခဲ့တာကြာတော့
ငါ့ကိုယ်ငါ အကြည်ညိုပျက်လာတယ်။

ဖြူစင်ချင်စိတ်ကလေးသာ မကျန်ရင်
စီးဆင်းခဲ့တဲ့ ငါ့ဝိညာဉ်ကို
စွန်းထင်းမှုအတွက် စွဲချက်တင်
ဘာမှ ခွင့်လွှတ်ချင်စရာ မရှိ...။

လူငယ်ဘ၀ရဲ့ စွန့်စားချင်စိတ်ကို
ဖဲဝိုင်းမှာသာ ပုံအောလိုက်ရ၊
စစ်တုရင်ခုံပေါ်မှာ ရဲရင့်လိုက်ရနဲ့
တစ် ကိုး ကင်း နေ့တွေ။ ။

တင်မင်းထက်
(ရာစုသစ်မြစ်ကျဉ်း ၂၊ ၁၉၉၃ စက်တင်ဘာ)



အကြွင်းရှိချစ်ခြင်း

အလင်းနှစ်တစ်သန်း
နီးလွန်းလှပါတယ် ...
မင်းနဲ့ ခွဲခွာရတဲ့အခါ
ပိုဝေးကွာ။

လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း
မြန်လွန်းလှပါတယ် ...
မင်းနဲ့ မတွေ့ရတဲ့အခါ
စိတ်ထဲကြာ။

... ... ... ...
အဲသည်လိုမျိုးတွေတော့
မညာချင်ပါဘူး။

ချစ်သူကို သတိအရဆုံးက
အရက်မူးတဲ့ အချိန်နဲ့
ဖဲရှုံးတဲ့ အချိန်ပဲဆိုတဲ့
သူငယ်ချင်းရဲ့ ၀ါဒကိုလဲ
မထောက်ခံပါဘူး။

ရုပ်သက်သက်နဲ့ လူမဖြစ်လေတော့
မင်းကိုငါ တောင့်တပါတယ်၊
(ဒါပေမယ့်)
မင်းလရောင်နဲ့ ဝေးခဲ့ရင်
ငါ့ဝိညာဉ်ဟာ
ရိုးပြတ်ပင်လို ခမ်းခြောက်
မျက်ရည်တလည်လည်နဲ့
လမ်းပျောက်သွားမယ်တော့ မဟုတ်ဘူး။

ရှားစောင်းပြဿဒ် တစ်ပင်ဟာ
မိုးခေါင်ရေရှားရုံနဲ့
မသေနိုင်ပါဘူး၊
ငါ့နှင်းဆီတွေလဲ
ဖူးသစ်လာအုံးမှာပါပဲ၊
(ဒါပေမယ့်)
မင်းမရှိတဲ့ငါ ...
ဘယ်သင်းပျံ့နိုင်မှာလဲကွာ။ ။

တင်မင်းထက်
(လှိုင်းရဲ့ပြတင်း၊ ၁၉၉၃ ဒီဇင်ဘာ)



ဥယျာဉ်အတု

မတင်းလွန်း၊ မလျော့လွန်း
သံဆူးကြိုးတွေကနေ
ဘာဂီတသံမှ ထွက်မလာနိုင်ဘူး။
အကိုင်းအခက်တွေကို ကိုက်ဖြတ်ကာ
"မင်္ဂလာပါ" လို့ စာလုံးဖော်ခံနေရတဲ့
ပျိုး ... ပင် ... တွေ ...

တင်မင်းထက်
(ရာစုသစ်မြစ်ကျဉ်း ၃၊ ၁၉၉၅ ဇွန်)


တိတ်ဆိတ်တဲ့ စကား

ကန့်သတ်ထားတဲ့ ကောင်းကင်ထက်
ပြစ်ဒဏ်သင့် လိပ်ပြာများပမာ
စကားလုံးတွေ ယောက်ယက်ခတ်
တေးမသီနိုင်တဲ့နေ့ရက်တွေ။

မင်းမျက်ဝန်းမှ တစ်ဆင့်
ပန်းတစ်ပွင့်မြင်ရတဲ့အကြောင်း
ငါဘယ်လို အချက်ပြရမလဲ။

ဆွံအတဲ့ လမ်းမတွေတလျှောက်
ငါတို့ရဲ့နှင်းဆီရိုင်းတွေသာ
ပဲ့တင်ခတ် တုန်ခါနေကြတယ်။

ငါတို့ရင်ထဲက စကားတွေ
မုန်တိုင်းလို
ဖောက်ခွဲပစ်လိုက်ချင်ပေမယ့်
အသိခက်တဲ့ အကြည့်တွေနဲ့ပဲ
နှစ်ကိုယ်ကြား ပြောပြနေရတယ်။ ။

တင်မင်းထက်
(၉၈ အချစ်ကဗျာ၊ အချစ်ကဗျာ ၉၈)


လက်ဆောင်

ကံ့ကော်ပန်းတွေနဲ့ လုပ်ထားတဲ့
ကျွန်တော့်ရဲ့ စိတ်ကူးစိတ်သန်းတွေဟာ
သူ့ကို ရည်စူးခဲ့တာပါ။

ကျွန်တော်ပျံသန်းဖို့ ကောင်းကင်တစ်ခု
သူ့မျက်ဝန်းကနေရတယ်။

သန့်စင်ပြီးလှပတဲ့ အိပ်မက်လေးတစ်ခု
သူ့ကို ကျွန်တော်ပေးခဲ့တယ်။

သူ့ရဲ့ရနံ့တွေကို သယ်ဆောင်လာတဲ့
အပြာရောင် လက်ကိုင်ပုဝါလေးတစ်ထည်က
ကျွန်တော့်ကို ချွေးသိပ်ယုယခဲ့ပါတယ်။

ကျွန်တော်တို့အပေါ် အမြဲတမ်းဖိစီးနေတဲ့
အမှောင်ခေတ်ထဲက ရတတ်သမျှအလင်းရောင်
အကောင်းဆုံး လက်ဆောင်အဖြစ်
သူ့အတွက် ကျွန်တော့်ကိုပေးတယ်။
ကျွန်တော့်အတွက် သူ့ကိုရတယ်။

သစ်ရွက်လေးတစ်ရွက်
လှုပ်ခတ်တာကအစ
အဓိပ္ပာယ် ရှိခဲ့ပါတယ်။

တင်မင်းထက်
(ရန်ကုန်စက်မှုတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၉၆)

0 Comments: