ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

ကျွန်မချစ်သော ကဗျာများ

Friday, April 19, 2013


2010 July idea 10th Anniversary Issue တုန်းက ထည့်ခဲ့တဲ့ ကဗျာတွေဖြစ်ပါတယ်။ အားလုံး idea ၁၀နှစ်တာ ကာလအတွင်း၊ idea မှာပါခဲ့တဲ့ ကဗျာတွေလည်း ဖြစ်ပါတယ် 


အစိမ်းချုပ်
. . . . . . . . .
နာကျင်မှု ဆိုတာကလည်း
အလေ့အကျင့်ရှိဖို့တော့ လိုသေးတယ်လေ
ဒီ.. စပျစ်ပင်ပေါ်လာသီးလို့
ဒီ.. စပျစ်သီး ချဉ်ရတယ် ဆိုတာက
သံခိပ်စစ်စစ်မှ မဟုတ်တာ
အခန်းက ငယ်ပေမယ့်
ဖိစီးမှုက မငယ်ဘူး
စကားလုံးတွေကို မေ့ဆေးပေးပြီး
ဒဏ်ရာကို ခွဲစိပ်တော့မယ်ဆိုရင်
သင်ကော .. သွေးအေး နိုင်ပါ့မလား ….
ကိုသျှပ် (ကန့်ဘလူ)
ဖေဖော်ဝါရီ ၂၀၀၇

ညတာရှည် ပုံပြင်များ
ငယ်ငယ်တုန်းက
မေမေ ပုံပြင်တစ်ပုဒ်ပြောတိုင်း
သူရဲကောင်းတစ်ယောက် မြင်းစီးထွက်လာတယ်
သူရဲကောင်းရဲ့
မကောင်းသူပယ် ကောင်းသူကယ်စိတ်ဓာတ်က
ပုံပြင်ထဲမှာ တလက်လက်တောက်ပလို့
ပုံပြင်ဆုံးတဲ့အခါ
ကျွန်တော်တို့ မျှော်လင့်တဲ့အတိုင်း
ကျွန်တော်တို့ ယုံကြည်တဲ့အတိုင်း
ကျွန်တော်တို့ ယုံကြည်တဲ့အတိုင်း … ….။

အခု ..ကာလသုံးပါး ကြမ်းရှရှအိပ်ယာပေါ်မှာ
အိပ်ရာဝင်နေကျ ကျွန်တော့်အတွက်
ကံတရားက ကျွန်တော့်ကို ပြောပြတဲ့ ပုံပြင်တွေထဲမှာ
သူရဲကောင်းတွေ တစ်ယောက်ပြီး တစ်ယောက်ပန်းခင်း
မြင်းစီးကြည့်ဝါဒနဲ့
ပုံပြင်တစ်ဝက်မှာပဲ ပျောက်ပျောက်သွားပေါ့
ပန်းခင်းတွေကသာ
တလက်လက်တောက်ပ ကျန်ရစ်တယ်။

ဘဝမှာ ..
ကျွန်တော် မျှော်လင့်သလို ဖြစ်လာသလား
ကျွန်တော် ယုံကြည်သလို ဖြစ်လာမှာလား
မေမေ့ပုံပြင်တွေကို လွမ်းဆွတ်စွာ မေးကြည့်တော့
မေမေရေ..
ကျွန်တော်တို့ အိပ်မက်တွေပေါ်
မြင်းခွာသံတွေ အခန်းဆက်နေပေါ့။          ။
ထွေးယျ
သြဂုတ် ၂၀၀၆


လူအဖြစ်ရဲ့ အပေါစား ဇာတ်လမ်း ဇာတ်ကွက်
သစ်ရွက်တွေ ကြွေပြီဆို
စိတ်က မီးလောင်လွယ်ပြီးသားပဲ
ဖုန်တွေ သဲတွေ တရှပ်ရှပ်
ဘယ်သူဘယ်ဝါလို့ လက်ဆင့်မကမ်းနိုင်
လမ်းပျောက်သလို အမှောင်မှာ ငြိနေ စိတ္တဇကလေး
စိတ်ကူးထဲ ဘယ်လို ဆိုက်ကပ်ရမယ်
တလည်လည်
ကိုယ့်အမှတ်အသားနဲ့ကိုယ်
လူအဖြစ်ကို ဘယ်လို ခေါင်းစဉ်တပ်ရမလဲ
အဲဒီလို စိတ်ကျရောဂါနဲ့ အနုပညာဆန်ဆန်
တစ်သက်နဲ့တစ်ကိုယ်
အသက်ငွေ့ငွေ့နဲ့ ပုံနှိပ်ထားတဲ့
အနာတရာများလည် ဖြစ်လွယ်ပြင်လွယ်
ချည်တိုင်နဲ့ လုပ်ထားတဲ့ ညနေများ
တမျှော်တခေါ် မစိမ်းလန်းနိုင်
မျက်လုံးတွေနဲ့ ငတ်မွတ်ဖို့ ငါတို့ လာခဲ့ကြတာပေါ့
လူငယ်ဘဝ ကဖီးဆိုတာ
ဘာမှာမှာ မရခဲ့ဘူး
မဟုတ်လား။             ။
ဘုန်းနေသွန်း
စက်တင်ဘာ ၂၀၀၆


ဝါကျင့် ပေါက်ပြဲနေတဲ့ နှစ်တွေ
မနေ့က နို့စို့အရွယ် ဓာတ်ပုံကို
ဒီနေ့ ကျွန်တော်ပြန်တွေ့လိုက်တယ်
အဲဒါ သင်လားဆိုရင်
ကျွန်တော့်ဆီ ကျွန်တော်ပြန်ရောက်လာဖို့
ကျွန်တော်က ကျွန်တော့ကို သွားယူရမလား
ခင်ဗျားဆီမှာ ဘာမှမရှိတော့တဲ့ ပုံကို ပြန်တွေ့တော့
ဘာဖြစ်သလဲ သူလည်း ၁ နှစ်ကာလရဲ့ပရမ်းပတာထဲမှာ
ဖြူရော်လို့ ခုထိ အငိုမတိတ်သေးဘူး
ဟောဒီ ဟ,နေတဲ့ ပါးစပ်လေးဟာ ရွှေငါးလေး တစ်ကောင်
ဘယ်လောကနဲ့မှ မဆက်ဆံရသေးတဲ့
ကျောက်မျက်ရတနာ မျက်လုံးရွဲရွဲ ပိုးဖဲကတ္တီပါ အစလေး
ဒါပေမယ့် ဆေးသားတွေ ကွက်နေပါပြီ
ပျက်နေတဲ့ ပျောက်နေတဲ့ အစားထိုးမှု
ရင့်ရော်လိုက် မှေးစင်းလိုက်နဲ့ ရင့်မှည့်လာတယ်ဆိုရင်ပဲ
ဒီဟာလေးက ဒီကလေးဟာ မျိုးပွားချင်
ရိုးသားချင် ခိုးစားချင်ဖြစ်ပြန် ပျက်ပြန်လောကဓံ
ဆင့်ကဲဖြစ်စဉ် ပိုထွားလာလေ ပိုကြွားလာလေ
ဘာမှ သိုဝှက် သိမ်းဆည်းစရာမရှိတဲ့ မျက်နှာကြီး
ဆယ်ကျော်သက်မှ နှစ်ဆယ်ကျော်မှ လေးဆယ်စွန်း
ခု အိုကြီးအိုမ ပီဘိသူငယ်
သူ့တာဝန်သူယူရတာချည်း လူ့ဝတ္တရား
ဘယ်တော့မှ မရပ်ဘူး
ဒီလူသားရဲ့ အဖြစ်ဟာ စက်သေနတ်လို တဒက်ဒက်
အခုတော့ ခြေထောက်နှစ်ဖက် မျက်နှာတစ်ခု
နောက်စာမျက်နှာမှာ ခြေလေးချောင်းလား
အရင်က ကင်းခြေများလား
တစ်ယောက်တစ်ကောင် အထီးအ ပုဂ္ဂလပညတ်တွေ
အခု ဒိုးယိုပေါက်မြင်နေရတာ ခင်ဗျားပဲ။          ။
ဝင်းမြင့်
အောက်တိုဘာ ၂၀၀၆


အမဲရိုး
ဦးခေါင်းတစ်လုံးရဲ့ ဝဲဖက်အခန်းမှာ
ခွေးအတစ်ကောင်ရှိတယ်
ခွေးအဟာ ဦးခေါင်းတစ်လုံးရဲ့ ဝဲဖက်အခန်းမှာ
အမြဲလိုလို အိပ်စက်နေတယ်
ဦးခေါင်းထဲမှာ မိုးတစိမ့်စိမ့် ရွာတဲ့အခါ
ခွေးအဟာ အိပ်စက်နေရာက ထလာ
သူ့ကိုယ်ပေါ်မှာ စွတ်စိုနေတဲ့ မိုးရေစက်တွေကို
ခါရမ်းလိုက်
ဦးခေါင်းရဲ့ ဝဲဖက်အခန်းထဲမှာ ဟိုဟိုဒိဒီသွား
မိုးလွတ်ရာ ဘယ်မှာလဲ
ဟော … တွေ့ပြီ
ခွေးအဟာ ဦးခေါင်းဝဲဖက်အခန်းထဲက
အမာရွတ်တစ်ခု
အောက်တိုးဝင် ကျပ်ကျပ်တည်းတည်း
အိပ်စက်ဖို့ လဲလျောင်းလိုက်တယ်
ခွေးအ အိပ်ပျော်သွား၊ မိုးက ဗြုန်းကနဲ တိတ်သွားပြီ
နေ့လား ညလားမသိ ခွေးအ
နိုးလာတယ် အူတယ်
ဦးခေါင်းရဲ့ ဝဲဖက်အခန်းထဲမှာ အူသံဟာ
နံရံတွေပဲ့တင်ပြီး ငြိမ်သက်သွား
ခွေးအ လမ်းလျှောက်ပြီ
ဦးခေါင်းရဲ့ ဝဲဖက်အခန်းထဲမှာ
မြေကြီးကို သူ့ရှေ့ခြေနဲ့ ယက်တယ်
ဘာမှမရှိဘူး
ခွေးအ မြေကြီးကို အနံ့ခံတယ်
ဘာမှ မရှိဘူး
ဦးခေါင်းရဲ့ ဝဲဖက် အခန်းထဲက မျက်နှာကျက်ကို
လှမ်းဟပ်တယ်
ခုန်တယ်
ခုန်ခုန်ပြီး ဟပ်တယ်
အောက်ပြန်ကျတယ်
ခုန်ခုန်ပြီး ဟပ်တယ်
ဘာမှမရှိဘူး
ခွေးအဟာ သူ့ဆာလောင်မှုကို
သူပြန်မြိုတယ် ထုံးစံအတိုင်း
မိုးသားတွေ တက်လာပြီ
ခွေးအဟာ ဟိုဟိုဒီဒီ ပြေးတယ်
အမာရွတ်အောက်ကိုတိုးဝင်
ကျပ်ကျပ်တည်းတည်း မည်းမှောင်
တိတ်ဆိတ်
ဦးခေါင်းရဲ့ ဝဲဖက်အခန်းထဲမှာ
မိုးတစိမ့်စိမ့် ရွာပြန်ပေါ့
ခွေးအ အိပ်ပျော်နေ
ဦးခေါင်းရဲ့ ယာဖက်အခန်းထဲမှာ
အမဲရိုးတစ်ချောင်းရှိတယ်
ခွေးအဟာ
အမဲရိုးရှိရာ ဘယ်တော့မှမရောက်ဘူး။ ။
နေမျိုး
နိုဝင်ဘာ ၂၀၀၆

နှုတ်ဆက်စကား
တံတားကလေးကျိုးရင်လည်း ကျိုးတဲ့အတိုင်း ရှိစေတော့
ကမ်းပါးကလေးပြိုရင်လည်း ပြိုတဲ့အတိုင်း ရှိစေတော့
ရိုးသားခြင်းလောက် ဘယ်အရသာမှ မချိုမြိန်နိုင်ဘူး
အမှန်တရားကို
ဘယ်ဘုရားမှ မမြင်ခဲ့ဘူးဆိုရင်လည်း ရှိစေတော့
မျှော်လင့်ထားတာတွေ ပျက်စီးလွယ်တဲ့ ဘဝမှာ
သံဆူးခံထားရတဲ့ သစ်သားကလေး တစ်ချပ်ပါ
မပျော်ရွှင်မှုကို
ဘယ်ဖုန်းနံပါတ်ဆက်ပြီး တိုင်ရမှာတဲ့လဲ
ဟာသတွေနဲ့ အကျွမ်းတဝင်မရှိတော့
ဖြစ်ခြင်း ပျက်ခြင်းတွေမှာလည်း ရယ်သွမ်းမသွေးနိုင်ပါဘူး
မဖြစ်နိုင်တာတွေ သိပ်များလွန်းတော့လည်း
အပွန်းအပဲ့တွေက အနာအဆာတွေနဲ့ ကြီးကျယ်ခန်းနားလို့
ဒီလို
ကမ္ဘာကွယ်မယ်မှန်း သိသိနဲ့
ဘဝကို အရောင်လက်သွားအောင်
ရွှေချချင်ခဲ့သူ
ကိုယ်ဟာ
ဒုက္ခလို့ မမြင်နိုင်အောင်ပဲ အမှောင်မှာ လင်းကျင်းခဲ့ပါတယ်
အားလုံးပျော်ရွှင်ပါစေတော့ …။
ဥတ္တရာအောင်
ဧပြီ ၂၀၀၆


သေလူ
ငါဟာ မြားတစ်လက် ဖြစ်ခဲ့ဖူးတယ်
ဒါပေမယ့် ဘယ်ဝါးကျည်တောက်ကိုမှ
ဒူးမထောက်ခဲ့ဖူးဘူး။

ငါဟာ ဓားတစ်လက် ဖြစ်ခဲ့ဖူးတယ်
ဒါပေမယ့် ဘယ်ဓားအိမ်ထဲမှာမှ အိပ်မက် မက်
မနေခဲ့ဖူးဘူး။

နောက်တော့
..ငါဟာ အက္ခရာတစ်လုံး ဖြစ်သွားတယ်
ငါ့ကိုယ်ငါ ပြန်ဖတ်လို့ မရတော့ဘူး။

အဲဒီလိုနဲ့
ငါဟာ အရက်တစ်ပုလင်းဖြစ်သွားတယ်
ငါ့ကို ဘယ်သူက ဝင်ပလုတ်ကျင်းမလဲဆိုတာကို
.. စောင့်နေတယ် ..။          ။
တာရာမင်းဝေ
စက်တင်ဘာ ၂၀၀၂


သမီးလေးရဲ့ ဦးထုပ်
သမီးလေးရဲ့ ဦးထုပ်မှာ A Birthday Party လို့ ရေးထားတယ်
အပြာနုနု လူပုလေး ခုနှစ်ယောက်ထဲက ထိပ်ချွန်ချွန် အငယ်ဆုံးလိုမျိုးလေး
သမီးလေးက ဒါကို အရမ်းကြိုက်တယ်
နွေမိုးဆောင်း သူနဲ့အကိုက်ပဲတဲ့ သမီးလေးက
သမီးလေးက ကမ္ဘာကြီးတစ်ခုလုံးကို သူ့ဦးထုပ်ထဲ ထည့်ထားတယ်လို့ ပြောတယ်
နောက်ပြီး ကမ္ဘာကြီးဆိုတာ ဘာကိုပြောတာလဲ ဖေဖေ
ဒီတော့ သမီးလေး ဦးထုပ်ထဲကဟာ ကမ္ဘာကြီးပဲပေါ့
သမီးက သူ့ဦးထုပ်ကို တစ်ချက်ကြည့်ပြီး ပြုံးရင်း
ဖေဖေ ဒီမှာကြည့် သမီးက ကမ္ဘာကြိး ဖြစ်သွားပြီတဲ့
သူ့ဦးထုပ်ကို ဆောင်းပြီး ပြောတယ် သမီးလေးက
သမီးလေးရဲ ဦးထုပ်မှာ ကြောင်မိသားစုလေး ထိုင်လို့၊ တစ်ကောင် နှစ်ကောင် သုံးကောင်
သမီးက အငယ်ဆုံးလေးကို ဒါဘာလဲ ဖေဖေ ဆိုတော့ အဲဒါ သမီးလေးပေါ့လို့
ကျွန်တော်က ဖြေမိတယ်
သမီးက ဒါကရော ဆိုရင် အဲဒါ ဖေဖေပေါ့လို့ ဖြေမိတယ်
သမီးလေးက ဒါဆိုသူကရောတဲ့ အဲဒါ မေမေပေါ့လို့
သမီးလေး မျက်ဝန်းတွေဟာ အရောင်တောက်လာတယ် ထင်တယ်
နောက်ပြီး .. သူတို့ရော ရန်ဖြစ်ကြသေးလား ဖေဖေတဲ့
ကျွန်တော်မဖြေမိဘူး
သမီးကတော့ လမ်းကိုငေးနေတယ်၊ သမီးကတော့ ….။     ။
သားဦး
ဇွန်၊ ၂၀၀၇


ဗြောက်ဖောက်သူများ
အသံမြည်ရုံသက်သက်လေးထဲမှာ
အပျော်ရှာကြ
ကိုယ့်အသက်ကို ရှို့ရှို့ပြီးတော့လေ ..။ ။
လင်းလွင်
သြဂုတ် ၂၀၀၇


တောလိုက်နေ့များ
ဒီအချိန်လောက်ဆို
ငါဖိုထားတဲ့ မီးလင်းဖိုလေး
ငါ့ကို စောင့်နေရော့မယ်။

ဘယ်မှာလဲ ငါ့အတွက်သားကောင်
အခု ငါဆာလောင်နေတာက သွေးသားဆူဖြိုးတဲ့ ဂီတ
တကယ်တမ်း ငါရလိုက်တာက အခွံသက်သက် အိမ်ပြန်ရက်တွေ
အခု .. ငါပစ်ခတ်ရမှာက
မုသာဝါဒ တကားကား အမှားချိုတထောင်ထောင်နဲ့ ဂြိုဟ်ကောင်
တကယ်တမ်း ငါ့ကို ခုန်အုပ်သွားတာက
ကံကြမ္မာလက်သည်းဝှက်ထားတဲ့ တောကြောင်
ဒင်းလက်ခမောင်းခတ်သံက တစ်တောလုံး ဆူညံလို့
အခု ငါဖြတ်သန်းချင်တာက ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ထက်
အနုပညာကို အချစ်နဲ့ ဖြတ်သန်းချင်တာ
တကယ်တမ်း ငါကိုယ်တိုင် သားကောင်အဖြစ်နဲ့
ငါ့နာကျင်ခြင်းတွေ သိုဝှက်နေကျဂူကို
ဒဏ်ရာတပွေ့နဲ့ ပြန်လာခဲ့တယ်။

ဒီအချိန်လောက်ဆို
ငါဖိုထားတဲ့ မီးလင်းဖိုလေး
ငါ့ကိုစောင့်ရင်း ပြာကျနေလောက်ပြီ။              ။
ထွေးယျ
ဒီဇင်ဘာ ၂၀၀၆


မရေရာ
ဆေးလိပ်မီးခိုးလို
အဆုတ်ထဲကပြန်ထွက်လာတော့ အကျင့်ပျက်သွားတယ်
တစ္ဆေဆိုတာ ညအခါ နာမည်ကြီးရုံကလွဲလို့
ဘယ်တုန်းက ဂုဏ်သရေ ရှိလို့လဲ
ဇန်နဝါရီရဲ့ တိုက်စစ်ဟာ ဒီဇင်ဘာကို ကျော်လို့ မရဘူး
အသက်အရွယ်အလိုက် မာနကို အမျိုးအစားခွဲကြည့်ရင်
ဘာသာရပ်အလိုက် အရှက်အကြောက် ကင်းမဲ့တာပဲ
ကောင်းပါပြီ။ ဒီနေ့ကစပြီး
လူတောတိုးတော့မယ်ရယ် အားခဲတယ်
ရိုးရာတူမှ လက်ထပ်မလား တွေးတောမယ်
စာအုပ်ထဲက ဥပမာတွေကို ဆက်စပ်မှတ်သားမယ်
ကျန်းမာရေးကအစ ဂရုတစိုက် နူးညံ့သိမ်မွေ့မယ်
အားမနာတော့ဘူးဆိုတဲ့
အရေးပါကတိကိုလည်း တည်ဦးမယ်
ယုန်ကလေးတစ်ကောင်ရဲ့ စိတ်ကူးဟာ
ခရေစေ့တွင်းကျ သပ်ရပ်၍
သုံးရာသီ အိပ်မက်က လန့်နိုးလာ. . . ။         ။
ကမ်းဝေး
ဇန်နဝါရီ ၂၀၀၇



တစ်ဝက်တစ်ပျက် မှတ်တမ်း
ပထမမြောက် ရဲရင့်ခြင်းအဖြစ်
အမေက ငါ့ကိုဆွဲဖွင့်တယ်
ယမမင်းရဲ့ သြဝါဒက ပြက္ခဒိန်တွေကို ဟောင်းမြစေရဲ့။

ငါ့ရင်ဘတ်ထဲမှာက မီးပွင့်ဖဲချပ်တွေ တစ်ထပ်ကြီး
ငါပြောလိုက်တဲ့ ဓားသွားတစ်ခွန်းက
နတ်ဆိုးအပေါင်းကို ရေမွန်းစေခဲ့ပြီ တဲ့။

ငယ်ငယ်ဝံ့ဝံ့ လောကဓံနဲ့
ဆောင်းဦးလေပြည်ကို ပန်ချင်တဲ့ကောင်
မရေးရသေးတဲ့ အက္ခရာတစ်ကြောင်းဟာ
ဘယ်လက်နဲ့ ဝှက်ထားတဲ့ ဗျတ်စောင်းသံ။   

သေနတ်တစ်လက်ရဲ့ ပြောင်းထဲမှာ
ကျည်ဆန်လို ငါ ဂူအောင်းခဲ့ဖူးတယ်
ငါ့ဝိညာဉ်ထဲက မီးခိုးပျော့ပျော့ အသံများ
နက္ခဦးလို ပျံစေသား …။        ။
တာရာမင်းဝေ
ဇူလိုင် ၂၀၀၃


စာနာခြင်းသစ်ပင်
ဘဝအကြောင်း စာလုံးပေါင်းတဲ့အခါ
ငါ့နာမည် ပါပါစေ
အခက်အခဲတစ်ခုကြုံတိုင်း
စိတ်ညီသူတွေ အတူတကွ
လက်တွဲကြတဲ့အခါ
ငါ့နာမည်ကို စာရင်းထဲထည့်ပါ။
* * *
ဆောင်းရာသီ တောလမ်းကလေး
ယုန်ကလေး ပြေးဆော့ရာ
အမည်မရှိတဲ့ ပန်းတွေဖူးပွင့်ရာ
ကျောက်တုံးတွေအကြား
ရေဟာလျှောကျစီးဆင်းရာ
အဲဒီနေရာ
လမ်းလျှောက်ထွက်ရင်
ငါ့ကို အရင်ဆုံး ခေါ်ငင်ပါ။
* * *
စားစရာ နည်းနည်းပဲရှိလို့
ကလေးတွေအတွက် ခွဲဝေဖို့
ဝေစုကို လျှော့ချဖို့လိုရင်
ငါ့အမည် စာရင်းကို အရင်တင်သွင်းပါရစေ။
* * *
သူ့ခံစားမှုကို သူမသိတော့တဲ့
အဖိုးအိုတွေ
မျက်စိလည်နေတဲ့ ကလေးသူငယ်တွေ
အနာရောဂါထူပျောတဲ့သူတွေ
သူတို့ဘက်မှာ
ငါဟာ  အမြဲရှိနေပါစေ။
* * *
ညတစ်ရေးလန့်နိုးတဲ့
မိဘမဲ့ ကလေးတစ်ယောက်ဟာ
ငါ့အမည်ကို အရင်ဆုံး သတိရပါစေ။
* * *
ဘယ်သူဟာ အထီးကျန်သူလဲ
သူဟာ ညအခါ
ငါ့ကို အိပ်မက် မက်ပါလေ။
* * *
ဥာဏ်ပညာ
ဗဟုသုတကြွယ်သူတွေ
ရှေးဟောင်း နှောင်းဖြစ်များ ပြောကြတဲ့အခါ
နောက်ဆုံးမှာ
ငါ့အမည်ကို ရေရွတ်ပါစေ။
* * *
နှစ်တွေလွန်တော့
မေ့လျော့ခြင်းဟာ
ကမ္ဘာမြေ တစ်ခုလုံးကို အတိပြီးအောင်
ဖုံးလွှမ်းသွားတဲ့အခါ
တစ်နေ့မှာ
ငါ့အမည်ဟာ
သစ်ပင်ကလေးတစ်ပင်အဖြစ်နဲ့
ကမ္ဘာမြေပေါ် ထိုးဖောက်လို့
အသစ်ရှင်သန် ပေါက်ရောက်လာပါလိမ့်မယ်။            ။
နေမျိုး
ဖေဖော်ဝါရီ ၂၀၀၅


လျှို့ဝှက်ထားတဲ့ သေတ္တာ
ကမ္ဘာကြီးပေါ်က
ဘုရားသခင် ပြန်ကြွသွားတဲ့အခါ
သေတ္တာတစ်လုံး မေ့ကျန်ခဲ့တယ်။

သေတ္တာထဲ ခပ်ညံ့ညံ့ ပြက်လုံးတစ်ခုက ငြိမ်ကုတ်လို့
ပြက်လုံးက အရေအတွက် လျော့နေတဲ့ ဖဲထုပ်တစ်ထုပ်ကို သပ်သပ်ရပ်ရပ် ဆုပ်ကိုင်လို့
ဖဲထုပ်က ကလိန်ကကျစ်ဆန်သော တတိယကမ္ဘာစစ်ကို နွေးထွေးဈေးပျစ်စွာ ဝှက်သိမ်းလို့။

အခုထိ
လူပီသဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ပေါ်မှာ ခပ်ညံ့ညံ့အရေပြားက ငြိမ်ကုတ်လို့
အရေပြားက သူ့ရဲ့ ညစ်ညမ်း ပေရေနေတဲ့ ဘဏ်စာရင်းတွေကို သပ်သပ်ရပ်ရပ် ဆုပ်ကိုင်လို့။
ဘဏ်စာရင်းတွေက စာရင်းပျောက်နေတဲ့ သော့တစ်ချောင်းကို နွေးထွေး စေးပျစ်စွာ ဝှက်သိမ်းလို့။

သေတ္တာက
ပင်လယ်နက်ထဲ လျှို့ဝှက်ချက်တွေထဲမှာပဲမို့
ခုထိ
ပြက်လုံးကိုလည်း ဘယ်သူမှ မရယ်ကြရသေးဘူး
ဖဲထုပ်ကိုလည်း ဘယ်သူမှ မကစားကြရသေးဘူး
တတိယကမ္ဘာစစ်ကိုလည်း ဘယ်သူမှ မကြေညာရဲသေးဘူး။              ။
နိုင်မွန်အောင်သွင်
အောက်တိုဘာ ၂၀၀၅


မိုးတွေ ကျွန်တော့်မိသားစုကို ပူခြစ်နေအောင် ရွာတဲ့နေ့က
စိတ်ကူးက တလင်းခေါင်ခေါင် ငှက်ပစ်ကွင်း
ဘဝကို ဘယ်အနေအထားနဲ့ ဆင်းသက်နားခိုရမလဲ
မသိ။
ထမင်းဆီဆမ်းစားဖူးတယ်
ရွှေလင်ပန်း မမြင်ဖူးဘူး
အေးစက်စက် ထုံအအ နှလုံးသားကိုမေးကြည့်။
မျက်လုံးက မျက်ရည်ကျတာ
နှလုံးသားကမှ မဟုတ်တာ
ခံစားချက်များ အနက်ရောင်ဆီးနှင်းခဲ
လူနဲ့ငွေဟာ သင်းကွဲ
အမှောင်တွေစဲသွားရင် ကြယ်တွေလည်း မရှိတာ
သေချာ။
အမိ၊ အဖကို မလိမ်ညာခြင်း
ရိုးအီနေသော ထွက်ဆိုချက်များသာ
ကမ္ဘာ။
မိသားစုလေးမှာ အာမခံချက် အပြည့်နဲ့ မွဲတေလို့
စိတ်ညစ်စရာရှိရင်တောင် စိတ်မညစ်ချင်တော့ ….
အော်ဟစ်စရာရှိရင်တောင် မအော်ဟစ်ချင်တော့ …
ဒီည … ဒီည..
မနေ့ညက အိပ်မက်ကို လက်စားချေဖို့
ဒီည စောစော အိပ်ရာဝင်မယ်
ဘဝဆိုတာ အသံသာပုံချင်း တူနေမှ
ညနေခင်းတွေမှာ
ပုဇွန်ဆီရောင် ယှက်သန်းပါဦးတော့မလား
ဗလာကျင်းလာတဲ့ မိသားစုဝင်ငွေက
ဖေဖေ့မျက်လုံး အမြင်တွေကို
ဖုံးကွယ်ပစ်လိုက်တဲ့ အတွင်းတိမ်တွေများလား
မေမေ့မျက်ရည်များနဲ့ ဘဏ်တိုက်ကြီးများက တခမ်းတနား
ကွန်ပျူတာနဲ့ ငွေစက္ကူရေတွက်သံများက
ညီမလေးရဲ့ ညည်းတွား ငိုယိုသံများ
ဖြစ်ခဲ့ကြုံခဲ့မှု ဖြစ်စဉ်အတိုင်း
ပန်းရိုင်းကလေးတွေ အေးအေးလူလူ မပွင့်မဝေခဲ့ရ
သောကတွေ တနင့်တပိုးနဲ့ စွတ်စိုခဲ့ရ
လာ!
အခု မီးပွိုင့်ဖြတ်မယ်။
အခု မျဉ်ကြားကူးမယ်
အခု ခိုစာကျွေးမယ်။        ။
ရိုးသက်
ဇွန်၊ ၂၀၀၅


ကြေးစား
နံကြားကို
ဓားနဲ့ ထောက်ထားတဲ့ အနီးဆုံးရန်သူဟာ
ကဗျာပဲ။

နှစ်ပရိစ္ဆေဒ လင်မယားလို ပေါင်းသင်းပြီး
လှိုင်းကြားက ပင်လယ်ဓားပြသဘောင်္ဘဝ
အနံ့ခံခဲ့။

သမ္မာအာဇီဝပါပဲ
စိတ္တဇ တံတားအသစ်မှာ အပြစ်မရှိ
လမ်းမီးများ လင်းလာချိန်အထိ စောင့်စား စောင့်ရှောက်ရမယ်။

အဲဒီ
စိုထိုင်းထိုင်း လမ်းတစ်လျှောက်
စိတ်နောက် ကိုယ်ပါ ဖိတ်လျှံဖို့ မလွယ်ကူလဲ
သန်းခေါင်ယံအချိန်ထိ
သည်အကြောင်းပဲ ဆက်ပြောမယ်။

ရှေ့ထွက်လို့
သက်သေအလွယ်တကူလိုက်မယ်
မီးရထား အချိန်ဇယားအပြောင်းအလဲလောက်တော့
မပေါ့ပျက်နိုင်ဘူး။

အရေပြားက ခေတ်ရနံ့ကြိုက်တယ်
အသွေးအသားက ပြောင်းပြန်မောင်းနှင်တဲ့
ဘီးလေးဘီးယက် မော်တော်ကားမုန်းခဲ့။

သက္ကရာဇ် အရောင်အဝါ ရွှမ်းစိုမှုမှာ
အနုပညာလောက်
ဘယ္သေဘာၤေဆးမွ တာရွည္မခံဘူး။

ဒီလို အသံထက်မြန်တဲ့ အဖြေနဲ့
သံသယအသစ်တွေကို ဆေးလိပ်ပြာလိုခြွှေချမယ်။

ယုံပါ
ကျွန်တော့လက်မှတ်ရေးခြစ်ထားတဲ့ အရာအားလုံးဟာ
ကျွန်တော့်ကံ ဖြစ်ပါတယ်။
ခိုင်မြဲကျော်စွာ
ဖေဖော်ဝါရီ ၂၀၀၃



ရန်ကုန်
ရန်ကုန်ကို စွန့်စားရတာ သိပ်ခက်တယ်
ပြန်ကျမိုးလို ပြန်ရွာတဲ့ တိမ်တွေ
ငါ့တို့ ချွေးစက်တွေပဲ။

ဗေဒင်တွက်လာသင့်တယ်
စီမံကိန်းတွေ မေ့ပစ်သင့်တယ်
ကဗျာဆရာစစ်စစ်က
ဖြစ်ချင်ဖြစ်သွားနိုင်တယ်။

လမ်းဘေးဈေးသည်တစ်ယောက်
ဧရာဝတီအတိုင်း စုန်ဆင်းလာ
သူကတော့
လုပ်ကိုင်စားသောက်ရတာ လွယ်ပါတယ် တဲ့။
ရန်ကုန်မှာ …။             ။
လင်းတည်ဦး
ဧပြီ ၂၀၀၅


ကြယ်ဝင်စား
ငါ မမွေးခင်တည်းက သေတဲ့ကြယ်တွေကို
ငါ ခုထိမြင်နေရတုန်း။

တစ်နေ့ . . . တစ်နေ့ . .
ကြယ်တွေအကြောင်း ကစားတဲ့ စိတ်နဲ့ပဲ
အိပ်မက်က ကောင်းကင်လို ပြာနေရတယ်။

ချစ်ခြင်းတရားဆိုတာ
ဗုံးဆင်ထားတဲ့ ကားထဲက ထွက်နေတဲ့ ဂီတသံချို
ကောင်းကင်က မခွာနိုင်သေးတဲ့ ကြယ်တွေလိုပဲ
စိတ်ထဲက အနမ်းတွေ သက်တံလို ညွတ်ကွေးကျချိန်
တွင်းနက်ကြီးရဲ့ ညှို့ချက်ခံရတဲ့ ကြယ်တွေ ပြန်လမ်းမရှိသလို
မင်းကြောင့်သက်သက် ပွင့်ဖူးလာမယ့် ပန်းကလေး
ကိုယ့်နှလုံးသားတောင် ကိုယ်ပြန်ခြောက်ခြားမိတဲ့အထိ
ကြယ်တွေကို ရေတွက်ကြည့်ချင်နေမိတယ်။

ခုအထိ ကြယ်တွေကို ရေမကြည့်ဖူးဘူး
ကိုယ်မြင်တဲ့ကြယ်ထဲမှာ ကိုယ်ပါနေသလား တွေးမိတိုင်း
ကမ္ဘာကြီးကအလင်းနှစ်တွေ နောက်ကျပြီးမှ အမှန်မြင်ရမယ်
ကြယ်သေတွေ ပေါလောမျောနေတဲ့ ကောင်းကင်ကြီး
နက္ခတ်တာရာတွေ လမ်းမှားနေတဲ့ ကောင်းကင်ကြီး
ငါ့ကဗျာလည်း ငါ့ကမ္ဘာအတိုင်းပဲလို့တွေးမိတယ်
ပူပြင်းတဲ့ နေကမ္ဘာကို ပတ်လို့
ပြီးတော့ ကြယ်ဝင်စားက ပိုပြီး လက်လက်လို့ပေါ့။
ညကြီးထဲမှာ။                ။
ကျော်ထူး
ဧပြီ ၂၀၀၉

လေ့ကျင့်ခန်း
ထိုင်တယ်
ထတယ်
ခဏရပ်ပြီး ပြန်ထိုင်တယ်
နောက် ပြန်ထပြီး အဲဒီနေရာကနေ ထွက်လာတယ်
စာအုပ်စင်နားမှာ လာရပ်တယ်။
လျှောက်ဖွတယ်။
စာအုပ်တစ်အုပ်ကို ဆွဲယူတယ်
ဖတ်ချင်စိတ်မရှိတာနဲ့ ပြန်ထားလိုက်တယ်။
ရေတစ်ခွက်ငှဲ့ပြီး တစ်ဝက်လောက်သောက်တယ်။
ဆေးလိပ်မီးညှိတယ်။
တစ်ဖွာပဲ ရှိုက်ပြီး ဆေးလိပ်ခွက်ထဲ ထိုးခြေလိုက်တယ်။
အိပ်ရာပေါ်လှဲချပြီး နဖူးပေါ် လက်တင်တယ်
ငေါက်ခနဲ ပြန်ထထိုင်တယ်
သက်ပြင်းမတိုမရှည် တစ်ချက်ချတယ်
အိမ်အပြင်ကို ထွက်လာတယ်။
လက်ဘက်ရည်ဆိုင်ကို ရောက်သွားတယ်။
နောက်တစ်ဆိုင် ပြန်ပြောင်းထိုင်တယ်။
ရောင်စုံလှုပ်ရှားမှုတွေကို လိုက်ငေးတယ်။
ခွေးတစ်ကောင်နဲ့ မျက်လုံးချင်း စကားပြောတယ်
အိမ်ပြန်လာတယ်။
ကောင်းကင်ကို မော့ကြည့်တယ်။
စိတ်ကိုလျှော့ချပြီး ခေါင်းပြန်ငုံ့တယ်
အိမ်ရှေ့အုတ်ခုံလေးမှာ ခဏထိုင်တယ်
မဖွယ်မရာတွေ စဉ်းစားတယ်
အိပ်မက်ပြီးဆုံးသွားသလို အိမ်ထဲဝင်တယ်။
ဓားယူပြီး ပြန်ထွက်လာတယ်။
ရင်ညွန့်တည့်တည့်လောက်မှာ ဓားကို ထောက်လိုက်တယ်။
ကိုယ့်စိတ် ကိုယ့်ဝိညာဉ်နဲ့ ကိုယ့်ကမ္ဘာကို အနည်းငယ်စီ ပြုံးပြလိုက်တယ်
အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းပြီး အောင့်ထားလိုက်တယ်။
အတိတ်မြင်ကွင်းတွေ အစုလိုက် အပြုံလိုက် ဖရိုဖရဲဝင်လာတယ်။
အဲဒီနောက်
ဓားကိုင်ထားတဲ့ လက်ကို အားအပြည့်နဲ့
ဓားမကိုင်ထားတဲ့လက်က ပုတ်ထုတ်လိုက်တယ်။
ဓားက မြေကြီးမှာ မယောာင်မလည် သွားစိုက်တယ်။
ဒူးထောက်ချလိုက်ပြီး မိနစ်အနည်းငယ် တွေဝေတယ်
ဆုံးဖြတ်ချက်တစ်ခု အပီအပြင် ဝင်လာတယ်။
ရေချိုး အဝတ်အစားလဲပြီး
တစ်စုံတစ်ယောက်အတွက် ဇွတ်အတင်း အိပ်စက်ဖို့ ကြိုးစားနေလိုက်တယ်။        ။
ဖိုးဏီ
စက်တင်ဘာ ၂၀၀၈


အောက်ဒိုး
မင်းသားမဟုတ်ဘူး
လူကြမ်းလည်းမဟုတ်ဘူး
ဇာတ်ပို့ ဇာတ်ရံ မဟုတ်ခဲ့ဘူး
ဖြတ်လျှောက်ခန်းမှာ မတော်တဆ
ပါဝင်လိုက်ရတဲ့ လူတစ်ယောက်ပါကွာ
သရုပ်ဆောင်ခ တစ်ပြားတစ်ချပ်မှ မရပါဘူး။
ဒိုင်ကြောင်တွေလည်း တစ်ခွန်း တစ်ပါဒမှ ဝင်ပြောခွင့်မရှိဘူး
လျှာလည်း ယောင်လို့တောင်မှ မချောင်ခဲ့ဘူး
အာလူးလည်း တစ်လုံးမှ ဝင်မဖုတ်ခဲ့ဘူး
ကိုယ့်အလုပ်နဲ့ ကိုယ်ခေါင်းကုတ်ပြီး
ပင့်သက် အမောတွေမှုတ်ထုတ်ရင်း
ကိုယ့်လမ်းကိုယ် …
စိတ်နဲု့ရုပ်မကပ် ဖြတ်လျှောက်သွားခဲ့မိတာပါ
ဇာတ်ညွှန်းထဲမပါလည်း ဆောရီးပေါ့ကွာ
ဇာတ်လမ်းနဲ့ အံဝင်ခွင်ကျ ဖြစ်သွားရင်လည်း ပြီးတာပါပဲ
မကျေနပ်လို့ ထပ်မလျှောက်ခိုင်းနဲ့
ပြန်မလာတော့ဘူး …
ဒီနေ့ … ဒီအချိန် .. ဒီနေရာကို
ရီဟာဇယ်မလုပ်ခဲ့ဘူး
စိတ်ကူးထဲတောင် ကြံကြံဖန်ဖန် ကြိုတင်တွေးထင် မထားမိဘူး
တိုက်ဆိုင်မှု သက်သက်မျှသာ
ပိတ်ကားအထက်ရောက်လည်း စက္ကန့်ပိုင်းလောက်ဖြစ်မှာပါ
ဘက်ဂရောင်းဆိုတော့ ဖိုးကပ်စ်ကလည်း ဝါးဦးမှာ
အရေးမကြီးပါဘူး …
အရေးကြီးတာက ကိုယ့်ဘာသာ ဘာလဲ ဘယ်လဲ
အချိန်တန် အိမ်ပြန်ရင် လမ်းမမှားဖို့ပဲ လိုတယ်။           ။
ငြိမ်းမောင်        အောက်တိုဘာ ၂၀၀၈

0 Comments: