ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

မိသားစု ကဗျာများ

Saturday, April 20, 2013


မဟာမှိုင်းပွဲမှာ ကဗျာရွတ်တော့ ပန်ဒိုရာက ကိုဝင်းမြင့် ကဗျာတစ်ပုဒ်ရွတ်တယ်။ ငြိမ်းချမ်းရေး မိသားစုတဲ့။ အဲဒါ အရင်က မိသားစု ဆိုတဲ့ နာမည်နဲ့ ဖတ်ဖူးတယ်။ ကျွန်မရေးခဲ့တဲ့ ကောင်းကင်သူ ကောင်းကင်သား တို့ရဲ့ ပွဲတော် ဆိုတဲ့ လုံးချင်းထဲလည်း ထည့်ရေးဖူးတယ်။ အဲဒီ ဝတ္ထုထဲမှာ မိသားစု ကဗျာတွေ တော်တော်များများပါတယ်။ ခု အဲဒီစာအုပ်က ကိုယ့်လက်ထဲ တစ်အုပ်မှ မကျန်တော့ ပြန်ရှာလို့ မရတော့ဘူး။ လိုက်စုတုန်းက စုထားတဲ့ စာအရွက်လေးတွေပဲ ပြန်ထွက်လာတာနဲ့  ကဗျာတချို့ တင်လိုက်ပါတယ်။ မိသားစု ဆိုတာလည်း တကယ်တမ်း ကျတော့ မျှော်လင့်ထားသလို ဖြစ်မလာတတ်တဲ့ ထဲ ပါတာပဲမဟုတ်လား ..

မိသားစု
မိုးစက်တွေကို
ကျွန်တော်လက်နဲ့ ခံပြီးကြည့်တယ်
ဘယ်တော့မှ ကျိုးကြေမသွားဘူး
ကျွန်တော်လွှတ်ချလိုက်တော့
အောက်မှာ သွယ်တန်း စီးဆင်းသွားပြန်ရဲ့
မြစ်တွေ ချောင်းတွေ တိမ်တိုက်တွေ …။

ဟိုးအပေါ်က
မိုးစက်တွေလို
ကျွန်တော်ခုန်ကျကြည့်လိုက်တယ်
မိဘရင်ခွင်ထဲရောက်ရဲ့
ဘယ်တော့မှ ကျိုးကြေမသွားဘူး
ကျွန်တော်တို့မောင်နှမတွေ။             ။
ဝင်းမြင့်



မိသားစု
သစ်ခုတ်သမား လက်ထဲက သစ်တောလို
တဆတ်ဆတ်
ဓားအိမ်ထဲ
အမေနဲ့ကျွန်တော်
မိုးအလင်း မီးဖိုလေးဖိုကာထိုင်လို့  ၊

နင်းမိတာ မြေသားစစ်ရဲ့လား
အသားဖတ်ခြောက်တစ်ခုရော မဖြစ်နိုင်ဘူးလား
စတွေးသူ ကျွန်တော့်အဖျား
အမေ့ပါးကို ကူးစက်တယ်၊

ဒီအတွေးနဲ့ ဒီသင်ခန်းစာ
ရေနွေးကရားထဲမှာ ပွက်ပွက်ဆူလို့၊

ဒီညလည်း
သုညကို သိုသိုသိပ်သိပ်
အရည်ပြားပေါ် ဆေးမင်ရည် စုတ်ထိုးလို့သာ
သိပ်လိုက်တော့၊

အပြင်မှာမိုးစဲမစဲ
မမေးခဲ့မိတဲ့ညတွေ

လောကထဲ
အမေ နှစ် ၇၀
ကျွန်တော်က နှစ် ၃၀
အဖေ့ မြေပုံသာ နှစ် ၁၀၀ နှင်းဆီ ပွင့်စေတော့
ဒီဆုတောင်း
ဆောင်းထဲမှာ စုတ်ဖွာနေတော့မှာ သေချာ။             ။
ခရမ်းပြာထက်လူ



မိသားစု
ယိုင်ယိုင်ရွဲရွဲ့ခိုင်မာ
ပေါက်ပေါက်ပြဲပြဲလုံခြုံ
စုတ်စုတ်ပြတ်ပြတ်ခမ်းနား။

အဖေက ခေါင်တိုင်
အမေက လက်ခံတိုင်
မောင်နှမတွေက ထုတ်တန်း
မိုးကြိုးကို ထန်းလက်နဲ့ ကာနိုင်ခဲ့ကြ။

ခုလို
ဖူးငုံရာက သီးပွင့်လာတဲ့နေ့တွေမှာ
ကွယ်လွန်သွားတဲ့ အိမ်ကလေး။

ထုတ်တန်းပေါ် ပြေးနေမယ့်ကြွက်ကလေးတွေ
ထရံပေါက်က ဖောက်ထွက်နေမယ့် မီးရောင်တွေ
ဘူးသီးငါးပေါင်းကြော်လို
ဆောင်းကို ရယ်ပွဲဖွဲ့ ခွန်အားတွေနဲ့
ဟောင်းမြေ့ပြီး ချစ်စရာကောင်းတဲ့ အိမ်ကလေးကို
ခုအခါ
ကျွန်တော်တို့ ဆာလောင်တတ်လာတယ်။        ။
ဝိုင်ချို

ကျေးသားများ
ဖေဖေရက်ဖွဲ့ခဲ့တဲ့ မိသားစုလေးထဲ
မေမေက ခိုလှုံတယ်
မေမေရက်ဖွဲ့ခဲ့တဲ့ မိသားစုလေးထဲ
ဖေဖေက ခိုလှုံတယ်
ငါတို့ရဲ့နုနယ်မှုတွေ လုံခြုံစွာကြီးပြင်း
မိသားစုသီချင်းမှာ
ဆည်းလည်းသံများ
ကြည်နူးသံပြိုင် လှုပ်ခတ်ခဲ့ကြဖူးတယ်

တစ်နေ့
ဘယ်လိုမုန်တိုင်းမျိုးမှန်း
ဘယ်သူမှ မသိနိုင်ခဲ့ကြ
ငါတို့စိတ်တွေ
တစ်နေရာစီ လွင့်ကျခဲ့ကြတယ်
ကျလေရာ ရောမတွေမှာ
ရောမလို ကျင့်ကြံပီသခဲ့ကြတယ် ..။

ငါတို့ရဲ့ စိတ်တွေချင်း
လှမ်းမျှော်ကြည့်ရင် မမြင်နိုင်ကြဘူး
စကားပြောကြရင် ဘာသာစကား မတူကြဘူး
မွတ်သိပ်ကြရင် ချင်ခြင်း မတူကြဘူး
အရင်းအနှီးများတဲ့ ခရီးတွေသွားခဲ့ပြီးတော့မှ
အရင်းအနှီးများတဲ့ ခရီးမို့ 
အိမ်ကို မပြန်နိုင်ခဲ့ကြဘူး။
ငါတို့ ရုပ်ချင်းဆင်တူကြပေမယ့်
အသက်ရှူခြင်း ကွဲခဲ့ကြတယ်။

ဒါပေမယ့်
ငါတို့တွေ
စိတ်ဝမ်းမကွဲခဲ့ကြ။       ။
လွင်ထက်လှိုင်


အနွေးထည်
ကမ္ဘာမှာအလှဆုံး
မြစ်တစ်စင်း
ပကတိ စီးဆင်းနေတာ။

ဘယ်တော့မှ ညှိုးနွမ်းခြင်းမရှိ
ပွင့်နေတဲ့ပန်း
ရင်မှာလန်းတယ်။

အနှောက်အယှက်အဆီးအတားကို
တန်ခိုးစွမ်းအားနဲ့
ကျော်လွှားနိုင်တယ်။

နေမင်းကြီးဟာ
သူ့ရင်ခွင်အောက်က
သားငယ်ကို
အနွေးဓာတ်နဲ့ ပိုက်ထွေးယုယသလို

လိုအပ်နေတဲ့အနွေးထည်
မိဘနှစ်ပါးရဲ့  ရင်မှာရှိတယ်။
စမ်းသီတာ

မြို့ တွေ ရွာတွေ ကဗျာတွေ


မနေ့က နေကောင်းတာနဲ့  စာအုပ်အဝယ်ထွက်ရင်း မနှစ်တည်းက ထုတ်ထားတဲ့ စိတ်ကူးချိုချိုက ကဗျာစာအုပ်လေး တစ်အုပ်ရလာတယ်။ ထုတ်တဲ့ရက်စွဲကို သူက ၂၀၁၁ လို့တပ်ထားလို့ပါ။ ဒီလောက် စာအုပ်ပတ်ဝယ်နေတဲ့ ကျွန်မ မနှစ်က ဘာလို့ မတွေ့တာလဲလို့  စဉ်းစားနေတယ် (ဖြစ်နို်င်တာက စိတ်ကူးချိုချိုက လက်ဆောင်မပေးလို့ပေါ့ :P) အဲဒီထဲက ကဗျာတွေက မြန်မာပြည်ထဲက မြို့ကလေး တွေကို ဖွဲ့ထားတဲ့ ကဗျာတွေ  .. သူ့ နေရာနဲ့ သူ  ၊ သူ့ဒေသနဲ့သူ အားလုံးက ချစ်စရာတွေချည်းပဲ .. နောက် နေရာအလိုက် ရှိနေခဲ့တဲ့ ပုံရိပ်တွေ .. ခံစားချက်တွေ ..  အားလုံးကို ကျွန်မကြိုက်တယ် ..။ ဒါကြောင့် ကဗျာတွေကို နည်းနည်းချင်းစီ ပြန်မျှဝေသွားပေးမယ် လို့စိတ်ကူး ရပါတယ်။ 


ဟင်္သာ တ’ ခြင်း
မမြန်ချင်နေပါစေ
မမြုပ်ရင် တာဝန်ကျေပြီဆိုတဲ့
ဧရာဝတီကြီးရယ် ငါရယ်
၂၀၀၁ ထဲ စီးဆင်းဆဲ …
မြစ်က မြို့ကို ထမ်းလိုက်
မြို့က မြစ်ကိုထမ်းလိုက်နဲ့
ဟင်္သာ တ’သူရေ
ဟင်္သာတွေ ဘယ်လောက်လွမ်းလွမ်း
သင့်မေတ္တာပန်းလောက် မပင်ပန်းခဲ့ဘူး။
ရေက မြစ်ကိုလွှမ်းလိုက်
မြစ်က ရေကိုလွှမ်းလိုက်နဲ့၄၄
သူတို့ ဘဝတွေ
အချိန်က ဖုံးအုပ်သွား ..
ဗျိုး ..
“ ကိုလင်းခက် ”
ခု ကျွန်တော် ရောက်နေတဲ့
ကမ်းတစ်ဖက်မှာ
ဟင်္သာငှက်တွေ မမြင်ရပေမယ့်
အတောင်ခတ်သံတွေ ကြားနေရတယ်။      ။
မောင်သိန်းဇော်

တောင်ခြေရွာ
တောင်ကုန်းမြင့် တစ်ခုပေါ်ကနေ မြင်လိုက်ရ
ဟိုးအဝေးက တောင်ခြေရွာ။

အိမ်တချို့ရဲ့ခေါင်မိုးတွေ ဆီကနေ
မီးခိုးငွေ့တချို့လွင့်တက်လာ
အဲဒီမှာ လောင်ကျွမ်းနေကြတာ
သူတို့ရဲ့ နှလုံးသားတွေ မဟုတ်ဘူးထင်ပါရဲ့ ။

တောင်ခြေအိမ်ရဲ့  အနောက်ဘက်မှာ
စမ်းချောင်းတစ်ခု တွေ့လိုက်ရ
အဲဒီမှာ စီးဆင်းနေကြတာ
သူတို့ရဲ့  မျက်ရည်စတွေ မဟုတ်ဘူးထင်ပါရဲ့ ။

စမ်းချောင်းလေးရဲ့ အထဲကို
လူတချို့ ပစ်ချလိုက်ကြ
ဖာထေးရာ တချို့နဲ့ သူတို့ရဲ့ ပိုက်ကွန်တွေ
အဲဒီမှာ သူတို့ ဆယ်ယူနေကြတာ
တစ်ခါတုန်းက နစ်မြုပ်သွားခဲ့တဲ့
သူတို့ရဲ့  အိပ်မက်တွေ မဟုတ်ဘူးထင်ပါရဲ့ ။            ။
မြင့်မိုးအောင်

ပခုက္ကူ
ပြာထဲ ပိတ်မိနေသော
မီးကျီခဲ။

ခြေထောက်မပါသော
မြစ်။

သီချင်းမဆိုသော
ကျောက်တူးသမား။

ပြုံးနေသော ရုပ်တု။

သော့ခတ်မထားသော
လူတိုင်းမွှေးပျံ့  တမာရနံ့   ။      ။
ကေမျိုးငြိမ်း

ုသိမ်
အရေးထဲများ
န သတ်နဲ့  မ သတ် အငြင်းပွားခဲ့ကြသေး
အတွေး တော်တော်ခေါင်တဲ့ မြို့
(အကြောင်းရှိတော့)
ခပ်ယို့ယို့လေး .။

ငဝန်မြစ်က
အချစ်လွန်ပြီး ပွေ့ဖက်
ဇွတ်အတင်းမလွှတ်
အီစွတ်ပုံပြင်ထဲက မျောက်မကြီး
အချစ်သည်းပုံမျိုး။

ဒီမြို့သားစစ်စစ်ပါ
ဒါပေမယ့်
မြို့ဟာ ကျွန်တော့်ထက် အရင်မွေးခဲ့
သူ့အကြောင်း ရေးတေးတေးပဲသိတယ်။

လောလောဆယ် ဒီမြို့လေ
အိပ်မက်တွေကို ဆွဲဆန့်နေတုန်း
သက်တံရှည်ရှည် တစ်ချောင်းဟာ
မြို့ကို သူ့နှာမောင်းနဲ့ ခွေလိမ်ပတ် ။        ။
တိုးဝေ

ပုသိမ်
နှစ်လုံးတည်းသော အမည်က
တစ်လုံးမှ စိတ်ချမ်းသာစရာ မကောင်း
နှစ်လုံးပေါင်းပြီး ရင်ကော့ထားတာတောင်
ခါးက ကျိုးကျိုးကျတဲ့မြို့ ။

မိတ်ကပ်လူး ပေါင်းတင်
အပြင်အဆင် အခြယ်အသတွေ ဗန်းပြပြီး
လူအဝင်အထွက်များသလောက်
ထမင်းနပ်မမှန်တဲ့မြို့ ။

သူ့ခါးပတ်နဲ့ တူတဲ့လမ်းမကြီးတွေ
စီးစီးပိုင်ပိုင်ပတ်
ညစ်ထပ်ထပ် သူ့ခေါင်းပေါ်မှာ
ဓာတ်ကြိုးနဲ့ ဖုန်းကြိုးတွေ စုချည်
တီဗီ အင်တာနာတွေ ပန်းလိုပန်
ဂျင်းဘောင်းဘီဝတ်ပြီး ခုံဖိနပ်စီးတဲ့မြို့ ။

မျိုးရိုးစဉ်ဆက်
အရှက်ရစရာ အမာရွတ်တွေ
ဖုံးဖိထားရတဲ့ကြား
နှစ်ကိုယ်ကြား စကားတီးတိုးပြောရင်
သူ့အကြောင်းကိုယ်ဖော်
ကိုယ့်အကြောင်းသူဖော်ပြီး
ဘူးပေါ်သလို ပေါ်တဲ့မြို့ ။

သူ့ဝမ်းဗိုက်ထဲက
စပါးကျီကြီး ပုပ်ပုပ်ပြပြီး
အချေးအငှားသိပ်ထူ
ဒါကိုပဲ ဂုဏ်ယူလို့မဆုံး
သူ့ကိုယ်လုံးပေါ်မှာ
ပြွတ်သိပ်လှိုက်စားတာကို
မှန်ကြည့်ရင်း လက်သိပ်ထိုးကျေနပ်
နှာခေါင်းချွန်ချွန်ကို ပွတ်သပ်
စမတ်ကျနေပုံများ
သူ့အစာအိမ်ကို အလုပ်အကျွေးပြုတဲ့
လက်တွေ့မှာတော့
တစ်သောင်းတစ်မတ်နဲ့
ဖျပ်ဖျပ်လူးဆာလောင်နေတဲ့မြို့ ။

ငဝန်မြစ်က
ထွက်ဆိုချက်ကောင်းလို့ အမှုပေါင်းများစွာနဲ့
ခုံရုံးမှာ ဖုံးဖိဖို့  တစ်ကိုယ်လုံး သနပ်ခါးနဲ့
ပေါင်မှာ သေးစီးကြောင်းနဲ့ မြို့ ။

မြို့ အဝင်မြင်ရတဲ့ ထီးကြီးရှိလျက်နဲ့
မိုးရေထဲ လျှောက်အစိုခံ
အပြင်းဖျားအော့အန်တော့မှ
အန်ဖတ်ထဲမှာ ဟန်ဆောင်မှု ဂျုံဖတ်တွေ
ချဉ်စပြုနေတဲ့ စာရိတ္တအသားလုံးကြော်တွေ
လိမ်လည်မှု ဘီယာတွေ
လောင်းကစားမြာပွေ အချိုရည်နံ့တွေ
ညှီစို့စို့ အရက်တွေ စီးကရက်တွေနဲ့
အန်ဖတ်ဆို့ သေသွားရင်
အကောင်းသားလို့ အပြောခံရတဲ့မြို့။

တောင်းစုတ်ပလုံးစုတ်သာ
ပစ်ရိုးထုံးစံရှိတယ်ဆိုတဲ့
သူ့သားသမီးတွေကို
လက်ဖက်ရည်ဆိုင်တွေထဲ စုပြုံထိုင်စောင့်ခိုင်းပြီး
မိန်းမကန်တဲ့ ဘောလုံးပွဲ
သွားအားပေးနေတဲ့မြို့။

စပါးလုံးများ ဆန်ကြမ်းစား
အကြေသားစ အကျီ င်္တွေမှာ
ရွှံ့ နွံပေစင် ချဉ်စော်နံ မဖွပ်လျှော်ပဲ
လက်ကြားစီးကရက်ညှပ်လို့
နှစ်ထပ်သဘောင်္တွေကပ်တဲ့
ကိုယ့်မင်းကိုယ့်ချင်း တံတားမှာ
ကုန်ထမ်းစားနေရတဲ့မြို့ ။

ကုန်တိုက်ကြီးထဲ ရင်ကော့ဝင်
အဟောင်းတန်းကို မထီလေးစားဖြတ်
နှစ်ထပ်ဈေးကြီးထဲ
မဝယ်ပဲ ဈေးမေးတဲ့မြို့ ။

အကယ်ဒမီသုံးထပ်ကွမ်း
ကောလိပ်ကိုနမ်းတဲ့
ပြာနှမ်းနှမ်းကန်ရေပြင်ပေါ်ကို
အချိန်မတော် ခုန်ချတဲ့မြို့ ။

သူ့ရင်ကို သူပြန်ခွဲကြည့်ဖို့
ရင်ခွဲရုံလေးထဲမှာ ပက်လက်
မီးသဂြိုဟ်စက်ထဲသွားဖို့
သရောင်းချောင်းကို ဖြတ်လမ်းမေးတဲ့မြို့ ။

မြို့ကြီးလေ
ပေါင်မုန့် အနားသား အနမ်းတွေနဲ့
မြစ်ဝကျွန်းပေါ်ကို နမ်းနေလိုက်တာများ
သားသည်အမေ ကလေးချီထားတာနဲ့ တူရဲ့ ။

ဒီမြို့ပေါ့
ကြိုးလျော့နေတဲ့ မယ်ဒလင်နဲ့
ညဆို အော်ဟစ်နေတာ ။     ။
ဝင်းမြင့်

အောင်ပင်လယ်
ကိုယ့်နှုတ်ခမ်းကို ကိုက်ထားတဲ့
ရှုခင်းအရ
သူတို့ ဘာမှ မလုပ်နိုင်ကြသေးဘူး
မြို့ကြီးပြကြီးက ပြန်လာတဲ့ လခြမ်းလေးဟာ
ကန်သင်းရိုးပေါ် ရင်ကွဲနာကျလို့
နာကြည်းမှုကို ရင်မှာဝှက်ပြီး
ရေကြည်ရာ စိတ်စောနေကြ
ကြိုးပြေသွားတဲ့ ထင်းစည်းလေးလို
တစ်ချောင်းချင်း အချိုးခံကြရ
သြော် ..
ဘာပဲဖြစ်ဖြစ်
သူ့သီချင်းလေးနဲ့သူ
အဓွန့်ရှည်နေဦးမှာ ..။         
သိုးနွယ်

ရခိုင်ရိုးမကို ကျောပိုးထားတဲ့မြို့
မြို့ဟာ
လူစိမ်းနံ့ရတာနဲ့ သူ့အတောင်ပံတွေကို ဆွဲဖြန့်လိုက်တာပဲ
မျက်လုံးတွေက တစ်နေရာတည်းကို စူးစိုက်ထားဖို့
ဘယ်လောက်တိုးညှင်းတဲ့ လေတိုးသံလဲ
နားက စကားလုံးတွေ ပြန်ဖွဲ့ပြဖို့ အသင့်
ဧည့်ကောင်း စောင်ကောင်းဆိုလည်း ဝတ္တရားမပျက်
ဓားဆိုလည်း ဓား  မြားဆိုလည်း မြား  မရွံ့တဲ့ စိတ်နဲ့
မြို့ရဲ့  အနှံ့မှာ မှန်ချပ်တွေ ထောင်လို့
တစ်စုံတစ်ခုဆိုရင်
ကုန်းနှီးမပါလည်း မြင်းကို ဒုန်းစိုင်းဖို့
ရေပြင်ပေါ် ခဲလုံးကျသလို
သူ့အပေါ် ထနေတဲ့ ဂယက်ကို ထိန်းချုပ်လို့ မရဘူး
နွံဟာ နွံပဲ
ပတ္တမြားဟာ ပတ္တမြား
မြို့ဟာဘယ်တော့မှ မနစ်တဲ့ သတိတရား ။      ။
လင်းသဏ်ညီ


လှိုင်သာယာ
ဘာထူးလဲ
လမ်းပေါ်ထွက်လိုက်တာနဲ့
ငါလည်း လက်လုပ်လက်စားပဲ ..
(အညှီနံ့က  နောက်ကားပါလာတာကို သိတယ်)
“ကျော်မတက်စေနဲ့ ” တဲ့
စပယ်ယာအသံမှာ ဆူးတွေ အပြည့်နဲ့
ခေတ်တစ်ခေတ်
လူရှစ်ဆယ်ကို
သစ်သား ဘတ်စ်ကားကြီးထဲ
ထည့်ပြီး ခလောက်တော့
၁၉ ၄၀လောက်ဆီ ပြန်ရောက်သွားကြတယ်။ 
နေတတ်ရင် ဘဝဟာ ပျော်ရွှင်ဖွယ်ရာပါ
ပန်းခင်းကြီးမဖြစ်လည်း ချုံပုတ်ကလေးပေါ့
ဒါပေမယ့် သတ္တိရှိတဲ့ ချုံပုတ်ကလေး ..။           ။
မောင်ဖီလာ

ဝင်းမြင့် ၏ ကဗျာများ

Friday, April 19, 2013



လုံးဝလှပနေသော ကော်ပတ်ရုပ်

မီးညွန့်ကြားထဲ သူတို့ခန္ဓာကိုယ်ကို ပစ်သွင်းနေလိုက်ကြတာ
မီးရောင်တွေ ပိုထွန်းကားလာတဲ့အထိ အတောင်ပံတွေ
ဆေးရုံက ဆင်းလာပြီး ဗမာဆေးနဲ့ ပြန်ကောင်းလာတဲ့စာအုပ်
ဘ၀နေပုံနေထိုင်နည်းတွေက ရှေးရိုးစွဲဆန်ခြင်းနဲ့ ခေတ်မီမှုကြားမှာ နေတယ်
သူ့မျက်လုံးထဲက ကမ္ဘာကြီးဟာ ဘယ်လောက်သေးသလဲဆိုတာ တွေ့လိုက်တော့
စကားလုံးတွေ ဘာဖြစ်သွားသလဲ မောင်ရေခဲ
သန်းနဲ့ချီတဲ့ အရက်သမားတွေဟာ သူတို့ရဲ့အာခေါင်ကို အပူရေတွေနဲ့
လောင်းချပြီး ယစ်ရွှေရည်ဆိုတဲ့ ငရဲမှာ ခဏခံစားတာကို ခံစားမှုလို့ ပြောခိုင်းတယ်
အို …အသင်လောက တံတားဆိုတာ ဟိုတစ်ဖက် ဒီတစ်ဖက်
ဘယ်တစ်ဖက်၊ ညာတစ်ဖက် ဖွဲ့ထားတဲ့ လူသား
တွေးကြောက်ကြံကြောက် မျက်မမြင်ကျောက်တွေဟာ တောင်တွေပ်ါက
ခုန်ဆင်းလာပြီး လမ်းသွယ်လမ်းမတွေထဲ ၀င်ရောက်လမ်းဖြစ်သွားကြတယ်
နေကို ကြည့်ရတာ အလွန်ပျော်နေတဲ့ ကပွဲခန်းမလို
ဒါဟာ တစ်ညလုံး လာလာ၊ မလာလာ စောင့်ပေးတဲ့မီးသီး
ဘ၀ဆိုတာ သူတို့လိုဖြစ်ရမယ်လို့ သူတို့က ပြောတယ်
ကလေးပေါက်စနလေးတွေက တကယ်ထင်ပြီး လိုက်လုပ်တယ်၊ ဘာတွေလဲ။


ရှေ့တန်းစာမျက်နှာ

ပင်လယ်ကွေ့စစ်ပွဲဟာ အိပ်နေတယ်
ပိတ်မိနေတဲ့ မျက်ခွံအောက်က ပျောက်ဆုံးနေသော ကမ်းတက်အထူးတပ်ဖွဲ့
အိပ်/စစ်ရေးမ၀တဲ့ မျက်တောင်တွေကို ဖယ်ရှားရင် တစ်ချောင်းချင်း ဆွဲနုတ်ပစ်
ကျည်ခွံတွေဟာ စက်သေနတ်ထဲက တဝေါဝေါ ခလောခလောနဲ့ ဟောက်နေတယ်
အသံတွေကို ထိမှန် နံရံတွေကို ထိမှန် အိပ်မက်တွေကို ထိမှန် ရေဒါမှာ ပေါ်နေပြီ
ဆက်သွယ်ရေးနတ်သား ကြားရင်အကြောင်းပြန် ပြန်ရင်အကြောင်းကြား
သွားတွေကို ၀င်တိုက်ပစ် မျက်နှာတွေကို ၀င်သစ်ပစ်
မျက်နှာသုတ်ပ၀ါနဲ့ သုတ်သင်ပစ်
ပလုံစီနေတဲ့ အညှီနဲ့ မချက်ရသေးတဲ့ ရေနံ စစ်ပွဲရဲ့ စားကြွင်းစားကျန်
လေဆာကို သုံးစွဲခြင်းဖြင့် မြေအောက်မီတာ တစ်သောင်းထိ ရှာဖွေနိုင်သော
ကာကွယ်ရေးပဋိညာဉ် စကာ့ဒ်ဒုံးကျည်နှစ်စင်း နှာင်ခေါင်းတွင်းမှ အဆက်မပြတ်
သွေးလွှတ်ကြောတွေထဲ ညက သောက်ထားတဲ့ အရက်နှစ်ဖာလုံ
စစ်အသုံးစရိတ် ငါးကင်နှစ်ကောင် ခရမ်းချဉ်သီးတော့ ဆလတ်ရွက်
ပင်လယ်ကွေ့စစ်ပွဲဟာ တစ်ချက်တစ်ချက် တွန့်ခနဲ တွန့်ခနဲ အကြောဆွဲ
ကယောင်ကတမ်း မီးယမ်းအကုန် ခုတင်ပေါ် အတုန်းအရုန်း ပင်လယ်ကွေ့
စစ်ပွဲဟာ ခြင်ထောင်ထောင် ပင်လယ်ကွေ့စစ်ပွဲဟာ ဘုရားရှိခိုး
ပင်လယ်ကွေ့စစ်ပွဲဟာ
စောင်ခြုံမီးခွက်မှုတ် ခလုတ်ပိတ် (ပင်လယ်ကွေ့စစ်ပွဲအတွင်း သေဆုံးသော
အိပ်မက်များမှ အထူးကြေညာချက်) ပင်လယ်ဟာ ပင်လယ်လိုမနေလို့
စစ်ပွဲဖြစ်လာတယ်။ စစ်ပွဲဟာ အိပ်လိုကောင်းတဲ့ မီဒီယာပဲ
ကမ္ဘာကြီးဟာ ဂျုံကြောင့် ပလာတာဖြစ်လာသလို ပဲကြောင့် ပဲပလာတာ
ဖြစ်လာတယ်၊ ဘယ်ပွဲကြောင့် စစ်ဖြစ်ခဲ့ရသလဲ၊ စစ်ဟာ ပွဲဟုတ်မဟုတ်
ပင်လယ်ကို နောက်နောင် ဘယ်တော့မှ အကွေ့မခိုင်းဘူး။
5 jan’ 2008


တချို့အမှတ်အသားတွေက လိုအပ်မှ ပေါ်လာတယ်

ရေငွေ့ရိုက်ထားတဲ့ မှန်သားပြင်ပေါ် လက်နဲ့လှော်ထားတဲ့ လှေကလေး
ဟောဒီလှိုင်းတွေသာ မရှိရင် ရေပြင်ဟာ ခြောက်သွေ့နေမယ့် အတွန့်အကွေး
ရေကူးကန်မှာ ရေမကူးခင် ရေချိုးရတဲ့ အဖြစ်မှန်တွေလိုပဲ
အမြင်မှန်ရဖို့ မျက်မှန်ကို အဆတိုးကြည့်စေခြင်း
“အမြုပ်ထနေတဲ့ ဘီယာကောင်တွေ အိမ်က မိန်းမတွေ လိုက်လာတော့မှ”
ဘီယာကိုယ်စားလှယ် မိန်းကလေး၏ ပြောပြချက် “အမြုပ်တွေ သေသွားတယ်”
အပြင်မှာ မျက်နှာဖုံးနဲ့ အတွင်းမှာ စကားလုံးတွေ ပြည့်နေတဲ့ ခပ်ထူ
နေ့စဉ်စားဝတ်နေမှုထဲ မပါတော့တဲ့ တစ်ခုခု အမှတ်တံဆိပ်မှ မရှိ
တီဗီက တင်ဆက်တဲ့ ကိုယ်လက်ကြံ့ခိုင်ရေး အစီအစဉ်ကို
မလှုပ်မယှက်ကြည့်နေတဲ့
ကြီးမားသော အသေးအဖွဲတွေ အားလုံးကို ချုံ့ပစ်လိုက်ပြီ
ပလတ်စတစ်နှင်းဆီးပန်းတွေဟာ တော်တန်ရုံနဲ့ မညှိုးဘူးဆိုရင်
ဒါဟာ တစ်ကမ္ဘာလုံးနဲ့ ဆိုင်တဲ့ အမှန်တရားနဲ့ ပြုလုပ်ထားတဲ့ စက်ရုံထွက်ပစ္စည်း
“ရှိတာအကုန်ထုတ်” အနုနည်းနဲ့ မရတော့ဘူးဆိုရင်
ပညာနဲ့ ရှင်နေကြဆဲ ကမ္ဘာကုန်ကျယ်သ၍ စာကြိုးစား
လှေကားပေါ်က ဆင်းလာတဲ့ အထစ်တွေဟာ လှေကားပေါ် ပြန်တက်သွားတဲ့
အထက်ပါအတိုင်း လှေကားထစ်တွေပါပဲ သဘာဝဓမ္မလိုလို
ဗီနိုင်းပစ္စည်းတွေလို စွန့်ပစ်ခံ အမှုန်အမွှားတွေမှ တစ်ဆင့်
သုတေသနနဲ့ လုပ်အားအလှ တွဲချိတ်အသက်ဝင်လိုက်ပြီ
“ကမ္ဘာကျော်မယ့်ကောင် ဘယ်ကောင်လဲဟေ့”နေကိုမော့ကြည့်
အော်ပြောတဲ့အခါ ငါးတစ်ကောင် နေ၀င်လာတော့ ချောင်းရိုးထဲ ၀င်ပြေးသွားသလို
လင်စားချေခြင်းဆိုတာ မရှိဘူး မကြင်နာလို တိုက်မိသွားတတ်တဲ့
မတော်တဆမှုတွေလိုပဲ အဲဒီမတော်တဆဆိုတာလည်း တကယ်ဖြစ်ခဲ့တာတွေသာ။


ပုံပါအတိုင်း

ဝါကျတစ်ခုရဲ့ အဓိပ္ပာယ်ရှိရာ ချီတက်ခဲ့တဲ့ လိုရင်းတွေထဲမှာ
ယူနီဖောင်းဝတ်မထားတဲ့ ကြိယာတွေ
သို့
ရေကူးဝတ်စုံနဲ့ ရေပန်းစား/ကစားနေတဲ့ ကလန်စီ(အက်ဘီ)
မိမွေးတိုင်းဖမွေးတိုင်း သမီးလေးမွေးတယ်ဆိုတော့
ဝမ်းသာတယ် မအိုတော့ခြင်းနဲ့ အပျိုမဖြစ်တော့ခြင်း
သံပန်းဆိုတဲ့ ပမာဏလောက် ဝေးကွာတဲ့ နီးစပ်မှု
အချိန်မီ ပင်ဂွင်းငှက်တွေ ကယ်ရန်အပိုင်းဒေသက (ငါ) နောက်ကျသွားတယ်လို
နေကြာစေ့လှော်တွေက နေကြာပန်းခင်းအကြောင်း
အရိုးက အသားအကြောင်း၊ အခြားသူတွေ ရေးပြီးသား
အရှည်သဖြင့်တွေ လျှပ်တစ်ပြက် ဒီကဗျာ မီးမကူးဘူး လျှပ်မကူးဘူး
ပြီးတယ်
ပေါ့ပါးတဲ့ အလူမီနီယံ ကာဗွန်ဖိုင်ဘာ ဖိုင်ဘာဂလက်စ်နဲ့ ပေါ်လီကာဘွန်နိတ်တို့လို
လူလူချင်းဆိုတော့ နီးစပ်တဲ့ သတ္တ၀ါတွေနဲ့ ခိုင်းနှိုင်းကြတာမျိုးပေါ့
ဆူးညှောင့်ခလုတ်တွေမှာ လမ်းရှိတယ် မာကြောတဲ့ ထုထည်ထဲ
သေးငယ်တဲ့အက်တမ်ကို ရောစပ်နိုင်ခြင်းလို့ ဆိုလိုတာလား
ငါ ပြောနေကျအမှောင်ထဲမှာ လင်းနေတဲ့ကြယ်တစ်ကောင်
အတောင်ပံငါးဖက်နဲ့။


ကဗျာဆိုတာ ဒီလိုဖတ်ရတယ်

ပလတ်စတစ်မျက်နှာအောက်မှာ အကုန်အကျသက်သာစေပြီး
ပေါ့ပါးလွယ်ကူစေတဲ့ တာဝန်ဝတ္တရားလို အိပ်ရာထဲက ရှစ်နာရီတွေ
မေဒေးဆိုတဲ့ အသားမည်း၊ လေးဒေါင့်ကျ အမျိုးသမီးရဲ့ ရော်ဂျာမိုး
007 အပေါ် ထားရှိတဲ့ အလုပ်သမားနေ့မျိုး
လောကကြီးရဲ့ ဆန်းကြယ်တဲ့ အနံ့အရသာအရောင်တွေကို စားသုံးနိုင်ပါတယ်
အဖြူအမည်းကလွဲရင် ကျန်တဲ့အရောင်တွေ မသိတဲ့ ကာလာဘလိုင်းဖြစ်ခြင်းထဲ
ဖြေဆိုသူရဲ့ ဦးနှောက်ကို မေးခွန်းတွေထောက်ပြီး စာမေး
ပွဲရဲ့ ရေပြင်ပေါ်မှာ ပြေးတက်နေတဲ့ စိတ်ကူးစိတ်သန်းအညွန့်အနွယ်တွေ
လူ့ဘ၀ရဲ့ မမြဲခြင်းတွေထဲမှာ ခင်းထားတဲ့မျက်နှာကျက်
အဲဒီတောတောင်တွေကြားထဲက ထွက်လာတဲ့ ကမာရွတ်တွေ၊ အလုံတွေ၊
လှည်းတန်းတွေ
အဲဒီမျက်နှာပေါ်မှာ ထိုင်မနေရင် ထနေမယ် ထမနေရင်
လှဲနေမယ်၊ တစ်ခုခုပဲ ပဲတစ်ခုခုများချင်များနေမယ့် အဆိုအမိန့်တွေလို
ထိုးထိုးထောင်ထောင် ဖြစ်နေတဲ့ သောင်တင်သင်္ဘောရဲ့ အချက်ပြအလံ
ကျွန်တော် ပြောတာက ၀င်းမြစ်ဟာ နှစ်ခါမစီးဘူး
သူတို့ရဲ့ စွန့်စားမှုဟာ နားရွက်တွေ ထောင်လာပြီး ပါးစပ်ထဲ
သွားတွေနဲ့ ပြေည့်လာတယ်၊ အိပ်မက်ထဲ (NO) နှိုးနေတဲ့လူနဲ့ ရန်ဖြစ်ခြင်းပဲ။
၁၀-၁၁-၂၀၁၁

အမှန်ပြင်ဆင်ချက်

ပကတိ တိတ်ဆိတ်နေတဲ့ ဟင်းလင်းပြင်က တံခါးလို မတ်မတ်စောင့်

ဟိတ်နဲ့ဟန်နဲ့ အောက်က ပုရွတ်ဆိတ်တွေ ဖြတ်သန်းနေကြပြီ
ပုံးအလွတ်တွေ၊ လွတ်လွတ်လပ်လပ် ဘာမဆို ထည့်ဝင်ဖို့ ရှိနေ
တစ်ချိန်က သတ်မှတ်ခံ တံဆိပ်တစ်ခုခုရဲ့ အညွှန်းေ၀၀ါးခြင်းထဲ
“အင်း” နဲ့ “အဲ” ကြားမှာ နှစ်များစွာ ရှိလာတော့ အာမေဋိတ်တွေ
တုန်ခါသမှု ပြုကြမယ် အဖုအထစ်တွေ ကိုယ်တိုင်က လူဖြစ်လာခြင်းနဲ့
ဒါဟာ နယ်ကုန် ဒါကို ထပ်ကျော်ရင် ကြယ်စုံတဲ့ ၀ရန်တာအပြင်
အမြင့်ကြောက်စိတ်ထဲက အောက်ငုံ့ကြည့်ခြင်းနဲ့ ဆင်တူတယ်
ပိုမြင်ရတာက အလင်းရောင်ရဲ့ သင်္ချာထောင့်ချိုးအတိုင်း
ကျရောက်နေတဲ့ အဓိပ္ပာယ်ဆိုင်ရာ အရိပ်ထဲမှာ
ကျောက်စက်ရေက ဖြစ်တဲ့ ကျောက်ဖြစ်ရုပ်ကြွေး မျက်ရည်ကို
သုတ်လိုက်ရင် ကျောက်မှုန်တွေ ထွက်တယ် ဟိုက်ဒရိုဂျင်တိမ်တိုက်ဖြစ်တဲ့
ကြယ်တွေလို အတိတ်က လေပူဖောင်းတွေ ငွေ့ရည်ဖွဲ့ပြီး
ထုထည်တွေဘက် အားပြုလာတဲ့ အမြင်ပါးလွှာမှု
ဒီတံခါးမှာ အတွင်းကမြင်ပြီး အပြင်က မမြင်ရတဲ့
မှန်ကို တပ်ဆင်မယ် မဟုတ်လား။

 အို …သုည၊ ဇီးရိုး၊ ၀လုံး၊ အ၀ိုင်း

နေရဲ့အလင်းရှေ့ပြေးဟာ စာအုပ်ထဲ ၀င်လာပြီး နားရွက်များကအစ
မကြာခင် တစ်ကိုယ်လုံး လင်းထိန်သွားတော့မှာ
ညတာဝန်ရှိသူရဲ့ ရရှိလိုက်တဲ့ သတိထဲမှာ မေ့လျော့နေတဲ့ နေ့လို
ထက်သန်မှုလည်းမရှိ လက်ကြောကမတင်း အမောမလုံတဲ့
ခြောက်ပြစ်ကင်းတွေ
အားနဲ့မာန်နဲ့ ဘယ်လောက်ဟိန်းနေချင်သေးသလဲ ဘယ်လောက်
ဟောက်နေချင်သေးသလဲ အိပ်ပျော်နေသူရဲ့ ခေါက်နေတဲ့ လေပြွန်ထဲက ထွက်နေတဲ့အသံ
အပြင်မှာ တစ်ခြမ်းကောင်းသေးတဲ့ အကောင်းမြင်မှုဟာ အတွင်းမှာ
တစ်ဝက်ရနိုင်သေးတဲ့ သံသယ ပယ်ဖျက်ခြင်းလို
ဆိုးသွမ်းမှုလည်းဟုတ် စိတ်ဓာတ်စည်းကမ်းလည်း ညံ့ဖျင်း လမ်းဘေး
ဆိုင်းဘုတ်တွေကို ဖျက်ဆီးပစ်ပေါက်သွားတဲ့ လက်သည်မရှိ
မွေးလာတဲ့လူရဲ့ ပတ်သက်စရာပစ္စည်းတွေ အလ င်းရောင်ထဲ ထင်ရှားနေပေမယ့်
အမှောင်ထဲမှာ ကျုံ့ဝင်သေးငယ်သွားကြပြီ
နံရံမှာ အတန်တန် ဖြတ်သွားတဲ့ အရိပ်တွေလို ကြာလာတော့ အညို
အမည်းစွဲလာတဲ့ ဖြစ်နိုင်ချေထဲမှာ နဲ့နဲ့နဲ့နဲ့(နဲ့)နဲ့နဲ့ လာမယ်
ကားက အရှိန်အဟုန်နဲ့ ပြေးနေတုန်း ဒီအခိုက်အတန့်
ဒီအခြေအနေရဲ့ ဟိုဘက်မှာ
လူဆိုတာမျိုးက တိတ်ဆိတ်နေတဲ့ ဟော်လိုခန်းမထဲ
အသံတစ်ခု ကျရောက်သွားသလို
ပြီးရင်တော့ ပြန်လည်တိတ်ဆိတ်သွားတတ်တာမျိုး ကြားယောင်
ခေါင်းစဉ်က အပေါ်မှာ၊ အစမှာ လူသားနဲ့ သဘာဝတရား
အောက်မှာတော့ လုပ်သားရဲ့အမည် အလယ်မှာ လုပ်သားကြိုးစားထားသမျှ။

ဒေါက်တာဘမော်

အို … အရက်သမားငဲ့
ဆိုင်ထဲက လှမ်းကြည့်နေတဲ့
ပွယောင်းယောင်း လမျက်နှာ“ာ
ကတုံးတုံးထားတယ်
အရက်မ၀သေးဘူးတဲ့
စွပ်ကျယ်ဟာ ဂျိုင်းအောက်က
အရိုးလို တွဲကျနေပေါ့
လှေကားဟာ ထောင်ထားသလို
လှဲနေသလို
အို …နံနက်ဦးရေးလေးငဲ့
လဟာ မနက်စောစောထွက်ထိုင်ပြီး
ယောင်ကိုင်းနေတယ်၊ အလင်းပိတ်
ပင်လယ်ဝမှာ တေ့ထားသလို
စုပ်ယူလိုက်တယ်
မြစ်ဟာ ဖန်ခွက်ထဲ ရေခမ်းသွားတဲ့အထိ
အရက်ပျံက ဒဏ်ရာပေါ် ဆွတ်လိုက်သလို
အနာပေါ် တုတ်ကျနေတဲ့လ
ကန့်လန့်ဖြတ်အစင်းကြောင်း
ထပ်မရောင်းတော့ပါ။

သဲလွန်စ

လန့်ဖျပ်မှုဟာ အမြဲတမ်း မဖြစ်ပေါ်နိုင်
တစ်သက်မှာ အကြီးအကျယ်
သုံးခါလောက်ပဲ ဖြစ်တတ်တာမျိုး
နှစ်လေးဆယ်မှာ နှစ်ခါလောက်ကြုံပြီးတဲ့နောက်
လန့်ဖျပ်မှုကို တွေ့ရှိဖို့၊ သရဲကား ပစ်ကား သတ်ကားတွေထဲ
ပန်းချီကားထဲက ကြောင်ကလေးဟာ
လန့်ဖျပ်မှုကို ကြုံကြီးတဲ့နောက်
ဘောင်ထောင့်မှာ တစ်သက်လုံး ခွေနေတော့မယ်
အ၀ါနဲ့နီညို မျက်လုံးက
မှောင်ထဲက အစိမ်းရောင်
မီးပွိုင့်တစ်ခု လို့လည်း ထင်စရာ။
ကားကို ဘရိတ်ဆွဲအုပ်လိုက်တော့
သတိဟာ ထိတ်ခနဲ ဖြစ်သွားတဲ့မျဉ်းကျား
ဖြတ်ကူးမှုမှာ လန့်ဖျတပ်မှု မပါစေချင်ဘူး၊
အမိုးလေး လဲကျတာကို ကောင်းကင်လို့ ထင်သွားခြင်း
မျောက်ဟာ မြေကြီးကို ထ၊ ထ စမ်းကြည့်ပြီး
အမြော်အမြင်ကြီးကြီးနဲ့ လန့်ဖျပ်မှုကို ပိတ်ကန်နေလိုက်တယ်၊
လန့်ဖျပ်မှုဟာ ကြေမွပြီး
သဲလွန်စတွေ ဖြစ်ကုန်တော့တာပေါ့
ခွေးဟာ နံရံက ကျင်ငယ်နံ့ကို စူးစမ်းသိရှိသွားတဲ့နောက်။

ငါးဆယ်ရာခိုင်နှုန်း

သံပန်းသံတံခါးတွေကို အသေပိတ်မထားရ
မတော်တဆ မီးလောင်မှု ဖြစ်ပွားလျှင်
ဆင်းနိုင်တက်နိုင်ရန် ပြုတ်ထွက်နေတဲ့
ပတ္တာကို ကြိုးနဲ့ဆိုင်းထားလိုက်တယ်၊
ကြိုးမဲ့ဆက်သွယ်နေတဲ့ မမြင်ရမှုတွေနဲ့
ကိုယ်တွေ့မဟုတ်တာတွရဲ့ ကြားမှာ
ဓာတ်ကြိုးတန်းပေါ်မျာ နားနေတဲ့ငှက်တွ
ငှက်တွေရဲ့ နားနားနေနေ နေမှုဟာ အသက်ရဲ့
အန္တရာယ်အငွေ့အသက် ၅၀ ရာခိုင်နှုန်း
ပါဝင်ပတ်သက်နေတဲ့ အလင်းထဲမှာ
ကိုယ်ကျွေးမှ စားရတဲ့ သတ္တ၀ါလေးတွေကို
ညှာညှာတာတာ ဆက်ဆံခြင်းအားဖြင့်
သူတို့ရဲ့ အမွေးတွေ၊ လျှာတွေ၊ ဦးခေါင်းတွေနဲ့
ကိုယ်တို့နာတွေ ပါးတွေနားကပ်လာတဲ့အခါ
လွန်ကျူးတယ်လို့ အတေးအမှတ် ပြုလုပ်လို့
ဘာသာသဘာဝကွဲပြားမှုတွေအပေါ်
ပြန်လည်လက်ခံတွေ့ဆုံရတဲ့အခါ
သူတို့ရဲ့ မူရင်းအဓိပ္ပာယ်တွေလည်း
ရွှေ့လို့မရတော့သလိုပေါ့။
ရာသီဥတုလည်း ဆက်လည်နေမယ်
ကျောက်တုံးတွေလည်း ဆက်သွားနေတယ်။


အယောင်ယောင်အမှားမှား (၂)

ကျောင်းပြန်တက်ရမယ်တဲ့
အသက်ကကြီးတောင်ကြီးနေပါပြီ
ဒါပေမဲ့ လက်မှတ်အတုနဲ့ပေါ့
ကျောင်းဆိုတာ ကျောင်းပါပဲ
အချိန်ကုန်သက်သာအောင် လုပ်ပေးတယ်
အသက်ကလေးကြီးလာတဲ့အထိ
အတက်ကလေး
မကြီးမငယ် ထွက်လာတော့
နောက်ဆို … ဒီအတက်နဲ့ လိုက်ခွပ်ရင်း
အမောက်တွေ လည်ဆံတွေထောင်လို့
ခွပ်ကြပါဦးလား ခွပ်ကြပါဦး
ဆီးဂိမ်းမှာ ထည့်ကစားကြတာပေါ့၊
အားကစားဂျာနယ်တဖျပ်ဖျပ်
ရောင်းနေတာ မဟုတ်ဘူး ဦးလေး
လူတစ်ယောက် ပေးခိုင်းလိုက်တာ
ပေး ပေး၊ အေး အေး
ပြတင်းပေါက်နားမှာ ထိုင်ဖတ်
လေနဲ့နေ တဖျပ်ဖျပ်
တိမ်တွေ အဖတ်အဖတ်နဲ့
ကတ်ကြေးနဲ့ ညှပ်ယူကြတာ
လက်နဲ့ဖဲ့လို့မရတာက
ကောင်းကင်က ကျယ်ပြောငှက်တွေလေထဲ
ဗောလောပေါ်ခြင်းနိယာမ
လေယာဉ်လို ဂြိုဟ်တေါက အနန္တစကြာဝဠာ၊
သတိနဲ့ ကျွန်တော်တို့ သက်ဆင်းကြတယ်
ကိုယ့်အင်္ကျီတွေအတွင်းကို
လေမသပ်အောင်ထားရတယ်
အရိုးအဆီခမ်းသွားမှာ
ပန်းတွေပွကုန်မှာ
မလိုလားတာတော့ အသေအချာဘဲ
မိုးသာအထုပ်လိုက်အခက်လိုက်
အကျော်ခံလိုက်ရသတဲ့
မိုးတိုးမတ်တပ်ပဲ
လက်ချည်းဗလာနဲ့
ထီးမပါဘူးပေါ့
ဘယ်ရောက်ကုန်ပြီလဲ
ချောင်းဘေးမှာ ပစ်ချခဲ့တာလား
လယ်ကွင်းစပ်မှာ ၀ှက်ခဲ့တာလား
ညဆို မှောင်သွားတာမျိုး
အေးရော၊
အကျိုးအကြောင်းဆက်စပ်ပြ
ခွပ်ရဦးမှာလား ခွပ်ကြပါဦး
ရေတိုက်နေတာလေ
သူ့မှာ လည်ချောင်းမရှိတော့ဘူးတဲ့
လယ်တွေချောင်းတွေ
မရှိတော့တာကို ပြောနေတာ၊ ပြောတာ
ရေသန့်ဝယ်သောက်လိုက်ပါတော့လား
ဘာနဲ့ မြိုမလဲတဲ့
မြို့တက်ပေါ့ကွာတဲ့
မြို့မှာ အဲဒါအကုန်ရှိတာပဲတဲ့။
(သောကြာ၊ ၁၅-၆-၂၀၁၂)


 ဂြိုဟ်သား

ဝပ်အားနည်းတဲ့ မီးသီးဟာ
မျက်နှာကျက်ပေါ်က လှမ်းဖတ်တယ်
“မအိပ်သေးဘူးလား၊ ကဗျာတွေ ကုန်တယ်”
ထုံနေကြလေပြီ၊ ထိလို့ထိမှန်း မသိတော့ဘူး
ဟောဒီ သစ်ပင်ရဲ့ အသားကမှ တိုးသာဆုတ်သာ
ညဆိုသူတို့ ထွက်လာကြတယ် ဟောဒီနေရာ၊
ဟောဒီနေရာ၊ ဟောဒီ့ကြယ် … ပုံမှန်ပါပဲ
စွဲစွဲလန်းလန်းပဲ၊ နှစ်ချက်သုံးချက်သမ်းဝေလိုက်တယ်
စာရွက်ပေါ် နှစ်ကြောင်းသုံးကြောင်း ချရေးလိုက်သလို။
ငွေရှင်ကြေးရှင်တို့ရဲ့ အဆိုအမိန့်တွေအောက်မှာ
သကြားလုံးတွေက ရာသီဥတုအတိုင်းအရည်ပျော်လို့
ပေါင်မုန့်လေးတွေမှာ မာတောင့်တောင့် ဖြစ်ကျန်ခဲ့တယ်။
နှလုံးခုန်တိုင်း ကိရိယာကို ရင်ဘတ်တေပါ် တင်ထားစေပြီး
ဆရာဝန်ပစ်လွှတ်တော့မယ် မှတ်ချက်ထဲမှာ
ရှောင်လို့ ရှားလို့ မဖြစ်နိုင်တဲ့ နှလုံးခုန်သံ
ကလေးတွေက အပြင်မှာ ပိုက်ဆံကြေး၊ ဒိုးထိုးတုန်း
လူကြီးတွေက အပြင်မှာ ငွေကြေးထွက်ရှာနေကြပုံမျိုး
ကြိယာတွေဟာ ရွေ့ကုန်ပြီ၊ သုန်သုန်မှုန်မှုန်နဲ့။
အဆဲအဆိုများတဲ ဖရုသ၀ါစာတွေလို
အရွဲ့အစောင်း သဘောဆန်တဲ့ လ၊ ကြတ်ခြင်းတွေ
အဲဒီအထဲမှာ တချို့ဂြိုဟ်ကို ဖြစ်ကြသလို
ဒီဂြိုဟ်သားဟာ နောက်ဆုံးပေါ် လှည့်ကွက်တစ်ခုဖြစ်နိုင်ပေမယ့်
တကယ့်ဂြိုဟ်သားဖြစ်နိုင်တယ်ဆိုတဲ့ အလားအလာဟာ
ကျောက်ခဲများကဲ့သို့ မျက်ရည်များ ငိုချခြင်း(အိန္ဒိယအမျိုးသမီးငယ်)။


ဝါးဘလောက်သောက်မြစ် ခမ်းသွားပြီ ၂၀၀၉/၂၀၁၀

ရန်ကုန်ကိုမ၀င်ခင်
တူးမြောင်းကို ကျေးဇူးတင်
ရွှေတိဂုံရှင်တော်မြတ်ဘုရား
(၁၉၉၃)။

ရန်ကုန်

လက်သမား
လယ်သမားများ
ပန်းရံများ
ပန်းသည်များ
အင်ဂျင်နီယာများ
အင်ဂျင်ကိုင်သူများ။


ရှေ့ခရီး

လူတွေကိုလေထဲက
ပို့လိုက်တယ်၊ ဒီစကားဟာ
ရင်ခုန်စရာပဲ “ဟစ်ဂ်ဘိုဆင်”
ခေါ်တဲ့ အလင်းအမှုန်လေးတွေက
တစ်ဆင့်ဒြပ်ငွေ့ကိုမေတ္တာဓာတ်လို
ထုထည်ပြုလုပ်ဖို့
တွေ့ရှိသွားတဲ့ နောက်တစ်ရက်
ကမ္ဘာကို ဂြိုဟ်တုနဲ့ တက်ကြည့်ဖို့
ဝန်မလေးတော့ပါ။
ပင်လယ်ရေအောက်အနက်
“ဘလက်ဟိုး”တွင်းနက်ထဲ
တရုတ်ရေငုတ်ယာဉ်
အကြိမ်ကြိမ်သက်ဆင်းနေတာ
မထောက်လှမ်းတော့ပါ၊
နောက်ထပ်စကြာဝဠာနံရံကို
ဂြိုဟ်တုနဲ့ ခေါက်ကြည့်ဖို့
ကံစမ်းကြဦးမယ်ဆိုတာ
ဘ၀စာမျက်နှာတွေကို
ဖန်သားပြင်ပေါ်မှာတစ်ရွက်ချင်း
လှန်ဖတ်သလိုလက်ကလေးနဲ့
ပွတ်သပ်လိုက်တာနဲ့
အခက်အခဲတွေ ပြေလည်သွားမယ်ဆိုတာ
ယုံကြည်ပါတယ်ချစ်သူ။


ဟင်းသီးဟင်းရွက်တချို့/စာသားတချို့

ခါထုတ်လိုက်၊ ပြန်ဝတ်လိုက်
ပျပ်ဝပ်ရိုသေ
အ၀တ်တစ်ထည်ရဲ့ လူမှုရေး
အခြေအနေမှာ
ခေါက်ရိုးကျိုးသို့မဟုတ်
အတွန့်အကြောဆွဲဆန့်စေ
အလျားလိုက်ခွေနေတဲ့
မြွေအရေခွံလဲခြင်းမဟုတ်
သို့မဟုတ် ကားဘော်ဒီ
စပရေးဖြင့် နံရံမှာ
ငေါ့ပန်းသွားခြင်း
ယုန်ရုပ်ရေးသူ
“ဏ”ပါသောစာသားများ
စကားလုံးကယ်ရီ
ကေးချားပြုလုပ်သူ
ဆေးသားသုံးခါလောက်
ကွာကျပြီးကာလရဲ့
အစတစ်စနဲ့ အမြီးတစ်ချောင်း
ပေါက်နေတဲ့ လျှပ်စစ်
ဓာတ်ကြိုးမိုးပေါ်က
အချိုးကျ ရွာပေးတဲ့မိုး
ရေဟာအရေးတကြီး
စိတ်လှုပ်ရှားနေသော
သစ်ပင်များရဲ့အပေါ်
မိုးဟာမိုးကာနဲ့ ဘွတ်ဖိနပ်နဲ့
လယ်စိုက်နေတာလား
ကြက်ဆူပင်စိုက်နေတာပါ
လယ်တွေဟာဖန်သားပြင်ပေါ်
လွင့်နေကြတယ်
ရွာကနေသတင်းဌာနတစ်ခုမှာ
မူလအတိုင်းသမိုင်းမပါသော
သမိုင်းဌာနေတစ်စု
မြို့စွန်ရွာစွန်
အသစ်မြို့များဆီ
မိုးအသစ်ရွာကြတယ်
ဆန်ရေစပါးအသစ်
အဟောင်းကပိုဈေးကြီး
အချက်အလက်တွေစုံမှ
အချက်အပြုတ်လုပ်ငန်းကို
စကြ
သမ၀ါယမခတ်က တန်းစီထပ်ထားရတဲ့
ကုန်ထုတ်စာအုပ်လို
အစိမ်းရောင်မျက်နှာဖုံး
ထုတ်ကုန်နှစ်ဆတိုးမြှင့်ကြ
ပုပ်သိုးကုန်လျှင် တာဝန်
ယူ၊ မယူ။