ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

မိုးဦးဆေးဝါးဗေဒ

Saturday, June 18, 2011

မိုးဦးဆေးဝါးဗေဒ

ဘာမှမဟုတ်ပါဘူး။ ဒီတစ်ခါ နာမကျန်းမှုမှာ နာလံထစေခဲ့တဲ့ ဆေးဝါးတွေထဲက တစ်ချို့ကို ပြန်မျှပေးတာပါပဲ။ ကဗျာဆရာ အိုအောင် ရဲ့ အလိုမပြည့်သူရဲ့ ပွဲလမ်းသဘင် ဆိုတဲ့ ကဗျာစာအုပ်လေးထဲကပါ။ သိပ်မရိုက်နိုင်သေးလို့ နည်းနည်းပဲ ရွေးတင်ပါတယ်။ နေကောင်းရင် တစ်အုပ်လုံးနီးပါး ရိုက်တင်ဖို့ စဉ်းစားထားပါတယ်။
မနော်ဟရီ

ခေတ်ပေါ်ကဗျာ

မီးနီမိနေတဲ့ ဓာတ်ကြီးလေးပါးရယ်
ဈေးပေါင်ကျိုးမှ ဝယ်လို့ရမယ့် အမှန်တရား (သုံးထပ်သား)ရယ်
ထင်းအတွက်ပဲ အသုံးဝင်တဲ့ အော်ရီရှားအပင်လို ငတိတွေရယ်
အဲဒီငတိတွေရဲ့ လမင်းကြီးနဲ့ ရက်(ပ်)အက ကမယ်ဆိုတဲ့
ကလိမ်စေ့ငြမ်းဆင်ရယ်
နေ့ရွှေ့ ညရွှေ့နဲ့ အရွယ်ဟိုင်းလာတဲ့ ကမ္ဘာလဆန်း တစ်ရက်နေ့ရယ်
၁၂လ ဇယားကွက်ပေါ်က ဟိုမင်းသမီးလေးရဲ့ သရိုးကိုင်ထားတဲ့
ပြည်တည်တည် အကြည့်ရယ်
တစ်ချပ်မှောက်ဝိုင်းမှာ ပွဲသိမ်းဖို့ စောင့်နေတဲ့ စနေထောင့်ရယ်
ပဲကြီးဟင်း သောက်တဲ့ ဥတုသုံးလီရယ်
ပနယ်စလင် ငါးသိန်းအားနဲ့ မလုံလောက်တော့တဲ့ ဖောဌဖအာရုံရယ်
ကိုယ့်စားရိတ် ကိုယ်စားပြီး တဟီတီ သွားလည်ရတဲ့
ချက်နို့ဆီရယ်
ဤသည်မှာ ခင်ဗျား ခန္ဓာကိုယ်ထဲတွင်
အပူသျှပ်နေသော ကျွန်တော့ ခန္ဓာကိုယ် ဖြစ်၏။ ။
၁၉၉၂
အိုအောင်


မီးရထား

စိတ်ရဲ့ သံလမ်းများ
ခံနိုင်အား တောင့်တင်းစွ။

ဖြတ်သွားဖြတ်လာ
တဒင်္ဂ နှင်းစက်များမှာ
မင်တက်မိ အခါခါ။

ဆင်မြန်းထား
နာကျင်မှုများက
ခရီးဆုံးထိ လောင်စာ။ ။
၁၉၉၁
အိုအောင်


နွားကျောင်းသား

တစ်မျှော်တစ်ခေါ်
ကွင်းပြင်ကြီးထဲ
ရွှင်မြူးဖွယ် နေ့တစ်နေ့ကို
အော်ခေါ်ကြည့်မိတာ
ခလောက်သံ ပြန်မကြားရဘူး။

သီချင်းမသီဖြစ်ပါ
အရွက်မဲ့ သစ်ပင်အောက်မှာ။

အိပ်မက်တွေ လွှတ်ကျောင်းထားပေမယ့်
မိုးမကျသေးတာမို့ ။ ။
၁၉၉၁
အိုအောင်


မြို့

သွေးကြောတွေဟာ
လမ်းမကြီးငယ်တွေပေါ့။

လမ်းမကြီးတွေပေါ်
နေ့စေ့လစေ့ ကဗျာတွေ
ဥဒဟိုမောင်းနှင်သွားလာလို့။

နှလုံးသားကတော့
ပန်းခြံတစ်ခုဖြစ်ခဲ့ပြီး
ပန်းခြံထဲ
ဒုက္ခအရင့်အမာတွေ
ဖွေးဖွေးလှုပ်အောင် ပွင့်နေကြတယ်။ ။
၁၉၉၄
အိုအောင်


တက္ကသိုလ်နေ့တွေ

သင်ရိုးအတိုင်း မဟုတ်တဲ့
သမိုင်း၊ ပထဝီ၊ ဘောဂဗေဒ
အတွင်းကျကျ လေ့လာလို့။

ခက်ဆစ်တွေ၊ ပုစ္ဆာတွေနဲ့
တကယ့်ဘဝ စာသင်ခန်းထဲ။

ဘာတွေ စိုက်ပျိုးခဲ့ပြီးပြီလဲ
ဘာတွေ ရိတ်သိမ်းခဲ့ပြီးပြီလဲ
အဲဒီလို ဆင်ခြင်ကြည့်မိတယ်။

နှစ်တွေက ကျက်မှတ်လို့မကုန်
ခေတ်တွေက ဆည်းပူးလို့မဆုံးပေါ့။ ။
၁၉၉၉
အိုအောင်


မောင်ရှင်ဆိုင်းထမ်း

မော့ကြည့်လိုက်တော့
ရေသာများ ငါးမတွေ့။

ချရေးမိတိုင်း
အပြက်အပြက်နဲ့ နှာခေါင်းသွေး။

ဝေးချင်သလောက်ဝေးပစေ
လွင့်ချင်သလောက် လွင့်ပစေ။

ကိုယ့်သက်ပြင်းနဲ့ကိုယ်
ကိုယ့်မျက်ရည်နဲ့ကိုယ်။ ။
၂၀၀၆
အိုအောင်

ကဗျာဆရာ
မီးပွိုင့်မှာ ရပ်နေတာ
ကားတွေမှ ဟုတ်ရဲ့လား။

သူကြီးသားတွေ လမ်းလုံးပြည့်
သူတို့ဆွတ်တဲ့ ရေမွှေးနံ့ကလည်း
လမ်းလုံးပြည့်။

ဒီဇာတ်ကား
လွမ်းရခက်ခက်ပဲ။ ။
၁၉၉၃
အိုအောင်


ချစ်ခြင်း

ယေဘုယျအားဖြင့်
သူမနဲ့ ဝေးလံရတယ်လို့ပဲ
ထားလိုက်ပါတော့။

ကြက်ပေါင်စေးလိုလျှာတွေ
တွေ့ကရာ အမိအရ ယမ်းလှုပ်ချ။

မထင်မှတ်ပဲ
ပြုတ်ကျလာတာက
သမုဒ္ဒရာကြီးရဲ့ အထင်ကရ မတ်စောက်ပုံပဲ။

ထပ်မံ ချဲ့ထွင်ရန် မလိုအပ်တော့ပါ
ကြံကြံ့ခံ
တို့ဘယ်လို ရှင်သန်ပေါက်ရောက်ကြတယ်ဆိုတာ ။ ။
၁၉၉၀
အိုအောင်
၁၉၉၁။ စက်တင်ဘာ၊ရုပ်ရှင်တေးကဗျာ
ပထမဆုံးပုံနှိပ်စာမူ

အလိုမပြည့်သူရဲ့ ပွဲလမ်းသဘင်

သူ့နှလုံးသားသူ
ကြပ်ပူမထိုးခဲ့ဘူး။

တစ်ပိုင်းတစ်စ ပွင့်ဟနေတဲ့ ကန့်လန့်ကာကြားက
တစ်ပိုင်းတစ်စပဒေသာကပွဲ။

ပြီးပြီးရော
ဆိုင်းသံ ဗုံသံကြား အမြစ်မတွယ်ခဲ့သမို့
အနည်အနှစ်ကျကျ လွမ်းသံ ဆွေးသံလေး
ခုလည်း ဘေးမသီ ရန်မခ။

ဇာတ်ခုံပေါ်မှာ
အသံကောင်း ရုပ်ချောသယောင်ယောင်
ညညများ။ ။
အိုအောင်


ညီအစ်ကို မသိတသိ

မြေခွေးက မြေခွေးလိုအူပြီး
ဖားက ဖားလို ညာသံပေးနေကျ။

နေထန်းတစ်ဖျားရှိပြီ
ငှက်တွေ ဘယ်အရပ်ကို ပျံနေကြသလဲ။

အပျင်းပြေ သီချင်းညည်းရ
အပျင်းပြေ လေချွန်ရ။

`တကယ့်ယောက်ျားတွေအတွက် တကယ့်အရသာ ` ၁
`ငါ့ခွေး သစ်ပင်တက်နိုင်တာ ဂုဏ်ယူတယ် ` တဲ့။ ၂

ဆန့်ကျင်ဘက်တို့ရဲ့ ကမ္ဘာ
ကျွန်တော့်နာရီကို ဓာတ်ခဲလဲရဦးမယ် ။ ။
အိုအောင်
(၁၉၉၈)
၁။ စီးကရက်ကြော်ငြာ
၂။ နာမည်ကြီး ကာတွန်းတစ်ကွက်


မိုး

ဆင်ငိုမြက် နို့တိုက်သတ္တဝါ
ဖုန်တသောသော မြို့ရွာနဲ့ သေချာမှု
မြေသင်းနံ့ ရပါပြီလား။ ။
အိုအောင်
(၁၉၉၂)


မိအေး အကြောင်း

ပါးစပ်ထဲ ဝါးစရာရှိရင်
တိမ်တွေ ပြာနေလိမ့်မယ်။

အခုလို နားဆင်ရတာ
(ခွေးတံဆိပ် )
ဓာတ်ပြားခေတ်ကို သွားသတိရမိစေတယ်။

မှတ်စုစာအုပ်ကို ဖွင့်ကြည့်တော့
သဘောင်္ဟာ သောင်တင်ဆဲ။

ရယ်စရာတွေ
မောစရာတွေ
ဟောဒီ ငြှောင့်ကျင်းမ
ဘယ်လိုနည်းနဲ့ ကျောခင်းရကောင်းမလဲ။

စာရွက်ပေါ်က မေးခွန်းပေါ့
ဒီနွေဟာ ခြင်းကြားနဲ့ ရေသယ်လာတဲ့
နွေပဲလား ။ ။
အိုအောင်
(၂၀၀၀)


အနုပညာ

ရွက်ပုန်းသီးလေး တစ်လုံး
အပင်ပေါ်မှာ ရှိနေတုန်းပဲ။

ညနက်နက်ထဲ
ကိုယ်စောင့်ကြည့်နေမိတယ်။ ။
အိုအောင်
(၁၉၉၅)


ဆဲဗင်း အလဲဗင်းန်လမ်း

ဓာတ်ပုံ မရိုက်ရဘူး
ဆေးလိပ်မသောက်ရဘူး `
အာလာဒင် မီးခွက်စောင့် ဘီလူးဟာ
အနီရောင်ဝတ်စုံနဲ့
ငေါက်တယ်။

စက်တွေက
လူတွေမဟုတ်တော့
လူတွေလို သွားကြားမညပ်ဘူး။

ငါ
လေးထပ်ကို ခြေကျင်တက်
လေးထပ်ကို ခြေကျင်ဆင်းခဲ့
ကြွေပြီး
မသေတဲ့ ကြယ်တစ်ပွင့်ကို
သတိရရင်း ။ ။
အိုအောင်
(၂၀၀၅)


ဇွန်

ဟိုး ခင်တန်းပေါ်မှာ ဗာမေးလီယံ စိန်ပန်းပွင့်များ ။ မိုးက စိတ်မပါ
လက်မပါ တစ်ပေါက်ချင်းကျနေ။ ကနေ့ ဥပုသ်နေ့ ၊ မြို့ထဲထွက်ရ
ကောင်းမလား၊ အခန်းထဲပဲ အောင်းနေရမလား၊ မှန်တစ်ချပ်ထဲမှာတော့
သူ့ကိုယ်သူ ကျပျောက်နေတဲ့ ငနဲတစ်ကောင်၊ မနေ့က စာတစ်စောင်
ရောက်လာတယ်၊ သဘောင်္မှောက်နေတဲ့ အောင်နှင်းရဲ့ အသံပေါ့။
ရန်ကုန်ကိုတော့ မဖွဲ့ချင်တော့ပါဘူး တဲ့လေ။ အခုတော့
သောက်ဖော် စားဖက် `တီကောင်` လည်း တောင်တန်းတွေဆီ
ထွက်သွား။ ဇော်ထိန် သယ်လာတဲ့ သတင်းကြောင့် အသည်းနှလုံးလည်း
ဆန်ခါပေါက်ဖြစ်။ ဘာအဓိပ္ပာယ် ရှိသလဲ၊ ဘယ်လို အနံ့အသက်လဲ။။
အပြင်မှာ စိမ်းသလိုလိုနဲ့ အထဲမှာ မလင်းဘူး။ အလကားရတဲ့
လေရှူရင်း အရိုးရင့်ခဲ့။ ဒီတစ်ရက်လည်း ငါ့ကို နေကြတ်သွားပြန်ပြီ။ ။
အိုအောင်
(၂၀၀၄)
* vermilion - ဟသာၤၿပဒါး


နင်းကြမ်း

ပျော်တဲ့အခါ တေးဆိုပြီး
ငိုချင်တဲ့အခါ
ယိုးမယ်ဖွဲ့ကြပုံ။

ဆားနဲ့
သကြားနဲ့
လောကီကို
ကျကျနနမြည်းစမ်း။

လူ့ဘောင်က မတရား အမှိုက်ရှုပ်တယ်
လူ့ရွာက မတရား ချွေးပြန်တယ်။

ငါတို့
ဒီလိုပဲ ကျောက်ဖျာကို
သန်လျက်နဲ့ ထွင်းထွင်းသွားကြရုံ။ ။
အိုအောင်
(၂၀၀၃)


အချစ်

ဒါဟာ
မြုံနေတဲ့ အပြုံးတွေအတွက်
တွင်းနက် တစ်ခုပဲ။
ဟောသည် ပြတင်းပေါက်က
မြင်နေရတဲ့ ကောင်းကင်ဟာ
မဖွင့်ရသေးတဲ့ ထီလက်မှတ် တစ်စောင်လို။
သေချာတာ တစ်ခုက
ဆွဲလက်စ ပန်းချီကားထဲမှာ
ကျိုင်းကောင်တွေ မပါတာပဲ။
အခန်းကျဉ်းကလေးရယ်
မင်းသိပါတယ်
အသက်ရှူရတာ မဝဘူး
လေကလည်း မသန့်ဘူး
ဒါပေမယ့်
ကမ္ဘာမြေကြီးကို ရူးရူးမူးမူး ပိုဖြစ်ရတဲ့
ထစ်အနေတဲ့ ဂီတ ဆိုတာလည်း
လူ့ဘဝမှာ ရှိပြန်သေးရဲ့။
ဥပမာ
မပွင့်သေးတဲ့ သခွတ်တွေကို
ရင်တမမနဲ့ ကြည့်နေရသလိုမျိုးပေါ့။ ။
အိုအောင်
(၁၉၉၄)


အလယ်ရိုးမ

အပင်ကသီးတဲ့ ရတနာတွေရယ်
သဘာဝကဖွားတဲ့ သားရဲတွေရယ်
တော်ရာမှာ ပျော်ရှာတဲ့ တောပန်းလေးတွေရယ်။

တောင်ရိုးပေါ်
လွမ်းစေတီလေးတစ်ဆူ
ငေးငေး ငူငူနဲ့။

ကိုယ့်ဝမ်းနာ ကိုယ်သာသိတဲ့
ပလွေးချောင်းကလေး
ငိုချင်လျက်လက်တို့ စီးမြဲ။ ။
အိုအောင်
(၂၀၀၂)


ဆောင်း

ခုနေခါ
ပုဏ္ဏကလေနဲ့
အေးစိမ့် ထုံကျဉ်မှုတို့သာ
ကြီးစိုး။

မြစ်တွေ
ပြန်လည်ပူနွေး
သွေးတိုးမယ့် ကာလအထိ
တောင့်ခံရင်း
သည်ရာသီကို လွန်မြောက်သွားရချိမ့်။ ။
အိုအောင်
(၁၉၉၀)


အသော့ အထေ့ ဝတ္ထုတချို့

ဒီကနေ့
ဘယ်သူ့ကို အချဉ်ဖမ်းရမလဲ စိတ်နဲ့
အိပ်ရာကထလာ
ကျွန်တော်လား ခင်ဗျားလား သူတို့တစ်တွေလား။

သွက်သွက်ခါကြရင်း
တစ်ခွက် ပိုမော့တဲ့ အနှမ်းတွေနဲ့
မီးကုန် ယမ်းကုန် ပျော်စရာတွေ
ဤဇမ္ဗူဒီပထဲ လက်ညှိုးထိုးမလွဲ ကျိကျိတက်။

ဘာဖြစ်လို့ ရုပ်ပျိုကိုယ်နု ဆေးရှာနေကြရသလဲ
ဘာဖြစ်လို့ သေမင်းနဲ့ မျက်နှာချင်း မဆိုင်ရဲကြသလဲ။

အဲ..ဟို ညိုပြာညက် ငါးရံ့ကိုယ်လုံးလေးတွေ စနက်လား
ဟောဒီ ကျားကျားလျားလျား ကြွက်သားတွေ ပယောဂလား
ကိလေသာ အမည်ရ ဓာတ်ဆီကတော့
ကမ္ဘာကျော် ဇစ်ပိုမီးခြစ် ကြော်ငြာထဲက အတိုင်း စွမ်းစွမ်းတမံ။

ငွေစကားပြောကြ၊ အကောက်ကြံကြ
အောက်ခြေလွတ်ကြ၊ အညွန့်ခူးကြ
ဒီပဲတွေ ဒီပုတ်ထဲ ရှိကြတာ
ဘိုးတော်ဘုရား လက်ထက်ကတည်ကများလား။

တစ်မနက်ခင်းလုံး ဘာမှ ဟုတ်တိပတ်တိ မစားရသေးဘူး
လမ်းထိပ်က ဘိန်းမုန့်ဆိုင်ကို
မမြင်ချင်ယောင်ဆောင် ဖြတ်လျှောက်လာခဲ့ရ
သူ့အဖြစ်က မနှစ်ကနဲ့ မတူဘူးလို့
ဖွတ်ကျောပြာစု မနက်ခင်းလေး တစ်ခုက
ငါ့ဝမ်းပူဆာ မနက်ခင်းတစ်ခုမှာ ခရေစေ့တွင်းကျ ဖွင့်ဟလာ။

လူ့ပြည်ဟာ တစ်ခါတစ်ခါ ပွဲစားကြီးသားအဖ နဲ့ မြမြ ...၁
တစ်ခါတစ်ခါ ကောလိပ်ကြမ်းပိုး ..၂.. ဟန်ပေါက်လို့
တစ်ခါတစ်ခါ သံဖြူဇရပ် ချွေးမှတ်တမ်း ..၃ ဆန်နေတော့ရဲ့ ။ ။
အိုအောင်
(၂၀၀၀)

ပန်းပဲဆရာ
၁။
ခင်ဗျားတို့လိုပဲ တိမ်တွေကို မော့ကြည့်ခဲ့တယ်
ဖျားတဲ့အခါ ဆေးသောက်ပြီး ချွေးထုတ်ခဲ့တယ်
အနုပညာနဲ့ မိန်းမကို စိတ်ဝင်စားခဲ့တယ်။
၂။
ခေတ်ပေါ်ကဗျာဟာ ကိုယ့်တောကိုယ်ရှင်းပြီး
ကိုယ့်အပင် ကိုယ်စိုက်ခဲ့တယ်လို့ သူကယုံတယ်
ခေတ်ပေါ်ကဗျာဟာ ကမ္ဘာကြီးကို ပိုပြာလွင်စေခဲ့တယ်လို့
သူကမြင်တယ်။
၃။
ခင်ဗျားတို့လိုပဲ အကျပ်ရိုကဖူးတဲ့ ၊ ချောက်ကျဖူးတဲ့
ခဲမှန်ဖူးတဲ့၊ သေကောင်ပေါင်းလဲ ဖြစ်ဖူးတဲ့
သူက ခုလိုပြောပါတယ်
လူ့ဘဝထဲ ကြောင်ကျမကျခဲ့တော့
နှစ်ကာလထဲ ပူအိုက်ခဲ့တော့
ကဗျာဆိုတာ သေတွင်းထွက်မှန်း သိခဲ့ရတယ်..တဲ့။
၎။
ကျွန်တော့်ကဗျာတွေဟာ
ကျွန်တော့်ပန်းပဲပါပဲ။ ။
အိုအောင်
၂၀၀၇ မတ်။
(ဒါ အလိုမပြည့်သူရဲ့ ပွဲလမ်းသဘင် ကဗျာစာအုပ် အမှာလည်း ဖြစ်ပါတယ်။)


သံတော်ဆင့်

ခံတွင်းကို သန့်ရှင်းပြီးစ
လောကကြီး တိုက်ပုံအကျီ်မဝတ်ခင်
ဤသို့ လက်တို့ချင်။
`ငွေတွင်းနက်တယ် `
သူ့မြေကျင်း အတိုင်းအတာ
အနံတို အလျားရှည်ခဲ့။

ကိုကိုမကြည့်ဝံ့ ရှန်သား ခေတ်စားစဉ်ကလို
ယားကျိကျိ လေထုမှာ မျက်စိစားပွဲထိုင်
သက်မများ ကျကွဲသံ အတိုင်းသား။

ဆည်ဝက ဗျိုင်းများ
သုံးခွက် တစ်ခွက်တင် စကားလုံးများ
ဒီနေ့လည်း နေကျဲကျဲ ပူလိမ့်ဦးမယ်။ ။
အိုအောင်
(၁၉၉၀)


မြိုင်

လေးညှို့တင်ဖို့
သမင်ကိုရှာ။

လျှိုမြောင်မှာလား
တောင်စွယ်မှာလား ။

သမင်တောက်သံ
တောလုံးညံ။ ။
အိုအောင်
(၁၉၉၄)


သမုဒ္ဒရာ ၊ ပင်လယ်၊ မြစ်

လောကဟာ
သမုဒ္ဒရာ
ဒီဖော်ပြချက်မှာ
တတိယတန်းစား ပြက်လုံးတွေ
လူပေါ် လူဇော် ပြဇာတ်တွေ
ပဋိပက္ခ မုန်တိုင်းတွေ
တစ်ပွဲတိုး အဘိဓမ္မာတွေနဲ့
ဝါကြင့်ကြင့် သမိုင်းခေတ် ရေစီးကြောင်းတွေ။

ဘဝဟာ
ပင်လယ်
ဒီ အကျယ်အဝန်းမှာ
ဆူလွယ် နပ်လွယ် အပျော်တွေ
လျှပ်ပေါ်လော်လည် မြို့ကြီး ပြကြီးတွေ
အမှန်တရား ကျောက်ဆောင် ကျောက်သားတွေ
ကံကြမ္မာ လှိုင်းတံပိုးတွေနဲ့
ကျားကုတ် ကျားခဲ တိုက်ပွဲတွေ။

ကျွန်တော်တို့ ကိုယ်တိုင်ကတော့
မြစ်တွေ အဖြစ်နဲ့ သက္ကရာဇ်တွေပေါ်မှာ
လက်စမသတ်ရသေးတဲ့ ပန်းချီကားတွေ
မခူးဆွတ်ရသေးတဲ့ သစ်သီးတွေ
မတွေ့ရှိရသေးတဲ့ သယံဇာတတွေ
မှော်မဝင်သေးတဲ့ တိုင်းပြည်ကိုယ်စီနဲ့ ။ ။
အိုအောင်
(၁၉၉၁)


ဇာတ်လမ်းပမာ

ဘဝရဲ့ အငန်ဓာတ်ထဲမှာ
မနက်ခင်း စောစော လက်ဖက်ရည် တစ်ခွက်ပါ
တေးဂီတနဲ့ ဟာဒယရွှင်ဆေးပါ
လောဘ သက္ကာယနဲ့ ကိုယ်ချင်းစာတရားပါ
နွဲ့မျိုးစုံလင် အပြုံးလေးလည်း
ရှေ့ဆုံးက ပါခဲ့တာပဲပေါ့။
ကိုယ့်သမာဓိအားကို
ဖိုထဲထည့်၊ မီးဆေးကြည့်ခဲ့ကြတယ် မဟုတ်လား။

စပျစ်သီးတွေက
ခရာတာတာ
အကုသိုလ်စိတ်က
ဝဝဖိုင့်ဖိုင့်
ဇွဲ လုံ့လ ဝီရိယတွေက
နဂိုမူလ အသွေးအသားနဲ့ ထိန်ညီး
အရုဏ်နဲ့ ဆည်းဆာက
တသသလွမ်းအောင် ဖန်ခဲ့ပြီ။

စွန့်စားခန်း၊ တင်္ခဏုပ္ပတ္တိဥာဏ်
သတ္တိ ဗျတ္တိ၊ ဘေးဥပဒ်
ပဲ့နင်း တစ်ဦးလိုလည်း နေထိုင်တတ်ခဲ့ဖူးမယ်။

ထကြွ လေးလံ
ဆူညံ တိတ်ဆိတ်ရင်း
ူသူတို့ မျှော်ကြည့်ခဲ့ကြတယ်
ရေကြည်ရာ မြက်နုရာ ..။ ။
အိုအောင်
(၁၉၉၆)


ဖြစ်တည်မှု

ကျွန်တော်က
သဘာဝတရားရဲ့ ယန္တရားဆန်မှုကို
စိတ်ဝင်စားကာ
အသက်ဓာတ်ရဲ့ ခမ်းနားထည်ဝါ မြင့်မြတ်ပုံကို
ယုံကြည်သက်ဝင်သူပါ။

အတွေးအမြင်များ
စိတ်လွတ်လက်လွတ် သွားလာနေထိုင်ခွင့် ရသမို့
ကဖေးဆိုင် ယဉ်ကျေးမှုကို
တပ်မက်ရ။

ဆားငန်နံ့သင်းတဲ့
ကမ်းခြေရဲ့ လေအေးကို
အဲဒီမှာပဲ လက်လီလက်ကားရတာကိုး။

ပိုက်သာဂိုရပ်(စ)
ပေါမက္ကတ်နေး
ဂျေဒီဆလင်းဂျား
ဘယ်သူဘယ်ဝါမဆို
ကိုယ်ပိုင် သီးခြား စကြဝဠာ တစ်ခုစီ
ရှိမြဲ မဟုတ်လား။

ပေါက်ကွဲမှု အားကောင်းသော ကဗျာ
ဂန္ထဝင် ခေတ်ပေါ် ဂီတနဲ့
လေးနက်သော တိတ်ဆိတ်မှုမှာ
ကျွန်တော့် အသက်ရှူသံ ကျန်းမာကြံ့ခိုင်လို့။

စုမိတိုင်း ပြောဖြစ်ကြတာက
နိုင်ငံတကာ အတိုအထွာ
မြို့အထက်က ထူပိန်းပိန်းမိုးသား
အုံ့ပျက်ပျက် နေ့လည်ခင်းများနဲ့
ကောက်ပဲသီးနှံများရဲ့ ပဋိသန္ဓေနေ့ရက်များ
အကြောင်းပါပဲ။

ကျွန်တော့်ကမ္ဘာမှာ
နေကြာရိုင်းတွေ ပွင့်နေခဲ့ပြီ
မြစ်တစ်မြစ် ခရီးဆက်နေခဲ့ပြီ
ကြယ်တာရာတွေ ကွန့်မြူးနေခဲ့ပြီ။ ။
အိုအောင်
(၁၉၉၄)


၁။ ပီမိုးနင်း ဝတ္ထု
၂။ ဇဝန ဝတ္ထု
၃။ လင်းယုန်သစ်လွင် (ကိုယ်တွေ့ ချွေးတပ် မှတ်တမ်း)