ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

အိပ်ခွင့်ပေးပါမေမေ

Wednesday, September 16, 2009


အိပ်ခွင့်ပေးပါမေမေ
အချိန်တန်ရင်သူတို့တိတ်သွားကြမှာပေါ့မေမေရယ်
ခုတော့ သမီးခဏ အိပ်လိုက်ဦးမယ်


အိပ်စက်ခြင်းတွေကင်းဝေးနေတာကြာတဲ့ဘဝလေးမှာ
သမီးကနေပျော်တယ်ဆိုရင်တောင် ဘဝကခွင့်မပြုပါဘူးမေမေ
သမီးခဏတော့အိပ်မှဖြစ်မယ်

ကိုရဲ..လို့လာလာခေါ်တတ်တဲ့ခြံဝက ဝံပုလွေတွေက
အစွယ်တွေတဖွေးဖွေးနဲ့ ..တဲ့..သမီးငယ်ငယ်တည်းကကြောက်တတ်ခဲ့တာပါ
ဒါပေမယ့် ကိုရဲကိုတွေ့ရပြန်တော့လည်း ကိုရဲက
ဝံပုလွေတွေနဲ့ အလမ္ပယ်ကစားလို့…

သမီး ပညာရပ်တွေဆည်းပူးလေ့လာဖို့ကျန်သေးတယ်မေမေ
ဒီတော့ ခဏတော့ အိပ်မှဖြစ်မယ်


ဖားတွေအော်နေကြလည်း မိုးတွင်းဆိုတဲ့အသိနဲ့ မအိပ်တဲ့သူမှမရှိပဲမေမေ
နာခံတတ်ရင်တော့ ဒါဟာလည်းဂီတ တစ်မျိုးပေါ့..အနုပညာတော့ရှိရလိမ့်မယ်

ဇီးကွက်တွေ ဒီးဒုတ်တွေလိုပဲ ညညကျအစာရှာထွက် ကိုယ့်နာမည်ကိုယ်အော်တတ်တဲ့တစ္ဆေ
ပရိတ်ရည်လည်းမနိုင် ကမ္မဝါလည်းမနိုင်လေတော့
ခဏတော့ ချော့သိပ်ခိုင်းထားမှဖြစ်မယ်မေမေ
သမီးပြန်နိုးလာတဲ့အခါ အလမ္ပယ်ပညာသင်ကြားရဦးမှာ

ဝံပုလွေတွေမှာ အဆိပ်မရှိတော့ မြွေတွေလောက်အန္တရယ်မရှိဘူးလို့မထင်ပါနဲ့
သူတို့မှာ အစွယ်ဖွေးဖွေးတွေနဲ့ ခြေထောက်ကလေးချောင်းရှိတယ်
ဒါကြောင့်..မလွယ်တာတွေကိုခဏပိတ် ..သမီးအိပ်လိုက်ဦးမယ်မေမေ
အချိန်တန်ရင် အသံတွေတိတ်သွားလိမ့်မပေါ့..
ဘယ်သူ့ဘယ်သူမှ အကြာကြီး တေးသွားတစ်ခုကိုထပ်တလဲလဲမဆိုနိုင်ပါဘူးမေမေ


လရောင်တွေ ဖြာဆင်းနေပုံကတော့.. လှလိုက်တာ
အိပ်စက်ပစ်ရမှာ နှမျောစရာကြီး…မေမေ.. ဒါပေမယ့်
လရောင်ဆိုတာက ကမ္ဘာမှာအမြဲတည်နေမယ့်အရာ
တစ်နေ့တစ်ရက်တစ်မနက်ပဲ အသက်ရှင်မယ့်လိပ်ပြာလေးတစ်ကောင်မဟုတ်ဘူး
လူတကာရဲ့လက်ညှိုးနဲ့ ညှိုးရော်သွားမယ့် ပန်းကလေးလည်းမဟုတ်ဘူးမေမေ
ခေတ်အဆက်ဆက် အလင်းတွေနဲ့ဖြာဆင်းလှပနေဥိးမှာမို့
နောက်ညကျမှပဲ စောင့်ကြည့်တော့မယ်
ခုတော့ ခဏအိပ်ပါရစေမေမေ……

သီချင်းကိုလည်းပိတ်မပစ်လိုက်ပါနဲ့မေမေ
အဲဒါ John Lenon ရဲ့ Imagine ပါ..ဘယ်တော့မှမရောက်နိုင်မယ့်ကမ္ဘာလေ
အိပ်မက်တွေကိုသူက အထောက်အကူပြုလိမ့်မယ်


ဟော ..မေမေ..ခြေသံတွေကြားတယ် …သမီးအိပ်တော့မယ်မေမေ
သူတို့က အခန်း ၅၀၀ ဆီကိုဦးတည်သွားနေကြတာပါ..
အဲဒီမှာ အလင်းမပါတဲ့ အသိတရားတွေရှိတယ်
မျက်နှာဖုံးစွပ်တွေနဲ့ ဘီလူးတွေရှိတယ်
ဝန်တိုမစ္ဆိယစိတ်များနေတဲ့..ဇာတ်လိုက်ကျော်ဖြစ်ချင်သူတချို့ရှိတယ်
သေးသိမ် နုံနဲ့တဲ့ စိတ်ဓါတ်တွေနဲ့ မှောင်မိုက်နေတဲ့ အခန်းလေးပေါ့မေမေ

သူတို့ကို တားလိုက်ကြပါဥိး..ချောက်ကမ်းပါးတွေဟာလေနှင်ရာမပါတတ်တဲ့အကြောင်း
တစေ့တစောင်းတော့ သတိပေးလိုက်ချင်သား..။

ကြီးကျယ်မြင့်မြတ်တဲ့ တစ်ခန်းရပ်ဇာတ်ပြီးရင်တော့
အားလုံးးဟာကိုယ့်နေရာကိုယ်ပြန် ကိုယ့်မျက်နှာဖုံးကိုယ်ခွာကြရမှာပဲ
ခဏတာမင်းသား ဘဝ သူတို့ရကြပါစေလား…
သမီးကတော့ ခန္တီစတရားတွေကို ယဉ်ပါးအောင်သင်ယူလာခဲ့တာနှစ်တွေကြခဲ့ပြီပဲ..


မကြာပါဘူး သမီးခဏလောက်ပဲအိပ်မှာပါ…
နိုးလာရင်… ဥပက္ခာတရားတွေ ရှိရာလည်း ခရီးထွက်ရဦးမယ်
ပန်းတစ်ပွင့်ကိုမနာလိုတဲ့ငှက်တစ်ကောင်ရဲ့ အတ္တမျိုး
ဘယ်သူ့ဘယ်သူမှအကျိုးမပြုပါဘူးမေမေ…
ငှက်ကပန်းဖြစ်ချင်လို့ သူကကြွေလွင့်ခြင်းသဘောတရားတွေမှသိမထားခဲ့ပဲ
တရားနဲ့ပဲဖြေဖြေနေရတဲ့ ပြဇာတ်တွေ..ပတ်မသံတွေကဆူညံဗိန်းဗောင်းထလို့..။

ရောင်နီတွေပျို့အန်မကျလာခင် သမီးအိပ်မှဖြစ်မယ်မေမေ
အမနာပ တံတွေးစက်တွေ အကြောင်းလည်းခဏတော့မေ့ထားဦးမှဖြစ်မှာ
လေတွေသိပ်တိုက်မလာခင်ထိပေါ့..လေထန်လာရင်တော့
အရာရာဟာဖြစ်လာနိုင်ပြီး..ဖြစ်ခွင့်လည်းရှိသွားနိုင်သလို
ကြက်ခြေခတ်နီနီတွေကလည်း အရောင်စွန့်ဖြူစင်ဟန်ပြကြလိမ့်မယ်


အဲဒီရုပ်ရှင်ကားကိုတော့ပိတ်လိုက်တော့မေမေ
ဒါမှ သမီးခဏလောက် အိပ်လို့ရမှာ…
ကံဇာတ်ဆရာဆိုတာကြီးက နှုတ်ခမ်းမွေးကားကားကြီးနဲ့မဟုတ်မှန်း
ပစ်ပေါက်ထားတဲ့ဓားတွေကတော့သိပါရဲ့ ဒါပေမယ့်
သူတို့ပြန်လာသတင်းမပို့နိုင်ခဲ့ကြဘူး…………..

မကြာခင် သမီးအိပ်မက်တစ်ခုမက်လိမ့်မယ်မေမေ
အဖြူရောင်မေတ္တာတရားစစ်စစ်နဲ့ လင်းမှုန်ပြာဝေနေတဲ့ကမ္ဘာ
ခေါင်းစဉ်လှလှတပ်ထားတဲ့မျက်နှာဖုံးစွပ်စစ်ပွဲများ..ချုပ်ငြိမ်းရာ
အောက်ခြေမှတ်စုတွေမပါတဲ့ ကောင်းကင်ဘုံ..
ဗျာဒိတ်တော်တွေငြိမ်းအေးသန့်စင်နေတဲ့ည
သမီးခဏရသလို သူတို့ကိုလည်းရစေချင်လိုက်တာမေမေ


အရာရာသံသယတွေနဲ့စောင့်ကြည့်နေရ စိတ်မချရတဲ့နေ့တွေညတွေ
ဝန်တိုမစ္တိယစိတ်တွေ..အိပ်မက်ပြီးရင်ပြန်ရင်ဆိုင်ဖို့
ခွန်အားဖြည့်ဖို့ သမီးအိပ်တော့မယ်မေမေ…

ကလေးရယ်..အိပ်ပါ့ဆို..ကြောင်ကြီးရယ်ကမြီးတံတို..မှောင်မိုက်မှာခို…
သမီးမငိုတော့ပါဘူးမေမေ….
ပြန်နိုးလာတဲ့အခါ………………………………………….
……………………………………………………………………..
တာမိုး

မူရင်းနေရာ ကောင်းကင်

3 Comments:

z said...

အမဲလိုက်ခြင်းနဲ့ဖဲရိုက်ခြင်းကို ၀ါသနာပါခဲ့တဲ့ ကိုရဲဟာ ...
ဝံပုလွေတွေကို လက်ပေးသင် တတ်ခဲ့ပုံရတယ် ....။
လောကဓံဆိုတဲ့ သွားတုကြီးနဲ့ ဘ၀ကို ကြိတ်ဝါးနေကြရတဲ့ကြားထဲ ... အသားတုက သွားကြားညပ်နေတာဆိုးတယ် ...။
ကောင်းကင်မှာတင်တုန်းက ဖတ်ပြီးသားပေမယ့် နောက်တစ်ခေါက်ဖတ်ဖြစ်ပါတယ်။ ဒီကဗျာရဲ့ အသွားအလာကိုက ကူးချင်စရာပုံစံတစ်ခု ဖြစ်နေတော့တယ် ...။
ကံစီမံရာကို မနာခံခဲ့တဲ့ မြို့တစ်မြို့ပြိုပျက်သွားသလိုပဲ ... သင်းကွဲနေတဲ့စိတ်တွေနဲ့ ပြန်နိုးလာတဲ့အခါ ..... ပြိုပျက်သွားတဲ့ အပျက်အစီးပုံကြားက စိတ်ဓာတ်တွေကိုပဲ ပြန်ကောင်တင်တော့မယ် ...။

PhotoVigor said...

good writing..:)

KoLuMaw said...

အ၇သာရှိလိုက်​တာ ဖတ်​၇တာ