ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

စိတ်ထဲက ကဗျာတွေ

Wednesday, September 30, 2009

ခုတလော စိတ်နဲ့တွေ့နေတဲ့ စိတ်ဖွဲ့ကဗျာတချို့ပါ။


ဆပ်ကပ်

ဓားသွေးထားတဲ့စိတ်တွေက
ကိုယ့်လက်ကိုယ်ဆာလောင်တယ်။

ခေတ်ရဲ့နံရံပေါ်မှာအချက်တိုင်းစိုက်ဝင်ဖို့
ကိုယ့်ကိုယ်ကိုပစ်ပေါက်တယ်
ပြန်ကျလာတဲ့မှားယွင်းမှုတွေ
အဆံကျွတ်ဓားတွေ
နောက်ထပ်ဆန့်တန်းမှုတွေနဲ့ သွေးအန်တဲ့အထိ
ဆက်ပေါက်တယ်။

စိတ်ကိုရေတွက်ခြင်းက အဆုံးသတ်ဆီ
လည်နေတဲ့စက်ဝိုင်းဆီ
နာကျင်မှုဆီ
ကိုယ့်ကိုယ်ကိုဖဲ့ချွေခြင်းဆီ
ယုံကြည်ချက်တွေက ကိုယ့်ကိုပြန်လောင်ကျွမ်းတဲ့ထိ
ဆက်ပေါက်တယ်။

ကဲ..ကံကြမ္မာတရား
အခု .. ခင်ဗျားအလှည့်ရောက်ပြီ။ ။

အဲချို




လေးသည်တော်


ဒီတစ်ခါ
ငါချိန်ရွယ်လိုက်တဲ့ပစ်မှတ်က ငါ့အသက်ပါပဲ။

ငါညှိယူလိုက်တဲ့ကြိုးဆိုတာ
လောကနဲ့ငါ့ကြားက ဆက်ဆံရေး
စိတ်ကိုခပ်တင်းတင်းဆွဲလိုက်တိုင်း
ဒါဏ်ရာတွေက ပိုမိုကိုင်းညွတ်လာ။

မျက်လုံးကိုမှိတ်လိုက်တော့
ငါ့နှလုံးသားက အရပ်ရှစ်မျက်နှာယိမ်းထိုးလှုပ်ခါ
ငါ့သက်ပြင်းက လေမှာလူးလွန့်နေတဲ့မီး
အရာရာအားလုံးကိုဖြေလျော့လိုက်ပါတယ်
မြားဟာတရှိန်ထိုး
ငါ့နောက်ကျောမှာ တဆတ်ဆတ်ထိုးစိုက်လို့
ငါ့သစ္စာတရားသာ
သွေးစိမ်းရှင်ရှင်ပန်းထွက်ပေရော့ ။ ။

မိုးရင့်ကြယ်




ထိလွယ်ရှလွယ်ရာသီ


စိတ်နဲ့လည်ပတ်ဖူးတဲ့ဥယျာဉ်က
စိတ်ညွတ်အောင်ပန်းတွေပွင့်လို့
အားလုံးရဲ့နာမည်ခေါ်ကြည့်တော့
သောကမှော်တွေ..
ကျစ်ဆံမြီးကျစ်သွားတဲ့ ကိုယ့်ဘဝလေးကိုမှ
ပြန်လွမ်းဆွေးမိပြန်တယ်။
အလင်းဟာ
ကိုယ်အကြိုက်ဆုံးအရောင်ပါပဲ
အမှန်တရားဟာ ကွဲရှခဲ့တော့
ဘယ်အချိန်ကမှ အလင်းမပြန်ခဲ့ဘူး။
ရင်နာလိုက်ရတာ
လက်နှစ်ဖက်ရှိလည်းလက်ပြမနှုတ်ဆက်မိခဲ့
သစၥာပ်က္သြားတဲ့သေဘာၤေတြ
မျှော်လင့်ခြင်းမီးပြတိုက်ဆီ
ဦးတည်ခုတ်မောင်းသွားနေရဲ့။
နာမည်လေးမှန်အောင်တပ်ပေးကြပါ
ကိုယ်ကလည်း
ကြိုးပြတ်နေတဲ့ဂစ်တာလေးကိုမှ
ဥယျာဉ်သီချင်းဆိုပြဖို့..
ပူဆာမိခဲ့တယ်
ဥယျာဉ်ရဲ့ရနံ့တွေ..........
နှလုံးသားတွေပြတ်တောက်နေချိန်..။ ။

လင်းသော်ဝေ




တယောသံ


တစ်မိုးတွင်းလုံး
ဝါးလုံးထိုးခုန်ဆင်းတယ်။

ဆန္ဒက
ကောင်းကင်အပြာနဲ့ပင်လယ်အပြာ
အဲဒီအရိပ်မှာ
စိတ်ကိုဖွဖွလေးဖြန့်ခင်းထားချင်တယ်။

ဒါပေမယ့်
ချစ်ခြင်းမေတ္တာကိုသောင်ခုံပေါ်ပန်းချီရေး
မြစ်ရဲ့အစွန်အဖျားမှာ
ကျွန်တော့်နာမည်မပါသေးဘူး
ပင်လယ်ဇောနဲ့
ကိုယ့်ကိုယ်ကိုကျောသပ်နေရ
အဲသလိုညမှာ
ကြယ်တွေရဲ့အလှက
ဘာလို့သိမ်ငယ်နေရတာလဲမေမေ။

ပက်လက်ချောင်းကောလေးပါ
ရေသောက်ငှက်တစ်ကောင်တစ်လေမှ
တယောလာမထိုးလည်း
နေတတ်ပြီ။ ။

မြေလတ်မောင်မြင့်သူ

အမည်မရှိရေတံခွန်ကဗျာတင်ဆက်မှု

Saturday, September 26, 2009

အလွမ်း

၁၉၇၃တုန်းက
ငတ်ငတ်ပြတ်ပြတ်နဲ့
ကျွန်တော့်မြို့ကလေးရဲ့
အောင်မင်္ဂလာဈေးလေးထဲမှာ
စားခဲ့ရတဲ့ကော်ရည်ခေါက်ဆွဲအရသာ
ဘယ်မှာမှမရတော့ဘူး။

လောကတလွှား
အရသာ ဒီလောက်ရှားသလား။

(ဆန်းဆန်းပြားပြားတွေကတော့
အများသားပေါ့)

အဖြူရောင်ဝတ်စုံလေးကို
မီးပူမတိုက်နိုင်ပဲ
ခေါင်းအုံးအောက်မှာ
ထားအိပ်ခဲ့တဲ့
အိပ်မက်တွေ
အခုထိအရသာ ရှိတုန်းပဲ။ ။


၃၄" x ၄၂"

၂၀၀၁ ခုနှစ်က
(ပန်းချီဆွဲဖို့) ဘောင်ကျပ်ထားတဲ့
ကင်းဘတ်ဆယ်ချပ်
ဘာမှမဆွဲပဲထားရတဲ့အရသာ
ဘာနဲ့မှ မလဲနိုင်ခဲ့ပါလား။

ဆွဲလိုက်ချိန်မှာ
ကမ္ဘာကျော်လိမ့်မယ်
ဒေါ်လာတွေရလိမ့်မယ်
(သေလွန်သည်အထိ)
အဓိပ္ပာယ်ဖွင့်ချီးကျူးကြလိမ့်မယ်
ထိုအချိန်မှာ
အရသာအားလုံး ဆုံးရှူံးသွားပြီဖြစ်ကြောင်း
ပြောပြခဲ့ပါတယ်။ ။


နောက်ဆုံးတစ်နည်း

လ္ဘက်ရည်ကိုအယောင်ပြပြီး
ဘာတွေကိုများ
မော့သောက်ခဲ့မိပါလိမ့်။

အရသာမရှိဘဝကြီးကို
အရသာရှိချင်ယောင်ဆောင်နည်းတွေထဲက
နောက်ဆုံးတစ်နည်းပါပဲလား..။ ။

သုခမိန်လှိုင်

(သုခမိန်လှိုင်ရဲ့ အမည်မရှိရေတံခွန်ကဗျာတင်ဆက်မှု ဖြစ်ပါတယ်။)

အိပ်ခွင့်ပေးပါမေမေ

Wednesday, September 16, 2009


အိပ်ခွင့်ပေးပါမေမေ
အချိန်တန်ရင်သူတို့တိတ်သွားကြမှာပေါ့မေမေရယ်
ခုတော့ သမီးခဏ အိပ်လိုက်ဦးမယ်


အိပ်စက်ခြင်းတွေကင်းဝေးနေတာကြာတဲ့ဘဝလေးမှာ
သမီးကနေပျော်တယ်ဆိုရင်တောင် ဘဝကခွင့်မပြုပါဘူးမေမေ
သမီးခဏတော့အိပ်မှဖြစ်မယ်

ကိုရဲ..လို့လာလာခေါ်တတ်တဲ့ခြံဝက ဝံပုလွေတွေက
အစွယ်တွေတဖွေးဖွေးနဲ့ ..တဲ့..သမီးငယ်ငယ်တည်းကကြောက်တတ်ခဲ့တာပါ
ဒါပေမယ့် ကိုရဲကိုတွေ့ရပြန်တော့လည်း ကိုရဲက
ဝံပုလွေတွေနဲ့ အလမ္ပယ်ကစားလို့…

သမီး ပညာရပ်တွေဆည်းပူးလေ့လာဖို့ကျန်သေးတယ်မေမေ
ဒီတော့ ခဏတော့ အိပ်မှဖြစ်မယ်


ဖားတွေအော်နေကြလည်း မိုးတွင်းဆိုတဲ့အသိနဲ့ မအိပ်တဲ့သူမှမရှိပဲမေမေ
နာခံတတ်ရင်တော့ ဒါဟာလည်းဂီတ တစ်မျိုးပေါ့..အနုပညာတော့ရှိရလိမ့်မယ်

ဇီးကွက်တွေ ဒီးဒုတ်တွေလိုပဲ ညညကျအစာရှာထွက် ကိုယ့်နာမည်ကိုယ်အော်တတ်တဲ့တစ္ဆေ
ပရိတ်ရည်လည်းမနိုင် ကမ္မဝါလည်းမနိုင်လေတော့
ခဏတော့ ချော့သိပ်ခိုင်းထားမှဖြစ်မယ်မေမေ
သမီးပြန်နိုးလာတဲ့အခါ အလမ္ပယ်ပညာသင်ကြားရဦးမှာ

ဝံပုလွေတွေမှာ အဆိပ်မရှိတော့ မြွေတွေလောက်အန္တရယ်မရှိဘူးလို့မထင်ပါနဲ့
သူတို့မှာ အစွယ်ဖွေးဖွေးတွေနဲ့ ခြေထောက်ကလေးချောင်းရှိတယ်
ဒါကြောင့်..မလွယ်တာတွေကိုခဏပိတ် ..သမီးအိပ်လိုက်ဦးမယ်မေမေ
အချိန်တန်ရင် အသံတွေတိတ်သွားလိမ့်မပေါ့..
ဘယ်သူ့ဘယ်သူမှ အကြာကြီး တေးသွားတစ်ခုကိုထပ်တလဲလဲမဆိုနိုင်ပါဘူးမေမေ


လရောင်တွေ ဖြာဆင်းနေပုံကတော့.. လှလိုက်တာ
အိပ်စက်ပစ်ရမှာ နှမျောစရာကြီး…မေမေ.. ဒါပေမယ့်
လရောင်ဆိုတာက ကမ္ဘာမှာအမြဲတည်နေမယ့်အရာ
တစ်နေ့တစ်ရက်တစ်မနက်ပဲ အသက်ရှင်မယ့်လိပ်ပြာလေးတစ်ကောင်မဟုတ်ဘူး
လူတကာရဲ့လက်ညှိုးနဲ့ ညှိုးရော်သွားမယ့် ပန်းကလေးလည်းမဟုတ်ဘူးမေမေ
ခေတ်အဆက်ဆက် အလင်းတွေနဲ့ဖြာဆင်းလှပနေဥိးမှာမို့
နောက်ညကျမှပဲ စောင့်ကြည့်တော့မယ်
ခုတော့ ခဏအိပ်ပါရစေမေမေ……

သီချင်းကိုလည်းပိတ်မပစ်လိုက်ပါနဲ့မေမေ
အဲဒါ John Lenon ရဲ့ Imagine ပါ..ဘယ်တော့မှမရောက်နိုင်မယ့်ကမ္ဘာလေ
အိပ်မက်တွေကိုသူက အထောက်အကူပြုလိမ့်မယ်


ဟော ..မေမေ..ခြေသံတွေကြားတယ် …သမီးအိပ်တော့မယ်မေမေ
သူတို့က အခန်း ၅၀၀ ဆီကိုဦးတည်သွားနေကြတာပါ..
အဲဒီမှာ အလင်းမပါတဲ့ အသိတရားတွေရှိတယ်
မျက်နှာဖုံးစွပ်တွေနဲ့ ဘီလူးတွေရှိတယ်
ဝန်တိုမစ္ဆိယစိတ်များနေတဲ့..ဇာတ်လိုက်ကျော်ဖြစ်ချင်သူတချို့ရှိတယ်
သေးသိမ် နုံနဲ့တဲ့ စိတ်ဓါတ်တွေနဲ့ မှောင်မိုက်နေတဲ့ အခန်းလေးပေါ့မေမေ

သူတို့ကို တားလိုက်ကြပါဥိး..ချောက်ကမ်းပါးတွေဟာလေနှင်ရာမပါတတ်တဲ့အကြောင်း
တစေ့တစောင်းတော့ သတိပေးလိုက်ချင်သား..။

ကြီးကျယ်မြင့်မြတ်တဲ့ တစ်ခန်းရပ်ဇာတ်ပြီးရင်တော့
အားလုံးးဟာကိုယ့်နေရာကိုယ်ပြန် ကိုယ့်မျက်နှာဖုံးကိုယ်ခွာကြရမှာပဲ
ခဏတာမင်းသား ဘဝ သူတို့ရကြပါစေလား…
သမီးကတော့ ခန္တီစတရားတွေကို ယဉ်ပါးအောင်သင်ယူလာခဲ့တာနှစ်တွေကြခဲ့ပြီပဲ..


မကြာပါဘူး သမီးခဏလောက်ပဲအိပ်မှာပါ…
နိုးလာရင်… ဥပက္ခာတရားတွေ ရှိရာလည်း ခရီးထွက်ရဦးမယ်
ပန်းတစ်ပွင့်ကိုမနာလိုတဲ့ငှက်တစ်ကောင်ရဲ့ အတ္တမျိုး
ဘယ်သူ့ဘယ်သူမှအကျိုးမပြုပါဘူးမေမေ…
ငှက်ကပန်းဖြစ်ချင်လို့ သူကကြွေလွင့်ခြင်းသဘောတရားတွေမှသိမထားခဲ့ပဲ
တရားနဲ့ပဲဖြေဖြေနေရတဲ့ ပြဇာတ်တွေ..ပတ်မသံတွေကဆူညံဗိန်းဗောင်းထလို့..။

ရောင်နီတွေပျို့အန်မကျလာခင် သမီးအိပ်မှဖြစ်မယ်မေမေ
အမနာပ တံတွေးစက်တွေ အကြောင်းလည်းခဏတော့မေ့ထားဦးမှဖြစ်မှာ
လေတွေသိပ်တိုက်မလာခင်ထိပေါ့..လေထန်လာရင်တော့
အရာရာဟာဖြစ်လာနိုင်ပြီး..ဖြစ်ခွင့်လည်းရှိသွားနိုင်သလို
ကြက်ခြေခတ်နီနီတွေကလည်း အရောင်စွန့်ဖြူစင်ဟန်ပြကြလိမ့်မယ်


အဲဒီရုပ်ရှင်ကားကိုတော့ပိတ်လိုက်တော့မေမေ
ဒါမှ သမီးခဏလောက် အိပ်လို့ရမှာ…
ကံဇာတ်ဆရာဆိုတာကြီးက နှုတ်ခမ်းမွေးကားကားကြီးနဲ့မဟုတ်မှန်း
ပစ်ပေါက်ထားတဲ့ဓားတွေကတော့သိပါရဲ့ ဒါပေမယ့်
သူတို့ပြန်လာသတင်းမပို့နိုင်ခဲ့ကြဘူး…………..

မကြာခင် သမီးအိပ်မက်တစ်ခုမက်လိမ့်မယ်မေမေ
အဖြူရောင်မေတ္တာတရားစစ်စစ်နဲ့ လင်းမှုန်ပြာဝေနေတဲ့ကမ္ဘာ
ခေါင်းစဉ်လှလှတပ်ထားတဲ့မျက်နှာဖုံးစွပ်စစ်ပွဲများ..ချုပ်ငြိမ်းရာ
အောက်ခြေမှတ်စုတွေမပါတဲ့ ကောင်းကင်ဘုံ..
ဗျာဒိတ်တော်တွေငြိမ်းအေးသန့်စင်နေတဲ့ည
သမီးခဏရသလို သူတို့ကိုလည်းရစေချင်လိုက်တာမေမေ


အရာရာသံသယတွေနဲ့စောင့်ကြည့်နေရ စိတ်မချရတဲ့နေ့တွေညတွေ
ဝန်တိုမစ္တိယစိတ်တွေ..အိပ်မက်ပြီးရင်ပြန်ရင်ဆိုင်ဖို့
ခွန်အားဖြည့်ဖို့ သမီးအိပ်တော့မယ်မေမေ…

ကလေးရယ်..အိပ်ပါ့ဆို..ကြောင်ကြီးရယ်ကမြီးတံတို..မှောင်မိုက်မှာခို…
သမီးမငိုတော့ပါဘူးမေမေ….
ပြန်နိုးလာတဲ့အခါ………………………………………….
……………………………………………………………………..
တာမိုး

မူရင်းနေရာ ကောင်းကင်

လယ်သူမနှင့်လယ်သမား

Thursday, September 10, 2009

ပုံက ပန်ဒိုရာ အမှတ်တရ ဆွဲထားတဲ့ ပုံဖြစ်ပါတယ်။

ဘာရယ်မဟုတ်ပါဘူး။ တချိန်က နှစ်သက်မိခဲ့တဲ့ လယ်သမား ကြီးကိုပြန်ရှာတွေ့လို့ လယ်သူမ နဲ့ ပြန်လည်ပေါင်းဖက်ပေးလိုက်တာပါ ။


လယ်သမား

ဆောင်းဦးရာသီပါ
မြောက်လေပြာပြာတွေတည်ငြိမ်စီးမျော
ငါချစ်သော လယ်ခင်းကလေးမှာ အဝါရောင်တွေဝေပြီ။

သူ့အတွက် ..ကျောက်မြေကိုငါထွန်ယက်ခဲ့ရ
သူ့အတွက် .. မိုးစက်ကိုငါပေါက်ခွဲခဲ့ရ
အခုတော့..
ငါချစ်သော လယ်ခင်းကလေးမှာ အဝါရောင်တွေဝေပြီ။

မြတ်နိုးခွင့် ကို လိမ်ကျစ်ထုတ်ပိုးရင်း
ဘယ်သူမှမခိုးအောင် စောင့်ရှောက်ရတဲ့ညများမှာ
ငါဟာ..
တမျှော်တခေါ် အလင်းဝိုးဝါး။

ရေတွင်းကလေးလို
ကိုယ့်ရင်ထဲက ရေစင်တွေကို
အသံမထွက်အောင်တောင့်ရပ်ထားရတဲ့
၁၉၉၅..
ငါဟာ ရှက်တတ်တဲ့လယ်သမားကြီးပဲပေါ့။ ။
တာရာမင်းဝေ



လယ်သူမ
ကျွန်တော့် တောင်ကုန်း ကလေးပါ
အလင်းတွေနဲ့
ခပ်မို့မို့ တည်ဆောက်ထားတယ်။
နေ့ရက်တွေကြာ
နွေအပြာတွေ ပွင့်ပွင့်သွား။
ဖြတ်သန်းပြီးသား တိမ်တွေ
တစ်အုပ်ပြီး တစ်အုပ် ပြန်ကွေ့လာကြ။
... ... ...

ကျွန်တော် ပွေ့ပိုက်ခဲ့ရတယ်။
နောက်ဆုံးတော့လည်း
ဘာမှ မဟုတ်ခဲ့ပါဘူး။
ကိုယ့်ရင်ဘတ်ကိုယ် အကြမ်းကြုတ်ဆုံး ဆွဲဖွင့်ပြီး
နေပူကြဲကြဲတွေ သွန်ချ ပစ်ရတာက လွဲရင်ပေါ့။

သံယောဇဉ်ကိုမှ
ခုတ်ထွင်ရှင်းလင်းတတ်တဲ့ လယ်သူမရယ်
အခုတောင် လွမ်းတယ်။

တာရာမင်းဝေ