ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

memorandom poem collection

Wednesday, August 19, 2009


ဘဝမှာ တစ္ဆေတစ်ကောင် မဖြစ်ခဲ့တာကိုပဲ နို့တစ်စက်စာမျှ ချွေးသိပ်ခွင့်ပြုပါ မေမေရယ်



"ငါ့ရယ်သံဟာ တွင်းဝင်မဖြောင့်ခဲ့ဘူး"

ပျော်ချင်ယောင်ဆောင်ထားတဲ့ ငိုရွှင်ဖွယ်ရာဇာတ်ရုံထဲ
လူ့အဖြစ်ကို အသားကျအောင် မစီးနိုင်သေးသမျှတော့
ငါ့ရယ်သံဟာလည်း တွင်းဝင်မဖြောင့်နိုင်ဘူးပေါ့
ဇက်ကုန်ဖွင့်မိုက်ရတော့မယ့် ရာသီဥတုကလည်း သဲနဲ့တရှပ်ရှပ်
တစ်ဘဝလုံးဆက်စီးထားရတဲ့သံသယက
ဘယ်တော့ပြုတ်ထွက်မှာလဲ
ခေါ်သံမှာ ငါ့ထံပြန်မလာသူ ပဲ့တင်ရေ . . .
ကိုယ့်အမြီး ကိုယ်ပြန်မြိုထားရတဲ့ မြွေတစ်ကောင်ဆိုရင်တောင်
ခုလို
ကရွတ်ကင်းလျောက် ပုလွေသံတွေနဲ့တော့ အာပတ်ပြေမှာမဟုတ်ဘူး
(တမြည့်မြည့်သွေးထားတဲ့
အရိုးများများ အသားကနည်းနည်းနေ့တွေအားနာလို့)
ခုတော့ ရေကြည်ရာ မြက်နုရာရှာနေရတဲ့ ကြိုးတန်းလမ်းလျှောက်မီးလောင်ပြင်ထဲ
တွင်းဝင်မဖြောင့်နိုင်တဲ့ ရယ်သံတွေနဲ့
အသားတုံးသာသာ လူစင်စစ် ဧကန်ဖြစ်ခဲ့တယ်။ ။

နောင်မင်းနိုင်

.......................................................................

"ပန်းချီနိုးနှစ်"

နာလန်မထူနိုင်အောင်
တပူပူ တကျီကျီဖြစ်နေတဲ့ မျက်ရည်ပေါက်ကြီးငယ်အတွက်
အသံထွက်ကောင်းကောင်း သည်းပွတ်စည်ကလေးနဲ့
ပတ္တမြားကွဲ့ ပတ္တမြားလို့ နှင်းခဲ့တဲ့အရာဟာ
ဗိုလ်ချုပ်ပုံလွှာနဲ့ မတ်စေ့ကလေးလည်း ဖြစ်နိုင်တယ် . . .
ဒါ ... သားရဲ့အိမ်တော်ရာလို့ ဆိုတဲ့ အရာဟာ
ရဟန္တာတစ်ပါး သီတင်းမွေ့နေတဲ့ ငွေသားကြုတ်လည်း ဖြစ်နိုင်တယ်
ကဲကွယ် ... ဒါ ...သားရဲ့ဇနီးပေါ့လို့ ပေးခဲ့တဲ့အရာဟာ
မျိုးကောင်းရိုးကောင်း တိုက်ကြက်မကလေးလည်း ဖြစ်နိုင်တယ်
... ဖြစ်နိုင်တယ်။

မေတ္တာလှရင် ညာတယ်နော်
ညာပါမေမေရယ်
သားလည်တိုင်မှာ ဆွဲထားတဲ့အရာတွေဟာ
မသဒ္ဓါရေစာ ဝန်ပိုးတွေမှ မဟုတ်ဘဲ
သာမန်ညောင်ည ဝန်ထုပ်တွေမှ မဟုတ်ဘဲ
ဖက်လဲတကင်းနွေးကြည်တဲ့ ဥတုပျိုလေးနဲ့ နမ်းမှ
အသေအချာနိုးလာတော့မယ့် "ခမဲ"။ ။

မောင်လင်းခက်

.....................................


"နောက်ကျောမှာစိုက်ဝင်သွားတဲ့ အမှောင်"


လမ်းမဟုတ်တဲ့ လမ်းတွေမှာလည်း ပြေးခဲ့ဖူးပြီ။
ဥယျာဉ်မဟုတ်တဲ့ ဥယျာဉ်ထဲမှာလည်း ခုံတန်းပြာလိုကျင့်ခဲ့ဖူးပြီ။
'ဤခရီးနီးသလား'
ဆိုညည်းမိတဲ့ သီချင်းမှာ မသေချာမှုတွေသာလည်ချောင်းထဲဘောင်ဘင်ခတ်လို့
မှတ်တိုင်ဟာ လေထဲမိုးထဲ သွေးတောင်အောင်ရပ်စောင့်နေရပါပေါ့။
မိမိကိုယ်မိမိ ယိုမသုတ်ခဲ့ဘူး
မိမိကိုယ်မိမိ မီးမကင်ခဲ့ဘူး
ဒီနေ့ထိလူဖြစ်ကျိုးနပ်ခဲ့တဲ့ နာရီပေါင်း ဘယ်လောက်ရှိခဲ့သလဲ
လူဖြစ်ရှုံးခဲ့တဲ့ နေ့ပေါင်း ဘယ်လောက်ရှိခဲ့သလဲ
ပြောမဖြစ်ခဲ့တဲ့ စကားလုံးပေါင်းဘယ်လောက်ရှိခဲ့သလဲ
လက်ပြန်ရိုက်ချလိုက်တဲ့ မေးခွန်းမှာစံပယ်တွေ ဖွေးဖွေးလှုပ်အောင်ကြွေပေါ့။
ငါ့နောက်ကျောစိုက်ဝင်သွားတဲ့အမှောင်မှာတော့
တရားထူးရှာမတွေ့ခဲ့တာသေချာတယ်။ ။

နောင်မင်းနိုင်

......................................................................


"အဆုံးမဲ့တေး"

အိမ်တွေဟာ
မှုန်ကုပ်တိတ်ဆိတ်လို့
ပျင်းရိထိုင်းမှိုင်းနေသလို။

စက်ရုံခေါင်းတိုင်က
မီးခိုးငွေ့တန်းတို့တွန့်ခေါက်
လွန့်လူးအေးစက်နေပုံဟာ
ငြီးငွေ့စရာကောင်းတယ်။

ညနေစောင်းလာတာနဲ့
လူ့ဘဝဆိုတာ
ခပ်မှိုင်းမှိုင်းရေးခြယ်ထားတဲ့ ပန်းချီလို
ခြောက်သယောင်းအေးခဲနေတယ်။

တစ်ခါတစ်ရံ
လမ်းစတွေပျောက်ဆုံး
အဆိုးဆုံးကတော့
ဦးတည်ရာနေရာကင်းမဲ့
ကမ်းစပ်က သင်္ဘောပျက်ကြီးတစ်စင်းလို။

အထီးကျန်နိုင်မှုနဲ့အတူ
ဘဝမှာ လူလာဖြစ်ရတာ
အဓိပ္ပာယ်ဆိုတာ မရှိ
အရာရာဟာ အနှစ်မဲ့လာသလိုပဲ။

နွမ်းကြေမှုထဲမှာ အိပ်ပျော်
လင်းကြက်ဆော်ချိန်မှာ လွန့်နိုးထ
အစကနေအဆုံး အတည်ငြိမ်ဆုံးထားတွေး
အားမာန်တွေမွေးလို့
အချစ်တေးတွေ သီဆိုရဦးမယ်။ ။

ညွန့်သစ်

..............................................................


"ငါမဟုတ်ဘူးကွဲ့၊ ဇီဝဇိုး၊ ငှက်တစ်ကောင်"

လဲလှယ်ခဲ့ရတယ်
ဆုံးရှုံးမှုသစ်သီးတစ်ခိုင်နဲ့
လွတ်လပ်မှု ထိုင်ခုံတစ်လုံး။
ရယ်ဒီ ရိုက်မယ်၊ ပြုံးပါတဲ့
ငယ်ငယ်က ကြုံဖူး
အဝတ်မည်းကြီး ခြုံထားသူ ညွှန်ကြားသမျှ
သွားအကျဲသားလေးနဲ့ရယ်ခဲ့ ... ။
ငါ့ဓာတ်ပုံ ...။
မြစ်အနောက်ဘက်နေ ငယ်ဖော်များ
နန်းတော်အောက် ခွေးကြည့်သွားခိုက်
အကွက်စေ့အောင် စဉ်းစားဖို့
သူတို့မေ့သွားပုံရ။
အဝတ်မည်းကြီးကို ကြောက်ရင်းစွဲ
သည်းသည်းမည်းမည်းနစ်မွန်းပစ်ချင် ... ပစ်လိုက်
"မြကျွန်းသာ" သဏ္ဍာတိုက်ရဲ့ မြေပုံညွှန်း
ပေညစ်
စွန်းထင်း
ဟုတ်ကဲ့ ... လုံးလုံးမသုံးဖြစ်တော့ဘူးလေ ... ။

တောင်ကြီးဖဝါးအောက်ဆိုပေမယ့်
လူသူမရောက်နိုင် ပင်လယ်နက်ထဲ
ထိုးထွက် ကျောက်ဆောင်ကျောက်ကမ်းပါး
စွန့်စွန့်စားစား ကြိုးကြိုးကုတ်ကုတ်
အသိုက်လေးလုပ်ပြီး ဝှက်ထားရှာ။
ရှားရှားပါးပါးကွဲ့
အစာတွေအပြင်
သွေးမျှင် သွေးစ၊ ပါတဲ့အထိ၊ အန်ထုတ်
အသိုက်လုပ်၊ အနေထူး။
ဒုက္ခတွေ မဆန့်မပြဲသုံးပြီး
ကဗျာတွေအန်ထုတ် အသိုက်လုပ်ကြ။
ငါ့အန်ဖတ်ပုံကြီးကို ပြန်ကြည့်မိတော့
"ဆုံးရှုံးကြေကွဲ မျက်ရည်အိုင်"
"အတည်ကြံတာပဲရယ်လို့ ထင်ထားပြီးမှ
အဲသည့်ယုံကြည်မှုက ပေါက်ဖွားလာခဲ့"
"အတ္တမာနထုထည်"
ဪ အခံရခက်လိုက်တာများနှယ်။
ပိုလို့နက်တဲ့ပင်လယ
ပိုလို့မြင့်တဲ့ကျောက်ဆောင်ထိပ်
တရိပ် ... ရိပ် ... ပျံ
ဘဝတစ်သက်ပန်လုံး ...
အန်ပြီးရင်း အန်ရင်း ... ပေါ့။ ။

မအိ

.....................................


"မပြောဖြစ်ခဲ့တဲ့အကြောင်းတွေ ရှိပါသဖြင့်"

တိုင်းပြည်ကြီးဟာ သစ်သီးဝလံတွေပေါများလို့
တစ်ကိုက်ဖဲ့စားလိုက်တိုင်း ခွမ်ကနဲ ခွမ်ကနဲ မာလကာသီးကြီးတွေ အုန်းသီးခန့်
အုန်းသီးမှာ အခွံမရှိတော့တဲ့ ငါတို့တိုင်းပြည်ရဲ့ ဒီနေ့နည်းပညာ ...

ငါဟာ မူလတန်းပြဆရာတစ်ဦးပါ
ငါ့ကျောင်းက ကလေးတွေဟာ အင်တာနက်နဲ့ မလုံလောက်တော့
ပဋိပညာရေး anti-education ကို တောင်းဆိုနေပြီ
ကမ္ဘာ့ကဗျာဆရာမောင်ချောနွယ်
ကမ္ဘာ့ကဗျာဆရာဇေယျာလင်းတို့ရဲ့ လာရောက်ဟောပြောမှုက
ိုမုန့်စားဆင်းချိန်မှာ အသေးစိတ်ဆွေးနွေးလို့ ...

ငါ့အိမ်ခေါင်မိုးမှာ ဆိုလာအမိုးပြားတွေနဲ့
ငါ့အိမ်ရှေ့က နိုင်လွန်ကတ္တရာလမ်းသွယ်
ငါတို့လမ်းထဲက အိမ်တွေဟာ ရွှေဖြူမျက်နှာကြက်နဲ့
ငါတို့လမ်းထိပ်မှာ ငါ့မိန်းမဟာ
လေးထပ်မြင့် ဟင်းသီးဟင်းရွက် mart တစ်ခုကို ဦးစီးရောင်းချလို့
လက်ထဲမှာ မြစ်ဝကျွန်းပေါ်မြောက်ဖျားစီးပွားရေးစာစောင်ကိုဖတ်လို့
အို ...ငါတို့မြို့လေးမှာ
ရွာသာကုန်းတိုင်းမ်သတင်းစာ
ပိုးစာတောစထရိဂျာနယ်
ရွှေကူပို့စ်သတင်းစာ
နေ့စဉ်ထုတ်သတင်းစာတွေဟာ ပလူပျံလို့ ...

ဆေးရုံတွေမှာ လူနာမရှိသလောက်ဘဲ
မြို့ဟာ ကျန်းမာရေးနဲ့ညီညွတ်လို့
စက်ရုံက မီးခိုးတွေနဲ့ အိတ်ဇောငွေ့တွေကို
မြို့တော်ဝန်ဟာ အောက်စီဂျင်အဖြစ် ပြောင်းလဲထုတ်လုပ်လို့
မြို့ထဲက ပလက်ဖောင်းတွေ၊ ပလက်ဖောင်းတွေရဲ့ ပခုံးသားမှာ
သင် လျှောက်ခဲ့တဲ့ခြေလှမ်းတွေကို ဖော်ပြလို့
ပဲစပါးပြတိုက်၊ ရေချိုးငါးပြတိုက်၊ ယဉ်ကျေးမှုပြတိုက်ကြီးတွေဟာ မိုးထိမြင့်လို့
ပန်းဘဲတန်းစကွဲယားပန်းခြံထဲမှာ
ကဗျာဆရာမောင်လင်းခက်ရဲ့ဖယောင်းပန်းပုဟာ တိတ်ဆိတ်ငြိမ်သက်လို့
ဟင်္သာတကိုဝင်ထွက်ခဲ့ဖူးတဲ့ ကဗျာဆရာတွေရဲ့ရုပ်ပုံဟာ
ကဖေးဆိုင်တိုင်းမှာ ချိတ်ဆွဲလို့
လမ်းထောင့်တိုင်းမှာ သူရဲကောင်းနဲ့ စာဆိုတို့ရဲ့ကြေးသွန်းရုပ်ကြီးတွေ
မြို့ရဲ့တစ်ခုတည်းသော လေယာဉ်ကွင်းကနေ ...

ကဗျာတစ်ပုဒ်ထဲသို့ ဝင်ရောက်ပါ
တကယ့်အဖြစ်အပျက်များသာ တွေ့ရမှာ။ ။

ကိုမြတ်ခိုင်ဦး

.....................................


"စံတော်ချိန်"

လက်နှစ်ဖက်လုံး အဆုံးခံလိုက်ရလို့ပေါ့
မျက်လုံးလေး မှိတ်တုတ်မှိတ်တုတ်
သုည တစ် သုည တစ် သုည တစ် ဓာတ်ခဲနဲ့အသက်ရှု
ဒစ်ဂျစ်တယ် ယန္တရား
ရေဒီယိုတီးလုံးများ၊ ရုပ်မြင်သံကြားပြကွက်
ရွာမှာ ကုလားတက်ရှိသေးလား
ကြက်တွန်သံ၊ အုန်းမောင်းသံ
ငါတို့ ပျံသန်းနေဆဲ
မှန်ကွက်ကလေး သေးသေးထဲ
ဘာကို မြင်ကြရ။ ။

စည်သူငြိမ်း

...........................................................................


"ကျွန်တော့်ကို ဖွင့်ထွက်သွားတဲ့အခန်း"

အခန်းတစ်ခုကို
ကျွန်တော် ဆာလောင်မွတ်သိပ်ခဲ့တယ်။

လူတချို့ပိုင်ဆိုင်တဲ့အခန်းတွေကို မြင်တိုင်း
ပြင်းရှငတ်မွတ်စွာ တောင့်တခဲ့မိလေရဲ့
ကျွန်တော့်အတွက်
လုံလောက်မျှတစေတဲ့ အခန်းတစ်ခုကို။
လူတချို့အတွက်
သူတို့ရဲ့အခန်းတွေဟာ
သစ်လွင်လှပတဲ့အိပ်မက်တွေကို ထုတ်လွှင့်ပေးကြတယ်။
လူတချို့အတွက်
သူတို့ရဲ့အိပ်မက်တွေဟာ
တောက်ပတဲ့ရွှေရောင်ပန်းခင်းတစ်ခုကို ဖန်ဆင်းပေးကြတယ်။
လူတချို့အတွက်
သူတို့ရဲ့ပန်းခင်းတွေဟာ
ထူးဆန်းသိမ်မွေ့တဲ့ လေပြည်လေညင်းတွေကို ခြယ်မှုန်းပေးကြတယ်။
လူတချို့အတွက်
သူတို့ရဲ့လေပြည်လေညင်းတွေဟာ
အရောင်အသွေးပြောင်မြောက်တဲ့ရနံ့တွေကို ဆွတ်ဖျန်းပေးကြတယ်။

သူတို့ပိုင်ဆိုင်တဲ့ အခန်းတစ်ခုလုံးဟာ
အဆိုပါအဆင်တန်ဆာတွေနဲ့ သက်ဝင်ချိုမြနေတော့တယ်။

အခြားတစ်နေရာက ပြန်လာတိုင်း
မောပန်းနွမ်းနယ်မှုကို အစားထိုးဖြေဖျောက်ဖို့ရာအတွက်
ကျွန်တော့်မှာ အခန်းတစ်ခု မရှိခဲ့ပါ။
မရှိခဲ့လေသော အခန်းတစ်ခုအတွက်
လိုအင်ဆန္ဒများနှင့် ရှုပ်ပွနေသော ကောင်းကင်တစ်ခုသာ
ကျွန်တော့်မှာ တည်ရှိဖောင်းပွနေခဲ့။

သူလိုကိုယ်လို နေထိုင်ရန်
လုံခြုံနွေးထွေးပြီး ဆွဲဆောင်မှုရှိသော အခန်းတစ်ခုကို
တမြန်နေ့က
ကျွန်တော့်စိတ်ကူးများနှင့် လဲလှယ်ခဲ့ရပါသည်။
အများနည်းတူ
အခန်းတစ်ခုကို ကျွန်တော် ပိုင်ဆိုင်ခဲ့ရပါရဲ့။
ဒါပေမယ့်
ကျွန်တော့်ရဲ့အခန်းဟာ
မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။
ခေတ္တခဏသာ စိတ်သက်သာရာ ရစေခဲ့ပြီး
ကျွန်တော် ချုပ်လုပ်ထားတဲ့ အိပ်မက်တစ်ခုကိုလည်း
မပြောမဆို
ခိုးယူဝတ်ဆင်ထားပြန်သေးရဲ့။

သည်နောက်မှာတော့
တိတ်ဆိတ်တိုတောင်းလှတဲ့ စက္ကန့်ပိုင်းတစ်ခုအတွင်းမှာ
ကျွန်တော် မသိအောင် ပြန်ထွက်သွားခဲ့လေတယ်။ ။

သျှီသူအောင်

.........................................................


"မျက်နှာကောက်ကြောင်းများ အနီးကပ်"


ဘတ်စ်မှတ်တိုင်၊ စူးစမ်းကြည့်နေတဲ့ မျက်လုံးတစ်စုံ၊ မြင်ကွင်းထဲ
မျက်နှာတွေ တရိပ်ရိပ် ဖြတ်သွားနေ၊ ကောင်မလေးက
ကောင်လေးကို ချစ်စနိုး မျက်လွှာပင့်ကြည့်တဲ့ ခဏ၊ လူအိုတစ်ယောက်ရဲ့
မျက်မှန်နက်အောက်မှာ ဘာရှိသလဲ၊ နားကြပ်ထဲက သီချင်းသံနားစွင့်နေတဲ့ မျက်နှာ
အများပြည်သူသုံးဖုန်းပြောရင်း စိတ်ကူးယဉ်နေတဲ့ အိပ်မက်ထဲ လမ်းလျှောက် နေတဲ့
အခြားမျက်နှာပေါ်မှာ စိုးရိမ်ကြောင့်ကြမှု အရိပ်အယောင
်ရုပ်ရှင်မင်းသမီးမျက်နှာနဲ့ မိန်းမရွယ် ရန်ကုန်တစ်မြို့လုံးကို ထီမထင်ဟန်နဲ့
ငွေကြေးရှာဖွေနေတဲ့ မျက်လုံးတွေ၊ ထိုင်ခုံပြာပေါ် တောင့်တောင့်ကြီး
လူမှုရေးပြောနေတဲ့ မျက်နှာတွေ ရှုပ်ထွေး/မှိန်ဖျော့
ဒေါ်လာတန်ဖိုး အနိမ့်အမြင့်မှာ ပျက်ယွင်းနေတဲ့မျက်နှာတွေ ငွေစက္ကူလို
ဖျတ်ခနဲ၊ မိတ်ဆွေတစ်ယောက်ကို မမြင်ဟန်ဆောင်လိုက်တဲ့မျက်နှာ၊ ကြော်ငြာ
ဆိုင်းဘုတ်ပေါ်က အောင်မြင်ကျော်ကြားမှုကို ဆာလောင်နေပုံရတဲ့သရုပ်ဆောင်မှု
စိတ်ကူးထဲက မျက်နှာပုံရိပ်တွေက မှုန်ဝါးနေသလိုပဲ၊ အမှန်လို့တော့ မသေချာ
နေ့စဉ် ပြဿနာတွေ ဖြေရှင်းနေရသလား၊ ဟိုမျက်နှာ
လူ့ဘဝဟာ ပန်းသီးလို အရသာမျိုးရှိတယ်လို့ ယူဆထားသလား၊ ဒီမျက်နှာ
မျက်နှာပေါ်က အဓိပ္ပာယ်တွေ ကွဲပြားခြားနား၊ သို့သော် အကန့်အသတ်နဲ့
အများနဲ့မတူတဲ့မျက်နှာတစ်ခု၊ စကားလုံးတွေ စဉ်းစားကြည့်နေဟန်
ဘာသာစကားမှာလည်း အဓိပ္ပာယ်ဟာ အကန့်အသတ်နဲ့
တိရစ္ဆာန်ပုံပေါက်နေတဲ့ မျက်နှာကို လူကြီးလူကောင်းလို့ အနက်ဖွင့်လို့ ရမရ
အခု မြင်နေရတဲ့ မျက်နှာတွေမှာ အခြားမျက်နှာတွေ အစားထိုးလို့ ရမရ
မီးတောက်မီးလျှံ၊ ပင့်ကူ၊ ဟောင်းနွမ်းနေတဲ့ စကားပုံ၊ ရေဆေးပန်းချီကား
ခေတ်ကုန်သွားတဲ့ ဖက်ရှင်၊ ပညာတတ်မျက်မှန်၊ ဝက်နှာခေါင်း၊ စက်ရုပ်၊ ဆော့ဖ်ဝဲ
မြို့ပြမျက်နှာတွေဟာ ပန်းမျိုးစုံပွင့်နေသလို
ဘာသာပြန်သူ၊ တက္ကစီမောင်းသူ၊ ငွေလွှဲစာပေးပို့နေသူ၊
ရုပ်ရှင်ဇာတ်ကားရိုက်ကူးထုတ်လုပ်သူ
မျက်နှာတွေအားလုံး ရောနှောလိုက်တော့
လူမှုပညာရှင်တွေပုံဖော်မရတဲ့ မျက်နှာတစ်ခုပေါ်လာသတဲ့
အရေးပေါ်၊ ကွန်ပျူတာက ပြောနေတယ်၊ အချက်ပေးအော်မြည်သံ
အမှောင်ထဲမှာဝိုးတဝါး၊ လူလူချင်း ခြောက်လှန့်နေတဲ့တစ္ဆေ
ခင်ဗျား၊ ကျွန်တော်၊ သူသူငါငါ။ ။

အောင်ရင်ငြိမ်း

..................................................................................


"ကြိုးတံတား"

ငြင်းပယ်လို့မရတဲ့ ဖြစ်တည်မှု
ဖြတ်သွားဖြတ်လာနေသူ တချို့ကြောင့်
တအိအိ တဆတ်ဆတ် တုန်ခါနေရတာ သူ့ခန္ဓာ။
သူတစ်ခါက ပြောဖူးတယ်
(ရယ်သလိုလို ငိုသလိုလိုနဲ့ပေါ့)
ဘဝဆိုတာ နိမ့်လိုက်မြင့်လိုက်နဲ့
အချိန်တန်တော့လည်း ပြီးဆုံးသွားတာပါပဲတဲ့။
ဒါပေမယ့်
နုနယ်သူများ စီးဆင်းနေမှုမှာ
ထိတ်လန့်ရင်ဖိုစရာ။
လိမ္မာပါးနပ်ရင့်ကျက်သူတချို့ပဲ
ယမ်းခါမှုမှာ အလိုက်သင့်
ကိုယ်ဖော့
အရသာကို ရသလောက် ပိပိရိရိခံစား
နာရီတစ်လုံးကတော့ ဖျားနေခဲ့ပြီ။ ။

မျိုးမင်းငြိမ်း

...........................................................

"ဒီဝါဆို ဆွတ်ပျံ့စေခဲ့"

မင်စွန်းနေတဲ့ အင်္ကျီကိုကြည့်ပြီး လွမ်းရမလား
တစ်ရက်ခြား တစ်ကြိမ်ပွင့်တဲ့ ဇွန်ပန်းရုံကို လွမ်းရမလား
ကျွန်တော်ဟာ သခွားသီးစိတ်လေးပါလို့
လမ်းဘေးက ဓာတ်တိုင်ကြီးကိုတော့ ပြောပြခဲ့ဖူးတယ်။.

မီးကိုခူးဖို့
ကောင်းကင်ကို တူးဆွလိုက်ရမလား
တိမ်တွေကို ဖိနပ်လုပ်စီးမယ်လို့တော့
မရည်ရွယ်ခဲ့ပါဘူး။
အဦးအဖျားလေးကို သက်တံမှာချည်ပြီး
မိုးရာသီတစ်ခုလုံး
တူတူပုန်းတမ်း ကစားခဲ့ဖူးတယ်။ ။

ဇော်မိုးလွင်

.......................................................................


"ဖြတ်သွားဖြတ်လာပြုကျင့်ခြင်းခံရသော ဝါကျများအကြောင်း"



ရေတမာနဲ့မလေးရှားပိတောက်ပင်တွေ
မမြင်ရတာကြာသော မိတ်ဆွေတွေလည်း စကားပွင့်စိမ်းစိမ်းတွေနဲ့
မရိတ်သိမ်းဖြစ်သေးတဲ့ မုတ်ဆိတ်မွေးပင်တွေလို
ကြိုးတိကျဲတဲ၊

တစ်ယောက်အလိုတစ်ယောက်မလိုက်နိုင်တဲ့အခါ
ခင်ဗျားတို့ လက်ထဲမှာ အလင်္ကာတွေ နိမိတ်ပုံတွေ
အပစ်အခတ် အဖြတ်အတောက် အချိန်းအချက်
အမျက်တွေ တစ်ခွက်လောက်မော့သောက်ရအောင်
ခင်ဗျားတို့ကို ကြိုဆိုနေမယ့်
ဗိုလ်အောင်ကျော်လမ်း၊ ပီမိုးနင်းလမ်း၊ ရွှေဥဒေါင်းလမ်း၊ မြို့မငြိမ်းလမ်း
နားခိုစရာ ဘိုထိုင်အိမ်သာနဲ့အဲယားကွန်းဘုံရိပ်သာ
လိုချင်တာရနိုင်မယ့် မြို့တော်မတ်နဲ့ ဆိုက်ဘာကဖေး၊ ကဗျာကလေးရေး
အညောင်းအညာလေးလည်း ဖြေချင်ရင် ပြေနိုင်တာပေါ့၊

ဝီစကီနဲ့အင်နာဗွန်စီ တည့်ပါတယ်ကိုယ့်လ
ူဒီတစ်ပတ် စနေမလာဖြစ်သေးဘူးလား
ပြန်ရောက်သွားပြီဆိုတဲ့အကြောင်းနဲ့ ဘယ်ကိုလာတွေ့ပါဆိုတဲ့အကြောင်း
အကြံပြောင်းတဲ့အကြောင်းပြန်စကား ဖုန်းလိုင်းတွေ မအားသေးဘူးလေ

ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနဲ့ဆိုပြီး
ရင်ငွေ့လေးပြေးပြေးလှုံရ ...နို့သက်လေး ပြေးပြေးခံရ
အဖိုအမတွေမရှိလည်းရတဲ့ ကမ္ဘာကြီးမှာ
ကဗျာဆရာတစ်ယောက်တော့ ရှိသင့်ပါတယ်။ ။

ဗညားလှိုင်ဦး

............................................................................


"လက်ဆောင်မွန်"

ရာသီက ပန်းကိုစောင့်တယ်
အလွမ်းက ငါ့ကို စောင့်တယ်
တစ်မိုးလုံး ဖျောက်ဆိပ်ချည်းလို့
ဘယ်သူပြောလဲကဲ ဟောသည်မှာ
ဘယ်သူပြောလဲ တစ်တောလုံးကြွေ
ဒီသီချင်းကို မောင်ဒေါင်းလည်း ဆိုတယ
်ဗညားလှိုင်ဦးလည်း ဆိုတယ်
ပြန်မတွေ့တာကြာပြီဖြစ်သော
ငယ်သူငယ်ချင်းမလေး ယုယုလွင်လည်း ဆိုတယ်
ချေ လည်း ဆိုတယ်
အမေလည်း ဆိုတယ်
လွမ်းတတ်သူများသမဂ္ဂမှာ
ခင်ဗျားနာမည်စာရင်းပေါက်ပါပေါ့
ကိုနောင်မင်းနိုင်။
လူပြောသူပြောလမ်းထဲ
လူလွမ်းသူလွမ်း ပြောဖြစ်တာတွေ
နောက်ဆုံး အသံ
အကျယ်ကြီးထွက်ပြပြီးမှ
ရွာမယ့်မိုးက
လာမယ့်မိုးကို ဆီးလို့ကြိုမယ်လုပ်တယ်
တကယ်တော့ဆုတောင်းခန်းတွေက ထွန်းညှိလိုက်တဲ့အသံပါ
တစ်လွမ်းလွမ်း တစ်လွင့်လွင့်
စီးဆင်းနေတဲ့
ပန်းပွင့်ဝါဝါလေးတို့ရဲ့
ဆွတ်ကျင်မွှေးမြ အနာတရကို
စိုက်ပျိုးခဲ့ခြင်းလည်း ဖြစ်ပေရဲ့
တရားကို နတ်စောင့်သတဲ့
ဒါဆို
မတရားတာကို ဘာစောင့်ပါလိမ့် မိတ်ဆွေတို့
ရာသီက ပန်းကို စောင့်တယ်
အလွမ်းက ငါ့ကို စောင့်တယ်
မတရားတာကို ဘာစောင့်ပါလိမ့်မိတ်ဆွေတို့
အဖြူစင်ဆုံးဟာ
အဖြူစင်ဆုံးမဖြစ်ခဲ့တော့ဘူးဆိုရင်
အဲဒီမေတ္တာတရားဆီ
ငါမရောက်ရောက်အောင်သွားပါရစေ
မတားပါနဲ့
ဘီလူးနက္ခတ်မှာလည်း
နံ့သာပန်းတွေပွင့်ခွင့်ရှိကြောင်း
နှောင်းလူတို့ သိကြားပါစေလေ
ဗုဒ္ဓရဲ့အဆုံးအမမှာ
အပ္ပမာဒေန သမ္ဗာဒေထ
ကိုယ့်ဒဏ်ရာကိုယ် မမေ့ဖို့တော့
လိုရဲ့မဟုတ်လား
ငါတို့ဟာ ပြောကြရတယ်
ငါတို့ဟာ စကားတွေ ပြောကြရတယ်
ငါတို့ဟာချစ်ခြင်းမေတ္တာအတွက် စကားတွေပြောကြရတယ်
ကရားထဲက ရေကျသလို စကားတွေက
အမှားထဲက ရွှေတွေ့သလို တရားတွေအကြောင်း
ငါတို့ဟာ
နောင်နှစ်ပေါင်းများစွာ ပြောနေကြရဦးမယ်မဟုတ်လား
တောင်တန်းတွေဟာ
ငြိမ်သက်တိတ်ဆိတ်သလောက်
ဝါးရွက်တွေကတော့
အသံအကျယ်ကြီး လှုပ်ခတ်ကြတယ်လေ
မိတ်ဆွေတို့
အစ်ကိုတို့
သူငယ်ချင်း ညီအစ်ကိုတို့ရေ
ဒီနွေဦးဟာ
ကျွန်တော်တို့လက်ထဲမှာ
ပွင့်ဖူးရမယ်ဆိုတာ သေချာခဲ့ပြီ။ ။

Aမွန်

..........................................................



"ပင့်သက်"

အားလုံးက
ရှင်းရှင်းလင်းလင်းဖြစ်စေချင်တယ်။

ဒါပေမယ့်
ထပ်မံရှုပ်ထွေးခြင်းတွေ မွေးဖွားခဲ့ပြီ။

ငါတို့
အမှောင်တွင်းမှာ
မျက်နှာအဝတ်စည်းပြီး
ပြုံးရယ်တတ်ဖို့ ကြိုးစားကြရအောင်။ ။

ဖျာပုံမောင်မောင်စန္ဒာ


"မျက်ရည်ဝဲနေတဲ့ဟွန်းသံ"

ဖေဖေရဲ့ ရှိုက်သံမှာ
ကျွန်တော်ငိုနေတယ်ဆို ယုံမလား။
ကြွေးဟောင်းကိုမဆပ်နိုင်သေးဘဲ
ကြွေးသစ်ပါ ဆက်တင်နေတဲ့ ကျွန်တော်
ဖေဖေ့အရိပ် မိုးကုတ်စက်ဝိုင်းက
ကမ္ဘာ့အနက်ဆုံး ချောက်ထဲခုန်ချခဲ့။
ကျွန်တော့်စိတ်နဲ့
ဖေဖေ့နှလုံးခုန်ခဲ့တယ်ဆိုတာမေ့ခဲ့။
ဖေဖေ ကရုဏာဒေါသနဲ့ ကျွန်တော့်မာနကြားမှာ
ရနံ့အပြည့်ပန်းတွေညှိုးခဲ့။
ငယ်ငယ်က ပုံရိပ်တွေ
ကြီးလာတော့ ပိုထင်ရှားတယ်ဆိုတာ ဟုတ်တယ်။
မိသားစုနဲ့ဝေးမှ
မိသားစုအရသာကို ငတ်မွတ်တယ်ဆိုတာ ဟုတ်တယ်။
အဖေမရှိတော့တဲ့ ဖေဖေ
သားတစ်ယောက်ရှိနေရုံနဲ့
စကြဝဠာတစ်ခုစာ ကျေနပ်နှစ်သိမ့်ခဲ့တယ်လား။

ဖေဖေ့ အမေ ကျွန်တော့်အဘွား
ဖေဖေ့အပေါ် ချစ်ခဲ့တာထက်
ကျွန်တော့်အပေါ် ဖေဖေ ပိုချစ်ခဲ့တယ်လား။
မိဘမေတ္တာရဲ့ အဖြူရောင်တရားမှာ
အဖိုအမ, မကွဲပြားပါဘူး
ကျွန်တော့်အနုပညာလက်ညှိုးလေး
ဖေဖေ့ပါးစပ်ထဲ ပြည်ပေါက်ခဲ့တာတောင်
မျိုချခဲ့တဲ့ ဖေဖေ
အိပ်မရတဲ့ ညတွေမှာ
ကျွန်တော့်အတွက် စဉ်းစားတွေးတောပူပန်ရင်း
ရင်ထဲတောက်လောင်နေတဲ့ မီးရှိန်နဲ့
အပေါ်သွေး (၁၉၀)၊ အောက်သွေး (၁၀ဝ)
နည်းတာမှမဟုတ်။
ရည်ရွယ်ချက်ကို ဆေးမင်ကြောင်ထိုးခဲ့ပြီ။

ကျွန်တော့်အဓိပ္ပာယ် ကျွန်တော်ဖွင့်ဆိုခဲ့ပြီ
အဝေးရောက်သားရဲ့နောင်တမှာ
စဉ်းစားတိုင်း ဝဲခဲ့တဲ့ မျက်ရည်နဲ့
စိတ်ကူးတိုင်ပင်ခဲ့တဲ့ အသိ
ကျွန်တော့်အမှန်တရား
ကျွန်တော့်အပေါ် ဘယ်လောက်မှားခဲ့သလဲ။
မေတ္တာကင်းမဲ့ဇုန်မှာ
ကျွန်တော့်ရင်ထဲက ဝေဒနာဟွန်းသံကို
ဘယ်သူကြားမှာတဲ့လဲ။
ဖေဖေ့အိမ်က မြေကြီးရနံ့ကို ဆာတဲ့စိတ်နဲ့
ဒီကဗျာမှာ ကျွန်တော်တီးနေတဲ့ ဟွန်းသံ။ ။

တိုးနှောင်မိုး

......................................................................


"ပျော်ရွှင်သူ"


အမှန်တရားက ဖိနပ်ပြင်နေချိန်မှာ အမှားက ကမ္ဘာတစ်ပတ်ပြည့်ခဲ့တာလား
သူတော်စင်က ပုတီးတစ်ပတ်ပြည့်ချိန် သူမိုက်က ငိုက်မြည်းနေတုန်းလား
တစ်ယောက်က အခွန်း (၆၀) ဆရာခေါ်မှ
တစ်ယောက်က တစ်ခွန်းပဲ ပြန်ထူးတာလား
မပြီးနိုင်၊ မစီးနိုင်လည်ပတ်နေတဲ့သံသရာမှာ
နံနက်ခင်းပွင့်တဲ့ ပန်းကအစ ဆုံလည်နွား
ချစ်ခြင်းမေတ္တာတွေ ဆင်ကန်းတောတိုးနဲ့
ဝင်ဝင်ပူးနေတဲ့ ဝိညာဉ်များ
ကိုယ် ဒီနေရာ ပြန်ပြန်ရောက်လာတာ
ဘယ်နှကြိမ်ဘယ်နှခါရှိပြီလဲ
ရောက်ချင်ပေမယ့် မရောက်သေးတဲ့ တစ်စုံတစ်ရာအတွက်
မရောက်ချင်ပေမယ့် ရောက်လာဦးမယ့် တစ်စုံတစ်ရာအတွက်
မွေးနေ့ဟာ လောကမာယာနောက်တစ်ခွက်လား။ ။

ဝိုင်ချို

....................................................................................


"တေ့လွဲဇာတ်ပေါင်းခန်း"

ငါနဲ့မင်း အခုလို တွေ့ဆုံခြင်းကိုက
အတော်လွဲချော်မှုတစ်ခုတလေပါပဲ
အခုလောက်ဆို ...
... ပန်းခြံတစ်ခုထဲက
ဒန်းလေးတစ်စီးပေါ် ကျွန်မ ရောက်နေလောက်ပြီ
ငါ့ကိုလည်း ဘဏ်တိုက်တစ်ခုထဲမှာ တွေ့ကြတယ်ပြောတယ်
ငါ့အတွက် မင်းမရှိလည်း ရတယ်
ကျွန်မလည်း ရှင့်ကို အလိုမရှိတော့ဘူး
မင်းရဲ့ခါးသားဖွေးဖွေးလေးတွေကို ငြီးငွေ့နေပြီ
ရှင့်ရဲ့မထုံတတ်တေးကို စိတ်ပျက်မိတာတော့ အမှန်ပဲ
အတွင်းခံအနီဆို ဘလောက်စ်အနီဖက်ရှင်
ရှင့်အတွေ့အထိကို ကျွန်မညောင်းညာနေပြီ
လာသေးတယ်၊ အတွင်းခံအပြာအစက်အပြောက်ဆို
ဘလောက်စ်အပြာအစက်အပြောက်ဆိုတာတွေ
စက်ရုံတစ်ရုံ၊ အိမ်တစ်လုံး၊ မိန်းမတစ်ယောက်
အမြဲပြုပြင်ဖို့ လိုသေးတယ်ဆိုတာ ရှင်မသိတာအံ့ပါရဲ့
နွေပြီးရင် ... မိုး လာတော့မယ် ...
မိုးပြီးရင် ... ဆောင်းရောက်တော့မှာလို ...
အဲဒီလို မင်းအတွက် ငါ့မှာ အဆင်သင့်မရှိခဲ့ဘူး
မင်း Mr. LP ကို သိလား
ကျွန်မ အရူးတွေအကြောင်း စိတ်မဝင်စားဘူး

ရုပ်ရှင်ရုံဟောင်းကြီးရှေ့က မင်းထွက်သွားလို့ရပါပြီ
ငါကတော့ တစ်ယောက်ကို စောင့်ရဦးမယ်
ကျားနို့စို့ချင်လျှင်တော့ ကျားခေါင်းထဲဝင်ရဲရမယ်
သွားပါ ... သွားလို့ရပါပြီ
သေသူကိုရှင်သူက တ စရာအကြောင်းလည်း မရှိ
ငါ့ကို မင်းအနီရောင်ကြက်ခြေခတ်လိုက်သလို
ငါတစ်ယောက်ယောက်ကို စောင့်ရမယ်
တစ်ယောက်ယောက်ကို
မင်းလိုပဲ ငါက ပြန်ပြီး အနီရောင်ကြက်ခြေခတ်ပေးရမယ်
ဒါမှမဟုတ်
နှစ်ထပ်ကွမ်းပျော်ရွှင်မှုတစ်ခုခု
နောက်ဆုံးတွေ့ချင်တယ်ဆိုရင်တော့
ဗုဒ္ဓဟူး တဟူးဟူးမှာ
ဒေါင်းလမ်းထဲက သီချင်းမဖွင့်တဲ့လက်ဖက်ရည်ဆိုင်/သိလား
တို့နှစ်ယောက်ထဲက
တစ်ယောက်ယောက်မလာသောနည်းနဲ့/လမ်းခွဲကြဖို့
တစ်ဦးကဆုတ်ခွာပေးခြင်းနည်းလမ်းပဲ
တော်တော်လွဲချော်တဲ့အ,တတကံတရားရယ် ...
ဗုဒ္ဓဟူး ... တဟူးဟူးရောက်ပြီလေ
ကျွန်မက ရှင်မလာတော့ဘူးထင်ခဲ့တာ
ငါတို့ လှည့်လို့မရတဲ့ လှိုဏ်ခေါင်းကျဉ်းထဲရောက်နေကြပြီလေ
လွဲလွဲချော်ချော်နဲ့တိုက်ဆိုင်ခဲ့ပုံက
အံ့ဩ ထင်မထား ပါးစပ်အဟောင်းသားနဲ့
ဒေါင်းလမ်းထဲက သီချင်းမဖွင့်တဲ့ လက်ဖက်ရည်ဆိုင်ထဲမှာ။ ။

သူရနီ

.......................................................................................


"ကျေးဇူးများတဲ့ကဗျာ"

ကျေးဇူးတင်ပါတယ် လို့
ကျေးဇူးစကားကို လွယ်လွယ်ပြောတတ်ကြပေမယ့်
ကျေးဇူးရှင်စစ်စစ်တွေကို
ကျေးဇူးသိတတ်ဖို့တော့ မလွယ်ဘူး။
ကျေးဇူးမဆပ်နိုင်ရင်တောင်
ကျေးဇူးရှိတယ်ဆိုတာကို သိနေရင်ပဲ
ကျေးဇူးသိတတ်တယ်လို့ ဆိုရမယ်။
ကျေးဇူးခံထားလို့
ကျေးဇူးစားတာဆိုပြီးတော့
ကျေးဇူးချင်း ချေပစ်နေတာတွေဟာ
ကျေးဇူးတင်ရမှာစိုးလို့
ကျေးဇူးကန်းခြင်းတစ်မျိုးပါပဲ။
ကျေးဇူးတရားကို ဆင်ခြင်အောက်မေ့နိုင်စွမ်းဟာ
ကျေးဇူးသိတဲ့သူတော်ကောင်းတွေသာ လုပ်နိုင်တာပါ၊
ကျေးဇူးကြီးမားလေလေ
ကျေးဇူးဆပ်ရ ခက်လေလေမို့
ကျေးဇူးဆိုတာကို ဘာဝနာတစ်ခုလို ပွားများသင့်တာပေါ့။

ကျေးဇူးရှိမှ ကျေးစွပ်တယ်ဆိုတာကလည်း
ကျေးဇူးရှင်ကို စော်ကားကြတဲ့ လူမိုက်တွေကြောင့်ပါပဲ
ကျေးဇူးပြုကြသူတွေဟာ
ကျေးဇူးတုန့်ပြန်လာမှာကို မမျှော်ကိုးဘဲ
ကျေးဇူးရှင်နာမည်လည်း မခံယူဘဲ
ကျေးဇူးဆပ်နေသလို ပြုမူလုပ်ဆောင်နေကြတာပါ။
ကျေးဇူးရှိတယ်လို့ ကိုယ်တိုင်က တဖွဖွပြောပြီး
ကျေးဇူးရှိကြောင်းကိုယ့်ဘာသာ ကြေငြာနေတာကတော့
ကျေးဇူးရှင်ယောင်ဆောင်ချင်လို့ပဲပေါ့။
ကျေးဇူးအကြောင်း ဆင်ခြင်ပွားများမိရင်း
ကျေးဇူးနဲ့ပတ်သက်ပြီး ရေးလိုက်မိတဲ့ ဒီကဗျာ
ကျေးဇူးများခဲ့ပါရဲ့ ။ ။

မောင်မျိုးမွန်

................................................................................


"နောက်တီးနောက်တောက်ကမ္ဘာ(ကဗျာ)နောက်ဆက်တွဲ (စ)"

အနာပေါ် တုတ်ကျတာလည်း အရသာ
နာကျင်စရာတွေများတော့ နာကျင်ခြင်းဟာလည်း အရသာဖြစ်လာ
တစ်စစီဖဲ့ခြွေချ ကျောက်တောင်ကြီးက ခြတောင်ပို့သာသာ
တဖြည်းဖြည်းပါးလျလာတဲ့ကမ္ဘာ
ရယ်ရရင်ပြီးရောလား ရယ်ရယ်မောမောပေါ့ပေါ့ပါးပါးရယ်
"ကြိမ်နဲ့ရိုက်ပြီး ထွက်စေခဲ့တဲ့သွေးစက်တိုင်းကို ဓားနဲ့ပိုင်းလို့ထွက်ကျလာတဲ့
သွေးစက်တွေနဲ့ပေးဆပ်ပြီးတဲ့အထိ အဲဒီစစ်ပွဲကြီး ဆက်ဖြစ်နေစေဦးမယ်ဆိုရင်"
အေဗရာဟင်လင်ကွန်းရဲ့မိန့်ခွန်းအတိုင်း
ကျွန်တော်တို့ဆက်လက်ရယ်မောနိုင်ကြမှာလား
မြောက်ကိုရီးယားကတော့ နြူးကလီးယားစမ်းသပ်တုန်း
အနာမကျက်သေးတဲ့ကမ္ဘာဟာ နောက်တစ်ကြိမ်ဒဏ်ရာကို ခံနိုင်ရည်ရှိပါ့မလား

ဟီရိုရှီးမားအတွက် မျက်ရည်တွေ မခမ်းခြောက်မီ
ကာဝါနာစကီအတွက် မျက်ရည်တွေ မခမ်းခြောက်မီ
ကမ္ဘာကြီးအတွက် လက်သီးပုန်းထဲက စိုးရိမ်ရတာလည်း ရယ်စရာ
ခေါင်းမပြူရ၊ လက်မထုတ်ရ
ကျပ်ညှပ်နေတဲ့ ဘတ်စ်ကားထဲက တစ်ယောက်စာအသက်ပိုရှုရတာလည်း
နောက်တောက်တောက်
ကောင်မလေးတစ်ယောက်ဝတ်ထားတဲ့ တီရှပ်စတေကာက
"ရှင့်ကိုယ်ရှင်ဂရုစိုက်ပါ၊ ဘာအတွက်မှ မစိုးရိမ်ရ"
လေပေါ်ဝဲနေတဲ့ မီးခိုးငွေ့တွေကြည့် အသက်ရှုကျပ်နေတဲ့ကဗျာဆရာ
ကိုယ့်အိမ်ခေါင်မိုး ကိုယ်မဖာနိုင်ဘဲ အိုဇုန်းလွှာကို တက်ဖာပစ်ရမယ်တဲ့
နောက်တီးနောက်တောက် ကဗျာ။ ။

လင်းသဏ်ညီ

.......................................................................................


"သာမန်အမျိုးသမီးတစ်ယောက် ရုတ်တရက်သေဆုံးခြင်း"

မိုးညနေကတော့ ပုံမှန်ပါပဲ
လမ်းလျှောက်သူတွေလည်း ပုံမှန်
လက်ဖက်ရည်ဆိုင်ထိုင်သူတွေလည်း ပုံမှန်
ကွမ်းယာဆိုင်တွေလည်း ပုံမှန်
အဆာပြေဆိုင်လေးတွေလည်း ပုံမှန်
လုပ်သားပြည်သူတွေလည်း
အားသစ်မွေးဖို့ ပုံမှန်အိမ်ပြန်လို့။
သူမဟာ ရှယ်လီကိုမသိခဲ့ဘူး
ဗင့်ဆင့်ဗန်ဂိုးကို မသိခဲ့ဘူး
မြို့မငြိမ်းကို မသိခဲ့ဘူး
ငုယင်ဗန်ထရွိုင်းကို မသိခဲ့ဘူး
ကြည်အေးဝတ္ထုထဲက
"ပျော်နေချိန်မှာ သေရတာ" ဆိုတဲ့
အယူအဆကို မသိခဲ့ဘူး။

ချစ်သူစက်ဘီးကယ်ရီယာမှာ
ခါးကလေးဖက်ပျော်နေတုန်း
ဗြုန်းဆို
သေမင်းရဲ့ ဓားကောက်ဖျားမှာ
အသက်ဟာ ချိတ်ပြီးပါသွားရ
ပြဌာန်းပြီးသား အကုသိုလ်က
ပြဌာန်းပြီးသား ကံကြမ္မာအတွက်
ပြဌာန်းပြီးသလို ဆောင်ရွက်ခဲ့ပုံ။
နေပုံနေနည်းတွေ တွေးမိတဲ့အခါ
သေပုံသေနည်းတွေအစိုးမရတဲ့အခါ။
တစ်ဖက်ကတွေးတော ကံဆိုးတယ်
တစ်ဖက်ကကြည့်တော့ ဝဋ်ကျွတ်တယ်
ဒါပေမယ့်
အားလုံးဟာ စုတ်တသပ်သပ်။ ။

ဖွဲ့သီသစ်

.................................................................

"ဆိပ်ကမ်းမဲ့ မိုးတိမ်"

ကိုယ့်အတ္တတွေသီးပွင့်ဖို့
ဘုံပြောင်းသွားတဲ့ သုံးရာသီအကြောင်းမပြောကြေး
သက္ကရာဇ်တွင်းပြိုမှုမှာ
အတိုင်းအတာတစ်ခုအရ
ကိုယ့်ရေမြေသဘာဝနဲ့
ကိုယ့်အသီးအပွင့်တွေ
အလေအလွင့်ရှိ မရှိ စစ်ဆေး ...
ဒါအရေးကြီးတယ်။
ဖိနပ်ပါး
ထီးပါး
အစာအိမ်ပါး
ပါးချင်တာပါး
အနုပညာမပါးဖို့ဘဲ အရေးကြီးတယ်။

ကိုယ့်အိမ်နဘေးက စိုက်ခင်းတွေ ငဲ့ကြည့်
အသားလည်း ပြည့်
အသီးလည်း ချို
အရိပ်လည်း ရ
ဖွံ့လို့ ... ထွားလို့
ကိုယ်တွေမှာသာ
သောင်ထွန်းမှာလား
ကမ်းပြိုမှာလား
စဉ်းစားရင်း ...
ကမ်းနဖူးမှာ အလွမ်းငင်နေမိ။ ။

မင်းထက်ခိုင်

........................................................................



"ကင်မရာကို ရဲရဲကြည့်"

ကင်မရာကို ရဲရဲကြည့် ...
အထားအသိုမှာ ဘာမှမဖြစ်ဘူး
အရွေ့အလျားမှာ ဘာမှမရှိဘူး။
တစ်ကိုယ်လုံးကို ဂရုစိုက်ကြည့်ရှုနေကျ
ဦးခေါင်းရဲ့တစ်ကိုယ်ကောင်းဆန်ဆန်
မှတ်တမ်းတင်ပြုစုမှုအထွေထွေ
အရှိန်အဝါတွေထိန်ထိန်သာ။
ခပ်တည်တည်မာန်အမူအရာအပြည့်နဲ့
"ရှင်တို့အားလုံးအတွက် ကျွန်မဟာ
ကုရာနတ္ထိ ဆေးမရှိပါလား" ဆိုပြီး
အသက်ရည်တစ်စက်နှစ်စက်အရသာရှိမို့
မျက်ရည်တစ်စက်နှစ်စက်ကျပြလိုက်။

အိပ်မငိုက်နဲ့
ဇာတ်ညွှန်းဟာ အရှင်လတ်လတ်
ရှင်သန်မှုဟာ ဒေါက်တွေရဲ့အပေါ်က
အဝန်းအဝိုင်းပဲ
အပြစ်မဲ့နေထိုင်လို့မရသူရဲ့ အနှစ်မဲ့ပြေးလမ်းပေါ်
သတိရှိသည် ...
အန္တရာယ်နှင့်မောင်း။
မဟုတ်ရင် ဖျားမယ်
မဟုတ်သေးပါဘူး ... ဒါတွေကို
ဘာဖြစ်လို့ တစ်ယောက်တစ်လှည့်သီဆို
အသားလှဆီ၊ ဘဝအလှဆီနဲ့
လမ်းကကျဉ်းကျဉ်း
အလင်းကကြမ်းကြမ်း။

တစ်ခုချင်းဆီ
တစ်ဦးချင်းဆီ ရွေ့လာမယ်
လှည့်လာမယ်
ကင်မရာကို ရဲရဲကြည့်
ဖြည်းဖြည်းနွဲ့နွဲ့လေး ရှိုးထုတ်လျှောက်
မှန်ရင်မှန်တယ်
မမှန်ရင် မမှန်ဘူး အရဲစွန့်ပြော
ရိုက်ပြီနော် ...
"ဖျတ်"... ။ ။

ညိုနွယ်ထွန်း

...................................................................


"အခြားတစ်ဖက်မှဆက်လက်၍"

ရက်ရက်စက်စက် မျောပါသွားတိုင်း
ရူးရူးသွပ်သွပ် ခံစားရတိုင်း
ကဗျာဟာ မုန်တိုင်း
ကဗျာဟာ လေပွေ
ကဗျာဆရာတွေရဲ့ ဘဝဟာ
နောက်ဆုတ်ဖို့၊ လက်မြှောက်ဖို့
ခေါင်းငိုက်စိုက်ချဖို့ ဘယ်တော့မှ မဟုတ်ဘူးလေ ...
ကဗျာရပ်တည်မှု အဆင်မှပြေပါ့မလား
ကဗျာရဲ့ရယ်သံဟာ
အလေးအပင်တစ်ခု ချိတ်ဆွဲထားသလို
ကဗျာစကားသံကလည်း
အသွားအလာ အထားအသို ခဏခဏမှားတယ်
အခြားကဗျာတွေဖတ်ပြီး
ကဗျာတွေနဲ့ ပိုပိုဝေးသွားတယ်လို့ ကဗျာက ခံစားရ
ဂီတဆိုရင်လည်း
CD နောက်တစ်ချပ်ပြောင်းလိုက်တာနဲ့အဆင်ပြေမယ်

ရှုမျှော်ခင်းတွေ မြင်ရဖို့ သက်သက်နဲ့တော့
ပြတင်းတံခါးကို ဖွင့်ထားလိုက်ဖို့
ကဗျာက အမြဲငြင်းဆန်တယ်
လေကောင်းလေသန့်ရဖို့သက်သက်နဲ့တော့
ပင်လယ်ကမ်းစပ်ရှိရာဆီသွားဖို့
ကဗျာက အမြဲငြင်းဆန်တယ်
ကဗျာရဲ့ အကြည့်ဟာ
ဗလာ၊ ဝေ၀ါး၊ ဟင်းလင်းပွင့်ထွက်လို့
ကုန်ထုတ်လုပ်တာဆိုရင်လည်း
ဒီအစိတ်အပိုင်းတွေကို
မတပ်ဆင်ဘဲ ထားလိုက်တော့မှာပဲ
ကဗျာပို့လိုက်တဲ့ Massage တွေက
တခြားကဗျာဆရာတွေဆီရောက်ပါ့မလား
ကဗျာခံစားရသလို
ကဗျာနားလည်သလို
တခြားကဗျာဆရာတွေ ခံစားနားလည်ပါ့မလား
ကဗျာဟာ
ကဗျာတွေရေးနေရင်းနဲ့
ကဗျာနဲ့ ပိုဝေးသွားသလို ခံစားနေရ
ဂီတဆိုရင်လည်း
CD နောက်တစ်ချပ် ပြောင်းလိုက်ရုံတင်ပဲ။ ။

အောင်ပိုင်စိုး

.....................................................................................


"ဟင်္သာတ"


တစ်နှစ်လုံးနေလို့မှ
ဟင်္သာတစ်ကောင် မမြင်ရတဲ့ ဟင်္သာတ။
လာခြင်းကောင်းမှ ဟင်းကောင်းစားရမယ်ဆိုလို့
ရသတဏှာနောက် တစ်ကောက်ကောက်လိုက်ရင်း
မြစ်ဟာမြို့နဲ့ လင်ခန်းမယားခန်းပြတ်ခဲ့ရ
သွားလေသူရဲ့ကောက်ကြောင်းကို
အလွမ်းစိတ်နဲ့ရင်ခွင်ပိုက်လို့
သွေးဆိုးသွေးမိုက်ကို မပစ်ရက်လိုက်ပုံက
သံယောဇဉ်အထပ်ထပ်၊ တာတွေလို ရစ်ပတ်မွန်းကြပ်ပေါ့။
လင်ပစ်မလေးဟင်္သာတ ...ရေ
မင်းကသာ အိုစာသွားတယ်
ချောင်းကောလေးက ချောကောင်းတုန်းလားကွယ့်။ ။

စိုးထွဋ်

...........................................................................

"ထစ်အနေတဲ့ သီချင်း"

မျှော်လင့်ခြင်းက ဘာဆေးသောက်သောက်
ဒီတောင်ကို ကျော်နိုင်ပါ့ဦးတော့မလား
ငါတို့ရဲ့လူ့အဖြစ်ကို စဉ်းစားခန်းဝင်မိပြီ။
အမြင်တွေက တွေဝေတွန့်ဆုတ်လာ
အထင်နဲ့သာ ပေါက်ရောက်ရှည်လျားခဲ့ရတဲ့ခရီး
စားနေတဲ့ ထမင်းတစ်လုပ်ထဲ
မျက်ရည်နှစ်ဆရောပါတယ်။
ယုံကြည်ပါ
ချွတ်ချော်မှုကြောင့် ရေမျောကမ်းတင် ဖြစ်ရတဲ့အခါ
သီချင်းတစ်ပုဒ်မှာ အလွမ်းနဲ့အဆုံးမဲ့မဲ့
ပျံသန်းသွားတဲ့ ငှက်တွေကို မော့ကြည့်ရ
ရှုပ်ထွေးဆူညံတဲ့ လူနဲ့စက်တပ်ယာဉ်တွေကို
ငေးကြည့်ရ
ထမ်းထားရတဲ့ လူ့အဖြစ်ကတော့ ဒီဓာတ်ပြားပဲ။
တစ်နေ့တစ်နေ့
စားပွဲပေါ်
ဖောသွပ်ဖောင်းကားအသံမြည်နေတာ
ကြားရဖန်များလွန်းလို့ ရိုးအီနေတဲ့
စကားလုံးသက်သက်ချည်းမဟုတ်လား
သေချာခဲ့ပါပြီ
ငါတို့ တစ်ခုခုကို ငြင်းပယ်ရတော့မယ်။ ။

နီမျိုးထက်

2 Comments:

tin min htet said...

တစ်ခေါက်ထပ်ဖတ်သွားပါတယ်။

သူတို့ကဗျာနဲ့ပြောတာကို
ကဗျာနဲ့ နားထောင်သွားပါတယ် ..

အိန္ဒြာ said...

သူများကျ.မပါရဘူး..........

"နောင်မင်းနိုင်" တွေ့မယ်...ဗမာပြည်ပြန်မှ...

မမ ဟင်္သာတသားတွေ....ဗျ..း(

အိန္ဒြာ