ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

လူဇော်နဲ့ နီးစပ်ရာအသိုင်းအဝိုင်း

Thursday, August 27, 2009



လူဇော်နဲ့ နီးစပ်ရာအသိုင်းအဝိုင်း
လူဇော်သစ်

....................................................................................................................................

"လူဇော်သစ်လို ပန်းဆက်သမား"

သံယောဇဉ်အလင်းတန်းလေး အမှောင်ကျသွားတော့
နှုတ်ခမ်းထက် ပီယဝါစာက နှလုံးသားကို တစစီ ဖဲ့ခြွေတယ်
(အချစ်ရယ် ငါ့ရင်ထဲ ဇန်နဝါရီပန်းတွေပွင့်တယ်)
မျှော်လင့်ချက် မီးညွန့်မီးတောက်လေး အရေးတယူ ထွန်းညှိပြန်တော့
ဖယောင်းတိုင်လို နူးညံ့မှုက တောက်လောင်ခြင်းကို တတိတိ ငြိမ်းစေတယ်
(အချစ်ရယ် ငါ့ရင်ထဲ ဖေဖော်ဝါရီပန်းတွေ ပွင့်တယ်)
လွမ်းမောမှုနဲ့ ကြေကွဲခြင်းသီချင်းတစ်ပုဒ်ဖွဲ့ဆိုဖို့ ကြိုးစားတော့
သံစဉ်က နာကျင်မှုကို အလိုလို ရှုံးနိမ့်စေတယ်
(အချစ်ရယ် ငါ့ရင်ထဲ မတ်လပန်းတွေ ပွင့်တယ်)
ချစ်ခြင်းနဲ့ပကာသနအကြောင်း ရူပါရုံပေါ်တင်ပြီး ဖြန့်ခင်းကြည့်တော့
စက္ခုအာရုံက မျက်စိရှေ့မှာ တိတိကျကျ ဝေ၀ါးသွားတယ်
(အချစ်ရယ် ငါ့ရင်ထဲ ဧပြီပန်းတွေပွင့်တယ်)
ပျော်ဝင်မှုညီမျှခြင်းနှစ်ကြောင်းရဲ့ အကွာအဝေးချိန်ကြည့်တော့
ထပ်တူမပြုနိုင်ကြောင်း ပုစ္ဆာတစ်ပုဒ်က အခြေအတင် ငြင်းခုံတယ်
(အချစ်ရယ် ငါ့ရင်ထဲ မေလပန်းတွေ ပွင့်တယ်)
ဆုံဆည်းနိုင်မယ့်နေ့များဆီ စိတ္တဇနာမ်နဲ့တွက်ချက်ကြည့်တော့
တရားဝင်တိကျမှုမရှိတဲ့ အမှတ်ပေးစည်းမျဉ်းက ယုံကြည်ချက်ကို ထွေပြားတယ်
(အချစ်ရယ် ငါ့ရင်ထဲ ဇွန်ပန်းတွေ ပွင့်တယ်)
ခတ္တာတွေမြူးမယ့် မိုးတစ်နေ့ကို စောင့်ကြိုတော့
ခံနိုင်ရည်နဲ့လယ်တောလေး ထွန်ရေးအထပ်ထပ် ရေးခြစ်ခံရတယ်
(အချစ်ရယ် ငါ့ရင်ထဲ ဇူလိုင်ပန်းတွေ ပွင့်တယ်)
ပူလောင်ပြင်းပြရင်ခွင်တစ်ခုလုံး ခွဲခြမ်းစိပ်ဖြာကြည့်တော့
မိုးရာသီက မျက်ဝန်းအိမ်ပေါ် ရုတ်တရက် ရွာချလာတယ်
(အချစ်ရယ် ငါ့ရင်ထဲ ဩဂုတ်ပန်းတွေ ပွင့်တယ်)
တုန့်နှေးကွေးလီခြေလှမ်းတွေကို အဖြေရှာကြည့်တော့
ခြေရာပေါ် စုတ်ချက်မပီဒဏ်ရာစတွေ လာလာကပ်ငြိတယ်
(အချစ်ရယ် ငါ့ရင်ထဲ စက်တင်ဘာပန်းတွေ ပွင့်တယ်)
ကြည်နူးမှုတေးသွားတွေ မေ့ဖျောက်ဖို့ ကြိုးစားပြန်တော့
ခြေချင်းလိမ်လက်သည်းချက်က ကျောပြင်ပေါ် မိုးသားတွေလို အုံ့ဆိုင်းတယ်
(အချစ်ရယ် ငါ့ရင်ထဲ အောက်တိုဘာပန်းတွေ ပွင့်တယ်)
တစ်ကိုယ်စာအခန်းလေးထဲ ပုံရိပ်တွေ သွန်ချကြည့်တော့
အတိတ်ကနှင်းစက်တွေဟာ အထီးကျန်အေးစက်မှုကို ဗလောင်ဆူစေတယ်
(အချစ်ရယ် ငါ့ရင်ထဲ နိုဝင်ဘာပန်းတွေ ပွင့်တယ်)
ဖလက်တံမဲ့ ဂစ်တာဟောင်းလေးဘဝ ကြိုးညှိကြည့်တော့
ကံကြမ္မာက တို့နှစ်ဦးကြား "ထာဝရ မဆုံဆည်းနိုင်ကြောင်း" တေးတစ်ပုဒ်လက်ဆောင်ပေးတယ်
(အချစ်ရယ် ငါ့ရင်ထဲ ဒီဇင်ဘာပန်းတွေ ပွင့်တယ်)
"အချစ်"တဲ့
ဒီလို ခေါ်ဆိုရလွယ်ကူသလောက် ဖွင့်ဆိုရခက်တဲ့ ပညတ်ချက်တွေထဲမှာ
အချစ်ရယ် ...ငါမမြင်ရာ တစ်နှစ်ပတ်လုံး ပုန်းကွယ်မနေပါနဲ့
ငါကိုယ်တိုင် ဖန်ဆင်းခဲ့တဲ့ပန်းတွေနဲ့ မင်းကို ပန်းပေးလိုက်ပါတယ်။ ။

လူဇော်သစ်

2002 Nov , Idea Magazine
ဒီကဗျာကိုရေးခဲ့တဲ့ကာလက မဂ္ဂဇင်းတွေမှာ ကျွန်တော် ထဲထဲဝင်ဝင်
ရေးသားနေချိန်ပါ။ အစက ဒီကဗျာကို ရယ်စရာမဂ္ဂဇင်းပို့ဖို့ စိတ်ကူးခဲ့ပေမယ့်
အဲဒီအချိန်
ရယ်စရာမှာ ဖော်ပြနေတာတွေနဲ့ မကိုက်ညီတာကြောင့် အိုင်ဒီယာမဂ္ဂဇင်းပဲ
ပို့လိုက်ပါတယ်။ အယ်ဒီတာတွေက မဟေသီ ဦးခင်မောင်မြင့်နဲ့
ကိုထွန်းဝင်းငြိမ်းတို့ပါပဲ။

...................................................................................................................................................

"၀င်္ကပါမုဆိုး"

တောနဲ့ တောင်နဲ့
ကျေးငှက်သာရကာနဲ့
တိတ်ဆိတ်မှုနဲ့
ကြည်နူးစရာ
အာရုံမှာ ဝိုးတဝါး။
နေလာလည်း နှင်းမပျောက်ဘူး
ခံစားချက်တွေလည်း မငြိမ်းသတ်နိုင်သေးဘူး
မကျွတ်လွတ်သူ လူစင်စစ်မို့
တရားရှာလည်း တရားမတွေ့သေးဘူး။
သံသရာ တစ်ကွေ့မှာ
ဒုက္ခကို ဝါးမျိုပြီး
ဒုက္ခကို စွန့်ပစ်ချင်သူ လူငယ်လေးတစ်ဦးပါ
မေတ္တာကို ဝါးမျိုပြီး
မေတ္တာကို ပေးဆပ်ချင်သူ လူငယ်လေးတစ်ဦးပါ
နှုတ်ဆိတ်
ရပ်တန့်
ပစ်မှတ်ရဲ့လားရာ
မြားကို ချစ်ခြင်းတရားဆီ အထပ်ထပ်ပစ်လွှတ်လိုက်ပါတယ်။ ။

လူဇော်သစ်
2009 April, Tharaphu Magazine

၂၀ဝ၃ ခုနှစ် အကုန်လောက်ကတည်းက ကျွန်တော် ကဗျာမရေးဖြစ်ခဲ့ဘဲ
ဒီဇိုင်းဘက်မှာ အာရုံစိုက်နေခဲ့ပါတယ်။ ဒါပေမယ့် ၂၀ဝ၉ အဝင်ရောက်တော့
ဘယ်ကဘယ်လို အာရုံဝင်လာတယ် မသိဘူး၊ ပထမဆုံး ဒီကဗျာရေးဖြစ်ခဲ့တယ်။ သရဖူက
ကိုရဲဆီကို ပေးဖြစ်ခဲ့တယ်။ ကိုရဲက ကျွန်တော် ကဗျာရေးဖြစ်တာကို
အံ့ဩတကြီး ဖြစ်ခဲ့တယ်။ ဒီကဗျာကိုပဲ သူ့မဂ္ဂဇင်းမှာ အမြန်ဆုံးဖော်ပြပေးခဲ့ပါတယ်။

.................................................................................................................................................

"တိုးနှောင်မိုးနဲ့ အရက်ဆိုင်မှာ တစ်နာရီ"

ဒါတွေဟာ အရေးတကြီးကိစ္စ မဟုတ်ဘူး
ဒါပြီးတော့ ဒါ ဒီလို ဒါ
ဒါတွေဟာ အမှန်တရား၊ ဒါတွေဟာ ကွန်ဆာဗေးတစ်
ဟေ့ကောင် ဒီအကြောင်းဆွေးနွေးလာတာ ဆယ်စုနှစ်တစ်ခု ကျော်ပြီ
မင်းမှာလည်း သားတွေ သမီးတွေနဲ့၊ ငါမှာတော့ တစ်ကောင်ြွကက်၊ အူယားဖားယား
ဒါတွေကို ဝါးပစ်လိုက်၊ ဒါတွေကို မီးရှို့ပစ်လိုက်၊ ဒါတွေကို ဝိုက်ပစ်လိုက်
ဘဝမှာ အတိုးချည်းမှန်းလို့ မရဘူး၊ အရင်းပါ ပြုတ်သွားမယ် ကိုယ့်လူ
ကမ္ဘာမှာ စီးပွားရေးကပ်ဆိုက်နေတယ်၊ ငါတို့မန်ယူကြီးရဲ့အဖေခေါ်စရာ
အေအိုင်ဂျီလည်း ကားသွားပြီ
ဒါပေမယ့် ငါ့လို ဘာမှ မရှိသူအတွက် ဆိုက်စရာကပ် မရှိ
ဒါပြီးတော့ ဒါ ဒီလို ဒါ၊ ဒါတွေဟာ အရေးတကြီးကိစ္စ မဟုတ်ဘူး
ငါကြောက်နေတယ် ကြောက်တယ် ကြောက်တယ် ကဗျာကပ်ဆိုက်မှာ ကြောက်တယ်
ဘဝမှာ ကဗျာသာ မရှိရင် နေရင်းထိုင်ရင်း ငါ့အမေပါ မုဆိုးမ ဖြစ်သွားမယ်
အဖေနဲ့ မတည့်တဲ့နောက်ပိုင်း ငါက ကဗျာကို အဖေလို ကိုးကွယ်တာကွ၊ ဟုတ်လား၊
ဒါ အမှန်တရား
မင်းလည်း ကဗျာရေးဦး၊ ကဗျာမရေးသူ ဒို့ရန်သူ
ဒီလို ငါ့မူဝါဒနဲ့ ငါငတ်နေတာ ဆယ်နှစ်၊ အခု အိမ်ပေါင်ထားတယ်၊ အခု
အမေနဲ့ရန်ဖြစ်ပြီး မင်းဆီလာတယ်
ဒါတွေဟာ ကွန်ဆာဗေးတစ်၊ ဒါတွေဟာ အမှန်တရား
ဟေ့ကောင် ဒီအကြောင်းဆွေးနွေးလာတာ ဆယ်စုနှစ်တစ်ခု ကျော်ပြီ
ငါက မူးလာရင် အရှေ့အလယ်ပိုင်းကိစ္စ မပါလို့ မပြီးဘူးကွ၊ နေဦး အပေါ့သွားလိုက်ဦးမယ်
လောကကြီးမှာ သမ္မတဖြစ်ချင်တာလောက် ရူးတဲ့ရောဂါ မရှိဘူး၊ ကိုယ့်သေတွင်း ကိုယ်တူးနေ
ဟုတ်တယ် အခု အိုဘားမားလည်း ရေတွင်းပျက်ကြီး ဆယ်ယူဖို့ ကြိုးစားနေတယ်
ဒုက္ခတရားကို ပိုင်ဆိုင်ဖို့ ပြည်သူသန်းပေါင်းများစွာ မဲဆွယ်ခဲ့ရ၊ မက်လုံးပေးခဲ့ရ
ဒါတွေဟာ အရေးတကြီးကိစ္စ မဟုတ်ဘူး၊ ဒါပြီးတော့ ဒါ ဒီလို ဒါ
ဟာ မင်းနဲ့ငါလည်း တစ်နေ့တစ်နေ့ "သမ္မတ" ပဲ ရောက်နေ၊ အရက်ဆိုင် နာမည်ကွ
ဒါတွေဟာ အရေးတကြီးကိစ္စ မဟုတ်ဘူး၊ ဒါပြီးတော့ ဒါ ဒီလို ဒါ
လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက် နှေးရတယ်
ဟုတ်တာပေါ့ မင်းက ဒါကြောင့်မို့ ခြောက်နှစ်ပြည့်မှ ကဗျာတစ်ပုဒ်ပဲရေးတာ
ငါ အခု ကဗျာရေးလို့မရဘူး၊
ဝိုင်ချိုလို အသည်းကွဲကဗျာရေးဖို့ ရည်းစားတွေအများကြီး ထည်လဲမဝတ်တတ်ဘူး
အောင်ရင်ငြိမ်းလည်း ကဗျာဝဲဩဃကြီးထဲမှာ ဝိုင်းကြီးပတ်ပတ်ဒူဝေတုန်းလား
ဒီကောင့်ကို အရှေ့အလယ်ပိုင်းပြဿနာအကြောင်း ကောင်းကောင်းရှင်းပြရဦးမယ်၊
နေဦး ငါ အပေါ့သွားလိုက်ဦးမယ်
တီကျူးကို လှမ်းခေါ်လိုက်၊ ကဗျာမှာ သမ္မတဖြစ်ချင်ရင် "သမ္မတ"ကို လာခဲ့လို့ ခေါ်လိုက်
အခန်းကျဉ်းလေးထဲမှာ မင်းရှာနေတဲ့ မာစတာပိစ် တွေ့ပြီလားလို့ မေးလိုက်
မင်းနဲ့ မတွေ့တော့တဲ့ နောက်ပိုင်း ငါမှာလည်း တွေ့စရာ
ခွေးလေခွေးလွင့်တွေပဲ ရှိတော့တယ်
ဒါပြီးတော့ ဒါ ဒီလို ဒါ
ဒါတွေဟာ အမှန်တရား၊ ဒါတွေဟာ ကွန်ဆာဗေးတစ် ...အေ့ဟ်
ငါ့မှာ ပိုက်ဆံ မပါဘူး၊ မင်း တစ်ပိုင်းလောက် ထပ်ဆွဲပေးဦး
တောင်တွင်းရှင်ငြိမ်းမယ်ရဲ့ အိုင်ချင်းလေးနဲ့ပဲ အမြည်းလုပ်ကြတာပေါ့ကွာ
တော်တော့ကွာ၊ တော်ပြီ မင်းလည်း မှန်နေပြီ၊ ငါလည်း ရေချိန်ကိုက်နေပြီ
ငါတို့ ဒီအကြောင်း ကဗျာရေးမယ်
ဦးတည်ချက်မရှိတဲ့ အကြောင်းအရာတွေ ကဗျာရေးလို့ဖြစ်ပါ့မလား
စိတ်ချ ရတယ် မင်းတို့ငါတို့လိုပဲ စကားလုံးတွေလည်း မူးတတ်ပါတယ်ကွာ။ ။

လူဇော်သစ်

သူငယ်ချင်း တိုးနှောင်မိုးနဲ့က ၂၀ဝ၁ ခုနှစ်၊ အမေလူထုဒေါ်အမာမွေးနေ့မှာ
စတွေ့တာပါ။ အဲဒီတုန်းက ဆရာအောင်ဝေးနဲ့ ဒေါက်တာလွဏ်းဆွေတို့က
arrangement တွေပေါ့။ တွေ့ပြီးနောက်ပိုင်း သူနဲ့ ကျွန်တော်
ပုလင်းတူဗူးစို့နဲ့ ဖြတ်သန်းခဲ့ကြတယ်။ ဖြတ်သန်းပြီး
ရှစ်နှစ်အကြာ၂၀ဝ၉ရောက်မှ ဒီကဗျာ
ရေးဖြစ်ခဲ့တာပါ။

........................................................................................................................................

"၀ိုင်ချိုနဲ့ အရက်ဆိုင်မှာမိုးအလင်း"

(memorandom collection မှာပါပါတယ်)


ဝိုင်ချိုနဲ့ကျွန်တော် ရင်းနှီးမှုက ၂၀ဝ၄ ခုနှစ်ကတည်းကလို့ ပြောရမှာပါ။
အဲဒီတုန်းက သူက မုံရွာတက္ကသိုလ်မှာ သင်္ချာအထူးပြုနဲ့ တက်နေသူ။ ကျွန်တော်က
မုံရွာဂျီတီအိုင်မှာ အီးပီနဲ့တက်နေပါတယ်။ ကျွန်တော်တို့က
ဂျီတီအိုင်ပရဝုဏ်အတွင်း အပျော်တမ်းကဗျာစာအုပ် လုပ်နေချိန်၊ သူတို့ကလည်း
တက္ကသိုလ်မှာ
အပျော်တမ်းကဗျာဆရာကြီးတွေပေါ့။ သူနဲ့တွဲထုတ်တဲ့ ဖီးနစ်(မြန်မာစာ)ဆိုတာက
ကျွန်တော်တို့ State ထွက်တွေလေ။ အဲဒီ သူငယ်ချင်းပေါင်းကူးနဲ့ပဲ မူးခြင်း
အနုပညာ စတင်ခဲ့ပါတယ်။ နောက်ပိုင်းကျောင်းပြီးလို့ ကျွန်တော်
မင်္ဂလာဒုံလေယာဉ်ကွင်းမှာ Field ဆင်းတော့ သူနဲ့ပြန်ဆုံတာ အခုချိန်ထိ
သောက်လိုက်၊
မှောက်လိုက်၊ ရောက်လိုက်(ရဲစခန်း)ပါပဲ။

...............................................................................................................................

"နွယ်စိမ်းဝေနဲ့ အရက်ဆိုင်မှာ မိနစ်ကိုးဆယ်"

မိုးတွေလည်း ညို့လာပြီ၊ လေပြင်းလည်း ဝေ့လာပြီ
ရာသီက အခြေအနေ သိပ်မဟန်ဘူး
ဒီည ငါ နည်းနည်းကစ်ချင်တယ် ...သယ်ဂျင်း
ငါ့သယ်ဂျင်း အယ်ဒီတာတွေ ကျန်းမာပါရဲ့လား
ဘယ်မဂ္ဂဇင်းက တစ်လ ပေါင်ဘယ်နှသန်းပေးပြီး ခေါ်နေပြီလဲ
ရော့ ဒီမှာ အကောင်းစား ဝိုင်၊
ရော့ ဒီမှာ အပေါစား ဖက်ကြမ်း၊
မော့ချလိုက်၊ ရှိုက်သွင်းလိုက်၊ ခံစားချက်တွေ မှုတ်ထုတ်လိုက်၊
သစ္စာပိုင်စိုးရေ ...
ဘောလုံးစကားနဲ့ ပြောရရင် မင်းတို့မှာလည်း ကွင်းပဲ လဲကန်နေ
ကမ္ဘာ့စီးပွားကပ်ဆိုက်လို့ မင်းတို့ လစာတွေ တိုးမလာဘူးတဲ့လား၊ ခွင့်လွှတ်လိုက်
သူဌေးရဲ့ ငြီးသံထဲမှာ မင်းတို့ သမ္ဘာတွေ တန်းဆင်းဇုန် ရောက်သွားပြီလား၊
ခွင့်လွှတ်လိုက်
မိသားစုရဲ့ရှင်သန်မှုမှာ မင်းတို့ကဗျာတွေ နပ်မှန်ပါရဲ့လား၊ ခွင့်လွှတ်လိုက်
ပြောသာပြောရ
ငါမှာလည်း တောင်ထိပ်မှာပွင့်တဲ့အငူ၊ ငူတူတူ ငေးတေးတေး ငိုင်တိုင်တိုင်
အနုပညာကုန်းတက်ကုန်းဆင်းမှာ ငါ့ ပါပလစ်ကာ ကားလေးလည်း ဂီယာ သိပ်မမှန်တော့ဘူး
ဘဂ္ဂဒက်ကိစ္စလည်း အေးသွားပြီ
ဟူစိန်လည်း ကြွသွားပြီ
တာလီဘန်တွေလည်း ဒိုးသွားပြီ
ဘူတိုလည်း လုပ်ကြံခံရသွားပြီး
အနံ့အသက်တွေ၊ အကြွင်းအကျန်တွေ အခု
ဂါဇာကမ်းမြှောင်မှာ လူမဖြစ်တာပဲ ကျေးဇူးတင်ရမယ်
သီရိလင်္ကာမှာ စစ်သားမဖြစ်တာပဲ ဂုဏ်ယူရမယ်
ကမ္ဘာကြီးလည်း တစ်ခါတစ်ခါ ဝမ်းဖောဝမ်းရောင်၊ တစ်ခါတစ်ခါ ပိုလီယိုစွဲနေ
ကလေးတွေ တစ်နှစ်နှစ်ကြိမ်တိုက်သလို ကမ္ဘာကြီးကိုလည်း
ပိုလီယိုတိုက်ကျွေးရေးနေ့ သတ်မှတ်ရမယ်
ရော့ ဒီမှာ အကောင်းစား ဝိုင်၊
ရော့ ဒီမှာ အပေါစား ဖက်ကြမ်း၊
မော့ချလိုက်၊ ရှိုက်သွင်းလိုက်၊ ခံစားချက်တွေ မှုတ်ထုတ်လိုက်၊
ခံစားချက်တော့ လျော့မသွားဘူး ... သယ်ဂျင်း
ငါ့ဘော်ဒါတွေ ပိုလီယိုကင်းစင်ပါရဲ့လား
ဒီအချိန် မွန့်ခ်ျရှိနေရင် အရင်လို ဆက်လက်အော်နိုင်ပါဦးမလား
ကဗျာဆရာတွေ ကျပ်တည်းလွန်းလို့ ကဗျာဆရာဒုက္ခသည်စခန်းရှိရင်ကောင်းမယ်
"မလိုဘူး ...မလိုဘူး ...ကိုယ်ထင်ရင် ခုတင်ရွှေနန်းချည်းပဲကွ" ငါ့ကို
ငြင်းဆန်ကြလိမ့်မယ်
ကြည်ဇော်အေးရော အခုအချိန်ထိ "ဇေ" ပဲလား၊
ဘယ်စခန်းရောက်နေပြီလဲ
"သူအားကျခဲ့တဲ့ ယန်းပေါလ်ဆတ်က အပေါစားအရက် မသောက်ဘူးတဲ့ကွ"
ပြောသာပြောရ၊ သူ့အရပ်နှင့်သူ့ဇာတ်မှာတော့ ကေမျိုးငြိမ်းလည်း ဝိတ်တက်မလာဘူး
တိုးနှောင်မိုးလည်း ရှိရင်းစွဲ ၂၃၀ အောက် ပေါင် ၅၀ တိတိ လျော့ကျသွား
တီကျူးလည်း ခံစားချက်တွေများလွန်းလို့ အနုပညာ ချောင်းဆိုးသွေးပါခဲ့ပြီ
အောင်ရင်ငြိမ်း အခုချိန်ထိ ကဗျာခေါင်မိုး တက်ဖာနေတာ မိုးယိုပေါက်လုံပါပြီတဲ့လား
လွှတ်လှတဲ့ လောက
ဂျိုလီရေ ဝိုင်ချိုလို မြန်မာပြည်သားကဗျာဆရာတစ်ယောက်ယောက်ကို
ကောက်ယူမွေးစားလိုက်စမ်းပါဗျာ
လွှတ်လှတဲ့ လောက
ရူးချင်သလို ရူးကြ၊ မူးချင်သလို မူးကြ
ရော့ ဒီမှာ အပေါစား ဖက်ကြမ်း၊ ရှူသွင်းလိုက်၊ မှုတ်ထုတ်လိုက်
ငါကတော့ ငါတို့ကဗျာတွေ သင်္ဘောပေါ်တင်ဆောင်ပြီး ဆိုမာလီသွားချင်တယ်၊
မြန်မာကဗျာတွေ ကမ္ဘာကသိအောင် ပြန်ပေးဆွဲလိုက်ကြစမ်းပါဗျာ
လွှတ်လှတဲ့ လောက
ကဗျာနဲ့ဆောက်လုပ်ထားတဲ့ နျူးကလီးယားဓာတ်ပေါင်းဖိုတည်ဆောက်မယ်
ပြီးတော့ ကမ္ဘာကို စိန်ခေါ်မယ်၊
ငါတို့မှာ အရေးတကြီး၊
သွေးရိုးသားရိုး ပြောရရင် ပိုပြီးတော့ အရေးတကြီး
ကြုံတုန်း၊ နောက်ဆုံးစကားတစ်ခွန်းပဲ ပြောလိုက်ချင်တယ်ကွာ
"ဒေါ်လာဈေးတွေ ထိုးကျတိုင်း ပါချီပါချက်စာမူခလေးတော့ လျှော့မပစ်လိုက်ပါနဲ့
သူဌေးမင်းတို့ရယ်"။ ။

လူဇော်သစ်

သယ်ဂျင်း = သူငယ်ချင်း(လျှာဖျားဖြင့် အမြန်ခေါ်ခြင်း)

နွယ်ကြီးနဲ့ ကျွန်တော် စတွေ့တာက တိုးနှောင်မိုးနဲ့ ကာလအတူတူပဲ။ ၂၀ဝ၁
ခုနှစ်၊ အမေမာမွေးနေ့ ကဗျာရွတ်ပွဲမှာပါ။ အဲဒီတုန်းက သူ့ပုံစံက
အရမ်းခန့်နေ
သလို ကဗျာရွတ်ရာမှာ အသံတွေ၊ ဌာန်တွေ အရမ်းကောင်းနေတော့ ရုတ်တရက်
ရင်းနှီးရမှာ ခပ်လန့်လန့်ပဲ။ ဒါပေမယ့် တကယ်တမ်းပေါင်းကြည့်တော့
မင်းသားလည်းမခံနိုင်၊ ကျွန်တော်တို့နဲ့အတူ လူကြမ်းလက်ရုံးရည်၊ နှလုံးရည်
ပြရတော့တာပေါ့။ သူ ပြင်ဦးလွင်ကနေ ရန်ကုန်ရောက်တိုင်း ဝိုင်တွေယူယူလာ
ပြီး ကျွန်တော်တို့နဲ့နှစ်ပါးသွားနေကျ။ တစ်ခါတရံ ဘလက်လေဘယ်ဥပဒိရုပ်နဲ့
ဇေကိုကစ်ရတော့တာပဲ။ သူက သူငယ်ချင်းတွေကို အရမ်းကိုယ်ချင်းစာတတ်တာလေ။

............................................................................................................................

"အောင်ရင်ငြိမ်းနဲ့ အရက်ဆိုင်မှာ မိနစ်သုံးဆယ်"

အတွေ့အကြုံအရ ငါ့ကို သွေးတိုးလာမစမ်းနဲ့
မောင်မင်းကြီးသား ငယ်ပါသေးတယ်
ငါက အောင်ပွဲရပြီးရင် ငြိမ်းငြိမ်းချမ်းချမ်း နေတတ်တဲ့ အောင်ရင်ငြိမ်း
စကားကို အရှည်ကြီး မပြောချင်ဘူး၊ ငါတို့ အခု ကဗျာတိုက်ပွဲ ဝင်မယ်၊
ဆင်းရဲမယ်၊ ငတ်မယ်
အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်၊ လူငယ်ကဗျာဆရာပီပီ လူငယ်ကဗျာသွေးကို ပြကြပါ
ဟေ့ကောင် ရည်ရွယ်ချက် နှစ်ပက်သုံးပက်လောက် ဆက်ထည့်ဦး
မပိုင်ဘဲ ခြင်ရိုက်တဲ့ကောင်တွေကို မုန်းတယ်
လှေကားကို တစ်ထစ်ချင်း မတက်ဘဲ ခါးလယ်လက်ရန်းက ကျော်တက်သူကိုမုန်းတယ်
အုတ်မြစ် မရှိဘဲ ဘယ်အဆောက်အဦက ခိုင်မလဲကွ
ငါတို့က ရေသောက်မြစ်ကို ကြည့်တာ၊ ကိုင်းကူးပြီး ရှင်သန်လာတဲ့သစ်ပင် မဟုတ်ဘူး
လာလေ့ ...ချီးယား
တစ်နေ့ရွှေ တစ်နေ့ငွေ ရနိုးနိုးနဲ့ ဖိုထိုးနေတာမဟုတ်ဘူး
တစ်နေ့တစ်လုံးကျဥတဲ့ ဘဲငန်းကြီးလည်း ရိုက်သတ်ချက်မစားဘူး
အရှိကို အရှိတရားအတိုင်း ဆက်လက်ရှင်သန်မယ်
မလိုအပ်တဲ့ အပိုဆာဒါးဟင်းချိုတွေကို မှောက်ပစ်မယ်
ခံစားချက်သာမရှိရင် ဒီကဗျာကို ဖက်တွယ်နေမှာ မဟုတ်ဘူး၊ အငတ်ခံပြီး ချစ်မနေဘူး
ကဗျာမှာ သားကွဲ မယားတကွဲ၊ လင်းကွင်းတစ်ဘက်တည်း တီးတတ်ဖို့ လိုချင်လိုမယ်၊
ဆက်လျှောက်
နားတစ်ဘက်တည်း နားထောင်ဖို့ လိုချင်လိုမယ်၊ ဆက်လျှောက်
အစစ်တွေ ဆာလောင်ရင် အချစ်တွေ လောင်ကျွမ်းတတ်တယ်ကွ၊ ဆက်လျှောက်
ဘဝမှာ ရာထူးဆိုတာ ရူးတာ၊ ငါ့မိန်းမနဲ့ငါ ဒီကိစ္စနဲ့ မိုင်ပေါင်းများစွာ ဝေးခဲ့ရ
ဆင်းရဲမွဲတေ ကျွမ်းလောင်ပြာကျ ကွန်းခိုဖို့ ဗိမာန်မရှိတော့ဘူး ...ဖရိုဖရဲ
ကိုးရိုကားရား
ကျစရာမျက်ရည်လည်း မရှိတော့၊ ဟေ့ကောင် ... အတွေ့အကြုံအရ ငါ့ကို သွေးတိုးလာမစမ်းနဲ့
ရည်ရွယ်ချက် နှစ်ပက်သုံးပက်လောက် ဆက်ထည့်ပေးဦး
ဒါ ငါ့လွတ်လပ်ခွင့်ကွ၊ ကဗျာကို အိုးပစ်အိမ်ပစ် ချစ်ခဲ့တာ
အမေလည်း ငါ့အနားမှာ မရှိတော့၊ အဖေလည်း ငါ့အနားမှာ မရှိတော့
ယုတ်စွအဆုံး ငါ့မိန်းမလည်း ငါ့အနားမှာ မရှိတော့ ...သွားပြီ တစ်ခုမှ မရှိတော့ဘူး
ဒါ ငါ့စိတ်လွတ်လပ်ခွင့်၊ လိုအပ်ချက်အတွက် ခရီးဆက်ရမယ်
အခု မန္တလေး ... အခု ရန်ကုန် ...အခု မုံရွာ ...အခု နေပြည်တော်
(ဂမာန်ကြီး ငါ့ကို လမ်းစရိတ်တော့ မစလိုက်ဦး)
စကြဝဠာကို ထိုးဖောက်မယ်၊ တီကောင်လို ကမ္ဘာမြေကို ထွန်ယက်မယ်
ကဗျာမီးရှူးမီးပန်းလွှတ်ချင်လွှတ်မယ်၊ ငြင်းမယ် ခုန်မယ်
နီယိုမော်ဒန်၊ ကျူဗစ်ဇင်၊ ဆာရီယယ်လစ်ဇင်၊ ဒိုင်ယာလက်တစ်
ဟေ့ ပြောရင်းဆိုရင်း မင်းတို့ငါတို့ရဲ့ ပကတိတရားတွေလည်း အာကာသဆန်လာပြီ
လူတွေရဲ့ အတွေးအခေါ်တွေလည်း အရေပြား ဆန်လာပြီ
ဘဝဆိုတာ အစက်အပျောက်တစ်ခုပဲ၊ ဒါကြောင့် သေခြင်းတရားလောက် မွန်မြတ်တာ ဘာမှမရှိ
မသေခင် ကဗျာလမ်းသစ်တစ်ခုရဖို့ ချုံတွေကို ခုတ်ထွင်ရှင်းလင်းရမယ်
အူကြောင်ကြားအမှိုက်တွေကို ဘူဒိုဇာနဲ့ထိုးလှန်ပစ်ရမယ်
လူငယ်ကဗျာဆရာပီပီ လူငယ်ကဗျာသွေးကို ပြကြပါ
ရင်ချင်းအပ်စရာ မလိုဘူး ...ကျောချင်းကပ်ထားလည်း အမှန်တရား
ပြောစရာ စကား ဒီမှာတင် တစ်ခန်းရပ် ...မနက်ဖြန်ဆက်မယ်
ကဲ၊ တော်ပြီ...တော်ပြီ
ဒီည ငါ အရမ်းလန်းသွားပြီ
ဒီဝိုင်းကို မင်းတို့ပဲ ကြည့်ရှင်းလိုက်ကြ
ဒါပဲ။

လူဇော်သစ်

မာန်ကြီး = မာန်ထက်သာ

အောင်ရင်ငြိမ်းကို ၂၀ဝ၃ ခုနှစ် အလယ်လောက်မှာ စတင်ရင်းနှီးခဲ့တယ်။ အဓိကက
မြစ်ခွဲကိုးစင်းက စီစဉ်ခဲ့တဲ့ ၄-ယောက် ကဗျာစာအုပ်အတွက် ရန်ကုန်
၃၄ လမ်း အပေါ်ထိပ်ကဆိုင်မှာ ထိုင်ပြောရင်း ရင်းနှီးခဲ့ကြတာ။
သူနဲ့ကျွန်တော်တို့ ဘားဆိုင်မှာထိုင်တိုင်း သူက သူရေးဆွဲမယ့်ပရိုဂရမ်အသစ်
တစ်ခုမဟုတ်တစ်ခု
အမြဲ ချပြတတ်တယ်။ ကျန်သူတွေနဲ့ စကားအခြေအတင် ပြဿနာဖြစ်တိုင်း ကျွန်တော်က
ကြားကနေ ဘီလူးဆိုင်းတီးရတယ်။အဲလိုဆိုတော့လည်း ငြိမ်ကျသွားရော။
တစ်ခါတရံ သူငယ်ချင်းတွေကို ကဗျာသစ်ရှာပုံတော်ကိစ္စ အကူအညီတောင်းပေမယ့်
သူကိုယ်တိုင် ပြီးစီးပြီးသားလေ။ သူ့လေသံအတိုင်း ရေးထားတာ။ နားလည်မှု
လွဲမှားနိုင်တဲ့ တချို့စကားလုံးတွေပါရင်လည်း ကျွန်တော့်ကို ဖြည့်စွက်နားလည်ပေးပါဦး။

..........................................................................................................................

"အဝေးက အငေး"

လေကောင်းလေသန့် ရှူရှိုက်ဖို့
ပြတင်းတံခါးကို အသာဖွင့်
အာရုံကို လမ်းတွေပေါ် ပစ်ချထားလိုက်တယ်။
အကြိုအကြား
မမေ့နိုင်စရာ ပုံရိပ်များ
လမ်းသွားလမ်းလာကို အဖော်ပြုလို့
အစွဲအလမ်းများတဲ့ လိမ္မော်ရောင်တွေ
ချိန်ဆနေရတဲ့ ကြုံးဝါးသံတွေ
လူတွေလည်း လူတွေအလျောက်
ခွေးတွေလည်း ခွေးတွေအလျောက်
ဆာလောင်မှုဟာ ညကြီးသန်းခေါင် ထထအူရတယ်။
မြင်ကွင်းထဲ
အနာဂတ်ဟာ
ခင်ဗျားတို့ ကျပျောက်သွားတဲ့ ကစားကွင်းတစ်ခု။
ရှိနေခဲ့ပါတယ်
မှုန်ဝါးသွားခဲ့ပါတယ်
အသံများနဲ့ လမ်းတွေဟာ အမှန်တကယ် တည်ရှိခဲ့ပါတယ်။
အခု
အရွေ့ပေါ်
သစ်ပင်တွေ နောက်တစ်ဖန် အရွက်ပြန်ဝေနိုင်ဦးမလား
အခု
နားသောတဆင်စရာ
ဒီထက်ပို မကြားနိုင်တော့ဘူးလား။ ။

လူဇော်သစ်

မနော်(မနော်ဟရီ)အတွက် ရေးလိုက်ရတဲ့ ကိုတာရာမင်းဝေအမှတ်တရကဗျာတစ်ပုဒ်ပါ။
အခု သူ့ Blog မှာ တင်ထားတယ်တဲ့။
သက်ဆိုင်ခြင်းမရှိပေမယ့် စာဖတ်သူကြည့်မြင်တတ်ရင်ပဲ ကျေနပ်နေပါတယ်။

..........................................................................................................................

"ကြိုးဝိုင်း"

သွေးခုန်နှုန်းအတိုင်း
စိတ်ကို ခုန်ကြည့်ခဲ့။
ပျက်ရယ်ပြုခံရတဲ့ အမှန်တရားမှာ
သင်ခန်းစာကို တစ်က ပြန်စနေရ
ဘဝကို ဆက်လက် ညာနေရ။
ကျုပ်တို့
ရယူခဲ့ပါတယ်
အောင်မြင်ခဲ့ပါတယ်
အမှန်တကယ် လူလုံးလှဖို့
အမှန်တကယ် ကျရှုံးခဲ့ရပါတယ်။
အခု
စိတ်ကို ဆုပ်နယ်နေတဲ့ လက်သီးတွေ
ချဉ်းချဉ်းနီရဲနေတဲ့ အာရုံခံစားမှုတွေ
ဒီထက်ပို ဖွဲ့နွဲ့ပြရဦးမလား
ဓားသွားပေါ်
မျက်ရည်တစ်စက် တောက်ခနဲ ကျသွားတယ်။ ။

လူဇော်သစ်

"အဝေးက အငေး" ကဗျာရေးပြီး အရှိန်မသေသေးတဲ့ ခံစားမှုကြောင့် ဒီကဗျာတိုလေး
ဆက်ရေးဖြစ်ခဲ့တာပါ။
ဟုတ်တယ် ကျွန်တော်တို့ ကျနေတဲ့ မျက်ရည်စက်တွေဟာ ဓားသွားတွေပေါ်မှာ။

.............................................................................................................................

"ဘိုကလေး"

တည်နေရာက
ဆူးပေါ်ဖက်ကျရုံ သက်သက်။
အနေအထားက
ဖက်ပေါ်ဆူးကျရုံ သက်သက်။
ထီးက ထီးနဲ့မတူ
ဖိနပ်က ဖိနပ်နဲ့မတူ
သွားလေရာ
လမ်းက လမ်းနဲ့တူပါရဲ့လား။
ကံကြမ္မာကို ခေါင်းပန်းလှန်နေရတယ်
မြင်ကွင်းကို
မှန်ဘီလူးနဲ့ ချုံ့ချဲ့နေမိတယ်။
နောက်ထပ်
နာဂစ်က
ဂုဏ်သရေရှိပုဂ္ဂိုလ်လို ထပ်မံကြွရောက်လာဦးမလား
ကျီးလန့်စာစား
ရှင်နေဆဲအသက်ကို သရဏဂုံ တင်နေရ။ ။

လူဇော်သစ်

နာဂစ် တစ်နှစ်ပြည့်တုန်းက ရေးဖြစ်ခဲ့တဲ့ ကဗျာပါ။ သီသန့်သိမ်းထားတဲ့ အရာပါ။

..................................................................................................................................

"ကြည်ဇော်အေးနဲ့ မပြောဖြစ်တဲ့ စကားလုံးများ"

ပြောရော့မယ်
ဒီစကားလုံးကို မင်းပဲပြောရော့မယ်
လူငယ်ဆိုတော့ အမှားအယွင်းတော့ နည်းနည်းပါးပါးရှိမှာပေါ့
ဟုတ်တော့လည်းဟုတ်တယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူး
ခေါင်းတစ်လုံးပိုရှည်တိုင်း ခေါင်းဆောင်လုပ်လို့ရမလားကွ
မင်းက မင်း အိပ်မက်အကြောင်းပဲ ထပ်တလဲလဲ ပြောနေ
ခါးသီးတဲ့ အတွေ့အကြုံတိုင်း ဘဝဟုတ်လို့လား
"ငါက ဒီကဗျာကို ခံစားချက်နဲ့ ရေးတာကွ" လို့ ခံယူချက်တွေ စွတ်ပြောဦးမလား
ဘာပဲပြောပြော ရေဆာရင်တော့ ရေသောက်ရမှာပဲ
ကျန်းမာကြံခိုင် ဒို့မဏ္ဍိုင်ဖြစ်ဖို့ မှန်မှန်အိပ်၊ မှန်မှန်စား
အောက်ဆီဂျင်ကို တဝရှူ (အဆင်ပြေတာ ဒါပဲရှိတယ်)
ပြေလည်စရာရှိရင် ပြေလည်သွားဖို့ တစ်ခုပါပဲ
လက်ဆွဲနှုတ်ဆက်တိုင်း ငြိမ်းချမ်းရေးမဟုတ်ဘူးကွ
ဟန်ကိုယ့်ဖို့ဆိုတိုင်း မွဲပြာကျသွားအောင်ထိတော့ ဟန်မနေနဲ့ကိုယ့်လူ
ဟန်းဖုန်းတွေဈေးကျလည်း သူ့အိုးနဲ့သူ့ဆန် တန်ရုံပဲပေါ့
စကားကို အကျယ်ကြီး သိပ်မပြောနဲ့၊ အစားကို တဝကြီး သိပ်မစားနဲ့
အသံကြားတိုင်း ခေါင်းထောင်မကြည့်နဲ့
လူကူးမျဉ်းကြားက လျှောက်ဖို့လည်း မမေ့နဲ့
ဘာတဲ့ မီးနီးပြရင် ငိုချင်တယ် ဟုတ်လား
စကားလုံးတွေ မိုင် ၁၅၀ နှုန်းတိုက်ခတ်ရင် ကြောက်လန့်နေတယ် ဟုတ်လား
တို့တတွေက မရင့်ကျက်သေးရင် ငယ်သေးတာပေါ့ကွာ
ထားလိုက်စမ်းပါ၊ မင်းပြောပြောနေတဲ့ ဒီပလိုမင်စီတွေ နားထားစမ်းပါ
ထားလိုက်စမ်းပါ၊ မင်းရွတ်ရွတ်နေတဲ့ သမိုင်းရေးရာ အဖြာဖြာတွေ ရပ်လိုက်စမ်းပါ
ပျော်ပျော်ရွှင်ရွှင်ပေါ့၊ မိဘဆီက လက်ဖြန့်ရင်း ပျော်ပျော်ရွှင်ရွှင်ပေါ့
ကမ်းနားသစ်ပင်ဆိုတာ ပြိုလဲချင်လို့ ကမ်းနားသစ်ပင်ဖြစ်တာတစ်ခုပဲ ရှိတယ်
ဒီမှာ သိပ်မတွေးနဲ့
ငါ့မြင်းငါစိုင်း စစ်ကိုင်းလည်း မသွားချင်နဲ့
ငါ့လှေငါထိုး ပဲခူးလည်း မရောက်ချင်နဲ့
မင်းတို့ငါတို့
တစ်နေ့တစ်လံနဲ့ ပုဂံလို ပြေးနေရတာပဲ မဟုတ်လား ကိုယ့်လူ။

လူဇော်သစ်

ကြည်ဇော်အေးနဲ့က မုံရွာမှာ ရှင်သန်ကြီးထွားသူချင်းဆိုတော့ သူတစ်ပြန်၊
ကိုယ်တစ်ပြန် ပြောမနာ ဆိုမနာတွေပါပဲ။ ဘာကြောင့် ပြောမနာ ဆိုမနာလဲဆိုရင်
သူနဲ့ကျွန်တော်က မကျေနပ်ရင် ဘာစကားမှ ပြောစရာမလိုဘဲ
လက်အရင်ပါတတ်လို့ပါပဲ။ အခုအချိန်ထိ ကျွန်တော့်နဖူးမှာ သူထိုးခဲ့တဲ့
ဘုကြီးရှိသလို၊ သူ့
နှုတ်ခမ်းမှာလည်း ကျွန်တော်ထိုးခဲ့တဲ့ စုတ်ပြတ်ရာအမာရွတ် ရှိနေတယ်လေ။
ဝစီပိတ်နောင်ဂျိန်ကျင့်စဉ်မှာ သူနဲ့ကျွန်တော်ကို ဘယ်ကဗျာဆရာမှ
လိုက်မမီဘူး။

.......................................................................................................................................

"သဝဏ်လွှာ"

ရွတ်ဆိုစရာ
အသံမှာ ခွန်အားမရှိတော့။
ဘဝဆိုတဲ့ ရေးကြီးသုတ်ပျာတွေ
အလှဆိုတဲ့ ဝမ်းတခါးတွေ
မေးပါများလည်း စကားမရတော့ဘူး
သွားပါများလည်း ခရီးမရောက်တော့ဘူး။
ပျော်ပျော်နေကြည့်ခဲ့ပါတယ်
ကိုယ်စား
အလင်းရောင်ကို ရှာဖွေခဲ့ပါတယ်
ဘယ်အချိန်သေမယ် မသိတဲ့
သေခဲဆိုတဲ့ လက်ကျန်ပျော်ရွှင်မှုလေးနဲ့
သူငယ်ချင်းများထံ ကဗျာတွေ ရေးပို့လိုက်ပါတယ်။
မိတ်ဆွေ
ခင်ဗျားကော
ညည ကောင်းကောင်းအိပ်ပျော်ပါရဲ့လား။ ။

လူဇော်သစ်

ကဗျာတွေ မရေးဖြစ်ပေမယ့် ခံစားချက်တွေကို ခြောက်နှစ်ကျော်
ထမ်းပိုးခဲ့ရပါတယ်။ ကဗျာရေးဖြစ်ကြတဲ့ သူငယ်ချင်းတွေကိုလည်း သူတို့လည်း
ငါ့လိုခံစားမှုတွေ ရှိမှာပဲဆိုပြီး ချရေးဖြစ်တဲ့ ကဗျာလေးပါ။ ယခုဖတ်နေသူ
မိတ်ဆွေအတွက်လည်း ပါတယ်နော်။
လူဇော်သစ်

1 Comment:

ဆောင်းယွန်းလ said...

ဖတ်ရတာအားရစရာပဲ..
ကိုယ်ကြိုက်တဲ့ပုံစံမျိုးတွေဆိုတော့..

ရေတွင်းထဲကျသွားရသလိုမျိုးပဲ
ပြန်တက်ဖို့တောင်မိုးမှောင်သွားခဲ့ပြီ
ဒါကြောင့်ဒီတွင်းထဲမှာပဲ တရေးတမောအနားယူရင်ကောင်းမလားလို့
စဉ်းစားရင်း ချဉ်ခြင်းကပြန်တပ်လာမိ
တကျိုက်ကျိုက်မိပြန်လေရဲ့
ဒီလိုနဲ့ တပိုဒ်ပြီးတပိုဒ်
နှုတ်ကိုတည့်တည့်လာတိုက်တယ်
ဒီလိုနဲ့..တပုဒ်ပြီးတပုဒ်
စိတ်ကို တေ့ဖြုတ်ခံလိုက်ရတယ်.....

ကျေးဇူးပါမနော်ရေ
ကဗျာဆရာကိုလည်း ကျေးဇူးတင်မိပါကြောင်း...