ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

ပိုင်စိုးဝေ ၏ ကဗျာများ

Saturday, July 18, 2009

မီးခိုးနဲ့မိုးတိမ်
တဖြည်းဖြည်းကွယ်ပျောက်သွားတဲ့
သဘောင်္ကြီးရဲ့ ခေါင်းတိုင်အိုကြီးဟာ
နောက်ဆုံးမြင်ရတဲ့ကုန်းမြေကို
ကြည့်ပြီး
တစ်စုံတစ်ရာတွေးကောင်းတွေးနေမယ်။
ပင်လယ်ကိုပထမဆုံးမြင်ဖူးတဲ့
ကောင်လေး………

သင့်အတွေးတွေနဲ့
မီးခိုးတွေနဲ့မိုးတိမ်တွေနဲ့
ရောယှက်ပေါ့။

အခုတော့ ခင်ဗျားအိုပါပြီ။

မြို့ကြီးတွေရဲ့ ဆိပ်ကမ်းတွေရဲ့
မီးခိုးတွေနဲ့မိုးတိမ်တွေဟာ
ကမ္ဘာကြီးလုံးဝိုင်းကြောင်းသက်သေပြဖို့
မသေချာခဲ့ဘူး။

နောက်ထပ်လည်း ဘာမှမသေချာဘူး
ခုတော့
သူ့ဇာတိမြေနဲ့မိုင်ပေါင်းများစွာဝေးရာ
မည်မျှထိဝေးတယ်ဆိုတာ သူကိုယ်တိုင်
မသိပဲဝေးတဲ့အဝေးဆုံးအရပ်မှာ
သူ့အုတ်ဂူဟာ ဆွေးမြေ့ပေါ့
ပျက်စီးပျောက်ကွယ်သွားခဲ့ပေါ့။ ။
ပိုင်စိုးဝေ


ဒီဇင်ဘာ ၂၅ ရက်၊ညနေ ၅ နာရီ
အုံ့ဆိုင်းတဲ့ တနင်္ဂနွေညနေခင်း
တစ်ခုမှာပေါ့
ကိုယ့်ဘဝထဲသူဖြတ်သန်းသွားပုံကြီး
ကြေကွဲရ။

သစ္စာတရားကိုဖက်တွယ်လိုက်တဲ့
ငနဲတစ်ယောက်ရဲ့ကျဆုံးခန်းပေါ့။

လိမ်ညာဖို့စကားလုံးတွေ
အများကြီးရွတ်ဆိုတတ်ပေမယ့်
အကောင်းဆုံးကို မရွေးချယ်တတ်တဲ့
ကိုယ့်အပြစ်ပါ။

ဆက်ထိုင်နေရကောင်းမလား
စဉ်းစားရင်း ထရပ်မိ
ထွက်သွားရကောင်းမလား
စဉ်းစားပြီးပြန်ထိုင်။

သြော် မစိမ်းမြ..မစိမ်းမြ
အချောမသတ်ရသေးတဲ့
ဒုက္ခကြမ်းရှရှ ကြီးကိုမှ
ကိုယ့်ရင်ခွင်ထဲ ပစ်ထားခဲ့ရက်လေခြင်းနော်။

ခံစားပြနေတာမဟုတ်ဘူးကွဲ့
ထင်ရာမစိုင်းရဲလို့
သည်အတိုင်းဆက်ထိုင်နေရတယ်။ ။
ပိုင်စိုးဝေ



မေ့ပစ်လိုက်ပါ
ရေကူးခြင်းဟာ
သိပ်လွယ်လွယ်လေးပဲထင်လို့
ခုန်ချလိုက်မိတာ။

သက်သေပြစရာဆိုလို့လည်း တခြားဘာမှမရှိခဲ့ဘူး။

အသဲနှလုံးကိုမပေးပါနဲ့
ပိုက်ဆံတစ်ဆယ်ပဲချေးခဲ့စမ်းပါကွာ
ကိုယ့်ဆီရောက်လာတဲ့သူများရဲ့ဒုက္ခ ဆိုတာလည်း
ကိုယ့်ဒုက္ခပဲပေါ့။

တကယ့်ကို
ရသပျက်တဲ့ညတွေပါ
သီချင်းမဟုတ်တာတွေ
သီချင်းလုပ်ပြီးဆိုနေရ
အံသွားအချင်းချင်းကြိတ်ပြီးတော့သာ
ချစ်ခြင်းမေတ္တာကိုဖွဲ့ဆိုနေရ
အဆုံးသတ်မရတဲ့လှည့်ဖျားမှုတွေသာ
မိုးအလင်းရွာချနေရဲ့။

ဒီအချိန်
ကိုယ့်စိတ်နှလုံး ငြိမ်သက်မှုရဲ့ တစ်စက္ကန့် အတွင်းမှာ
တောင်တန်းတွေ ရွေ့လျားပျောက်ကွယ်သွားကြပေါ့။

မောင့်အချစ် မအေးကြည်လေး။

မေ့ပစ်လိုက်ပါ
မေ့ပစ်လိုက်စမ်းပါ
ယားယံတတ်တဲ့ အရေပြားတွေဆိုတာ
ငွေနဲ့ ဖြားယောင်းဖို့
အလွယ်လေးပေါ့။ ။
ပိုင်စိုးဝေ
၉။၁၂။၉၅



ငှက်သိုက်

(၁)
ဒုဗ္ဘိက္ခ န္တရကပ်တွေ
အထပ်ထပ်ငါ့ကိုယ်ပေါ်
နေ့နဲ့ညတိုင်း လဲပြိုကျ
အဝေးကြီးက မြေဟီသံငါကြားရတယ်။
(၂)
ဝမ်းစာရှာမှုတိတ်ခွေဆိုတာ
စည်းဝါးမပါတဲ့ခင်မင်မှုတွေပါ
ဘာလုပ်မှာလဲ
ပျော်ရွှင်ခြင်းစစ်စစ်နဲ့
လူစစ်စစ်ပဲငါဖြစ်ချင်တယ်
မိုင်ပေါင်းငါးရာလောက်အထိပဲဖြစ်ဖြစ်ပေါ့။
(၃)
မောင့်အချစ်မအေးကြည်လေး
ရေလိုက်မလွဲနဲ့ကွယ်
ဒုက္ခတစ်ခုကို
အခြားဒုက္ခတစ်ခုနဲ့သာထမ်းပိုးနိုင်တယ်
မဟုတ်လား
နေမင်းဆီက စွန့်ကြဲသမျှပဲ
မြေကြီးပေါ်က ရယူနိုင်လိမ့်မယ်
မငြင်းဆိုနိုင်သေးသမျှ ချွင်းချက်တွေကပဲ အနိုင်ရနေမှာပေါ့။
ကျီးကန်းတွေတောင်
မအောင်မြင်တဲ့နေ့တွေရှိနိုင်ရဲ့။
(၄)
ငါ့သီလတရားကိုသာ
တဖဲ့လောက်မင်းကိုက်စားပေတော့။

ကလေးတွေအတွက်တစ်ဝက်ချန်ထားနော်။ ။
ပိုင်စိုးဝေ



ကမ်းပါးမရှိတဲ့မြစ်
(၁)
ငွေရတုရက်ကို
လက်ပြနှုတ်ဆက်
နေ့ရက်အသစ်များ
တွား..သွား..ရွေ့ရွေ့
ဆယ်နှစ်တစ်ဖန်ပြည့်တော့မည်။

မျဉ်းမတ်တစ်ကြောင်း
မှတ်တိုင်ဟောင်းမှာ
အကြာကြီးရပ်
မပြတ်သားပဲ တွေဝေဆဲတွင်
ရင်ထဲတိုးဝှေ့
အနာဂါတ်နေ့တချို့
ငါ့ကိုဖြတ်သန်းသွားကြပြီ။

အိပ်မက်အယ်လ်ဘမ်မှာ
ရောဂါသစ်များ..တိုးပွားနေဆဲ
ဆွဲနှုတ်မရ
နေ့ညထပ်ထပ်
ရစ်ပတ်တင်းကြပ် တရစပ်ပင်
နှလုံးသား၏ အပြာရောင်လွင်ပြင်
အကုသိုလ်တရားတို့စူးဝင်ခဲ့ပေါ့။
(၂)
ဘဝအမြင်..ဂန္ထဝင်လက်သစ်
အချစ်
သစ္စာတရား
ရိုးသားမှုအကြောင်းဖွဲ့နွဲ့သူ
မြစ်ကိုဆန်လျက်
လှော်တက်မေ့ကျန်
ပစ္စုပ္ပန်မှာ
ငါ..အနာဂါတ်မဲ့ လမ်းလျှောက်သူ
(နွေဦးရက်တွေအကြောင်း သီချင်းမဆိုနိုင်တဲ့
ဥသြငှက်တစ်ကောင်ရဲ့ ကြေကွဲမှုလို)
ယာခင်းထဲက
အမေအိုရဲ့ဘဝကို
အဝေးကတမ်းတပူဆွေးသူ။
(၃)
ဟိုမှာ……..နှင်းများ
မှုန်……ဝါး…….ဝေးကျန်
ဥပါဒါန်လား
တမလွန်အလား
စကားတိတ်ဆိတ်
မသိစိတ်လား
နှလုံးသားထဲ
တဖွဲဖွဲသွန်ချ
သံဝေဂလား။
(၄)
ဒိုင်ယာရီကြား
မင်နီတားခဲ့
ငါ့ရဲ့မွေးနေ့
ငါ့အချစ်မီး ယိုစီးတဲ့နေ့
ကိုယ်ကျင့်တရား ဆုံးပါးတဲ့နေ့
……… ………… …………
………. ………. …………

ထိုနေ့များတွင်
မသိမှုတရား
ချောက်ကမ်းပါး၌
အသွားထက်ထက် ဓားတစ်လက်ပေါ်
ခြေချော်လဲကျ
လူးလဲပြန်ထ
အတ္တပွေ့ဖက်
ရှေ့ဆက်လျှောက်ရင်း
ပျော်စရာသီချင်းတစ်ပုဒ်ကို ငါဆိုလျက်။
(၅)
ဟိုမှာ…
မာယာမြစ်ထဲ
ပန်းတွေကျဲချ
ငါ့မာနကို
ဖွဖွဆုပ်ကိုင်
လှောင်ရယ်နိုင်ခွင့်
ဘဝလွင့်ပါး
မြူတွေကြားက
လက်ပြနေတာ ဘယ်သူလဲ။ ။
ပိုင်စိုးဝေ
၁၉၈၇
ဖေဖော်ဝါရီ ၊စပယ်ဖြူ



သင်္ကေတဝါဒနဲ့ပါးရိုက်ခြင်း

ပြတ်သားခဲ့ပြီတဲ့လား
မောင်းချဓားတစ်ချောင်းက ရယ်လိမ့်မယ်။

အကြိမ်ကြိမ်
စိတ်ကိုစိတ်နဲ့မှန်အောင်ပစ်
စိတ်ကိုစိတ်နဲ့ပွတ်သပ်ဖြေသိမ့်
စိတ်ကိုစိတ်နဲ့ကားစင်တင်
ဘဝတစ်ခု
ဝါကျတစ်ကြောင်း
ပုဒ်မတစ်ခုချလိုက်။

ရှုံးလိုက်နိုင်လိုက် အဆုံးသတ်မရတဲ့လောင်းကစားပွဲ
ဆက်ပြီးတော့သာ ကစားပါလေ
ဝက်တစ်ကောင်ဖြစ်ခဲ့မှတော့
ဗိုက်ဓားထိုးခံဖို့ ပြဋ္ဌာန်းပြီးသားပေါ့။

နေမင်းကြီးအောက်
အရှက်အကြောက် ကင်းမဲ့နေကြပုံတွေက
ကင်မရာရှေ့ အလုအယက်တိုးဝှေ့လမ်းလျှောက်ကြ
ပုဆိန်ရိုးအပြတ်ကို
နတ်ဒေဝတာထင်ပြီး ပ,သကြ
နပိုလီယံစီးတဲ့ဖိနပ်ကို
သရဖူမှတ်ပြီး အလုအယက်ဆောင်းကြ
သင်္ကေတဝါဒနဲ့
တစ်ယောက်ပါးကိုတစ်ယောက်ရိုက်ကြ
ဘုရားသခင်ကြည့်နေတာ မသိကြဘူးလေ။

ဒုစရိုက်ပန်းတွေအလုအယက်ပွင့်နေပုံက
အိပ်မရအောင် တယ်ဆူညံလှပါလား
စဉ်းစားခြင်းဝါဒကို ငြင်းပယ်လိုတဲ့
တိမ်တိုက်တွေကတော့
ထင်ရာကိုစိုင်းမြဲစိုင်းကြတယ်။

ချရေးလို့မရတဲ့ဝါကျတစ်ကြောင်းဟာ
ဘဝမှာအဆိုးဆုံးကျိန်စာပဲ။ ။
ပိုင်စိုးဝေ



ငါ အနုလောမ ပဋိလောမ
ငါ့အတိတ်မှာ
ငါ့သိက္ခာချော်လဲဖူးခဲ့။

သို့ပေမယ့်
ငါ့စိတ်ကို
ငါ အိတ်မှာအသေအချာထည့်
ငါ့အတိတ်ကိုဆုတ်ဖြဲပစ်လိုက်ရဲ့။

ကဲ..ငါ့မိတ်ဆွေတို့ရေ…
ငါ့အရိပ်ဟာ
ငါ့အတိတ်ပါပဲ
ငါ့စိတ်မှာ
ငါ့လိပ်ပြာ သန့်ရှင်းခဲ့။

ခုတော့
ငါ့အိတ်မှာ
ငါသိက္ခာအပြည့်အဝနဲ့။ ။

ပိုင်စိုးဝေ
၁၉၉၃ ကလျာ

1 Comment:

tin min htet said...

ပိုင်စိုးဝေ ဆိုတော့ ကဗျာတွေ ကြိုက်ပါတယ် ..
ဒါပေမဲ့ မိဝင်း ကို စွဲခဲ့တော့၊ မအေးကြည် ဖြစ်လိုက်၊ မစိမ်းမြ ဖြစ်လိုက်နဲ့ ဆိုတော့ ဖတ်ရတာ တမျိုးပဲ :P