ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

ခင်ဇော်မြင့် ၏ ကဗျာများ

Wednesday, March 4, 2009

လုလင်ငယ်သွေး ဆိုတဲ့ကဗျာအရေးကောင်းတဲ့ကလေးတစ်ယောက်ဆီမှာမနက်က
ခင်ဇော်မြင့် ရဲ့ တန့်ကြည်တောင် ဆိုတဲ့ကဗျာလေးကိုတွေ့ပြီး ခင်ဇော်မြင့် ကဗျာ
လေးတွေကိုသတိရသွားတာနဲ့ ခင်ဇော်မြင့်ကဗျာများဆိုပြီး ပါလာသမျှတင်လိုက်ပါ
တယ်။အားလုံးက ၂၀၀၀ခုနှစ်ဝန်းကျင်က လက်ရေးနဲ့ကူးထားတဲ့ကဗျာစာအုပ်ထဲ
ကပါ။တန့်ကြည်တောင်ကိုဖတ်ချင်ရင်တော့လုလင်ငယ်သွေး ဆီမှာဖတ်နိုင်ပါတယ်။

ဆောင်း

မသိနားမလည်သူလေးလို
နံရံကိုတွန်းဖွင့်ဝင် နံရံကိုပြန်တွေ့လို့
ဝင်္ကပါ...။
ဆိုပါစို့..........
ထူးဆန်းထွေလာတစ်ခုပေါ်မှာအမှီပြုရ
ချစ်မေတ္တာဟာ အခု
ထီးတစ်လက်နဲ့ ဆိုက်ရောက်လာမယ်လား။
ဒီထက်ကွေ့ကောက်ဖို့လည်းမဖြစ်နိုင်တော့
လသာသည်ဖြစ်စေ
လမသာသည်ဖြစ်စေ
ဘဝကိုလည်းဒီအတိုင်းခံယူကာ
ကိုယ့်အနေအထားနဲ့ကိုယ်နေခဲ့။
ဂေါ်သဇင်ပန်းလေးတွေပွင့်တော့မယ်လား
ကျွန်တော်မှားရင်လည်း ခွင့်လွှတ်ဖို့
တစ်ဦးတစ်ယောက်ကပြောပါလိမ့်မယ်ချစ်သူ....။ ။
ခင်ဇော်မြင့်


ကြယ်ပျံ

ဘယ်ကိုပျောက်နေတာလဲဆို
မိုးပေါ်တက်ကပ်နေတာပဲလို့ပြောရဦးမယ်
ကမ္ဘာက
ငါ့ကိုမီးခလုတ်တစ်ခုကိုကြော်ငြာတယ်။
ဒီလောကရဲ့စိတ်ဒုက္ခများ
ဒီလောကရဲ့အနှစ်သာရများ
ရေသောက်မြစ်များ။
မေ့နေတယ်
ငါလည်း
ငယ်ငယ်ကနံရံကိုခြေထောက်နဲ့ကန်
တစ်ပတ်ကျွမ်းပစ်ခဲ့တဲ့ဓါးခုတ်ကောင်ပဲ..။
အခုတော့
တိမ်တောက်သလိုငါအမြင်မှန်ရခဲ့
အဲဒါ
စက္ကူပင်ပေါ်ခဏတဖြုတ်တင်နေတဲ့
အရိပ်အယောင်တစ်ခုဆီကပါ။ ။
ခင်ဇော်မြင့်


အင်္ဂါနေ့ရိုက်ကွင်း


အဝီစိရေချိုး
ထမင်းစား
သွားကြားထိုး
စံပယ်ပန်းတွေပွင့်မပွင့်ကြည့်
ပြီးရင်ပန်းခြံထဲလမ်းလျှောက်ရဦးမယ်မဟုတ်လား။
မပျော်မွေ့ခြင်းများကိုချုံ့လို့
ဂျုံ..လိုပြုံးထားချင်တယ်
လေသေနတ်တွေတာစားနေတဲ့ခေတ်
ကျွန်တော့်အပြုံးကညစ်ကျယ်ကျယ်နိုင်လိမ့်မယ်
နေမင်းကိုတကူးတကမှန်ထိုးကြည့်ကြတယ်
သူ့ခြေကျင်းဝတ်မှာရွှေဆွဲကြိုးလေးမရှိရှာတော့ဘူး
ဒီလိုပါပဲ
မီးရောင်တွေကြားမှာ
ဇာတ်လိုက်ဟာအထီးကျန်ဆန်ခဲ့ရ..။ ။
ခင်ဇော်မြင့်

ပွဲတော်

ရေခြောက်ခြောက်
တစ်ယောက်တည်း
အခုလိုပျင်းရိနေရတာကိုကတစ်မျိုးအရသာရှိ။
ပျော်ရွှင်မှုဆိုတာတိုက်ဆိုင်မှရတယ်
ဒီလိုမှန်းသိ သူ့အိမ်ရှေ့သွားထိုင်မိမယ်
တနလာင်္နေ့ကစခဲ့သောဇာတ်
တနလာင်္နေ့မှာဆုံးခန်းတိုင်ခဲ့။
တစ်နှစ်တစ်ခါရောက်လာစမြဲဟာ
ပဝါကိုဦးခေါင်းမှာစည်းထားတယ်။
ညီမလေးက
နှုတ်ခမ်းကိုခရမ်းရောင်ဆိုးထားတယ်
မြင်ပေမယ့်
လေထဲမှာကိုယ့်အသံမရှိဘူး။ ။
ခင်ဇော်မြင့်


လေသလပ်နေ့များ


စနေနေ့ကိုနှီးချောဖျာအောက်ပြန်ထိုးသွင်းရကောင်းမလား
ခေါင်ရမ်းပင်လိုအဓိပ္ပာယ်မရှိဘူးလို့ကိုယ့်ကိုယ်ကိုထင်တယ်
လွင့်ကျလာတဲ့ရုပ်ရှင်ကြော်ငြာလိုအထီးကျန်ဆန်တယ်
ကိုယ့်စိတ်ကူးတွေတွင်းမဖော်နိုင်သေးတော့
ကြေကွဲစိတ်မှာမျက်ရည်ခမျာမြေကိုတွင်းဖော်လို့။
လေသလပ်မှုများဆိုရင်
တိမ်တွေတစ်မြို့လုံးထွန်းလိမ့်မယ်
တစ်ကိုယ်လုံးကိုက်ခဲနေရော့
စံပယ်ပန်းတွေလိုပဲ
သူ့နှလုံးသားကဖုန်းခေါ်ရခက်တယ်
ခေါင်းစဉ်တိုင်းအပေးမှားနေတဲ့ ကဗျာဆရာ
ဒီနေ့ သူရောက်မလာတော့ပါဘူး...။ ။
ခင်ဇော်မြင့်

3 Comments:

အိုင်လွယ်ပန် said...

ကြယ်ပျံ ကိုရင်ထဲအတွေ့ဆုံးပဲ အစ်မရေ .....

Mhaw Sayar said...

အင်္ဂါနေ့ ရိုက်ကွင်း မိုက်တယ်ဗျ..

လုလင်ငယ်သွေး said...

ကျွန်တော့်ကို ကဗျာအရေးကောင်းတယ် ပြောလို့ ၊ ကလေးတစ်ယောက် လို့  ပြောလို့  ကျေးဇူးတင်ပါတယ် အစ်မရေ။ ကျွန်တော်က ငယ်တယ် ပြောရင် သဘောကျတယ်ဗျ။ ဟီဟီး။