ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

နှလုံးသားရဲ့မျက်လုံးတစ်စုံ

Tuesday, January 20, 2009

နှလုံးသားရဲ့မျက်လုံးတစ်စုံ ဆိုတာ နေဆူးသစ် ရဲ့ကဗျာစာအုပ်လေးပါ။ကျွန်မတို့အရင်က
ရာစုသစ်မြစ်ကျဉ်း ဆိုပြီးအတူစာအုပ်တွေလုပ်ခဲ့ကြသလို၊တစ်ကိုယ်တော်တွေလည်းလုပ်ခဲ့
ကြပါတယ်။ အဲဒီမှာ သူ့စာအုပ်ကတစ်အုပ်အပါအ၀င်ပေါ့..။ဒီစာအုပ်လေးကိုအမှတ်တရ
ပြန်တင်ပေးလိုက်ပါတယ်။
နောက်ဒီနေရာကနေတစ်ခုပြောချင်တာက..မီးဘုရင်မရဲ့ကျိန်စာ...ဆိုတဲ့ကဗျာစာအုပ်အ
ကြောင်းပါ။အဲဒီစာအုပ်လေးကျွန်မဆီမှာအစကရှိပါတယ်။ခု..ကိုယ်ပိုင်ပစ္စည်းလုပ်သွားသူ
တစ်ယောက်နဲ့တွေ့သွားပုံရတယ်။မရှိတော့ဘူး။ဒါကြောင့်အဲဒီကဗျာစာအုပ်လေးလက်ဝယ်
ရှိသူများရှိရင်ပြန်မျှဝေပေးပါလို့တောင်းပန်ချင်တာပါ။ မီးဘုရင်မ ..ဆိုတာကိုဆွေရဲ့ကဗျာ
ထဲကစာသားလေးကိုယူထားတာလို့သူတို့ပြောထားတဲ့စာကြောင်းလေးကိုလည်းသတိရနေ
တယ်။
ဒီစာအုပ်လေးကိုနေဆူးသစ်က ကိုညီဆင်းသစ်နဲ့အတူလုပ်ခဲ့ပုံပဲ။ Designs and
illustration by Nyi Sin Thit လို့တွေ့ရသလို တစ်ချိန်ကသူတို့နှစ်ယောက်
ကိုတွဲလျက်ကြီးသိပ္ပံဖက်လာတာ၊တောင်ငူဖက်မှာတွေ့တွေ့နေတာတွေကိုသွားသတိရတယ်။
အင်္ဂလိပ်လိုလည်းကိုညီဆင်းသစ်ပဲပြန်ရေးထားပါတယ်။

နှလုံးသားရဲ့မျက်ဝန်းတစ်စုံ

အနာဂတ်အသစ်ဆီ
ကြိုလင့်ပျံသန်းနိုင်ဖို့ အတောင်ပံသစ်တွေတပ်ဆင်ကြ
ကောင်းကင်ဟာ
လွတ်လပ်ပေါ့ပါးခြင်းတွေမွတ်သိပ်နေခဲ့ပေါ့။
ငါတို့ရင်ထဲ
ခံစားမှုတွေပြွတ်သိပ်လို့လေးလံမွန်းကြပ်ခြင်းတွေဖိနှိပ်ခဲ့။
ကဗျာတွေ...
ကဗျာတွေ...
လွတ်လပ်စွာပျံသန်းကြ
အဆုံးမရှိပေါ့ပါးကြ ရာဇ၀င်တွေဟာလှပလို့..။ ။
နေဆူးသစ်
5th September 1994

We must be fixed the new wings on
To fly on future's forwards
The sky is hungry for freedom.
Our hearts were,
Piled up in knots with sufferings
Pressed down by deeper suffocating.
Poems are freely flying,
Lighting in endless attitude
And the histories are good looking.
English version by Nyi Sin Thit


ဒဏ္ဍာရီ ၇၅

ဂန္ထ၀င်အိပ်မက်တို့
ကိန်းထပ်ဆင့်ရာဇ၀င်ချီရင်း
အသည်းနှလုံးဒြပ်ပေါင်းစုများ
စုပြုံအနယ်ကျလာခဲ့။
ဲအဲဒီချော်ရည်မြစ်ပေါ့
မျှော်လင့်ချက်တွေလင်းလဲ့တောက်ပ
မီးတောင်ဟောင်းတွေလှုပ်နိုးထ
မြေလွှာသစ်အလှကိုဖန်ဆင်းလို့။
နေဆူးသစ်

Fable 75
The classical dreams are still making
History in number again and again
And the heart compounds become settle in mass.

It is a molten lava river
Which makes the hopes in blaze
Wakes up the extinct volcanos,
Creates the new earth.
Translated by Nyi Sin Thit

သင်ခန်းစာ

တစ်ချို့ကသီလစောင့်တယ်
အပင်စိုက်တယ်။
ကျွန်တော်က ကလေးတွေကို
စာသင်ပေးတယ်။
စာလုံးပေါင်းအသစ်တွေတက်ပေးတယ်။
သူတို့က
ကာတွန်း၊ပုံပြင်၊၀တ္ထု၊သတင်းစာတွေ
ဖတ်ချင်တယ်
စကားလုံးတွေနဲ့လှည့်စားချင်တယ်။
ဒါပေမယ့်
သူတို့ဟာပညာမစုံသေးဘူး
ရိုးသားတဲ့ကလေးတွေပဲဖြစ်တယ်။
ကျွန်တော်က ကလေးတွေကို
စာသင်ပေးတယ်
စာလုံးပေါင်းအသစ်တက်ပေးတယ်။
သူတို့က
လူရဲ့အဓိပ္ပါယ်ကိုသိချင်တယ်
ဘ၀ရဲ့ခက်ဆစ်ကိုနားလည်ချင်တယ်
ဒါပေမယ့်
သူတို့ဟာပညာမစုံသေးဘူး
ရိုးသားတဲ့ကလေးတွေပဲဖြစ်တယ်။
နောက်ဆုံး...
ကျွန်တော်က..
သူတို့မေးခွန်းတွေလုံးဝမဖြေနိုင်တဲ့အခါ
သင်ခန်းစာတွေရပ်လိုက်ရတယ်။
ကလေးတွေဟာ
စကားလုံးတွေအကြောင်း
လူရဲ့အဓိပ္ပါယ်အကြောင်း
ဘ၀ရဲ့ခက်ဆစ်တွေအကြောင်း
ဘာတစ်ခုမှသိမသွားခဲ့
တကယ်တော့
သူတို့ဟာပညာမစုံသေးဘူး
ရိုးသားတဲ့ကလေးငယ်တွေပဲဖြစ်တယ်။
နေဆူးသစ်


အနမ်း
အဲဒီမှာ
တို့နှစ်ဦးရဲ့ညီတူညီမျှ
လွတ်လပ်ပွင့်လင်းမှုတွေရှိတယ်။
ဆုံဆည်းခွင့်ကိုတမ်းတခဲ့တာပါ
ပျောက်ဆုံးခြင်းကိုရှာဖွေခဲ့တာပါ။
ချစ်သူတို့ရဲ့
ရာဇ၀င်ပြတိုက်အိုထဲ
မှိုတက်နေတဲ့ဖယောင်ရုပ်ထုလို
အမှတ်တရများစွာပေါ့ကွယ်။
အဲဒီမှာ
တို့နှစ်ဦးရဲ့ညီတူညီမ
ထိန်းချုပ်ထာရခြင်းတွေရှိတယ်
ဘ၀ဒေသနာ
အချိန်ကာလများစွာဟာ
နူးညံ့မှုဝေဒနာအဖြစ်
တို့ရဲ့အသည်းနှလုံးထဲ
တစိမ့်စိမ့်စီးဝင်လာခဲ့ပြီ။ ။
နေဆူးသစ်
(အဲဒီကဗျာကိုမနှစ်က ဖေဖော်ဝါရီလမှာ ကျွန်မတို့မဂ္ဂဇင်းထဲဖော်ပြခဲ့သေးတယ်။အချစ်ကဗျာများဆိုပြီး..း) )

အရိပ်များရဲ့အောက်မှာ
ခရုခွံများရဲ့နောက်ကျခြင်းညနေ
အညောင်းအညာဖြေရင်း
ပင်လယ်ကမ်းစပ်တွေရှိရာ
လေညင်းခံထွက်ရင်း
ငြီးငွေ့ဖွယ်သဲသောင်ပြင်ဆီ
နရီဒီရေလှိုင်းလွှာတိုးနိမ့်
အာရုံများရဲ့ခြေရာ
အသည်းနှလုံးမပါသော
ဟောင်းလောင်းရင်ခွင်
အခင်းအကျင်းပြပွဲ
သေဆုံးခြင်း၊မွေးဖွားခြင်း
အရင်းမြစ်ဖြစ်တည်မှု
နေ့ညအသစ်များ
ခံစားမှုအဖော်မွန်ရှာဖွေဆဲ
တစ်ယောက်တည်းအထီးကျန်
လမ်းရိုးအတိုင်းလှည့်ပြန်ခဲ့ရ။ ။
နေဆူးသစ်

နာရီများ
ငါတို့မှာနာရီတွေအများကြီးရှိတယ်
ပုရွက်ဆိတ်တစ်ကောင်ရဲ့အနံ့ခံမှုမျိုးနဲ့
အသက်ရှူသံကိုခြိမ်းခြောက်နေတဲ့
နာရီတွေ
ကလေးငယ်လိုဥာဏ်ရည်ဖွံ့ဖြိုးမှုမျိုးနဲ့
သဘာဝကိုဆော့ကစားနေတဲ့
နာရီတွေ
စစ်ပွဲတွေရဲ့ယောင်ကိုင်းပုပ်ပွမှုကို
ငြိမ်းချမ်းရေးဖော်မလင်စိမ်ထားချင်တဲ့
နာရီတွေ
မိန်းမတစ်ယောက်ရဲ့ထမီအနားစထဲ
ပဲ့ပါသွားတဲ့
နာရီတွေ
ရေတံခွန်အောက်မှာတွားသွားနေတဲ့
နာရီတွေ
ကြယ်တွေလို၊ပန်းပွင့်တွေလို
ကြွေကြွေကျတဲ့
နာရီတွေ
ထီလက်မှတ်တွေရဲ့အနာဂါတ်ကို
ကံစမ်းမဲတစ်ပုံတစ်ပင်နဲ့
နာရီတွေ။
အဲဒီနာရီတွေဟာ
ပတ်ဝန်းကျင်တစ်ခုလုံးကို
မျှော်လင့်ချက်ပေါင်းအိုးထဲမှာနူးညံ့စေပြီး
သူတို့ရဲ့လိုရမ္မက်ကြီးတဲ့အံသွားတွေနဲ့
ကိုက်ဝါးနေကြတော့တယ်။
ငါတို့မှာနာရီတွေအများကြီးရှိတယ်
ငါတို့ရဲ့မရေရာခြင်းစိတ်ကူးတွေထက်မှာ
ငါတို့ရဲ့ခံစားချက်တွေကိုမှိုတက်ခံရင်း
ရာသီအသစ်တွေကိုသောက်သုံးရင်း
ရင်ဘတ်အဟောင်းလောင်းနဲ့
နာရီတွေ
နက္ခတ်ဗေဒပညာရှင်တစ်ယောက်လို
ဟောကိန်းထုတ်လို့။ ။
နေဆူးသစ်
(နောက်တော့မှဆက်ပါမယ်။)



ပန်းပွင့်ဈာပန
ချစ်သူရေ
ပန်းပွင့်ကလေးတွေ
ရေစီးကြောင်းထဲမျှောချလိုက်ပါ
ဘယ်ဆီရောက်သွားမလဲ
စွန့်ပစ်ရက်စက်ခံရဆဲ
အမြုံပန်းတွေအတွက်
ချစ်သူဖြစ်ရရုံသက်သက်
ပုန်းလျိုးကွယ်လျိုးတိတ်တခိုး
လွမ်းနေခဲ့တယ်။
မင်းသိမှာပါ
ကြွေသွားတဲ့ပန်းတွေဟာ
ဘယ်လောက်များလှပခဲ့ကြသလဲ
ခိုင်မာတဲ့ချစ်ခြင်းအတွက်
ဘယ်လောက်များစွန့်စားဝံ့ကြသလဲ
အဲဒီနာရီတွေမှာ
စကားလုံးတွေတစ်လုံးပြီးတစ်လုံး
ပဲ့တင်ထပ်တဲ့နောက်ဆုံးပေါ့..
ညနက်နက်ညဥ့်အိပ်မက်မှာ
လေစိမ်းတွေကလည်းတိုက်လိုက်တာ
ပန်းဖျက်မုဆိုးတွေဟာ
ဘ၀ရဲ့သုံးပုံနှစ်ပုံကို
ရင့်ညိုမှောင်မိုက်စေခဲ့တာပဲမဟုတလား။
ဒါဟာလဲ
ပန်းတို့ချစ်သူအတွက်
ဂန္ထ၀င်အသစနဲ့ကဗ္ဗည်းတင်တဲ့
သံယောဇဉ်ပါပဲကွယ်
ဆုံဆည်းပိုင်ဆိုင်ခွင့်အတွက်မို့
ဘုရားသခင်မျှဝေတဲ့အကြင်နာမှုတွေနဲ့
တို့ရဲ့ငြိမ်းချမ်းသာယာမှုဟာ
ရင်တွင်းမြစ်များကိုခံစားစီးမျောမယ့်
အသည်းနှလုံးတစ်စုံကို
မျှော်လင့်ရှင်သန်နေခဲ့ပြီလေ။ ။
နေဆူးသစ်


အ၀ါရောင်လိပ်ပြာရဲ့အသက်ရှူသံ
ရွှေရည်စိမ်ပတ်ဝန်းကျင်ရဲ့အဆိပ်တွေကြောင့်
နေ့နဲ့ည
မမြင်ရတဲ့အဖြစ်ကိုငါရောက်နေပြီ။
မွဲတေသွားတဲ့မျက်လုံးတွေဟာ
အိပ်မက်တွေကိုသာအဖော်ပြုရင်း
အနာဂါတ်ကိုအထီးကျန်ဆန်စွာ
ကုန်ဆုံးနေခဲ့ရပေါ့။
သိပ်ခက်ပါလားချစ်သူရယ်…
မင်းနရဲ့နှုတ်ခမ်းတစ်စုံဟာ
နှင်းဆီပန်းလေးလိုရဲရင့်ဝံ့ကြွားနေတာ
ငါဘယ်လိုနှိုင်းယှဉ်ပြရပါ့
ငါကိုယ်တိုင်တောင်မှ
အမည်းရောင်ရင့်ပန်းချီကားတွေရေးနေတဲဘဝ
လေမိနေပေမယ့်
ရစ်ကြိုးကုန်သွားတဲ့စွန်ကလေးဟာ
ငှက်တစ်ကောင်ကိုအားကျနေသလိုမျိုး
အလှပဆုံးအတွေးတွေနဲ့လေ
လမ်းမတွေ၊ရုပ်ရှင်ရုံတွေ၊ပန်းခြံတွေ
ခေတ်ပေါ်ရောင်စုံအ၀တ်အထည်တွေ
ဖတ်လက်စစာအုပ်အဟောင်းအမြင်းတွေဟာ
ငါ့ကိုငိုကြွေးမှောင်မိုက်စေခဲ့တယ်။
ကျန်းမာပါစ လို့နှုတ်ဆက်နဲ့နာရီသံတွေ
ဟဲဗီးရော့ခ်မယ်လိုဒီရဲ့ပေါက်ကွဲမှုတွေ
တစ္ဆေခြောက်တဲ့ခွေးဟောင်သံတွေ
ကလေးငယ်ရဲ့ငိုသံတွေကတော့
ငါ့ကိုနေရောင်ခြည်တွေပေးဝေခဲ့တယ်။
လမင်းနဲ့ထွန်းကားတဲ့ကော်ဖီခွက်ထဲ
အလင်းရောင်ကိုမြုပ်နှံတဲ့သဘာဝတို့ရေ
ငါ့ကိုယ်ငါပြန်မရတော့မယ့်အတူတူ
အရိပ်ဆိုတာလည်းမလိုအပ်တော့ပါဘူး။
ည ဟာင့ါအတွက်တော့
မာယာသိပ်များတဲမိန်းမတစ်ယောက်လို
အလိုမတူပဲပေါင်းဖက်ခဲ့ရပေါ့
ငါ့ရဲ့အသွေးသားရိုးတွင်းချဉ်ဆီနဲ့
အသည်းနှလုံးတွေကဖန်တီးထားတဲ့
ပြာမှုန်အပိုင်းအစတွေ
ဘယ်လိုကြေမွပြန့်ကျဲသွားတယ်ဆိုတာ
မြင်ချင်စမ်းပ
ဒေါသဖြစ်ရုံသက်သက်
အော်ဟစ်ပြောင်လှောင်ခဲ့ချင်လို့လေ
နောက်ဆုံးတော့လည်း
ငါဟာ
တနင်္ဂနွေရဲ့ဓမ္မတေးတစ်ပုဒ်လို
ပြီးဆုံးခဲ့တဲ့အကြိမ်ပေါင်းများစွာ။ ။
နေဆူးသစ်


အစာ
၁။
ညအချိန်ရောက်ပြီဆို
သတိထားကောင်လေးရေ
ပုရွက်ဆိတ်တွေဟာ
ဦးနှောက်ထဲဖောက်သောက်ဖို့ပဲသိတယ်။
ကိုယ်တိုင်ရူးနှမ်းသွေးပျက်
ကျမ်းအသစ်တွေရွက်ထားရတာ
မသိရှာခဲ့ဘူး
စည်သွတ်ဘူးတွေလည်းမဖွင့်ရဲ
ပေါင်မုန့်တွေလည်းချန်မထားရဲတော့။
၂။
ဘယ်လိုလဲကောင်လေးရေ
မင်းရဲ့ချစ်သူလက်ဆောင်
ရောင်စုံပ၀ါစတွေဟာ
အချိုဓါတ်သိပ်ကဲလွန်းနေပြီလား
ငါ့ကြောင်အိမ်ထဲက
ပုတ်သိုးသိုးအစာတွေတောင်မှ
ပုရွက်ဆိတ်တွေနဲ့အထာကျနေခဲ့ရပေါ့။
၃။
သိပ်ဆာနေပြီလားကောင်လေးရေ
ပုရွက်ဆိတ်တွေပါတာမပါတာမကြည့်နဲ့
ရတဲ့အစာအကုန်စားပစ်လိုက်
ငါ့အတွက်
ဘာမှချန်မထားလဲဖြစ်တယ်။
၎။
အော်…
ဒါပေမယ့်ကောင်လေးရေ
ငါအိပ်နေတုန်း
အိပ်မက်လှလှလေးတွေတော့
ခိုးမစားလိုက်နဲ့နော်
မနက်မိုးလင်းစအာရုဏ်ဦးမှာ
ရှင်းသန့်ကြည်လင်စွာ
ငါ ..နိုးထဖို့လက်နေလိမ့်မယ်။ ။
နေဆူးသစ်


ဇောက်နက်ငလျင်
လောင်းကစားပွဲမှာ
ကြွေးထူထူနဲ့အနိုင်ရသလိုမျိုး
တစ်ဝက်တစ်ပျက်အပျော်တွေစုပြုံနေခဲ့
ချစ်သူတို့ရဲ့
သွေးသားနုနုအသက်ရှူသံအတွက်
မျှော်လင့်ချက်သိုးသိုးတွေကသာ
အသည်းကွဲခြင်းမီးတောက်ထဲ
ပြာမှုန်အဖြူရောင်စစ်စစ်အဖြစ်
တန်ဖိုးမြင့်တက်နေတော့တယ်။
ငါတောင့်တမိတဲ့သန့်ရှင်းရိုးသားမှု
ဒီလိုဆက်စုတ်ရွံမုန်းခဲ့ရပေါ့….။
အစာအိမ်တွေသံပတ်ပေးရင်း
တံတွေးခွက်ထဲပေါလောမျောပါနေ့ညများ
ကံကြမ္မာသွေးပုတ်တွေက
အရစ်လိုက်အရစ်လိုက်ဖုံးလွှမ်းလို့သွားပြီ။
အနာဂတ်တို့ရေ
အမှန်တရားရဲ့ဒြပ်မဲ့အလှတို့အတွက်
အိပ်မက်တွေနဲ့ပေါင်းသင်းရင်း
ဟောဒီချဉ်ခြင်းတွေထက်
ခံတွင်းပျက်နေတဲ့ကောင်
အာဟာရအတုနဲ့အသက်ဆက်ရပုံကို
ဘယ်လိုရှင်းပြရပ။
နေဆူးသစ်

သိက္ခာသည်ည
ဇီးကွက်မတ်တပ်အိပ်ငိုက်
လင်းဆွဲဆပ်ကပ်ညောင်းခိုက်
မီးခွက်ဇက်ပြတ်မှောင်မိုက်။ ။
နေဆူးသစ်


ပြဿဒါးနေ့စွဲ
ဆန္ဒယိုစီးမှု
ကမ်းပါးတစ်ခုဆီရောက်ခဲ့ကြ
နိဒါန်းတချို့ရဲ့သိမ်ငယ်တဲ့နိဂုံး
ချော်ရည်မြစ်ထဲစုန်းစုန်းမြုတ်နေ
အသားပိုထပ်ဥတုများစွာ
ချဉ်ဆီတက်ခဲ့ကြ
ဝန်ချီစက်အဟောင်း
လျော့ယိရွဲသဏ္ဍန်ပြောင်းလောက
အစိမ်းသေပုတ်ပွမှုသာဝါကြွားနိုင်
သုညခြေရာရေတွက်ရင်း
လိပြာတွေအအေးမိဖျားနာကြ
အနာဂတ်ဥာဏ်ရည်ဖွံ့ဖြိုးမှုအတွက်
ကျောက်ခေတ်လူသားတွေသာ
မွေးဖွားလာခဲ့
ချစ်ခဲ့ဖူးသူများအတွက်
မာခြင်းအဆင့်(၁၀)ရတုပွဲတွေကျင်းပကြ
အရိုးတွန်သံရဲ့ပေါက်ကွဲမှုဂီတ
အသည်းနှလုံးအတုနဲ့နားဆင်ဆဲ
အချိန်နဲ့ဘ၀ရဲ့ကျေးကျွန်ဖြစ်ခဲ့ကြ
စကားလုံးတွေနဲ့အတိုက်ခံငြင်းဆိုကြ
သစ္စာတရားအချဉ်ဖောက်မှုကြောင့်
စည်းရိုးမဲ့သတ်ပုံအမှားများစွာ
ငါ့ကဗျာတွေရို့ကျိုးနေရမလား
ဟောဒီ..အမင်္ဂလာပုံရိပ်တွေထဲ
မိုက်မဲမှုသင်ရိုးသစ်ကို
ဘယ်သူတီထွင်ထားပါသလဲ
သဘာဝကိုက
သူ့ရဲ့အကြီးအမြတ်ဆုံး
ဒုက္ခအမွေတွေသာဖန်ဆင်းပေးခဲ့
အာရုဏ်ဦးအလှဆင်ဖို့ရာ
ညမီးပုံပွဲရဲ့
လောင်ပြီးသားမီးကျီခဲတွေ
ပန်းမပွင့်တဲ့မြေသလင်းမှာ
မြေသြဇာအဖြစ်သေဆုံးသွားကြပေါ့။ ။
နေဆူးသစ်

ခန္တီယတေး

အချစ်အတွက်
အဓိပ္ပာယ်နှစ်ခုမဖွင့်နဲ့ကွယ်
မင်းကို
အာရုဏ်ဦးဆန်ဆန်မျှော်လင့်
ညတွေသာဖြစ်ခဲ့ရ
ခံစားမှုမှော်အတတ်နဲ့
ကျယ်ပြန့်တဲ့ကောင်းကင်ပြာ
တစ်ကြိမ်တစ်ခါပိုင်ဆိုင်ခွင့်
နှစ်ချို့သက်ပြင်း
အလင်းတံခါးတွေပိတ်ဆို့ထားရဲ့…….
ဆင်ခြင်တုံတရားကင်းမဲ့
ငါက
အိပ်မက်တွေနဲ့အဆိပ်သင့်
မင်းက
မိန်းမစစ်စစ်အဖြစ်
တစ်ဘ၀စာကြိုမြင်ခဲ့ပေါ့။
ဆုံဆည်းခွင့်အလှ
အသည်းနှလုံးဂီတ
အတ္တအသွင်သစ်
တေးဖြစ်ဘယ်လိုဆိုရပ ၊
သင်္ကေတတွေပျောက်ဆုံး
ငါ့အနာဂတ်အားလုံး
ပစ်မှတ်ဖြစ်သွားတဲ့အခါ
မင်းက
အရာရာကိုဥပက္ခာထား
မြားတစ်စင်းပစ်ခွင်းလိုက်စမ်းပါ
အဲဒီကစားပွဲဟာ
ရှုံးနိမ့်ပါရစေ
အဓိပ္ပာယ်ရှိစွာ….။ ။
နေဆူးသစ်


နှင်းဆီပန်းနီပွင့်
မိန်းမပျိုလေးရဲ့ဧည့်ခန်း
ပန်းအိုးအလည်တည့်တည့်
နှင်းဆီပန်းနီပွင့် ပွင့်
အဲဒီနှင်းဆီပန်းအိုးရဲ့နောက်မှာ
ဇာတ်လမ်းတစ်ခုရှိနေတာ…..။

လူတွေက
ဆူးရှိနှင်းဆီကိုစွန့်ပစ်
ဆူးမဲ့နှင်းဆီကိုချစ်ကြတယ်
ဒါပေမယ့်နှင်းဆီပန်းပွင့်
ပန်းလိုပွင့်
ပန်းလိုကြွေ
သူမသိပ်ချစ်တဲ့နှင်းဆီပန်းနီပွင့်
အရူးအမူးတပ်မက်
နူးနူးညံ့ညက်ဆုပ်ကိုင်ခဲ့ဖူး
ဆူးစူးတတ်ရဲ့..
ဒီအရောင်သွေး၊နွေးထွေးပွေ့ဖက်
သူမခံစားချက်လေ..။

နောက်ပြီး
သူမနှုတ်ခမ်းကစကားလုံးတွေ
ပွင့်အံကျလာ
သူမမျက်လုံးမှာ နှင်းဆီပွင့်နီတွေ
နောက်ပြီး..
ပတ်ဝန်းကျင်တွေအားလုံးကြည့်ကြည့်
နှင်းဆီပန်းနီပွင့် ပွင့်မပွင့်
အသည်းနှလုံးတွေအားလုံးကြည့်ကြည့်
နှင်းဆီပန်းနီပွင့် ပွင့်မပွင့်။
မိန်းမပျိုလေးကပြောတယ်
နှင်းဆီပန်းနီပွင့် ပွင့်ခဲ့တဲ့ပန်းအိုး
သိပ်လှ
အဲဒီပန်းအိုးရဲ့နောက်မှာ
ဇာတ်လမ်းတစ်ခုရှိနေတာ
ဧည့်ခန်းဟာ…။ ။
နေဆူးသစ်


ရတုအသစ်ရဲ့ဆောင်း
မုတ်သုန်ရဲ့စွန့်ခွာမှုထဲ
နှင်းပွင့်လေးတွေတဖွဲဖွဲကြွေကျ
စံပယ်တွေဟာအလှပဆုံးသတို့သမီးဖြစ်ခဲ့တယ်။
သဘာဝရဲ့အဆုံးအစဖြစ်တည်မှုတွေထက်က
နုပျိုမှုရဲ့သေဆုံးခြင်းသာ၊
ဒီလိုနဲ့အမှတ်စဉ်တွေရေတွက်ခဲ့ရ
အတ္ထုပ္ပတ္တိအသစ်ဖြစ်ခဲ့ရ
အိပ်မက်ဝိုင်ချိုရဲ့
ပဉ္စလက်မိုးကောင်းကင်ထဲ
ဝိညာဉ်ပြာတို့အရိပ်တွေစွဲထင်နေရင်း
မျက်ရည်စတွေစီချယ်လို့
ရီဝေပိန်းပိတ်ဆဲလောကဟာ
အေးစက်စက်ပဲ့တင်သံတွေနဲ့။ ။
နေဆူးသစ်

(ဤတွင်ပြီး၏…)

မေးခွန်း

Saturday, January 17, 2009

မေးခွန်း

ဘာဝယ်ရမှာလဲ
မေးခွန်းတစ်ခုက ဦးထုတ်ဆိုင်ထဲဝင်သွားတယ်။
ဦးထုတ်ဆောင်းထားတဲ့မေးခွန်းဟာ ကျောပိုးအိတ်ဆိုင်ထဲဝင်သွားတယ်
ှုဦးထုတ်ဆောင်းပြီးကျောပိုးအိတ်လွယ်ထားတဲ့မေးခွန်းဟာ
စီးကရက်ဆိုင်ထဲဝင်သွားတယ်
ဦထုတ်ဆောင်းကျောပိုးအိတ်လွယ်စီးကရက်ခဲထားတဲ့မေးခွန်းဟာ
နေကာမျက်မှန်ဆိုင်ထဲဝင်သွားတယ်။
ဦးထုတ်ဆောင်းကျောပိုးအိတ်လွယ်စီးကရက်ခဲနေကာမျက်မှတ်တပ်ထားတဲ့မေးခွန်းဟာ
အရက်ဆိုင်ထဲဝင်သွားတယ်
အရက်မူးနေတဲမေးခွန်းဟာရေချိန်ကိုက်နေတဲ့ကာရာအိုကေထဲဝင်သွားပြန်တယ်
အရက်မူးမူးနဲ့သီချင်းဆိုနေတဲ့မေးခွန်းဟာ
မာတီစစ်စတန်အိပ်မက်ကွန်ယက်ထဲဝင်သွားတယ်
အိပ်မက်ထဲကမေးခွန်းဟာမန်းနီးချိန်ချာထဲဝင်သွားတယ်
နိုင်ငံတကာငွေစကြေးစတွေနဲ့မေးခွန်းဟာ
အားဖြည့်အချိုရည်ဆိုင်ထဲဝင်သွားတယ်
အားပြည့်လာတဲ့မေခွန်းဟာ ဆေးသုတ်ဘူးတွေစီထားတဲ့ဆိုင်ထဲဝင်သွားတယ်
လမ်းမတွေပေါ်လျှောက်သွားနေတဲ့အသစ်စက်စကလိုမေးခွန်းဟာ
မေးခွန်းတွေရောငးတဲ့ဆိုင်ထဲဝင်သွားတယ်။ ။
နိုင်မွန်အောင်သွင်


အဲဒါက ကိုနိုင်မွန်အောင်သွင်ရေးတဲ့ကဗျာပါ....နိုင်မွန်(နှင်းဆီတစ်ရာ)နာမည်နဲ့ရေးခဲ့တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့၁၁နှစ်ကျော်က သရဖူမဂ္ဂဇင်းမှာပါသွားတာဖြစ်ပါတယ်။
ဒီလိုရေးနည်းရေးဟန်နဲ့ကဗျာတွေတွေ့ဖူးကြမှာပါ။ ကျွန်မကတော့ ဒီကဗျာကိုတော့သဘောကျတယ်။
ဆုံးသွားတဲ့ထိလူကိုစိတ်ဝင်တစားရင်ခုန်စေလို့ပါ။