ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

မင်္ဂလာနှစ်သစ်ဖြစ်စေသား..

Wednesday, December 31, 2008

၂၀၀၈ ကတော့ ကုန်ဆုံးလွန်မြောက်သွားခဲ့ပြီ..။ ၂၀၀၉ ဆိုတာကြီးက ခန့်ခန့်ထည်ထည်ကြီး
ထိုင်ပြီးလူတွေရဲ့မျှော်လင့်ချက်တွေကို ကြည့်နေတယ်။ သူဘာတွေပေးနိုင်မှာလဲ...။ကျွန်မတို့
ဘာတွေမျှော်လင့်နေကြလဲ....။ထုံးစံအတိုင်း ရေးထားပြီးသားစာမျက်နှာတွေကို ကျွန်မတို့ကြို
သိခွင့်မရသေးဘူး...။နေ့ရက်တွေကိုတစ်ရက်ချင်းဆွဲလှန်ဖွင့်ဖတ်သွားရဦးမှာ............
ဘာပဲပြောပြော ...ဒီလိုတစ်ချိန်လေးတော့ လူတွေပျော်ခွင့်၊မျှော်လင့်ချက်ထားခွင့်ရနေသေး
တယ်။အဲဒီအတွက်ပဲ ကျေးဇူးတင်ရဦးတော့မှာပဲ..........
ချစ်သော မိတ်ဆွေ၊သူငယ်ချင်း၊မိသားစု၊မောင်နှမ၊ဆရာသမားနဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံး
ဒီနှစ်သစ်မှာ မျှော်လင့်သလောက် ဆန္ဒတွေပြည့်ဝ ပျော်ရွှင်နိုင်ကြပါစေလို့............။

တစ်မိုးတည်းအောက်မှာ

Sunday, December 21, 2008

ဟိုတလောလေးကပဲ..မိုးနေက မောရူးဆိုးရဲ့ကဗျာလေးရိုက်ပို့ပေးတာနဲ့ကြွေးဆပ်လိုက်နိုင်တယ်။
ခုလည်း တစ်မိုးတည်းအောက်မှာ..ကိုလက်စသပ်ပေးလိုက်ပြီ
စိတ်တွေမကြည်လင်၊အလုပ်တွေရှုပ်နေလျက်ကပဲ ဘလော့ခ်ကိုလည်းမခွာနိုင်၊ပစ်မထားနိုင်ဖြစ်နေ
တယ်လေ...
တစ်မိုးတည်းအောက်မှာ...ကတော်တော်လူစုံတက်စုံလေးပါတဲ့စာအုပ်ပါ။
ကိုဒတ္ထ၊ကိုသရ၀ဏ်ကြီးနဲ့ ကိုသန်းဝင်းထွဋ်၊အမမေငြိမ်းတို့တွေပါသလို အငယ်တွေထဲက
တင်မင်းထက်တို့နေဆူးသစ်တို့လည်းပါတယ်။နောက်ကျွန်မကြိုက်တဲ့ နီမာရှင်း
သူ့ကဗျာလေးတွေကောင်းရက်နဲ့စာပေလောကထဲသူရောက်မလာခဲ့ဘူး....
သူလည်းတင်မင်းထက်လိုတိတ်တိတ်ကလေးကဗျာတွေရေးနေလောက်ရဲ့...
နေဆူးသစ်ကတော့ ကဗျာတွေရေးဆဲ၊ပို့ဆဲပဲ...ဒါပေမယ့်သူ့ခမျာလည်း..ဟိုနားတစ်စဒီနားတစ်စ
ဖြုတ်ခံနေရရှာတယ်။
ကဗျာစာအုပ်တွေကိုအုံနဲ့ကျင်းနဲ့ထုတ်ခဲ့ကြတဲ့ ၁၉၉၃ ၊၉၄၊၉၅ ကာလကိုသတိရတယ်။
ကျွန်မတို့အားလုံးလှေခါးထစ်တွေကိုတစ်ထစ်ချင်းသေသေချာချာတက်ခဲ့ကြတဲ့သင်္ကေတပေါ့...
နောက်ဖေးပေါက်တွေကကျော်မတက်ခဲ့ကြဘူး၊ဓါတ်လှေခါးလိုဟာမျိုးမသုံးခဲ့ဘူး၊အထစ်တွေ
ကျော်မတက်ခဲ့ကြဘူးပေါ့..ဘယ်လောက်တောင်ချစ်စရာကောင်းတဲ့စာမျက်နှာလေးတွေလဲ
သူများတွေတော့မသိဘူး၊ကျွန်မကတော့ပျော်တယ်။လိပ်ပြာသန့်တယ်။အဲလိုလိပ်ပြာသန့်ခွင့်ရ
တဲ့အတွက်လည်းကျေနပ်တယ်။



မိုးကြိုတေး

ဖွင့်ကြရှဲကြ
ပြဇာတ်နောက်ခံတေးသွားဘဝ
ဘယ်တော့မှမရောက်ရဘူးဆိုတဲ့
ခပ်နွဲ့နွဲ့သီချင်းပျိုလေး
လာပြီ။

ဆင်ဖိုနီကိုအားပြု
နွေအရပ်ရဲ့လှိုင်းတံပိုးကို
စုပ်ယူထားခဲ့ရတဲ့သွေးကြောနဲ့
စီးဆင်းကြပါစို့ရဲ့။

ဘင်သံကိုမခံရပ်နိုင်တဲ့
နှလုံးသားအပျော့စားများနှုတ်ထွက်ပါ
ကခုန်မယ့်ဒူးဆစ်များအတွက်ပဲ
ချဉ်ဆီနည်းနည်းရှိပါစေ။

စွန့်ပစ်ခံနေ့ရက်တွေလည်း
“၂၄”နာရီမြောက်မှာဘ၀တစ်ပါးပြောင်းသွား
ဟောသည်သီချင်းကျတော့
အရှင်လတ်လတ် ၂၄နှစ်မြောက်မှာ
သီချင်းသက်ကုန်သွား
ဒေါသများသက်သက်။ ။
သန်းဝင်းထွဋ်


စိတ်ကမ်းစပ်
တိမ်ကျောက်တုံးတွေနဲ့
ကောင်းကင်ကြီးလေးလံ
ကမ္ဘာမြေလက်အံသေနေပေါ့
ဟောင်းလောင်းရင်ခွင်တို့
ခံတွင်းအသစ်လဲလှယ်ကြ
ကင်ပွန်းတပ်ရွှေရတုပွဲတွေကျင်းပ
အသက်၀၀ရှူခြင်းအတတ်
တစ်ဖက်ကမ်းခတ်ခဲ့ပြီ
ပယောဂမပါပဲ
အလိုလိုအဆိပ်ပြီးနေတာကတော့
အရိပ်ထဲကပန်းပွင့်တွေ..။ ။
မောင်နန္ဒ


ဂရင်းလန်ဆောင်းအိပ်မက်
(၁)
နှင်းစာရွက်ဟောင်းပေါ်က
ည၀ါကျရှည်များထဲ
“စွတ်ဖား”တွေမည်းမည်း….မည်းမည်း..
နှလုံးသွေးကလွဲလို့
အရာရာဟာ
သုညဒီဂရီအောက်
ခရီးရှည်ပေါက်ခဲ့။
(၂)
“ဆိုက်ဗေးရီးယား”လက်အုပ်ချီရမယ့်
အအေးဒါဏ်ဟာ
အသက်ရှင်နေသေးတယ်
ကမ္ဘာပေါ်မှာပဲ..
…ဆိုတဲ့
အသိနဲ့သတိကိုတောင်ခဲသွားစေပြီ…။
ဒီထက်ပိုတဲ့အအေး
မရှိနိုင်တော့ဘူးဆိုတဲ့
အထင်လည်း
ခဲသွားပြီ..
နွေဦးလာရင်
နေမြင်တော့မယ်ဆိုတဲ့
အထင်လည်းခဲသွားပြီ…။
(၃)
ချစ်သူတွေ
စက္ကန့်ကုဋေချီဝေးနေချိန်ပေါ့
ငြိမ့်ညောင်းသာယာ
ရေခဲပြင်ဝံပုလွေတို့အူသံရှည်တွေ
မဆုံးတမ်းနီးကပ်လာ
ကျွန်တော်အနွေး
အကတ်အသတ်ကိုသောက်ကြဖို့တဲ့။
ဂျက်လန်ဒန်ရေ
ခင်ဗျားမှတ်မိသလောက်
သတ္တိ၊နည်းလမ်းနဲ့ အဆုံးအဖြတ်တွေ
ထပ်ပြောပါဦး
ကျွန်တော်သူတို့ကိုသောက်မှဖြစ်တော့မယ်။
(၄)
မျက်ရည်တို့
ပါးပေါ်တွဲလွဲခဲ
နောက်တော့မျက်လုံးထဲတင်ပိတ်ခဲ
မိုးကုတ်စက်ဝိုင်းရေ..
နေ….နေ..ပေးပါ၊ နေပေးပါတော့…
အိုကမ္ဘာမြေ…
ဒီမီးနီလေးအသိအမှတ်ပြုပါ
စွတ်ဖားရာမျဉ်းတွေတစ်လျှောက်တော့
ပင့်သက်ရှိုက်သံ
သွားကြိတ်သံတို့
အခဲလိုက်အဆုတ်လိုက်
ဒလိမ့်ခေါက်ကွေးကျကျန်လို့။ ။
လူသွေး



အိပ်မက်မမက်တဲ့ကောင်းကင်

သက္ကရာဇ်တွေစီးပြီး
မငြီးမငြူ
ခရီးသွားနေတဲ့သူ့ကို
ငုံ့ကြည့်
ဂရုဏာသက်မိရဲ့။

ဧည့်သည်တွေက
ငါ့ဆီကလာသလိုနဲ့
သူ့ဆီကိုပဲသွားကြ
တားလို့လည်းမရ။

သူ့ခရီးက
မပြီးဆုံးသေးသလို
ငါ့မျက်လုံးတွေလည်း
အိပ်မပျော်သေးပါလား။ ။
နီမာရှင်း



Metamorphosis

တိမ်တွေဟာ
လေလွင့်ရာပြေးလို့
အဝေးဆုံးထိသွားနိုင်တယ်။

တိမ်တွေဟာ
မာယာနဲ့
မျက်နှာများစွာပြောင်းနိုင်တယ်။

တိမ်တွေဟာ
ပန်းချီဆရာမနိုင်တဲ့
အရောင်သစ်များစွာလည်းဖန်ဆင်းနိုင်တယ်။

တိမ်တွေဟာ
အနာဂတ်မဲ့၊အတိတ်မဲ့
အချစ်မဲ့၊အနာမဲ့စွာ
ကျရာအရုပ်မှာပျော်နိုင်တယ်။

တိမ်တွေဟာ
ထည်ဝါခန်းနား
ဆန်းပြားမြင့်မားရဲ့
ဒါပေမယ့်
ဆုပ်ကိုင်ပြမရ
ချုပ်နှောင်တားမရ..။

ဒါနဲ့ပဲ
စိတ်ကျဘ၀ထဲ
အခါခါလဲသေရသမျှ
အိပ်မက်ဘ၀မှာတော့
ငါဟာ…
တိမ်တစ်စသာဖြစ်ခဲ့တယ်။ ။
မေငြိမ်း


ကမ္ဘာနှစ်ခု
နယ်နှင်ဒါဏ်ခံစပယ်ခင်း
လမ်းပျောက်နေတဲ့လေညင်းကလေး
တိတ်ဆိတ်ကြေကွဲကြယ်စင်များ
ဖုန်းဆိုးရင်ခွင်ပတ်ကြားအက်။

ကြီးမြတ်တဲ့ရိုးသားမှုနဲ့
မျှော်လင့်စိတ်ကူးများတောက်ပ
ငါ့ဝိညာဉ်ရဲ့မိုးကုတ်စက်ဝိုင်းတစ်လျှောက်….။ ။
တင်မင်းထက်

မောရူးဆိုး၏ကဗျာများ

Tuesday, December 16, 2008

မွေးနေ့များ.....

ထူးခြားချက်နှင့်
သွက်လက်မှတ်သား
ရင်ကြားမပျောက်
ကာလထောက်ထား
အားရဖတ်ရှု
ပြုစုရေးသား လူများစာရင်း
ဖြည်းဖြည်းချင်းပေါ့
လျော့လျော့သွားပြီ။

အမြဲတမ်းဟု
လန်းဆတ်သစ်လွင်
ရောင်စဉ်ထွန်းပ
အလှတင့်တယ်၊ တွယ်ငြိတပ်မက်
ခွဲမထွက်ရက်၊ နုညက်ရွှင်လန်း
တစ်ပွင့်ပန်းလေ
နွမ်းဟောင်းလာပြီ။

ချေးညော်မရှိ
ရှိလည်း သတိ၊ မထားရှိထား
စကားသိပ်သည်း ပြောပြီးတိုင်းမှ
ခဏသွက်လက်၊ မျက်နှာသစ်ကျင့်
ထပ်ဆင့်ခါခါ
ဖြစ်လာတတ်ပြီ။

ခေါင်းထဲမှာနှစ်
ဘာသာဖြစ်တည်၊ အတွေးဆီတက်
အသက်ရှည်ဆဲ၊ ပွဲဦးထွက်တိုင်း
အဘက်ဘက်မှ၊ အိပ်မက်တွေရယ်
အဓိပ္ပာယ်ရှိ
ပိုသိသွားပြီ။

သည်လိုနှင့်
ဘ၀ရဲ့စင်မြင့်မှာ အဆင်သင့်ပြုလုပ်
အချိုးကျစက်ရုပ်များလို
ဟိုသည်လက်ဆွဲနှုတ်ဆက်
ကျေးဇူးညှိတက်လျက်
မပျက်မကွက်မွေးနေ့များ။ ။

မောရူးဆိုး

တစ်မိုးတည်းအောက်မှာ

Sunday, December 14, 2008

နပိုလီယန်
ကလေးတို့နပိုလီယန်ဘိုနာပတ်ကို
ဘယ်တုန်းကမွေးတာလဲ
ဆရာကမေးတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကျော်လောက်ကပါ
ကလေးတွေကဖြေတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်လောက်ကပါ
ကလေးတွေကဖြေတယ်
ဘယ်သူမှမသိကြဘူး။

ကလေးတို့နပိုလီယန်ဘိုနာပတ်
ဘာတွေလုပ်ခဲ့လဲ
ဆရာကမေးတယ်။

စစ်ပွဲတစ်ပွဲအောင်နိုင်ခဲ့ပါတယ်
ကလေးတွေကဖြေတယ်။
စစ်ပွဲတစ်ပွဲရှူံးနိမ့်ခဲ့ပါတယ်
ကလေးတွေကဖြေတယ်
ဘယ်သူမှမသိကြဘူး။

ကျွန်တော်တို့အသားသည်က
နပိုလီယန်လို့ခေါ်တဲ့ခွေးတစ်ကောင်ကိုမွေးထားတယ်တဲ့
ဖရန်ကီးကပြောတယ်
အသားသည်ကခွေးကိုရိုက်လေ့ရှိတယ်
လွန်ခဲ့တဲ့တစ်နှစ်က
ခွေးဟာအစာငတ်ပြီးသေသွားတယ်။

ခုတော့ကလေးတွေအားလုံးက
နပိုလီယန်ကိုသနားနေကြလေရဲ့။

Napoleon by Miroslav Holuv Czchoslovakia
ဘာသာပြန်သူ
ညီဆင်းသစ်


အမှန်နဲ့အမှား
အမှန်တရားမှာ
အဖြူရောင်ဦးခေါင်းတစ်လုံးရှိခဲ့တယ်။
အမှားကတော့
အဲဒီဦးခေါင်းရဲ့ဦးနှောက်ကိုဖောက်စားပြီး
ပဉ္စလက်အတတ်နဲ့ဖုတ်သွင်းထားခဲ့တယ်။

အမှန်တရားဟာ
ဦးနှောက်မပါတဲ့သူ့ဦးခွံနဲ့
သိက္ခာတွေအဖတ်ဆယ်ရင်း
အမှားရဲ့စားကြွင်းစားကျန်တွေထဲ
ခွေးဝဲစားတစ်ကောင်ဖြစ်သွားခဲ့တယ်။

အမှန်တရားဟာ
နှစ်ချို့အဘိဓမ္မာဟောင်းတွေနဲ့
ဂန္ထ၀င်သစ်ပဲ့တင်စေရင်း
အမှားရဲ့ခေတ်ပေါ်ဗန်းစကားကြောင့်
လေဟာနယ်တွေသာပိုင်ဆိုင်ခဲ့တယ်။

အမှန်တရားဟာ
လောကရဲ့လေစီးကြောင်းထဲ
အပြင်းစားစိတ်ကူးအိပ်မက်တွေပေါလောမျောပါခဲ့
အမှားရဲ့အဖတ်ဆယ်တင်မှုကြောင့်
အမျှင်မပြတ်တဲ့အသက်ရှူငွေ့တွေ
သွေးသားယိုစိမ့်ချိနဲ့လာခဲ့တယ်။

ဒီလိုနဲ့
အမှန်တရားဟာ
အမှားကိုအကြိမ်ကြိမ်ရှူံးနိမ့်ခြင်းကြောင့်
အမှားကိုအထင်ကြီးစွာနဲ့
အမှားကိုအမှန်ဖြစ်စေခဲ့တယ်။

အမှားကတော့
အမှန်တရားကိုထိပ်ပုတ်ခေါင်းပုတ်လုပ်ပြီ
အမှန်တရားရဲ့ညံ့ဖျင်းမှုကိုကဲ့ရဲ့ရင်း
အမှားတွေဘယ်လိုအောင်မြင်လာတယ်ဆိုတာ
အခန့်သားရှင်းပြနေလေရဲ့။ ။
နေဆူးသစ်
ဒါလည်းမကြာခဏသတိရနေမိတတ်တဲ့ကဗျာလေးပါပဲ...
သတိရစရာအကြောင်းကလဲများတာကိုး...



ကန္တာရမိုး

အေးစက်…
ချွန်ထက်…
ရက်စက်တဲ့ဆူးတစ်ချောင်း
ရေခဲတူးဆွတဲ့သံချောင်းလို
ခပ်နက်နက်စူး
အရူးအမူးဖြစ်စေ။

တစ်စက်…နှစ်စက်
ရက်ဆက်
ပျက်ကွက်ရင်တောင်
လှောင်သံနဲ့ရွာရက်
အသက်ဆက်ရအောင်
အယောင်ဆောင်ဖြစ်ဖြစ်ပေါ့…။ ။
နေလင်း


အစိမ်းရောင်ညှို့ငင်ခြင်း


ငါ့နေရောင်ကို
မင်းမျက်ဝန်းထဲထည့်။

ငါ့လရောင်ကို
မင်းအာရုံထဲထည့်။

ငါ့ဒီလှိုင်းကို
မင်းလွင်ပြင်ထဲထည့်။

ငါ့ရေတံခွန်တစ်ခုလုံး
မင်းနှလုံးဆုံချက်ထဲထည့်။

ငါ့ပုလဲတွေ
မင်းသွားတွေထဲထည့်။

ငါ့မြင့်မြတ်ခြင်းတွေ
မင်းဆံပင်ထဲထည့်။

ငါ့မူးရစ်မှုတွေ
မင်းဖန်ခွက်ထဲထည့်။

ငါ့အတ္တတွေ
မင်းဆန္ဒထဲထည့်။

ကဲ..ငါ့ဘ၀ကိုလည်း
မင်းအစိမ်းရောင်ထဲထည့်လိုက်..။

မင်းအစိမ်းရောင်တွေကိုတော့
ကျောက်ရိုင်းတုံးတစ်တုံးထဲထည့်။

ပြီးမှ
အဲဒီကျောက်ရိုင်းတုံးကို“
(ဆင်ခြင်မှုမဆုံးပါးရအောင်)
ငါ့ဦးနှောက်ထဲထည့်ခဲ့ပြီ။ ။
သားမွှန်း

(သားမွှန်းဆိုတာ ကိုရ ပါပဲ..)

ဒါဝင်ရဲ့ဇာတာကိုစစ်ဆေးခြင်း


“ရင်ဝကိုမြားတစ်စင်းစိုက်ရင်
လားရာအရပ်ကိုစူးစမ်းမယ့်အစား
အဲဒီမြားကိုအရင်နှုတ်လိုက်ပါ” တဲ့
ဗုဒ္ဓရဲ့စကားငါကြားဖူးလေရဲ့။

ငါ့ရင်ခွင်တစ်ခုလုံးမှာတော့
မြင်မကောင်းအောင်
ယောင်ကိုင်းဖူးပွနေတဲ့မြားဒါဏ်ရာတွေနဲ့
ဘယ်တော့မှဆွဲနှုတ်လို့မကုန်နိုင်မယ့်
ဒုက္ခရဲ့အဖူးအငုံတွေရယ်ပေါ့။

အခွံမာသစ်သီးတစ်လုံးကို
ဖျော်ရည်စက်ထဲမှာထည့်ကြိတ်တော့
ငြီးတွားသလိုမျိုး
ချစ်မေတ္တာဆိုတာတွေလဲ
ဒုက္ခစက်ထဲမှာ
တဖြည်းဖြည်းနဲ့ကွဲအက်ကြေမွ
တဖြည်းဖြည်းနဲ့အရည်ပျော်
နောက်ဆုံးတော့အားလုံးဟာအငွေ့ပျံ
ခွက်ထဲမှာလဲဘာမှမကျန်တော့
အဲဒီအခါမှ
ငါဟာ …အငမ်းမရမော့သောက်။

ဘ၀ဟာ
အချိန်ရှိသရွေ့
ရှူံးနိမ့်နေရခြင်းဆိုရင်
အပင်ပမ်းခံပြီး
ငါဝင်ပြိုင်မနေချင်တော့ဘူး
ခပ်စောစောသာအလံဖြူပြလိုက်ကြပါတော့။

သီအိုရီထဲမှာ
မျောက်တွေဟာလူဖြစ်နိုင်ကြပြီး
လက်တွေ့မှာ
လူတွေဟာမျောက်ဖြစ်နေတာကိုတော့
အားလုံးဟာဘယ်လိုမှမတားဆီးနိုင်ခဲ့။

မာလုကျပုတ္တရေ..
လာ..
သင်နဲ့ငါ..
ချောက်ထဲကိုခုန်ချလိုက်ကြစို့ရဲ့။ ။
သရ၀ဏ်(ပြည်)

တစ်မိုးတည်းအောက်မှာ

Tuesday, December 9, 2008

ကမ်းခြေမှာ
ကမ်းခြေမှာလျှောက်နေသူတွေရဲ့
ခြေရာတွေကိုလှိုင်းကဖျက်ပစ်နေတယ်။

လူနှစ်ယောက်တစ်ယောက်ကိုတစ်ယောက်ပြောနေတဲ့
စကားတွေကိုလေကသယ်ယူသွားတယ်။

ဒါပေမယ့်လူတွေကကမ်းခြေမှာလမ်းလျှောက်ဆဲ
သူတို့ရဲ့ခြေထောက်တွေကခြေရာတွေထင်န်ေဆဲ..။

လူနှစ်ယောက်ကစကားလုံးအသစ်တွေရှာပြီး
အတူတူပြောနေကြဆဲ..။ ။
At the Beach by Kemal Ozer Turkey
Translated by Nyi Sin Thit


စုံတွဲ
တစ်ယောက်က
သူ့ဖြစ်ဆဲပန်းပွင့်နဲ့
လျှို့ဝှက်တိတ်ဆိတ်မှုကို
ရှက်စနိုးမြှင့်တင်
ကမ္ဘာကိုအစဉ်စီးဆင်းမယ့်
မိုးစက်ပွင့်ရဲ့တိမ်တစ်တိုက်
ဒါမှမဟုတ်မြစ်ကြီးတစ်စင်းရဲ့တာလွှတ်ရာ
မာယာနဲ့စိတ်ကူးယဉ်လှပ
သူ့နေ့တွေကိုအစီအစဉ်ချလို့။

အခြားတစ်ယောက်က
တဒင်္ဂမိန်းမောမှုမှာ
သူ့အပေါင်းအသင်းသူခိုင်မြဲ
တည်ဆောက်ဆဲလမ်းအသစ်
သူ့ဒုက္ခဓါးမြိနဲ့
သူ့အတွေ့အကြုံတတိတိချွန်
သူတီထွင်ရာအိပ်မက်ထဲ
အအိပ်မက်တဲ့သူ့တန်ခိုးတွေ
နှိုးမယ့်သူရှာနေရဲ့။

သူတို့
မျက်ဝန်းပေါ်ကချောက်နက်ထဲ
တွေ့ဆုံနစ်မြုပ်နက်ရှိုင်းကြ
တစ်ယောက်မေ့လျော့မှုတစ်ယောက်ကိုင်ဆွဲ
တစ်ယောက်အတွေးထဲတစ်ယောက်စိမ့်ဝင်
နေ့စဉ်ရဲ့အစကိုပျံသန်းဖို့
တစ်ယောက်ကမ်းပါးပေါ်တစ်ယောက်
တပ်ဆင်ချော့မြှူကြ..။

ကမ္ဘာဦးကအတိုင်းပေါ့
နေရောင်ခြည်တွေက
မျှော်လင့်ချက်တွေပေါ်စူးစူါး်ရဲရဲ
ဖြာကျနေဆဲ..။ ။
မောင်နန္ဒ


အမေ
အချစ်ရေ…အခုဆို
ဧရာဝတီဟာ
ငိုညည်းမြည်တမ်းပေါ့
အော်စကာဝိုင်းလ်ရဲ့နိုက်တင်းဂေးလ်တွေ
မရှိကြဘူးလေ။

အချစ်ရေ
ခုဆို..အမေ့စိုက်ခင်းတွေ
လောင်မီးပိုးကျ
အမေ့ခြံဝိုင်းလေး
မီးလောင်ပြာကျ
အော်စကာဝိုင်းလ်ရဲ့နိုက်တင်းဂေးလ်တွေ
မရှိကြဘူးလေ။

အချစ်ရေ အခုဆို
ရွှေရည်စိမ်ကြယ်ပွင့်လေးတွေက
ကမ္ဘာ့ဦးခေါင်းဒြပ်သေရဲ့ဂုဏ်သတ္တိအတွက်
တာဘိုကားနီနီတစ်စီးပေါ်မှာ
အောက်စီဂျင်ကိုအလွဲသုံးစားပြုနေရဲ့
အော်စကာဝိုင်းလ်ရဲ့နိုက်တင်းဂေးလ်တွေ
မရှိကြဘူးလေ။

အချစ်ရေ..အခုဆို
နှင်းဆီနီလည်းရဲရဲမပွင့်သေးပါလား
မိုးသောက်ခြင်းအတုမွေးဖွားခဲ့ပြန်ပေါ့
အော်စကာဝိုင်းလ်ရဲ့နိုက်တင်းဂေးလ်တွေ
မရှိကြဘူးလေ။ ။
မာန်သစ်နိုး


ရေတိမ်ပိုင်းမှတ်တိုင်များ


ကမ်းစပ်တွေအပေါ်ကကြည့်တော့
ဝေရီးလင်းပျက်ခပ်ရေးရေးသာ
ပြာမှုန်တွေကြဲမချပါနဲ့
ရေညှိသက်သတ်လွတ်စားတဲ့
ရွှေငါးလေးတွေ
အစာအဆိပ်သင့်ခံနေရလို့
အခု
ကျောက်စရစ်ခဲတွေချည်းကျန်တော့တယ်။
အသည်းကွဲပြီးစခံစားချက်မျိုး
အကောင်းဆုံးလှိုင်းတွန့်ပန်းချီ
ဖန်ပုလင်းလွတ်ထဲသိုဝှက်သိမ်းဆည်းထားခဲ့
စကားလုံးတွေနဲ့လေဟာနယ်ကိုဆွဲဆွဲဆန့်လိုက်
ခေတ်ဆန်မဆန်ဆိုလို့
ငိုစားရယ်စားတီကောင်တွေသာ
ရွရွကလေးတွယ်တက်လာနေကြ..။
မှန်ခဲ့ပါပြီ
ဟောသည်ခုံတန်းလျားပြာပြာတွေဟာ
ချစ်သူမုန်းသူကြည်နူးဖို့
ညနေခင်းတွေကိုနှုတ်ဆက်ဖို့သက်သက်မျှသာ။ ။
နေဆူးသစ်


ညစာစားပွဲ

တိမ်တွေကိုဖမ်းပြီး
ချက်ပြုတ်နေပုံများ
ခြံစည်းရိုးနောက်မှာ
စားရမဲ့သောက်ရမဲ့တွေဟာငေးးလို့။

မနက်မနက်မှာ
လမ်းမှားပြီးရောက်လာတတ်တဲ့
ဓူဝံကြယ်က
ပေါင်မုန့်တွေကိုမေးလိုက်တယ်
မြောက်အရပ်ဟာဘယ်ဘက်မှာလဲတဲ့..။

အရိပ်ထဲမှာတော့
တစ်ယောက်ကိုတစ်ယောက်ဓါးတွေနဲ့စိုက်နေ
ပြီးတော့ရယ်မောလိုက်ကြ
အရေပြားတွေကိုဝိုင်အရက်နဲ့ပက်ချ
နျူရိုးဆစ်ဖြစ်နေတဲ့ညဟာ
ခြေဦးတည့်ရာပြေးနေ..။

ကြောင်တောင်ကန်းမျက်လုံးများ
သတ္တုသံထွက်နေတဲ့ရယ်သံ
စီးကရက်မီးခိုးများ
ချွင်ကနဲဖန်ခွက်ချင်းထိ
ကျေးဇူးတွေနဲ့တစ်ခန်းလုံးလျှောက်ပွ
နောက်ထပ်ယူဦးမလား
ခြေရာမိုးတွေသွန်းဖြိုးရွာ….
……………………….။

ပွဲပြီးသွားတဲ့အခါ
ခြေရာလက်ရာမပျက်
ဖုတ်ဖက်ခါထွက်သွားကြ
မြေဇာမြက်တွေခမျာသာ
နွမ်းရိလို့ကျန်ခဲ့ရှာ..။ ။
သရ၀ဏ် (ပြည်)


ပန်းပွင့်များ

အလွမ်းဆိုတာ
ပန်းတစ်ပွင့်ဖြစ်ရင်
ဒီပန်းကိုမင်းမပန်စေချင်ဘူး။

ကိုယ့်ချစ်သူဟာ
ပန်းတစ်ပွင့်ဖြစ်ရင်
ဒီပန်းဟာထာဝရတစ်ပွင့်တည်းပါ။

သတိရခြင်းဟာ
ပန်းတစ်ပွင့်ဆိုရင်
အမြဲကိုယ်မင်းအတွက်သိမ်းထားမယ်။

ဆုံဆည်းမှုဟာ
ပန်းတစ်ပွင့်ဖြစ်ရင်
ဒီပန်းဟာကိုယ်တို့အတွက်ဖြစ်ပါစေ။

ခွဲခွာခြင်းဟာ
ပန်းတစ်ပွင့်ဆိုရင်
နွမ်းသွားမယ့်အချိန်ကိုစောင့်နေမိတယ်။ ။
မိုးသွေး



လှည့်စားခြင်း

မြွေ
အရေခွံလဲ
လဲပြီးစအရောင်
ပိုတောက်ပြောင်လာသတဲ့..
ဒါပေမယ့်
အဆိပ်ရှိတဲ့မြွေ
အရောင်ပြောင်းပေမယ့်
မြွေဟာ..မြွေပါပဲ..။ ။
သီဟ

ဒုတိယတန်းစား

ငါ့ရင်အုံလှောင်ချိုင့်မှာ
ခြင်္သေ့တစ်ကောင်ရှိတယ်။
သူက
ကျွန်တော့်စကားနွမ်းတွေကို
မစားသုံးချင်ဘူးတဲ့။
ကောင်းကင်ရဲ့အောက်မှာ
လတ်ဆတ်တာဘာမှမရှိဘူးလို့
ဖြောင်းဖျတာတောင်မှ
သူ..မကျေနပ်နိုင်ဘူး။
ကျွန်တော့်ကိုတစ်ချိန်လုံးကုတ်ခြစ်ကာ
ဟိန်းဟောက်လိုက်တောင်းပန်လိုက်နဲ့ပါပဲ။
ကဲ..
မီးတောင်လိုပေါက်ကွဲလို့
သူလွတ်လာပြီဆိုပါစို့..။
ဘယ်မှာလဲ..သူ့ကောင်းကင်
ဘယ်မှာလဲ..သူ့လွင်ပြင်…
သူက အရိုင်းဆန်တယ်
ကျွန်တော့်လိုလိုက်လျောညီထွေမနေတတ်ဘူး
ဆင်ခြေဖုံးရပ်ကွက်ကထပ်ခိုးလေးတစ်ခုတောင်
သူခိုလှုံဖို့ရမှာမဟုတ်ဘူး။
ကျွန်တော့်လိုဒုတိယတန်းစားတွေနဲ့
မပတ်သက်ချင်ဘူးလို့ဘယ်လောက်ပြောပြော
သူ့ထွက်ပေါက်ကိုပိတ်ထားရမှာပဲ။
နာကျင်၊မောပန်း၊လေးလံ
အာရုံတွေကန်းခဲ့ပြီ။
ပျံသန်းနေတဲ့တိမ်တိုက်တွေမြင်ရင်တောင်
အားကျရမှန်းမှမသိ
ထုံပေပေစိတ်နဲ့သာကြည့်နေမိတော့တယ်။
ခုနေများ၊တန်ခိုးရှင်တစ်ပါးက
“ပျော်စေသတည်း”လို့ကောင်းချီးပေးရင်တောင်
နှစ်များစွာကအေးခဲခဲ့တဲ့မျက်ရည်တွေသာ
ပျော်ကျလာမယ်ထင်ပါရဲ့…။ ။
တင်မင်းထက်

(အဲဒီကဗျာက ကျွန်မအမြဲသတိရနေမိတဲ့ကဗျာပါပဲ..အလွတ်နီးပါးရခဲ့ဖူးတယ်
အရင်ကပေါ့…ခုတော့ ကျွန်မမှာလဲ အေးခဲနေတဲ့မျက်ရည်တွေပဲကျန်တာဆို
တော့…. ပျော်ကျဖို့စောင့်ရဦးမလား၊ဒီတိုင်းထားလိုက်ရင်ကောင်းမလားစဉ်းစား
နေတုန်း………….)



လွဲမှားမှုများ

ကျွန်တော်ကြိမ်ဖန်များစွာရေရွတ်ပြီးတဲ့အခါ
သူတစ်ကြိမ်တစ်ခါတောင်မရွတ်ဆိုရသေးပါဘူး။

ကျွန်တော်ဆာလောင်မွတ်သိပ်နေတဲ့အခါ
သူက အပျင်းပြေကိုက်ဝါးလို့…။

ကျွန်တော်လမ်းလျှောက်လာတဲ့အခါ
သူတိုက်အိုထောင့်မှာမတ်တပ်ရပ်နေဆဲပေါ့..။

ကျွန်တော်ပန်းခင်းထဲကိုရောက်တဲ့အခါ
သူဟာမိုးတိမ်တွေကိုမော့ကြည့်နေတယ်။

ကျွန်တော်တစ်ခါတစ်ရံလန့်နိုးတဲ့အခါ
သူ…ညများစွာမအိပ်စက်သေးပါဘူး။

ကျွန်တော်နှင်းစက်တွေကိုတို့ထိကြည့်တဲ့အခါ
သူဟာနေရောင်တွေကိုမုန်းတီးနေသေးတယ်။

ကျွန်တော်ရိုးသားစွာလရောင်ကိုမိန်းမောနေတဲ့အခါ
သူဟာကောင်းကင်ရဲ့သုညတွေကိုရေးသားလို့ပေါ့။

ကျွန်တော်ကဗျာတစ်ပုဒ်ကိုခံစားနေဆဲအခါ
သူဟာကျိန်ဆဲမှုများနဲ့ဗလုံးဗထွေးမှားယွင်းနေခဲ့တယ်။

“ကျွန်တော့်”ကိုယ်”ကျွန်တော်”
မှန်တစ်ချပ်ပေါ်တင်ကြည့်တဲ့အခါ
သူ့ကိုအလွန်တစ်ရာမုန်းတီးမိပြန်ရော..။ ။
ရဲလွင်

တစ်မိုးတည်းအောက်မှာ

Monday, December 8, 2008

ကျွန်မရဲ့ကဗျာစာအုပ်ငယ်လေးတွေထဲကတစ်အုပ်ပါ။ တစ်မိုးတည်းအောက်မှာ တဲ့။
စာအုပ်ကလေးက အိမ်ပြောင်းဖို့ပစ္စည်းတွေသိမ်းရင်းရှာမတွေ့ဘူး။ခု..သူငယ်ချင်း
တင်မင်းထက်က အဲဒီစာအုပ်လေးပို့ပေးတာနဲ့ပြန်ရိုက်တင်လိုက်တာ။

တစ်မိုးတည်းအောက်မှာ


ပင်လယ်
မြစ်တွေက
ငါ့ဆီကျမှ
ချစ်ခြင်းဆုံခွင့်ရသတဲ့။

ငါကတော့
အဖော်မဲ့ပေါ့။ ။
နီမာရှင်း

The Sea
All the rivers have a chance
To love each other
When they reached in me…

As for me
How lonely I am !!
Ni Mar Shin
Translated by Nyi Sin Thit

တနင်္ဂနွေနှင့်သူ၏မိတ်ဆွေများအကြောင်း

တနင်္ဂနွေဟာ
သူ့ဘဝသူကျေနပ်နေပုံမျိုးနဲ့
ပြိုးပြက်ဝင်းလက် ချယ်သ
မှန်ရှေ့က ထလာတယ်….။
ပြီးတော့
အသစ်ဟန်ဆောင်ထားတဲ့
နံနက်ခင်းကို နှုတ်ဆက်
အလင်းတစ်ဝက်၊ အိပ်မက်တစ်ခြမ်း
မနေ့ကထိ ငုံဆဲပန်းတို့
ပွင့်လင်းဖို့ အချိန်တန်ပြီတဲ့
မာန်ဝင့် ကြွေးကျော်လိုက်တယ်….။
သူ့ရဲ့ကြည်နူးပီတိတွေဟာ
အရပ်ဆယ်မျက်နှာ မျောလွင့်
ကတ္တီပါကားလိပ်ကို ဖွင့်တယ်
ပန်းခြံဝင်းပေါက်ကို ဖွင့်တယ်….။
နီယွန်မီးခလုတ်ကို ဖွင့်တယ်
ဘီယာပုလင်းကို ဖွင့်တယ်
ကာရာအိုကေကက်ဆက်ကို ဖွင့်တယ်
မင်္ဂလာခန်းမ်ကို ဖွင့်တယ်
သူကိုယ်ပိုင် လက်ချောင်းတွေနဲ့ပေါ့….။
သူ့လက်ထဲက ကပ်ကျေးနဲ့
ဖဲကြိုးကိုဖြတ်အပြီး
ကောင်းကင် ခရီးသွား
မိုးပျံပူဖောင်းများကို ကြည့်လို့
တနင်္ဂနွေဟာ
အားပါးတရ ရယ်မောလေရဲ့
တနင်္ဂနွေဖြစ်ရတာ
အမြင့်မြတ်ဆုံး ဆိုပဲ….။
ဒါပေါ့…
သူ့လောက ကျဉ်းကျဉ်းကလေးထဲ
သူသိခွင့်ရသမျှကလည်း
ပေါက်ကွဲ ဂီတ
ရင်ခုန်ညရဲ့ နှင်းဆီ
ယစ်မူးရီဝေ စက်ကဖြစ်တဲ့လေနဲ့
အပျော်ကျူးတတ်တဲ့ နာရီတွေကိုး….။
တကယ်လို့များ
တနင်္ဂနွေဟာ
လောကကြီးက ဒီထက်ကျယ်ပြန့်ပြီး
သူမသိတာတွေ အများကြီးရှိသေးတဲ့အကြောင်း
သူသိသွားပြီး
အဲဒီ သူမသိသေးတာတွေကိုပါ
ထပ်ပြီးသိသွားဦးမယ် ဆိုရင်လေ….။ ။
ဒတ္ထ

မနက်ဖြန်မှာပွင့်မယ့်နှင်းဆီတစ်ပွင့်အတွက်ရင်းနှီးမြုပ်နှံမှု
အမှန်တရား

ရက်စက်ခြင်း
ကဗျာ
သေဆုံးခြင်း
ချစ်သူ ။ ။
မိုးသွေး


ဆက်ရန် ...း)

အဖြစ်အပျက်များ

အဖြစ်အပျက်များ

အသက်တွေအသက်တွေ
ဖက်နဲ့ထုပ်ထားရသလား

အယူဝါဒတွေဂိုဏ်းဂဏစွဲတွေ
မဇျွိမပဋိမဋာမသိတဲ့သတ္တ၀ါတွေ

နေ့လားညလား
ခေါင်းလောင်းသံတိတ်နေတဲ့ကလေးတွေ
မီးဖွားဖို့မေ့နေတဲ့မိန်းမတွေ
ဘာသာရေးကိုမေ့နေတဲ့အဘိုးအဘွားတွေ

ဘ၀ဆိုတာ
ထမင်းစားဖို့သက်သက်လား
အနာဂါတ်ကိုသွားဖို့လား
အဲဒီမေးခွန်းတွေနဲ့
အို ..ဘဂ္ဂဒက်
ငါမတွေးရက်တော့ပြီ..။ ။

အောင်ဘညို

နောက်ဆုံးကမိန်းကလေးမေးခွန်းမေးပါ

Thursday, December 4, 2008

နောက်ဆုံးကမိန်းကလေးမေးခွန်းမေးပါ
တီဗွီကိုဖွင့်လိုက်တယ်၊စိတ်ကိုဖွင့်လိုက်တယ်၊မေးခွန်းတွေလွန်လွန်ကျူးကျူး
ဝင်ရောက်လာတယ်၊ဘယ်လိုနာမည်ပေးမလဲ၊မေးခွန်းတွေကျူးကျော်ရန်လို့ပေး
လိုက်မယ်၊သဘောတူလား၊
ဘာကြောင့်နိုင်ငံတိုင်းမှာပညာရေးစနစ်ပြောင်းလဲသလဲ၊ဆက်သွယ်ရေးစနစ်
အမြဲပြောင်းနေရလဲ၊အပြစ်တင်ဖို့ခေါင်မိုးမရှိဘူး၊ယိုနေတဲ့အပေါက်
တွေဟာ conceptual art ဖြစ်တယ်
ဒီမေးခွန်းဟာ ရှတတအတွက်ဖြစ်တယ်၊အရုပ်ဆိုးမှုကိုအဓိပ္ပာယ်ပြုပြပါ
အပြစ်တင်မစောပါနဲ့ ကမ္ဘာကြီးရဲ့ ရေငုပ်သင်္ဘောတွေဟာခင်ဗျားရဲ့မမြင်
ရတဲ့စိတ်အလှုပ်ဖြစ်တယ်
ဒါကြောင့်အရာရာကိုချဲ့ထွင်နေရတာ ၊ချဲ့ထွင်ထားတဲ့ဥာဏ်၊ချဲ့ထွင်ထားတဲ့
မိသားစု၊ချဲ့ထွင်ထားတဲ့concept၊ချဲ့ထွင်ထားတဲ့လစာ၊ချဲ့ထွင်ထားတဲ့
တီထွင်မှု၊ချဲ့ထွင်ထားတဲ့စကားပြေ..
ကမ္ဘာ့အကောင်းဆုံးအင်စတီကျုရှင်း(instistution)ဟာဘ၀နဲ့ဘာသာစကား
ဖိုထိုးထားတဲ့အတတ်ပညာပေါ့၊ဒုက္ခ၊ဒီဒုက္ခဘယ်လောက်ကြာမလဲ
ကျွန်တော်ထင်တယ်၊“တာဝန်”လောက်ကြာမယ်
အုပ်စုစွဲ၊ဂိုဏ်းစွဲတွေနဲ့ခင်ဗျားဘယ်လိုလုပ်မလဲ၊ကမ္ဘာ့ပြက္ခဒိန်မှာ
ရက်တစ်ရက်မှတ်ထား၊လက်နှစ်ဖက်လုံးအလုပ်လုပ်၊ညာလက်က
ဝေရင်ဘယ်လက်ကရမယ်ဆိုပါလား..ဂန္ထ၀င်စကား
တွေထဲမှာခုထိသိုင်းအတတ်နဲ့ ကိုယ်ဖော့လျှောက်တုန်းပါလား
အံ့စရာ၊မြေကြီးမှာရွှေရှိတယ်၊မယုံဘူးလား၊မြေကြီးထဲမှာ
လူရှိတယ်၊သေကြည့်၊မြေကြီးထဲမှာ ကမ္ဘာတစ်ခုရှိတယ်၊မတူး
ဖော်ရသေးတဲ့ခင်ဗျားရဲ့စိတ်ကူး၊ကွန်ဆက်၊ရုပ်ခန္ဓာ၊အမြင်
အယူအဆတွေအားလုံး၊ဒီနေ့ကစပြီးလူကြီးမင်းများလက်ဖက်
သုပ်စားပါ။ ။
ငြိဏ်းဝေ

မနေ့ကဖက်ရှင်မဂ္ဂဇင်းထဲမှာတွေ့လိုက်တဲ့ ကိုငြိဏ်းဝေရဲ့ကဗျာပါ။
စိတ်ထဲကိုတန်းဝင်သွားတဲ့အတွက်ကူးထားလိုက်တယ်။
ထူးထူးခြားခြားကဗျာတစ်ပုဒ်လည်းအဲဒီမဂ္ဂဇင်းထဲမှာတွေ့မိလို့ပြုံးရပါသေး
တယ်။အဲဒီကဗျာလေးကိုတော့ နောက်များမှပဲ...း)

ပျောက်ဆုံးနေသောမွေးနေ့

Tuesday, December 2, 2008

ကျွန်မမှာ ကဗျာမှတ်စုစာအုပ်အထူကြီးငါးအုပ်ရှိပါတယ်။ အဲဒီထဲက တစ်အုပ်ပျောက်နေတယ်။
ပျောက်တယ်ဆိုတာထက် ကျွန်မရဲ့သိန်းချီနေသော (ဒါပဲချမ်းသာတာကိုး) စာအုပ်တွေကြား
မှာညပ်နေတယ်ဆိုရင်ပိုမှန်မလားပဲ...။ခုထိမတွေ့ဘူး။ မကြာပါဘူး။ အိမ်ပြောင်းလို့ရွှေ့ရပြုရ
ပြီဆိုရင်တော့ ဒင်း ဘယ်နေရလိမ့်မလဲ..ထွက်လာမှာပါ ...း) ခုတော့ ပုန်းထားဦးပေါ့လို့
ကြိမ်းထားတယ်။...
ပြန်တွေ့ရင် အသစ်တင်တော့မယ်နော်...း)

မောရူးဆိုး၏ကဗျာများ

Tuesday, November 25, 2008

ကဗျာရေးပြီဆိုကတည်းက တော်တော်များများဟာ လေးလုံးစပ်
တွေ၊ဒွေးချိုးတွေ၊လေးချိုးတွေ၊တြိချိုးတွေ၊ယုတ်စွအဆုံး ရတုပုံစံ
တွေအထိလက်တည့်စမ်းပြီးရေးဖူးကြမှာပါပဲ။(မှတ်ချက်-သိပ်တော်
နေသောမိုးကျရွှေကိုယ်များမပါ)
ငယ်ငယ်ကတော့ ဟုတ်နေတာပေါ့၊နောက်တော့ ကျွန်မကိုယ်တိုင်
ကလည်း မော်ဒန်ကဗျာတွေကိုဖတ်နေ၊စိတ်ဝင်စားနေမိသွားပြီး
ကိုယ်လည်းအဲလိုတွေရေးဖြစ်လာတယ်။ဒါပေမယ့်သေချာတာက
လေးလုံးစပ်တွေသိပ်အားကောင်းလာရင် တကယ့်ကို မေ့မရတဲ့
ကဗျာတွေအဖြစ်တည်နေတတ်တယ်ဆိုတာပါ။
အဲဒီထဲမှာ ကျွန်မ မှတ်မှတ်ရရဖြစ်နေတဲ့ ကဗျာဆရာတစ်ယောက်
ရှိပါတယ်။ သူကတော့ “မောရူးဆိုး” ဆိုတဲ့ကဗျာဆရာပါ။ ကျွန်မ
မှန်းရသလောက်ဆိုသူလည်းမရှိဘူးဆိုရင် ဆရာလင်း(ဆေး-၁)တို့
အရွယ်လောက်ရှိမယ်ထင်ရတာပဲ။ ခုနောက်ပိုင်းမှာ တော့ ကဗျာ
ရေးတာသိပ်မတွေ့ရတော့ပါဘူး။
သူ့ကဗျာတွေကို ကျွန်မကူးထားတဲ့ထဲက တချို့ကိုတင်ပေးချင်ပါ
တယ်...။
ကျွန်မအကြိုက်ဆုံးကတော့ မွေးနေ့ ဆိုတဲ့ကဗျာလေးပါ။အရင်က
တော့ ကျွန်မသူငယ်ချင်းတွေမွေးနေ့ဆိုရင် မောရူးဆိုးရဲ့ ကဗျာ
လေး၂ပုဒ်ဖြစ်တဲ့ မွေးနေ့ နဲ့ လက်ဆောင် ဆိုတဲ့ ကဗျာနှစ်ပုဒ်ကို
အမှတ်တရရေးပေးလေ့ရှိတယ်။ ကျွန်မ စာပေလောကထဲမှာ ခု
ဆို ၁၈နှစ်ကြာခဲ့ပြီ။ထဲထဲဝင်ဝင်နဲ့နေခဲ့တာလည်း ၁၂နှစ်ကျော်ခဲ့ပြီ။
ဒါပေမယ့် ဆရာမောရူးဆိုးကိုဒီနေ့ထိ မတွေ့ဖူးဘူး။
သူ့ကဗျာတွေကထူးခြားပြီးတစ်မျိုးလေးစိတ်ကိုဆွဲဆောင်နိုင်တယ်
လို့ကျွန်မကမြင်တယ်။ ပြီးတော့သူဆွဲဆောင်နိုင်ပုံကလည်းညင်ညင်
သာသာလေးနဲ့ ခိုင်မာတယ်။ ရှင်တို့ရော ဘယ်လိုခံစားရလဲပြောပြ
ပေးဦးနော်။

တောင်ကုန်းလေးတစ်ခုပေါ်တွင်

လပ်ဟာခြင်း၏
ဟင်းလင်းပြင်ထဲ၊ဆုတ်ဖြဲကြည့်လေ
တွေ့နေရမည်
သိမ်ငယ်သည်တစ်ကန့်.....
မျိုသိပ်ခြင်း၏
ပြင်းထန်ခြားဆဲ၊ကဲလားဖွင့်လေ
ကြားနေရမည်၊လွမ်းသီချင်းတစ်ပုဒ်.....
ဝေးကွာခြင်း၏
တင်းမာခွံခွဲ၊လွှဲဖယ်ကြည့်လေ
မြင်နေရမည်၊စက်နာရီတစ်လုံး........
မျှော်လင့်ခြင်း၏
တွင်ညဥ့်နက်ထဲ၊ဆွဲလှပ်ကြည့်လေ
ရှိနေရမည်၊ပန်းချီကားတစ်ချပ်.....
ကြေကွဲခြင်း၏
အသိအိတ်ဆောင်၊ထောင်၍မှောက်ချ
ဘ၀၏သစ္စာ၊ပြိုကျလာသည်
မျက်ရည်တစ်စက်........။ ။
မောရူးဆိုး

ဝိညာဉ်များစွာ
ဝေသီမျှင်ဖွဲ့၊ကြည်လင်မဲ့ကင်း
မြင်ကွင်းဝေ့၀ိုက်၊မေ့မှားထုလွင်
စေ့ငုမနိုင်၊ယိုင်ထွေးပြန့်လိပ်
မှိတ်တုပ်တစ်ဝက်၊တပ်မက်တစ်ပိုင်း
လှိုင်းထဖိတ်ပြန်၊သဏ္ဍန်ရိုးမှား
အားတက်သိမ်ငယ်၊တွယ်ငြိဖြတ်လတ်
ပြတ်တောင်းမသွား၊ကစားတိုးတိုက်
လှိုက်ဖိုတုံ့တင်၊တုန်ယင်နိုးထ
စစရွေ့လျား၊ဖွားရွားနှစ်ခြိုက်
စစ်ဖန်ထပ်တင်၊သံယောဇဉ်သစ်။

စက်ပြောက်လိုက်ကာ၊ရံခါပြင်းထန်
မှန်မှိန်ကြောင်းထင်၊လမ်းပြောင်းတစ်မျိုး
ဖြိုးလက်စိန်ပွင့်၊ ဆင့်စီကြိုးတွဲ
မစဲသီတန်း၊ဖျန်းထကြက်သီး
မငြီးငွေ့နိုင်၊လှိုင်ဖုံးသည်းသိပ်
အိပ်စက်မပိုင်၊ငေးငိုင်လွမ်းမော
သောကကင်းဘိ၊စီးမျော၏လေ
တွေဝေေ၀းလွင့်၊စိတ်ကူးသင့်ဆိုင်း
တံတိုင်းမရှိ၊နစ်မြုပ်သိသာ
ပြည့်အိအနှစ်၊ချစ်ခြင်းလွင်ပြင်။

အနှောက်အယှက်၊လက်စွန်းဖျားမှ
တစ်စမျှနှယ်၊လွယ်တိပွန်းပဲ့
နွဲ့နှောင်းတစ်မျိုး၊ဖြိုးမဝေလျှင်
ပင်မရည်ချင်း၊အလင်းထိုးထွက်
မာနကွက်ပင်၊ထင်မြင်အားကျ
လောကသရုပ်၊ပြုလုပ်ရှင်းပြ
ဘ၀အလွှာ၊သံသရာဝယ်
အဓိပ္ပါယ်ဖွင့်၊ပွင့်လင်းခံစား
တရားမှန်သင်၊ကြင်နာရင်းမြစ်
ညစ်ထေးပျောက်စွာ၊သစ္စာဥာဏ်လှစ်.။

စကားပင်မဆို
အလျားအလျင်မလို
နဂိုနေအတိုင်းပင်
ရင်ခွင်တွင်းဖွား
ဝိညာဉ်များစွာ .. ။ ။
မောရူးဆိုး

လက်ဆောင်
ရှားရှားပါးပါး၊သေချာအားရ
မျှတလိုစိတ်၊ဖိတ်ယိုကျ၍
မမေ့သောသူ၊မိတ်ဆွေသူငယ်ချင်း
အချင်းချင်းတွက်၊လက်ထဲထည့်ပေး
နွေးထွေးလှစွာ၊စားစရာလက်ဆောင်။
ကျေးဇူးရှိခဲ့၊ကံတစ်လှည့်ကြုံ
သိုက်အုံကိုယ်ဖြစ်၊နီးပါးလှစ်လှမ်း
ကမ်းလိုက်စရာ၊တစ်ခါတစ်လေ
မတွေဝေတော့၊သော့သော့ပြေးလွှား
ပေးကမ်းလွင်သစ်၊အ၀တ်အထည်လက်ဆောင်။
ခရီးအတူ၊ဖေးမကူမျှ
လျှောက်ရရှေ့ဆက်၊လက်တွဲလိုက်ခိုက်
သံသရာရိုက်ချက်၊ကွဲအက်သွားပြီး
ဆုံဆည်းခဏ၊မမေ့ရအောင်
ဂုဏ်ဆောင်လက်ငုတ်၊စာအုပ်လက်ဆောင်။
လောကကိုကြည့်
အသိတရား၊ကြွားရွားလှိုက်လျက်
မှင်တက်ခဏ၊ဘ၀မှတစ်ချက်
မျက်တောင်ခတ်စဉ်၊
ကောင်းကင်ထက်ကို၊ပေးဆပ်မည်ဟု
စုစည်းထားရှိ၊လက်၏ဖ၀ါး
ဖြန့်ကားလိုက်သောအခါ၊
ဗလာလက်ဆောင်။ ။
မောရူးဆိုး

စကားလုံးတွေက သိပ်ပြီးသတိထားရတော့ တော်တော်ကိုခြေကုန်လက်ပမ်း
ကျသွားပါပြီ။မွေးနေ့ကိုနောက်မှပဲ....

အောင်သွယ်

Monday, November 24, 2008

အောင်သွယ်

ခြေတို့လက်တို့
စာသယ်ပို့ရင်း
သူတို့လည်းညား
နောက်ကွယ်ပါး၌
သည်းကြားတွယ်ငင်
သံယောဇဉ်ကြောင့်
မရွှင်အုံ့ပုန်း
ငိုမဆုံးနှင့်
ပြည်ဖုံးကားနောက်ရောက်သွားသူ။ ။
ဇေယျာဘုန်းမြင့်

ဆန်ရေတစ်ပွက်နဲ့ပင်လယ်ရေထည့်တဲ့ပုလင်း

ဆန်ရေတစ်ပွက်

သားပေးတာက
ကွမ်းတစ်ယာနဲပလက်ဖက်တစ်ရိုး။

အမေ့ရင်ထဲမှာ
ဝမ်းသာလိုက်တာက
စိန်တစ်ဆင်စာနဲ့ငွေတစ်အိုး..။ ။
ဌေးကြည်(စလင်း)


ဒါက ဦးဌေးကြည်ရဲ့ ၁၉၉၂လောက်ကလက်ရာပါ။ ကျွန်မ ၁၉၉၂ မတ်၊မဟေသီမဂ္ဂဇင်းထဲ
ကကူးထားခဲ့တာပါ။
ဒီကဗျာကတော့ ၂၀၀၈ ဒီဇင်ဘာ အိုင်ဒီယာမဂ္ဂဇင်းထဲက ဦးဌေးကြည်ရဲ့လက်ရာဖြစ်ပါတယ်။

ပင်လယ်ရေထည့်တဲ့ပုလင်း
ဘယ်သူမှအရောက်ကြသေးဘူး
ခြောက်နာရီထိုးသွားပြီ
မနက်နဲ့ညနေဆိုတာနာရီရဲ့ကိစ္စ
ဘယ်လိုပဲချိုးချိုးခေါက်ရိုးမကျိုးတာဘ၀တဲ့
ချစ်သူတွေရိုက်ကွင်းထဲအမုန်းတွေဖြတ်လျှောက်မလုပ်နဲ့။

ကိုယ်ကတော့
ကိုယ့်ရင်တစ်ခုလုံးတထောင်းထောင်းထအောင်ဖြတ်မောင်းသွားတဲ့
ပန်းနုရောင်မလေးရဲ့အကြောင်းရိုးရိုးကိုပဲ
တစ်မိုးလုံးအသံရှာပြီး
နွေရာသီအထိမော့သောက်နေတော့မယ်။ .
ဌေးကြည်(စလင်း)



ဦးဌေးကြည်က မော်ဒန်ကဗျာအရေးကောင်းသူတစ်ယောက်ပါ။ဒါပေမယ့်သူ့လက်ရှိအသက်
မွေးဝမ်းကြောင်းမှုက ပြဇာတ်ရေးဆရာဖြစ်ပါတယ်။ အရင်က အနုပညာဌေးကြည်(စလင်း)ဆို
ပြီးရေးပေမယ့် အဲဒီ ၁၉၉၀ ကျော်ပိုင်းကစလို့ ဌေးကြည်(စလင်း)လို့ပဲသုံးခဲ့ပါတယ်။
နယ်လှည့်ပြီးဇာတ်အဖွဲ့တွေနဲ့ပြဇာတ်ရေးရလို့ ကဗျာပါလာရင်တော်တော်နဲ့လာမထုတ်တတ်တဲ့
ဦးဌေးကြည်အတွက် ကျွန်မက စာအုပ်နဲ့စာမူခကိုထုတ်ပြီးသိမ်းထားပေးရတတ်ပါတယ်။
ဘာလို့လဲဆိုတော့ ကျွန်မတို့ မဂ္ဂဇင်းတိုက်တော်တော်များများရဲ့မူကလည်း သုံးလကျော်သွားရင်
စာအုပ်ကောစာမူခရောမပေးတော့ပါဘူး။ မပေးဘူးဆိုရာမှာ စာအုပ်က အရမ်းခက်ခဲသွားတာဖြစ်
ပြီးစာမူခက အဲဒီအချိန်မှာစာရင်းပိတ်ပြီးသွားပါပြီ။ ဒီတော့ ကဗျာဆရာတွေကိုနားလည်တဲ့ကျွန်မ
ကပဲ ကိုယ်နဲ့သိရင်သိမ်းထားပေးလိုက်ပါတယ်။ မသိတဲ့သူတွေကျတော့လည်းမှာရပါတယ်။စာအုပ်
ထွက်တဲ့အချိန်မှာအဝေးရောက်နေရင်ဖုန်းကြိုဆက်ပေးထားပါပေါ့။ဒါဆိုကျွန်မတို့က သီးသန့်ဖယ်
ထားပေးပါတယ်။တချို့ကျတော့လည်းမဂ္ဂဇင်းမှာဘယ်နှစ်ခါပါပါတစ်ခါမှစာအုပ်ကော စာမူခရော
ဘယ်တော့မှလာမထုတ်သူတွေလည်းရှိနေတဲ့အတွက်ပါ။
အဲဒီလိုစာအုပ်ချန်ထားပေးတဲ့ ကျွန်မကိုဦးဌေးကြည်က ရောက်လာရင်အညာမုန့်တွေယူလာပေး
တတ်ပါတယ်။ ရမယ့်စာမူခနဲ့ သူဝယ်လာရတာနဲ့ မကာမိပါဘူး။ဒါပေမယ့် ကဗျာဆရာဆိုတာ
ကလည်း စာမျက်နှာပေါ်က စာလုံးနဲ့သူ့ကဗျာရတဲ့စာမူခထက်ပိုပြီးတန်ဖိုးထားတဲ့သူတွေဆိုတော့
...

ဒါနဉ္စ

Sunday, November 23, 2008

ဒီကဗျာလေးက အောင်ကြွေတင့် ဆိုတဲ့ကဗျာဆရာရဲ့ ကဗျာပါ။ သူ့ကဗျာတွေကျွန်မမှာ ၂ပုဒ်လားပဲရှိတယ်။
အတွေ့ရနည်းတယ်လို့ထင်တာပဲ။ဖတ်ပြီးတာနဲ့ ဘာဖြစ်သွားမှန်းတောင် ကိုယ့်ကိုယ်ကိုမသိဘူး..မျက်ဖြေလင်္ကာ
ပဲပြေးသတိရရတော့မလိုလို မဆိုင်ပဲမဆိုင်သလိုလို ဘာမှန်းကိုမသိတာပါ...


ဒါနဉ္စ
မိုးစက်ဝေ
အော်
အဖော်ခေါ်
ဖားအတွက်ပျော်စည်တော်။

တုတ်ချက်မွှေ
ဆော်
အနေတော်
ဆွမ်းခွက်အမီကြော်..။ ။
အောင်ကြွေတင့်

ပြင်ဆင်ဆဲ

ဘလော့ခ်လေးကို ကျွန်မ ဘလော့ခ်နဲ့တန်းပလိတ်တူတူထားပြီးဘန်နာပဲပြောင်းမလို့
ဒါပေမယ့် ခုထိ အဆင်မပြေသေးတာမို့ဖြစ်ချင်ရာဖြစ်နေတာကိုသည်းခံပေးပါ။
တစ်ခုတက်သွားလိုက် connection ကကျသွားလိုက် ရှုပ်နေတာပဲ....
တဖြည်းဖြည်းကြိုးစားသွားပါ့မယ်။

လူတစ်ယောက်မျောက်တစ်ကောင်

ဒါလည်း ဦးကြည်အောင် ကဗျာပါပဲ။ဖတ်ပြီးပြုံးလို့ရသလို အတွေးလည်းပွားလို့ကောင်းပါတယ်။

လူတစ်ယောက်၊မျောက်တစ်ကောင်

စည်းနဲ့ဗျောက်
ချွင်ခေါက်

မျောက်ကား
မင်းသား

တေးဟစ်ကြော်
လမ်းပေါ်သွား

လူကား
သူတောင်းစား။ ။
ကြည်အောင်

သစ္စာတိုင်

Saturday, November 22, 2008

ဒီဘလော့ခ်လေးက ကျွန်မငယ်ငယ်တည်းက ကြိုက်နှစ်သက်လို့ကူးယူထားတဲ့ကဗျာလေးတွေကိုတင်ပေးသွား
မှာဖြစ်ပါတယ်။
ပထမဆုံး တချိန်က ကျွန်မသဘောကျခဲ့တဲ့ ဦးကြည်အောင်ရဲ့ ကဗျာနဲ့စလိုက်ချင်ပါတယ်။ နောက်ပိုင်းမှာ
တော့ဦးကြည်အောင်ရဲ့ကဗျာလေးတွေက အနံ့အသက်တစ်ခုပါလာသလို လို့ ကျွန်မရဲ့ တစ်ဦးတည်းခံစားချက်
နဲ့ ခံစားမိပါတယ်။ ဟုတ်ချင်မှလည်းဟုတ်ပါလိမ့်မယ်။
အင်းဝ က ကဗျာဆရာတစ်ယောက်ဖြစ်ပြီး သူ့ကဗျာစာမူလေးက အပ်ချည်ကြိုးလေးနဲ့တွဲချုပ်ထားတတ်တာကို
တွေ့ဖူးခဲ့တယ်။ ချုပ်စက်နဲ့ချုပ်ရမယ့်နေရာမှာ ဦးကြည်အောင်ရဲ့မေမေ (အဲဒီ ၁၉၉၀ကာလက အသက် ၈၀
လောက်ရှိမယ်)ကအပ်ချည်ကြိုးလေးနဲ့စိတ်ရှည်လက်ရှည်သီချုပ်တွဲပေးထားတာကို အမှတ်တရဖြစ်ပြီးခုထိ
သတိရနေတတ်တယ်။

သစ္စာတိုင်

ဒီတောင်ရိုး
ကျားဆိုးပေါရဲ့။

မောင့်အချစ်
မျှစ်ချိုးလိုက်ခဲ့..။ ။

ကြည်အောင်

သေအတူရှင်မကွာဖြစ်ချင်တာကိုပြတယ်လို့ ကျွန်မက အဲဒီကတည်းက မမြင်ခဲ့ဘူး...း)
ဘယ်လိုမြင်ကြမလဲ..သိချင်လိုက်တာ..