ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

မောရူးဆိုး၏ကဗျာများ

Tuesday, November 25, 2008

ကဗျာရေးပြီဆိုကတည်းက တော်တော်များများဟာ လေးလုံးစပ်
တွေ၊ဒွေးချိုးတွေ၊လေးချိုးတွေ၊တြိချိုးတွေ၊ယုတ်စွအဆုံး ရတုပုံစံ
တွေအထိလက်တည့်စမ်းပြီးရေးဖူးကြမှာပါပဲ။(မှတ်ချက်-သိပ်တော်
နေသောမိုးကျရွှေကိုယ်များမပါ)
ငယ်ငယ်ကတော့ ဟုတ်နေတာပေါ့၊နောက်တော့ ကျွန်မကိုယ်တိုင်
ကလည်း မော်ဒန်ကဗျာတွေကိုဖတ်နေ၊စိတ်ဝင်စားနေမိသွားပြီး
ကိုယ်လည်းအဲလိုတွေရေးဖြစ်လာတယ်။ဒါပေမယ့်သေချာတာက
လေးလုံးစပ်တွေသိပ်အားကောင်းလာရင် တကယ့်ကို မေ့မရတဲ့
ကဗျာတွေအဖြစ်တည်နေတတ်တယ်ဆိုတာပါ။
အဲဒီထဲမှာ ကျွန်မ မှတ်မှတ်ရရဖြစ်နေတဲ့ ကဗျာဆရာတစ်ယောက်
ရှိပါတယ်။ သူကတော့ “မောရူးဆိုး” ဆိုတဲ့ကဗျာဆရာပါ။ ကျွန်မ
မှန်းရသလောက်ဆိုသူလည်းမရှိဘူးဆိုရင် ဆရာလင်း(ဆေး-၁)တို့
အရွယ်လောက်ရှိမယ်ထင်ရတာပဲ။ ခုနောက်ပိုင်းမှာ တော့ ကဗျာ
ရေးတာသိပ်မတွေ့ရတော့ပါဘူး။
သူ့ကဗျာတွေကို ကျွန်မကူးထားတဲ့ထဲက တချို့ကိုတင်ပေးချင်ပါ
တယ်...။
ကျွန်မအကြိုက်ဆုံးကတော့ မွေးနေ့ ဆိုတဲ့ကဗျာလေးပါ။အရင်က
တော့ ကျွန်မသူငယ်ချင်းတွေမွေးနေ့ဆိုရင် မောရူးဆိုးရဲ့ ကဗျာ
လေး၂ပုဒ်ဖြစ်တဲ့ မွေးနေ့ နဲ့ လက်ဆောင် ဆိုတဲ့ ကဗျာနှစ်ပုဒ်ကို
အမှတ်တရရေးပေးလေ့ရှိတယ်။ ကျွန်မ စာပေလောကထဲမှာ ခု
ဆို ၁၈နှစ်ကြာခဲ့ပြီ။ထဲထဲဝင်ဝင်နဲ့နေခဲ့တာလည်း ၁၂နှစ်ကျော်ခဲ့ပြီ။
ဒါပေမယ့် ဆရာမောရူးဆိုးကိုဒီနေ့ထိ မတွေ့ဖူးဘူး။
သူ့ကဗျာတွေကထူးခြားပြီးတစ်မျိုးလေးစိတ်ကိုဆွဲဆောင်နိုင်တယ်
လို့ကျွန်မကမြင်တယ်။ ပြီးတော့သူဆွဲဆောင်နိုင်ပုံကလည်းညင်ညင်
သာသာလေးနဲ့ ခိုင်မာတယ်။ ရှင်တို့ရော ဘယ်လိုခံစားရလဲပြောပြ
ပေးဦးနော်။

တောင်ကုန်းလေးတစ်ခုပေါ်တွင်

လပ်ဟာခြင်း၏
ဟင်းလင်းပြင်ထဲ၊ဆုတ်ဖြဲကြည့်လေ
တွေ့နေရမည်
သိမ်ငယ်သည်တစ်ကန့်.....
မျိုသိပ်ခြင်း၏
ပြင်းထန်ခြားဆဲ၊ကဲလားဖွင့်လေ
ကြားနေရမည်၊လွမ်းသီချင်းတစ်ပုဒ်.....
ဝေးကွာခြင်း၏
တင်းမာခွံခွဲ၊လွှဲဖယ်ကြည့်လေ
မြင်နေရမည်၊စက်နာရီတစ်လုံး........
မျှော်လင့်ခြင်း၏
တွင်ညဥ့်နက်ထဲ၊ဆွဲလှပ်ကြည့်လေ
ရှိနေရမည်၊ပန်းချီကားတစ်ချပ်.....
ကြေကွဲခြင်း၏
အသိအိတ်ဆောင်၊ထောင်၍မှောက်ချ
ဘ၀၏သစ္စာ၊ပြိုကျလာသည်
မျက်ရည်တစ်စက်........။ ။
မောရူးဆိုး

ဝိညာဉ်များစွာ
ဝေသီမျှင်ဖွဲ့၊ကြည်လင်မဲ့ကင်း
မြင်ကွင်းဝေ့၀ိုက်၊မေ့မှားထုလွင်
စေ့ငုမနိုင်၊ယိုင်ထွေးပြန့်လိပ်
မှိတ်တုပ်တစ်ဝက်၊တပ်မက်တစ်ပိုင်း
လှိုင်းထဖိတ်ပြန်၊သဏ္ဍန်ရိုးမှား
အားတက်သိမ်ငယ်၊တွယ်ငြိဖြတ်လတ်
ပြတ်တောင်းမသွား၊ကစားတိုးတိုက်
လှိုက်ဖိုတုံ့တင်၊တုန်ယင်နိုးထ
စစရွေ့လျား၊ဖွားရွားနှစ်ခြိုက်
စစ်ဖန်ထပ်တင်၊သံယောဇဉ်သစ်။

စက်ပြောက်လိုက်ကာ၊ရံခါပြင်းထန်
မှန်မှိန်ကြောင်းထင်၊လမ်းပြောင်းတစ်မျိုး
ဖြိုးလက်စိန်ပွင့်၊ ဆင့်စီကြိုးတွဲ
မစဲသီတန်း၊ဖျန်းထကြက်သီး
မငြီးငွေ့နိုင်၊လှိုင်ဖုံးသည်းသိပ်
အိပ်စက်မပိုင်၊ငေးငိုင်လွမ်းမော
သောကကင်းဘိ၊စီးမျော၏လေ
တွေဝေေ၀းလွင့်၊စိတ်ကူးသင့်ဆိုင်း
တံတိုင်းမရှိ၊နစ်မြုပ်သိသာ
ပြည့်အိအနှစ်၊ချစ်ခြင်းလွင်ပြင်။

အနှောက်အယှက်၊လက်စွန်းဖျားမှ
တစ်စမျှနှယ်၊လွယ်တိပွန်းပဲ့
နွဲ့နှောင်းတစ်မျိုး၊ဖြိုးမဝေလျှင်
ပင်မရည်ချင်း၊အလင်းထိုးထွက်
မာနကွက်ပင်၊ထင်မြင်အားကျ
လောကသရုပ်၊ပြုလုပ်ရှင်းပြ
ဘ၀အလွှာ၊သံသရာဝယ်
အဓိပ္ပါယ်ဖွင့်၊ပွင့်လင်းခံစား
တရားမှန်သင်၊ကြင်နာရင်းမြစ်
ညစ်ထေးပျောက်စွာ၊သစ္စာဥာဏ်လှစ်.။

စကားပင်မဆို
အလျားအလျင်မလို
နဂိုနေအတိုင်းပင်
ရင်ခွင်တွင်းဖွား
ဝိညာဉ်များစွာ .. ။ ။
မောရူးဆိုး

လက်ဆောင်
ရှားရှားပါးပါး၊သေချာအားရ
မျှတလိုစိတ်၊ဖိတ်ယိုကျ၍
မမေ့သောသူ၊မိတ်ဆွေသူငယ်ချင်း
အချင်းချင်းတွက်၊လက်ထဲထည့်ပေး
နွေးထွေးလှစွာ၊စားစရာလက်ဆောင်။
ကျေးဇူးရှိခဲ့၊ကံတစ်လှည့်ကြုံ
သိုက်အုံကိုယ်ဖြစ်၊နီးပါးလှစ်လှမ်း
ကမ်းလိုက်စရာ၊တစ်ခါတစ်လေ
မတွေဝေတော့၊သော့သော့ပြေးလွှား
ပေးကမ်းလွင်သစ်၊အ၀တ်အထည်လက်ဆောင်။
ခရီးအတူ၊ဖေးမကူမျှ
လျှောက်ရရှေ့ဆက်၊လက်တွဲလိုက်ခိုက်
သံသရာရိုက်ချက်၊ကွဲအက်သွားပြီး
ဆုံဆည်းခဏ၊မမေ့ရအောင်
ဂုဏ်ဆောင်လက်ငုတ်၊စာအုပ်လက်ဆောင်။
လောကကိုကြည့်
အသိတရား၊ကြွားရွားလှိုက်လျက်
မှင်တက်ခဏ၊ဘ၀မှတစ်ချက်
မျက်တောင်ခတ်စဉ်၊
ကောင်းကင်ထက်ကို၊ပေးဆပ်မည်ဟု
စုစည်းထားရှိ၊လက်၏ဖ၀ါး
ဖြန့်ကားလိုက်သောအခါ၊
ဗလာလက်ဆောင်။ ။
မောရူးဆိုး

စကားလုံးတွေက သိပ်ပြီးသတိထားရတော့ တော်တော်ကိုခြေကုန်လက်ပမ်း
ကျသွားပါပြီ။မွေးနေ့ကိုနောက်မှပဲ....

အောင်သွယ်

Monday, November 24, 2008

အောင်သွယ်

ခြေတို့လက်တို့
စာသယ်ပို့ရင်း
သူတို့လည်းညား
နောက်ကွယ်ပါး၌
သည်းကြားတွယ်ငင်
သံယောဇဉ်ကြောင့်
မရွှင်အုံ့ပုန်း
ငိုမဆုံးနှင့်
ပြည်ဖုံးကားနောက်ရောက်သွားသူ။ ။
ဇေယျာဘုန်းမြင့်

ဆန်ရေတစ်ပွက်နဲ့ပင်လယ်ရေထည့်တဲ့ပုလင်း

ဆန်ရေတစ်ပွက်

သားပေးတာက
ကွမ်းတစ်ယာနဲပလက်ဖက်တစ်ရိုး။

အမေ့ရင်ထဲမှာ
ဝမ်းသာလိုက်တာက
စိန်တစ်ဆင်စာနဲ့ငွေတစ်အိုး..။ ။
ဌေးကြည်(စလင်း)


ဒါက ဦးဌေးကြည်ရဲ့ ၁၉၉၂လောက်ကလက်ရာပါ။ ကျွန်မ ၁၉၉၂ မတ်၊မဟေသီမဂ္ဂဇင်းထဲ
ကကူးထားခဲ့တာပါ။
ဒီကဗျာကတော့ ၂၀၀၈ ဒီဇင်ဘာ အိုင်ဒီယာမဂ္ဂဇင်းထဲက ဦးဌေးကြည်ရဲ့လက်ရာဖြစ်ပါတယ်။

ပင်လယ်ရေထည့်တဲ့ပုလင်း
ဘယ်သူမှအရောက်ကြသေးဘူး
ခြောက်နာရီထိုးသွားပြီ
မနက်နဲ့ညနေဆိုတာနာရီရဲ့ကိစ္စ
ဘယ်လိုပဲချိုးချိုးခေါက်ရိုးမကျိုးတာဘ၀တဲ့
ချစ်သူတွေရိုက်ကွင်းထဲအမုန်းတွေဖြတ်လျှောက်မလုပ်နဲ့။

ကိုယ်ကတော့
ကိုယ့်ရင်တစ်ခုလုံးတထောင်းထောင်းထအောင်ဖြတ်မောင်းသွားတဲ့
ပန်းနုရောင်မလေးရဲ့အကြောင်းရိုးရိုးကိုပဲ
တစ်မိုးလုံးအသံရှာပြီး
နွေရာသီအထိမော့သောက်နေတော့မယ်။ .
ဌေးကြည်(စလင်း)



ဦးဌေးကြည်က မော်ဒန်ကဗျာအရေးကောင်းသူတစ်ယောက်ပါ။ဒါပေမယ့်သူ့လက်ရှိအသက်
မွေးဝမ်းကြောင်းမှုက ပြဇာတ်ရေးဆရာဖြစ်ပါတယ်။ အရင်က အနုပညာဌေးကြည်(စလင်း)ဆို
ပြီးရေးပေမယ့် အဲဒီ ၁၉၉၀ ကျော်ပိုင်းကစလို့ ဌေးကြည်(စလင်း)လို့ပဲသုံးခဲ့ပါတယ်။
နယ်လှည့်ပြီးဇာတ်အဖွဲ့တွေနဲ့ပြဇာတ်ရေးရလို့ ကဗျာပါလာရင်တော်တော်နဲ့လာမထုတ်တတ်တဲ့
ဦးဌေးကြည်အတွက် ကျွန်မက စာအုပ်နဲ့စာမူခကိုထုတ်ပြီးသိမ်းထားပေးရတတ်ပါတယ်။
ဘာလို့လဲဆိုတော့ ကျွန်မတို့ မဂ္ဂဇင်းတိုက်တော်တော်များများရဲ့မူကလည်း သုံးလကျော်သွားရင်
စာအုပ်ကောစာမူခရောမပေးတော့ပါဘူး။ မပေးဘူးဆိုရာမှာ စာအုပ်က အရမ်းခက်ခဲသွားတာဖြစ်
ပြီးစာမူခက အဲဒီအချိန်မှာစာရင်းပိတ်ပြီးသွားပါပြီ။ ဒီတော့ ကဗျာဆရာတွေကိုနားလည်တဲ့ကျွန်မ
ကပဲ ကိုယ်နဲ့သိရင်သိမ်းထားပေးလိုက်ပါတယ်။ မသိတဲ့သူတွေကျတော့လည်းမှာရပါတယ်။စာအုပ်
ထွက်တဲ့အချိန်မှာအဝေးရောက်နေရင်ဖုန်းကြိုဆက်ပေးထားပါပေါ့။ဒါဆိုကျွန်မတို့က သီးသန့်ဖယ်
ထားပေးပါတယ်။တချို့ကျတော့လည်းမဂ္ဂဇင်းမှာဘယ်နှစ်ခါပါပါတစ်ခါမှစာအုပ်ကော စာမူခရော
ဘယ်တော့မှလာမထုတ်သူတွေလည်းရှိနေတဲ့အတွက်ပါ။
အဲဒီလိုစာအုပ်ချန်ထားပေးတဲ့ ကျွန်မကိုဦးဌေးကြည်က ရောက်လာရင်အညာမုန့်တွေယူလာပေး
တတ်ပါတယ်။ ရမယ့်စာမူခနဲ့ သူဝယ်လာရတာနဲ့ မကာမိပါဘူး။ဒါပေမယ့် ကဗျာဆရာဆိုတာ
ကလည်း စာမျက်နှာပေါ်က စာလုံးနဲ့သူ့ကဗျာရတဲ့စာမူခထက်ပိုပြီးတန်ဖိုးထားတဲ့သူတွေဆိုတော့
...

ဒါနဉ္စ

Sunday, November 23, 2008

ဒီကဗျာလေးက အောင်ကြွေတင့် ဆိုတဲ့ကဗျာဆရာရဲ့ ကဗျာပါ။ သူ့ကဗျာတွေကျွန်မမှာ ၂ပုဒ်လားပဲရှိတယ်။
အတွေ့ရနည်းတယ်လို့ထင်တာပဲ။ဖတ်ပြီးတာနဲ့ ဘာဖြစ်သွားမှန်းတောင် ကိုယ့်ကိုယ်ကိုမသိဘူး..မျက်ဖြေလင်္ကာ
ပဲပြေးသတိရရတော့မလိုလို မဆိုင်ပဲမဆိုင်သလိုလို ဘာမှန်းကိုမသိတာပါ...


ဒါနဉ္စ
မိုးစက်ဝေ
အော်
အဖော်ခေါ်
ဖားအတွက်ပျော်စည်တော်။

တုတ်ချက်မွှေ
ဆော်
အနေတော်
ဆွမ်းခွက်အမီကြော်..။ ။
အောင်ကြွေတင့်

ပြင်ဆင်ဆဲ

ဘလော့ခ်လေးကို ကျွန်မ ဘလော့ခ်နဲ့တန်းပလိတ်တူတူထားပြီးဘန်နာပဲပြောင်းမလို့
ဒါပေမယ့် ခုထိ အဆင်မပြေသေးတာမို့ဖြစ်ချင်ရာဖြစ်နေတာကိုသည်းခံပေးပါ။
တစ်ခုတက်သွားလိုက် connection ကကျသွားလိုက် ရှုပ်နေတာပဲ....
တဖြည်းဖြည်းကြိုးစားသွားပါ့မယ်။

လူတစ်ယောက်မျောက်တစ်ကောင်

ဒါလည်း ဦးကြည်အောင် ကဗျာပါပဲ။ဖတ်ပြီးပြုံးလို့ရသလို အတွေးလည်းပွားလို့ကောင်းပါတယ်။

လူတစ်ယောက်၊မျောက်တစ်ကောင်

စည်းနဲ့ဗျောက်
ချွင်ခေါက်

မျောက်ကား
မင်းသား

တေးဟစ်ကြော်
လမ်းပေါ်သွား

လူကား
သူတောင်းစား။ ။
ကြည်အောင်

သစ္စာတိုင်

Saturday, November 22, 2008

ဒီဘလော့ခ်လေးက ကျွန်မငယ်ငယ်တည်းက ကြိုက်နှစ်သက်လို့ကူးယူထားတဲ့ကဗျာလေးတွေကိုတင်ပေးသွား
မှာဖြစ်ပါတယ်။
ပထမဆုံး တချိန်က ကျွန်မသဘောကျခဲ့တဲ့ ဦးကြည်အောင်ရဲ့ ကဗျာနဲ့စလိုက်ချင်ပါတယ်။ နောက်ပိုင်းမှာ
တော့ဦးကြည်အောင်ရဲ့ကဗျာလေးတွေက အနံ့အသက်တစ်ခုပါလာသလို လို့ ကျွန်မရဲ့ တစ်ဦးတည်းခံစားချက်
နဲ့ ခံစားမိပါတယ်။ ဟုတ်ချင်မှလည်းဟုတ်ပါလိမ့်မယ်။
အင်းဝ က ကဗျာဆရာတစ်ယောက်ဖြစ်ပြီး သူ့ကဗျာစာမူလေးက အပ်ချည်ကြိုးလေးနဲ့တွဲချုပ်ထားတတ်တာကို
တွေ့ဖူးခဲ့တယ်။ ချုပ်စက်နဲ့ချုပ်ရမယ့်နေရာမှာ ဦးကြည်အောင်ရဲ့မေမေ (အဲဒီ ၁၉၉၀ကာလက အသက် ၈၀
လောက်ရှိမယ်)ကအပ်ချည်ကြိုးလေးနဲ့စိတ်ရှည်လက်ရှည်သီချုပ်တွဲပေးထားတာကို အမှတ်တရဖြစ်ပြီးခုထိ
သတိရနေတတ်တယ်။

သစ္စာတိုင်

ဒီတောင်ရိုး
ကျားဆိုးပေါရဲ့။

မောင့်အချစ်
မျှစ်ချိုးလိုက်ခဲ့..။ ။

ကြည်အောင်

သေအတူရှင်မကွာဖြစ်ချင်တာကိုပြတယ်လို့ ကျွန်မက အဲဒီကတည်းက မမြင်ခဲ့ဘူး...း)
ဘယ်လိုမြင်ကြမလဲ..သိချင်လိုက်တာ..